နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ပဋိစ္စသမုပ္ပါဒ်အခန်း

ပဋိစ္စသမုပ္ပါဒ်အခန်း

အထက်ပါအတိုင်း ဒွါရ (၆)ပါးနှင့် (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားအသီးအသီးကိုလည်းကောင်း, အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စက္ခုဒွါရဝီထိစသော ဝီထိ (၆)မျိုးတို့၌ တည်ရှိသော နာမ်တရား အသီးအသီးကိုလည်းကောင်း လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းပြီးသောအခါ တစ်ဖန် ရုပ်ပရမတ် နာမ်ပရမတ်တို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာကို ဦးစားပေး၍ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ –

၁။ ရုပ်တရားကို သိမ်းဆည်းခြင်း,
၂။ နာမ်တရားကို သိမ်းဆည်းခြင်း,
၃။ ရုပ်-နာမ် ခွဲခြင်း,
၄။ ရုပ်-နာမ်ကို ပိုင်းခြားမှတ်သားခြင်း –

ဤ (၄)မျိုးသော လုပ်ငန်းရပ်တို့ကို ရှေ့နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ထပ်မံ၍ ပြုလုပ်ပါ။

ထိုနောင် –

၁။ ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းဖြင့် အကြောင်းတရား အကျိုးတရားတို့ကို ထပ်မံ၍ သိမ်းဆည်းပါ။
၂။ ပဋိစ္စသမုပ္ပါဒ် ပထမနည်းဖြင့်လည်း အကြောင်းတရား အကျိုးတရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။
ထိုနောင် အောက်ပါအတိုင်း ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို သိမ်းဆည်းပါ။

၁။ အဝိဇ္ဇာ

၁။ အညာဏလက္ခဏာ အဝိဇ္ဇာ
၂။ သမ္မောဟနရသာ၊
၃။ ဆာဒနပစ္စုပဋ္ဌာနာ၊
၄။ အာသဝပဒဋ္ဌာနာ။[မှတ်စု ၁]

၁။ ပရမတ္ထဓမ္မသဘာဝမှန်ကို မသိခြင်းသဘော ... လက္ခဏ၊ တစ်နည်း - ပရမတ္ထဓမ္မသဘာဝမှန်ကို သိတတ်သောဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ယှဉ်ဖက်သမ္ပယုတ်တရားတို့ကိုလည်းကောင်း, ထိုအဝိဇ္ဇာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကိုလည်းကောင်း ပြင်းစွာ တွေဝေစေခြင်း ... (ကိစ္စ) ရသ
၃။ ပရမတ္ထဓမ္မအာရုံ၏ သဘောမှန်ကို ဖုံးလွှမ်းတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ အာသဝေါတရား (၄)ပါး ... ပဒဋ္ဌာန်

၂။ သင်္ခါရ

၁။ အဘိသင်္ခရဏလက္ခဏာ သင်္ခါရာ၊
၂။ အာယူဟနရသာ၊
၃။ စေတနာပစ္စုပဋ္ဌာနာ၊
၄။ အဝိဇ္ဇာပဒဋ္ဌာနာ။[မှတ်စု ၂]

၁။ (ကံဖြစ်အောင်ပြုလုပ်ခြင်း) ပြုပြင်ခြင်း ပြုစီမံခြင်းသဘော ... လက္ခဏ
၂။ ပဋိသန္ဓေကို ဖြစ်စေခြင်းငှာ အားထုတ်ခြင်း ကြောင့်ကြဗျာပါရပြုခြင်း ... (ကိစ္စ) ရသ
တစ်နည်း– ဝိညာဏ် နာမ်ရုပ်ဟူသော အကျိုးတရားကို ပေါင်းစုရုံးစည်းခြင်း ... (ကိစ္စ) ရသ
တစ်နည်း– အပေါင်းအစု ဖြစ်သော ဝိညာဏ် နာမ်ရုပ် အကျိုးတရားကို ဖြစ်စေခြင်း ... (ကိစ္စ) ရသ
၃။ စေတနာ ပဓာနဟု ယောဂီဉာဏ်တွင် ရှေးရှူ ထင်ခြင်း သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ အဝိဇ္ဇာ ... ပဒဋ္ဌာန်

သင်္ခါရတို့သည် ပဋိသန္ဓေကို ဖြစ်စေခြင်းငှာ အားထုတ်တတ်ကုန်၏၊ ကြောင့်ကြဗျာပါရကို ပြုကုန်၏ = ကြောင့်ကြ စိုက်ကုန်၏၊ ထိုကြောင့် အာယူဟနရသဟု ဆိုသည်။[မှတ်စု ၃] အကြင်သဘောတရားကြောင့် ကုသိုလ် အကုသိုလ် တရားတို့ကို အကျိုးပေးခြင်းသဘောရှိသော ဝိပါကဓမ္မတို့ဟူ၍ ဆိုအပ်ကုန်၏၊ ထိုသဘောတရားသည် အာယူဟန မည်၏၊ ထိုအာယူဟနဟူသည် အဘယ်နည်း – အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ မပယ်သတ်အပ်သေးသော မဖြတ်အပ်သေးသော တဏှာ-အဝိဇ္ဇာ-မာန ထင်ရှားနေသေးသော ရုပ်နာမ်သန္တာန်အစဉ်ဝယ် ပဋိသန္ဓေကို ဖြစ်စေခြင်းအကျိုးငှာ ကုသိုလ် အကုသိုလ်တရားတို့၏ ကြောင့်ကြဗျာပါရနှင့်တကွ ဖြစ်ကုန်သည်၏ အဖြစ်တည်း။ အရဟတ္တမဂ်ဖြင့် မပယ်သတ် အပ်သေးသော အဝိဇ္ဇာ တဏှာ မာန ထင်ရှားရှိနေသေးသော ရုပ်နာမ်သန္တာန်အစဉ်ဝယ် ကုသိုလ် အကုသိုလ်တရားတို့၏ အကျိုးကိုဖြစ်စေနိုင်သော သဘာဝစွမ်းအင် ထင်ရှားရှိနေမှုကိုပင် သင်္ခါရတို့၌ ကြောင့်ကြဗျာပါရနှင့် တကွ ဖြစ်သည်ဟု ဆိုသည်။ ယင်းသဘောတရားကိုပင် သင်္ခါရ၏ ရသ = ကိစ္စရသဟု ဆိုသည်။ တစ်နည်း ‘သင်္ခါရပစ္စယာ ဝိညာဏံ’အရ ဝိညာဏ်ကိုလည်းကောင်း, ‘ဝိညာဏပစ္စယာ နာမရူပံ’အရ နာမ်ရုပ်ကိုလည်းကောင်း - ဤ ဝိညာဏ် နာမ်ရုပ်ဟူသော အကျိုးတရားစုကို အုပ်စုအလိုက် အပေါင်းအစုအလိုက် ဖြစ်အောင်ပြုလုပ်ခြင်း ဖြစ်စေခြင်းသည်ပင် သင်္ခါရ၏ လုပ်ငန်း ကိစ္စတည်း။[မှတ်စု ၄]

၃။ ဝိညာဏ်

၁။ ဝိဇာနနလက္ခဏံ ဝိညာဏံ
၂။ ပုဗ္ဗင်္ဂမရသံ၊
၃။ ပဋိသန္ဓိပစ္စုပဋ္ဌာနံ၊
၄။ သင်္ခါရပဒဋ္ဌာနံ၊ ဝတ္ထာရမ္မဏပဒဋ္ဌာနံ ဝါ။[မှတ်စု ၅]

၁။ အာရုံကို သိခြင်း = အာရုံကို ရယူခြင်းသဘော ... လက္ခဏ
၂။ နာမ်ရုပ်တို့၏ ပဓာန ရှေ့သွားခေါင်းဆောင် ဖြစ်ခြင်း ... (ကိစ္စ) ရသ
၃။ ရှေးဘဝနှင့်တကွ ဆက်စပ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သင်္ခါရ, တစ်နည်း မှီရာဝတ္ထုရုပ်နှင့် ထင်လာသောအာရုံ ... ပဒဋ္ဌာန်

၄။ (နာမ်-ရုပ်မှ) နာမ် = စေတသိက်

၁။ နမနလက္ခဏံ နာမံ၊
၂။ သမ္ပယောဂရသံ၊
၃။ အဝိနိဗ္ဘောဂပစ္စုပဋ္ဌာနံ၊
၄။ ဝိညာဏပဒဋ္ဌာနံ။[မှတ်စု ၆]

၁။ အာရုံသို့ ညွတ်ခြင်းသဘော ... လက္ခဏ
၂။ ဝိညာဏ်နှင့် အတူတကွလည်းကောင်း, အချင်းချင်းလည်းကောင်း ယှဉ်စပ်ခြင်း ... (ကိစ္စ) ရသ
၃။ အသီးအသီး ခွဲခြား၍ မရသော = ခွဲခြား၍ မဖြစ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဝိညာဏ် ... ပဒဋ္ဌာန်

(နာမ်-ရုပ်မှ) ရုပ်

၁။ ရုပ္ပနလက္ခဏံ ရူပံ
၂။ ဝိကိရဏရသံ၊
၃။ အဗျာကတပစ္စုပဋ္ဌာနံ၊
၄။ ဝိညာဏပဒဋ္ဌာနံ။[မှတ်စု ၇]

၁။ ဖောက်ပြန်ခြင်းသဘော ... လက္ခဏ
၂။ (သမ္ပယောဂလက္ခဏာ မရှိသောကြောင့်) ရုပ်အချင်းချင်းမတွဲ ဖရိုဖရဲ ကျဲခြင်း ... (ကိစ္စ) ရသ
၃။ ကုသိုလ် အကုသိုလ် မဟုတ်သော အဗျာကတသဘောတရား ... ပစ္စုပဋ္ဌာန်
တစ်နည်း - အာရုံကို မယူတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဝိညာဏ် ... ပဒဋ္ဌာန်

၅။ သဠာယတန

၁။ အာယတနလက္ခဏံ သဠာယတနံ
၂။ ဒဿနာဒိရသံ၊
၃။ ဝတ္ထု ဒွါရဘာဝပစ္စုပဋ္ဌာနံ၊
၄။ နာမရူပပဒဋ္ဌာနံ။[မှတ်စု ၈]

၁။ ထိခိုက်ခြင်း = အားထုတ်ခြင်းသဘော ... လက္ခဏ
တစ်နည်း – အာယမည်သော စိတ်စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော ... လက္ခဏ
၂။ မြင်ခြင်း (ကြားခြင်း, နံခြင်း, လျက်ခြင်း, တွေ့ထိခြင်း, သိခြင်း) ... (ကိစ္စ) ရသ
၃။ ထိုက်သည့်အားလျော်စွာ ပဉ္စဝိညာဏဓာတ် မနောဓာတ် မနောဝိညာဏဓာတ်တို့၏ မှီရာဝတ္ထုအဖြစ်, ဝင်ထွက်ရာ ဒွါရအဖြစ် ဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ နာမ် + ရုပ် ... ပဒဋ္ဌာန်
ဤတွင် အာယတန (၆)ပါးလုံးကို ပေါင်းစု၍ ရေးသားထားသဖြင့် ခွဲ၍ ရှုခဲ့သော် အောက်ပါအတိုင်း ရှုပါ။

စက္ခာယတန

၁။ အာယတနလက္ခဏံ စက္ခာယတနံ
၂။ ဒဿနရသံ၊
၃။ ဝတ္ထုဒွါရဘာဝပစ္စုပဋ္ဌာနံ၊
၄။ နာမရူပပဒဋ္ဌာနံ။

