နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဓာတ်ကမ္မဋ္ဌာန်းပိုင်း

ဓာတ်ကမ္မဋ္ဌာန်းပိုင်း

ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရ)တရားတို့ကို ပရိညာ ပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိရှိနိုင်ရန်အတွက် ဥပစာရသမာဓိ အပ္ပနာသမာဓိ ဟူသော နှစ်မျိုးသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိကို ထူထောင်ရမည် ဖြစ်သည်။ “နိဗ္ဗာန်သို့သွားရာ တစ်ကြောင်းတည်းသော လမ်း’’ အမည်ရသော ဤကျမ်းစာတွင်ကား သမထပိုင်းတွင် အာနာပါနကမ္မဋ္ဌာန်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည့် တိုင်အောင်လည်းကောင်း၊ ကသိုဏ်း (၁၀)ပါး သမာပတ် (၈)ပါး, ဗြဟ္မစိုရ်တရား (၄)ပါး, စတုရာရက္ခကမ္မဋ္ဌာန်း တို့ကိုလည်းကောင်း သမထကမ္မဋ္ဌာန်းပိုင်းဟူသော အမည်ဖြင့် သမာဓိပိုင်း စိတ္တဝိသုဒ္ဓိစခန်းကို ရေးသားတင်ပြခဲ့၏၊ ယခုအခါ၌ ဒိဋ္ဌိဝိသုဒ္ဓိစခန်းတွင် အကျုံးဝင်သော ရုပ်တရားတို့ကို သိမ်းဆည်းပုံ (= ဉာဏ်ဖြင့် ပိုင်းခြားယူပုံ)အပိုင်းကို ရုပ်ကမ္မဋ္ဌာန်းပိုင်းဟူသော အမည်ဖြင့် ဆက်လက်၍ ရေးသားတင်ပြပေအံ့ ..။

ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း

သမထပိုင်း၌ သမထကမ္မဋ္ဌာန်း (၄၀) ရှိ၏၊ သမာဓိပိုင်းတည်း။ ဝိပဿနာပိုင်း၌ကား ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း ဟု နှစ်မျိုး ရှိ၏၊ ရူပပရိဂ္ဂဟ = ရုပ်ကို သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း, အရူပပရိဂ္ဂဟ = နာမ်ကို သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းဟုလည်း ခေါ်ဆို၏၊ ထိုနှစ်မျိုးတို့တွင် ဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူလတ်သော် ..

၁။ အကျဉ်းနှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း,
၂။ အကျယ်နှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း –

စတုဓာတုဝဝတ္ထာန် အမည်ရသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာကို ဉာဏ်ဖြင့် ပိုင်းခြား ယူကြောင်းဖြစ်သော ဓာတ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူခဲ့လေသည်။[မှတ်စု ၁]

ထိုနှစ်မျိုးတို့တွင် ဤကျမ်း၌ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းရှုပွားနည်းကို ရှေ့ဦးစွာ ရေးသားတင်ပြ၍ ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်းကို နောက်တွင် ဆက်လက်၍ ရေးသားတင်ပြမည် ဖြစ်သည်။

မဟာသတိပဋ္ဌာနသုတ္တန် ဓာတုမနသိကာရအခန်း

“ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား ယောဂါဝစရရဟန်းတော်သည် တည်မြဲတိုင်းသော ထားမြဲတိုင်းသော ဤခန္ဓာကိုယ်ကြီးကိုပင်လျှင် ‘ဤခန္ဓာကိုယ်ကြီး၌ ပထဝီဓာတ်သည် ရှိ၏၊ အာပေါဓာတ်သည် ရှိ၏၊ တေဇောဓာတ်သည် ရှိ၏၊ ဝါယောဓာတ်သည် ရှိ၏’ဟု ဓာတ်သဘောအားဖြင့် အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဆင်ခြင် သုံးသပ် ရှုပွား၍ နေပေ၏”[မှတ်စု ၂]

ဤအထက်ပါ ဒေသနာတော်ကား .. မဟာသတိပဋ္ဌာနသုတ္တန် ဓာတုမနသိကာရအခန်းတွင် လာရှိသော ဓာတ်ကမ္မဋ္ဌာန်း ပြည်တည်ခန်းပင် ဖြစ်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ဤရူပကာယ ခန္ဓာကိုယ်ကြီး၏ အရိုးကြား, အကြောကြား, အသားကြား, အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ ဉာဏ်ဖြင့်စိုက်၍ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် ဟူသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကို ဉာဏ်ဖြင့် သိအောင် မြင်အောင် ကြည့်ရှုရမည်ဖြစ်သည်။[မှတ်စု ၃] အကယ်၍ ဤကဲ့သို့ လွယ်လွယ်ကူကူဖြင့် မရှုတတ်သေး မမြင်သေးပါက ဤခန္ဓာကိုယ်၏ အရိုးကြား, အကြောကြား, အသားကြား, အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ ဦးခေါင်းမှသည် ခြေထောက်သို့ တိုင်အောင် ခြေဆုံးခေါင်းဆုံး အောက်ပါအတိုင်း ရှုပါ။

မဟာဘုတ်ဓာတ်ကြီး (၄) ပါး

၁။ ပထဝီဓာတ်

ဂရုပထဝီ (၃) မျိုး

၁။ မာမှု သဘော
၂။ ကြမ်းမှု သဘော
၃။ လေးမှု သဘော

လဟုပထဝီ (၃) မျိုး

၄။ ပျော့မှု သဘော
၅။ ချောမှု သဘော
၆။ ပေါ့မှု သဘော

၂။ အာပေါဓာတ်

၁။ ယိုစီးမှု သဘော
၂။ ဖွဲ့စည်းမှု သဘော

၃။ တေဇောဓာတ်

၁။ ပူမှု သဘော
၂။ အေးမှု သဘော

၄။ ဝါယောဓာတ်

၁။ ထောက်ကန်မှု သဘော
၂။ တွန်းကန်မှု သဘော

မာ-ကြမ်း-လေး၊ ပျော့-ချော-ပေါ့ကား ပထဝီဓာတ်၏ သဘာဝလက္ခဏာ,[မှတ်စု ၄] ယိုစီး-ဖွဲ့စည်းကား အာပေါဓာတ်၏ သဘာဝလက္ခဏာ, ပူ-အေးကား တေဇောဓာတ်၏ သဘာဝလက္ခဏာ, ထောက်ကန်မှုသဘောကား ဝါယောဓာတ်၏ သဘာဝလက္ခဏာ, တွန်းကန်မှုသဘောကား ဝါယောဓာတ်၏ လုပ်ငန်းကိစ္စရပ် ဖြစ်သည်။ တစ်နည်း - လက္ခဏာ ဖြစ်သည်။[မှတ်စု ၅]

ရှေးဦးစွာ မိမိ ရရှိထားပြီးသည့် အာနာပါနစတုတ္ထစျာန်သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ အလိုရှိပါက ဩဒါတကသိုဏ်း စတုတ္ထစျာန်သမာဓိအထိ သမာဓိကို ထူထောင်ပါ။ (တရားထိုင်တိုင်း သမာဓိကို ထူထောင်ရန် မမေ့ပါနှင့်။) ထိုနောင် ..

၁။ မာ-မှု ထင်ရှားသည့် တစ်နေရာက စ၍ မာမှုသဘောကို ဦးခေါင်းမှသည် ခြေဖျားသို့ တိုင်အောင် တစ်ကိုယ်လုံး၌ အနှံ့အပြား မြင်အောင် ရှုပါ။ အလားတူပင် –
၂။ ကြမ်းမှု ထင်ရှားသည့် တစ်နေရာကစ၍ ကြမ်းမှုသဘောကို။ ပ။
၃။ လေးမှု ထင်ရှားသည့် တစ်နေရာကစ၍ လေးမှုသဘောကို။ ပ။
၄။ ပျော့မှု ထင်ရှားသည့် တစ်နေရာကစ၍ ပျော့မှုသဘောကို။ ပ။
၅။ ချောမှု ထင်ရှားသည့် တစ်နေရာကစ၍ ချောမှုသဘောကို။ ပ။
၆။ ပေါ့မှု ထင်ရှားသည့် တစ်နေရာကစ၍ ပေါ့မှုသဘောကို။ ပ။
၇။ ယိုစီးမှု ထင်ရှားသည့် တစ်နေရာကစ၍ ယိုစီးမှုသဘောကို။ ပ။
၈။ ဖွဲ့စည်းမှု ထင်ရှားသည့် တစ်နေရာကစ၍ ဖွဲ့စည်းမှုသဘောကို။ ပ။
၉။ ပူမှု ထင်ရှားသည့် တစ်နေရာကစ၍ ပူမှုသဘောကို။ ပ။
၁၀။ အေးမှု ထင်ရှားသည့် တစ်နေရာကစ၍ အေးမှုသဘောကို။ ပ။
၁၁။ ထောက်ကန်မှု ထင်ရှားသည့် တစ်နေရာကစ၍ ထောက်ကန်မှု သဘောကို။ ပ။
၁၂။ တွန်းကန်မှု ထင်ရှားသည့် တစ်နေရာကစ၍ တွန်းကန်မှုသဘောကို ဦးခေါင်းမှသည် ခြေဖျားသို့တိုင်အောင် တစ်ကိုယ်လုံး၌ အနှံ့အပြား မြင်အောင် ရှုပါ။

ဤ (၁၂)မျိုးသော ဓာတ်သဘောတရားတို့တွင် မည်သည့်သဘောတရားကိုမဆို ရှုပါက တစ်ကိုယ်လုံး၌ ပြန့်နေပါစေ၊ တစ်ကိုယ်လုံး၌ အနှံ့အပြား မြင်ပါစေ။ ရှေးဦးစွာ မာမှုသဘောကို တစ်ကိုယ်လုံး အနှံ့အပြား မြင်အောင် ရှုကြည့်ပါ။ အောင်မြင်မှု ရရှိပါက ကျန်ဓာတ်များကိုလည်း ဆက်ရှုပါ။ အကယ်၍ မအောင်မြင်ပါက တွန်းကန်မှု သဘောက စ၍ ရှုကြည့်ပါ။ တွန်းကန်မှုသဘောသည် ကျန်ဓာတ်သဘောတရားများကို ဉာဏ်ဖြင့်တွေ့မြင်ဖို့ရန် များစွာ အထောက်အကူ ပြုပေသည်။

ဝ-လုံးတန်းက စပါ

ဗျည်း (၃၃)လုံးတွင် က-ကြီး, ခ-ခွေးက စသည် မှန်သော်လည်း ကလေးသူငယ်တစ်ဦးကို သင်ပေးရာ၌ ဝ-လုံးက လွယ်ကူသဖြင့် ဝ-လုံးတန်းက စ၍ သင်ပြပေးရသကဲ့သို့ အလားတူပင် ဝါယောဓာတ်၏ တွန်းကန်မှုသဘော မှာလည်း ဝ-လုံးနှင့် တူနေ၏၊ ယောဂီအများစု၌ ရှု၍ လွယ်ကူသည်ကို တွေ့ရ၏၊ ထို့ကြောင့် အထက်ပါစနစ်ဖြင့် မအောင်မြင်ပါက ဝ-လုံးတန်းက စရှုကြည့်ပါ။

ယောဂါဝစရပုဂ္ဂိုလ်သည် ဦးခေါင်း၏ အလယ်ဗဟိုလောက်တွင် ဘာဝနာစိတ်ကို စိုက်ထားပါ၊ အသက် ရှူသွင်း လိုက်သောအခါ အသက်ရှူထုတ်လိုက်သောအခါ တွန်းကန်နေသည့်သဘောကို ထိုနေရာ၌ ဉာဏ်ဖြင့် စိုက်၍ ရှုကြည့်ပါ။ အသက်ရှူသွင်းလိုက်တိုင်း ရှူထုတ်လိုက်တိုင်း တွန်းနေသည့်သဘောကို ဉာဏ်ဖြင့် စူးစူးစိုက်စိုက် ကြည့်ပါ၊ လေကို မကြည့်ပါနှင့်။ ဆွမ်းလုတ်ကို ဝါးသောအခါ ပါးအတွင်း၌ တွန်းကန်နေသည့် ပုံစံမျိုး ဖြစ်သည်။ တွန်းကန်မှုသဘောကို တွေ့ရှိသောအခါ ထိုတွန်းကန်မှုသဘော၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။

ဤစနစ်ဖြင့်လည်း အောင်မြင်မှုကို မရရှိပါက မိမိ ရရှိထားပြီးသည့် အာနာပါနစတုတ္ထစျာန်သမာဓိကို, အလိုရှိပါက ဩဒါတကသိုဏ်း စတုတ္ထစျာန်သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ သမာဓိ၏စွမ်းအင်များ ပြည့်ဝလာသောအခါ၌ တွန်းကန်မှုသဘောကို အထက်ပါအတိုင်း တစ်ဖန် ပြန်၍ ရှုကြည့်ပါ။

အာနာပါနစတုတ္ထစျာန်သမာဓိ သို့မဟုတ် ဩဒါတကသိုဏ်းစတုတ္ထစျာန်သမာဓိတို့မှာ (ဤကျမ်းစာ၌ ရေးသား တင်ပြထားသည့်အတိုင်း ဆိုရမူ) ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာ၏ အခြေပါဒက အကြောင်းရင်းစျာန်ပင် ဖြစ်သည်။ ယင်းသမာဓိကို စွမ်းအင်ပြည့်ဝလာအောင် လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသည့်တိုင်အောင် ထူထောင်ပါ။ တရားထိုင်တိုင်း အခက်အခဲရှိတိုင်း လိုက်နာပြုကျင့်ရမည့် ဥပဒေသတစ်ခု ဖြစ်သည်။

တွန်းကန်မှုသဘောကို ဦးခေါင်းအတွင်း၌ ထင်ထင်ရှားရှား တွေ့မြင်သောအခါ ထိုတွန်းကန်မှုသဘောတရား အပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ တွန်းကန်မှုသဘောတရားအပေါ်၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသောအခါ ယင်းတွန်းကန်မှုသဘောတရားသည်လည်း အလွန်ထင်ရှားလာမည် ဖြစ်သည်။ ထင်ရှား လာသောအခါ ဦးခေါင်း၏ အတွင်းပိုင်းမှသည် ဦးခေါင်း၏ အပြင်ဘက်သို့တိုင်အောင် တစ်စတစ်စ တဖြည်းဖြည်း တွန်းကန်မှုသဘောတရားကို ထင်ထင်ရှားရှား မြင်တွေ့အောင် ဉာဏ်ဖြင့် လိုက်ကြည့်ပါ။ အရိုးကြား, အကြောကြား, အသားကြား, အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ လိုက်ကြည့်ပါ။ ဦးခေါင်းတစ်ခုလုံး၌ တွန်းကန်မှု သဘောတရားကို ထင်ထင်ရှားရှား တွေ့မြင်သောအခါ လည်ပင်း ရင်ဘတ် ဝမ်းဗိုက်စသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ဉာဏ်ကို စေလွှတ်၍ အရိုးကြား, အကြောကြား, အသားကြား, အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ လိုက်ရှုပါ။ တစ်ကိုယ်လုံး၌ ခြေဆုံးခေါင်းဆုံး တွန်းကန်မှုသဘောတရားကို ထင်ထင်ရှားရှား တွေ့မြင်သောအခါ ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်သဘောတရားတစ်ခုကို ရှုပွားမှု၌ အောင်မြင်သွားပြီ ဖြစ်သည်။ ဝ-လုံး တစ်လုံးကို ဝိုင်းစက်အောင် ရေးတတ်သွားပေပြီ။ အကယ်၍ ဝင်လေ-ထွက်လေ၌ တွန်းကန်မှုသဘောကို စိတ်စိုက်ရှုသော်လည်း ထင်ထင်ရှားရှား မတွေ့၍သော်လည်းကောင်း, ဝမ်းဗိုက်မှ စတင်၍ ရှုရန် စိတ်က ပို၍ ထက်သန်နေသော်လည်းကောင်း ထိုအခါမျိုး၌လည်း ဝမ်းဗိုက်ဝယ် တွန်းကန်မှု ထင်ရှားရာ နေရာမှစ၍ တစ်ကိုယ်လုံး၌ တွန်းကန်မှုသဘောတရားကို မြင်အောင် အလားတူပင် ဆက်ရှုနိုင်ပေသည်။

တွန်းကန်မှုသဘောတရားတစ်ခုကို ခန္ဓာအိမ်တစ်ခုလုံး၌ အနှံ့အပြား ထင်ထင်ရှားရှား တွေ့မြင်သောအခါ နည်းတူပင် မာမှုထင်ရှားသည့် တစ်နေရာက စ၍, အထူးသဖြင့် သွားနှစ်ခုထိထားသည့် နေရာက စ၍ မာမှုသဘော တရားကို တစ်ကိုယ်လုံး အနှံ့အပြား မြင်အောင် ဆက်ရှုပါ။ ထင်ရှားလာသောအခါ တွန်းမှု မာမှု သဘောတရားနှစ်မျိုးကို ခြေဆုံး ခေါင်းဆုံး မြင်အောင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ဣရိယာပုထ် လေးပါးလုံး၌ ကွေးရာ ဆန့်ရာ စသည့် ကိုယ်အမူအရာအားလုံးတို့၌လည်း ယင်း တွန်းမှု မာမှု ဓာတ်များကို ရှုနိုင်အောင် ကြိုးစားပါ။

တွန်းမှု မာမှု သဘောတရားနှစ်ခုကို ထပ်ကာထပ်ကာ ရှုခဲ့သော် ကျန်းမှု (= ကျန်းတန်းမှု = ကြမ်းတမ်းမှု) သဘောကို ဉာဏ်ဖြင့် တွေ့မြင်လာတတ်သည်။ ခန္ဓာကိုယ်ကို သဲဖြင့် ပွတ်သပ်သကဲ့သို့ ကျန်းမှုသဘောကို တွေ့မြင် တတ်သည်။ မတွေ့သော် ကျန်းမှု ထင်ရှားသည့် တစ်နေရာက စ၍ ကျန်းမှု သဘောကို မြင်အောင် ရှုပါ။ လက်ဖဝါးကို ပက်လက်လှန်၍ လက်ဖမိုးဖြင့် အဝတ်ကို ပွတ်ကြည့်ပါ၊ အပေါ်အံသွားထိပ်ကို လျှာဖြင့် ပွတ်ကြည့်ပါ၊ ကျန်းမှုသဘောကို ထင်ထင်ရှားရှား တွေ့နိုင်သည်။ ယင်းသို့ ထင်ရှားသည့် တစ်နေရာမှ စ၍ တစ်ကိုယ်လုံး၌ ကျန်းမှုသဘောတရားကို မြင်အောင် ဆက်ရှုပါ။ အောင်မြင်မှု မရခဲ့သော် ထို ကျန်းမှုထင်ရှားသည့် နေရာ၌ပင် တွန်းမှု-မာမှု-ကျန်းမှု သဘောတရားတို့ကို ပူးတွဲ ရှုကြည့်ပါ။ ဆင်ရိုင်းတစ်ကောင်ကို ယဉ်ကျေးသည့် ဆင်တစ်ကောင်ဖြင့် ချော့၍ မျှား၍ ဖမ်းယူသကဲ့သို့ မထင်ရှားသည့် ဓာတ်ကို တွေ့ရှိအောင် ထင်ရှားသည့် ဓာတ်ဖြင့် ပူးတွဲရှုခြင်းဖြစ်သည်။ အောင်မြင်မှုကို ရရှိတတ်ပါသည်။ အောင်မြင်မှုကို မရခဲ့သော် မိမိ ရရှိထားပြီးသည့် စျာန်သမာဓိများကို တစ်ဖန် ပြန်လည်၍ ထူထောင်ဖို့ လိုအပ်ပါသည်။

သမာဓိရှိသော ပုဂ္ဂိုလ်သည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏၊[မှတ်စု ၆] –– ဟု ဘုရားရှင် ဟောကြား ထားတော်မူသောကြောင့် သမာဓိကို စွမ်းအင်ပြည့်ဝလာအောင် တစ်ဖန် ပြန်၍ ထူထောင်ရခြင်း ဖြစ်သည်။ သမာဓိ၏ အရှိန်အဝါ အားကောင်းလာသောအခါ တွန်းမှု မာမှု ကျန်းမှု သဘောတရားတို့ကို တစ်ဖန် ပြန်၍ ရှုကြည့်ပါ။

