နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဉာဏ်စဉ် (၁၆) ပါး


ဉာဏ်စဉ် (၁၆) ပါး

၁။ နာမရူပပရိစ္ဆေဒဉာဏ် = နာမ်ရုပ်ကို ပိုင်းပိုင်းခြားခြား သိတတ်သောဉာဏ် (= ဒုက္ခသစ္စာကို သိသောဉာဏ်)၊

၂။ ပစ္စယပရိဂ္ဂဟဉာဏ်= နာမ်ရုပ်၏ အကြောင်းတရားကို ပိုင်းခြားယူတတ်သောဉာဏ် (= သမုဒယသစ္စာကို သိသောဉာဏ်)၊

၃။ သမ္မသနဉာဏ် = ယင်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု ရှုပွားသုံးသပ်တတ်သော ဉာဏ်၊

၄။ (က) ဥဒယဗ္ဗယဉာဏ် (အနုပိုင်း) (တရုဏဝိပဿနာပိုင်း) = ယင်းသင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှုကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ရှုမြင်လျက် အနိစ္စဟု ဒုက္ခဟု အနတ္တဟု ရှုပွားသုံးသပ်တတ်သောဉာဏ်၊

( ခ ) ဥဒယဗ္ဗယဉာဏ် (အရင့်ပိုင်း) (ဗလဝဝိပဿနာပိုင်း) = ဝိပဿနာညစ်ညူးကြောင်း ဥပက္ကိလေသ အညစ်အကြေးတို့မှ လွတ်မြောက်သွားသော, အကြောင်းတရားနှင့် တကွသော ရုပ်နာမ်ဓမ္မ သင်္ခါရတရား တို့၏ ဖြစ်မှု ပျက်မှုကို ခဏပစ္စုပ္ပန်သို့ ဆိုက်ရောက်အောင် ရှင်းရှင်းလင်းလင်း သိမြင်ကာ လက္ခဏာရေး သုံးတန်သို့ တင်ကာ ရှုပွားသုံးသပ်တတ်သောဉာဏ်၊

၅။ ဘင်္ဂဉာဏ် = (ဉာတ+ဉာဏ အမည်ရသည့်) သင်္ခါရတရားတို့၏ အပျက်သက်သက်ကို အာရုံယူကာ အနိစ္စ ဒုက္ခ အနတ္တဟု ရှုမြင်တတ်သောဉာဏ်၊

၆။ ဘယဉာဏ် = သင်္ခါရတရားတို့၏ ပြိုပြိုပျက်ပျက်နေသဖြင့် ကြောက်လန့်ဖွယ်ကောင်းသည့် သဘောကို အာရုံယူကာ အနိစ္စ ဒုက္ခ အနတ္တဟု ရှုမြင်တတ်သောဉာဏ်၊

၇။ အာဒီနဝဉာဏ် = ပြိုပြိုပျက်ပျက်နေသည့် သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တပြစ်ချက်တို့ကို ရှုမြင်တတ်သော ဉာဏ်၊

၈။ နိဗ္ဗိဒါဉာဏ် = ယင်းသင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ ပြစ်ချက်တို့ကို ရှုမြင်နေရသည့်အတွက် သင်္ခါရ တရားတို့အပေါ်၌ ငြီးငွေ့ ရွံမုန်းသောဉာဏ်၊

၉။ မုစ္စိတုကမျတာဉာဏ် = ယင်းသင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ ပြစ်ချက်တို့ကို ရှုမြင်နေရသည့်အတွက် သင်္ခါရတရားတို့မှ လွတ်မြောက်လိုသောဉာဏ်၊

၁၀။ ပဋိသင်္ခါဉာဏ် = သင်္ခါရတရားတို့မှ လွတ်မြောက်လိုသဖြင့် သင်္ခါရတရားတို့၏ အပျက်ကို အာရုံယူကာ အနိစ္စ ဒုက္ခ အနတ္တဟု တစ်ဖန် ပြန်ရှုသောဉာဏ်၊