၁။ ရူပါရုံ၏ ရှေးရှူ ထိခိုက်ခြင်းငှာ ထိုက်သောသဘော ... လက္ခဏ
တစ်နည်း - အာယမည်သော စက္ခု ဒွါရဝီထိ မနောဒွါရဝီထိ စိတ်စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော ... လက္ခဏ
၂။ ရူပါရုံကို မြင်ခြင်း = ရူပါရုံကို ရယူခြင်း (အာရုံယူ၍ရခြင်း ဟူလို)[မှတ်စု ၉] ... (ကိစ္စ) ရသ
၃။ စက္ခုဝိညာဏ်၏ မှီရာဝတ္ထု, စက္ခုဒွါရဝီထိ နာမ်တရားစု၏ ဝင်ထွက်ရာ ဖြစ်ကြောင်း ဒွါရဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ နာမ် + ရုပ် ... ပဒဋ္ဌာန်

သောတာယတန

၁။ အာယတနလက္ခဏံ သောတာယတနံ
၂။ သဝနရသံ၊
၃။ ဝတ္ထုဒွါရဘာဝပစ္စုပဋ္ဌာနံ၊
၄။ နာမရူပပဒဋ္ဌာနံ။

၁။ သဒ္ဒါရုံ၏ ရှေးရှူ ထိခိုက်ခြင်းငှာ ထိုက်သောသဘော ... လက္ခဏ
တစ်နည်း – အာယမည်သော သောတဒွါရဝီထိ မနောဒွါရဝီထိ စိတ်စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော ... လက္ခဏ
၂။ သဒ္ဒါရုံကို ကြားခြင်း = သဒ္ဒါရုံကို ရယူခြင်း ... (ကိစ္စ) ရသ
၃။ သောတဝိညာဏ်၏ မှီရာဝတ္ထု, သောတဒွါရဝီထိနာမ်တရားစု၏ ဝင်ထွက်ရာဖြစ်ကြောင်း ဒွါရဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ နာမ် + ရုပ် ... ပဒဋ္ဌာန်

ဃာနာယတန

၁။ အာယတနလက္ခဏံ ဃနာယတနံ
၂။ ဃာယနရသံ၊
၃။ ဝတ္ထုဒွါရဘာဝပစ္စုပဋ္ဌာနံ၊
၄။ နာမရူပပဒဋ္ဌာနံ။

၁။ ဂန္ဓာရုံ၏ ရှေးရှူ ထိခိုက်ခြင်းငှာ ထိုက်သောသဘော ... လက္ခဏ
တစ်နည်း – အာယမည်သော ဃာနဒွါရဝီထိ မနောဒွါရဝီထိ စိတ်စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော ... လက္ခဏ
၂။ ဂန္ဓာရုံကို နံခြင်း = ဂန္ဓာရုံကို ရယူခြင်း ... (ကိစ္စ) ရသ
၃။ ဃာနဝိညာဏ်၏ မှီရာဝတ္ထု, ဃာနဒွါရဝီထိနာမ်တရားစု၏ ဝင်ထွက်ရာဖြစ်ကြောင်း ဒွါရဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ နာမ် + ရုပ် ... ပဒဋ္ဌာန်

ဇိဝှါယတန

၁။ အာယတနလက္ခဏံ ဇိဝှါယတနံ
၂။ သာယနရသံ၊
၃။ ဝတ္ထုဒွါရဘာဝပစ္စုပဋ္ဌာနံ၊
၄။ နာမရူပပဒဋ္ဌာနံ။

၁။ ရသာရုံ၏ ရှေးရှူ ထိခိုက်ခြင်းငှာ ထိုက်သောသဘော ... လက္ခဏ
တစ်နည်း – အာယမည်သော ဇိဝှါဒွါရဝီထိ မနောဒွါရဝီထိ စိတ်စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော ... လက္ခဏ
၂။ ရသာရုံကို လျက်သိခြင်း = ရသာရုံကို ရယူခြင်း ... (ကိစ္စ) ရသ
၃။ ဇိဝှါဝိညာဏ်၏ မှီရာဝတ္ထု, ဇိဝှါဒွါရဝီထိနာမ်တရားစု၏ ဝင်ထွက်ရာဖြစ်ကြောင်း ဒွါရဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ နာမ် + ရုပ် ... ပဒဋ္ဌာန်

ကာယာယတန

၁။ အာယတနလက္ခဏံ ကာယာယတနံ
၂။ ဖုသနရသံ၊
၃။ ဝတ္ထုဒွါရဘာဝပစ္စုပဋ္ဌာနံ၊
၄။ နာမရူပပဒဋ္ဌာနံ။

၁။ ဖောဋ္ဌဗ္ဗာရုံ၏ ရှေးရှူထိခိုက်ခြင်းငှာထိုက်သောသဘော ... လက္ခဏ
တစ်နည်း – အာယမည်သော ကာယဒွါရဝီထိ မနောဒွါရဝီထိ စိတ်စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော ... လက္ခဏ
၂။ ဖောဋ္ဌဗ္ဗာရုံကို ထိသိခြင်း = ဖောဋ္ဌဗ္ဗာရုံကို ရယူခြင်း ... (ကိစ္စ) ရသ
၃။ ကာယဝိညာဏ်၏ မှီရာဝတ္ထု, ကာယဒွါရဝီထိနာမ်တရားစု၏ ဝင်ထွက်ရာ ဖြစ်ကြောင်း ဒွါရဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ နာမ် + ရုပ် ... ပဒဋ္ဌာန်

မနာယတန

၁။ အာယတနလက္ခဏံ မနာယတနံ၊
၂။ ဝိဇာနနရသံ (ပုဗ္ဗင်္ဂမရသံ)၊
၃။ ဒွါရဘာဝပစ္စုပဋ္ဌာနံ၊
၄။ နာမရူပပဒဋ္ဌာနံ။

၁။ ဓမ္မာရုံ၏ ရှေးရှူ ထင်ခြင်းငှာ ထိုက်သောသဘော ... လက္ခဏ၊ တစ်နည်း - အာယမည်သော မနောဒွါရဝီထိ စိတ်စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော ... လက္ခဏ
၂။ ဓမ္မာရုံကို သိခြင်း = ဓမ္မာရုံကို ရယူခြင်း ... (ကိစ္စ) ရသ
တစ်နည်း - အာရုံကို သိမှု၌ ပဓာနေ့ရှသွားခေါင်းဆောင်ဖြစ်ခြင်း ... (ကိစ္စ) ရသ
၃။ မနောဝိညာဏ် နာမ်တရားစု၏ = မနောဒွါရဝီထိနာမ်တရားစု၏ ဝင်ထွက်ရာဖြစ်ကြောင်း ဒွါရဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ နာမ် + ရုပ် ... ပဒဋ္ဌာန်

ကာရဏူပစာရစကား

စက္ခာယတန စသည့် ရုပ်အာယတနတို့ကား ရူပါရုံ စသည့် မိမိတို့ ဆိုင်ရာအာရုံကို အာရုံမယူနိုင်ပေ မသိနိုင်ပေ။ ရုပ်တရားတို့သည် အာရုံကို မယူတတ်သော အနာရမ္မဏတရားတို့ ဖြစ်ကြ၏၊ သို့သော် ဤ၌ စက္ခာယတန စသည့် ရုပ်အာယတနတို့သည် ဒဿနကိစ္စ = မြင်ခြင်းကိစ္စ စသည်ကို ရွက်ဆောင်ကြောင်း ဖွင့်ဆိုထား၏၊ ထိုစကားရပ်တို့မှာ ကာရဏူပစာရ စကားရပ်တို့သာ ဖြစ်ကြ၏၊[မှတ်စု ၁၀] စက္ခာယတန စသည်သည် စက္ခုဝိညာဏ် စသည်တို့၏ အကြောင်းတရား ဖြစ်ခြင်းသည်ပင် ဒဿနကိစ္စ စသည်မည်၏၊ စက္ခာယတန = စက္ခုဝတ္ထု = စက္ခုဒွါရသည် ရူပါရုံကို မြင်တတ်သော စက္ခုဝိညာဏ်နှင့်တကွသော နာမ်တရားစုတို့၏ မှီရာအကြောင်းတရားမျှသာ ဖြစ်၏၊ ဝတ္ထုပုရေဇာတနိဿယပစ္စယ အကြောင်းတရားတည်း။ အကျိုးဖြစ်သော စက္ခုဝိညာဏ်၏ ရူပါရုံကို မြင်ခြင်း ဒဿနကိစ္စကို အကြောင်းဖြစ်သော စက္ခာယတန၌ တင်စား၍ အကြောင်းဖြစ်သော စက္ခာယတန၌ ဒဿနကိစ္စ ရှိသကဲ့သို့ တင်စား၍ ဆိုသော ကာရဏူပစာရ စကားတည်း။ သောတာယတန စသည်တို့၌လည်း နည်းတူမှတ်ပါ။

ဆိုင်ရာ ဆိုင်ရာ အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာကြသော စိတ် စေတသိက်တရားတို့ကို အာယဟု ခေါ်ဆို၏၊ ထိုအာယမည်သော စိတ် စေတသိက်တရားတို့ကို ကျယ်ပြန့်အောင် ချဲ့ထွင်တတ်သော တရားများကို အာယတနဟု ဆိုသည်။ သို့သော် မဓု၌ကား – အာယာနံ သုခဒုက္ခာနံ, သံသာရဒုက္ခာနံ ဝါ – ဟု ဖွင့်ဆိုထား၏၊ ယင်း မဓု အလိုအားဖြင့် သုခ ဒုက္ခတို့ကို သို့မဟုတ် သံသာရဒုက္ခတို့ကို အာယဟု ဆိုလို၏၊ ထို သုခ ဒုက္ခ သို့မဟုတ် သံသာရဒုက္ခ တို့ကို ကျယ်ပြန့်အောင် ချဲ့ထွင်တတ်သောတရားတို့သည် အာယတန မည်၏ဟု မှတ်ပါ။

စက္ခုဒွါရ စသော ထိုထိုဒွါရ၌ ဖြစ်သော စိတ်စေတသိက် = ဓမ္မတို့၏ ဖြစ်ခြင်းကိုပင်လျှင် အာယတနဟူ၍ လည်းကောင်း, ဃဋနဟူ၍လည်းကောင်း ဤ၌ ဆိုလို၏ဟု မှတ်ပါ။[မှတ်စု ၁၁]

၆။ ဖဿ

၁။ ဖုသနလက္ခဏော ဖေဿာ၊
၂။ သင်္ဃဋ္ဋနရသော၊
၃။ သင်္ဂတိပစ္စုပဋ္ဌာနော၊
၄။ သဠာယတနပဒဋ္ဌာနော။[မှတ်စု ၁၂]

၁။ အာရုံကို တွေ့ထိခြင်းသဘော ... လက္ခဏ
= အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော ... လက္ခဏ
၂။ အာရုံကို ပွတ်ချုပ်ထိပါးခြင်း = အာရုံ၌ ထိခတ်ခြင်း ... (ကိစ္စ) ရသ
၃။ ဝတ္ထု+အာရုံ+ဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သဠာယတန ... ပဒဋ္ဌာန်