အောင်မြင်မှုကို ရရှိသောအခါ လေးမှုသဘောတရားတစ်ခုကို ခန္ဓာကိုယ်ဝယ် လေးမှုထင်ရှားရာနေရာမှ စ၍ တစ်ကိုယ်လုံး၌ အနှံ့အပြား မြင်အောင် ရှုကြည့်ပါ။ မထင်ရှားပါက ထိုင်နေသည့် ကြမ်းပြင်ကို တင်ပါးဖြင့် အနည်းငယ် ဖိကြည့်ပါ၊ သို့မဟုတ် ပေါင်ပေါ်သို့ တင်ထားသော လက်ကို အနည်းငယ် ဖိကြည့်ပါ။ အောင်မြင်မှုကို ရတတ်ပါသည်။ အောင်မြင်ခဲ့သော် တွန်းမှု မာမှု ကျန်းမှု လေးမှု သဘောတရားတို့ကို ခြေဆုံးခေါင်းဆုံး မြင်အောင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ဓာတ်သဘောတရားတစ်ခုကို ရှုသော်လည်း ဓာတ်သဘောတရားအားလုံးကိုပင် ပြိုင်တူလိုလို ဉာဏ်၌ ထင်မြင်နေပါက ပို၍ကောင်းသည်သာ ဖြစ်သည်။

ထိုနောင် ထောက်ကန်မှုသဘောတရားကို ဆက်ရှုနိုင်သည်။ ထောက်ကန်မှုဟူသည် ပြိုလဲတော့မည့် အိမ် တစ်အိမ်ကို ကျားခေါ်သည့် သစ်သားတစ်ချောင်းဖြင့် ထောက်ကန်ထားလိုက်သောအခါ မပြိုမလဲတော့ဘဲ တည်ငြိမ်စွာ ရပ်တည်နေသကဲ့သို့ အလားတူပင် ဤခန္ဓာအိမ်ကြီး၌လည်း သွားလျှင် သွားသည့်ဣရိယာပုထ်အတိုင်း တည်ရှိနေအောင် မပြိုမလဲရအောင်, ရပ်လျှင် ရပ်သည့်ဣရိယာပုထ်အတိုင်း တည်ရှိနေအောင် မပြိုမလဲရအောင်, ထိုင်လျှင် ထိုင်သည့် ဣရိယာပုထ်အတိုင်း တည်ရှိနေအောင် မပြိုမလဲရအောင်, အိပ်လျှင်လည်း အိပ်သည့်ဣရိယာပုထ်အတိုင်း တည်ရှိနေ အောင် မပြိုမလဲရအောင် ထောက်ကန်ထားသည့် ထိန်းထားသည့် သဘောတရားတစ်ခု ဖြစ်သည်။ ယင်းထောက်ကန်မှု သဘောတရားကို မာမှုသဘောတရားနှင့် တွဲရှုပါက ပို၍ သဘောပေါက်မြန်တတ်ပါသည်။ အကယ်၍ မထင်ရှားပါက ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ကြည့်ပါ။ မပြိုမလဲရအောင် ထိန်းထားသည့် ထောက်ကန်ထားသည့် ငြိမ်အောင် ထိန်းထားသည့်သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ။ အောင်မြင်မှုကို ရရှိတတ်ပါသည်။ အောင်မြင်မှုကို ရခဲ့သော် တစ်ကိုယ်လုံး၌ အနှံ့အပြားမြင်အောင် ဆက်ရှုပါ။ မာမှုသဘောနှင့် ကပ်၍ ရှုပါက ခန္ဓာအိမ်ကို ထားမြဲတိုင်း တည်မြဲတိုင်းသော ဣရိယာပုထ်အတိုင်း မပြိုမလဲရအောင် တုတ်နှင့် လျှိုထားသကဲ့သို့ မတ်နေအောင် ထိန်းထားသည့် ထောက်ကန်မှုသဘောကို ပို၍ လျင်မြန်စွာ သဘောပေါက်တတ်သဖြင့် မာ-ကျန်း-လေးဟူသော ဂရုပထဝီဓာတ်တို့ကို ရှုပြီးမှ ထောက်ကန်မှု ဝါယောဓာတ်ကို ရှုရန် တင်ပြရခြင်း ဖြစ်သည်။ အလွယ်မှ အခက်သို့ ကူးတက်သည့်သဘော ဖြစ်သည်။

အောင်မြင်မှုကို ရရှိသောအခါ တွန်း-မာ-ကျန်း-လေး-ထောက် ဟူသော ယင်းသဘောတရား ငါးမျိုးကို တစ်ကိုယ်လုံး၌ မြင်အောင် ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ဆက်လက် ရှုပွားပါ။ သမာဓိတည်းဟူသော မြတ်သော ကျောက်ဖျာထက်၌ ဉာဏ်တည်းဟူသော သန်လျက်ကို မြမြထက်အောင် သွေးနေခြင်း ဖြစ်သည်။ ကျေနပ်မှုကို ရရှိသောအခါ ပျော့မှုသဘောကို ဆက်ရှုပါ။ အောက်အတွင်းနှုတ်ခမ်းသားကို လျှာဖြင့် အသာအယာ ထိထားကြည့်ပါ။

ပျော့ပျောင်းသည့်သဘောကို အာရုံယူကြည့်ပါ။ နူးညံ့ပျော့ပျောင်းသည့် သဘောကို တွေ့ရှိနိုင်ပါသည်။ ယင်းပျော့သည့် သဘောတရားအပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။

ထင်ရှားလာသောအခါ ခန္ဓာကိုယ်တစ်ခုလုံး၌ ခြေဆုံးခေါင်းဆုံး ပျော့မှုသဘောတရားကို မြင်အောင် ဆက်ရှုပါ။ မုန့်ကျွဲသည်းကဲ့သို့ အကြိမ်တစ်ရာ ဖတ်ထားအပ်သော ဝါဂွမ်းစိုင်ကဲ့သို့ တစ်ကိုယ်လုံး၌ ပျော့ပျောင်းသည့်သဘောကို မြင်အောင် ကြိုးစားပါ။

ပျော့ပျောင်းမှု သဘောတရားကို ကျေကျေနပ်နပ် တွေ့မြင်သောအခါ ချောမှုသဘောတရားကို ဆက်ရှုပါ။ ယင်းပျော့ပျောင်းနူးညံ့နေသည့် အတွင်းနှုတ်ခမ်းသား၌ လျှာကို တံတွေးရွှဲအောင်ဆွတ်၍ ခပ်ဖြည်းဖြည်း အသာအယာ ပွတ်ကြည့်ပါ။ ချောမွတ်နေသည့် သဘောတရားကို တွေ့ရှိနိုင်ပါသည်။ ယင်းချောမွတ်သည့် သဘောတရားအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ ထင်ရှားလာသောအခါ တစ်ကိုယ်လုံး၌ အနှံ့အပြားမြင်အောင် ဆက်ရှုပါ။ ခန္ဓာကိုယ်ကို ဆီဖြင့် လိမ်းသုတ်လျက် ပွတ်သပ်ကြည့်သောအခါ ချောမွတ်နေသည့် သဘောတရားကို တွေ့သကဲ့သို့ မြင်နေပါစေ။

ထိုသို့တွေ့မြင်သောအခါ ပေါ့မှုသဘောတရားကို ဆက်ရှုပါ။ ပျော့မှုနှင့် ချောမှု သဘောတရားကို ထပ်ကာ ထပ်ကာ ရှုနေပါက ပေါ့မှုသဘောတရားသည်လည်း ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ထင်ရှားလာတတ်ပါသည်။ အကယ်၍ မထင်မရှား ဖြစ်နေပါက ဒူးပေါ်၌ တင်ထားသော လက်မှ လက်ညှိုး တစ်ချောင်းကို အသာအယာ-မ-ကြည့်ပါ၊ ပေါ့မှုသဘောတရားသည် ထင်ရှားလာတတ်ပါသည်။ အကယ်၍ မထင်မရှား ဖြစ်နေပါက လေးမှုသဘောတရားကို တစ်ဖန်ပြန်၍ ရှုပါ။ ခန္ဓာကိုယ်တစ်ကိုယ်လုံး၌ လေးလံမှုသဘောတရားကို ထင်ထင်ရှားရှား တွေ့မြင်ရသောအခါ အထက်ပါအတိုင်း ဒူးပေါ်၌ တင်ထားသော လက်ညှိုးတစ်ချောင်းကို ဖြည်းညင်းစွာ အသာအယာ-မ-ကြည့်ပါ။ ပေါ့မှုသဘောတရားကို စူးစူးစိုက်စိုက် ရှုကြည့်ပါ။ လေထဲမှာ လွင့်နေသော ဝါဂွမ်းစိုင်ကဲ့သို့ ပေါ့မှုသဘောကို ထင်ထင် ရှားရှား တွေ့နိုင်သည်။

မာ-ကျန်း-လေး-ပျော့-ချော-ပေါ့ကား ပထဝီဓာတ်၊ ထောက်ကန်-တွန်းကန်သဘောကား ဝါယောဓာတ် ဤသို့လျှင် ဓာတ်နှစ်ပါးကို သိမ်းဆည်းမိလေပြီ။ ထပ်ကာထပ်ကာ ကြိမ်ဖန်များစွာ သိမ်းဆည်းပါ။ ကျေနပ်မှုကို ရရှိသော အခါ တေဇောဓာတ် ပူမှုသဘောကို ဆက်ရှုပါ၊ ဘယ်ဘက်လက်ဝါးပေါ်၌ ညာဘက်လက်ဝါးကို တင်ထားသောအခါ ညာဘက်လက်ခုံ၌ ပူမှုသဘောကို တွေ့နိုင်၏၊ ယင်းပူမှုသဘောကို အာရုံစိုက်၍ ရှုပါ။ ခန္ဓာကိုယ်ဝယ် ပူမှုထင်ရှားရာ မည်သည့်နေရာကမဆို ရှုနိုင်ပါသည်။ ထိုသို့ ပူမှုသဘောကို စိုက်၍ ရှုလိုက်ရာ ပူမှုသဘောတရားသည် ဉာဏ်၌ ထင်ရှားလာသောအခါ ခန္ဓာကိုယ်တစ်ကိုယ်လုံး၌ အနှံ့အပြား မြင်အောင် အရိုးကြား အကြောကြား အသားကြား အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ ပူမှုသဘောကို ထင်ထင်ရှားရှား မြင်သိအောင် ရှုပါ။

အောင်မြင်မှုကို ရရှိသောအခါ အေးမှုသဘောကို ဆက်၍ ရှုကြည့်ပါ။ အေးမှုထင်ရှားရာ မည်သည့်နေရာကမဆို ရှုနိုင်ပါသည်။ အေးမှုထင်ရှားရာ နေရာကို လွယ်လွယ်နှင့် မတွေ့ပါက နှာသီးဝတွင် ဝင်လေအခိုက်၌ အေးမှုသဘောကို မြင်အောင် ရှုပါ။ အေးမှုသဘောကိုသာ တစ်ဖက်သတ် အာရုံယူပါ။ တစ်စတစ်စ ထင်ရှားလာသောအခါ တစ်ကိုယ်လုံး၌ အနှံ့အပြား မြင်အောင် အေးမှုသဘောကို ဆက်၍ ရှုပါ။

အေးမှုသဘောကို ခြေဆုံးခေါင်းဆုံး မြင်တွေ့သောအခါ တေဇောဓာတ်ရှုကွက်မှာ အောင်မြင်သွားပြီ ဖြစ်သည်။ မာ-ကျန်း-လေး - ပျော့-ချော-ပေါ့၊ ပူ-အေး၊ ထောက်-တွန်းဟု ဓာတ်သဘောတရား (၁၀)မျိုးကို ရရှိသွားပြီ ဖြစ်၏၊ ယင်း (၁၀)မျိုးသော သဘောတရားတို့ကို ထပ်ကာထပ်ကာ ရှုနေပါက ကြိမ်ဖန်များစွာ အလေ့အလာ ပြုနေပါက ဖွဲ့စည်းသည့် အာပေါဓာတ်၏ အာဗန္ဓနလက္ခဏာသည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ထင်ရှားလာတတ်ပေသည်။ အကယ်၍ ဤသို့ ကြိုးပမ်းသော်လည်း ယင်းဖွဲ့စည်းမှုသဘောမှာ မထင်မရှားဖြစ်နေပါက တွန်းကန်မှုသဘောနှင့် မာမှုသဘောတရား နှစ်မျိုးတို့ကိုသာ ထပ်ကာထပ်ကာ ရှုနေပါ၊ ဖွဲ့စည်းမှုသဘောတရားသည် ထင်ရှားလာပေလိမ့်မည်။ ဖွဲ့စည်းမှုဟူသည် ခန္ဓာကိုယ်တစ်ခုလုံးကို ကြိုးနှင့်စည်းထားသကဲ့သို့ တင်းကျပ်စွာ စည်းနှောင်ထားသည့်သဘော ဖြစ်သည်။

ယင်း ဖွဲ့စည်းမှုသဘောကို ထင်ထင်ရှားရှား ဉာဏ်ဖြင့် တွေ့မြင်သောအခါ ယိုစီးမှုထင်ရှားရာ တစ်နေရာမှစ၍ ယိုစီးမှုသဘောကို မြင်အောင်ရှုပါ။ သဘောမပေါက်ပါက သွား၏ အရင်းတစ်နေရာဝယ် သွားရည်များ ယိုစီးစိမ့်ထွက်ရာ နေရာမှစ၍ ယိုစီးမှုသဘောကို တစ်ကိုယ်လုံး အနှံ့အပြား မြင်အောင် ရှုပါ။ (၃၂)ကောဋ္ဌာသတို့ကို အဝါးဝစွာ ရှုထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ အာပေါဓာတ်လွန်ကဲနေသော အာပေါကောဋ္ဌာသ (၁၂)မျိုးတို့ကိုလည်း ရှုတတ်ပြီး ဖြစ်နေရကား သွေးကဲ့သို့ ယိုစီးမှု အာပေါဓာတ် လွန်ကဲသော ကောဋ္ဌာသတစ်ခုခုဖြင့် ကပ်၍ ရှုပါက ပို၍လွယ်ကူနေမည်သာ ဖြစ်ပေသည်။ ယိုစီးမှုသဘောတရားကို ခန္ဓာကိုယ်အနှံ့အပြား အထက်အောက် စုန်ဆန်လျက် စီးဆင်းနေပုံကို သဘောပေါက်ပါက အာပေါဓာတ်နှစ်မျိုးကို ရှုပွားမှုလည်း အောင်မြင်သွားပြီ ဖြစ်ပေသည်။ ထိုအခါ တွန်း-မာ-ကျန်း-လေး-ထောက်-ပျော့-ချော-ပေါ့-ပူ-အေး-ဖွဲ့စည်း-ယိုစီးဟူသော ဤအစဉ်အတိုင်းပင် ဓာတ်သဘော တရား (၁၂)မျိုးကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုနေပါဦး။ ထိုသို့ ရှုရာ၌ မည်သည့်သဘောတရားကိုမဆို ရှုလိုက်တိုင်း ခြေဆုံးခေါင်းဆုံး ဦးခေါင်းမှသည် ခြေဖျားသို့တိုင်အောင် ထင်ထင်ရှားရှား တွေ့မြင်နေအောင် ကြိုးစားပါ။ ထိုနောက် သွက်သွက်လက်လက် မြင်အောင် ဆက်ကြိုးစားပါ။ ထိုသို့ ကြိုးစားရာ၌ ဓာတ်သဘောတရား (၁၂)မျိုးပြည့်က တစ်ခေါက် ဖြစ်၏၊ တစ်မိနစ်အတွင်းဝယ် နှစ်ခေါက် သုံးခေါက် ရရှိအောင် ကြိုးစားပါ။

အထက်ပါအတိုင်း လေ့ကျင့်၍ အောင်မြင်မှုကို ရရှိပါက ဝ-လုံးတန်းကို အောင်မြင်လေပြီ။ ထိုအခါ ဘုရားဟော ဒေသနာစဉ်အတိုင်း တစ်ဖန်ပြန်၍ ပြောင်းရှုပါ။ မာ-ကျန်း-လေး-ပျော့-ချော-ပေါ့၊ ယိုစီး-ဖွဲ့စည်း၊ ပူ-အေး၊ ထောက်တွန်းဟူသော ဒေသနာစဉ်အတိုင်း တစ်ဖန် ရှုပါ။ ဝ-လုံးတန်း ကျေညက်သွားသောအခါ က-ကြီး ခ-ခွေးမှ စ၍ ဗျည်း (၃၃)လုံးကို တစ်ဖန်ပြန်၍ သင်ယူရသကဲ့သို့ မှတ်ပါ။ ဒေသနာတော်စဉ်အတိုင်း ရှု၍ သွက်လာသောအခါ..

ထိုထို အရိုးကြား အကြောကြား အသားကြား အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ ဓာတ်ကြီး လေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပွားမှုလုပ်ငန်းခွင်ကား အောင်မြင်သွားပေပြီ။[မှတ်စု ၇]သို့သော် လမ်းကား မဆုံးသေးပါ။ ဤကဲ့သို့ ဓာတ်သဘောတရားတို့ကို ရှုနေရုံမျှဖြင့် ရုပ်ကလာပ်များကို တွေ့မြင်သော ယောဂါဝစရပုဂ္ဂိုလ်တို့လည်း ရှိတတ်ပါ၏၊ မတွေ့မြင်နိုင်သေးသော ယောဂါဝစရ ပုဂ္ဂိုလ်တို့လည်း ရှိတတ်ပါ၏၊ ရုပ်ကလာပ်တို့ကို မတွေ့မြင်နိုင်သေးသော ယောဂါဝစရပုဂ္ဂိုလ်တို့သည် ..

မိမိ၏ ရူပကာယတစ်ခုလုံးကို ဉာဏ်ဖြင့်ဆင်ခြင်၍ ရှုရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၈]က ညွှန်ကြားထားသည့်အတိုင်း မိမိ၏ ခန္ဓာကိုယ်ကို အပေါ်က ခြုံငုံကြည့်၍ မာ-ကျန်း-လေး-ပျော့-ချော-ပေါ့၊ ယိုစီး-ဖွဲ့စည်း၊ ပူ-အေး၊ ထောက်တွန်းဟူသော ဓာတ်သဘောတရား (၁၂)မျိုးကို ရှုပါ၊ တစ်ကိုယ်လုံးကို ခြုံငုံ၍ ရှုနိုင်အောင် လေ့ကျင့်ပါ။ ထိုသို့ခြုံငုံ၍ ရှုရာ၌ ယောဂီအများစု၌ ဦးခေါင်းကစ၍ ဖြိုပြီး တစ်ကိုယ်လုံးကို ခြုံငုံ၍ ရှုလိုက်ပါက မကြာမီ အချိန်ကာလအတွင်းမှာပင် ဦးခေါင်းတစ်လုံးလုံး ခဲလာတတ်၏ မာလာတတ်၏ မခံနိုင်ဖြစ်လာတတ်၏၊ ထို့ကြောင့် လည်ကုပ်အရပ်လောက်က စ၍ ဦးခေါင်းပိုင်းနှင့် အောက်ပိုင်းကိုမျှ၍ ဓာတ်သဘောတရား (၁၂)မျိုးကို ခြုံငုံရှုပါ။ ထိုသို့ ရှုရာ၌ စွမ်းနိုင်ပါက ဓာတ်သဘောတရားကိုသာ အာရုံယူပါ၊ ကိုယ်ကို အာရုံ မယူပါနှင့်။ ဦးခေါင်းမှသည် ခြေဖျားသို့, ခြေဖျားမှသည် ဦးခေါင်းသို့တိုင်အောင် ထက်အောက်စုန်ဆန် အပြန်ပြန် အလှန်လှန် ရှုဖို့ မလိုပါ။ ဓာတ်သဘောတရား (၁၂)မျိုး အာရုံ၌သာ ခြုံငုံကြည့်ကာ သမာဓိကိုသာ ထူထောင်နေပါ။ ဓာတ်သဘောတရား (၁၂)မျိုးလုံးကို သွက်သွက်လက်လက် ဉာဏ်ဖြင့် မြင်လာသောအခါ ပြိုင်တူလိုလို ဉာဏ်၌ ထင်လာသောအခါ မာ-ကျန်း-လေး-ပျော့-ချော-ပေါ့ကို ကြည့်၍ ပထဝီဓာတ်ဟုလည်းကောင်း, ယိုစီး-ဖွဲ့စည်းကို ကြည့်၍ အာပေါဓာတ်ဟုလည်းကောင်း, ပူ-အေးကို ကြည့်၍ တေဇောဓာတ်ဟုလည်းကောင်း, ထောက်-တွန်းကို ကြည့်၍ ဝါယောဓာတ်ဟုလည်းကောင်း အသီးအသီး ရှုပါ။ ဓာတ်ကြီး (၄)ပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင်သာ ကြိုးစားပါ။

