1600နာရဒဇာတ်တော်ကြီး — ၃။ ကဿပ တက္ကတွန်းထံ ကပ်ခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ကဿပတက္ကတွန်းလည်း စကားတုံ့ပြန်၍ ပြောဟောမေးမြန်း၏။ ဤသို့ သာရဏီယစကားကို ပြောဟောမေးမြန်းကြပြီးသော် ပြည်ထောင်အချင်းချင်း မင်းတကာတို့၏အရှင်ဖြစ်သော အင်္ဂတိမင်းကြီးသည် တရားကို အလိုရှိသည်ဖြစ်၍ အကြောင်းအကျိုးနှင့်စပ်သော တရားစကားကို မေးလျှောက်လိုသောကြောင့်-

“ကထံ ဓမ္မဉ္စရေ မစ္စော၊ မာတာ ပိတူသု ကဿပ။

ကထံ စရေ အာစရိယေ၊ ပုတ္တဒါရေ ကထံ စရေ။”

“ကထံ စရေယျ ဝုဍ္ဎေသု၊ ကထံ သမဏဗြာဟ္မဏေ။

ကထံ ဗလကာယသ္မိံ၊ ကထံ ဇနပဒေ စရေ။”

“ကထံ စရေ ဓမ္မံ စရိတွာန၊ မစ္စာ ဂစ္ဆန္တိ သုဂ္ဂတိံ။

ကထံစေကေ အဓမ္မဋ္ဌာ၊ ပတန္တိ နိရယံ အထော။”

ဟူသော ၃-ဂါထာတို့ဖြင့် မေးလျှောက်၏။

အဓိပ္ပာယ်ကား-

“အရှင်ကဿပ။ လူအပေါင်းတို့သည် မိဘတို့၌ အဘယ်သို့ ကျင့်ရပါအံ့နည်း။ ဆရာ၌လည်းကောင်း, သားမယား၌လည်းကောင်း, အသက်အရွယ် ကြီးသောသူ၌ လည်းကောင်း, ရဟန်း ပုဏ္ဏားတို့၌လည်းကောင်း, မှူးမတ်ဗိုလ်ပါ၌လည်းကောင်း၊ မြို့ရွာနိဂုံး ဇနပုဒ် ပြည်ထဲရေး၌လည်းကောင်း အဘယ်သို့ ကျင့်ရပါအံ့နည်း။ အဘယ်အကျင့်ကို ကျင့်၍ အထက်နတ်ပြည်သို့ ရောက်ရပါအံ့နည်း။ အဘယ်တရားမှ ယုတ်သောကြောင့် အောက်အဝီစိငရဲသို့ ကျကုန်သနည်း”ဟု မေး၏။

(ဤအမေးကား အလွန် သိမ်မွေ့ခဲခက်၏။ ဘုရား, ပစ္စေကဗုဒ္ဓါ, သာဝက, ဘုရားလောင်းတို့အားသာ မေးမြန်းခြင်းငှာ ထိုက်၏။ တစ်စုံတစ်ခုသောတရားကိုမျှ မသိသော, အဝတ်မျှမဝတ်သော, အသရေမရှိ မိုက်လှစွာသော တိတ္ထိတက္ကတွန်းကို မေးမိလေ၏။)

ထိုသို့ မင်းကြီးမေးသော် ကဿပတက္ကတွန်းကား အမေးနှင့်လျော်သောအဖြေကို မဖြေမူ၍ ကျက်စားသောနွားကို လှံတံဖြင့် ခတ်မိသကဲ့သို့လည်းကောင်း, ခူးပြီးသောထမင်းပွဲ၌ အမှိုက်ကို ပစ်ချဘိသကဲ့သို့လည်းကောင်း “မင်းမြတ်။ နာတော်မူ”ဟု ဆို၍-

“နတ္ထိ ဓမ္မစရိတဿ၊ ဖလံ ကလျာဏပါပကံ။

နတ္ထိ ဒေဝ ပရလောကော၊ ကော တတော ဟိ ဣဓာဂတော။”

“နတ္ထိ ဒေဝ ပိတရော ဝါ၊ ကုတော မာတာ ကုတော ပိတာ။

နတ္ထိ အာစရိယော နာမ၊ အဒန္တံ ကော ဒမေဿတိ။”

“သမတုလျာနိ ဘူတာနိ၊ နတ္ထိ ဇေဌာပစာယိကာ။

နတ္ထိ ဗလံ ဝီရိယံ ဝါ၊ ကုတော ဥဋ္ဌာနပေါရိသံ။”

“နိယတာနိ ဟိ ဘူတာနိ၊ ယထာ ဂေါဋဝိသော တထာ။

လဒ္ဓေယျံ လဘတေ မစ္စော၊ တတ္ထ ဒါနဖလံ ကုတော။”