ဤအထက်ပါ လက္ခဏ ရသ စသည့် ရှုကွက်မှာ စက္ခုသမ္ဖဿ စသော ဖဿ (၆)မျိုးလုံးအတွက် ခြုံငုံ၍ ဖွင့်ဆိုထားသော အဖွင့်သာ ဖြစ်ပါသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် လက်တွေ့ရှုသောအခါ၌ကား စက္ခုသမ္ဖဿ စသော ဖဿများကို တစ်မျိုးစီသာ ခွဲ၍ ရှုရမည် ဖြစ်ပါသည်။ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ ဖဿ (၆)မျိုးလုံးသည် ပြိုင်တူ မဖြစ်နိုင်သောကြောင့်ပင် ဖြစ်ပေသည်၊ ထိုကြောင့် ခွဲရှုပုံကို ဆက်လက်၍ တင်ပြအပ်ပါသည်။

စက္ခုသမ္ဖဿ

၁။ ဖုသနလက္ခဏော စက္ခုသမ္ဖေဿာ
၂။ သင်္ဃဋ္ဋနရသော၊
၃။ သင်္ဂတိပစ္စုပဋ္ဌာနော၊
၄။ စက္ခာယတနပဒဋ္ဌာနော။

၁။ ရူပါရုံကို တွေ့ထိခြင်းသဘော = ရူပါရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ရူပါရုံကို ပွတ်ချုပ်ထိပါးခြင်း = ရူပါရုံ၌ ထိခတ်ခြင်း ... (ကိစ္စ) ရသ
၃။ စက္ခုဝတ္ထု+ရူပါရုံ+စက္ခုဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ စက္ခာယတန ... ပဒဋ္ဌာန်

သောတသမ္ဖဿ

၁။ ဖုသနလက္ခဏော သောတသမ္ဖေဿာ
၂။ သင်္ဃဋ္ဋနရသော၊
၃။ သင်္ဂတိပစ္စုပဋ္ဌာနော၊
၄။ သောတာယတနပဒဋ္ဌာနော။

၁။ သဒ္ဒါရုံကို တွေ့ထိခြင်းသဘော = သဒ္ဒါရုံကို တွေ့ထိသောအခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော ... လက္ခဏ
၂။ သဒ္ဒါရုံကို ပွတ်ချုပ်ထိပါးခြင်း = သဒ္ဒါရုံ၌ ထိခတ်ခြင်း ... (ကိစ္စ) ရသ
၃။ သောတဝတ္ထု+သဒ္ဒါရုံ+သောတဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သောတာယတန ... ပဒဋ္ဌာန်

ဃာနသမ္ဖဿ

၁။ ဖုသနလက္ခဏော ဃာနသမ္ဖေဿာ
၂။ သင်္ဃဋ္ဋနရသော၊
၃။ သင်္ဂတိပစ္စုပဋ္ဌာနော၊
၄။ ဃာနာယတနပဒဋ္ဌာနော။

၁။ ဂန္ဓာရုံကို တွေ့ထိခြင်းသဘော = ဂန္ဓာရုံကို တွေ့ထိသောအခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ဂန္ဓာရုံကို ပွတ်ချုပ်ထိပါးခြင်း = ဂန္ဓာရုံ၌ ထိခတ်ခြင်း ... (ကိစ္စ) ရသ
၃။ ဃာနဝတ္ထု+ဂန္ဓာရုံ+ဃာနဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဃာနာယတန ... ပဒဋ္ဌာန်

ဇိဝှါသမ္ဖဿ

၁။ ဖုသနလက္ခဏော ဇိဝှါသမ္ပေဿာ
၂။ သင်္ဃဋ္ဋနရသော၊
၃။ သင်္ဂတိပစ္စုပဋ္ဌာနော၊
၄။ ဇိဝှါယတနပဒဋ္ဌာနော။

၁။ ရသာရုံကို တွေ့ထိခြင်းသဘော = ရသာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ရသာရုံကို ပွတ်ချုပ်ထိပါးခြင်း = ရသာရုံ၌ ထိခတ်ခြင်း ... (ကိစ္စ) ရသ
၃။ ဇိဝှါဝတ္ထု+ရသာရုံ+ဇိဝှါဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဇိဝှါယတန ... ပဒဋ္ဌာန်

ကာယသမ္ဖဿ

၁။ ဖုသနလက္ခဏော ကာယသမ္ဖေဿာ
၂။ သင်္ဃဋ္ဋနရသော၊
၃။ သင်္ဂတိပစ္စုပဋ္ဌာနော၊
၄။ ကာယာယတနပဒဋ္ဌာနော။

၁။ ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိခြင်းသဘော = ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ဖောဋ္ဌဗ္ဗာရုံကို ပွတ်ချုပ်ထိပါးခြင်း = ဖောဋ္ဌဗ္ဗာရုံ၌ ထိခတ်ခြင်း ... (ကိစ္စ) ရသ
၃။ ကာယဝတ္ထု+ဖောဋ္ဌဗ္ဗာရုံ+ကာယဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ကာယာယတန ... ပဒဋ္ဌာန်

မနောသမ္ဖဿ

၁။ ဖုသနလက္ခဏော မနောသမ္ဖေဿာ
၂။ သင်္ဃဋ္ဋနရသော၊
၃။ သင်္ဂတိပစ္စုပဋ္ဌာနော၊
၄။ မနာယတနပဒဋ္ဌာနော။

၁။ ဓမ္မာရုံကို တွေ့ထိခြင်းသဘော = ဓမ္မာရုံကို တွေ့ထိသောအခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ဓမ္မာရုံကို ပွတ်ချုပ်ထိပါးခြင်း = ဓမ္မာရုံ၌ ထိခတ်ခြင်း ... (ကိစ္စ) ရသ
၃။ မနောဒွါရ+ဓမ္မာရုံ+မနောဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မနာယတန ... ပဒဋ္ဌာန်

မနောသမ္ဖဿ – မနောသမ္ဖဿကား အလွန် အရာကျယ်၏၊ ပဉ္စဝိညာဏ်နှင့်ယှဉ်သော စက္ခုသမ္ဖဿ စသော ဖဿငါးမျိုးက လွဲလျှင် ကြွင်းကျန်သော ဝီထိစိတ် ဝီထိမုတ်စိတ် အားလုံးနှင့် ယှဉ်သော ဖဿ ဟူသမျှသည် မနောသမ္ဖဿချည်းသာတည်း။ အာရုံ (၆)ပါးလုံးကိုပင် ထိုက်သည့်အားလျော်စွာ အာရုံပြုပေသည်။ အထက်တွင် ဓမ္မာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော မနောသမ္ဖဿကိုသာ ပုံစံထုတ်၍ ရေးသားထားပါသည်။ သုတ္တန်နည်းအရ မနောသမ္ဖသောတိ ဘဝင်္ဂသဟဇာတော သမ္ဖေဿာ - ဟူသော သံယုတ်အဋ္ဌကထာ ပဟာနသုတ္တန်အဖွင့်[မှတ်စု ၁၃] နှင့်အညီ ဘဝင်စိတ်နှင့် ယှဉ်သော ဖဿမှာ မနောသမ္ဖဿ မည်ပေသည်။ အာဝဇ္ဇနံ ဘဝင်္ဂတော အမောစေတွာ မနောတိ သဟာဝဇ္ဇနေန ဘဝင်္ဂံ ဒဋ္ဌဗ္ဗံ။[မှတ်စု ၁၄] ဟူသော အဖွင့်နှင့်အညီ ဘဝင်စိတ်နှင့် ယှဉ်သော ဖဿ, မနောဒွါရာဝဇ္ဇန်းနှင့် ယှဉ်သော ဖဿ - ဤဖဿနှစ်မျိုးလုံးသည်လည်း မနောသမ္ဖဿ မည်ပေသည်။

သို့အတွက် ပဋိသန္ဓိမနောသမ္ဖဿ, ဘဝင်္ဂမနောသမ္ဖဿတို့ကို ဤ၌ ဦးစားပေး၍ ရှုပါ။ ကြွင်းမနောသမ္ဖဿ တို့၌လည်း ရှုနိုင်လျှင်လည်း ကောင်းသည်သာ ဖြစ်သည်။ သို့သော် သုတ္တန္တဘာဇနီယ-နည်းအရ ဤမနောသမ္ဖဿမှာ ဝိပါကဝဋ်တွင် အကျုံးဝင်သော ဖဿသာ ဖြစ်သဖြင့် ဝိပါက်မနောသမ္ဖဿကိုသာ ဦးစားပေး၍ ရှုပါ။ မနာယတနအရ သမ္ပယုတ် မနာယတနကိုသာ ဦးစားပေး၍ ရှုပါ။

၇။ ဝေဒနာ

၁။ အနုဘဝနလက္ခဏာ ဝေဒနာ၊
၂။ ဝိသယရသသမ္ဘောဂရသာ၊
၃။ သုခဒုက္ခပစ္စုပဋ္ဌာနာ၊
၄။ ဖဿပဒဋ္ဌာနာ။[မှတ်စု ၁၅]

၁။ အာရုံ၏ အရသာကို ခံစားခြင်းသဘော ... လက္ခဏ
၂။ အာရုံ၏ အရသာကို သုံးဆောင်ခြင်း ... (ကိစ္စ) ရသ
၃။ သုခသဘောတရား, ဒုက္ခသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဖဿ ... ပဒဋ္ဌာန်

အဟိတ်အကုသလဝိပါက် ဥပေက္ခာဝေဒနာကား အနိဋ္ဌသဘာဝ ဖြစ်သောကြောင့် ဒုက္ခဝေဒနာဖြင့်, ကုသလဝိပါက် ဥပေက္ခာဝေဒနာကား ဣဋ္ဌသဘာဝ ဖြစ်သောကြောင့် သုခဝေဒနာဖြင့် ပေါင်းရုံးရေတွက်ထားသည်။ ထိုကြောင့် သုခဝေဒနာ ဒုက္ခဝေဒနာ နှစ်မျိုးကိုသာ ဖော်ပြထားသည်။[မှတ်စု ၁၆] အကယ်၍ ဝေဒနာကို (၆)မျိုး ခွဲ၍ ရှုလိုပါက အောက်ပါ အတိုင်း ရှုပါ။

စက္ခုသမ္ဖဿဇာ ဝေဒနာ

၁။ ရူပါရမ္မဏာနုဘဝနလက္ခဏာ စက္ခုသမ္ဖဿဇာ ဝေဒနာ[မှတ်စု ၁၇]၂။ ဝိသယရသသမ္ဘောဂရသာ၊
၃။ သုခဒုက္ခပစ္စုပဋ္ဌာနာ၊
၄။ စက္ခုသမ္ဖဿပဒဋ္ဌာနာ။

၁။ ရူပါရုံကို = ရူပါရုံ၏ အရသာကို ခံစားခြင်းသဘော ... လက္ခဏ
၂။ ရူပါရုံ၏ အရသာကို သုံးဆောင်ခြင်း ... (ကိစ္စ) ရသ
၃။ သုခသဘောတရား (ကုသလဝိပါက် စက္ခုဝိညာဏ်နှင့် ယှဉ်သောဝေဒနာ)
ဒုက္ခသဘောတရား (အကုသလဝိပါက် စက္ခုဝိညာဏ်နှင့် ယှဉ်သော ဝေဒနာ) ... ပစ္စုပဋ္ဌာန်
၄။ စက္ခုသမ္ဖဿ ... ပဒဋ္ဌာန်

သောတသမ္ဖဿဇာ ဝေဒနာ

၁။ သဒ္ဒါရမ္မဏာနုဘဝနလက္ခဏာ သောတသမ္ဖဿဇာ ဝေဒနာ
၂။ ဝိသယရသသမ္ဘောဂရသာ၊
၃။ သုခဒုက္ခပစ္စုပဋ္ဌာနာ၊
၄။ သောတသမ္ဖဿပဒဋ္ဌာနာ။

