နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ခြောက်-ခြောက်လီ တရားများ

ခြောက်-ခြောက်လီ တရားများ

ဝတ္ထု (၆) ပါး = နာမ်တရားတို့၏ မှီ၍ ဖြစ်ရာရုပ်များ

၁။ စက္ခုဝတ္ထု = စက္ခုပသာဒ = မျက်စိအကြည်၊
၂။ သောတဝတ္ထု = သောတပသာဒ = နားအကြည်၊
၃။ ဃာနဝတ္ထု = ဃာနပသာဒ = နှာအကြည်၊
၄။ ဇိဝှါဝတ္ထု = ဇိဝှါပသာဒ = လျှာအကြည်၊
၅။ ကာယဝတ္ထု = ကာယပသာဒ = ကိုယ်အကြည်၊
၆။ ဟဒယဝတ္ထု = ဟဒယရုပ် = မနောဓာတ် မနောဝိညာဏဓာတ်တို့၏ မှီရာရုပ်၊

ဒွါရ (၆) ပါး

၁။ စက္ခုဒွါရ = စက္ခုပသာဒ = မျက်စိအကြည်၊
၂။ သောတဒွါရ = သောတပသာဒ = နားအကြည်၊
၃။ ဃာနဒွါရ = ဃာနပသာဒ = နှာအကြည်၊
၄။ ဇိဝှါဒွါရ = ဇိဝှါပသာဒ = လျှာအကြည်၊
၅။ ကာယဒွါရ = ကာယပသာဒ = ကိုယ်အကြည်၊
၆။ မနောဒွါရ = ဘဝင် = မနောအကြည်၊

အိမ်၌ တပ်ဆင်ထားအပ်သော တံခါးပေါက်သည် လူတို့ ဝင်ရန် ထွက်ရန် ပိတ်ဆို့အပ် ဖွင့်အပ်သောကြောင့် မုချအားဖြင့် ဒွါရမည်၏၊ အိမ်၌ တံခါးပေါက် မရှိလျှင် လူတို့ မဝင်နိုင်, အိမ်တံခါးပေါက်သည် လူတို့ဝင်ရောက်လာရာ ဖြစ်သကဲ့သို့ အလားတူပင် -စက္ခုပသာဒ စသည်မရှိလျှင် စက္ခုဒွါရိကစသော ဝီထိစိတ်များသည် မဖြစ်နိုင်၊ ခန္ဓာအိမ်ဝယ် တည်ရှိနေကြသော စက္ခုပသာဒ စသည်တို့သည် စက္ခုဒွါရိက စသော ဝီထိစိတ်များ၏ ဝင်ရောက်လာသည့်ပမာ ဖြစ်ပေါ်လာကြောင်း ဖြစ်သောကြောင့် အိမ်တစ်အိမ်၌ တပ်ဆင်ထားသော ပကတိသော တံခါးပေါက်တို့နှင့် တူညီရကား သဒိသူပစာရအားဖြင့် ယင်းစက္ခုပသာဒ စသည်တို့ကိုလည်း စက္ခုဒွါရစသည်ဖြင့် ခေါ်ဝေါ်သုံးစွဲထားပေသည်။

အာရုံ (၆) ပါး

၁။ ရူပါရုံ = အဆင်း = အရောင် = ဝဏ္ဏ၊
၂။ သဒ္ဒါရုံ = အသံ၊
၃။ ဂန္ဓာရုံ = အနံ့၊
၄။ ရသာရုံ = အရသာ၊
၅။ ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိ = (ပထဝီ-တေဇော-ဝါယော)၊
၆။ ဓမ္မာရုံ = ဓမ္မသဘော၊

