နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဝိပဿနာဉာဏ်၏ အရှုခံစိတ် အမျိုးအစား

ဝိပဿနာဉာဏ်၏ အရှုခံစိတ် အမျိုးအစား

စိတ် စေတသိက် ရုပ် နိဗ္ဗာန် - ဟု ပရမတ္ထတရား လေးပါးတို့ကို ဘုရားရှင် ဟောကြားထားတော်မူခဲ့၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် အကယ်၍ စတုတ္ထပရမတ်ဖြစ်သည့် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အလိုရှိခဲ့ပါမူ ပထမပရမတ် ဒုတိယပရမတ် တတိယပရမတ် ဖြစ်ကြသည့် စိတ်စေတသိက် ရုပ်တရားတို့ကိုလည်းကောင်း, ယင်း စိတ်စေတသိက် ရုပ်တရားတို့၏ အကြောင်းနှင့် အကျိုး ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေသည့် ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားကိုလည်းကောင်း ရှေးဦးစွာ သိအောင် ကြိုးပမ်းရမည် ဖြစ်ပေသည်။ အကြောင်းမူ အကြောင်းတရားနှင့် တကွသော ယင်း စိတ်စေတသိက် ရုပ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါမှ ရင့်ကျက်လာသော ယင်းဝိပဿနာဉာဏ်တို့၏ အဆုံးတွင် ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကသာလျှင် ယင်း စတုတ္ထပရမတ်ဖြစ်သည့် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ထိုးထွင်း သိမြင်နိုင်သောကြောင့် ဖြစ်သည်။ ယင်းပရမတ်တရားတို့တွင် စိတ်နှင့် စေတသိက်တို့ကို နာမ်တရားဟူ၍ ခေါ်ဆို၏၊ ယခုအခါ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော စိတ်တို့ကို ရေးသားတင်ပြပေအံ့ ..။

စိတ္တ – အာရုံကိုသိတတ်သော သဘောတရားသည် စိတ် မည်၏၊ သိတတ်၏ ဟူသည် – ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ - ဟူသော မူလဋီကာ[မှတ်စု ၁]နှင့် အညီ အာရုံကို ရယူခြင်းသဘောမျှသည်သာတည်း။ ယောဂါဝစရပုဂ္ဂိုလ်သည် အကယ်၍ စက္ခုအကြည်ဓာတ်ကို ပရမတ်သို့ ဆိုက်အောင် အာရုံယူတတ်ပါက စက္ခုအကြည်ဓာတ်ကို သိသည်ဟု ဆိုရ၏၊ အကယ်၍ စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ မရရှိပါက စက္ခုအကြည်ဓာတ်ကို သိသည်ဟုကား မဆိုနိုင်။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါ။

အကုသိုလ်စိတ် (၁၂) မျိုး

စိတ်သည် ကာမာဝစရစိတ် ရူပါဝစရစိတ် အရူပါဝစရစိတ် လောကုတ္တရာစိတ်ဟု လေးမျိုး ရှိရာ ကာမာဝစရစိတ်မှာ (၅၄)မျိုး ရှိ၏၊ ထိုတွင် အကုသိုလ်စိတ် (၁၂)မျိုးမှာ အောက်ပါအတိုင်း ဖြစ်၏၊

လောဘမူစိတ် (၈) မျိုး

၁။ သောမနဿသဟဂုတ်[မှတ်စု ၂] ဒိဋ္ဌိဂတသမ္ပယုတ်[မှတ်စု ၃] အသင်္ခါရိက[မှတ်စု ၄] စိတ်တစ်ခု၊
၂။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက[မှတ်စု ၅] စိတ်တစ်ခု၊
၃။ ဥပေက္ခာသဟဂုတ်[မှတ်စု ၆] ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊
၄။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊
၅။ သောမနဿ သဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ်[မှတ်စု ၇] အသင်္ခါရိက စိတ်တစ်ခု၊
၆။ သောမနဿ သဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊
၇။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊
၈။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊
ဤသို့လျှင် လောဘမူစိတ် (၈)မျိုးရှိ၏၊

ဒေါသမူစိတ် (၂) မျိုး

၁။ ဒေါမနဿသဟဂုတ်[မှတ်စု ၈] ပဋိဃသမ္ပယုတ်[မှတ်စု ၉] အသင်္ခါရိက စိတ်တစ်ခု၊
၂။ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု။