၁။ သဒ္ဒါရုံကို = သဒ္ဒါရုံ၏ အရသာကို ခံစားခြင်းသဘော ... လက္ခဏ
၂။ သဒ္ဒါရုံ၏ အရသာကို သုံးဆောင်ခြင်း ... (ကိစ္စ) ရသ
၃။ သုခသဘောတရား (ကုသလဝိပါက် သောတဝိညာဏ်နှင့် ယှဉ်သော ဝေဒနာ)၊
ဒုက္ခသဘောတရား (အကုသလဝိပါက် သောတဝိညာဏ်နှင့် ယှဉ်သော ဝေဒနာ) ... ပစ္စုပဋ္ဌာန်
၄။ သောတသမ္ဖဿ ... ပဒဋ္ဌာန်

ဃာနသမ္ဖဿဇာ ဝေဒနာ

၁။ ဂန္ဓာရမ္မဏာနုဘဝနလက္ခဏာ ဃာနသမ္ဖဿဇာ ဝေဒနာ
၂။ ဝိသယရသသမ္ဘောဂရသာ၊
၃။ သုခဒုက္ခပစ္စုပဋ္ဌာနာ၊
၄။ ဃာနသမ္ဖဿပဒဋ္ဌာနာ။

၁။ ဂန္ဓာရုံကို = ဂန္ဓာရုံ၏ အရသာကို ခံစားခြင်းသဘော ... လက္ခဏ
၂။ ဂန္ဓာရုံ၏ အရသာကို သုံးဆောင်ခြင်း ... (ကိစ္စ) ရသ
၃။ သုခသဘောတရား (ကုသလဝိပါက် ဃာနဝိညာဏ်နှင့် ယှဉ်သော ဝေဒနာ)
ဒုက္ခသဘောတရား (အကုသလဝိပါက် ဃာနဝိညာဏ်နှင့် ယှဉ်သော ဝေဒနာ) ... ပစ္စုပဋ္ဌာန်
၄။ ဃာနသမ္ဖဿ ... ပဒဋ္ဌာန်

ဇိဝှါသမ္ဖဿဇာ ဝေဒနာ

၁။ ရသာရမ္မဏာနုဘဝနလက္ခဏာ ဇိဝှါသမ္ဖဿဇာ ဝေဒနာ
၂။ ဝိသယရသသမ္ဘောဂရသာ၊
၃။ သုခဒုက္ခပစ္စုပဋ္ဌာနာ၊
၄။ ဇိဝှါသမ္ဖဿပဒဋ္ဌာနာ။

၁။ ရသာရုံကို = ရသာရုံ၏ အရသာကို ခံစားခြင်းသဘော ... လက္ခဏ
၂။ ရသာရုံ၏ အရသာကို သုံးဆောင်ခြင်း ... (ကိစ္စ) ရသ
၃။ သုခသဘောတရား (ကုသလဝိပါက် ဇိဝှါဝိညာဏ်နှင့် ယှဉ်သော ဝေဒနာ)၊
ဒုက္ခသဘောတရား (အကုသလဝိပါက် ဇိဝှါဝိညာဏ်နှင့် ယှဉ်သော ဝေဒနာ)... ပစ္စုပဋ္ဌာန်
၄။ ဇိဝှါသမ္ဖဿ ... ပဒဋ္ဌာန်

ကာယသမ္ဖဿဇာ ဝေဒနာ

၁။ ဖောဋ္ဌဗ္ဗာရမ္မဏာနုဘဝနလက္ခဏာ ကာယသမ္ဖဿဇာ ဝေဒနာ၊
၂။ ဝိသယရသသမ္ဘောဂရသာ၊
၃။ သုခဒုက္ခပစ္စုပဋ္ဌာနာ၊
၄။ ကာယသမ္ဖဿပဒဋ္ဌာနာ။

၁။ ဖောဋ္ဌဗ္ဗာရုံကို = ဖောဋ္ဌဗ္ဗာရုံ၏ အရသာကို ခံစားခြင်းသဘော ... လက္ခဏ
၂။ ဖောဋ္ဌဗ္ဗာရုံ၏ အရသာကို သုံးဆောင်ခြင်း ... (ကိစ္စ) ရသ
၃။ သုခသဘောတရား (ကုသလဝိပါက် ကာယဝိညာဏ်နှင့် ယှဉ်သော ဝေဒနာ)
ဒုက္ခသဘောတရား (အကုသလဝိပါက်ကာယဝိညာဏ်နှင့် ယှဉ်သောဝေဒနာ) ... ပစ္စုပဋ္ဌာန်
၄။ ကာယသမ္ဖဿ ... ပဒဋ္ဌာန်

မနောသမ္ဖဿဇာ ဝေဒနာ

၁။ ဓမ္မာရမ္မဏာနုဘဝနလက္ခဏာ မနောသမ္ဖဿဇာ ဝေဒနာ၊
၂။ ဝိသယရသသမ္ဘောဂရသာ၊
၃။ သုခဒုက္ခပစ္စုပဋ္ဌာနာ၊
၄။ မနောသမ္ဖဿပဒဋ္ဌာနာ။

၁။ ဓမ္မာရုံကို = ဓမ္မာရုံ၏ အရသာကို ခံစားခြင်းသဘော ... လက္ခဏ
၂။ ဓမ္မာရုံ၏ အရသာကို သုံးဆောင်ခြင်း ... (ကိစ္စ) ရသ
၃။ သုခသဘောတရား (ကုသလဝိပါက် မနောဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ)
ဒုက္ခသဘောတရား (အကုသလဝိပါက် မနောဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ) ... ပစ္စုပဋ္ဌာန်
၄။ မနောသမ္ဖဿ ... ပဒဋ္ဌာန်

၈။ တဏှာ

၁။ ဟေတုလက္ခဏာ တဏှာ၊
၂။ အဘိနန္ဒနရသာ၊
၃။ အတိတ္တိဘာဝပစ္စုပဋ္ဌာနာ၊
၄။ ဝေဒနာပဒဋ္ဌာနာ။[မှတ်စု ၁၈]

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ထိုထိုအာရုံ ထိုထိုဘုံဘဝတို့၌ အလွန်နှစ်သက်ခြင်း ... (ကိစ္စ) ရသ
၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ထိုထိုအာရုံ ထိုထိုဘုံဘဝတို့၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဝေဒနာ ... ပဒဋ္ဌာန်

တဏှာသည် ဒုက္ခသစ္စာ အမည်ရသော ဥပါဒါနက္ခန္ဓာငါးပါး၏ အကြောင်းရင်း သမုဒယသစ္စာတရား ဖြစ်၏၊ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာတရား ဖြစ်ခြင်းကြောင့် တဏှာကို ဟေတုလက္ခဏာ = ဒုက္ခ၏ ဖြစ်ကြောင်းသဘော လက္ခဏာ ရှိ၏ဟု ဆိုသည်။ ယင်းတဏှာကို – တတြ တတြာဘိနန္ဒိနီ = ထိုထိုအာရုံ ထိုထိုဘုံဘဝတို့၌ အလွန် နှစ်သက်တတ်သော သဘောတရားဟု ဓမ္မစကြာဒေသနာတော် စသည်တို့၌ ဘုရားရှင်သည် ဟောကြားထားတော် မူခြင်းကြောင့် တဏှာသည် ထိုထိုအာရုံ ထိုထိုဘုံဘဝတို့၌ အလွန်နှစ်သက်ခြင်း ကိစ္စရသ ရှိပေသည်။ စိတ်၏ လည်းကောင်း, တစ်နည်း ပုဂ္ဂိုလ်၏လည်းကောင်း ရူပါရုံ အစရှိသော အာရုံတို့၌ မတင်းတိမ်နိုင် မရောင့်ရဲနိုင်သည်၏ အဖြစ်ဖြင့် ဖြစ်တတ်၍ ယင်းတဏှာကို ဝိပဿနာဉာဏ်ဖြင့် ယူအပ်ရကား - အတိတ္တိဘာဝပစ္စုပဋ္ဌာနာ = စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ထိုထိုအာရုံ ထိုထိုဘုံဘဝတို့၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရားအဖြစ်ဖြင့် ယောဂီတို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။[မှတ်စု ၁၉]

ထိုတဏှာမှာလည်း ရူပတဏှာ စသည်ဖြင့် (၆)မျိုးပြားသဖြင့် အောက်ပါအတိုင်း (၆)မျိုးပင် ခွဲ၍ ရှုလိုပါကလည်း ခွဲရှုပါ။

ရူပတဏှာ

၁။ ဟေတုလက္ခဏာ ရူပတဏှာ
၂။ အဘိနန္ဒနရသာ၊
၃။ အတိတ္တိဘာဝပစ္စုပဋ္ဌာနာ၊
၄။ စက္ခုသမ္ဖဿဇာ ဝေဒနာ = စက္ခသမ္ဖဿပစ္စယာ ဝေဒနာ ပဒဋ္ဌာနာ။

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ရူပါရုံ၌ အလွန်နှစ်သက်ခြင်း ... (ကိစ္စ) ရသ
၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ရူပါရုံ၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ စက္ခုသမ္ဖဿဇာ ဝေဒနာ = စက္ခုသမ္ဖဿပစ္စယာ ဝေဒနာ ... ပဒဋ္ဌာန်

သဒ္ဒတဏှာ

၁။ ဟေတုလက္ခဏာ သဒ္ဒတဏှာ
၂။ အဘိနန္ဒနရသာ၊
၃။ အတိတ္တိဘာဝပစ္စုပဋ္ဌာနာ၊
၄။ သောတသမ္ဖဿဇာ ဝေဒနာ = သောတသမ္ဖဿပစ္စယာ ဝေဒနာ ပဒဋ္ဌာနာ။

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော ... လက္ခဏ
၂။ သဒ္ဒါရုံ၌ အလွန်နှစ်သက်ခြင်း ... (ကိစ္စ) ရသ
၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ သဒ္ဒါရုံ၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သောတသမ္ဖဿဇာ ဝေဒနာ = သောတသမ္ဖဿပစ္စယာ ဝေဒနာ ... ပဒဋ္ဌာန်

ဂန္ဓတဏှာ

၁။ ဟေတုလက္ခဏာ ဂန္ဓတဏှာ
၂။ အဘိနန္ဒနရသာ၊
၃။ အတိတ္တိဘာဝပစ္စုပဋ္ဌာနာ၊
၄။ ဃာနသမ္ဖဿဇာ ဝေဒနာ = ဃာနသမ္ဖဿပစ္စယာ ဝေဒနာ ပဒဋ္ဌာနာ။

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ဂန္ဓာရုံ၌ အလွန်နှစ်သက်ခြင်း ... (ကိစ္စ) ရသ
၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ဂန္ဓာရုံ၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဃာနသမ္ဖဿဇာ ဝေဒနာ = ဃာနသမ္ဖဿပစ္စယာ ဝေဒနာ ... ပဒဋ္ဌာန်

ရသတဏှာ

၁။ ဟေတုလက္ခဏာ ရသတဏှာ
၂။ အဘိနန္ဒနရသာ၊
၃။ အတိတ္တိဘာဝပစ္စုပဋ္ဌာနာ၊
၄။ ဇိဝှါသမ္ဖဿဇာ ဝေဒနာ = ဇိဝှါသမ္ဖဿပစ္စယာ ဝေဒနာ ပဒဋ္ဌာနာ။