ဓမ္မာရုံ (၆) မျိုး

၁။ ပသာဒရုပ် = အကြည်ရုပ် (၅)ပါး၊
၂။ သုခုမရုပ် = သိမ်မွေ့သောရုပ် (၁၆)ပါး၊[မှတ်စု ၁]၃။ စိတ် = ဝိညာဏဓာတ် (၆)ပါး၊
၄။ စေတသိက် = စိတ်နှင့်ယှဉ်သော စေတသိက် (၅၂)လုံး၊
၅။ နိဗ္ဗာန် = အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်ကြီး၊
၆။ ပညတ် = ကသိုဏ်းပညတ်, အမည်နာမပညတ်, ပုံသဏ္ဌာန်ပညတ် စသည့် ပညတ်အမျိုးမျိုး။

အာရမ္မဏနှင့် အာလမ္ဗဏသဒ္ဒါများသည် “အာရုံ”ဟူသော အနက်ကို ဟောသော ဝေဝုစ် ပရိယာယ် စကားလှယ် သဒ္ဒါတို့တည်း။ အာရမ္မဏ-သဒ္ဒါသည် “မွေ့လျော်ရာ”ဟူသော အနက်ကို ဟော၏၊ ပကတိသော ဥယျာဉ် ပန်းမာလ် စသည်သည် လူသားတို့၏ မွေ့လျော်ရာဌာန ဖြစ်သကဲ့သို့ အလားတူပင် ရူပါရုံစသော အာရုံ (၆)ပါးတို့သည်လည်း စိတ်စေတသိက်တို့၏ မွေ့လျော်ရာ ဖြစ်သောကြောင့် အာရမ္မဏဟူသော အမည်ကို ရရှိကြပေသည်။ တစ်ဖန် အာလမ္ဗဏ သဒ္ဒါသည်လည်း “ဆွဲကိုင်အပ်”ဟူသော အနက်ကို ဟော၏၊ မစွမ်းမသန်သောသူများသည် တောင်ဝှေး ကြိုးတန်းစသည့် အရာဝတ္ထုတစ်ခုခုကို ဆွဲကိုင်၍ ထရ ထိုင်ရသကဲ့သို့ အလားတူပင် စိတ်စေတသိက်များသည်လည်း အာရုံတစ်ခုခုကို အစွဲပြု၍သာလျှင် စွဲမှီရမှသာလျှင် စွဲကိုင်ရမှသာလျှင် ဖြစ်နိုင်စွမ်းရှိသောကြောင့် .. ယင်းအာရုံ (၆)ပါးတို့သည် စိတ်စေတသိက်တို့၏ စွဲမှီရာ ဆွဲကိုင်ရာ အာလမ္ဗဏဟူသော အမည်ကိုလည်း ရရှိကြပေသည်။

ဝိညာဏဓာတ် (၆) ပါး

၁။ စက္ခုဝိညာဏ် = စက္ခုအကြည်ဓာတ်ကို မှီဖြစ်၍ ရူပါရုံမျှကိုသာ သိသောစိတ်၊
၂။ သောတဝိညာဏ် = သောတအကြည်ဓာတ်ကို မှီဖြစ်၍ သဒ္ဒါရုံမျှကိုသာ သိသောစိတ်၊
၃။ ဃာနဝိညာဏ်= ဃာနအကြည်ဓာတ်ကို မှီဖြစ်၍ ဂန္ဓာရုံမျှကိုသာ သိသောစိတ်၊
၄။ ဇိဝှါဝိညာဏ် = ဇိဝှါအကြည်ဓာတ်ကို မှီဖြစ်၍ ရသာရုံမျှကိုသာ သိသောစိတ်၊
၅။ ကာယဝိညာဏ် = ကာယအကြည်ဓာတ်ကို မှီဖြစ်၍ ဖောဋ္ဌဗ္ဗာရုံမျှကိုသာ သိသောစိတ်၊
၆။ မနောဝိညာဏ် = ဘဝင်မနောအကြည်ဓာတ်ကို အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်သော, အာရုံ (၆)ပါးကို ထိုက်သလို သိသောစိတ်။