မာ-ကျန်း-လေး-ပျော့-ချော-ပေါ့ကို မမြင်ဘဲ ပထဝီဓာတ်ဟုလည်းကောင်း, ယိုစီး-ဖွဲ့စည်းကို မမြင်ဘဲ အာပေါဓာတ်ဟုလည်းကောင်း, ပူ-အေးကို မမြင်ဘဲ တေဇောဓာတ်ဟုလည်းကောင်း, ထောက်-တွန်းကို မမြင်ဘဲ ဝါယောဓာတ်ဟုလည်းကောင်း မရှုပါနှင့်။ ဆို-ကမ္မဋ္ဌာန်း မဖြစ်ဖို့ရန် သတိပြုပါ။ ယင်းဓာတ်သဘောတရားတို့ကို မမြင်သေးသော် မြင်အောင် ရှေးဦးစွာ လေ့ကျင့်ပါ။ သဘောတရား အသီးအသီးကို ဉာဏ်ဖြင့် ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း ထင်ထင်ရှားရှား လက်ဝယ်တင်ထား ပတ္တမြားသို့ ပိုင်းပိုင်းခြားခြား ပြဲ့ပြဲ့ကုန်စင် ဉာဏ်ဖြင့် သိမြင်သောအခါကျမှ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု ကာလအရာ ကာလအထောင် ကာလအသိန်းမက ရှုနေပါ။ ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ၊ သမာဓိကို ထူထောင်ပါ။

သတိပြုရန် အချက်များ

(က) ဓာတ်ညီမျှအောင် ရှုပါ

မာ-ကျန်း-လေး၊ ပျော့-ချော-ပေါ့၊ ယိုစီး-ဖွဲ့စည်း၊ ပူ-အေး၊ ထောက်-တွန်း ဟူသော သဘောတရား (၁၂)မျိုးကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဝယ် ထင်ရှားအောင် ရှုသည့်အပိုင်း၌ ဖြစ်စေ၊ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဟု ရှုသည့် ဤအပိုင်း၌ဖြစ်စေ သဘောတရား တစ်မျိုးတည်း ဓာတ်တစ်လုံးတည်းကိုသာ သဲသဲမဲမဲ ရက်ရှည်လများ မရှုပါနှင့်။ ရှုခဲ့သော် ဓာတ်လွန်သွားတတ်၏၊ ဓာတ်လွန်နေခဲ့သော် အထူးသဖြင့် မာမှုသဘော, တွန်းမှုသဘော, ပူမှုသဘောတရားတို့ လွန်ကဲနေခဲ့သော် ခံနိုင်ရည်မရှိ ဖြစ်လာတတ်၏၊ အလားတူပင် မာမှုသဘော, လေးမှုသဘော, ဖွဲ့စည်းမှုသဘောတို့ လွန်ကဲလာသောအခါ၌လည်း မခံနိုင်ဖြစ်တတ်၏၊ တရားထိုင်တိုင်း ယင်းလွန်ကဲနေသော ဓာတ်တို့က အနှောင့်အယှက် ပေးနေတတ်၏၊ သမာဓိ မရနိုင် ရှိတတ်၏၊ ထိုကြောင့် ဓာတ်တစ်ခုတည်းကို ရက်ရှည်လများ သဲသဲမဲမဲ စိုက်မရှုပါနှင့်၊ ဓာတ်ကြီးလေးပါးလုံးကိုသာ ညီမျှအောင် ထိန်းရှုပါ။

(ခ) ဓာတ်များကို တစ်နေရာမှ တစ်နေရာသို့ ရောက်အောင် ဆွဲချခြင်း

ရုပ်တရားတို့သည် ဖောက်ပြန်ခြင်း ရုပ္ပနသဘောလက္ခဏာ ရှိကြ၏၊ ဤ၌ ဖောက်ပြန်ခြင်း ရုပ္ပနသဘောလက္ခဏာဟူသည် အအေးအပူ စသော ဆန့်ကျင်ဘက် အကြောင်းတရားတို့ကြောင့် ရှေးရှေးက ဖြစ်သွားသော ရုပ်အစဉ် သန္တတိနှင့် မတူညီဘဲ နောက်နောက်သော ရုပ်အစဉ် သန္တတိ၏ ဖြစ်မှုသဘောမျှသာတည်း။[မှတ်စု ၉]

ပရမတ်တရားတို့ကား ဖြစ်သည့်နေရာ၌သာ ပျက်ရိုးဓမ္မတာ ရှိကြ၏၊ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ ဖြစ်နိုင်ရိုး ဓမ္မတာကား မရှိပေ။ ထိုကြောင့် ဦးခေါင်းအတွင်းပိုင်းမှ စ၍ တွန်းမှုသဘောကို စတင်၍ ရှုလာရာ ဦးခေါင်း၏ အတွင်း၌ ဖြစ်ပေါ်နေသော တွန်းကန်မှုသဘောသည် တဖြည်းဖြည်း ခြေဖျားသို့တိုင်အောင် ဆင်းသွားသည်ဟုကား မယူဆစေလိုပါ။ ခန္ဓာကိုယ်အနှံ့အပြား၌ တွန်းမှုသဘောကား ထင်ရှားရှိနေ၏၊ ထင်ရှားရှိနေသော ယင်းတွန်းမှုသဘော ကိုသာ နေရာတိုင်း၌ ခန္ဓာကိုယ်အနှံ့အပြား တွေ့ရှိအောင် ဉာဏ်ဖြင့် ရှာဖွေရှုခြင်းသာ ဖြစ်သည်။ ကျန်သဘောတရား တို့၌လည်း နည်းတူပင် မှတ်ပါ။ ဓာတ်ကြီးလေးပါးတို့ကား ခန္ဓာကိုယ်ဝယ် မည်သည့်နေရာ၌မဆို မည်သည့်ကိုယ်အင်္ဂါ အစိတ်အပိုင်း၌မဆို တစ်ကိုယ်လုံး အနှံ့အပြား ထင်ရှား တည်ရှိနေကြသည်သာ ဖြစ်၏၊ အကြောင်းတရားတို့၏ ကျေးဇူးပြုပေးမှု အရှိန်အဝါ မကုန်သေးသမျှကာလပတ်လုံး အကျိုးရုပ်တရားတို့သည် အဆက်မပြတ် ဖြစ်နေကြသည် သာတည်း။ ရှေးရှေးဖြစ်သွားသော ရုပ်သန္တတိအစဉ်အတန်းနှင့် နောက်နောက် ဖြစ်သွားသော ရုပ်အစဉ်သန္တတိသာ ကွာခြားလျက်ရှိသည်။ ဖြစ်ပျက်အစဉ်အတန်းချင်းကား တူညီလျက်ရှိ၏၊ ထို့ကြောင့် ရုပ်တရားတို့သည် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့၍ ဖြစ်ရိုး ဓမ္မတာကား မရှိ၊ အကြောင်းတရားတို့၏ စွမ်းအင်ကြောင့် နေရာအသစ်အသစ်၌ အသစ်အသစ်သော ရုပ်တရားတို့သာ ထပ်ကာထပ်ကာ ဥပါဒ်နေကြပေသည်။ ထိုကြောင့် ဓာတ်သဘောတရားများ ကိုလည်း တစ်နေမှ တစ်နေရာသို့ ရောက်အောင် ဆွဲချ၍ မရနိုင်ဟု မှတ်ပါ။

(ဂ) မာ-ကျန်း-လေး - ပျော့-ချော-ပေါ့

သုတ္တန်ပါဠိတော်[မှတ်စု ၁၀]တို့၌ ယေဘုယျအားဖြင့် ပထဝီဓာတ်ကို ကက္ခဠံ= မာမှုသဘော, ခရိဂတံ = ကျန်းမှုသဘောဟု နှစ်မျိုးသာ ဟောကြားထားတော်မူ၏၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၁၁]၌လည်း ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းရှုကွက်တွင် ထဒ္ဓဘာဝေါ ဝါ ခရဘာဝေါ ဝါ မာမှုသဘော ကျန်းမှုသဘော နှစ်မျိုးကိုသာလျှင် ဖွင့်ဆိုထား၏၊ ဤကျမ်း၌ကား ဓမ္မသင်္ဂဏီပါဠိတော်ဂတိသို့ လိုက်၍ ပထဝီဓာတ်၌ ဓာတ်သဘောတရား (၆)မျိုး ရှုရန် တင်ပြထားပါသည်။ ဓမ္မသင်္ဂဏီပါဠိတော်[မှတ်စု ၁၂]၌ကား ဤသို့ လာရှိ၏၊ ––

၁။ ကက္ခဠ = မာမှုသဘော၊
၂။ ဖရုသ = ကျန်းမှုသဘော၊
၃။ ဂရုက = လေးမှုသဘော၊
၄။ မုဒုက = ပျော့မှုသဘော၊
၅။ သဏှ = ချောမှုသဘော၊
၆။ လဟုက = ပေါ့မှုသဘော၊

ဤသို့လျှင် ပထဝီ၌ ဓာတ်သဘောတရား (၆)မျိုးလာရှိ၏၊

သုခဝေဒနာ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ်ကို သုခသမ္ဖဿ, ဒုက္ခဝေဒနာဖြစ်ခြင်း၏ အကြောင်းဖြစ်သော ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ်ကို ဒုက္ခသမ္ဖဿဟု ဆိုလို၏၊ ထိုကြောင့် ယင်းသုခသမ္ဖဿ ဒုက္ခသမ္ဖဿတို့ကား ယင်းဓာတ်သုံးပါးတို့၏ သီးခြားသဘာဝလက္ခဏာတို့ မဟုတ်ကြပေ။ ဓမ္မသင်္ဂဏီပါဠိတော်ဝယ် ဖောဋ္ဌဗ္ဗဓာတ်ကို ဝေဖန် ဟောကြားတော်မူရာ၌ မာ-ကျန်း-လေး၊ ပျော့-ချော-ပေါ့ဟူသော ဓာတ်သဘောတရား (၆)မျိုးကို ဟောကြားထားတော်မူသော်လည်း ယင်းသဘောတရားများမှာ ပထဝီဓာတ်ကိုသာလျှင် ဝေဖန်ဟောကြားထားတော်မူကြောင်းကို အဋ္ဌသာလိနီအဋ္ဌကထာ[မှတ်စု ၁၃]က ရှင်းလင်းတင်ပြထားပေသည်။

သုတ္တန်ဒေသနာတော်တို့၌ ပထဝီဓာတ်ရှုကွက်ဝယ် မာ-ကျန်း-သဘောတရား (၂)မျိုးကိုသာ ဟောကြားထားတော် မူသော်လည်း ဤကျမ်း၌ ဓမ္မသင်္ဂဏီပါဠိတော်သို့ လိုက်၍ (၆)မျိုး ဖော်ပြရခြင်းမှာ အကြောင်းရှိသည်သာ ဖြစ်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် အထက်ပါ ဓာတ်သဘောတရား (၁၂)မျိုးတို့ကို သို့မဟုတ် ဓာတ်ကမ္မဋ္ဌာန်းကို ပွားများ အားထုတ်ရာ၌ ရံခါ ဓာတ်များသည် လွန်ကဲလာတတ်၏၊ ယင်းဓာတ်တို့၏ လွန်ကဲလာမှုကြောင့် အချို့ယောဂီများ၌ ရရှိထားပြီးသည့် သမာဓိမှာ ပျက်ပြားကာ ဓာတ်ကို မရှုရဲ ဖြစ်နေတတ်၏၊ အထူးသဖြင့် မာမှုသဘော လေးမှုသဘော ဖွဲ့စည်းမှုသဘောတို့က အထူးလွန်ကဲလာသောအခါ ဦးခေါင်းတစ်ခုလုံးသည် တင်းမာလေးလံလျက် ခဲနေတတ်၏၊ သည်းမခံနိုင် ဖြစ်နေတတ်၏၊ ထိုအခါမျိုး၌ ဓာတ်ကို ညီမျှသွားအောင် ဆန့်ကျင်ဘက်သဘောတရားတို့ကို ဦးစားပေး ရှုခြင်းဖြင့် ထိန်းပေးရ၏၊

၁။ မာမှုသဘောက လွန်ကဲလာပါက ပျော့မှုသဘောကို, ပျော့မှုသဘောက လွန်ကဲလာပါက မာမှုသဘောကို ဦးစားပေး ရှုခြင်းဖြင့် ဓာတ်ညီမျှအောင် ပြုလုပ်ရ၏၊ အလားတူပင် –
၂။ ကျန်းမှုသဘောက လွန်ကဲလာပါက ချောမှုသဘောကို, ချောမှုသဘောက လွန်ကဲလာပါက ကျန်းမှုသဘောကို။ ပ။
၃။ လေးမှုသဘောက လွန်ကဲလာပါက ပေါ့မှုသဘောကို, ပေါ့မှုသဘောက လွန်ကဲလာပါက လေးမှုသဘောကို။ပ။
၄။ ယိုစီးမှုသဘောက လွန်ကဲလာပါက ဖွဲ့စည်းမှုသဘောကို, ဖွဲ့စည်းမှုသဘောက လွန်ကဲလာပါက ယိုစီးမှု သဘောကို။ပ။
၅။ ပူမှုသဘောက လွန်ကဲလာပါက အေးမှုသဘောကို, အေးမှုသဘောက လွန်ကဲလာပါက ပူမှုသဘောကို။ပ။
၆။ ထောက်ကန်မှုသဘောက လွန်ကဲလာပါက တွန်းကန်မှုသဘောကို, တွန်းကန်မှုသဘောက လွန်ကဲလာပါက ထောက်ကန်မှုသဘောကို ဦးစားပေး ရှုခြင်းဖြင့် ဓာတ်ကို ညီမျှအောင် ပြုလုပ်ရ၏၊

ဤသို့ အခက်အခဲရှိပါက ဖြေရှင်းနိုင်ရန်အတွက် ဤကျမ်း၌ ပထဝီဓာတ်ဝယ် သဘောတရား (၆)မျိုးလုံးကို ရေးသားတင်ပြထားခြင်း ဖြစ်၏၊ ရံခါ မာ-ကျန်း-လေးတို့က အလွန်ထင်ရှားနေတတ်၏၊ မခံမရပ်နိုင် ဖြစ်လာတတ်၏၊ ထိုအခါဝယ် ပျော့-ချော-ပေါ့ကို တစ်ဖက်သတ် ဦးစားပေး၍ ရှုပေးရ၏၊ ဓာတ်ညီမျှသည်အထိ ကြိုးပမ်းရ၏၊ ရံခါ ပျော့-ချော-ပေါ့က အားကောင်းလာတတ်ပြန်၏၊ လေထဲတွင် လွင့်တက်နေသော လဲမှို့ကဲ့သို့ ဖြစ်ကာ လှုပ်ရှား နေတတ်၏၊ ထိုအခါတွင်လည်း မာ-ကျန်း-လေးကို ဦးစားပေး၍ ရှုခြင်းဖြင့် ဓာတ်ကို ညီမျှအောင် ထိန်းပေးရ၏၊

ရံခါ ယိုစီးမှုသဘောက အလွန် အားကောင်းလာတတ်ပြန်၏၊ မြစ်ရေအယဉ် တသွင်သွင် စီးဆင်းနေသကဲ့သို့ ယိုစီးမှုက အလွန်ထင်ရှားနေတတ်၏၊ သမာဓိ ပျက်ပြားလာတတ်၏၊ ထိုအခါတွင် ဖွဲ့စည်းမှုသဘောကို ဦးစားပေး ရှုခြင်းဖြင့် ဓာတ်ညီမျှအောင် ပြုပြင်ပေးရ၏၊ ရံခါ အသက်ရှူကြပ်လောက်အောင် ဖွဲ့စည်းမှုသဘောတရားက ထင်ရှား လာပြန်၏၊ မခံမရပ်နိုင် ဖြစ်လာပြန်၏၊ ထိုအခါ ယိုစီးမှုသဘောကို ဦးစားပေးရှုလျက် အမောပြေစေရပြန်၏၊ တစ်ခါတစ်ရံ ပူမှုသဘောက အလွန်ပြင်းထန်လာသဖြင့် မီးဖြင့် ရှို့မြှိုက်ခံနေရသကဲ့သို့ အပြင်းအထန် ပူလောင်နေ တတ်ပြန်၏၊ ချွေးသီးချွေးပေါက်များ ယိုစီးလျက် ပင်ပန်းနေတတ်၏၊ ထိုအခါမျိုးတွင် အေးမှုသဘောကို တစ်ဖက်သတ် ပြောင်းရှုခြင်းဖြင့် ဓာတ်ညီမျှအောင် ပြုပြင်ပေးရ၏၊ တစ်ခါတစ်ရံ အေးမှုသဘော လွန်ကဲလာပါကလည်း ပူမှုသဘောဖြင့် ထိန်းပေးရ၏၊ ထောက်ကန်မှုသဘော လွန်ကဲလာသောအခါ၌လည်း တွန်းကန်မှုသဘောကို အာရုံယူ၍ ဓာတ် ညီမျှအောင် ထိန်းပေးရ၏၊ တစ်ခါတစ်ရံ တွန်းကန်မှု အားကောင်းလာသောအခါ ထောက်ကန်မှုကို တစ်ဖက်သတ် စိုက်ရှုလျက် ဓာတ်ကို ညီမျှအောင် ပြုပြင်ပေးရ၏၊ ထိုသို့ ထောက်ကန်မှုကို ဦးစားပေး ရှုသော်လည်း တွန်းကန်လှုပ်ရှားမှု ခန္ဓာကိုယ်ကြီး ယိမ်းထိုးနေမှုတို့မှာ အားကောင်းနေသေးခဲ့သော် ထိုအခါမျိုးတွင် မာ-ကျန်း-လေးဟူသော ဂရု ပထဝီဓာတ်များကို ဦးစားပေး ရှုလျက် ဓာတ်ညီမျှအောင် ထိန်းပေးရ၏၊ စားပွဲတစ်ခုပေါ်တွင် စက္ကူတစ်ရွက်သည် လေတိုက်ခတ်သဖြင့် တဖျပ်ဖျပ် လှုပ်ရှားနေသောအခါ ယင်းစက္ကူကို လေးလံသော အရာဝတ္ထုတစ်ခုဖြင့် ဖိထားလိုက်ပါက ငြိမ်ဝပ်သွားသကဲ့သို့ မှတ်ပါ။

ဤကဲ့သို့သော ဓာတ်ယုတ် ဓာတ်လွန်များကို ထိန်းလျက် သမာဓိကို ထူထောင်နိုင်ရန်အလို့ငှာ ဤကျမ်းတွင် ဓာတ်သဘောတရား (၁၂)မျိုးကို ရေးသားတင်ပြထားခြင်း ဖြစ်ပေသည်။ ဤကဲ့သို့သော ဓာတ်ယုတ် ဓာတ်လွန်များမှာ ယေဘုယျအားဖြင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တို့၌ အဖြစ်များတတ်၏၊ သမထယာနိကပုဂ္ဂိုလ်တို့၌ကား အဖြစ် နည်းပါးလှပေသည်။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည် စျာန်သမထကို အခြေမခံဘဲ ဝိပဿနာသို့ တိုက်ရိုက် ကူးလာသဖြင့် ဓာတ်ကြီးလေးပါးကို စတင်၍ ရှုလေရာ ဓာတ်သဘောတရားများက မထင်မရှား ဝိုးတိုးဝါးတားဖြစ်နေပါက အသိဉာဏ်၌ ထင်ရှားလာသည့်တိုင်အောင် အချိန်များများ ပေးကာ ရှုနေရ၏၊ ထိုသို့ အချိန်များများပေး၍ ရှုနေရသဖြင့် လေ့ကျက်မှု အရှိန်အဝါ အားများလာသောအခါ တစ်ရံတစ်ခါ အချို့ဓာတ်များမှာ လွန်ကဲလာတတ်၏၊ ထိုအခါမျိုးတွင် ဓာတ်ညီမျှအောင် ဆန့်ကျင်ဘက်ဓာတ်ကို အာရုံပြု၍ ထိန်းပေးရ၏၊

ယင်းသို့ ဖြစ်လျှင် .. သုတ္တန်ဒေသနာတော်များနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့၌ အဘယ်အကြောင်းကြောင့် ပထဝီဓာတ်၌ ကက္ခဠ-ခရိဂတ = မာမှု-ကျန်းမှု နှစ်မျိုးကိုသာ ဟောကြားမြွက်ဖော်တော်မူအပ်ပါသနည်း၊ ဖွင့်ဆို ရေးသားတော်မူအပ်ပါသနည်းဟု မေးရန် ရှိ၏၊ အဖြေကား ရှိသည်သာ ဖြစ်၏၊