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ရသာရုံ၌ အလွန်နှစ်သက်ခြင်း ... (ကိစ္စ) ရသ
၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ရသာရုံ၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဇိဝှါသမ္ဖဿဇာ ဝေဒနာ = ဇိဝှါသမ္ဖဿပစ္စယာ ဝေဒနာ ... ပဒဋ္ဌာန်

ဖောဋ္ဌဗ္ဗတဏှာ

၁။ ဟေတုလက္ခဏာ ဖောဋ္ဌဗ္ဗတဏှာ
၂။ အဘိနန္ဒနရသာ၊
၃။ အတိတ္တိဘာဝပစ္စုပဋ္ဌာနာ၊
၄။ ကာယသမ္ဖဿဇာ ဝေဒနာ = ကာယသမ္ဖဿပစ္စယာ ဝေဒနာ ပဒဋ္ဌာနာ။

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ဖောဋ္ဌဗ္ဗာရုံ၌ အလွန်နှစ်သက်ခြင်း ... (ကိစ္စ) ရသ
၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ဖောဋ္ဌဗ္ဗာရုံ၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ကာယသမ္ဖဿဇာ ဝေဒနာ = ကာယသမ္ဖဿပစ္စယာ ဝေဒနာ ... ပဒဋ္ဌာန်

ဓမ္မတဏှာ

၁။ ဟေတုလက္ခဏာ ဓမ္မတဏှာ
၂။ အဘိနန္ဒနရသာ၊
၃။ အတိတ္တိဘာဝပစ္စုပဋ္ဌာနာ၊
၄။ မနောသမ္ဖဿဇာ ဝေဒနာ = မနောသမ္ဖဿပစ္စယာ ဝေဒနာ ပဒဋ္ဌာနာ။

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ဓမ္မာရုံ၌ အလွန် နှစ်သက်ခြင်း ... (ကိစ္စ) ရသ
၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ဓမ္မာရုံ၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မနောသမ္ဖဿဇာ ဝေဒနာ = မနောသမ္ဖဿပစ္စယာ ဝေဒနာ... ပဒဋ္ဌာန်

၉။ ဥပါဒါန = ဥပါဒါန်

၁။ ဂဟဏလက္ခဏံ ဥပါဒါနံ၊
၂။ အမုဉ္စနရသံ၊
၃။ တဏှာဒဠှတ္တဒိဋ္ဌိပစ္စုပဋ္ဌာနံ၊
၄။ တဏှာပဒဋ္ဌာနံ။[မှတ်စု ၂၀]

၁။ အာရုံကို ပြင်းစွာ စွဲလမ်းခြင်း = စွဲမြဲစွာ ယူခြင်းသဘော ... လက္ခဏ
၂။ (တဏှာ ဒိဋ္ဌိတို့ဖြင့် အာရုံကို မှားမှားယွင်းယွင်း နှလုံးသွင်းခြင်း၏ အစွမ်းဖြင့်) အာရုံကို မလွှတ်ခြင်း ... (ကိစ္စ) ရသ
၃။ (က) တဏှာ၏ ခိုင်မြဲမှု သဘောတရား (ကာမုပါဒါန်အတွက်)
( ခ ) ဒိဋ္ဌိ = အယူမှားမှု သဘောတရား (ကျန်ဥပါဒါန် သုံးပါးအတွက်) ... ပစ္စုပဋ္ဌာန်
၄။ တဏှာ ... ပဒဋ္ဌာန်

ဥပါဒါန် လေးမျိုး

၁။ ကာမုပါဒါန် – အာရုံငါးပါး ကာမဂုဏ်တရားတို့၌ ထိုထိုဘုံဘဝ၌ ပြင်းစွာစွဲလမ်းခြင်း စွဲမြဲစွာယူခြင်းသဘောတရား၊
၂။ ဒိဋ္ဌုပါဒါန် – အတ္တဝါဒုပါဒါန် သီလဗ္ဗတုပါဒါန် နှစ်မျိုးမှလွဲ၍ ကြွင်းကျန်သော မှားယွင်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒ အမျိုးမျိုး၌ ပြင်းစွာ စွဲလမ်းခြင်း စွဲမြဲစွာယူခြင်းသဘောတရား၊
၃။ သီလဗ္ဗတုပါဒါန် – နွားအကျင့် ခွေးအကျင့် စသည့် မှားယွင်းသည့် ဝတအကျင့်ဖြင့် ကိလေသာတို့မှ စင်ကြယ်နိုင်၏ သံသရာမှ လွတ်မြောက်နိုင်၏ဟု ပြင်းစွာစွဲလမ်းခြင်း စွဲမြဲစွာယူခြင်းသဘောတရား၊
၄။ အတ္တဝါဒုပါဒါန် – (က) ဖန်ဆင်းရှင်ပရမအတ္တ၊ ( ခ ) အဖန်ဆင်းခံရသော ဇီဝအတ္တရှိ၏ စသည်ဖြင့် အတ္တဝါဒကို လက်ခံသော အတ္တဝါဒကို ပြင်းစွာစွဲလမ်းခြင်း စွဲမြဲစွာယူခြင်းသဘောတရား ––

ဤသို့အားဖြင့် ဥပါဒါန် (၄)မျိုး ရှိပေသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်၌ ဖြစ်ပေါ် ခဲ့ဖူးသော, ဖြစ်ပေါ်ဆဲဖြစ်သော, ဖြစ်ပေါ်လတ္တံ့ဖြစ်သော ဥပါဒါန်ကို ရွေးချယ်၍ ရှုရန် ဖြစ်သည်။ အတိတ်အကြောင်း တရား (၅)ပါးတို့တွင် ပါဝင်သော ဥပါဒါန်သည် ဥပါဒါန် (၄)မျိုးတို့တွင် မည်သို့သော ဥပါဒါန် ဖြစ်ခဲ့သည်ကို ရွေးချယ် စိစစ်၍ ရှုပါ။ တစ်ဖန် ပစ္စုပ္ပန်အကြောင်းတရား (၅)ပါးတို့တွင် အထူးသဖြင့် ကောင်းမှုကုသိုလ် တစ်ခုခုကို ပြု၍ အနာဂတ်ဘဝအတွက် ဆုတောင်းပန်ထွာစဉ် မည်သည့် ဥပါဒါန်တရားတို့သည် ဖြစ်ပေါ်ခဲ့သည် ဖြစ်ပေါ်နေသည်ကို စိစစ်စူးစမ်း၍ ရှုပါ။ အကယ်၍ ယောဂီသူတော်ကောင်းအတွက် ဒုတိယအနာဂတ်ဘဝ စသည့် အနာဂတ်ဘဝများသည် ထင်ရှားရှိနေကြသေးလျှင်လည်း ပထမအနာဂတ် စသည်၌ ဖြစ်ပေါ်လတ္တံ့သော ဥပါဒါန်ကိုလည်း အလားတူပင် စိစစ်စူးစမ်းရှာဖွေ၍ ရှုပါ။

ယောဂါဝစရပုဂ္ဂိုလ်သည် ကာမုပါဒါန်ကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွားသောအခါ ယင်းကာမုပါဒါန်ကို ခိုင်မြဲသော တဏှာအဖြစ်ဖြင့် ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ ကြွင်းကျန်သော ဥပါဒါန်သုံးပါးကို သို့မဟုတ် ယင်းဥပါဒါန်သုံးမျိုးတို့တွင် တစ်မျိုးမျိုးကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွားလိုက်သောအခါ ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် မှားယွင်းသော မိစ္ဆာဒိဋ္ဌိအဖြစ်ဖြင့် ရှေးရှူထင်လာပေသည်။[မှတ်စု ၂၁]

၁၀။ ဘဝ

၁။ ကမ္မကမ္မဖလလက္ခဏော ဘဝေါ၊
၂။ ဘာဝနဘဝနရသော၊
၃။ ကုသလာကုသလာဗျာကတပစ္စုပဋ္ဌာနော၊
၄။ ဥပါဒါနပဒဋ္ဌာနော။[မှတ်စု ၂၂] [မှတ်စု ၂၃]

(က) ကမ္မဘဝ

၁။ ကမ္မလက္ခဏော ကမ္မဘဝေါ၊
၂။ ဘာဝနရသော၊
၃။ ကုသလာကုသလပစ္စုပဋ္ဌာနော၊
၄။ ဥပါဒါနပဒဋ္ဌာနော။

၁။ ကံဟူသောသဘော = ကံဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ဥပပတ္တိဘဝကို ဖြစ်စေခြင်း ... (ကိစ္စ) ရသ
၃။ ကုသိုလ် + အကုသိုလ် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဥပါဒါန် ... ပဒဋ္ဌာန်

(ခ) ဥပပတ္တိဘဝ

၁။ ကမ္မဖလလက္ခဏော ဥပပတ္တိဘဝေါ၊
၂။ ဘဝနရသော၊
၃။ အဗျာကတပစ္စုပဋ္ဌာနော၊
၄။ ဥပါဒါနပဒဋ္ဌာနော။[မှတ်စု ၂၄]

၁။ ကမ္မဖလ = ကံ၏ အကျိုးဟူသောသဘော = ကံ၏ အကျိုးဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ကံကြောင့်ဖြစ်ခြင်း ... (ကိစ္စ) ရသ
၃။ ကုသိုလ် အကုသိုလ် မဟုတ်သော ဝိပါက်အဗျာကတသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဥပါဒါန် ... ပဒဋ္ဌာန်

ရှုကွက်ကို သတိပြုရန်

သံသရာခရီးကား ရှည်လျားလှ၏၊ ရံခါ ကုသိုလ်ကံက အကျိုးပေး၍ သုဂတိဘဝ၌ စံရသော်လည်း ရံခါ အကုသိုလ် ကံက အကျိုးပေး၍ ဒုဂ္ဂတိဘဝ၌ ခံခဲ့ရသည်လည်း များစွာပင် ရှိပေသည်။ ကုသိုလ်ကမ္မဘဝကြောင့် ကုသလဝိပါက် ဥပပတ္တိဘဝ, အကုသိုလ်ကမ္မဘဝကြောင့် အကုသလဝိပါက် ဥပပတ္တိဘဝများသည် ထိုက်သလို ဖြစ်ခဲ့ကြ၏၊ သံသရာခရီး မဆုံးသေးက အနာဂတ်၌လည်း နည်းတူပင်တည်း။ ယောဂီသူတော်ကောင်းသည် မိမိ၏ သံသရာခရီးစဉ်၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့အတိုင်းသာ ရှုပါ။

၁၁။ ဇာတိ

၁။ တတ္ထ တတ္ထ ဘဝေ ပဌမာဘိနိဗ္ဗတ္တိလက္ခဏာ ဇာတိ၊
၂။ နိယျာတနရသာ၊
၃။ အတီတဘဝတော ဣဓ ဥမ္မုဇ္ဇနပစ္စုပဋ္ဌာနာ၊ ဖလဝသေန ဒုက္ခဝိစိတ္တတာပစ္စုပဋ္ဌာနာ ဝါ။
၄။ (ကမ္မဘဝပဒဋ္ဌာနာ။) [မှတ်စု ၂၅]