“နတ္ထိ ဒါနဖလံ ဒေဝ၊ အဝသော ဒေဝ ဝီရိယော။

ဗာလေဟိ ဒါနံ ပညတ္တံ၊ ပဏ္ဍိတေဟိ ပဋိစ္ဆိတံ။

အဝသာ ဒဒန္တိ ဓီရာနံ၊ ဗာလာ ပဏ္ဍိတမာနိနော။”

ဟူသော ၅-ဂါထာခွဲဖြင့် မိမိမိစ္ဆာအယူကို ပြပေ၏။

အဓိပ္ပာယ်ကား-

“မင်းကြီး။ တရားကျင့်သောသူအား ကောင်းကျိုးလည်း မရှိ၊ မကောင်းကျိုးလည်း မရှိ၊ တမလွန် လောကလည်း မရှိ။ ထိုစကားသည် မှန်၏။ မင်းကြီး။ အဘယ်မည်သောသူသည် တမလွန်လောကမှ ဤပစ္စုပ္ပန်လောကသို့ လာသည်ကို မြင်ဖူးသနည်း။ အမိ, အဖ, ဆရာဟူသည် မရှိ။ မယဉ်ကျေးသောသူကို အဘယ်သူသည် ဆုံးမနိုင်အံ့နည်း။ ခပ်သိမ်းသောသတ္တဝါတို့သည် ထပ်တူသာပင်လျှင် ဖြစ်ကြလေကုန်၏။ အသက်ကြီးသောသူကို အရိုအသေ အလေးအမြတ် ပြုအပ်သည်လည်း မရှိ။ အားလုံ့လ အကျိုးလည်း မရှိ။ သင်္ဘောပဲ့ကဲ့သို့ သတ္တဝါတို့သည် ထပ်တူသာပင်လျှင် အမြဲ ဖြစ်လေကုန်၏။ ထိုသတ္တဝါတို့သည် ရအပ်သောဥစ္စာတို့ကို ရခြင်း၌ အဘယ်ကောင်းမှုအကျိုးဟု ဆိုရအံ့နည်း။ မင်းကြီး။ အလှူပေးခြင်း အကျိုးလည်း မရမရှိ။ လုံ့လလည်း အစိုးမရ။ သူမိုက်တို့သည် အလှူကို ဆောက်တည်ကြကုန်၏။ ပညာရှိတို့သည် ခံယူကုန်၏။ သူမိုက်တို့သည် မိမိတို့ဥစ္စာကို အစိုးမရ၍ ပညာရှိတို့အား ပေးရကုန်၏”ဟုဆို၏။

ဤသို့အလှူပေးခြင်း၌ အကျိုးမရှိသည်ကို ချီးမွမ်းပြီး၍ မကောင်းမှု၌ အပြစ်မရှိသောအဖြစ်ကို ပြလိုရကား-

“သတ္တိမေ သဿတာ ကာယာ၊ အစ္ဆေဇ္ဇာ အဝိကောပိနော။

တေဇော ပထဝီ အာပေါ စ၊ ဝါယော သုခံ ဒုခဉ္ခိမေ။”

“ဇီ‌ဝေ စသတ္တိ မေ ကာယာ၊ ယေသံ ဆေတ္တာ န ဝိဇ္ဇတိ။

နတ္ထိ ဟန္တာ ဝ ဆေတ္တာ ဝါ၊ ဟညယေဝါပိ ကောစိ နံ။”

“အန္တရေနေဝ ကာယာနံ၊ သတ္ထာနိ ဝီတိဝတ္တရေ။

ယော စာပိ သိရမာဒါယ၊ ပရေသံ နိသိတာသိနာ။”

“န သော ဆိန္ဒတိ တေ ကာယေ၊ တတ္ထ ပါပဖလံ ကုတော။

စုလ္လာသီတိ မဟာကပ္ပေ၊ သဗ္ဗေ သုဇ္ဈန္တိ သံသရံ။”

“အနာဂတေ တမှိ ကာလေ၊ သညတောပိ န သုဇ္ဈတိ။

စရိတွာပိ ဗဟုံ ဘဒြံ၊ နေဝ သုဇ္ဈန္တိနာဂတေ။”

“ပါပဉ္စေပိ ဗဟုံ ကတွာ၊ တံ ခဏံ နာတိဝတ္တရေ။

အနုပုဗ္ဗေန နော သုဒ္ဓိ၊ ကပ္ပါနံ စုလ္လသီတိယာ။

နိယတိံ နာတိဝတ္တာမ၊ ဝေလန္တမိဝ သာဂရော။”

