နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ကြိုတင်ပြင်ဆင်ပါ

ကြိုတင်ပြင်ဆင်ပါ

ထိုသို့ ကံ-ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်နိုင်ရေးအတွက်, သောက ပရိဒေဝတို့ကို ကျော်လွှား လွန်မြောက်နိုင်ရေးအတွက်, အရိယမဂ်ဉာဏ်ကို ရရှိရေးအတွက်, နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးအတွက် ယောဂီ သူတော်ကောင်းသည် ဝိပဿနာသို့ တက်လှမ်းရတော့မည်ဖြစ်၏၊ ဝိပဿနာသို့ တက်လှမ်းနိုင်ရေးအတွက် အောက်ပါ အချက်များကို ကြိုတင်ပြင်ဆင်ပါ။

အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌ –
၁။ ရုပ်သက်သက်ကို သိမ်းဆည်းခြင်း (ရူပပရိဂ္ဂဟ)
၂။ နာမ်သက်သက်ကို သိမ်းဆည်းခြင်း (အရူပပရိဂ္ဂဟ)
၃။ ရုပ်နာမ်ကို သိမ်းဆည်းခြင်း (ရူပါရူပပရိဂ္ဂဟ)
၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်း (နာမရူပဝဝတ္ထာန)
၅။ ပစ္စုပ္ပန်ခန္ဓာငါးပါး၏ အကြောင်းတရားတို့ကို သိမ်းဆည်းခြင်း (ပစ္စယပရိဂ္ဂဟ)
၆။ အတိတ် အနာဂတ် ခန္ဓာတို့၏အကြောင်းတရားတို့ကို သိမ်းဆည်းခြင်း (အဒ္ဓါနပရိဂ္ဂဟ) ––

ဤလုပ်ငန်းရပ်တို့ကို တစ်ဖန် ပြန်၍ပြုလုပ်ပါ။ ဝိပဿနာအတွက် ကြိုတင်ပြင်ဆင်ခြင်းပင် ဖြစ်သည်။ တစ်ဖန်..

ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ “နေတံမမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ”တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ ....

ဤသို့ စသည့် အနတ္တလက္ခဏသုတ္တန်[မှတ်စု ၁] စသော ထိုထို ဒေသနာတော်တို့နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည် အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိက - ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေကြသည့် ဥပါဒါနက္ခန္ဓာငါးပါး = ဒုက္ခသစ္စာတရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရမည်ဖြစ်သည့်အတွက် မိမိရှုနိုင်သမျှ အတိတ်အဆက်ဆက် မှသည် ပစ္စုပ္ပန်, ပစ္စုပ္ပန်မှသည် အနာဂတ်ဆုံးသည်အထိ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံးတို့၌ –

၁။ ရုပ်သက်သက်ကို သိမ်းဆည်းခြင်း (အတိတ်မှ အနာဂတ်အထိ)
၂။ နာမ်သက်သက်ကို သိမ်းဆည်းခြင်း ။
၃။ ရုပ်နာမ်ကို သိမ်းဆည်းခြင်း ။
၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်း ။
၅။ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်း။

ဤလုပ်ငန်းခွင်ကြီး (၅)ရပ်ကို တစ်ဖန်ပြုလုပ်ပါ။ ထိုသို့ သိမ်းဆည်းရာ၌ ခပ်စိပ်စိပ် ရုပ်နာမ်တို့ကို သိမ်းဆည်းပါ။ အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်အထိ တိုးလျှိုပေါက် သိမ်းဆည်းပါ။ တစ်ဖန် ယင်းရုပ်နာမ်တို့ကို (၅)ပုံ ပုံ၍ ခန္ဓာငါးပါးနည်းဖြင့်လည်း အတိတ်မှသည် အနာဂတ်ဆုံးသည်အထိ တိုးလျှိုပေါက် သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ ဝီထိ တစ်ခုနှင့် တစ်ခု၏ အကြားတွင် တည်ရှိသော ဘဝင်နာမ်တရားစုတို့ကိုလည်း ရောနှောလျက် သိမ်းဆည်းပါ။ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ဖြစ်ခဲ့သည့်အတိုင်း ဖြစ်ဆဲအတိုင်း ဖြစ်လတ္တံ့အတိုင်းသာ ခပ်စိပ်စိပ် သိမ်းဆည်းပါ။ ထိုနောင် အတိတ်မှသည် အနာဂတ်ဆုံးသည်အထိ အကြောင်းတရား အကျိုးတရားတို့ကိုလည်း သိမ်းဆည်းပါ။

အနုဗောဓဉာဏ်

ဤနာမရူပပရိစ္ဆေဒဉာဏ်နှင့် ထိုနာမ်ရုပ်၏ အကြောင်းတရားကို သိမ်းဆည်းတတ်သော ပစ္စယပရိဂ္ဂဟဉာဏ် သည်ကား ရှေးဦးအစ စလျှင်စချင်း ပထမအကြိမ် တစ်ကြိမ်တစ်ခါ နှလုံးသွင်းရုံမျှဖြင့် လိုရင်းကိစ္စကား မပြီး၊ အကယ်စင်စစ်မှာမူ ထိုဉာဏ်နှစ်ပါး၌ (= ထိုရုပ်နာမ်ကို သိမ်းဆည်းရာ + ထိုရုပ်နာမ်၏ အကြောင်းတရားကို သိမ်းဆည်းရာ၌) တပြောင်းပြန်ပြန် အဖန်ဖန် အထပ်ထပ် ဉာဏ်၏ဖြစ်ခြင်းဟု ခေါ်ဆိုအပ်သော အဖန်ဖန် အထပ်ထပ် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ထိုးထွင်းသိခြင်းဖြင့်သာလျှင် လိုရင်းကိစ္စ ပြီးစီးနိုင်ပေသည်။[မှတ်စု ၂]

ထိုကြောင့် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် - နှစ်ပါးကို အနုဗောဓဉာဏ်ဟူ၍ ခေါ်ဆိုပေသည်။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ သိမ်းဆည်းနိုင်သဖြင့် ကာလသုံးပါး, သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့ကို နေရာတကျ သိမ်းဆည်းနိုင်ပါက ဝိပဿနာသို့ ကူးရန် အသင့် ဖြစ်ပေပြီ။

  1. (သံ၊၂၊၅၅-၅၆။ ဝိနည်းမဟာဝါ၊၁၈-၂၀။)
  2. နာမရူပပရိစ္ဆေဒေါ, တဿ စ ပစ္စယပရိဂ္ဂဟော န ပဌမာဘိနိဝေသမတ္တေန ဟောတိ၊ အထ ခေါ တတ္ထ အပရာပရံ ဉာဏုပ္ပတ္တိသညိတေန အနု အနု ဗုဇ္ဈနေန။ (ဒီ၊ဋီ၊၂၊၈၉-၉၀။)