မောဟမူစိတ် (၂) မျိုး

၁။ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ်[မှတ်စု ၁၀] စိတ်တစ်ခု၊
၂။ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ်[မှတ်စု ၁၁] စိတ်တစ်ခု။
၁။ လောဘလျှင် အကြောင်းရင်းခံရှိသော လောဘမူစိတ် (၈)မျိုး၊
၂။ ဒေါသလျှင် အကြောင်းရင်းခံရှိသော ဒေါသမူစိတ် (၂)မျိုး၊
၃။ မောဟလျှင် အကြောင်းရင်းခံရှိသော မောဟမူစိတ် (၂)မျိုး၊
ဤသို့လျှင် အကုသိုလ်စိတ် (၁၂)မျိုး ရှိပေသည်။

အဟိတ်စိတ် (၁၈) မျိုး

အကုသလဝိပါက်စိတ် (၇) မျိုး

၁။ ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် တစ်ခု၊
၂။ ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ် တစ်ခု၊
၃။ ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ် တစ်ခု၊
၄။ ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်စိတ် တစ်ခု၊
၅။ ဒုက္ခသဟဂုတ်[မှတ်စု ၁၂] ကာယဝိညာဏ်စိတ် တစ်ခု၊
၆။ ဥပေက္ခာသဟဂုတ် သမ္ပဋိ စ္ဆိုင်းစိတ်[မှတ်စု ၁၃] တစ်ခု၊
၇။ ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်[မှတ်စု ၁၄] တစ်ခု။

ဤစိတ် (၇)မျိုးတို့သည် (ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌) အလိုမရှိအပ်သော အနိဋ္ဌာရုံနှင့် တွေ့ကြုံသည့်အခါ အတိတ်က အကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာကြရသော အကုသိုလ်ကံ၏ အကျိုးဝိပါက်စိတ်တို့တည်း။ ယောဂါဝစရ ပုဂ္ဂိုလ်သည် ဤဘဝ၌ အနိဋ္ဌာရုံအမျိုးမျိုးနှင့် တွေ့ကြုံရခြင်းသည် အတိတ်က အကုသိုလ်ကံကြောင့်သာ ဖြစ်သည် ဟူသော အချက်ကို မမေ့သင့်ပေ။ ဖြေဆေးတစ်ခွက်ပင် ဖြစ်သည်။

အဟိတ်ကုသလဝိပါက်စိတ် (၈) မျိုး

၁။ ဥပေက္ခာသဟဂုတ် ကုသလဝိပါက် စက္ခုဝိညာဏ်စိတ် တစ်ခု၊
၂။ ဥပေက္ခာသဟဂုတ် ကုသလဝိပါက် သောတဝိညာဏ်စိတ် တစ်ခု၊
၃။ ဥပေက္ခာသဟဂုတ် ကုသလဝိပါက် ဃာနဝိညာဏ်စိတ် တစ်ခု၊
၄။ ဥပေက္ခာသဟဂုတ် ကုသလဝိပါက် ဇိဝှါဝိညာဏ်စိတ် တစ်ခု၊
၅။ သုခသဟဂုတ်[မှတ်စု ၁၅] ကုသလဝိပါက် ကာယဝိညာဏ်စိတ် တစ်ခု၊
၆။ ဥပေက္ခာသဟဂုတ် ကုသလဝိပါက် သမ္ပဋိ စ္ဆိုင်းစိတ် တစ်ခု၊
၇။ သောမနဿသဟဂုတ် ကုသလဝိပါက် သန္တီရဏစိတ် တစ်ခု၊
၈။ ဥပေက္ခာသဟဂုတ် ကုသလဝိပါက် သန္တီရဏစိတ် တစ်ခု။

ဤစိတ် (၈)မျိုးတို့သည်ကား (ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌) အတိတ်က ကုသိုလ်ကံ၏ အကျိုးဖြစ်သော, အတိတ် ကုသိုလ်ကံကြောင့် ဣဋ္ဌာရုံနှင့် တွေ့ကြုံသည့်အခါ ဖြစ်ပေါ်လာသော အကျိုးဝိပါက်စိတ်တို့တည်း။

အဟိတ်ကြိယာစိတ် (၃) မျိုး

၁။ ဥပေက္ခာသဟဂုတ် ပဉ္စဒွါရာဝဇ္ဇန်းစိတ်[မှတ်စု ၁၆] တစ်ခု၊
၂။ ဥပေက္ခာသဟဂုတ် မနောဒွါရာဝဇ္ဇန်းစိတ်[မှတ်စု ၁၇] တစ်ခု။
၃။ သောမနဿသဟဂုတ် ဟသိတုပ္ပါဒ်စိတ်[မှတ်စု ၁၈] တစ်ခု။