ဟူသော ၆-ဂါထာခွဲဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“ဤ၇-ပါးသော အပေါင်းတို့သည် မြဲကုန်၏။ မစွန့်အပ်ကုန်။ ဖျက်ဆီးခြင်းငှာ မစွမ်းနိုင်ကုန်။ ၇-ပါးသော အပေါင်းဟူသည်ကား မီး, မြေ, ရေ, လေ, ချမ်းသာ, ဆင်းရဲ အသက် ဤ၇-ပါးတည်း။ ဤ၇-ပါးသော အပေါင်းတို့သည် မြဲကုန်၏။ ကွဲခြင်းမည်သည် မရှိ။ သတ်ခြင်း,ဖြတ်ခြင်း, ညှဉ်းဆဲခြင်းမည်သည်လည်း တစ်စုံတစ်ယောက်မျှ မရှိ။ ကိုယ်၏အကြား၌သာလျှင် ဓား,လှံစသော လက်နက်တို့သည် သွားကုန်၏။ အကြင်သူသည် သူတစ်ပါးတို့၏ ဦးခေါင်းကို ထက်စွာသောသန်လျက်ဖြင့် ဖြတ်၏။ ထိုသူသည် ထိုအပေါင်းဖြစ်သော သူတို့ကို ဖြတ်သည် မဖြစ်။ ထိုသို့ ဖြတ်သည်မဖြစ်ရာ၌ မကောင်းမှုအကျိုးသည် အဘယ်မှာ ရှိအံ့နည်း။ ခပ်သိမ်းသောသူတို့သည် ကမ္ဘာကြီး ၈၄-ကမ္ဘာ ပြည့်သည်ရှိသော် စင်ကြယ်ကုန်၏။ ထိုကမ္ဘာကြီး-၈၄ မစေ့မရောက်မီ ကိုယ်နှုတ်နှလုံးကိုစောင့်၍ ကောင်းမှုကိုပြုသော်လည်း မစင်ကြယ်ကုန်။ ကမ္ဘာကြီး-၈၄ မစေ့သမျှကာလပတ်လုံး များစွာသော မကောင်းမှုကိုပြုသော်လည်း ထိုခဏကို မလွန်နိုင်ကုန်။ ခပ်သိမ်းသောသတ္တဝါတို့သည် ကမ္ဘာကြီး ၈၄-သာလျှင် ဖြစ်ကုန်၏။ ကမ္ဘာကြီး ၈၄-ပြည့်မှသာ မဖြစ်ကုန်။ ကမ္ဘာကြီး-၈၄ မစေ့သမျှကာလပတ်လုံး မဟာသမုဒ္ဒရာသည် ကမ်းကိုမလွန်နိုင်သကဲ့သို့ ထိုခဏကို မလွန်နိုင်ကုန်”

ဤသို့ ဥစ္ဆေဒဒိဋ္ဌိ အယူရှိသော ကဿပတက္ကတွန်းသည် မိမိအစွမ်းအားဖြင့် မိမိအယူကို အကြွင်းမဲ့ မင်းကြီးအား ဖြေ၏။ ထိုတက္ကတွန်းစကားကိုကြားလျှင် အလာတအမတ်သည် ဤသို့ဆို၏။

“အရှင်ကဿပ။ အရှင်ဘုရားသည် အထူးထူးအပြားပြားသောနည်းဖြင့် ဆိုတော်မူပေ၏။ ထိုသို့ အရှင်ဆိုသောစကားကို အကျွန်ုပ် နှစ်သက်၏။ အကျွန်ုပ်သည်လည်း ရှေးသောကိုယ်၏အဖြစ်ကို မှတ်မိ၏။ အကျွန်ုပ်သည် ရှေးသောဘဝက ဗာရာဏသီပြည်၌ အလွန်ကြမ်းကြုတ်သော ပိင်္ဂလအမည်ရှိသော နွားသတ်ယောက်ျား ဖြစ်ခဲ့ဖူး၏။ ထိုနွားသတ်ယောက်ျားဖြစ်သောအခါ နွား, ကျွဲ, ဝက်, ဆိတ်တို့ကိုသတ်၍ များစွာသော မကောင်းမှုကို ပြုခဲ့ဖူး၏။ ထိုနွားသတ်ယောက်ျားအဖြစ်မှ စုတေမနေ သေလွန်ခဲ့သော် ဤမိထိလာပြည်ဝယ် စစ်သူကြီးအမျိုး၌ ပဋိသန္ဓေနေ၍ “အလာတအမတ်ကြီး”ဟု ယခု ထင်ရှားစွာဖြစ်လာခဲ့၏။ ထိုသို့သတ်ဖူးသော မကောင်းမှုအကျိုးသည် မရှိမည်ကဲ့သို့ ထင်၏။ အကျွန်ုပ်သည် ငရဲသို့လည်း မလားပလေ”ဟုဆို၏။