နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဓမ္မအလင်းရောင်

ဓမ္မအလင်းရောင်

တစ်ဖန် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ရေးအတွက် ညွှန်ကြားပြသတတ်သော “ဓမ္မအလင်းရောင်“၏ ထွန်းလင်းတောက်ပနေခြင်းသည်လည်း အလွန် ရခဲသော အခွင့်အလမ်းကြီးတစ်ခု ဖြစ်ကြောင်းကို ဒုတိယသူရိယသုတ္တန်[မှတ်စု ၁]တွင် ဘုရားရှင်က ဤသို့ ဟောကြား ထားတော်မူခဲ့၏ ..။

“ချစ်သား ရဟန်းတို့... လ-နေတို့သည် လောက၌ မဖြစ်ကြသေးသမျှ ကာလပတ်လုံး .. ကြီးစွာသော အလင်းရောင်၏ ထင်ရှားဖြစ်ပေါ်လာခြင်းသည် မဖြစ်သေး၊ ထိုအခါ၌ အမိုက်ထု အမှောင်ထုသည်သာ ထင်ရှားဖြစ်နေ ၏၊ ညဉ့်-နေ့တို့သည်လည်း မထင်ရှားသေးကုန်၊ လ-လခွဲတို့သည်လည်း မထင်ရှားသေးကုန်၊ ဥတု-နှစ်တို့သည်လည်း မထင်ရှားသေးကုန်။ ချစ်သား ရဟန်းတို့... လ-နေတို့သည် လောက၌ ဖြစ်ပေါ်လာကြသောအခါမှ စတင်၍သာ ကြီးစွာသော အလင်းရောင်၏ ထင်ရှားဖြစ်ပေါ်လာခြင်းသည် ဖြစ်၏၊ ထိုအခါမှသာ အမိုက်ထု အမှောင်ထုသည် မဖြစ်တော့ပေ၊ ထိုအခါ၌ ညဉ့်-နေ့တို့သည် ထင်ရှားလာကုန်၏၊ လ-လခွဲတို့သည်လည်း ထင်ရှားလာကုန်၏၊ ဥတုနှစ်တို့သည်လည်း ထင်ရှားလာကုန်၏၊

ချစ်သား ရဟန်းတို့...ဤဥပမာအတူပင် လောက၌ ပူဇော်အထူးကို ခံယူတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိမြင်တော်မူသော မြတ်စွာဘုရားရှင်၏ ပွင့်ထွန်းပေါ်ပေါက်တော် မမူလာသေးသမျှ ကာလပတ်လုံး ကြီးစွာသော “ဓမ္မအလင်းရောင်“သည် ထင်ရှားဖြစ်ပေါ်မလာသေး၊ ထိုအခါ၌ အမိုက်ထု အမှောင်ထုသာ ဖြစ်ပေါ်နေ၏၊ အရိယာတို့၏ အမှန်တရား အရိယသစ္စာလေးပါးတို့ကို ပြောကြားခြင်း ဟောကြားခြင်း သိစေခြင်း ဖြစ်စေခြင်း ဖွင့်လှစ်ခြင်း ခွဲခြားဝေဖန်ပြခြင်းနှင့် ပေါ်လွင်ထင်ရှားအောင် ပြုလုပ်ပြခြင်းတို့သည် မဖြစ်ကြကုန်သေး။

ချစ်သား ရဟန်းတို့... လောက၌ ပူဇော်အထူးကို ခံယူတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိမြင်တော်မူသော မြတ်စွာဘုရားရှင်၏ ပွင့်ထွန်းပေါ်ပေါက်တော်မူလာသောအခါမှ စ၍သာ ကြီးစွာသော “ဓမ္မအလင်းရောင်”သည် ထင်ရှားဖြစ်ပေါ်လာ၏၊ ထိုအခါ၌ (အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ဖုံးလွှမ်းထားသည့်) အမိုက်ထု အမှောင်ထုသည် မဖြစ်တော့ပေ၊ ထိုအခါ၌ မြတ်သော အရိယာတို့၏ အမှန်တရား အရိယသစ္စာလေးပါးတို့ကို ပြောကြားခြင်း ဟောကြားခြင်း သိစေခြင်း ဖြစ်စေခြင်း ဖွင့်လှစ်ခြင်း ခွဲခြားဝေဖန်ပြခြင်းနှင့် ပေါ်လွင်ထင်ရှားအောင် ပြုလုပ်ပြခြင်းတို့သည် ဖြစ်ပေါ်လာကုန်၏၊ အဘယ်လေးပါးတို့နည်းဟူမူကား –

၁။ ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရား’၊
၂။ ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခသမုဒယ အရိယသစ္စာတရား’၊
၃။ ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခနိရောဓ အရိယသစ္စာတရား’၊
၄။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား’တို့တည်း။

ချစ်သား ရဟန်းတို့...ထို့ကြောင့် ဤသာသနာတော်၌ ..
၁။ ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရား’တည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ။
၂။ ဤကား ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခသမုဒယ အရိယသစ္စာတရား’တည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ။
၃။ ဤကား ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခနိရောဓ အရိယသစ္စာတရား’တည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ။
၄။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား’တည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ”ဟု မိန့်ကြားတော်မူ၏၊

  1. (သံ၊၃၊၃၈၇၊ စာပိုဒ်၊၁၁၀၈။)