ဤစိတ်သုံးမျိုးတို့ကား ဒွါရနှင့် အာရုံ တိုက်ဆိုင်သည့်အခါ ယင်းအာရုံကို ဆင်ခြင်ရုံမျှ = ပြုကာမတ္တသာ ဖြစ်သောကြောင့်, ပြုံးရွှင်ရုံမျှသာ ဖြစ်သောကြောင့် အကျိုးတစ်စုံတစ်ရာကို ဖြစ်စေနိုင်သည့် စွမ်းအား မရှိရကား ကိရိယာ (= ကြိယာ) စိတ်ဟူသော အမည်ကို ရရှိကြပေသည်။

၁။ အကုသလဝိပါက်စိတ် (၇)မျိုး,
၂။ အဟိတ်ကုသလဝိပါက်စိတ် (၈)မျိုး,
၃။ အဟိတ်ကြိယာစိတ် (၃)မျိုး,

ဤ (၁၈)မျိုးသော စိတ်တို့ကား လောဘ ဒေါသ မောဟ, အလောဘ အဒေါသ အမောဟ ဟူသော ဟိတ်တို့နှင့် လုံးဝ မယှဉ်သောကြောင့် အဟိတ်စိတ်ဟူသော အမည်ကို ရရှိကြသည်။ ယင်း အကုသိုလ်စိတ် အဟိတ်စိတ်တို့မှ ကြွင်းကျန်သော စိတ်တို့သည်ကား တင့်တယ်ကောင်းမြတ်သော စိတ်အမျိုးအစားများ ဖြစ်ခြင်းကြောင့် သောဘဏစိတ်တို့ မည်ကုန်၏၊ ယင်းသောဘဏစိတ်တို့မှာ အကျဉ်းအားဖြင့် (၅၉)၊ အကျယ်အားဖြင့် (၉၁)မျိုး ရှိပေသည်။

ကာမာဝစရသောဘဏစိတ် (၂၄) မျိုး

မဟာကုသိုလ်စိတ် (၈) မျိုး

၁။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊
၂။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊
၃။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊
၄။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊
၅။ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊
၆။ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊
၇။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊
၈။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု။

ဤစိတ် (၈)မျိုးတို့ကား ကာမာဝစရကုသိုလ်စိတ်တို့တည်း။ ယေဘုယျအားဖြင့် ကာမ (၁၁)ဘုံ၌ ကောင်းသော အကျိုးတရားတို့ကို ဖြစ်စေနိုင်သော စွမ်းအားရှိသော စိတ်တို့တည်း။ ပုထုဇန်အဆင့်တွင်သာ တည်ရှိနေသေးသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်သင့် ဖြစ်ထိုက်သော ဥပစာရသမာဓိသို့ တိုင်အောင်သော သမထဘာဝနာစိတ်နှင့် အရိယမဂ်ဉာဏ်တို့၏ ရှေးအဖို့၌ တည်ရှိကြသော ဝိပဿနာဘာဝနာစိတ်တို့ကား ဤ ကာမာဝစရကုသိုလ်စိတ်တို့ပင် ဖြစ်ကြသည်၊ အရာကျယ်၏၊ ထိုကြောင့် ယင်းစိတ်တို့ကို မဟာကုသိုလ်စိတ်ဟူ၍လည်း ခေါ်ဆိုပေသည်။

မဟာဝိပါက်စိတ် (၈) မျိုး

၁။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု။ ပ။
၈။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု။

မဟာကုသိုလ်စိတ် (၈)မျိုးနှင့် အလားတူ၏၊ ကုသိုလ်နှင့် ဝိပါက်သာ ကွာခြားသည်။ ဤမဟာဝိပါက်စိတ် (၈)မျိုးတို့ကား ယင်းမဟာကုသိုလ်ကံ၏ အကျိုးဝိပါက်စိတ်တို့တည်း။ ယင်းစိတ် (၈)မျိုးတို့တွင် တစ်မျိုးမျိုးသောစိတ်သည် တိဟိတ်ပုထုဇန် (ဒွိဟိတ်ပုထုဇန်) ဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦး၏ သန္တာန်၌ ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စ တို့ကို ရွက်ဆောင်ပေး၏၊ ပဝတ္တိအခါဝယ် ကာမဣဋ္ဌာရုံအမျိုးမျိုးနှင့် တွေ့ကြုံခိုက်ဝယ် ယင်းစိတ် (၈)မျိုးလုံးသည် ကာမဇောတို့၏ နောင်၌ ဇောယူသည့် အာရုံကိုပင် ဆက်လက် အာရုံယူတတ်သော တဒါရုံကိစ္စကို ရွက်ဆောင်လျက် ကာမသတ္တဝါတို့ သန္တာန်၌ ထိုက်သလို ဖြစ်ပေါ်လာနိုင်၏၊ ကာမဣဋ္ဌာရုံဟူသည် အလိုရှိအပ် ကောင်းမြတ်သော ကာမစိတ်စေတသိက်နှင့် ရုပ် (၂၈)ပါးတို့ပင်တည်း။