(၁)မှသည် (၅)သို့ တိုင်အောင်သော ဒွေပဉ္စဝိညာဏ်မှ တစ်ပါး ဟဒယဝတ္ထုကို မှီတွယ်၍ ဖြစ်သော စိတ်အားလုံးသည် မနောဝိညာဏ် မည်ပေသည်။ အာရုံကို ထူးထူးထွေထွေ ကွဲကွဲပြားပြား သိသောစိတ်များတည်း။ ယင်းမနောဝိညာဏ်စိတ်တို့တွင် ဝီထိမုတ်စိတ် (၃)မျိုးမှ ကြွင်းကျန်သော မနောဝိညာဏ်စိတ်တို့သည်လည်းကောင်း, အထက်ပါ ပဉ္စဝိညာဏ်စိတ်တို့သည်လည်းကောင်း ဝီထိဟု ခေါ်ဆိုအပ်သော စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်တတ်ကြ၏၊ ယင်းဝီထိတို့မှာ အောက်ပါအတိုင်း အကျဉ်းအားဖြင့် (၆)မျိုး ရှိ၏၊

ဝီထိ (၆) ပါး

၁။ စက္ခုဒွါရဝီထိ = စက္ခုဒွါရ၌ ဖြစ်သော စိတ်ဖြစ်ပုံအစဉ်,
၂။ သောတဒွါရဝီထိ = သောတဒွါရ၌ ဖြစ်သော စိတ်ဖြစ်ပုံအစဉ်,
၃။ ဃာနဒွါရဝီထိ = ဃာနဒွါရ၌ ဖြစ်သော စိတ်ဖြစ်ပုံအစဉ်,
၄။ ဇိဝှါဒွါရဝီထိ = ဇိဝှါဒွါရ၌ ဖြစ်သော စိတ်ဖြစ်ပုံအစဉ်,
၅။ ကာယဒွါရဝီထိ = ကာယဒွါရ၌ ဖြစ်သော စိတ်ဖြစ်ပုံအစဉ်,
၆။ မနောဒွါရဝီထိ = မနောဒွါရ၌ ဖြစ်သော စိတ်ဖြစ်ပုံအစဉ် –ဤသို့လျှင် ဒွါရ၏ အစွမ်းဖြင့်သော်လည်းကောင်း၊

၁။ စက္ခုဝိညာဏဝီထိ = စက္ခုဝိညာဏ်ဖြင့် မှတ်သားအပ်သော ဝီထိ,
၂။ သောတဝိညာဏဝီထိ = သောတဝိညာဏ်ဖြင့် မှတ်သားအပ်သော ဝီထိ,
၃။ ဃာနဝိညာဏဝီထိ = ဃာနဝိညာဏ်ဖြင့် မှတ်သားအပ်သော ဝီထိ,
၄။ ဇိဝှါဝိညာဏဝီထိ = ဇိဝှါဝိညာဏ်ဖြင့် မှတ်သားအပ်သော ဝီထိ,
၅။ ကာယဝိညာဏဝီထိ = ကာယဝိညာဏ်ဖြင့် မှတ်သားအပ်သော ဝီထိ,
၆။ မနောဝိညာဏဝီထိ = မနောဝိညာဏ်ဖြင့် မှတ်သားအပ်သော ဝီထိ –ဤသို့လျှင် ဝိညာဏ်၏ အစွမ်းဖြင့်သော်လည်းကောင်း –