၁။ ထိုထိုဘဝ၌ တစ်ခုသောဘဝဖြင့် ပိုင်းခြားအပ်သော ခန္ဓာအစဉ်၏ လက်မွန်အစ အသစ်ဖြစ်ခြင်း = ရှေ့ဦးစွာ ထင်ရှားဖြစ်ခြင်းသဘော ... လက္ခဏ
၂။ (ထိုတစ်ခုသော ဘဝဖြင့် ပိုင်းခြားအပ်သော ခန္ဓာအစဉ်ကို ဝဋ်သားသတ္တဝါအား ရော့ ယူလောဟု) ဆောင်နှင်းပေးအပ်သကဲ့သို့ ဖြစ်ခြင်း ... (ကိစ္စ) ရသ
၃။ အခြားမဲ့ အတိတ်ဘဝမှ ဤပစ္စုပ္ပန်ဘဝ၌ ခန္ဓာအစဉ်ကို ထင်ရှားဖော်တတ်သော = ပေါ်လာစေတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
တစ်နည်း – ဒုက္ခအစု၏ ဆန်းကြယ်သည်၏အဖြစ်ဟူသော အကျိုးကို ဖြစ်စေတတ်၏... (ဖလ) ပစ္စုပဋ္ဌာန်
၄။ ကမ္မဘဝ ... ပဒဋ္ဌာန်

တစ်ခုသော ဘဝဖြင့် ပိုင်းခြားအပ်သော တစ်ခုသောဘဝ၌ အကျုံးဝင်သော ခန္ဓာအစဉ်၏ ရှေးဦးအစဖြစ်ခြင်း ဖြစ်၍ဖြစ်ကုန်သော ခန္ဓာတို့သည်ကား ပဋိသန္ဓေခန္ဓာတို့ပင်တည်း။ ထိုကြောင့် ဇာတိကို ပဌမာဘိနိဗ္ဗတ္တိလက္ခဏာ = လက်မွန်အစ အသစ်ဖြစ်ခြင်း = ရှေ့ဦးစွာ ထင်ရှားဖြစ်ခြင်း သဘောလက္ခဏာရှိ၏ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်သည်။[မှတ်စု ၂၆]

၁၂။ (က) ဇရာ

၁။ ခန္ဓပရိပါကလက္ခဏာ ဇရာ
၂။ မရဏူပနယနရသာ၊
၃။ ယောဗ္ဗန္နဝိနာသပစ္စုပဋ္ဌာနာ၊
၄။ (ဇာတိပဒဋ္ဌာနာ။)[မှတ်စု ၂၇]

၁။ တစ်ခုသောဘဝ၌ အကျုံးဝင်သော ခန္ဓာတို့၏ ရင့်ရော်ဟောင်းမြင်းသည်၏ အဖြစ်ဟူသော ရင့်ကျက်ခြင်းသဘော ... လက္ခဏ
၂။ သေခြင်း = ပျက်ခြင်းမရဏသို့ ကပ်၍ဆောင်ခြင်း ... (ကိစ္စ) ရသ
၃။ အရွယ်ကောင်းသည်၏ အဖြစ်ကို ဖျက်ဆီးတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
= ကောင်းသောအရွယ်၏ ပျက်စီးကြောင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ (ဇာတိ) ... ပဒဋ္ဌာန်

၁၂။ (ခ) မရဏ

၁။ စုတိလက္ခဏံ မရဏံ
၂။ ဝိယောဂရသံ၊
၃။ ဝိပ္ပဝါသပစ္စုပဋ္ဌာနံ။
၄။ (ဇာတိပဒဋ္ဌာနံ။)[မှတ်စု ၂၈]

၁။ တစ်ခုသောဘဝဖြင့် ပိုင်းခြားအပ်သော ခန္ဓာအစဉ်၏ ရွေ့လျောခြင်းသဘော = ပစ္စုပ္ပန်ဘဝမှ ရွေ့လျောခြင်းသဘော ... လက္ခဏ
၂။ (က) ပြည့်စုံသော ဘဝခန္ဓာတို့နှင့် ကင်းခြင်း = ကင်းစေခြင်း ... (ကိစ္စ) ရသ
( ခ ) တစ်နည်း – ဘဝခန္ဓာတို့နှင့် ကွေကွင်းရခြင်းနှင့် ပြည့်စုံခြင်း... (သမ္ပတ္တိ) ရသ
၃။ ပစ္စုပ္ပန်ဘဝမှ = ရောက်ဆဲဂတိမှ ကွေကွင်းရခြင်း သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ (ဇာတိ) ... ပဒဋ္ဌာန်[မှတ်စု ၂၉]

သောက

၁။ အန္တော နိဇ္ဈာနလက္ခဏော သောကော
၂။ စေတသော ပရိနိဇ္ဈာယနရသော၊
၃။ အနုသောစနပစ္စုပဋ္ဌာနော။[မှတ်စု ၃၀]

၁။ အတွင်း၌ လောင်မြိုက်ခြင်းသဘော၊ တစ်နည်း – စိတ်၏ ပူပန်ခြင်းသဘော ... လက္ခဏ
၂။ စိတ်ကို ထက်ဝန်းကျင် လောင်မြိုက်ခြင်း ... (ကိစ္စ) ရသ
၃။ ဉာတိဗျသန စသည်တို့အားလျော်စွာ, ထိုဂုဏ် အပြစ်တို့အားလျော်စွာ အဖန်ဖန် စိုးရိမ်ခြင်း ဝမ်းနည်းခြင်း သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ (တွေ့ထိအပ်သော ဉာတိဗျသနစသော တစ်မျိုးမျိုးသော အနိဋ္ဌာရုံ) ... ပဒဋ္ဌာန်[မှတ်စု ၃၁]

ပရိဒေဝ

၁။ လာလပ္ပနလက္ခဏော ပရိဒေဝေါ
၂။ ဂုဏဒေါသပရိကိတ္တနရသော၊
၃။ သမ္ဘမပစ္စုပဋ္ဌာနော။[မှတ်စု ၃၂]

၁။ အဖန်ဖန် ငိုကြွေးမြည်တမ်းခြင်း = ပြောဆိုခြင်းသဘော ... လက္ခဏ
၂။ ဂုဏ် အပြစ်တို့ကို ထုတ်ဖော်ပြောဆိုခြင်း ... (ကိစ္စ) ရသ
၃။ ပရိဒေဝကိန်းဝပ်ရာ သတ္တဝါ၏ သို့မဟုတ် စိတ်၏ မရပ်မတည် ချာချာလည်ကြောင်း သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
တစ်နည်း – စိတ်ဝေနောက် မူးလည်ခြင်း အကျိုးကို ဖြစ်စေတတ်၏... (ဖလ) ပစ္စုပဋ္ဌာန်
၄။ (တွေ့ထိအပ်သော ဉာတိဗျသနစသော တစ်မျိုးမျိုးသော အနိဋ္ဌာရုံ) ... ပဒဋ္ဌာန်

ဒုက္ခ (= ကာယိကဒုက္ခ)

ဒုက္ခံ နာမ ကာယိကံ ဒုက္ခံ
၁။ တံ ကာယပီဠနလက္ခဏံ၊
၂။ ဒုပ္ပညာနံ ဒေါမနဿကရဏရသံ၊
၃။ ကာယိကာဗာဓပစ္စုပဋ္ဌာနံ။[မှတ်စု ၃၃]

ကိုယ်၌ဖြစ်သော ဒုက္ခသဟဂုတ် ကာယဝိညာဏ်နှင့် ယှဉ်သော ဝေဒနာသည် ဒုက္ခ မည်၏၊ (ယင်းဒုက္ခဝေဒနာကို ရွေးထုတ်၍ ရှုပါ။)

၁။ ကိုယ်ကို နှိပ်စက်ခြင်းသဘော ... လက္ခဏ
၂။ ပညာမဲ့တို့၏ စိတ်နှလုံး မသာယာခြင်းကို ပြုခြင်း ... (ကိစ္စ) ရသ
၃။ ကိုယ်၌ မှီသော နာကျင်မှုသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ (ယင်းဒုက္ခကို ဖြစ်စေတတ်သော အနိဋ္ဌာရုံ) ... ပဒဋ္ဌာန်

ဒေါမနဿ (= စေတသိကဒုက္ခ)

ဒေါမနဿံ နာမ မာနသံ ဒုက္ခံ။
၁။ တံ စိတ္တပီဠနလက္ခဏံ၊
၂။ မနောဝိဃာတရသံ၊
၃။ မာနသဗျာဓိပစ္စုပဋ္ဌာနံ။[မှတ်စု ၃၄]

တရားကိုယ်မှာ ဒေါမနဿဝေဒနာပင် ဖြစ်သည်၊ စိတ်ဆင်းရဲခြင်းတည်း။
၁။ စိတ်ကို နှိပ်စက်ခြင်းသဘော ... လက္ခဏ
၂။ ဗျာပါဒ = ဒေါသနှင့် ယှဉ်သည်၏ အစွမ်းဖြင့် စိတ်ကို ညှဉ်းဆဲခြင်း ... (ကိစ္စ) ရသ
၃။ စိတ်နှလုံး၌ မှီသော အနာရောဂါ ... ပစ္စုပဋ္ဌာန်
၄။ (ယင်းဒေါမနဿကို ဖြစ်စေသော အနိဋ္ဌာရုံ) ... ပဒဋ္ဌာန်

ဤဒေါမနဿဝေဒနာသည် ဒုက္ခဒုက္ခဖြစ်သောကြောင့်လည်းကောင်း, ကာယိကဒုက္ခကို ဆောင်တတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း ဒုက္ခ မည်၏၊ မှန်ပေသည် – စိတ်ဆင်းရဲခြင်းနှင့် ပြည့်စုံသော သတ္တဝါတို့သည် ဆံပင်ကို ကြဲဖြန့်၍ ငိုမြည်တမ်းကြကုန်၏၊ ရင်ဘတ်တို့ကို ထုရိုက် ကြိတ်နှိပ်ကြကုန်၏၊ ရှေးရှူ လူးလည်းကုန်၏၊ ကိုယ်ကို လူးလှိမ့်ကုန်၏၊ ဇောက်ထိုး မိုးမြော် လဲကုန်၏ = ကျွမ်းထိုးချ ကျကုန်၏၊ မိမိကိုယ်ကို ဓားလက်နက်ဖြင့် ထိုးခုတ် သတ်သေကြကုန်၏၊ အဆိပ်ကို စားကြကုန်၏၊ ကြိုးဆွဲချ သေကြကုန်၏၊ မီးပုံတွင်းသို့ ခုန်ဆင်းကြကုန်၏၊ ဤသို့စသော အထူးထူး အပြားပြားရှိသော ထိုဆင်းရဲကို ခံစားရကုန်၏၊[မှတ်စု ၃၅]

ဥပါယာသ

ဥပါယာသော နာမ ဉာတိဗျသနာဒီဟိ ဖုဋ္ဌဿ အဓိမတ္တစေတောဒုက္ခပ္ပဘာဝိတော ဒေါသောယေဝ၊ သင်္ခါရက္ခန္ဓပရိယာပန္နော ဧကော ဓမ္မောတိ ဧကေ။
၁။ စိတ္တပရိဒဟနလက္ခဏော ဥပါယာသော၊[မှတ်စု ၃၆]ဗျာသတ္တိလက္ခဏော၊[မှတ်စု ၃၇]၂။ နိတ္ထုနနရသော၊
၃။ ဝိသာဒပစ္စုပဋ္ဌာနော။[မှတ်စု ၃၈]

ဉာတိဗျသန စသည်တို့သည် တွေ့ထိအပ်သော သတ္တဝါ၏ လွန်ကဲသော စိတ်ဆင်းရဲခြင်းသည် ဖြစ်စေအပ်သော ဒေါသသည်ပင်လျှင် ဥပါယာသ မည်၏၊ (ဒေါမနဿဝေဒနာ မဟုတ် ဟူလိုသည်။) သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်သော အကုသိုလ်စေတသိက် (၁၄)လုံးမှ တစ်မျိုးသော တစ်ခုသော စေတသိက်ဟု ဧကေဆရာတို့က ဆိုကြ၏၊