အရာဝတ္ထုတစ်ခုသည် မည်မျှပင် ပျော့ပျောင်းသည့်အရာဝတ္ထု ဖြစ်ချင်ဖြစ်ပါစေ၊ ထိုအရာဝတ္ထုကို ဉာဏ်ဖြင့် သေသေချာချာ ဆန်းစစ်ကြည့်သောအခါ ထိုအရာဝတ္ထုနှင့် ထိုက်တန်သလောက် မာမှုသဘောကား ထင်ရှားရှိနေ သည်သာ ဖြစ်၏၊ များများမာသည်ကို မာသည်ဟု သုံးနှုန်း၍ နည်းနည်းမာသည်ကို ပျော့သည်ဟု ခေါ်ဝေါ်သုံးစွဲခြင်းသာ ဖြစ်၏၊ အလားတူပင် အရာဝတ္ထုတစ်ခုသည် မည်မျှပင် ချောမောသည်ဖြစ်ချင်ဖြစ်ပါစေ၊ ထိုအရာဝတ္ထုကို သေသေချာချာ ဉာဏ်ဖြင့် ဆန်းစစ်ကြည့်သောအခါ ထိုအရာဝတ္ထုနှင့် ထိုက်တန်သလောက် ကျန်းမှုသဘောကား ထင်ရှားရှိနေသည်သာ ဖြစ်၏၊ များများကျန်းသည်ကို ကျန်းသည်ဟု ခေါ်ဝေါ်သုံးစွဲ၍ နည်းနည်းကျန်းသည်ကို ချောသည်ဟု ခေါ်ဝေါ် သုံးစွဲခြင်းမျှသာ ဖြစ်၏၊ တစ်ဖန် မာမှု-ကျန်းမှုနှင့် တွဲလျက် လေးမှုသဘောလည်း ကပ်၍ ပါလာတတ်၏၊ အလားတူပင် ပျော့မှု-ချောမှု သဘောတရားတို့ ထင်ရှားလာသောအခါ ပေါ့မှုသဘောလည်း ကပ်၍ ပါလာတတ်၏၊ ထိုကြောင့် မာ-ကျန်း သဘောတရားနှစ်ခုကို ရှုပါက မာ-ပျော့-ကျန်း-ချော-လေး-ပေါ့ဟူသော ဓာတ်သဘောတရားတို့သည်လည်း ထင်ရှားလာသည်သာ ဖြစ်သောကြောင့် သုတ္တန်ဒေသနာတော်တို့၌ ကက္ခဠ-ခရိဂတဟု ပထဝီဓာတ်၌ သဘောတရား နှစ်မျိုးကိုသာ ဟောကြားထားတော်မူလေသည်။

အလားတူပင် ယိုစီးမှုသဘောတရားက များပြားနေပါက လွန်ကဲနေပါက ယိုစီးမှုသဘောတရားမှာ ထင်ရှား နေတတ်၏၊ သို့သော် ယိုစီးမှုသဘောတရားက အားပျော့နေပါက ယုတ်လျော့နေပါက ဖွဲ့စည်းမှုသဘောတရားမှာ ထင်ရှားနေတတ်၏၊ ပထဝီကောဋ္ဌာသ (၂၀)တို့၌ ပထဝီဓာတ်၏ စွမ်းအင်က လွန်ကဲများပြားနေသဖြင့် အာပေါဓာတ်၏ ယိုစီးမှုသဘောတရားမှာ ယုတ်လျော့နေ၏ အားပျော့နေ၏၊ ထိုကြောင့် ယင်းပထဝီကောဋ္ဌာသတို့၌ ယိုစီးမှုသဘော တရားသည် ယုတ်လျော့၍ ဖွဲ့စည်းမှုသဘောတရားသည် ပို၍ ထင်ရှားနေတတ်၏၊ တေဇောကောဋ္ဌာသ ဝါယော ကောဋ္ဌာသတို့၌လည်း ယိုစီး ဖွဲ့စည်း သဘောတရားများသည် အားပျော့လျက်ပင် ရှိ၏၊

ဘိလပ်မြေမှုန့်များကို ရေအနည်းငယ်ဖြင့် အချိုးတကျ ဖျော်စပ်လိုက်ပါက ဖွဲ့စည်းမှုအားကောင်းကာ အတုံးအခဲ ဖြစ်သွား၏၊ ဘိလပ်မြေမှုန့် အနည်းငယ်ကို ရေခပ်များများဖြင့် ဖျော်စပ်လိုက်ပါက ယိုစီးမှုအားကောင်းကာ ဖွဲ့စည်းမှု လျော့နည်းသွားတတ်၏၊ အတုံးအခဲ မဖြစ်နိုင်တော့ပေ။ ဤဥပမာအတူ မှတ်သားပါ။ ထို့ကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၁၄]၌ အာပေါဓာတ်ဝယ် - ဒြဝဘာဝ = ယိုစီးမှု, အာဗန္ဓနဘာဝ= ဖွဲ့စည်းမှု သဘောတရား နှစ်မျိုးလုံးကို ရှုရန် ညွှန်ကြားထားပေသည်။

တစ်ဖန် တေဇောကောဋ္ဌာသ လေးမျိုးတို့၌ တေဇောဓာတ်၏ သဘာဝသတ္တိ စွမ်းအင်မှာ လွန်ကဲလျက် ရှိ၏၊ ပထဝီကောဋ္ဌာသ, အာပေါကောဋ္ဌာသ, ဝါယောကောဋ္ဌာသတို့၌ကား အနည်းငယ်နုံ့လျက် ရံခါ ရှိတတ်၏၊ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော တေဇောဓာတ်ကို ပူသည်ဟုလည်းကောင်း, သဘာဝသတ္တိစွမ်းအင် ယုတ်လျော့နေသော တေဇောဓာတ်ကို နုံ့နေသော တေဇောဓာတ်ကို အေးသည်ဟုလည်းကောင်း ခေါ်ဝေါ်သုံးစွဲခြင်းမျှသာ ဖြစ်၏၊ ထို့ကြောင့် ထိုနှစ်မျိုးလုံးကိုပင် ရှုရန် ဤကျမ်း၌ ရေးသားတင်ပြနေခြင်း ဖြစ်၏၊ ပရိပါစနဘာဝ= ရင့်ကျက်စေမှုသဘောကိုလည်း ရှုရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၁၅]၌ ညွှန်ကြားထား၏၊ ယင်းညွှန်ကြားချက်အတိုင်း ပူမှု-အေးမှုဟူသော သဘာဝလက္ခဏာက မထင်ရှားသောအခါ ယင်း ရင့်ကျက်စေမှု ကိစ္စရသကိုလည်း ရှုလိုက ရှုနိုင်ပါသည်။

ဝါယောဓာတ်၌ကား ဝိတ္ထမ္ဘနဘာဝ = ထောက်ကန်မှုသဘော, သမုဒီရဏဘာဝ = တွန်းကန်မှုသဘော နှစ်မျိုးလုံးကို ရှုရန် ညွှန်ကြားထား၏၊ ပြိုလဲတော့မည့် အရာဝတ္ထုတစ်ခုကို မပြိုမလဲရအောင် ငြိမ်သွားအောင် ‘ကျား’ခေါ်သည့် သစ်တစ်ချောင်းဖြင့် ပြန်ထောက်ထားသကဲ့သို့ ခန္ဓာကိုယ်ကို တည်မြဲတိုင်း ထားမြဲတိုင်းသော ဣရိယာပုထ်အတိုင်း တည်ရှိနေအောင် ပြန်လည်ထောက်ထားသောသဘောမှာ ထောက်ကန်မှုသဘော ဖြစ်၏၊ ထောက်မှုဟူသည်မှာလည်း ထားမြဲတိုင်း တည်မြဲတိုင်းသော ဣရိယာပုထ်အတိုင်း သဟဇာတ်ရုပ်တရားတို့ကို တည်တံ့ရုံမျှ ငြိမ်နေရုံမျှ တည်တံ့အောင် ငြိမ်အောင် ပြန်လည်တွန်းထားသော သဘောတည်း။ ထိန်းထားသော စွမ်းအားတည်း။ ငြိမ်အောင် တည်တံ့အောင် တွန်းနေသော စွမ်းအားကို ထောက်သည်ဟု သုံးစွဲ၍ လှုပ်အောင် ရွေ့အောင် တွန်းနေသည့် စွမ်းအားကို တွန်းသည်ဟု သုံးစွဲထားခြင်း ဖြစ်၏၊

ထောက်မှုမှာ သဘာဝလက္ခဏာဖြစ်၍ တွန်းမှုမှာ ကိစ္စရသ ဖြစ်သဖြင့် ယင်းထောက်မှု တွန်းမှု နှစ်မျိုးလုံးမှာ တစ်ခုနှင့် တစ်ခု အလွန့်အလွန် ဆက်စပ်လျက် နီးကပ်လျက် ရှိပေ၏၊ ထိုကြောင့် ထောက်ကန်မှု တွန်းကန်မှု နှစ်မျိုးလုံးကိုပင် ရှုရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၁၆]က ညွှန်ကြားထားပေသည်။

(ဃ) ဣရိယာပထ - သမ္ပဇည ရှုကွက်

ထိုင်သည့်အခိုက်၌ ဓာတ်တစ်ပါးမျှကိုသာ ရှုနေပါက သွား-ရပ်-ထိုင်-လျောင်းဟူသော ဣရိယာပုထ်လေးပါးလုံး၌ လည်းကောင်း, ကွေးမှု ဆန့်မှု စသော ထိုထိုသမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌လည်းကောင်း ကိုယ်အမူအရာတိုင်း နှုတ်အမူအရာတိုင်း၌ ဓာတ်တစ်ပါးကိုသာ ရှုနှင့်ပါဦး။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ထိုင်သည့်အခါ ဓာတ်နှစ်ပါးကိုသာ ရှုတတ်သေးပါက သွား-ရပ်-ထိုင်-လျောင်း ဟူသော ဣရိယာပုထ် လေးပါးလုံး၌လည်းကောင်း, ကွေးမှု ဆန့်မှု စသော ထိုထိုသမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌လည်းကောင်း ကိုယ်အမူအရာတိုင်း နှုတ်အမူအရာတိုင်း၌ ဓာတ်နှစ်ပါးကိုသာ ရှုနှင့်ပါဦး။ အကယ်၍ ထိုင်သည့်အခိုက်၌ ဓာတ်သုံးပါးမျှကိုသာ ရှုနေပါက သွား-ရပ်-ထိုင်လျောင်း ဟူသော ဣရိယာပုထ် လေးပါးလုံး၌လည်းကောင်း, ကွေးမှု ဆန့်မှု စသော ထိုထိုသမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌ လည်းကောင်း ကိုယ်အမူအရာတိုင်း နှုတ်အမူအရာတိုင်း၌ ဓာတ်သုံးပါးကိုသာ ရှုနှင့်ပါဦး။ အကယ်၍ ထိုင်သည့်အခိုက်၌ ဓာတ်လေးပါးလုံးကို ရှုတတ်ပါက ထိုထိုဣရိယာပုထ်တိုင်း ထိုထိုကိုယ်အမူအရာတိုင်း ထိုထိုနှုတ်အမူအရာတိုင်း၌ ဓာတ်ကြီးလေးပါးလုံးကိုပင် ရှုနေပါ။ ရှေ့နှင့်နောက် ဣရိယာပုထ်ချင်း ဆက်စပ်မိအောင် ရှုပါ။

(င) သမထယာနိကပုဂ္ဂိုလ် မဟုတ်သေးလျှင်

ယောဂါဝစရပုဂ္ဂိုလ်သည် အာနာပါန, ဩဒါတကသိုဏ်း စသော အခြားအခြားသော သမထကမ္မဋ္ဌာန်းများကို အားမထုတ်ဖူးသေးလျှင် ဤဓာတ်ကမ္မဋ္ဌာန်းကား ယောဂါဝစရပုဂ္ဂိုလ်အတွက် သမထကမ္မဋ္ဌာန်း (၄၀)တွင် အကျုံး ဝင်သော စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းလည်း မှန်၏၊ ယင်းကမ္မဋ္ဌာန်းကား သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ အမည်ရသော ဥပစာရသမာဓိကို ရွက်ဆောင်ပေးနိုင်သော ဥပစာရကမ္မဋ္ဌာန်းလည်းဖြစ်၏၊ ဒိဋ္ဌိဝိသုဒ္ဓိစခန်းအတွက် ကြိုးပမ်းနေသော ရူပကမ္မဋ္ဌာန = ရုပ်ကမ္မဋ္ဌာန်းလည်း ဖြစ်၏၊ ထိုရုပ်ကမ္မဋ္ဌာန်းကို ဥပစာရသမာဓိ (သဒိသူပစာရဥပစာရသမာဓိ) သို့ ဆိုက်အောင် ပွားနိုင်သောအခါ ယင်းသမာဓိနှင့်ယှဉ်သော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်၏ စွမ်းအင် အကူအညီဖြင့် (၃၂)ကောဋ္ဌာသသို့ ကူး၍ တစ်ဖန် ထို (၃၂)ကောဋ္ဌာသမှ ဩဒါတကသိုဏ်း စသည့် ဝဏ္ဏကသိုဏ်းများသို့ ကူးလိုက်နိုင်ပါက စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် ပေါက်ရောက်နိုင်၏၊ ထိုအခါ သမထယာနိကပုဂ္ဂိုလ်အဖြစ်သို့လည်း ရောက်ရှိသွားနိုင်ပေသည်။

လိုက်နာရမည့် စည်းကမ်းများ

အထက်တွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ခန္ဓာအိမ်တစ်ခုလုံးကို ခြုံငုံ၍ ယင်းခန္ဓာအိမ်၌တည်ရှိသော မာကျန်း-လေး-ပျော့-ချော-ပေါ့ သဘောတရားများကို ကြည့်၍ ပထဝီဓာတ်ဟုလည်းကောင်း, ယိုစီး-ဖွဲ့စည်း သဘောတရား များကို ကြည့်၍ အာပေါဓာတ်ဟုလည်းကောင်း, ပူ-အေး သဘောတရားများကို ကြည့်၍ တေဇောဓာတ်ဟုလည်းကောင်း, ထောက်ကန်-တွန်းကန် သဘောတရားများကို ကြည့်၍ ဝါယောဓာတ်ဟုလည်းကောင်း - ဤသို့လျှင် ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် - ဟု ကာလအရာ ကာလအထောင် ကာလအသိန်းမက ရှုနေပါ၊ ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်နေအောင် ကပ်ထားပါ။ ထိုသို့ ကြိုးပမ်းအားထုတ်ရာ၌ လိုက်နာပြုကျင့်ရမည့် စည်းကမ်းများမှာ အောက်ပါအတိုင်း ဖြစ်ကြ၏၊[မှတ်စု ၁၇]

၁။ အနုပုဗ္ဗတော == အစဉ်အတိုင်း ရှုပါ

ထိုသို့ ဓာတ်ကမ္မဋ္ဌာန်းကို နှလုံးသွင်းနေသော ယောဂါဝစရပုဂ္ဂိုလ်သည် ဘုရားရှင် ဟောကြားထားတော်မူသည့် အတိုင်း ဆရာသမားထံမှ သင်ယူထားသည့်အတိုင်း “ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်”ဟု အစဉ်အတိုင်းသာ ရှုပါ။ (အာပေါဓာတ် ပထဝီဓာတ် ဝါယောဓာတ် တေဇောဓာတ် ဤသို့စသည်ဖြင့် “ဟိုခုန်သည်ခုန် ဟိုကျော်သည်ကျော်” မရှုပါနှင့်။)

၂။ နာတိသီဃတော == မမြန်လွန်းစေရ

ဤသို့လျှင် ဓာတ်ကြီးလေးပါးကို ဘုရားဟောဒေသနာစဉ်အတိုင်း နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း အလွန် လျင်လျင်မြန်မြန် နှလုံးမသွင်းပါနှင့်။ အကြောင်းကား ဓာတ်ကြီးလေးပါးကို အလွန် လျင်လျင်မြန်မြန် နှလုံး သွင်းနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ တပြောင်းပြန်ပြန် ဓာတ်ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း မနသိကာရသည် အဆက်မပြတ် ဖြစ်နေသည်ကား မှန်၏၊ သို့သော် ကမ္မဋ္ဌာန်းဟု ခေါ်ဆိုအပ်သော ဓာတ်ကြီးလေးပါးတို့၏ သဘောတရား အာရုံသည် မထင်မရှား ဖြစ်နေတတ်၏၊ ကမ္မဋ္ဌာန်းအာရုံသည် မထင်မရှား ဖြစ်နေခဲ့သော် ဥပစာရသမာဓိ စသော အဆင့်မြင့်မားနေသော တရားထူး တရားမြတ်ကို ယင်းဘာဝနာမနသိကာရတရားက ရွက်ဆောင် မပေးနိုင်တော့ပေ။ ထိုကြောင့် အလွန် လျင်လျင်မြန်မြန် နှလုံးမသွင်းပါနှင့်။

၃။ နာတိသဏိကတော == မနှေးလွန်းစေရ

အလွန် နှေးနှေးကွေးကွေးလည်း နှလုံးမသွင်းပါနှင့်။ အကြောင်းကား - အလွန် ဖြည်းဖြည်းဆေးဆေး နှေးနှေးကွေးကွေး ဓာတ်ကြီးလေးပါးကို နှလုံးသွင်းနေသော ပုဂ္ဂိုလ်၏သန္တာန်၌ ဓာတ်ကမ္မဋ္ဌာန်းသည် ပြီးဆုံးခြင်းသို့ မရောက်နိုင်၊ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် စသော တရားထူး တရားမြတ်ကို ရခြင်း၏ အကြောင်းတရား မဖြစ်နိုင်ပေ။

၄။ ဝိက္ခေပပဋိဗာဟနတော == အပြင်အာရုံသို့ စိတ်ပျံ့လွင့်မှုကို တားမြစ်ရမည်

ဓာတ်ကြီးလေးပါးတည်းဟူသော ကမ္မဋ္ဌာန်းအာရုံကို စွန့်လွှတ်လိုက်၍ ဓာတ်ကြီးလေးပါးတို့၏ ပြင်ပ၌ တည်ရှိကြကုန်သော ပရမတ်အာရုံ ပညတ်အာရုံအမျိုးမျိုး၌ စိတ်ပျံ့လွင့်သွားမှုကို တားမြစ်ပေးပါ။ အကြောင်းမူ ဓာတ်ကြီး လေးပါး၏ ပြင်ပ၌ တည်ရှိသော ဓာတ်ကြီးလေးပါးမှ အခြားတစ်ပါးသော ပရမတ်အာရုံ ပညတ်အာရုံ အမျိုးမျိုး၌ စိတ်ပျံ့လွင့်မှု ရှိခဲ့သော် ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်တတ်၏၊ ပျက်စီးတတ်၏၊[မှတ်စု ၁၈]

[တင်းကြပ်စွာ လိုက်နာရမည့် စည်းကမ်းတစ်ခု ဖြစ်၏၊ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို အာရုံယူ၍ သမာဓိ ထူထောင်ခိုက်ဝယ် ဓာတ်ကြီးလေးပါးမှ အခြားတစ်ပါးသော ပရမတ်အာရုံ ပညတ်အာရုံ အမျိုးမျိုးကို လိုက်ရှုနေပါက စတုဓာတုဝဝတ္ထာန် အမည်ရသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ်သော ဓာတ်ကမ္မဋ္ဌာန်း မဟုတ်တော့သည်ကိုကား သတိပြုသင့်၏၊ ဓာတ်ကြီးလေးပါးကို ရှုပါမှသာလျှင် စတုဓာတုဝဝတ္ထာန် ဓာတ်ကမ္မဋ္ဌာန်းဟု ခေါ်ဆိုနိုင်၍ အထူးသဖြင့် ယခုကဲ့သို့ သမာဓိကို ထူထောင်ခိုက်ဝယ် ဓာတ်ကြီးလေးပါးမှတစ်ပါးသော ပြင်ပအာရုံအမျိုးမျိုးကို လိုက်ရှုနေပါက ဓာတ်ကမ္မဋ္ဌာန်းဟု မခေါ်ဆိုနိုင်သည်ကိုကား သဘောကျသင့်လှပေသည်။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဖြစ်ပါက ပို၍ ပို၍ သတိပြုသင့်လှသော အချက်လည်း ဖြစ်၏၊ အကြောင်းမူ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တို့သည် ယေဘုယျအားဖြင့် ရုပ်ကမ္မဋ္ဌာန်းကစ၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးရာ၌ ဓာတ်ကြီးလေးပါးကိုပင် အကျဉ်းနည်း အကျယ်နည်း နှစ်နည်းတို့တွင် တစ်နည်းနည်းဖြင့် စတင်၍ ပွားများအားထုတ်ရသောကြောင့် ဖြစ်၏၊[မှတ်စု ၁၉] ဓာတ်ကိုကား ရှု၏၊ သို့သော် ဓာတ်ကြီး လေးပါး၏ ပြင်ပ၌ တည်ရှိသော ပြင်ပအာရုံအမျိုးမျိုးကိုလည်း လိုက်၍ ရှုနေပါက ‘ကျီးလည်း မမည် ကြက်လည်း မဟုတ်’သဖြင့် ‘သပိတ်ကွဲ ကိုယ်ကြေ’သာ ရှိချေမည်။ ဓာတ်ကြီးလေးပါးကိုလည်းကောင်း ဓာတ်ကြီးလေးပါး၏ ပြင်ပအာရုံ အမျိုးမျိုးကိုလည်းကောင်း ရှုချင်သလို ရှုချင်တိုင်း လိုက်၍ ရှုနေခြင်းတည်းဟူသော အကြောင်းကြောင့် ပရမာဏုမြူထက် အဆပေါင်းများစွာ သေးငယ်သော ရုပ်ကလာပ်အမှုန်များကို မြင်မမြင်ကိုလည်းကောင်း, မြင်လျှင်လည်း ယင်း ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းနိုင် မသိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် မယူနိုင်ကိုလည်းကောင်း ယောဂါဝစရပုဂ္ဂိုလ်သည် မိမိကိုယ်ကို မိမိ မေးကြည့်ပါ။ အကယ်၍ ရုပ်ကလာပ်များကို မမြင်ဟုလည်းကောင်း, မြင်သော်လည်း ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို မသိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားမယူနိုင်ဟုလည်းကောင်း အဖြေထွက်ခဲ့လျှင် ဓာတ်ကမ္မဋ္ဌာန်းဖြင့် သမာဓိကို ထူထောင်ခိုက်ဝယ် “ဓာတ်ကြီးလေးပါး၏ ပြင်ပအာရုံ အမျိုးမျိုးကို လိုက်မရှုရ”ဟူသော စည်းမျဉ်းဥပဒေသကို လိုက်နာပြုကျင့်သင့်လှပေသည်။ အကြောင်းမူ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းနိုင်ပါမှ ပရမတ္ထသစ္စာနယ်သို့ စတင် ဆိုက်ရောက်သောကြောင့် ဖြစ်ပေသည်။“]