ဝီထိ (၆)မျိုး ရှိ၏၊ ဝီထိများကို ဒွါရနှင့် စပ်၍လည်း နာမည်တပ်ထား၏၊ စက္ခုဒွါရ၌ ရူပါရုံ ထင်လာလျှင် ထိုရူပါရုံကို အာရုံပြုသော စိတ်အစဉ်သည် စက္ခုဒွါရဝီထိ မည်၏၊ သောတဒွါရ၌ သဒ္ဒါရုံထင်လာလျှင် ထိုသဒ္ဒါရုံကို အာရုံပြုသော စိတ်အစဉ်သည် သောတဒွါရဝီထိ မည်၏၊ ဃာနဒွါရ။ပ။ ဇိဝှါဒွါရ။ပ။ ကာယဒွါရ။ပ။ မနောဒွါရ၌ ဓမ္မာရုံထင်လာလျှင် သို့မဟုတ် အာရုံ (၆)ပါး ထိုက်သလို ထင်လာလျှင် ယင်း ဓမ္မာရုံကို သို့မဟုတ် အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြုသော စိတ်အစဉ်သည် မနောဒွါရဝီထိ မည်၏၊ တစ်ဖန် ဝိညာဏ်နှင့် စပ်၍လည်း နာမည် တပ်ထား၏၊

၁။ စက္ခုဒွါရဝီထိကား –– ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇) ကြိမ်၊ တဒါရုံ (၂) ကြိမ်တည်း။
၂။ သောတဒွါရဝီထိကား –– ပဉ္စဒွါရာဝဇ္ဇန်း၊ သောတဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇) ကြိမ်၊ တဒါရုံ (၂) ကြိမ်တည်း။
၃။ ဃာနဒွါရဝီထိကား –– ပဉ္စဒွါရာဝဇ္ဇန်း၊ ဃာနဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇) ကြိမ်၊ တဒါရုံ (၂) ကြိမ်တည်း။
၄။ ဇိဝှါဒွါရဝီထိကား –– ပဉ္စဒွါရာဝဇ္ဇန်း၊ ဇိဝှါဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇) ကြိမ်၊ တဒါရုံ (၂) ကြိမ်တည်း။
၅။ ကာယဒွါရဝီထိကား –– ပဉ္စဒွါရာဝဇ္ဇန်း၊ ကာယဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇) ကြိမ်၊ တဒါရုံ (၂) ကြိမ်တည်း။
၆။ မနောဒွါရဝီထိကား –– မနောဒွါရာဝဇ္ဇန်း၊ ဇော (၇) ကြိမ်၊ တဒါရုံ (၂) ကြိမ်တည်း။

ပဉ္စဒွါရဝီထိများ၌ ထူးခြားသော စိတ်ကား .. စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်များတည်း။ ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိ စ္ဆိုင်း .. စသည်တို့ကား မထူးခြားချေ။ ထိုကြောင့် ထူးခြားသော ဝိညာဏ်ဖြင့် မှတ်သား၍ စက္ခုဝိညာဏဝီထိ စသည်ဖြင့် နာမည်တပ်ထားသည်။ မနောဒွါရဝီထိ၌ကား ဝိညာဏ် အထူး မပါ၊ အားလုံး မနောဝိညာဏ်ချည်းသာတည်း။ ထိုကြောင့် မနောဝိညာဏ်ချည်းသာဖြစ်သော ဝီထိသည် မနောဝိညာဏဝီထိမည်၏၊ ဤ၌ ဝီထိဟူသည် ထိုထိုဒွါရ၌ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ် ..စသော အစဉ်အားဖြင့် စိတ်တို့၏ ဖြစ်စဉ်လမ်းပင်တည်း။

ဝိသယပ္ပဝတ္တိ (၆) ပါး

၁။ အတိမဟန္တာရုံ = ဆိုင်ရာဒွါရ၌ ဆိုင်ရာအာရုံ ထင်လာသည့်ခဏမှ စ၍ ယင်းအာရုံ၏ ချုပ်သည့်ခဏသို့ တိုင်အောင် ရေတွက်လျှင် အလွန်များသော စိတ္တက္ခဏ သက်တမ်းရှိသော အာရုံ။ (တဒါရမ္မဏဝါရ။)