၁၁။ သင်္ခါရုပေက္ခာဉာဏ် = သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ ပြစ်ချက်တို့ကို ကွက်ကွက်ကွင်းကွင်း ရှုမြင်နေရ သဖြင့် သင်္ခါရတရားတို့အပေါ်၌ ကြောင့်ကြမှု တောင့်တမှု မရှိတော့ဘဲ အညီအမျှ လျစ်လျူရှုတတ်သောဉာဏ်၊

၁၂။ အနုလောမဉာဏ် = ရှေ့ပိုင်း ဝိပဿနာဉာဏ်များနှင့် နောက်ပိုင်း အရိယမဂ်ဉာဏ်ကို ဆီလျော်အောင် ပြုလုပ် ပေးသောဉာဏ်၊

၁၃။ ဂေါတြဘုဉာဏ် = ပုထုဇန်အနွယ်ကို လွှမ်းမိုးလျက် အရိယအနွယ်သို့ ရောက်အောင် နိဗ္ဗာန်ကို အာရုံယူကာ ဖြစ်ပေါ်လာသောဉာဏ်၊

၁၄။ အရိယမဂ်ဉာဏ် = ပယ်သင့်ပယ်ထိုက်သော ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်လျက် နိဗ္ဗာန်ကို သိသောဉာဏ်၊ ၁၅။ အရိယဖိုလ်ဉာဏ် = အရိယမဂ်ဉာဏ်က ပယ်သတ်ထားပြီးသည့် ကိလေသာတို့ကို ငြိမ်းသထက်ငြိမ်းအောင် ငြှိမ်းလျက် နိဗ္ဗာန်ကို သိမြင်နေသောဉာဏ်၊

၁၆။ ပစ္စဝေက္ခဏဉာဏ်––

(က) မဂ်ကို ဆင်ခြင်ခြင်း,
( ခ ) ဖိုလ်ကို ဆင်ခြင်ခြင်း,
( ဂ ) နိဗ္ဗာန်ကို ဆင်ခြင်ခြင်း,
(ဃ) ပယ်ပြီးကိလေသာကို ဆင်ခြင်ခြင်း,
( င ) မပယ်ရသေးသော ကိလေသာကို ဆင်ခြင်ခြင်း ––

အားလုံးပေါင်းသော် ဉာဏ်စဉ်တရား (၁၆)ပါး ဖြစ်သည်။

ဤအရာဝယ် “အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပြီ”ဟု မိမိကိုယ်ကို မိမိ ယူဆသောအခါ ပစ္စဝေက္ခဏာငါးတန်တို့ကိုလည်း ဆရာသမားထံ၌ နည်းခံ၍ လေ့ကျင့်ပါလေ။

ဤမျှဖြင့် မကျေနပ်သေးဘဲ .. မိမိသန္တာန်ဝယ် ကုန်သင့် ကုန်ထိုက်သည့် ကိလေသာများ ကုန် မကုန်ကို နည်းအမျိုးမျိုးဖြင့် ကြိမ်ဖန်များစွာ ရက်ပေါင်းများစွာ လပေါင်းများစွာ နှစ်ပေါင်းများစွာ စောင့်ဆိုင်း၍လည်း ဆန်းစစ်ပါ။ စိတ်ချလက်ချကား မနေသင့်လှသည်သာ ဖြစ်ပေသည်။

သစ္စာလေးပါးကို သိမှု၌ အသိဉာဏ် ခိုင်ခံ့မှု ရှိမရှိကိုလည်း အကြိမ်ကြိမ် အဖန်ဖန် ဆန်းစစ်လေရာသည်။ ပရိယတ် ပဋိပတ် နှစ်ဌာနတို့၌ ကျွမ်းကျင်လိမ္မာတော်မူကြသော ဆရာမြတ်ကြီးတို့နှင့်လည်း အဖန်ဖန် အထပ်ထပ် နှီးနှောတိုင်ပင်လေရာသည်။

လုပ်ငန်းခွင်အပိုင်း ပြီး၏၊