ချောင်းတစ်ခု သို့မဟုတ် မြစ်တစ်ခု သို့မဟုတ် ချောက်ကမ်းပါးတစ်ခုကို ဖြတ်ကျော်ရန် တံတားတစ်ခုကို တည်ဆောက်ထားရာ ထိုတံတားပေါ်၌ ခြေတစ်ဖဝါးစာ သွားနိုင်ရုံမျှ ပျဉ်တစ်ချပ်ကို ခင်းထား၏၊ ထိုပျဉ်တစ်ချပ်သာ ခင်းထားသော ခြေတစ်ဖဝါးစာမျှသာ သွားလမ်းရှိသော လမ်းခရီးကို သွားနေသော ယောက်ျားသည် ဘေးပတ်ဝန်းကျင် အာရုံအမျိုးမျိုးကို ငေးမောကြည့်လျက် ထိုတံတားပေါ်သို့ လျှောက်နေခဲ့သော် ထိုမှာဘက်ကမ်းသို့ မရောက်နိုင်ဘဲ ချောင်းအတွင်း သို့မဟုတ် မြစ်အတွင်း သို့မဟုတ် ချောက်ကမ်းပါးအတွင်းသို့ ကျဆင်းသွားဖွယ်ရာသာ ရှိ၏၊ ဤဥပမာကို ဤအရာ၌ ထုတ်ဆောင်ပြထိုက်လှပေသည်။[မှတ်စု ၂၀]

၅။ ပဏ္ဏတ္တိသမတိက္ကမနတော == အမည်ပညတ်၌ သောင်တင် မနေပါစေနှင့်

ပထဝီဓာတ်ဟူသော အမည်နာမပညတ်ပေါ်၌ ဘာဝနာစိတ်ကို မထားဘဲ မာ-ကျန်း-လေး-ပျော့-ချော-ပေါ့ ဟူသော ပထဝီဓာတ်၏ သဘောတရားအပေါ်၌သာ ဘာဝနာစိတ်ကို ထားရမည်။ အာပေါဓာတ်ဟူသော အမည်နာမ ပညတ်ပေါ်၌ ဘာဝနာစိတ်ကို မထားဘဲ ယိုစီးမှု-ဖွဲ့စည်းမှုဟူသော အာပေါဓာတ်၏ သဘောတရားအပေါ်၌သာ ဘာဝနာစိတ်ကို ထားရမည်။ တေဇောဓာတ်ဟူသော အမည်နာမပညတ်ပေါ်၌ ဘာဝနာစိတ်ကိုမထားဘဲ ပူမှုသဘော အေးမှုသဘောဟူသော တေဇောဓာတ်၏ သဘောတရားအပေါ်၌သာ ဘာဝနာစိတ်ကို ထားရမည်။ ဝါယောဓာတ် ဟူသော အမည်နာမပညတ်ပေါ်၌ ဘာဝနာစိတ်ကိုမထားဘဲ ထောက်ကန်မှုသဘော တွန်းကန်မှုသဘောဟူသော ဝါယောဓာတ်၏ သဘောတရားအပေါ်၌သာ ဘာဝနာစိတ်ကို ထားရမည်။ အမည်နာမပညတ်အပေါ်၌ ဘာဝနာစိတ်ကို သောင်တင်မနေစေဘဲ ဓာတ်ကြီးလေးပါးတို့၏ ပရမတ်အာရုံပေါ်၌သာ ဘာဝနာစိတ်ကို ကပ်ထားပါ။

၆။ အနုပဋ္ဌာနမုဉ္စနတော == မထင်ရှားသော ဓာတ်အချို့ကို လွှတ်ထားပါ

စိတ်ငြိမ်သက်မှု သမာဓိကို ရရှိအောင် ဦးစားပေး၍ ကျင့်နေရသောအချိန် ဖြစ်သဖြင့် အသိဉာဏ်၌ မထင်မရှား ဖြစ်နေသော အချို့အချို့သော သဘောတရားများကို ခေတ္တ လွှတ်ထားလိုပါက လွှတ်ထားနိုင်သည်၊ ခေတ္တ မရှုဘဲ ထားလိုက ထားနိုင်ပေသည်။ ဤသည်မှာလည်း ဓာတ်တစ်ခုခု၏လွန်ကဲလာမှုကြောင့် ကာယိကဒုက္ခဝေဒနာများ လွန်လွန်ကဲကဲ ဖြစ်မလာသဖြင့် သက်တောင့်သက်သာရှိ၍ အနေရအထိုင်ရ မခက်ပါမှသာလျှင် သမာဓိဖြစ်မှုကို အနှောင့်အယှက် မဖြစ်ပါမှသာလျှင် မထင်ရှားသော ဓာတ်အချို့ကို ခေတ္တ လွှတ်ထားခွင့် ရှိခြင်းဖြစ်သည်။ ဓာတ်တစ်ခုခုက လွန်ကဲနေ၍ ကာယိကဒုက္ခဝေဒနာများက လွှမ်မိုးဖိစီးလာကြသဖြင့် ဓာတ်ကြီးလေးပါးတည်းဟူသော ကမ္မဋ္ဌာန်းအာရုံပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်မထားနိုင်သဖြင့် ကမ္မဋ္ဌာန်းအာရုံနှင့် ကာယိကဒုက္ခဝေဒနာ အာရုံတို့၌ စိတ်သည် တစ်လှည့်စီ ပြေးသွားနေရကား စိတ်ငြိမ်သက်မှု သမာဓိကို မဖြစ်စေနိုင် ဖြစ်နေပါက ဓာတ်ညီမျှအောင် ပြန်လည်၍ နှလုံးသွင်း ရှုပွားပါ။ သို့သော် အနည်းဆုံး ပမာဏအားဖြင့် ပထဝီဓာတ်၏ သဘာဝလက္ခဏာတစ်မျိုး, အောင် ပြန်လည်၍ နှလုံးသွင်း ရှုပွားပါ။ သို့သော် အနည်းဆုံး ပမာဏအားဖြင့် ပထဝီဓာတ်၏ သဘာဝလက္ခဏာတစ်မျိုး, အာပေါဓာတ်၏ သဘာဝလက္ခဏာတစ်မျိုး, တေဇောဓာတ်၏ သဘာဝလက္ခဏာတစ်မျိုး, ဝါယောဓာတ်၏ သဘာဝ- လက္ခဏာ တစ်မျိုးဟူသော သဘောတရားတစ်မျိုးစီကား ထင်ရှားနေရမည်သာ ဖြစ်သည်။ သဘောတရား (၁၂)မျိုးလုံး ထင်ရှားနေပါက ပို၍ ပို၍ ကောင်းသည်သာ ဖြစ်ပေသည်။

၇။ လက္ခဏတော == သဘာဝလက္ခဏာကို ဦးစားပေး ရှုပါ

ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာကို ဦးစားပေး၍ ရှုပါ။ ဓာတ်ကမ္မဋ္ဌာန်းကို အားထုတ်စတွင်ကား ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးသည် အသိဉာဏ်၌ မထင်မရှားဖြစ်ခဲ့သော် ရသ = ကိစ္စကစ၍ ရှုလိုကလည်း ရှုနိုင်၏၊ သို့သော် ဤသို့ ဓာတ်ကမ္မဋ္ဌာန်းအာရုံ၌ သမာဓိသည် အားကောင်းလာ၍ ဓာတ်ကြီး လေးပါး အာရုံ၌ ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေခဲ့သော် ထိုသို့ တည်ငြိမ်နေသဖြင့် ဘာဝနာအရှိန်လည်း အားကောင်းလာသောအခါ၌ကား သမာဓိ၏ စွမ်းအင်ကြောင့် မထင်ရှားသော ဓာတ်များသည်လည်း ထင်ရှားလာရကား –

၁။ ပထဝီဓာတ်၏ မာမှု ကျန်းမှုသဘော,
၂။ အာပေါဓာတ်၏ ယိုစီးမှု ဖွဲ့စည်းမှုသဘော,
၃။ တေဇောဓာတ်၏ ပူမှု အေးမှုသဘော,
၄။ ဝါယောဓာတ်၏ ထောက်ကန်မှုသဘော ဟူသော

ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးပေါ်၌ ဘာဝနာစိတ်ကို စေလွှတ်၍ စူးစူးစိုက်စိုက် ရှုပေးပါ။ ဓာတုမနသိကာရ ဘာဝနာသမာဓိကို ပို၍ ပို၍ စူးရှထက်မြက်လာစေရန်အတွက် ဖြစ်သည်။ ဤသို့ ကျင့်၍မှ သမာဓိစွမ်းအင်က အလွန်ကြီး မထက်မြက်လာသေးလျှင် မာ-ယို-ပူ-ထောက် ဟူသော သဘာဝလက္ခဏာ မျှလောက်ကိုသာ ဦးစားပေး၍ ရှုလျက် သမာဓိကို ထူထောင်ပါ။

ဤသို့ အမည်နာမပညတ်ကို ပယ်စွန့်၍ ဓာတ်ကြီးလေးပါးတို့၏ အသီးအသီးသော ကိုယ်ပိုင်သဘာဝလက္ခဏာ အာရုံ၌သာလျှင် နှလုံးသွင်းရှုပွားမှုကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာတို့သည် ကောင်းစွာ ထင်ရှားလာကုန်သည်ဖြစ်၍ အလွန်ထင်ရှားလာကုန်သည်ဖြစ်၍ ထင်လာကုန်၏၊ ဤသို့ အဖန်ဖန် အထပ်ထပ် နှလုံးသွင်း ရှုပွားခြင်း၏ အစွမ်းဖြင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာစိတ်သည် အဖန်ဖန် အထပ်ထပ် မှီဝဲခြင်း ထုံခြင်းတည်းဟူသော အာသေဝနပစ္စည်းကို ရရှိလာ၏၊ ရူပကာယ တစ်ခုလုံးသည် ဓာတ်သဘောတရား အစုအပုံမျှ အနေဖြင့် ထင်လာ၏၊ အတ္တမှ ဆိတ်သုဉ်းသောအားဖြင့် ပုဂ္ဂိုလ် သတ္တဝါ ဇီဝကောင် မဟုတ်သောအားဖြင့် ထင်လာ၏၊ ယန္တရားစက်ကြိုးဖြင့် အဆင့်ဆင့် အပြန်ပြန် အလှန်လှန် လှုပ်ရှားသွားလာနေသော စက်ယန္တရားကဲ့သို့ အဆင့်ဆင့် အပြန်ပြန် အလှန်လှန် လှုပ်ရှားသွားလာနေသော ဓာတ် သဘောတရား အစုအပုံမျှဟူ၍ ထင်လာ၏၊

တစ်ဖန် အကယ်၍ ဗဟိဒ္ဓ အပြင်လောက၌လည်း ဓာတ်ကြီးလေးပါးကို နှလုံးသွင်းရှုပွားမှု ဘာဝနာမနသိကာရကို ဉာဏ်ဖြင့် ရှေးရှု ကပ်ဆောင်သည် ဖြစ်အံ့၊ ထိုအခါ ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် လှည့်လည် ကျက်စား သွားလာနေကြကုန်သော လူ တိရ စ္ဆာန် စသူတို့သည် သတ္တဝါဟူသော အခြင်းအရာကို ပယ်စွန့်၍ ဓာတ်ကြီးလေးပါးတို့၏ အပေါင်းအစု၏ အစွမ်းဖြင့်သာလျှင် ထင်လာကုန်၏၊ ထိုသူတို့ ပြုလုပ်အပ်သော အမူအရာ အပြုအမူ မှန်သမျှသည် ဓာတ်ကြီးလေးပါးဖြင့် ပြီးသော ဓာတ်ကြီးလေးပါးဖြင့် ပြုလုပ်ထားသော စက်ယန္တရားဖြင့် ဖြစ်စေအပ် လည်ပတ်စေ အပ်သော အရာဝတ္ထုဖြစ်၍ ထင်လာ၏၊ ထိုသူတို့ စားမျိုအပ်သော သောက်ဖွယ် စားဖွယ် စသည်သည်လည်း ဓာတ်ကြီး လေးပါးတို့၏ အပေါင်းအစု၌ ထည့်သွင်းလိုက်သော ဓာတ်ကြီးလေးပါးတို့၏ အပေါင်းအစုကဲ့သို့ ထင်လာ၏၊[မှတ်စု ၂၁]

ထိုအခါ၌ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ထိုကဲ့သို့ အာသေဝနပစ္စည်းကို ရရှိနေသော ဘာဝနာစိတ်သည်လည်း..

(က) ဝီရိယ လွန်ကဲနေခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ၏ အစွမ်းဖြင့်သော်လည်းကောင်း,
( ခ ) ဝီရိယ လျော့လွန်းခြင်းကြောင့် ဖြစ်ပေါ်လာသော ပျင်းရိမှု ကောသဇ္ဇ၏ အစွမ်းဖြင့်သော်လည်းကောင်း

ဥပစာရသမာဓိတည်းဟူသော သမထဘာဝနာလမ်းကြောင်းပေါ်သို့ အကယ်၍ မသက်ရောက်သည် မသက်ရောက်သေးသည် မသက်ရောက်နိုင်သည် ဖြစ်နေငြားအံ့၊ ထိုအခါ၌ –

၈။ အဓိစိတ္တသုတ္တန် (= နိမိတ္တသုတ္တန်)[မှတ်စု ၂၂]၉။ အနုတ္တရသီတိဘာဝသုတ္တန်[မှတ်စု ၂၃]၁၀။ ဗောဇ္ဈင်္ဂသုတ္တန်[မှတ်စု ၂၄]

ဤသုတ္တန်သုံးမျိုးတို့၌ လာရှိသော နည်းအတိုင်း ဝီရိယနှင့် သမာဓိကို ညီမျှအောင် ပြုကျင့်ရမည်။ (ယင်းသုတ္တန် တို့ကား ဣန္ဒြေငါးပါး ညီမျှအောင် ဗောဇ္ဈင်ခုနစ်ပါး ညီမျှအောင် ကျင့်ပုံကျင့်နည်းများကို ညွှန်ကြားပြသထားတော်မူသော သုတ္တန်များ ဖြစ်ကြသည်။ အကျယ်ကို ယင်းသုတ္တန် ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ ကြည့်ပါ။ ဤ၌ကား အကျဉ်းချုပ်၍ ရေးသားတင်ပြပေအံ့။)[မှတ်စု ၂၅]

ဣန္ဒြေ (၅) ပါး ညီမျှအောင် ကျင့်ပုံ

ဤအရာဝယ် ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းခွင်အပေါ်၌ ယုံကြည်မှုကား သဒ္ဓိန္ဒြေတည်း။ ဓာတ်ကြီးလေးပါး တို့၏ သဘာဝလက္ခဏာကို သိအောင် ကြိုးစားအားထုတ်မှု, ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်မှုကား ဝီရိယိန္ဒြေတည်း။ ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းတတ် အမှတ်ရတတ်သော သတိကား သတိန္ဒြေတည်း။ ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေမှု သဘောကား သမာဓိန္ဒြေတည်း။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို ထိုးထွင်းသိမြင်ခြင်း သဘောကား ပညိန္ဒြေတည်း။ ဤဣန္ဒြေငါးပါးကိုလည်း ညီမျှအောင် ကျင့်ရမည်။

ဓာတုမနသိကာရ ဘာဝနာလုပ်ငန်း၌ ယုံကြည်ချက် သဒ္ဓါတရားက စွမ်းအင်ကြီးမားနေသဖြင့် ဓာတုမနသိကာရ ဘာဝနာလုပ်ငန်း၌ လွတ်လွတ်သက်ဝင်၍ ဆုံးဖြတ်ခြင်း သဒ္ဓါဓိမောက္ခကိစ္စက အလွန် ထင်ရှားနေသောကြောင့် လည်းကောင်း, ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို ထိုးထွင်းသိမြင်နေသော ပညိန္ဒြေ (= အသိဉာဏ်)က မသန့်ရှင်းသောကြောင့်လည်းကောင်း, ဝီရိယ-သတိ-သမာဓိ ဣန္ဒြေတို့က လျော့လျော့ရဲရဲရှိနေခြင်း စသော အကြောင်းတရားကြောင့်လည်းကောင်း သဒ္ဓိန္ဒြေသည် အလွန်အားကောင်းနေ၏၊ ထိုအခါ၌ ဝီရိယိန္ဒြေသည် မိမိနှင့် ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို ဓာတ်ကြီးလေးပါးအာရုံမှ လျှောကျမသွားအောင် ချီးပင့်ထားခြင်း ပဂ္ဂဟလုပ်ငန်းကိစ္စကို မရွက်ဆောင်နိုင်၊ သတိန္ဒြေသည်လည်း ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအသီးအသီးကို အသိဉာဏ်၌ ထင်ထင် ရှားရှား ဖြစ်ပေါ်လာစေခြင်း ဥပဋ္ဌာနကိစ္စကို မရွက်ဆောင်နိုင်၊ သမာဓိန္ဒြေသည်လည်း ဓာတ်ကြီးလေးပါးအာရုံမှ ပြင်ပအာရုံသို့ စိတ်ပျံ့လွင့်မသွားအောင် ရွက်ဆောင်ပေးခြင်း အဝိက္ခေပကိစ္စကို မရွက်ဆောင်နိုင်၊ ပညိန္ဒြေသည်လည်း ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထိုးထွင်းသိမြင်ခြင်း ဒဿနကိစ္စကို ပြုလုပ်အံ့သောငှာ မစွမ်းနိုင်။ အားကောင်းနေသော သဒ္ဓိန္ဒြေက လွှမ်းမိုးဖိစီးထားသောကြောင့် ဖြစ်၏၊ ထို့ကြောင့် ပရမတ္ထဓမ္မသဘာဝ, အထူးသဖြင့် ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကို ပရမတ်သို့ ဆိုက်အောင် ထိုးထိုး ထွင်းထွင်း သိအောင် ဆင်ခြင်ခြင်းဖြင့်လည်းကောင်း, သဒ္ဓိန္ဒြေအားကောင်းလောက်အောင် ဓာတ်ကမ္မဋ္ဌာန်းအာရုံကို နှလုံးမသွင်းခြင်းဖြင့်လည်းကောင်း သဒ္ဓိန္ဒြေကို ယုတ်လျော့စေရ၏၊

အကယ်၍ ဓာတ်ကြီးလေးပါးကို သိအောင် ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ် ငြိမ်နေအောင် ကြိုးစား အားထုတ်မှု လုံ့လဝီရိယက အားကောင်းနေပြန်လျှင်လည်း သဒ္ဓိန္ဒြေက အဓိမောက္ခကိစ္စ, သတိန္ဒြေက ဥပဋ္ဌာနကိစ္စ, သမာဓိန္ဒြေက အဝိက္ခေပကိစ္စ, ပညိန္ဒြေက ဒဿနကိစ္စဟူသော မိမိ မိမိ၏ ဆိုင်ရာဆိုင်ရာ ကိစ္စ အသီးအသီးကို မရွက်ဆောင်နိုင်တော့ပေ။ လွန်ကဲနေသော ဝီရိယသည် စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ၏ အသင်းအပင်း ဘက်တော်သား ဖြစ်နေသဖြင့် ဓာတ်ကြီးလေးပါးအာရုံမှ ပြင်ပအာရုံသို့ စိတ်ပျံ့လွင့်မှု များနေသောကြောင့် ဖြစ်၏၊ ထိုကြောင့် ပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာသမ္ဗောဇ္ဈင်တို့ကို ပွားများခြင်းဖြင့် လွန်ကဲနေသော ဝီရိယကို ယုတ်လျော့ စေရ၏၊

