1601နာရဒဇာတ်တော်ကြီး — ၄။ ဗီဇက သူဆင်းရဲ ငိုကြွေးခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုရောအခါ မိထိလာပြည်၌ “ဗီဇက”အမည်ရှိသော ကျွန်ယောက်ျား ဆင်းရဲသားတစ်ယောက်သည် ဥပုသ် သီတင်းသုံးလျက် ကဿပတက္ကတွန်းထံသို့ ဆည်းကပ်၍နေ၏။ ထိုဗီဇကသူဆင်းရဲသည် ကဿပတက္ကတွန်း, အလာတအမတ်တို့ ပြောဆိုကြသောစကားကို ကြားလျှင်ပင် အသက်ရှိုက်ရှူပြုလျက် ရှိုက်တငင်င်ငိုကြွေး၏။

ဝိဒေဟရာဇ်မင်းသည် ထိုဗီဇကကိုမြင်လျှင် “အချင်းယောက်ျား။ အဘယ့်ကြောင့် ငိုသနည်း။ သင်ကြားဖူး၊ မြင်ဖူးသလော။ အဘယ်ဝေဒနာကို သင်ခံရသနည်း ငါ့အား လျှောက်လော့”ဟုဆို၏။

ဗီဇကသူဆင်းရဲသည် မင်းကြီးအား ဤသို့လျှောက်၏။ “အရှင်မင်းကြီး။ အကျွန်ုပ်အား ဆင်းရဲဝေဒနာမရှိ၊ အကျွန်ုပ်သည် ရှေး၌ ချမ်းသာစွာသောကိုယ်အဖြစ်ကို မှတ်မိ၏။ အကျွန်ုပ်သည် ရှေးဘဝက သာကေတပြည်၌ သီလသီတင်း၌ မွေ့လျော်သော “ဘာဝ” မည်သောသူဌေးကြီး ဖြစ်ခဲ့ဖူး၏။ ထိုဘာဝသူဌေးသည် အလှူသီတင်းစသော ကောင်းမှုကိုသာ ပြု၏။ မကောင်းမှုကို ပြုမိသည်ကို အကျွန်ုပ် မမှတ်မိပါ။ အရှင်မင်းကြီး။ ထိုသူဌေးအဖြစ်မှ စုတေခဲ့သော အကျွန်ုပ်သည် ဤမိထိလာပြည်၌ အိုးထိန်းသည်ကျွန်မဖြစ်သော သူဆင်းရဲမဝမ်း၌ ပဋိသန္ဓေနေ၍ ဗီဇကဟု ဆင်းရဲငြိုငြင်စွာ ဖြစ်လာ၏။ ဤဘဝ၌ ကျွန်မသားဖြစ်၍ ဆင်းရဲစွာလျက်လည်း အကျွန်ုပ်၏အဖို့ဖြစ်သော ထမင်းကို အကြင်သူသည် အလိုရှိအံ့။ ထိုသူအား တစ်ဝက်ခွဲ၍ ပေးလှူ၏။ စာတုဒ္ဒသီပန္နရသီ ဥပုသ်နေ့တို့၌လည်း အခါခပ်သိမ်း ဥပုသ်သုံးခြင်းကို ပြု၏။ သူတစ်ပါးအား ညှဉ်းဆဲခြင်း, သူ့ဥစ္စာကိုခိုးခြင်းစသော မကောင်းမှုကိုလည်း တစ်ရံတစ်ဆစ်မျှ မပြု။ ထိုပြုအပ်သောကောင်းမှုသည် အလာတအမတ်ကြီးဆိုသကဲ့သို့ အကျိုးမရှိမည် ထင်မိ၏။ အကျွန်ုပ်သည် မလိမ္မာသော အန်သမားကဲ့သို့ အရှုံးကိုသာလျှင် ပြုမိ၏။ လိမ္မာစွာသော ငှက်ခတ်မုဆိုးကဲ့သို့ အရှင်အလာတအမတ်သည် နိုင်ရာကိုသာ ယူမိလေ၏။ ထိုသို့ဖြစ်သောကြောင့် အကျွန်ုပ်သည် နတ်ပြည်သို့ရောက်အံ့သောငှာ လမ်းကိုမမြင်သဖြင့် အရှင်ကဿပစကားကိုကြား၍ အကျွန်ုပ် ငိုသည်”ဟု လျှောက်၏။

(ထိုဗီဇကသည် သူဌေးအဖြစ်မှ ဗီဇကဟု ကျွန်မသားဖြစ်လာသောဝတ္ထုကို ဤသို့ သိအပ်၏။ ဗီဇကသည် ကဿပဘုရားရှင် လက်ထက်တော်၌ မထင်ရှားသော အမျိုး၌သာဖြစ်၍ တစ်ရံရောအခါ နွားပျောက်သောကြောင့် တောအရပ်၌ နွားရှာသွားလတ်သော် ရဟန်းတစ်ပါးသည် တောအရပ်၌ ခရီးမှား၍ တလည်လည် ရှိသတတ်။ ထိုနွားရှာသောယောက်ျားကို တွေ့လျှင် “ဒကာ။ ဤမည်သောအရပ်သို့ သွားသောခရီးသည် အဘယ်မှာရှိပါသနည်း”ဟု မေး၏။ ထိုယောက်ျားသည် နွားမရသောကြောင့် စိတ်ပင်ပန်းခြင်းဖြစ်၍ ဆိတ်ဆိတ်နေ၏။