၁။ စိတ်ကို ထက်ဝန်းကျင်မှ လောင်ခြင်းသဘော ... လက္ခဏ
တစ်နည်း – ဉာတိဗျသန စသည်တို့၌ ဖောက်ဖောက်ပြန်ပြန် ငြိကပ်ခြင်းသဘော[မှတ်စု ၃၉] ... လက္ခဏ
၂။ ညည်းတွားခြင်းကို ပြုခြင်း ... (ကိစ္စ) ရသ
တစ်နည်း – ညည်းတွားခြင်းလျှင် ပြည့်စုံခြင်း... (သမ္ပတ္တိ) ရသ
၃။ ဉာတိဗျသန စသော အာရုံ၌ ကိုယ်စိတ်တို့ကို နစ်မြုပ်စေတတ်သော သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
တစ်နည်း – ဉာတိဗျသန စသော အာရုံ၌ ကိုယ်စိတ်၏ နစ်မြုပ်ခြင်းကို ဖြစ်စေတတ်၏... (ဖလ) ပစ္စုပဋ္ဌာန်
၄။ (တွေ့ထိအပ်သော ဉာတိဗျသနစသော တစ်မျိုးမျိုးသော အနိဋ္ဌာရုံ) ... ပဒဋ္ဌာန်

သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသ

ရာဂ ဒေါသ မောဟ မကင်းသေးသော သတ္တဝါတစ်ဦး၏ ဘဝဝယ် ယေဘုယျအားဖြင့် ဤ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့ကား အထွတ်တပ်လျက်ပင် ရှိနေတတ်ပေ၏၊ အထက်တွင် ရေးသားတင်ပြခဲ့သည့် အတိုင်း ဉာတိဗျသန = ဆွေမျိုးတို့၏ ပျက်စီးခြင်း စသော ဗျသနတရားတစ်ခုခုနှင့် ကြုံတွေ့ရသော သတ္တဝါတစ်ဦး၏ သန္တာန်၌ ဖြစ်ပေါ်လာသော စိုးရိမ်မှု ဝမ်းနည်းကြေကွဲမှုသည်သာ သောက ဖြစ်၏၊

ဒေါမနဿတစ်မျိုး– သောကဟု အထင်မှားနေသော ဒေါမနဿတစ်မျိုးလည်း ရှိသေး၏၊ ချစ်ခင်သူများ ဖျားနာမည်ကို စိုးရိမ်ခြင်း, ကလေးသူငယ် လူမမယ်အတွက် အရာရာမှာ စိုးရိမ်ခြင်း, ချစ်ခင်သူများ အရပ်တစ်ပါးသို့ သွားသောအခါ ပြန်ချိန်တန်လျက် မပြန်လာသဖြင့် စိုးရိမ်ခြင်း - ဤသို့ စသည်ဖြင့် စိုးရိမ်ကြောင့်ကြမှုများရုံတွင်သာမက “ငါမရှိလျှင် သင်းတို့တော့ ခက်ရစ်တော့မှာပဲ”ဟု နောက်ဆက်တွဲ စိုးရိမ်မှုတို့မှာ သောက မဟုတ်၊ ရိုးရိုး ဒေါမနဿ သာတည်း။

ရာထူး ဂုဏ်သိရ် စည်းစိမ် ဆွေမျိုး စသည်တို့တွင် တစ်ခုခု ပျက်စီးသည့်အခါ လွန်စွာ ဝမ်းနည်းကြ၏၊ အားငယ်ကြ၏၊ ကြေကွဲကြ၏၊ ဤဝမ်းနည်းအားငယ်မှု ကြေကွဲမှုကား သောက အမည်ရသည့် ဒေါမနဿသာတည်း။ ထိုဝမ်းနည်းအားငယ်မှု ကြေကွဲမှုကို မျိုသိပ်၍ မထားနိုင်သည့်အခါ ပရိဒေဝဟု ခေါ်ဆိုသော ငိုကြွေးသံ တစ်မျိုးသည် ပေါ်လာတတ်ပေသည်။ ပရိဒေဝမီးဟု ခေါ်ဆိုရာ၌ ငိုသံကို အစွဲပြု၍ ခေါ်ခြင်းမဟုတ်၊ ထိုငိုသံ ဖြစ်လောက်အောင် ဝမ်းတွင်း၌ အပြင်းအထန် ပူပန်တောက်လောင်နေသော ဒေါသ ဒေါမနဿတို့ကို အစွဲပြု၍ ခေါ်ဆိုရခြင်း ဖြစ်သည်။ ယင်းသောက ပရိဒေဝ တရားတို့ကား တရားသောနည်းလမ်းဖြင့် သို့မဟုတ် တရားဓမ္မဖြင့် မဖြေသိမ့်နိုင်ပါက အသက် ကိုပင် ကုန်ဆုံးစေသည်အထိ ဒုက္ခမီး တောက်လောင်တတ်ပေသည်။

သောကပရိဒေဝါနံ သမတိက္ကမာယ ဟူသော မဟာသတိပဋ္ဌာနသုတ္တန်ဒေသနာတော်[မှတ်စု ၄၀]နှင့် အညီ သောက ပရိဒေဝတို့ကို လွန်မြောက်ကြောင်း အကောင်းဆုံးသောကျင့်စဉ် အပြစ်အကင်းဆုံးသောကျင့်စဉ် အမွန်မြတ်ဆုံးသော ကျင့်စဉ်ကား သတိပဋ္ဌာန်ဒေသနာတော်၌ လာရှိသော ကျင့်စဉ်များပင် ဖြစ်ကြပေသည်။ ထိုကျင့်စဉ်တို့တွင် ဤ .. ပစ္စယပရိဂ္ဂဟဉာဏ် အမည်ရသော ပဋိစ္စသမုပ္ပါဒ်ရှုကွက်သည်လည်း ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လျက်ပင် ရှိပေသည်။

ဤပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းရာ ဉာဏ်ဖြင့် ပိုင်းခြားယူရာ၌ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးလုံး အတွင်း၌ သိမ်းဆည်းရှုပွားဖို့ကား လိုအပ်ပေသည်။ ထိုသို့ ရှုနိုင်ရေးအတွက် ယောဂီသူတော်ကောင်းသည် ရုပ်သက်သက်ကို သိမ်းဆည်းခြင်း, နာမ်သက်သက်ကို သိမ်းဆည်းခြင်း, ရုပ်နာမ်ကို သိမ်းဆည်းခြင်း, ရုပ်နာမ်ကို ပိုင်းခြား မှတ်သားခြင်း ဟူသော နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း လုပ်ငန်းခွင်များကို ပြုလုပ်ပြီးသောအခါ ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း ရှုကွက်ကို ပြန်လည်၍ သိမ်းဆည်း ရှုပွားပါ။ ထိုနောင် ပဋိစ္စသမုပ္ပါဒ် ပထမနည်း ရှုကွက်ကို ပြန်လည်၍ သိမ်းဆည်း ရှုပွားပါ။ ထိုနောင် အောက်ပါအတိုင်း ပြုကျင့်ပါ။

လက္ခဏ-ရသ စသည်ကို ရှုပုံ

ပထမအတိတ်တွင် ဖြစ်ခဲ့သော အဝိဇ္ဇာကြောင့် ယင်းပထမအတိတ်တွင်ပင်ဖြစ်ခဲ့သော သင်္ခါရဖြစ်ပုံဟူသော အဝိဇ္ဇာနှင့် သင်္ခါရတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရားကို ဉာဏ်ဖြင့် မြင်အောင် သိမ်းဆည်းပါ ပိုင်းခြားယူပါ။ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ သိမြင်သောအခါ အဝိဇ္ဇာ၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို သိမ်းဆည်း ရှုပွားပါ။

တစ်ဖန် ယင်းအတိတ်ဘဝက ထူထောင်ခဲ့သော သင်္ခါရကြောင့် ပစ္စုပ္ပန် ပဋိသန္ဓေဝိညာဏ် ဖြစ်ပုံကို = သင်္ခါရနှင့် ပဋိသန္ဓေဝိညာဏ်တို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရားကို ဉာဏ်ဖြင့် သိမြင်သောအခါ သင်္ခါရ၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို ဆက်လက်ရှုပါ။ ဤနည်းကို နည်းမှီ၍ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသသို့ တိုင်အောင် အကြောင်းနှင့် အကျိုးတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို ဆက်လက်ရှုပါ။

၁။ အဝိဇ္ဇာ၊ သင်္ခါရတို့ကား (ပထမ)အတိတ်အဓွန့်ကာလ တရားစုတည်း။
၂။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ (= ကမ္မဘဝ)တို့ကား ပစ္စုပ္ပန်အဓွန့်ကာလ တရားစုတို့တည်း။
၃။ ဇာတိ (= ဥပပတ္တိဘဝ)၊ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့ကား (ပထမ)အနာဂတ် အဓွန့်ကာလ တရားစုတို့တည်း။

ဤနည်းကို နည်းမှီ၍ –
၁။ အဝိဇ္ဇာ၊ သင်္ခါရတို့ကား (ဒုတိယ)အတိတ်အဓွန့်ကာလတရားစုတို့တည်း။
၂။ ဝိညာဏ်၊ နာမ်ရုပ်။ ပ။ ဘဝ (= ကမ္မဘဝ)တို့ကား (ပထမ)အတိတ်အဓွန့်ကာလ တရားစုတို့တည်း။
၃။ ဇာတိ (= ဥပပတ္တိဘဝ)။ ပ။ ဥပါယာသတို့ကား ပစ္စုပ္ပန်အဓွန့်ကာလ တရားစုတို့တည်း။

ဤနည်းကို နည်းမှီ၍ အတိတ်အဆက်ဆက်သို့လည်းကောင်း,
၁။ အဝိဇ္ဇာ၊ သင်္ခါရတို့ကား ပစ္စုပ္ပန်အဓွန့်ကာလ တရားစုတို့တည်း။
၂။ ဝိညာဏ်။ ပ။ ဘဝ (= ကမ္မဘဝ)တို့ကား (ပထမ)အနာဂတ်အဓွန့်ကာလ တရားစုတို့တည်း။
၃။ ဇာတိ (= ဥပပတ္တိဘဝ)။ ပ။ ဥပါယာသတို့ကား (ဒုတိယ)အနာဂတ်အဓွန့်ကာလ တရားစုတို့တည်း။

ဤနည်းကို နည်းမှီ၍ အနာဂတ်အဆက်ဆက်ဝယ် အရဟတ္တဖိုလ် ဆိုက်ရောက်သဖြင့် သံသရာခရီး ဆုံးသည့် တိုင်အောင်လည်းကောင်း သဘောပေါက်ပါ။

အတိတ်ဘက်သို့လည်း ဉာဏ်ကိုစေလွှတ်၍ များစွာ ရှုနိုင်သည်။ အနာဂတ်သို့လည်း ဉာဏ်ကိုစေလွှတ်၍ များစွာ ရှုနိုင်သည်။ သံသရာခရီး ဆုံးသည်တိုင်အောင် ရှုနိုင်ပေသည်။ ထိုသို့ရှုရာ၌ ထိုထိုဘဝ၌ ဖြစ်ခဲ့သည့်အတိုင်း ဖြစ်ဆဲအတိုင်း ဖြစ်လတ္တံ့အတိုင်းသာ သိမ်းဆည်းရှုပွားပါ။