အထူးသဖြင့် သဒ္ဓါနှင့် ပညာတို့၏လည်းကောင်း, ဝီရိယနှင့် သမာဓိတို့၏လည်းကောင်း ညီမျှမှုကို အရိယာ သူတော်ကောင်းတို့က ချီးမွမ်းမြှောက်စားတော်မူကြ၏၊ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်၌ ယုံကြည်မှု သဒ္ဓါတရားက အားကောင်း၍ ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကို ထိုးထိုးထွင်းထွင်း သိမြင်တတ်သော ပညိန္ဒြေက နုံ့နေပြန်လျှင်, ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကို ရှင်းရှင်းလင်းလင်း ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မသိဘဲ ဝိုးတိုးဝါးတား မထင်မရှား သိနေပြန်လျှင် သဒ္ဓါနှင့် ပညာတို့မှာ ညီမျှမှုမရှိ ဖြစ်နေပြန်၏၊ မပြောပလောက်သော ကမ္မဋ္ဌာန်းအတွေ့အကြုံ၌ အထင်ကြီးနေတတ်၏၊ ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကိုကား လွယ်လွယ်ကူကူဖြင့် ရှုရနေ၏၊ ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိနေ၏၊ သို့သော် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်၌ ယုံကြည်ချက် သဒ္ဓါတရားမှာ အားပျော့နေပြန်၏၊ ဓာတ်ကမ္မဋ္ဌာန်းကို စနစ်တကျ ရှုနိုင်ပါက ရုပ်ကလာပ်များကို တွေ့မြင်နိုင်သည်ဟူသော အချက်, ယင်းရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သာဝကတို့လည်း ရှု၍ ရနိုင်သည် သိမ်းဆည်း၍ ရနိုင်သည်ဟူသော အချက် - ဤအချက်တို့နှင့် ပတ်သက်၍ မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေ၏၊ တစ်ခါတစ်ရံ “ဒီရုပ် ဒီနာမ်တွေကို” သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင် တို့သာ ရှု၍ရနိုင်သည် မဟုတ်ပါလားဟု သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ဘက်သို့ တွန်းပို့နေတတ်၏၊ ဘုရားရှင်ကိုပင် မိမိတို့၏ သက်သေအရာ၌ တည်အောင် ထားနေတတ်၏၊ ဝေဖန်ရေးသမား လုပ်နေတတ်၏၊ မိမိကိုယ်ကို မိမိ ဉာဏ်ပညာထက်မြက်သူ ပညာရှိ သူတော်ကောင်းတစ်ဦးဟု ခံယူချက်ရှိနေသဖြင့် ဘုရားဟောထားသည့် ပရမတ္ထ ရုပ်နာမ်တို့ကိုသာ ဝိပဿနာရှုကောင်းပါသည်ဟု ပြောဆိုလာသူကို မျက်လုံးကို ထောင့်ကပ်လျက် မျက်နှာချိုသွေးကာ အထင်သေးသော စိတ်ထားဖြင့် ကြည့်နေတတ်ပြန်၏၊ ဘာဝနာလုပ်ငန်းခွင်ကို ညွှန်ကြားပြသနေသော ဘုရားရှင်၏ တရားတော်များအပေါ်၌ ယုံကြည်ချက် စွမ်းအင်များ လျော့ပါးနေခြင်း ဖြစ်၏၊ ထို့ကြောင့် အဋ္ဌကထာ[မှတ်စု ၂၆]က အောက်ပါအတိုင်း မှတ်ချက်ချထား၏၊

“အတုအယောင် ပရိယတ္တိဗဟုသုတ, အတုအယောင် ပဋိပတ္တိဗဟုသုတဟူသော အတုအယောင် အကြားအမြင် ဗဟုသုတပညာက အားကောင်း၍ သဒ္ဓါတရားက အားပျော့နေပြန်လျှင်လည်း ကောက်ကျစ်စဉ်းလဲသည့်ဘက်သို့ ယိုင်လဲသွားတတ်၏၊ ဆေးကြောင့်ဖြစ်သော အနာရောဂါသည် အကုရခက်သကဲ့သို့ ထိုပုဂ္ဂိုလ်မျိုးကို ဘုရားရှင်၏ တရားစစ် တရားမှန်တည်းဟူသော ဆေးကို တိုက်ကျွေးလျက် မှားယွင်းစွာ လက်ခံထားသော အတုအယောင် ပရိယတ္တိဗဟုသုတ အတုအယောင် ပဋိပတ္တိဗဟုသုတပညာကြောင့် ဖြစ်ပေါ်လာသော မမှန်မကန် ကျင့်သုံးနေသည့် အနာရောဂါဆိုးကို ပျောက်ကင်းအောင် ကုသပေးဖို့ရန်မှာလည်း အလွန်ခက်ခဲလှပေသည်။” အတုအယောင် ဗဟုသုတပညာများသလောက် မေးခွန်းပေါင်းစုံဖြင့် ဆင်ခြေပေးကာ ဝေ့လည်ကြောင်ပတ် လုပ်နေတတ်၏၊ သစ္စကပရိဗိုဇ်ကဲ့သို့သော ပုဂ္ဂိုလ်များ ပင်တည်း။ ထိုပုဂ္ဂိုလ်မျိုးသည်လည်း ဘာဝနာလုပ်ငန်းခွင်၌ အောင်မြင်မှုရရှိဖို့ရန် ခက်ခဲတတ်၏၊ ထိုကြောင့် သဒ္ဓါနှင့်ပညာ နှစ်ပါးတို့၏ ညီမျှမှု ရှိဖို့လည်း လိုအပ်ပေသည်။

တစ်ဖန် – ဓာတ်ကြီးလေးပါးအာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်နေသော သမာဓိကား အားကောင်းလျက် ရှိ၏၊ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထင်ထင်ရှားရှားသိအောင် ကြိုးစားအားထုတ်မှု, ယင်း ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် ကြိုးစားအားထုတ်မှု လုံ့လဝီရိယကား အားပျော့လျက် ရှိနေပြန်၏၊ ထိုအခါ သမာဓိသည် ဘာဝနာလုပ်ငန်းခွင်၌ ပျင်းရိခြင်း ကောသဇ္ဇ၏ ဘက်တော်သား ဖြစ်ခြင်းကြောင့် လွန်ကဲသောသမာဓိရှိသော နုံ့သောဝီရိယရှိသော သူကို ပျင်းရိခြင်း ကောသဇ္ဇတရားက လွှမ်းမိုးဖိစီး နှိပ်စက်တတ်၏၊ ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် ယခုကဲ့သို့ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို အာရုံယူ၍ သမာဓိကို ထူထောင်နေခိုက်၌ ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသောအခါ ထိုဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို အသာအယာ မှေးမထားပါနှင့်။ ဘာဝနာစိတ်ကို လျှော့ချ၍ သက်သက်သာသာ မှေးစိုက်ထားခြင်းမှာ လုံ့လဝီရိယ လျော့ခြင်း၏ အမှတ်အသားပင် ဖြစ်၏၊ ထိုကဲ့သို့ ရှုနေသော ဘာဝနာစိတ်ကို လျှော့ချကာ သက်သက်သာသာ မှေးထားပါက ရှုနေသော ဘာဝနာစိတ်ဟူသော မဟာကုသိုလ် မနောဒွါရိကဇောဝီထိတို့၏ အကြားအကြား၌ ဘဝင်လည်း အကျများလာတတ်၍ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးမှာလည်း တဖြည်းဖြည်း မထင်မရှား ဖြစ်လာတတ်၏၊ ဘာဝနာလုပ်ငန်းခွင်မှ လျှောကျသွားခြင်းပင်တည်း။ ထိုကြောင့် ထိုအခါမျိုး၌ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထင်ထင်ရှားရှား သိအောင် ယင်းအာရုံ၌ စိတ်ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယကို မြှင့်တင်ပေးပါ။

တစ်ဖန် ဝီရိယသည် စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ၏ ဘက်တော်သား ဖြစ်ခြင်းကြောင့် ဝီရိယက လွန်ကဲ၍ သမာဓိက နုံ့နေပြန်လျှင်လည်း ဓာတ်ကြီးလေးပါးကို ထင်ထင်ရှားရှား သိအောင် ယင်းဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍တည်နေအောင် လွန်လွန်ကဲကဲ ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယရှိသော နုံ့သောသမာဓိရှိသော သူကို ဓာတ်ကြီးလေးပါးမှ ပြင်ပဖြစ်သော အာရုံအမျိုးမျိုးသို့ စိတ်ပျံ့လွင့်နေမှု ဥဒ္ဓစ္စတရားက လွှမ်းမိုးဖိစီးတတ်ပြန်၏၊

အလျော်ကား – ဓာတ်ကြီးလေးပါးအာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်နေသော သမာဓိကို ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထင်ထင်ရှားရှား သိအောင် ကြိုးစားအားထုတ်မှု, ယင်းဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်မှု လုံ့လဝီရိယနှင့် ညီမျှအောင် ယှဉ်စပ် ပေးလိုက်ပါက ဘာဝနာစိတ်သည် ပျင်းရိခြင်း ကောသဇ္ဇအဖို့အစု၌ ကျရောက်ဖို့ရန် အခွင့်ကို မရနိုင်လေရာ။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအသီးအသီးကို သိအောင် ယင်းဓာတ်ကြီးလေးပါးအာရုံ၌ စိတ်ငြိမ်ဝပ်စွာ ကပ်၍တည်နေအောင် ကြိုးစားအားထုတ်မှု လုံ့လဝီရိယကိုလည်း ယင်းဓာတ်ကြီးလေးပါးအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေတတ်သော သမာဓိနှင့် ညီမျှအောင် ယှဉ်စပ်ပေးလိုက်သော် ဘာဝနာစိတ်သည် စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စအဖို့အစု၌ ကျရောက်ဖို့ရန် အခွင့်ကို မရရှိနိုင်လေရာ။ ထိုကြောင့် သမာဓိနှင့် ဝီရိယ နှစ်ပါးစုံကိုလည်း ညီမျှအောင် ပြုကျင့်ပါ။

သဒ္ဓါနှင့်ပညာ, ဝီရိယနှင့်သမာဓိ ဤနှစ်စုံလုံး ညီမျှမှသာလျှင် ဥပစာရသမာဓိတည်းဟူသော အပ္ပနာသည် ဖြစ်ပေါ်လာနိုင်ပေသည်။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို သိမ်းဆည်းတတ်သော သတိ = အောက်မေ့အမှတ်ရနေသော သတိကား အခါခပ်သိမ်း လိုအပ်သည်သာတည်း။[မှတ်စု ၂၇]

ဗောဇ္ဈင် (၇) ပါး ညီမျှအောင် ကျင့်ပါ

၁။ ဓာတ်ကြီးလေးပါးတို့၏ အသီးအသီးသော သဘာဝလက္ခဏာအာရုံကို အောက်မေ့ အမှတ်ရနေသော အဖန်ဖန် အထပ်ထပ် သိမ်းဆည်းနေသော သတိကား သတိသမ္ဗောဇ္ဈင်
၂။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကိုသာ ထိုးထွင်းသိနေသော စူးစမ်းဆင်ခြင်သုံးသပ်နေသော ပညာကား ဓမ္မဝိစယသမ္ဗောဇ္ဈင်
၃။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဓမ္မဝိစယ-ဝီရိယစသော ဗောဇ္ဈင်မြတ်တရားတို့ ထင်ရှား ဖြစ်ပေါ်လာအောင် အထူးသဖြင့် ဓာတ်ကြီးလေးပါးအာရုံ၌ စိတ်ငြိမ်ဝပ်စွာ ကပ်၍ တည်နေမှု သမာဓိသမ္ဗောဇ္ဈင် ဖြစ်အောင် ကြိုးစားအားထုတ်နေသော ဝီရိယကား ဝီရိယသမ္ဗောဇ္ဈင်
၄။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်၏ ကြည်ရွှင်ဝမ်းမြောက်နေခြင်း = ပီတိကား ပီတိသမ္ဗောဇ္ဈင်
၅။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်စေတသိက်တို့၏ ငြိမ်းအေးနေခြင်း = ပဿဒ္ဓိကား ပဿဒ္ဓိသမ္ဗောဇ္ဈင်
၆။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေမှု = သမာဓိကား သမာဓိသမ္ဗောဇ္ဈင်
၇။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်ကို ..
(က) တက်ကြွခြင်း, ပျံ့လွင့်ခြင်း
( ခ ) တွန့်ဆုတ်ခြင်း, ပျင်းရိခြင်း
ဤအဖို့အစုဘက်သို့ မရောက်အောင် သမ္ပယုတ်တရားတို့ကို အညီအမျှထားခြင်း = တတြမဇ္ဈတ္တတာကား ဥပေက္ခာသမ္ဗောဇ္ဈင်
ဤသည်တို့ကား ဓာတ်ကမ္မဋ္ဌာန်းစခန်း၌ ဗောဇ္ဈင် (၇)ပါးတို့တည်း။

အလွန်လျော့လွန်းသော လုံ့လဝီရိယရှိနေခြင်း, ဘာဝနာလုပ်ငန်းခွင်၌ သာယာမှု ကင်းမဲ့နေခြင်းစသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် ဓာတ်ကမ္မဋ္ဌာန်းလုပ်ငန်းခွင်မှ တွန့်ဆုတ်နေ၏ ပျင်းရိနေ၏၊ ထိုအခါ၌ ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာသမ္ဗောဇ္ဈင်တို့ကို မပွားများဘဲ = ဓာတ်ကြီးလေးပါး အာရုံ၌ ပဿဒ္ဓိဖြစ်အောင် သမာဓိ ဖြစ်အောင် ဥပေက္ခာဖြစ်အောင် မကြိုးစားဘဲ ဓမ္မဝိစယ-ဝီရိယ-ပီတိသမ္ဗောဇ္ဈင်တို့ကို ပွားများပေးပါ။ ဓာတ်ကြီး လေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထင်ထင်ရှားရှား သိအောင် စိတ်ဓာတ် တက်ကြွလာအောင် ပီတိဖြစ်အောင် ကြိုးစားပါ၊ ကျဆင်းနေသော စိတ်ဓာတ်ကို မြှင့်တင်ပေးပါ။

ဝီရိယ လွန်ကဲနေခြင်း ဝေဖန်မှုတွေက များပြားနေခြင်းစသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် ပျံ့လွင့်နေ၏၊ ဓာတ်ကြီးလေးပါး၏ သဘာဝလက္ခဏာအာရုံမှ ပြင်ပအာရုံသို့ အရောက်များနေ၏၊ စိတ်ဓာတ်သည် တုန်လှုပ်တက်ကြွမှု များနေ၏၊ ထိုအခါ၌ ဓမ္မဝိစယ-ဝီရိယ-ပီတိ သမ္ဗောဇ္ဈင်တို့ကို မပွားများသေးဘဲ ပဿဒ္ဓိ-သမာဓိဥပေက္ခာသမ္ဗောဇ္ဈင်တို့ကို ပွားများပေးပါ။ စူးစမ်းဆင်ခြင်မှု ဝေဖန်မှုတို့ကို လျှော့ချပါ။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထင်ထင်ရှားရှား အတင်း စူးစူးစိုက်စိုက် ရှုပွားနေမှု လုံ့လဝီရိယကို လျှော့ချပါ။ နှစ်သက်ဝမ်းမြောက်မှု ကြည်ရွှင်ဝမ်းမြောက်မှုကို မပြုပါနှင့်၊ စိတ်-စေတသိက်တို့ ငြိမ်းအေးသွားအောင် ဓာတ်ကြီး လေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို အညီအမျှ ရှုနိုင်အောင် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးဟူသော အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင်သာ ကြိုးစားပါ။

အရောင်အလင်းနှင့် ဥပစာရသမာဓိနယ်မြေ

“ဤသို့လျှင် သဒ္ဓါနှင့်ပညာ ဝီရိယနှင့်သမာဓိကို ညီမျှအောင် ယှဉ်စေ၍ ထိုဓာတ်ကြီးလေးပါးတို့၏ အသီးအသီး သော သဘာဝလက္ခဏာအာရုံ၌ပင်လျှင် နှလုံးသွင်းရှုပွားမှု ဘာဝနာလုပ်ငန်းရပ်ကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဟူသော ဣန္ဒြေငါးပါးတို့၏ ညီမျှမှုကိုရရှိ၍ အလွန်စင်ကြယ်သန့်ရှင်း ထက်မြက်စူးရှမှုတို့ ဖြစ်လာကြသောအခါ မယုံကြည်ခြင်း အဿဒ္ဓိယ, ဘာဝနာအာရုံမှ တွန့်ဆုတ်နေခြင်း လီန, ဓာတ်ကြီးလေးပါးအာရုံကို အမှတ်မရခြင်း မေ့ပျောက်နေခြင်း ပမာဒ, ဓာတ်ကြီးလေးပါးအာရုံမှ စိတ်ပျံ့လွင့်သွားခြင်း ဥဒ္ဓစ္စ, ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ဟုတ်တိုင်းမှန်စွာ မသိခြင်း မောဟ စသော ကိလေသာ အညစ်အကြေးတို့၏ ဝေးကွာသွားသည့် အဖြစ်ကြောင့် ဗောဇ္ဈင်မြတ်တရား ခုနစ်ပါးတို့သည် လွန်လွန်ကဲကဲပင်လျှင် ကြီးမားသော စွမ်းအားနှင့် ပြည့်စုံလာကုန်၏၊ ယင်းဗောဇ္ဈင်မြတ်တရား ခုနစ်ပါးတို့၏ ကြီးမားသော စွမ်းအင်သတ္တိဖြင့် အားပေးထောက်ပံ့မှု အရှိန်အဝါသတ္တိထူးကြီးကို ရရှိသည်ဖြစ်ရကား ခိုင်ခိုင်ခံ့ခံ့ တည်တံ့ခြင်းသို့ ရောက်ရှိနေကြကုန်သော

၁။ ဝိတက် = ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော၊
၂။ ဝိစာရ= ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော၊
၃။ ပီတိ= ယင်းအာရုံကို နှစ်သက်ခြင်းသဘော၊
၄။ သုခ= ယင်းအာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော၊
၅။ ဧကဂ္ဂတာ = ယင်းဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေခြင်းသဘော - ဟူသော ..

ဤစျာန်အင်္ဂါငါးပါးတို့သည် အထူးသဖြင့် ထက်မြက်ကုန်သည်ဖြစ်၍ ထင်ရှားလာကုန်၏၊ ထိုစျာန်အင်္ဂါတို့နှင့် တိုက်ရိုက် ဆန့်ကျင်ဘက် ဖြစ်ကြကုန်သော နီဝရဏကိလေသာ အညစ်အကြေးတို့သည်လည်း မိမိတို့နှင့် တူသော တည်ရာရှိကုန်သော ကိလေသာတို့နှင့် အတူတကွ ခွာအပ်ပြီးသာလျှင် ဖြစ်ကုန်၏၊ ဤမျှတိုင်အောင် ဖော်ပြခဲ့သော ဓာတ်ကမ္မဋ္ဌာန်းအားထုတ်ပုံ အစီအရင်အတိုင်း ပြည့်စုံအောင် ကြိုးစားအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာလျှင် အာရုံရှိသော ဥပစာရစျာန်ကို = ဥပစာရသမာဓိကို ကောင်းစွာ ရရှိအပ်ပြီး ဖြစ်ပေသည်။” ထို့ကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၂၈]က အထက်ပါ စကားကို ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏၊ ယင်းစကားရပ်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏၊

အထက်၌ ဖော်ပြခဲ့သော ဓာတ်ကမ္မဋ္ဌာန်းစည်းကမ်း (၁၀)ချက်နှင့်အညီ ဓာတ်ကြီးလေးပါးတို့၏ အသီးအသီးသော သဘာဝလက္ခဏာအာရုံ၌ မိမိ၏ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ဣန္ဒြေငါးပါး, ဗောဇ္ဈင်ခုနစ်ပါးကို ညီမျှအောင် ကြိုးစားအားထုတ်နေသော ယောဂါဝစရပုဂ္ဂိုလ်သည် ..