၂။ မဟန္တာရုံ = ဆိုင်ရာဒွါရ၌ ဆိုင်ရာအာရုံ ထင်လာသည့်ခဏမှ စ၍ ယင်းအာရုံ၏ ချုပ်သည့် ခဏသို့တိုင်အောင် ရေတွက်လျှင် များသော စိတ္တက္ခဏ သက်တမ်းရှိသော အာရုံ။ (ဇဝနဝါရ။)

၃။ ပရိတ္တာရုံ = ဆိုင်ရာဒွါရ၌ ဆိုင်ရာအာရုံ ထင်လာသည့်ခဏမှ စ၍ ယင်းအာရုံ၏ ချုပ်သည့် ခဏသို့တိုင်အောင် ရေတွက်လျှင် နည်းပါးသော စိတ္တက္ခဏ သက်တမ်းရှိသော အာရုံ။ (ဝေါဋ္ဌဗ္ဗနဝါရ။)

၄။ အတိပရိတ္တာရုံ = ဆိုင်ရာဒွါရ၌ ဆိုင်ရာအာရုံ ထင်လာသည့် ခဏမှ စ၍ ယင်းအာရုံ၏ ချုပ်သည့် ခဏသို့ တိုင်အောင် ရေတွက်လျှင် အလွန်နည်းပါးသော စိတ္တက္ခဏ သက်တမ်းရှိသော အာရုံ။ (မောဃဝါရ = ဝီထိစိတ်မှ ယုတ်လျော့၍ ဘဝင်လှုပ်ရုံမျှ ဖြစ်သော စိတ်အကြိမ်ကို မောဃဝါရဟု ဆိုသည်။ ဤဝါရ၌ ဝီထိစိတ် လုံးဝ မဖြစ်တော့ဘဲ ဘဝင်လှုပ်ရုံသာ လှုပ်တော့သည်။)

(ဤလေးမျိုးကား ပဉ္စဒွါရတည်း။)

၅။ ဝိဘူတာရုံ = ထင်ရှားသော အာရုံ (တဒါရမ္မဏဝါရ။)
၆။ အဝိဘူတာရုံ = မထင်ရှားသော အာရုံ (ဇဝနဝါရ။)

(ဤနှစ်မျိုးကား မနောဒွါရတည်း။)

ဤသို့လျှင် ဝိသယပ္ပဝတ္တိ (၆)မျိုး ရှိပေသည်။ ဤကား ကြိုတင် သိထားသင့်သော ခြောက်-ခြောက်လီ တရား တို့တည်း။ နာမ်ကမ္မဋ္ဌာန်းကို အားသစ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝိညာဏဓာတ် (၆)ပါးတွင် အကျုံးဝင်သော စိတ်နှင့် ယှဉ်ဖက် စေတသိက်တို့၏ အကြောင်းကို ရှေးဦးစွာ သိထားသင့်ပေသည်။ ရှေးဦးစွာ ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်နိုင်ခွင့်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန်သော ဝိပဿနာ ရှုပွားသုံးသပ်ရမည့် စိတ်တို့ကို ရေးသားတင်ပြပေအံ့ ..။

  1. မှတ်ချက်---- အကြည်ရုပ် (၅)ပါးနှင့် အာရုံရုပ် (၇)ပါးဟူသော (၁၂)မျိုးသော ရုပ်တရားအစုသည် ရှုနေသော ယောဂါဝစရ ပုဂ္ဂိုလ်၏ အသိဉာဏ်၌ ရှုသည့်အခါ ထင်လွယ်မြင်လွယ်သောကြောင့် ကြမ်းတမ်းရကား ဩဠာရိကရုပ်ဟူသော အမည်ကို ရရှိပေသည်။ ရုပ် (၂၈)ပါးတွင် ဩဠာရိကရုပ် (၁၂)ပါးမှ ကြွင်းကျန်သော ရုပ် (၁၆)ပါးသည် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မထင်လွယ်သဖြင့် သိမ်မွေ့ရကား သုခုမရုပ်ဟူသော အမည်ကို ရရှိပေသည်။