ရည်ရွယ်ချက်

ထိုသို့ သိမ်းဆည်းရှုပွားရခြင်း၏ ရည်ရွယ်ချက်မှာ .. အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ သုံးပါးလုံး၌ အကြောင်းတရားအစုအပုံနှင့် အကျိုးတရားအစုအပုံသာ ရှိသည်၊ ပြုလုပ်တတ်သူ ဖန်ဆင်းတတ်သူ အပြုလုပ်ခံရသူ အဖန်ဆင်းခံရသူ လူ နတ် ဗြဟ္မာ ပုဂ္ဂိုလ် သတ္တဝါ တစ်စုံတစ်ရာမည်သည် မရှိဟု အသိဉာဏ် သန့်ရှင်းရန်လည်း အကြောင်းတစ်ရပ် –

အကြောင်း အကျိုး နှစ်ရပ်လုံးတို့ အပေါ်၌ လက္ခဏာယာဉ် သုံးချက် တင်၍ တွင်တွင်ကြီး ဝိပဿနာရှုခဲ့သော် အကြောင်း အကျိုး နှစ်ရပ်လုံးတို့ အပေါ်၌ စွဲနေသော တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲ စသော ကိလေသာအစွဲများသည် တဒင်္ဂအားဖြင့် ချုပ်ငြိမ်းသွားကြမည် ဖြစ်၏၊ ယင်း ဝိပဿနာဉာဏ်တို့က အဆင့်ဆင့် အားကြီးသောမှီရာ ဥပနိဿယ သတ္တိဖြင့် ကျေးဇူးပြုပေးခဲ့သော် ဝိပဿနာဉာဏ်တို့၏ အဆုံး၌ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် ဖြစ်ပေါ် လာကြမည်ဖြစ်ပေသည်။ ယင်းမဂ်ဉာဏ်တို့က ကိလေသာတို့ကို သမုစ္ဆေဒအားဖြင့် အဆင့်ဆင့် အကြွင်းမဲ့ ပယ်ကြမည် ဖြစ်၏၊ မဂ်ဉာဏ်အဆင့်ဆင့်တို့က ဆိုင်ရာဆိုင်ရာ ကိလေသာတို့ကို သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ပယ်သတ်ခဲ့သော် အကြောင်းတရားများ = ကံ-ကိလေသာများ ကုန်ဆုံးသွားကြမည်ဖြစ်၏၊ အကြောင်းတရားများ ကုန်ဆုံးသွားခဲ့သော် အကျိုး သံသရာဝဋ်ဒုက္ခလည်း ကုန်ဆုံးသွားမည် ဖြစ်ပေသည်။ ဤသို့လျှင် အကြောင်း အကျိုး နှစ်ရပ်လုံးတို့အပေါ်၌ စွဲနေသော ကိလေသာတို့ကို တဒင်္ဂ သမုစ္ဆေဒအားဖြင့် ပယ်သတ်နိုင်ရန်လည်း အကြောင်းတစ်ရပ် –

ဤအကြောင်းနှစ်ရပ်ကြောင့် ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို ကုန်စင်အောင် စွမ်းနိုင်သမျှ ယခုကဲ့သို့ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် နည်းအားဖြင့် ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်း၌ သိမ်းဆည်းရှုပွားရခြင်းပင် ဖြစ်ပေသည်။

  1. (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)
  2. (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)
  3. ပဋိသန္ဓိဇနနတ္ထံ အာယူဟန္တိ ဗျာပါရံ ကရောန္တီတိ အာယူဟနရသာ။ (မူလဋီ၊၂၊၉၀။)
  4. (မူလဋီ၊၂၊၉၀။ အနုဋီ၊၂၊၉၅။)
  5. (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉၊၊)
  6. (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)
  7. (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)
  8. (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)
  9. (မဟာဋီ၊၂၊၂၅၄။)
  10. ဒဿနဿ ယထာသကံ ဝိသယဂ္ဂဟဏဿ ကရဏတော ဒဿနရသံ။ (မဟာဋီ၊၂၊၂၅၄။)
  11. အာယတနလက္ခဏန္တိ ဃဋနလက္ခဏံ, အာယာနံ တနနလက္ခဏံ ဝါ။ အာယတနံ ဃဋနန္တိ စ တံတံဒွါရိကဓမ္မပ္ပဝတ္တနမေဝ ဒဋ္ဌဗ္ဗံ။ (အနုဋီ၊၂၊၉၅။ မဟာဋီ၊၂၊၂၅၄။)
  12. (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)
  13. (သံ၊ဋ္ဌ၊၃၊၅။)
  14. (သံ၊ဋ္ဌ၊၃၊၅။)
  15. (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)
  16. (မူလဋီ၊၂၊၉၁။)
  17. မှတ်ချက်---- စ က္ခု သ မ္ဖ ဿ ဇာ ဝေဒနာအရ စက္ခုဝိညာဏ်နှင့် ယှဉ်တွဲသော ဝေဒနာသာမက ရူပါရုံကို အာရုံပြုကြသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ စိတ္တက္ခဏတို့၌ယှဉ်သော ကုသလဝိပါက် အကုသလဝိပါက် ဝေဒနာတို့ကို အာရုံယူ၍လည်း ရှုနိုင်ပါသည်။ သောတသမ္ဖဿဇာ ဝေဒနာ စသည်တို့၌လည်း နည်းတူပင်တည်း။
  18. (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)
  19. (မူလဋီ၊၂၊၉၁။)
  20. (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၆၀။)
  21. (မူလဋီ၊၂၊၉၁။)
  22. (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၆၀။)
  23. မှတ်ချက်----အထက်ပါအဋ္ဌကထာများ၌ ဘဝအရ (၁) ကမ္မဘဝ (၂) ဥပပတ္တိဘဝ နှစ်မျိုးလုံးကိုပင် စုပေါင်း၍ တစ်ပေါင်းတည်း ရေးသားတင်ပြထားတော်မူကြ၏၊ ထိုကြောင့် ဉာဏ်နုသူများအတွက် ရှုကွက်ကို သဘောပေါက်နိုင်ရန် ခွဲ၍ ရှုရမည့် ရှုကွက်ကို ထပ်မံ ရေးသားတင်ပြအပ်ပါသည်။
  24. (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၆၀။)
  25. (အဘိ၊ဋ္ဌ၊၂၊၉၀။ ဝိသုဒ္ဓိ၊၂၊၁၃၀။)
  26. (မူလဋီ၊၂၊၆၁။)
  27. (အဘိ၊ဋ္ဌ၊၂၊၉၄။ ဝိသုဒ္ဓိ၊၂၊၁၃၂။)
  28. (အဘိ၊ဋ္ဌ၊၂၊၉၅။ ဝိသုဒ္ဓိ၊၂၊၁၃၃၊၊)
  29. မှတ်ချက်---- ဤ ဇာတိ-ဇရာ-မရဏတို့ကို သမုတိသစ္စာပိုင်း ပရမတ္ထသစ္စာပိုင်း နှစ်ပိုင်းခွဲ၍ ရှုလိုပါက ရှုနိုင်ပါသည်။ သမုတိသစ္စာအားဖြင့် ဘဝတစ်ခုဝယ် ပဋိသန္ဓေကား ဇာတိ, စုတိကား မရဏ, အိုမင်းသည့်ခန္ဓာတို့ကား ဇရာတို့တည်း။ ပရမတ္ထ သစ္စာအားဖြင့်ကား ထိုထိုရုပ်နာမ်တို့၏ ဥပါဒ်ကား ဇာတိ, ဌီကား ဇရာ, ဘင်ကား မရဏတည်း။
  30. (အဘိ၊ဋ္ဌ၊၂၊၉၇။ ဝိသုဒ္ဓိ၊၂၊၁၃၄။)
  31. မှတ်ချက်---- အဋ္ဌကထာများ၌ ဇာတိမှ စ၍ ဥပါယာသတိုင်အောင် ပဒဋ္ဌာန်ကို ဖော်ပြဖွင့်ဆိုချက် မလာရှိပေ။ ဤကျမ်း၌လည်း သောကစသည်ကား ဇာတိ၏ မုချမဟုတ်သော အကျိုးဆက်များ ဖြစ်၍ ဤနေရာမှ စ၍ ပဒဋ္ဌာန်ကို ပါဠိလို မဖော်ပြတော့ဘဲ မြန်မာပြန်၌သာ လက်သည်းကွင်းငယ်ဖြင့် ဖော်ပြထားပါသည်။ သို့သော် ပဒဋ္ဌာန်ကား မရှိသည်မဟုတ် ရှိသည်သာ ဖြစ်သည်။ ပဒဋ္ဌာန်များစွာ ရှိနိုင်၍ ထူးကဲသော အကြောင်းတရားများ မဟုတ်၍ မဖွင့်ဆိုခြင်း ဖြစ်ပေရာသည်။ အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ- စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ် ဝိဘင်းပါဠိတော် သုတ္တန္တဘာဇနီယနည်း၌ ဘုရားရှင် ဟောကြားထားတော်မူခြင်းကြောင့် ဉာတိဗျသန = ဆွေမျိုးတို့၏ ပျက်စီးခြင်း စသော အကြောင်းတရား တစ်မျိုးမျိုးသည် ပဒဋ္ဌာန်ပင်တည်းဟု မှတ်ပါ။ ယင်းသဘော တရားတို့ကို တစ်နည်းတစ်ဖုံအားဖြင့် ဆိုရမူ မှီရာဝတ္ထုရုပ် သို့မဟုတ် ဆိုင်ရာဒွါရတို့ကို ဉာတိဗျသနစသော ဆိုင်ရာအနိဋ္ဌာရုံတို့က ရိုက်ခတ်သောအခါ ဖဿစသော သမ္ပယုတ်တရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသဖြင့် ဒေါမနဿဝေဒနာဟူသော သောက စသည်တို့သည် ဖြစ်ပေါ်လာကြရ၏၊ သို့အတွက် ဝတ္ထု = ဒွါရ, အနိဋ္ဌာရုံ, ဖဿ စသော သမ္ပယုတ်တရားတို့ကား ပဒဋ္ဌာန်ပင်တည်း။
  32. (အဘိ၊ဋ္ဌ၊၂၊၉၈။ ဝိသုဒ္ဓိ၊၂၊၁၃၄။)
  33. (ဝိသုဒ္ဓိ၊၂၊၁၃၄။)
  34. (ဝိသုဒ္ဓိ၊၂၊၁၃၅။)
  35. (ဝိသုဒ္ဓိ၊၂၊၁၃၅။)
  36. (ဝိသုဒ္ဓိ၊၂၊၁၃၅။)
  37. (အဘိ၊ဋ္ဌ၊၂၊၉၉။)
  38. (အဘိ၊ဋ္ဌ၊၂၊၉၉။ ဝိသုဒ္ဓိ၊၂၊၁၃၅ )
  39. မှတ်ချက်---- ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌- စိတ္တပရိဟဒနလက္ခဏော = ဥပါယာသသည် စိတ်ကို ထက်ဝန်းကျင်မှ လောင်ခြင်း သဘောလက္ခဏာ ရှိ၏ဟု လာရှိ၏၊ သမ္မောဟဝိနောဒနီအဋ္ဌကထာ၌ကား- ဗျာသတ္တိလက္ခဏော = ဉာတိဗျသနစသော အာရုံတို့၌ ဖောက်ဖောက်ပြန်ပြန် ငြိကပ်ခြင်းသဘော လက္ခဏာ ရှိ၏ဟု လာရှိ၏၊
  40. (ဒီ၊၂၊၂၃၀။ မ၊၁၊၇၀။)