၁။ ထိုဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်၌ ကြိုးစားအားထုတ်မှုကို ပြုကျင့်ရာဝယ် ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုး ပြုကျင့်လေ့ရှိသည်၏ အဖြစ်ဖြင့်လည်းကောင်း,
၂။ လျောင်း-ထိုင်-ရပ်-သွား-ဣရိယာပုထ် လေးပါးတို့၌ အမြဲမပြတ် ဓာတ်ကြီးလေးပါးကိုသာ နှလုံးသွင်းရှုပွားခြင်းကို ပြုကျင့်လေ့ရှိသည်၏ အဖြစ်ဖြင့်လည်းကောင်း,
၃။ လျောက်ပတ်သောဥတု လျောက်ပတ်သောဘောဇဉ် လျောက်ပတ်သောအာဟာရ လျောက်ပတ်သောတရားနာမှု ကို မှီဝဲလေ့ရှိသည်၏ အဖြစ်ဖြင့်လည်းကောင်း,
၄။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ ဟူသော သမထနိမိတ်အာရုံကို ကောင်းစွာ မှတ်သားခြင်းဖြင့် လည်းကောင်း,
၅။ ဗောဇ္ဈင်ခုနစ်ပါး မြတ်တရားတို့ကို လျော်စွာ ဖြစ်စေခြင်းဖြင့်လည်းကောင်း,
၆။ ခန္ဓာကိုယ်၌လည်းကောင်း အသက်၌လည်းကောင်း ငဲ့ကွက်ခြင်း ကင်းသော ဖြစ်ခြင်း ရှိသည်၏ အဖြစ်ဖြင့် လည်းကောင်း,
၇။ ဘာဝနာလုပ်ငန်းရပ်၏ စပ်ကြားကာလ၌ ဘာဝနာလုပ်ငန်းမှ တွန့်ဆုတ်ခြင်းသို့ မရောက်စေခြင်းဖြင့် လည်းကောင်း –

ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်ကို အဆင့်ဆင့် တိုးတက်အောင် အပတ်တကုတ် ကြိုးစားအားထုတ်လျက် လွန်ကဲသော အားထုတ်ခြင်း၌ မြဲမြံစွာ ရပ်တည်ခြင်းဖြင့် ကောင်းစွာသာလျှင် အားထုတ်ခြင်း လုံ့လပယောဂကို လည်းကောင်း, တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်အောင် အဆင့်ဆင့် အားထုတ်ခြင်း ပရက္ကမကိုလည်းကောင်း ဖြစ်စေအပ်၏၊ ထိုသို့ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ပိုင်းပိုင်းခြားခြား ထိုးထွင်းသိနေသော ဓာတုမနသိကာရ ဘာဝနာပညာသည် ဖြစ်ပေါ်နေ၏၊ ပကတိသော ဆီမီးသည် မိမိ၏ အရောင်အလင်းဖြင့် မျက်စိအမြင်ရှိသူတို့အား အရာဝတ္ထုအမျိုးမျိုးတို့ကို မြင်အောင် ထွန်းပြသကဲ့သို့ အလားတူပင် ဤဓာတုမနသိကာရ သမထဘာဝနာစိတ်နှင့် ယှဉ်တွဲလျက်ရှိသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအသီးအသီးကို ထိုးထွင်းသိမြင်နေသော ပညာသည်လည်း ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အထူးထူး အပြားပြားကို (မာ-ကျန်း-လေး-ပျော့-ချော-ပေါ့၊ ယိုစီး-ဖွဲ့စည်း၊ ပူ-အေး၊ ထောက်-တွန်းဟူသော သဘာဝလက္ခဏာ အထူးထူး အပြားပြားကို) ထင်လင်းစေသဖြင့် မိမိပညာရောင်ဖြင့် ထွန်းပြခြင်း ကိစ္စရှိ၏၊ ယင်းသို့ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအသီးအသီးကို ထင်လင်းစေသဖြင့် မိမိ၏ အရောင်အလင်းဖြင့် ထွန်းပြခြင်း ကိစ္စရှိသော ဘာဝနာပညာသည် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအသီးအသီး၏ “ ဖြစ်-တည်-ပျက်” ဟူသော အစ-အလယ်-အဆုံးတို့၌ သိနေ၏၊ အစ-အလယ်-အဆုံးတို့၌ သိမှုကို မစွန့်လွှတ်ပေ။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝ လက္ခဏာ အသီးအသီး၏ အစ-အလယ်-အဆုံးဟူသော “ဖြစ်-တည်-ပျက်”ကို သိနေသော, သိမှုကို မစွန့်လွှတ်သော ထိုဘာဝနာပညာသည် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီး၏ အစ-အလယ်-အဆုံး ဟူသော ဖြစ်မှု တည်မှု ပျက်မှု အလုံးစုံကိုပင် ပိုင်းပိုင်းခြားခြား ယူနိုင် သိမ်းဆည်းထားနိုင်၏၊ ထိုဘာဝနာပညာနှင့်ယှဉ်သော သမာဓိကား မဟဂ္ဂုတ်အဖြစ်သို့ မရောက်ရှိခြင်းကြောင့် ဥပစာရမျှသာဖြစ်သော အထွတ်အထိပ်သို့ ရောက်နေသော ကာမာဝစရသမာဓိ ဖြစ်ပေသည်။ အထက်ပါအတိုင်း စည်းကမ်းတကျ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို သိမ်းဆည်းပွားများအားထုတ်နေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ယင်းဥပစာရသမာဓိ မျိုးသည် ဖြစ်ပေါ်လာနိုင်၏ ဟူပေ။[မှတ်စု ၂၉]

ထပ်မံရှင်းလင်းချက်များ

အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် မဟာဋီကာစကားရပ်တို့မှာ ပညာရှိသူတော်ကောင်းတို့သည်သာ နားလည် သဘောပေါက်နိုင်သော စကားရပ်တို့ ဖြစ်နေကြ၏၊ ဉာဏ်နုံ့သူ သူတော်ကောင်းတို့အတွက် ထပ်မံ၍ အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည်။

ယောဂါဝစရပုဂ္ဂိုလ်သည် အာနာပါနကမ္မဋ္ဌာန်း, ဩဒါတကသိုဏ်း စသည့် သမထကမ္မဋ္ဌာန်းတို့ကို စတုတ္ထစျာန်သို့ ပေါက်အောင် ရှုထားပြီးသူ သမထယာနိကပုဂ္ဂိုလ်ဖြစ်လျှင် ယင်းစတုတ္ထစျာန်သမာဓိကြောင့်လည်း အရောင်အလင်း များသည် ထွက်ပေါ်နေသည်သာ ဖြစ်၏၊ ယင်းစတုတ္ထစျာန်မှ ထ၍ ယခုကဲ့သို့ ဓာတ်ကြီးလေးပါးကို အာရုံယူ၍ သမာဓိကို ထူထောင်ခိုက်၌လည်း ယင်းဓာတုမနသိကာရ ဘာဝနာသမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့်လည်း ဖြစ်ပေါ်လာသော အရောင်အလင်းသည် ရှိနေသည်သာ ဖြစ်၏၊

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဖြစ်၍ ဓာတ်ကမ္မဋ္ဌာန်းကိုသာ စတင် အားသစ်သူ သူတော်ကောင်း ဖြစ်ပါမူကား .. ယခုကဲ့သို့ ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကို အာရုံယူ၍ ဘာဝနာသမာဓိကို ထူထောင်လာရာ၌ ဥပစာရသမာဓိသို့ မဆိုက်မီ ဆိုက်လုနီးပါးဖြစ်သော ပရိကမ္မသမာဓိအခိုက်မှစ၍ အရောင်အလင်းများသည် စတင်ထွက်ပေါ်လာတတ်၏၊

ဤအရာဝယ် ယောဂါဝစရပုဂ္ဂိုလ်တို့၏ ပါရမီအပေါ်၌ အခြေတည်၍ တစ်ဦးနှင့်တစ်ဦး မတူထူးခြားကွဲပြားမှု အနည်းငယ် ရှိတတ်၏၊ အချို့သူတော်ကောင်းတို့ကား ဓာတ်ကြီးလေးပါးကို အာရုံယူ၍ သမာဓိကို ထူထောင်လာရာ သမာဓိအရှိန်အဝါ အားကောင်းလာသောအခါ ဝန်းကျင်ပတ်ချာ အရပ်မျက်နှာတို့၌ လင်းနေသည်ကို တွေ့ရတတ်၏၊ အချို့သူတော်ကောင်းတို့ကား အလင်းရောင်ကို စတင်၍ အသိအမှတ် မပြုမိဘဲ ခန္ဓာကိုယ်၌ပင် တည်ရှိသော ဓာတ်ကြီး လေးပါးကို စိုက်၍ရှုနေရာ သမာဓိအရှိန်အဝါ အားကောင်းလာသောအခါ မီးခိုးရောင်ကဲ့သို့သော ညစ်ထပ်ထပ်အဖြူကို စတင် တွေ့တတ်၏၊ အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ကား ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာများသည် အထူး ကျယ်ပြန့်လာတတ်၏၊ ခန္ဓာကိုယ်ကြီး တဖြည်းဖြည်း ကြီးထွားသွားသည်ဟု ထင်တတ်ကြ၏၊ အချို့ပုဂ္ဂိုလ်တို့ကား ခန္ဓာကိုယ် ပျောက်၍ ဓာတ်အစုအပုံဖြင့်သာ တွေ့မြင်နေရာ ထိုဓာတ်အစုအပုံ အတုံးအခဲမှာ တဖြည်းဖြည်း လုံးကျစ်၍ သေးသိမ်လာသည်ဟု ထင်တတ်ကြ၏၊ သမာဓိ၏ အရှိန်အဝါ အားကောင်းလာသောအခါ ဘာဝနာမနသိကာရအပေါ် အခြေစိုက်၍ ဖြစ်ပေါ်လာသော ကွဲပြားမှုတည်း။ ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် ဤကဲ့သို့ သမာဓိအရှိန်အဝါ အားကောင်းလာသော အပိုင်း၌ ဓာတ်ကြီးလေးပါးကို ကြီးမားကျယ်ပြန့်သွားစေလိုသောစိတ်, ဓာတ်ကြီးလေးပါးကို ကျုံ့သွားစေလိုသောစိတ် ဤသို့စသော စိတ်ပြောင်းလဲမှု စိတ်ကစားမှုများ မဖြစ်အောင် အထူးသတိပြုဖို့ လိုအပ်ပေသည်။ ဤအပိုင်းတွင် ထိုကဲ့သို့ စိတ်အပြောင်းအလဲ များနေပါက .. ဘာဝနာသမာဓိမှာ တဖြည်းဖြည်း အရှိန်အဝါ လျော့လာတတ်၏၊ ဥဒ္ဓစ္စ ဝင်နေတတ်၏၊

ယောဂါဝစရပုဂ္ဂိုလ်သည် ဤကဲ့သို့ သမာဓိအရှိန်အဝါ အားကောင်းလာသောအခါ “လက်-ခြေ-ခေါင်း-ကိုယ်” စသော ခန္ဓာကိုယ် အစိတ်အပိုင်းတို့ကို မမြင်တော့ဘဲ ဓာတ်ကြီးလေးပါးတို့၏ အစုအပုံ အတုံးအခဲကြီးကိုသာ တွေ့မြင်နေ၏၊ ထိုအခါ သမာဓိမှာ အရှိန်အဝါ အားကောင်းလာပြီ ဖြစ်၏၊ အကြမ်းစား သတ္တသညာ (= လောက ဝေါဟာရအားဖြင့် ခေါ်ဝေါ်သုံးစွဲနေသော “ငါ-သူတစ်ပါး-ယောက်ျား-မိန်းမ-ပုဂ္ဂိုလ်-သတ္တဝါ” ဤသို့ စသော လောကသမညာ အတ္တစွဲ) ကွာစပြုလာပြီ ဖြစ်၏၊ ထိုကဲ့သို့သော သတ္တသညာ ကွာသွားအောင်လည်း ယောဂါဝစရ ပုဂ္ဂိုလ်သည် ကြိုးပမ်းရမည်သာဖြစ်၏၊

ဤကဲ့သို့ ကြိုးပမ်းလာရာ ထိုဓာတ်အတုံးအခဲကြီး၌ မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ်အရောင်ကို စတင် တွေ့ရှိတတ်၏၊ ပါရမီအရှိန်အဝါ အားကောင်းသူ သမာဓိအရှိန်အဝါအားကောင်းသူတို့ကား ဤအဆင့်တွင် အလွန် မကြာတော့ဘဲ ယင်းမီးခိုးရောင်ကဲ့သို့သော ညစ်ထပ်ထပ်အတုံးအခဲ၌ပင် တည်ရှိသော ဓာတ်ကြီးလေးပါးကို မြင်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူလျက် သိမ်းဆည်းလျက် သမာဓိကို ဆက်လက်ထူထောင်လိုက်သောအခါ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ် ဖြူနေသော, ဆွတ်ဆွတ်ဖြူနေသော တိမ်တိုက်ကဲ့သို့သော အဖြူပြင် အဖြူအတုံးအခဲကြီးကို တွေ့မြင်လာတတ်၏၊ ယင်းအဖြူအတုံးအခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် သိမ်းဆည်းလျက် သမာဓိကို ဆက်လက် ထူထောင် နိုင်ခဲ့သော် ရေခဲတုံး ဖလ်တုံး မှန်တုံးကဲ့သို့သော အလွန် ကြည်လင်တောက်ပနေသော အတုံးအခဲကြီးကို တွေ့တတ်၏၊ ရုပ်ဃနခေါ်သည့် အတုံးအခဲများ မပြိုမီ စပ်ကြားကာလ၌ ဓာတ်ကြီးလေးပါးတို့ကို အစုလိုက်အပုံလိုက် အတုံးလိုက် အခဲလိုက် တွေ့မြင်နေရခြင်း ဖြစ်၏၊

ဘုရားရှင်သည် စက္ခုပသာဒ သောတပသာဒ ဃာနပသာဒ ဇိဝှါပသာဒ ကာယပသာဒဟု ပသာဒရုပ် (= အကြည်ရုပ်) ငါးမျိုးကို ဟောကြားထားတော်မူခဲ့၏၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၃၀]ကလည်း “ယင်းအကြည်ရုပ်တို့မှာ ရူပါရုံစသော ပဉ္စာရုံတို့ကို အာရုံယူတတ်သော စက္ခုဝိညာဏ် စသော ဆိုင်ရာ ဆိုင်ရာ ပဉ္စဝိညာဏ်တို့အား ဖြစ်ပေါ်လာအောင် မှီရာ နိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးတတ်၏၊ ယင်းသို့ ကျေးဇူးပြုတတ်သည်၏ အဖြစ်ဖြင့် ကြေးမုံအပြင်ကဲ့သို့ အထူးကြည်လင်သောကြောင့် ပသာဒရုပ် မည်၏” - ဟု ဖွင့်ဆိုထား၏၊

ဤပါဠိတော် အဋ္ဌကထာတို့နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်တို့ တွေ့မြင်နေသော အတုံးအခဲမှာ ယင်းပသာဒ ရုပ်တို့၏ အတုံးအခဲနှင့် မကြည်သော ရုပ်ကလာပ်တို့၏ အတုံးအခဲသာဖြစ်၏၊ ဤခန္ဓာအိမ်ဝယ် ကြည်သော ရုပ်ကလာပ်တို့၌ အထက်ပါ ပသာဒရုပ်ငါးမျိုးတို့ တည်ရှိကြ၏၊ မကြည်သော ရုပ်ကလာပ်တို့၌ကား ယင်းပသာဒရုပ်တို့ မတည်ရှိကြပေ။ သို့သော် ဤ ခန္ဓာအိမ်ဝယ် ကြည်သော ရုပ်ကလာပ်နှင့် မကြည်သော ရုပ်ကလာပ်တို့ကား ဆန်မှုန့်နှင့် နနွင်းမှုန့်ကို သမအောင် ရောစပ်ထားသကဲ့သို့ ရောနှော၍ တည်ရှိနေကြ၏၊ ကာယပသာဒရုပ်ကား တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိ၏၊ ထိမှုကိုသိနိုင်သည့် နေရာတိုင်းတွင် ကာယပသာဒကား တည်ရှိနေ၏၊ ကာယပသာဒနှင့်တကွ ပသာဒရုပ် ငါးမျိုးတို့ ပါဝင်နေသော ရုပ်ကလာပ်တို့ကား ကြည်သော ရုပ်ကလာပ်တို့ ဖြစ်ကြ၏၊ ယင်းရုပ်ကလာပ်တို့၏ အပေါင်းအစုကို ဃနခေါ်သည့် ရုပ်တုံးရုပ်ခဲများ မပြိုကွဲမီကာလ၌ ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတုမနသိကာရ ဘာဝနာသမာဓိ အရှိန်အဝါ အားကောင်းလာသောအခါ ရေခဲတုံး ဖလ်တုံး မှန်တုံးကဲ့သို့ အတုံးလိုက် အခဲလိုက် တွေ့မြင်နေခြင်း ဖြစ်၏၊ ကြည်သည့်ရုပ်ကလာပ် မကြည်သည့်ရုပ်ကလာပ်တို့ကို မခွဲခြားနိုင်သေးသော အဆင့်ပင် ဖြစ်၏၊ ထိုအကြည်ဓာတ် အကြည်ပြင် အကြည်အတုံးအခဲကြီး၌ ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် မြင်အောင် ဆက်လက် ပိုင်းခြားယူ၍ သိမ်းဆည်း၍ သမာဓိကို ထူထောင်ပါက ယင်းအကြည်အတုံးအခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် ဆက်လက်ရှုနေပါက သမာဓိ၏ အရှိန်အဝါ အားကောင်းသထက် အားကောင်းလာသောအခါ အရောင်အလင်းများ သည်လည်း တဖျပ်ဖျပ် ထွက်ပေါ်လာတတ်ပေသည်။

ဓာတုမနသိကာရ သမထဘာဝနာစိတ်ကြောင့် ဖြစ်ပေါ်နေသော စိတ္တဇရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် ရူပါရုံတို့၏ လင်းရောင်ခြည်နှင့် ယင်းစိတ္တဇရုပ်ကလာပ်တို့၌ ပါဝင်သော တေဇောဓာတ်ကြောင့် ဆင့်ကဲ ဖြစ်ပွားလာကြကုန်သော စိတ္တပစ္စယ-ဥတုဇရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် ရူပါရုံတို့၏ လင်းရောင်ခြည် များတည်း။ ယင်းလင်းရောင်ခြည်တို့တွင် စိတ္တဇရုပ်ကလာပ်တို့၏ ဝဏ္ဏဓာတ်ရူပါရုံ၏ လင်းရောင်ခြည်မှာ ခန္ဓာအိမ်၏ အတွင်း၌သာ ပျံ့နှံ့တည်ရှိ၏၊ ဥတုဇရုပ်ကလာပ်တို့၏ ဝဏ္ဏဓာတ်ရူပါရုံ၏ လင်းရောင်ခြည်မှာ ခန္ဓာအိမ်၏ အတွင်း၌ သာမက အပြင်အပ ဗဟိဒ္ဓသို့ တိုင်အောင် ဉာဏ်အာနုဘော်အားလျော်စွာ ပျံ့နှံ့သွားတတ်၏၊ ယင်းလင်းရောင်ခြည် တို့သည် ဟဒယဝတ္ထုရုပ်ကို မှီဖြစ်နေကြကုန်သော သမထဘာဝနာစိတ် (ဝိပဿနာဘာဝနာစိတ်) တို့ကို မြစ်ဖျားခံလျက် အကြည်တုံး အကြည်ပြင်ကြီးကို ထိုးဖောက်ကာ အပြင်ဗဟိဒ္ဓသို့တိုင်အောင် ပျံ့နှံ့လျက် တဖျပ်ဖျပ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဓာတုမနသိကာရဘာဝနာသမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဉာဏာလောက = ဉာဏ်အရောင်အလင်းတည်း။ ယင်းဉာဏ်ရောင်သည် ပရမတ္ထဓမ္မသဘာဝမှန်ကို ဟုတ်တိုင်းမှန်စွာ သိအောင် မြင်အောင် ဆီမီးကဲ့သို့ ထွန်းပြခြင်း အဝဘာသနကိစ္စ ရှိပေသည်။ သမာဓိ၏အရှိန်အဝါကို အားကောင်းသထက် အားကောင်းအောင် ဆက်လက်၍ မြှင့်တင်ပေးနိုင်ပါက ဉာဏ်၏အာနုဘော်မှာ အရှိန်အဝါ မြင့်မားလာ၏၊ ဉာဏ်၏ အာနုဘော်သည် ကြီးမားလာပါက လင်းရောင်ခြည်စွမ်းအင်မှာလည်း ပို၍ ပို၍ တောက်ပလာ၏၊ ထို့ကြောင့် လင်းရောင်ခြည်စွမ်းအင်ကို များများအလိုရှိပါက သမာဓိကို များများ ထူထောင်ပေးပါ။

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် ဖြစ်၍ ယခုကဲ့သို့ ဓာတ်ကမ္မဋ္ဌာန်းဖြင့် သမာဓိကို စတင်ထူထောင်လာရာ –

၁။ အရောင်အလင်းမှာ အားပျော့နေပါက,
၂။ သို့မဟုတ် ဩဒါတကသိုဏ်းကဲ့သို့သော သမထကမ္မဋ္ဌာန်းတစ်ခုခုသို့ ပြောင်း၍ သမာဓိကို ထူထောင်လိုပါက,
၃။ သို့မဟုတ် စတုရာရက္ခကမ္မဋ္ဌာန်းများကို ပွားများအားထုတ်လိုပါက ..