မဟာကြိယာစိတ် (၈) မျိုး

၁။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု။ ပ။
၈။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု။

ဤ မဟာကြိယာစိတ်သည်လည်း မဟာကုသိုလ်စိတ်ကဲ့သို့ (၈)မျိုးပင် ရှိသည်။ ရဟန္တာအရှင်မြတ်ကြီးတို့၏ ဒါန သီလ သမထ ဝိပဿနာဘာဝနာစိတ်တို့ပင်တည်း။ (ဥပစာရသမာဓိတိုင်အောင်သော သမထကို ဆိုလိုသည်။) ရဟန္တာအရှင်မြတ်ကြီးတို့၏ ဒါန သီလ သမထ ဝိပဿနာ စသော မွန်မြတ်သော ကျင့်ဝတ်ပဋိပတ်တို့သည် မည်သည့် အကျိုး တစ်စုံတစ်ရာကိုမျှ ဖြစ်စေနိုင်သည့်စွမ်းအား မရှိခြင်းကြောင့် ယင်းကျင့်ဝတ်ပဋိပတ်တို့ကို ဖြည့်ကျင့်နေသော စိတ်တို့သည် ပြုလုပ်ကာမတ္တ ကိရိယာ (= ကြိယာ) ဟူသော အမည်ကို ရရှိကြသည်။

ဤသို့လျှင် မဟာကုသိုလ်စိတ် (၈)မျိုး, မဟာဝိပါက်စိတ် (၈)မျိုး, မဟာကြိယာစိတ် (၈)မျိုး အားလုံးပေါင်းသော် ဤ (၂၄)မျိုးသော စိတ်တို့သည် များသောအားဖြင့် ကာမဘုံ၌ ကျင်လည်တတ် ဖြစ်တတ်သော ကာမဘုံ၌ အဖြစ် များသော တင့်တယ်ကောင်းမြတ်သော သောဘဏစိတ်တို့တည်း။

၁။ အကုသိုလ်စိတ် – ၁၂ - မျိုး
၂။ အဟိတ်စိတ် – ၁၈ - မျိုး
၃။ ကာမသောဘဏစိတ် – ၂၄ - မျိုး
ပေါင်းသော် – ၅၄ - မျိုး

ဤ (၅၄)မျိုးသော စိတ်တို့သည် ကာမ (၁၁)ဘုံ၌ အဖြစ်များသောကြောင့် ကာမစိတ်တို့ မည်၏၊ ကာမနာမ်တရား ဟူသည် ယင်းကာမစိတ် (၅၄)မျိုးနှင့် ယှဉ်ဖက်စေတသိက် (၅၂)မျိုးကို ဆိုလိုသည်။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် တိဟိတ်ပုထုဇန် ဖြစ်ပါက ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်နိုင်ခွင့်ရှိသော ကာမစိတ် = ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ကာမစိတ်တို့မှာ ..

၁။ အကုသိုလ်စိတ် – ၁၂ - မျိုး
၂။ ဟသိတုပ္ပါဒ် ကြဉ်သော အဟိတ်စိတ် – ၁၇ - မျိုး
၃။ မဟာကုသိုလ်စိတ် –၈ - မျိုး
၄။ မဟာဝိပါက်စိတ် –၈ - မျိုး
ပေါင်းသော် – ၄၅ - မျိုးတည်း။

ရူပါဝစရစိတ် (၁၅) မျိုး

ကုသိုလ်စိတ် (၅) မျိုး

၁။ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါငါးပါးနှင့် အတူတကွဖြစ်သော ပထမစျာန် ကုသိုလ်စိတ်၊
၂။ ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါလေးပါးနှင့် အတူတကွဖြစ်သော ဒုတိယစျာန် ကုသိုလ်စိတ်၊
၃။ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါသုံးပါးနှင့် အတူတကွဖြစ်သော တတိယစျာန် ကုသိုလ်စိတ်၊
၄။ သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ နှစ်ပါးနှင့် အတူတကွဖြစ်သော စတုတ္ထစျာန် ကုသိုလ်စိတ်၊
၅။ ဥပေက္ခာ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါနှစ်ပါးနှင့် အတူတကွဖြစ်သော ပဉ္စမစျာန် ကုသိုလ်စိတ်၊