ရဟန်းလည်း တစ်ဖန် မေးပြန်၏။ ထိုယောက်ျားသည် အမျက်ထွက်လတ်၍ “သင်ကား ကျွန်မသား ရဟန်းလော။ အလွန် နှုတ်ကြမ်း၏။ သင်သည် ကျွန်မသားလော”ဟု ဝစီကံဖြင့် ပြစ်မှားခဲ့ဖူး၏။ ထိုမကောင်းမှုသည် ထိုယောက်ျားအဖြစ်မှ အခြားမဲ့၌ အကျိုးမပေးမူ၍ ပြာဖြင့်ဖုံး၍ထားအပ်သော မီးကဲ့သို့ အခွင့်မရသေး၍ တည်၏။ ထိုယောက်ျားအဖြစ်မှ စုတေမနေ သေလွန်ခဲ့လတ်လျှင် တစ်ပါးသောကံတို့သည်သာ အကျိုးပေးလေ၍ သံသရာ၌ ကျင်လည်သည်ရှိသော် အမှတ်မဲ့သောဘဝ၌ ပြုခဲ့ဖူးသောကောင်းမှုကြောင့် သာကေတမြို့၌ ဆိုခဲ့ပြီးသော အပြားအားဖြင့် ဘာဝမည်သော သူဌေးဖြစ်၍၊ အလှူသီတင်းစသော ကောင်းမှုကိုသာ ပွားစေ၏။ ထိုကောင်းမှုသည် အခြားမဲ့သောဘဝ ဗီဇကအဖြစ်၌ အကျိုးမပေးမူ၍ မြေ၌မြှုပ်ထားအပ်သော ရွှေအိုးကဲ့သို့ အခွင့်မရသမျှ ကာလပတ်လုံး တည်၏။ ကဿပဘုရားရှင်လက်ထက်၌ ရဟန်းအား ပြစ်မှားခဲ့ဖူးသောမကောင်းမှုသည် အခွင့်ရ၍ မိထိလာပြည်၌ ကျွန်မသားအဖြစ်ကို အကျိုးပေး၏။ ထိုဗီဇကသည် ရှေး၌ မိမိပြုအပ်သော မကောင်းမှုကို မမြင်၍။ “အခြားမဲ့သောဘဝ ဘာဝသူဌေးအဖြစ်၌ ပြုအပ်သော အလှူသီတင်းစသော ကောင်းမှုသည်ပင် ဤဘဝ၌ အိုးထိန်းသည် ကျွန်မသားအဖြစ်ကို ပေးသည်ဟုထင်မှတ်၍ ကောင်းမှု၏အကျိုးသည် မရှိမည်ကဲ့သို့ ထင်မှတ်၏”ဟု ဆိုသတည်း။)

ဗီဇကစကားကို မင်းကြီးကြားလျှင် ဤသို့ဆို၏။ “အချင်းဗီဇက။ “သုဂတိသို့ လားရခြင်းအကြောင်းမည်သည်ကား မရှိ”ဟု အမြဲလျှင် သင်ယုံမှားကင်းလော့။ ချမ်းသာ, ဆင်းရဲသည်ကား အမြဲဖြစ်၏။ ခပ်သိမ်းသောသတ္တဝါတို့သည် ကမ္ဘာကြီး-၈၄ မစေ့သရွေ့ကာလပတ်လုံး သံသရာမှ မလွတ်နိုင်, မစင်နိုင်ကုန်။ ဆင်းရဲတစ်ခါ ချမ်းသာတစ်လှည့် ဖြစ်မြဲတည်း။ ကောင်းမှု မကောင်းမှုကြောင့် ဖြစ်သည်မဟုတ်။ ကမ္ဘာကြီး-၈၄ အတွင်း၌ အဆောတလျင် သံသရာမှ စင်ကြယ်လိုသည်ဟူ၍ မပြုလင့်။ ငါလည်း ရှေး မြို့တံခါး ၄-မျက်နှာ, မြို့လယ်တို့၌ အလှူတင်းကုပ်ဆောက်၍ ပုဏ္ဏား, သူကြွယ်, ဖုန်းတောင်းယာစကာတို့အား လှူဒါန်းစွန့်ကြဲခြင်းကိုပြုလျက် တရားသဖြင့် ပေးကမ်းစွန့်ကြဲခြင်းကို ပြု၏။ ထိုသို့ အလှူသီတင်း ပေးကမ်းစွန့်ကြဲခြင်းကိစ္စတို့ကို ဆောင်ရွက်သောအခိုက် ကာမဂုဏ်၌ မွေ့လျော်စံပျော်ရခြင်း ယုတ်ခဲ့၏”ဟုဆို၍ ကဿပတက္ကတွန်းအားလည်း ဤသို့ဆို၏။

