နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/သမ္မာဒိဋ္ဌိဉာဏ်အရောင်အလင်း

သမ္မာဒိဋ္ဌိဉာဏ်အရောင်အလင်း

တစ်ဖန် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်ရေးအတွက် သမ္မာဒိဋ္ဌိမဂ္ဂင် (= သမ္မာဒိဋ္ဌိဉာဏ်အရောင်အလင်း)၏ အရေးကြီးပုံကိုလည်း ဘုရားရှင်က ပဌမသူရိယသုတ္တန်[မှတ်စု ၁]တွင် ဤသို့ ဟောကြား ထားတော်မူခဲ့၏ ..။

“ချစ်သား ရဟန်းတို့...နေအရုဏ် တက်ခြင်းသည် နေထွက်ပေါ်ခြင်း၏ ရှေ့ပြေး ပုဗ္ဗနိမိတ် ဖြစ်သကဲ့သို့ ချစ်သား ရဟန်းတို့...အလားတူပင် ရဟန်း၏ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’သည် အရိယာတို့၏ အမှန်တရား အရိယသစ္စာလေးပါးတို့ကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်ခြင်းငှာ ရှေ့ပြေး ပုဗ္ဗနိမိတ်ပင် ဖြစ်၏၊ ထိုရဟန်းသည် ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရား’တည်းဟု ဟုတ်တိုင်းမှန်စွာ သိလိမ့်မည်။ ပ။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား’တည်းဟု ဟုတ်တိုင်းမှန်စွာ သိလိမ့်မည်ဟု မျှော်လင့်အပ်၏၊

ချစ်သား ရဟန်းတို့... ထို့ကြောင့် ဤသာသနာတော်၌ .. ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရားတည်း’ဟု သိအောင် ကြိုးစားအားထုတ်ကြပါ။ပ။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား’တည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ”ဟု မိန့်ကြားတော်မူ၏၊

  1. (သံ၊၃၊၃၈၆၊ စာပိုဒ်၊၁၁၀၇။)