ဤသို့လျှင် ရူပါဝစရကုသိုလ်စိတ်မှာ (၅)မျိုး ရှိ၏၊ ပဉ္စကနည်းတည်း။ အလားတူပင် ယင်းရူပါဝစရကုသိုလ်၏ အကျိုးဖြစ်သော ရူပါဝစရဝိပါက်စိတ်မှာလည်း (၅)မျိုးပင်ရှိ၏၊ သို့သော် ယင်း ရူပါဝစရဝိပါက်စိတ်တို့မှာ ဆိုင်ရာ ဆိုင်ရာ ရူပါဝစရဘုံ၌ ဆိုင်ရာဆိုင်ရာ ရူပါဝစရဗြဟ္မာတို့၏ သန္တာန်၌သာလျှင် ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စကို ရွက်ဆောင်လျက် ဖြစ်ပေါ်နိုင်သော စိတ်တို့သာ ဖြစ်ကြသည်။ အလားတူပင် ရဟန္တာအရှင်မြတ်ကြီးတို့သည် ရူပါဝစရစျာန်တို့ကို ရရှိသော စျာနလာဘီပုဂ္ဂိုလ်တို့ ဖြစ်ကုန်မူ ယင်းစျာန်တို့သည် မည်သည့်အကျိုးတစ်စုံတစ်ရာကိုမျှ ဖြစ်စေနိုင်သော စွမ်းအားမရှိခြင်းကြောင့် ကြိယာဟူသော အမည်ကို ရရှိ ကြသည်။ ယင်းရူပါဝစရကြိယာစိတ်မှာလည်း (၅)မျိုးပင်တည်း။ အားလုံးပေါင်းသော် ရူပါဝစရစိတ် (၁၅)မျိုးတည်း။

ယောဂါဝစရပုဂ္ဂိုလ်သည် ရူပါဝစရကုသိုလ်စျာန် တစ်မျိုးမျိုးကို ရရှိပါက ယင်း မိမိရရှိသော စျာန်သည် ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံစာရင်းတွင် ပါဝင်ပေသည်။ အကယ်၍ စတုက္ကနည်းအရ ရူပါဝစရ စျာန်လေးပါး, ပဉ္စကနည်းအရ ရူပါဝစရစျာန်ငါးပါးလုံးကိုပင် ရရှိသူဖြစ်ပါက ယင်းရူပါဝစရစျာန်အားလုံးသည်လည်း ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ စာရင်းတွင် ပါဝင်ပေသည်။

အရူပါဝစရစိတ် (၁၂) မျိုး

ကုသိုလ်စိတ် (၄) မျိုး

၁။ အာကာသာနဉ္စာယတန ကုသိုလ်စိတ်= အဆုံးအပိုင်းအခြား မရှိသော ကောင်းကင်ပညတ်လျှင် တည်ရာအာရုံ ရှိသော ကုသိုလ်စိတ်၊
၂။ ဝိညာဏဉ္စာယတန ကုသိုလ်စိတ် = အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိသော ကုသိုလ်စိတ်၊
၃။ အာကိဉ္စညာယတန ကုသိုလ်စိတ်= အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း နတ္ထိဘောပညတ်လျှင် တည်ရာအာရုံရှိသော ကုသိုလ်စိတ်၊
၄။ နေဝသညာနာသညာယတန ကုသိုလ်စိတ် = သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်သော (= ရုန့်ရင်းကြမ်းတမ်းသော သညာကား မရှိ အလွန့်အလွန် သိမ်မွေ့နူးညံ့သော သညာသာလျှင်ရှိသော) ကုသိုလ်စိတ်၊