“အရှင်ကဿပ။ အကျွန်ုပ်တို့သည် ဤမျှလောက်သောကာလပတ်လုံး မမေ့မလျော့ကုန်အံ့။ ယခု အကျွန်ုပ်တို့သည် အရှင်ဘုရားတည်းဟူသော ဆရာကို ရပြီ။ ဤနေ့မှစ၍ ကာမဂုဏ်ချမ်းသာကိုသာ ခံစားအံ့။ အရှင်ကဿပအထံ၌ ဤမျှလောက်သောကာလပတ်လုံး တရားနာ၍နေရခြင်းသည်လည်း ကြာမြင့်လှပြီ။ အကျွန်ုပ်တို့ သွားပါကုန်အံ့။ အသက်ရှည်ကြာပါလျှင် နောင်လည်း အရှင်ဘုရားအား ဖူးမြင်ရပါလတ္တံ့”ဟု ကဿပတက္ကတွန်းကို ပန်ခဲ့၍ နန်းတော်သို့ပြန်လေ၏။

(ထိုအင်္ဂတိမင်းကြီးသည် ကဿပတက္ကတွန်းထံ လာသောအခါကား အရိုအသေပြု၍ ရှိခိုးလျက် ပြဿနာကို မေး၏။ ပြန်သောအခါကား “ရှိခိုးပူဇော်ခြင်း, အရိုအသေပြုခြင်း အကျိုးမရှိဟုဆိုသော တက္ကတွန်း၏ မိစ္ဆာအယူဝင်၍ အရိုသေပြုခြင်း, ရှိခိုးခြင်းကို မပြုမူ၍ ပြန်၏။ ထိုကဿပတက္ကတွန်းသည် မိမိကိုယ်ကို မိမိပင်လျှင် ကျေးဇူးမဲ့ပြုခြင်းကြောင့် ရှိခိုးပူဇော်ခြင်း, အရိုအသေပြုခြင်းကို မခံရသတည်း။ ဆွမ်းအစရှိသော ပူဇော်သက္ကာတို့သည်ကား ဆိုဖွယ်မရှိ၊ မရသည်သာလျှင်တည်း။)

မင်းကြီးသည် ထိုညဉ့်ကိုလွန်စေ၍ မိုးသောက်သောနေ့၌ ဝိဇယ, သုနာမ, အလာတ အစရှိသော အမတ်ကြီး, အမတ်ငယ်, မင်းပရိသတ်တို့ကို စည်းဝေးစေ၍ “စန္ဒကေ မေ ဝိမာနသ္မိံ” အစရှိသောဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“အချင်းအမတ်တို့။ စန္ဒက အမည်ရှိသောနန်းတော်၌ အထူးထူးသော ကာမဂုဏ်တို့ကိုစီရင်၍ အခါခပ်သိမ်း ဆက်ကပ်ကုန်။ အကျိုးစီးပွားအမှု လျှို့ဝှက်အပ်သောအမှု၊ ထင်ရှားပြုအပ်သောအမှု၊ အလုံးစုံသော အမှုကိစ္စဟူသမျှကို ငါ့အား မကြားလင့်။ ဝိဇယ, သုနာမ, အလာတ ဤအမတ် ၃-ယောက်တို့သည် တရားဆုံးဖြတ်ခြင်း၌ လိမ္မာ၏။ သင်တို့အမတ်ကြီး ၃-ယောက်တို့သာ တရားဆုံးဖြတ်ရာ လွှတ်သဘင်၌နေ၍ .တရားဆုံးဖြတ်ကြကုန်။ အလုံးစုံသော ပြည်ထဲရေးကိစ္စတို့ကို စီရင်ခွဲခန့်ကြကုန်။ ငါကား ကာမဂုဏ်ချမ်းသာကိုသာ ခံစားအံ့”ဟုဆို၍

တစ်စုံတစ်ခုသောအမှုကိုမျှ နားမထောင်၊ ကြောင့်ကြမဲ့ ကာမဂုဏ်၌သာ မွေ့လျော်၏။

မြို့တံခါး-၄ မျက်နှာတို့၌ စီရင်အပ်သော အလှူဇရပ်တို့ကိုလည်း ဖျက်စေ၏။ မိမိနှစ်သက်သည်ရှိသော် သူတစ်ပါးတို့၏ မယားကိုလည်းကောင်း, မိဘစသည် စောင့်ရှောက်အပ်သော သမီးပျိုတို့ကိုလည်းကောင်း အနိုင်အထက် သိမ်းယူ၏။

“မင်းကြီးသည် ကဿပတက္ကတွန်းကိုမှီ၍ မှားသောအယူကို ယူသတတ်”ဟု တစ်ပြည်လုံး အုတ်အုတ်ကျက်ကျက်သော အသံသည် ဖြစ်၏။