ဤသို့လျှင် အရူပါဝစရကုသိုလ်စိတ် (၄)မျိုးရှိသည်။ ယင်းကုသိုလ်တို့၏ အကျိုးဝိပါက်စိတ်တို့လည်း လေးမျိုးပင် ရှိကြ၏၊ ဆိုင်ရာ အရူပဘုံ၌ ဆိုင်ရာ အရူပဗြဟ္မာတို့၏ သန္တာန်၌သာလျှင် ဖြစ်ခွင့်ရှိကြသော ဝိပါက်စိတ်တို့တည်း။ အကယ်၍ ရဟန္တာ အရှင်မြတ်ကြီးတို့သည်လည်း အရူပစျာန်တို့ကိုပါ ရရှိကြပါမူ ယင်းအရူပစျာန်တို့သည် မည်သည့် အကျိုး တစ်စုံတစ်ရာကိုမျှ ဖြစ်စေနိုင်သည့် စွမ်းအား မရှိခြင်းကြောင့် ကိရိယာဟူသော အမည်ကို ရရှိကြပေသည်။ ဤသို့လျှင် အရူပါဝစရ ကုသိုလ်စိတ် (၄)မျိုး, အရူပါဝစရ ဝိပါက်စိတ် (၄)မျိုး, အရူပါဝစရ ကြိယာစိတ် (၄)မျိုး, အားလုံးပေါင်းသော် အရူပါဝစရစိတ် (၁၂)မျိုးတည်း။ ယောဂါဝစရပုဂ္ဂိုလ်သည် အကယ်၍ အရူပစျာန်တို့ကိုပါ ရရှိပါ မူ ယင်းအရူပစျာန် (၄)မျိုးတို့သည်လည်း ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ စိတ်တို့တွင် ပါဝင်နေ မည်သာ ဖြစ်ပေသည်။ ထိုကြောင့် စျာနလာဘီဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အများဆုံးဖြစ်နိုင်သော ဝိပဿနာဉာဏ်၏ အရှုခံအာရုံ စိတ်တို့မှာ အောက်ပါအတိုင်း (၅၄)မျိုးသော စိတ်တို့သာ ဖြစ်ကြသည်။

၁။ ကာမာဝစရစိတ်မှ – ၄၅ - မျိုး
၂။ ရူပါဝစရ ကုသိုလ်စျာန်စိတ် – ၅ - မျိုး (ပဉ္စကနည်း)
၃။ အရူပါဝစရ ကုသိုလ်စျာန်စိတ် –၄ - မျိုး
အားလုံးပေါင်းသော် - စိတ် – ၅၄ - မျိုးတည်း။

ဤ (၅၄)မျိုးသော စိတ်တို့ကား ကာမဘုံသား စျာန်ရပုထုဇန်နှင့် စျာန်ရသေက္ခအရိယာသူတော်ကောင်းတို့၏ ဝိပဿနာဉာဏ်ဖြင့် ရှုပွားရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတရားတို့ ဖြစ်ကြသည်။

ကာမ-ရူပ-အရူပ ဘုံသုံးပါးအတွင်း၌ တည်ရှိကြသော ပုထုဇန်, သေက္ခ, အသေက္ခပုဂ္ဂိုလ်အားလုံးတို့အတွက် ခြုံငုံ၍ ဆိုရသော် လောကီစိတ် (၈၁)ပါးတို့သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ ဖြစ်ကြသည်။ ယင်းလောကီစိတ် (၈၁)မျိုးတို့ကား – ကာမစိတ် (၅၄)မျိုး, ရူပါဝစရစိတ် (၁၅)မျိုးနှင့် အရူပါဝစရစိတ် (၁၂)မျိုး အားလုံးပေါင်းသော် (၈၁)မျိုးတို့ ဖြစ်ကြသည်။

ဤ (၈၁)မျိုးသော စိတ်တို့ကို (၃၁)ဘုံဟူသော လောကီနယ်၌သာ ကျင်လည်တတ် ဖြစ်တတ်သောကြောင့် လောကီစိတ်တို့ဟူ၍ ခေါ်ဆိုသည်။

လောကုတ္တရာစိတ် (၈) မျိုး (အကျဉ်းနည်း)

အရိယမဂ်စိတ် (၄) မျိုး

၁။ သောတာပတ္တိမဂ်စိတ်, ၂။ သကဒါဂါမိမဂ်စိတ်, ၃။ အနာဂါမိမဂ်စိတ်, ၄။ အရဟတ္တမဂ်စိတ်, ဤသို့လျှင် မဂ်စိတ် (၄)မျိုး ရှိ၏၊ ကုသိုလ်စိတ်တို့ပင်တည်း။

အရိယဖိုလ်စိတ် (၄) မျိုး

၁။ သောတာပတ္တိဖိုလ်စိတ်, ၂။ သကဒါဂါမိဖိုလ်စိတ်, ၃။ အနာဂါမိဖိုလ်စိတ်, ၄။ အရဟတ္တဖိုလ်စိတ်, ဤသို့လျှင် ဖိုလ်စိတ် (၄)မျိုးရှိသည်။ ဆိုင်ရာ အရိယမဂ်၏ အကျိုး ဝိပါက်စိတ်တို့ပင်တည်း။

ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏သန္တာန်၌ ဖြစ်နိုင်ခွင့်ရှိသော လောကီ စိတ်စေတသိက် = နာမ်တရားတို့ကို လည်းကောင်း, ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သော ရုပ်တရားတို့ကိုလည်းကောင်း သိမ်းဆည်းပြီးနောက် ယင်းရုပ်နာမ်တို့၏ အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ယင်းရုပ်နာမ်တို့ကို လက္ခဏာရေးသုံးတန်သို့တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုခဲ့သော် ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ယင်းအရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် ဖြစ်ပေါ်လာကြမည် ဖြစ်ပေသည်။

အကယ်၍ ကာမာဝစရနာမ်တရားတို့ကိုလည်းကောင်း သို့မဟုတ် ရုပ်တရားတို့ကိုလည်းကောင်း ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့သော် ယင်း အရိယမဂ် အရိယဖိုလ်တရားတို့သည် ပထမဇ္ဈာနိက အရိယမဂ် = ပထမစျာန်နှင့် ယှဉ်သော အရိယမဂ်, ပထမဇ္ဈာနိက အရိယဖိုလ် = ပထမစျာန်နှင့် ယှဉ်သော အရိယဖိုလ်တို့သာ ဖြစ်ကြသည်။[မှတ်စု ၁၉]

ထိုကြောင့် ကာမာဝစရ နာမ်တရားတို့ကိုလည်းကောင်း သို့မဟုတ် ရုပ်တရားတို့ကိုလည်းကောင်း ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ရောက်ခဲ့လျှင် မဂ္ဂင် (၈)ပါး, ဗောဇ္ဈင် (၇)ပါး, စျာန်အင်္ဂါ = စျာနင် (၅)ပါးတို့ပင် ရှိကြ၏၊ သို့သော် ယင်းစျာန်အင်္ဂါတို့ကား လောကီစျာန်အင်္ဂါတို့ မဟုတ်ကြကုန်၊ လောကုတ္တရာစျာန်အင်္ဂါတို့သာ ဖြစ်ကြသည်။ ပထမစျာန်နှင့် ယှဉ်သော လောကုတ္တရာ ပထမဇ္ဈာနိကမဂ် ဟူလိုသည်။[မှတ်စု ၂၀]

အကျယ်နည်းအားဖြင့် လောကုတ္တရာစိတ် (၄၀)

၁။ ပထမစျာန်နာမ်တရားတို့ကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့လျှင် ပထမဇ္ဈာနိက အရိယမဂ်, ပထမဇ္ဈာနိက အရိယဖိုလ် ဖြစ်သည်။
၂။ ဒုတိယစျာန်နာမ်တရားတို့ကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့လျှင် ဒုတိယဇ္ဈာနိက အရိယမဂ်, ဒုတိယဇ္ဈာနိက အရိယဖိုလ် ဖြစ်သည်။
၃။ တတိယစျာန်နာမ်တရားတို့ကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့လျှင် တတိယဇ္ဈာနိက အရိယမဂ်, တတိယဇ္ဈာနိက အရိယဖိုလ် ဖြစ်သည်။
၄။ စတုတ္ထစျာန်နာမ်တရားတို့ကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့လျှင် စတုတ္ထဇ္ဈာနိက အရိယမဂ်, စတုတ္ထဇ္ဈာနိက အရိယဖိုလ် ဖြစ်သည်။
၅။ ပဉ္စမစျာန်နာမ်တရားတို့ကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့လျှင် ပဉ္စမဇ္ဈာနိက အရိယမဂ်, ပဉ္စမဇ္ဈာနိက အရိယဖိုလ် ဖြစ်သည်။

တစ်ဖန် ကာမာဝစရနာမ်တရား သို့မဟုတ် ရုပ်တရားတို့ကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့လျှင်လည်း ပထမဇ္ဈာနိက အရိယမဂ်, ပထမဇ္ဈာနိက အရိယဖိုလ်ပင် ဖြစ်သည်။ ထိုကြောင့် –

၁။ သောတာပတ္တိ အရိယမဂ် (၅)မျိုး, သောတာပတ္တိ အရိယဖိုလ် (၅)မျိုး,
၂။ သကဒါဂါမိ အရိယမဂ် (၅)မျိုး, သကဒါဂါမိ အရိယဖိုလ် (၅)မျိုး,
၃။ အနာဂါမိ အရိယမဂ် (၅)မျိုး, အနာဂါမိ အရိယဖိုလ် (၅)မျိုး,
၄။ အရဟတ္တ အရိယမဂ် (၅)မျိုး, အရဟတ္တ အရိယဖိုလ် (၅)မျိုး,
အားလုံးပေါင်းသော် အကျယ်အားဖြင့် လောကုတ္တရာစိတ် (၄၀)တည်း။

ထိုကြောင့် အကျဉ်းအားဖြင့် လောကီစိတ် (၈၁), လောကုတ္တရာစိတ် (၈)မျိုး နှစ်ရပ်ပေါင်းသော် စိတ် (၈၉)မျိုး = တစ်ခုယုတ် (၉၀)ဖြစ်သည်။ အကျယ်အားဖြင့်ကား လောကီစိတ် (၈၁), လောကုတ္တရာစိတ် (၄၀) နှစ်ရပ်ပေါင်းသော် စိတ် (၁၂၁)မျိုး ဖြစ်သည်။ (ပဉ္စကနည်းတည်း။)

  1. (မူလဋီ၊၁၊၈၇။)
  2. သောမနဿသဟဂုတ် = သောမနဿဝေဒနာနှင့် အတူတကွဖြစ်သော။
  3. ဒိဋ္ဌိဂတသမ္ပယုတ် = မှားသော ခံယူချက် မိစ္ဆာဒိဋ္ဌိနှင့် ယှဉ်သော။
  4. အသင်္ခါရိက = တိုက်တွန်းခြင်း မရှိသော = တိုက်တွန်းခြင်းနှင့် အတူတကွ မဖြစ်သော။
  5. သသင်္ခါရိက = တိုက်တွန်းခြင်း ရှိသော = တိုက်တွန်းခြင်းနှင့် အတူတကွ ဖြစ်သော။
  6. ဥပေက္ခာသဟဂုတ် = ဥပေက္ခာဝေဒနာနှင့် အတူတကွဖြစ်သော။
  7. ဒိဋ္ဌိဂတဝိပ္ပယုတ် = မှားသော ခံယူချက် မိစ္ဆာဒိဋ္ဌိနှင့် မယှဉ်သော။
  8. ဒေါမနဿသဟဂုတ် = စိတ်မချမ်းသာခြင်း ဒေါမနဿဝေဒနာနှင့် အတူတကွ ဖြစ်သော။
  9. ပဋိဃသမ္ပယုတ် = စိတ်ဓာတ် ခက်ထန် ကြမ်းတမ်းမှု ဒေါသနှင့် ယှဉ်သော။
  10. ဝိစိကိစ္ဆာသမ္ပယုတ် = ယုံမှားခြင်း ဝိစိကိစ္ဆာနှင့် ယှဉ်သော၊
  11. ဥဒ္ဓစ္စသမ္ပယုတ် = စိတ်ပျံ့လွင့်ခြင်း ဥဒ္ဓစ္စနှင့် ယှဉ်သော။
  12. ဒုက္ခသဟဂုတ် = ကာယိကဒုက္ခဝေဒနာနှင့် အတူတကွဖြစ်သော။
  13. သမ္ပဋိစ္ဆိုင်းစိတ် = အာရုံကို လက်ခံသော အခြင်းအရာအားဖြင့် ဖြစ်သောစိတ်။
  14. သန္တီရဏစိတ် = အာရုံကို စုံစမ်းသော အခြင်းအရာအားဖြင့် ဖြစ်သောစိတ်။
  15. သုခသဟဂုတ် = ကာယိကသုခဝေဒနာနှင့် အတူတကွဖြစ်သော။
  16. ပဉ္စဒွါရာဝဇ္ဇန်း = ငါးဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်သော စိတ်။
  17. မနောဒွါရာဝဇ္ဇန်း = မနောဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်သော စိတ်။
  18. ဟသိတုပ္ပါဒ်စိတ် = ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌ ပြုံးရွှင်မှုကို ဖြစ်စေသော စိတ်။
  19. (အဘိ၊ဋ္ဌ၊၁၊၂၇၂-၂၇၃။)
  20. လောကုတ္တရမဂ္ဂေါ ဟိ အပ္ပနံ အပ္ပတ္တော နာမ နတ္ထိ၊ တသ္မာ ရူပံ သမ္မသိတွာ ဝုဋ္ဌိတဿ အဋ္ဌင်္ဂီကော သောမနဿသဟဂတမဂ္ဂေါ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၂၇၄။)