ရုပ်ကလာပ်များကို မတွေ့ရသေးမီ အရောင်အလင်းများ အားကောင်းနေသော ယခုကဲ့သို့သော အချိန်မျိုးတွင် လမ်းခွဲခဲ့သော် အကောင်းဆုံး ဖြစ်သည်။ ရုပ်ကလာပ်များကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ ပရမတ်သို့ ဆိုက်အောင် ဓာတ်ခွဲပြီးမှ = ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးမှ သမထတစ်ခုခုဘက်သို့ ပြောင်းခဲ့သော် သမထနိမိတ်တစ်ခုခုကို (အရိုးစုကဲ့သို့သော သမထနိမိတ်တစ်ခုခုကို) အာရုံယူ၍ စိုက်ရှုလိုက်တိုင်း ရုပ်ကလာပ်အမှုန်များသာ ဖြစ်ဖြစ်သွား တတ်သဖြင့် (အရိုးစုကို မတွေ့တော့ဘဲ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့မြင်နေတတ်သဖြင့်) သမာဓိ ထူထောင်ဖို့ရန် သမထနိမိတ် တစ်ခုခုကို ပြည်တည်ရာ၌ အခက်အခဲ အနည်းငယ် ရှိတတ်ပါသည်။ (သို့သော် ကြိုးစားပါက အောင်မြင်နိုင်ပါသည်။)

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်ဖြစ်၍ သမထတစ်ခုခုဘက်သို့ ပြောင်း၍ သမာဓိကို ထူထောင်လိုပါက ရှေးဦးစွာ ဓာတ်ကြီးလေးပါးကို အာရုံယူ၍ သမာဓိကို ထူထောင်ပါ။ အထက်တွင် တင်ပြခဲ့သည့်အတိုင်း ရေခဲတုံး ဖလ်တုံး မှန်တုံးကဲ့သို့ ကြည်နေသော အကြည်တုံး အကြည်ပြင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် အာရုံယူ၍ ဆက်လက်ကာ သမာဓိကို ထူထောင်ပါ။ လင်းရောင်ခြည်များသည် နာရီဝက် တစ်နာရီခန့် ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလာသောအခါ သမထကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း –

၁။ (၃၂)ကောဋ္ဌာသ,
၂။ အရိုးစုကမ္မဋ္ဌာန်း,
၃။ ဩဒါတကသိုဏ်းနှင့် ကြွင်းကသိုဏ်းများ

ဤကမ္မဋ္ဌာန်းတို့ကို အစဉ်အတိုင်း ရှုနိုင်ပါသည်။ ဩဒါတကသိုဏ်း၌ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သောအခါ အခြား သမထကမ္မဋ္ဌာန်းများသို့လည်းကောင်း အထူးသဖြင့် စတုရာရက္ခကမ္မဋ္ဌာန်းများသို့လည်းကောင်း ပြောင်းရှုလိုက ရှုနိုင်ပေပြီ။ (ကသိုဏ်း ၁၀-ပါး သမာပတ် ၈-ပါးရှုကွက်, ဗြဟ္မစိုရ်တရား ၄-ပါးရှုကွက်, စတုရာရက္ခကမ္မဋ္ဌာန်းရှုကွက်တို့ကို သမထကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ။)

အကယ်၍ ဝိပဿနာသို့ ကူးလိုက အောက်ပါအတိုင်း ဆက်လက် လေ့ကျင့်ပါ။

အတိတ်က ဖြည့်ကျင့်ဆည်းပူးခဲ့သော ပါရမီ အရှိန်အဝါ အားကောင်းသည့် သူတော်ကောင်းတို့သည်ကား ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်အတိုင်း စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လာရာ အထက်တွင် ရေးသား တင်ပြထားသည့်အတိုင်း ရေခဲတုံး ဖလ်တုံး မှန်တုံးကဲ့သို့ ကြည်နေသော အကြည်တုံး အကြည်ပြင်၌ ဓာတ်ကြီးလေးပါးကို မြင်အောင် သိမ်းဆည်းလိုက်သည်နှင့် တစ်ပြိုင်နက် ရှုလိုက်သည်နှင့် တစ်ပြိုင်နက် မကြာမီ အချိန်ကာလအတွင်းမှာပင် ယင်းအကြည်တုံး အကြည်ပြင်ကြီးသည် ပြိုကွဲသွားကာ ရုပ်ကလာပ်အမှုန်များကို စတင်၍ တွေ့ရှိတတ်ပေသည်။ ပါရမီက အနည်းငယ် နုံ့နေသဖြင့် သမာဓိကလည်း အလွန်ကြီး မစူးရှသဖြင့် ရုပ်ကလာပ်များကို မတွေ့မြင်နိုင်သေး ဖြစ်နေပါက ထိုအခါတွင် အာကာသဓာတ်ကို မြင်အောင် ရှုရမည် ဖြစ်သည်။

အခက်အခဲများ

ထိုသို့ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို အာရုံယူ၍ သမာဓိကို ထူထောင်ရာ၌ တစ်ခါ တစ်ရံ သမာဓိက လျှောကျသွားခဲ့သော် အကြည်ပြင်ကို တွေ့နေရာမှ အဖြူရောင်သို့ ပြန်၍ ဆိုက်ရောက်သွားတတ်၏၊ ထိုထက်ပင် သမာဓိက ပို၍ လျှောကျသွားခဲ့သော် မီးခိုးရောင်သို့ ပြန်၍ ဆိုက်ရောက်သွားတတ်သည်။ ထိုထက်ပင် ပို၍ သမာဓိက လျှောကျသွားပြန်လျှင် မီးခိုးရောင်မျှကိုပင် မတွေ့တော့ဘဲ ဃနမပြိုသေးသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာသို့ တစ်ဖန်ပြန်၍ ဆိုက်ရောက်သွားတတ်၏၊ ဤကဲ့သို့သော အခက်အခဲများမှာ ယေဘုယျအားဖြင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တို့၌ ပို၍ အဖြစ်များတတ်၏၊

ထိုအခါမျိုးတွင် ကြီးမားသော ဇွဲလုံ့လဝီရိယဖြင့် ဓာတ်ကြီးလေးပါးတို့၏ သဘောလက္ခဏာကိုပင် အာရုံယူ၍ ထိုအာရုံ၌ ဘာဝနာစိတ်ကို စွဲမြဲစွာ ကပ်ထားလျက် သမာဓိကို ခိုင်ခံ့အောင် တည်တံ့အောင်, ဓာတ်ကြီးလေးပါးအာရုံ၌ မြဲစွာစိုက်၍ တည်နေအောင်, လေမတိုက်ရာ လေငြိမ်သက်ရာအရပ်၌ ညှိထွန်းအပ်သော ဆီမီးတိုင်ကဲ့သို့ မလှုပ်မယှက် ငြိမ်သက်စွာ ကပ်၍တည်နေအောင် ကြိုးစားအားထုတ်ပါက ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေခဲ့သော် တဖြည်းဖြည်း မီးခိုးရောင်ကို တွေ့ရှိမည် ဖြစ်၏၊ ထိုတွင် ဓာတ်ကြီးလေးပါးကိုပင် မြင်အောင် ဆက်ရှုလျက် သမာဓိကို ဆက်လက်ထူထောင်နိုင်ပါက တိမ်တိုက်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသည့် အဖြူကို အတုံးလိုက် အခဲလိုက် အပြင်လိုက် တွေ့ရှိမည်ဖြစ်၏၊ ထိုအဖြူတွင် တည်ရှိသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် ပိုင်းခြားယူလျက် သိမ်းဆည်းလျက် သမာဓိကို ဆက်လက်ထူထောင်နိုင်ပါက ရေခဲတုံး ဖလ်တုံး မှန်တုံးကဲ့သို့ ကြည်နေသော အကြည်တုံး အကြည်ခဲ အကြည်ပြင်ကြီးကို တစ်ဖန် ပြန်၍ တွေ့ရှိမည် ဖြစ်သည်။

ဤသို့လျှင် ယောဂါဝစရပုဂ္ဂိုလ်၏ သမာဓိ အတက်အကျသို့ လိုက်၍ မီးခိုးရောင်-အဖြူ-အကြည်၊ အကြည်အဖြူ-မီးခိုးရောင်ဟု ကြိမ်ဖန်များစွာ အပြောင်းအလဲကား ရှိနိုင်ပေသည်။ သို့သော် သမထယာနိကပုဂ္ဂိုလ်တို့၌ကား ဤအဆင့်တွင် အလွန့်အလွန်ကြီး ခက်ခဲမှု မရှိသည်ကို ယေဘုယျအားဖြင့် တွေ့ရှိရ၏၊ အကယ်၍ အခက်အခဲ ရှိနေပါက မိမိရရှိထားသည့် အာနာပါနစတုတ္ထစျာန် ဩဒါတကသိုဏ်းစတုတ္ထစျာန် စသည့် သမာဓိများကို တစ်ဖန် ပြန်ထူထောင်၍ သမာဓိအရှိန်အဝါ အားကောင်းလာသောအခါ ဓာတ်ကြီးလေးပါးကို သိမ်းဆည်းလျက် သမာဓိကို အဆင့်ဆင့် တစ်ဖန်ပြန်၍ ထူထောင်လိုက်ပါက မကြာမီ အချိန်ကာလအတွင်းမှာပင် အကြည်တုံး အကြည်ခဲ အကြည်ပြင်ကြီးကို ပြန်လည်တွေ့ရှိမည် ဖြစ်ပေသည်။ ထိုအကြည်တုံး အကြည်ခဲ အကြည်ပြင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းလျက် ဉာဏ်ဖြင့် ပိုင်းခြားယူလျက် သမာဓိကို ဆက်လက်ထူထောင်ပါက ပါရမီ အားလျော်စွာ အကြည်တုံးကြီးမှာ ပြိုကွဲသွားကာ ရုပ်ကလာပ်အမှုန်များကို စတင် တွေ့ရှိတတ်ပါသည်။ အကယ်၍ မတွေ့ရှိပါက ယင်းအကြည်တုံး အကြည်ပြင်၌ အာကာသဓာတ်ကို မြင်အောင် ဆက်ရှုရမည် ဖြစ်သည်။

ဘုရားရှင်သည် မဟာရာဟုလောဝါဒသုတ္တန်[မှတ်စု ၃၁].. စသည့် ထိုထိုသုတ္တန်တို့၌ ဓာတ် (၆)ပါး ကမ္မဋ္ဌာန်းကို ဟောကြားတော်မူရာဝယ် အာကာသဓာတ်ကိုလည်း ရှုပွားရန် ညွှန်ကြားထားတော်မူ၏၊ ဤညွှန်ကြားချက်နှင့် ပတ်သက်၍ မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ ဋီကာ[မှတ်စု ၃၂]တို့က အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူကြ၏ ..။

“မဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကား လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ထိုက်သော ပရမတ္ထဓာတ်သားများ ဖြစ်ခြင်းကြောင့် အကျယ်ချဲ့၍ ဟောတန်စေ၊ လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ မရှုပွားထိုက်သော အာကာသဓာတ်ကို အဘယ်ကြောင့် ဘုရားရှင်သည် အကျယ်ချဲ့၍ ဟောကြားတော်မူအပ်ပါသနည်း ဟု မေးရန် ရှိလာပြန်၏၊ အဖြေမှာ - ဥပါဒါရုပ်တို့ကို ရှုပွားဖို့ရန် ညွှန်ကြားတော်မူလိုသောကြောင့် ဘုရားရှင်သည် အာကာသဓာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူအပ်ပါသည် ဟူပေ။

ဘုရားရှင်သည် မဟာရာဟုလောဝါဒသုတ္တန် ရှေးပိုင်းဝယ် မဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကို ရှုပွားပုံကိုသာလျှင် အကျယ်ချဲ့၍ ဟောကြားထားတော်မူရသေး၏၊ ဥပါဒါရုပ်ကို ရှုပွားပုံကို မဟောကြားရသေး။ ထို့ကြောင့် မဟာဘုတ် ဓာတ်ကြီးလေးပါးကို မှီ၍ ဖြစ်နေရသော ဥပါဒါရုပ်ချင်း တူညီသဖြင့် လက္ခဏာဟာရနေတ္တိနည်းအားဖြင့် အာကာသ ဓာတ်မှ ကြွင်းသော ဥပါဒါရုပ်အားလုံးကို အာကာသဓာတ်၌ ပေါင်းစု၍ ဟောကြားသွားတော်မူခြင်း ဖြစ်၏၊ အာကာသ ဓာတ်ကို ရှုပွားပုံကို ညွှန်ပြခြင်းဖြင့် ဥပါဒါရုပ်အားလုံးကို ရှုပွားရန် ညွှန်ပြပြီး ဖြစ်သည်ဟု သိရှိပါလေ။ ထိုကြောင့် ဤအာကာသဓာတ်ကို အဦးမူသဖြင့် ထိုဥပါဒါရုပ်ကို ရှုပွားပုံကို ညွှန်ပြရန် အလို့ငှာ အာကာသဓာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူခဲ့လေသည်။ သည်မျှသာမကသေး၊ ဥပါဒါရုပ်ကို သိမ်းဆည်းဖို့ရန် ညွှန်ပြခြင်းအကျိုးသက်သက် အတွက်သာလျှင် အာကာသဓာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူသည် မဟုတ်သေး၊ အကယ်စင်စစ်သော်ကား ရုပ်တရားတို့ကို သိမ်းဆည်းရာ၌ သိမ်းဆည်းမှု လွယ်ကူသည့် နည်းလမ်းကို ညွှန်ကြားတော်မူလိုသောကြောင့်လည်း ဘုရားရှင်သည် အာကာသဓာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူခဲ့လေသည်။ အာကာသဓာတ်ဟူသည် ရုပ်ကလာပ်တို့၏ အကြားအပေါက် ဖြစ်၏၊ ရုပ်ကလာပ်တို့ကို တစ်ခုနှင့်တစ်ခု ရောယှက်မှု မရှိအောင် ပိုင်းခြားပေးသော ရုပ်တည်း။ ယင်းအာကာသဓာတ်ဖြင့် အပိုင်းအခြား ခံရသော ရုပ်ကလာပ်အပေါင်းသည်လည်း ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ထင်ရှားနေ၏၊ ထင်ထင်ရှားရှား ဖြစ်၍ တည်နေ၏၊ ရုပ်ကလာပ်အပေါင်းသည် ထင်ရှားနေခဲ့သော် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ရုပ်တရားအပေါင်းသည်လည်း ထင်ရှားလာ၏၊ သိမ်းဆည်းဖို့ရန် လွယ်ကူလာ၏၊ ဤကဲ့သို့သော နည်းစနစ်ကောင်းကြီးကို ညွှန်ကြားပြသတော်မူလိုသည့်အတွက်ကြောင့်လည်း ဘုရားရှင်သည် အာကာသဓာတ်ကို ရှုပွားဖို့ရန် အကျယ်အားဖြင့် ညွှန်ကြားပြသပေးတော်မူသည်။”

အကြည်ဓာတ် (၆) ပါး

စက္ခုအကြည် သောတအကြည် ဃာနအကြည် ဇိဝှါအကြည် ကာယအကြည်ဟု ရုပ်အကြည်ဓာတ် (၅)မျိုးနှင့် ဘဝင်မနောအကြည်ဟု နာမ်အကြည်ဓာတ် တစ်မျိုး - အားလုံးပေါင်းသော် အကြည်ဓာတ် (၆)မျိုး ရှိ၏၊

ထိုတွင် ကာယအကြည်ဓာတ်များမှာ တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိနေ၏၊ ယင်းကာယအကြည်ဓာတ်နှင့် တကွ ရုပ်အကြည်ဓာတ် (၅)မျိုးတို့ ပါဝင်သော ရုပ်ကလာပ်တို့မှာ ကြည်သော ရုပ်ကလာပ်တို့ ဖြစ်ကြ၏၊

“စက္ခုပသာဒ စသော ငါးမျိုးသော ရုပ်သည် ရူပါရုံစသည့် အာရုံတို့ကို လှမ်း၍ အာရုံယူရာ၌ စက္ခုဝိညာဏ် စသော ဆိုင်ရာဝိညာဏဓာတ်တို့၏ မှီရာ ဝတ္ထုပုရေဇာတနိဿယ အကြောင်းတရားအဖြစ်ဖြင့် ကျေးဇူးပြုလျက် ကြေးမုံမှန်အပြင်ကဲ့သို့ ကြည်လင်နေသောကြောင့် ပသာဒရုပ် မည်၏၊”[မှတ်စု ၃၃]

ကြည်သော ရုပ်ကလာပ်တို့မှ ကြွင်းသော ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရားလေးပါးကြောင့် ထင်ရှားဖြစ်နေကြကုန်သော ရုပ်ကလာပ်တို့ကား မကြည်သော ရုပ်ကလာပ်တို့တည်း။ ကြည်သော ရုပ်ကလာပ် မကြည်သော ရုပ်ကလာပ်တို့ကား ဆန်မှုန့်နှင့် နနွင်းမှုန့်ကို သမအောင် ရောစပ်ထားသကဲ့သို့ ခန္ဓာကိုယ်အနှံ့အပြား၌ တည်ရှိနေကြ၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် အာကာသဓာတ်ကို မမြင်သေးမီ ရုပ်ကလာပ်တို့ကိုလည်း မမြင်သေးမီ အချိန်ကာလ၌ ဉာဏ်ကလည်း အလွန်ကြီး မစူးရှ မထက်မြက်သေးသဖြင့် ယင်း ကြည်သည့်ရုပ်ကလာပ် မကြည်သည့် ရုပ်ကလာပ်တို့ကို တစ်ဆက်တည်း တစ်စပ်တည်းကဲ့သို့ မြင်နေသဖြင့် ယင်းရုပ်ကလာပ်တို့ကို, အထူးသဖြင့် အကြည်ဓာတ်များ လွှမ်းခြုံဖုံးအုပ်ထားသော ရုပ်ကလာပ်အားလုံးတို့ကို အတုံးလိုက် အခဲလိုက် အပြင်လိုက် တွေ့မြင်နေရခြင်း ဖြစ်၏၊ ဓာတုမနသိကာရ ဘာဝနာသမာဓိနှင့် ယှဉ်နေသော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၏ အကူအညီဖြင့် ထိုအကြည်ပြင်၌ အာကာသဓာတ်ကို မြင်အောင် ထိုးစိုက်၍ ရှုနိုင်သောအခါ .. ရုပ်ကလာပ်တို့၏ အကြားအပေါက်ဟူသော, ရုပ်ကလာပ်တို့ကို ပိုင်းခြားကြောင်းဖြစ်သော အာကာသဓာတ်ကို တွေ့မြင်သည်နှင့် တစ်ပြိုင်နက် ရုပ်ကလာပ်များကိုလည်း စတင်တွေ့ရှိမည် ဖြစ်သည်။

တစ်ဖန် နာမ်တရားတို့တွင် ဘဝင် = မနောအကြည်ဓာတ်မှာလည်း ပဘဿရ = ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်း ရှိလျက် ကြည်လင်ဖြူစင်နေကြောင်းကို - ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ..ဤသို့ စသည်ဖြင့် အင်္ဂုတ္တိုရ် ဧကကနိပါတ် အစ္ဆရာသင်္ဃာတဝဂ်[မှတ်စု ၃၄]၌ ဘုရားရှင်သည် ဟောကြားထားတော်မူခဲ့၏၊ မူလဋီကာ[မှတ်စု ၃၅]၌ကား - သဘာဝေါ ဝါယံ စိတ္တဿ ပဏ္ဍရတာ = စိတ်အားလုံးသည်ပင် သဘာဝအားဖြင့် ဖြူစင်ကြောင်း ပဏ္ဍရဖြစ်ကြောင်းကို ဖွင့်ဆိုထားပေသည်။ (စိတ်အားလုံးသည် ဖြူစင်၍ အကုသိုလ်စေတသိက်များကသာ သို့မဟုတ် အကုသိုလ်စေတသိက်များကြောင့်သာ ညစ်နွမ်းသည်ဟု ဆိုလိုပေသည်။)

ထိုစိတ်တို့တွင် ဘဝင်စိတ်သည် ကြည်လင်၏၊ ဖြူစင်၏၊ ယင်းဘဝင်စိတ်သည်လည်း စိတ္တဇရုပ်ကို ဖြစ်စေနိုင်၏၊ ယင်းစိတ္တဇရုပ်ကလာပ်တိုင်း၌ တည်ရှိသော ဝဏ္ဏဓာတ်ရူပါရုံသည် ဘဝင်စိတ်နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်၏ စွမ်းအင်အာနုဘော်အပေါ်၌ အခြေစိုက်၍ အနည်းနှင့်အများ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသည်သာ ဖြစ်၏၊ ထိုစိတ္တဇရုပ်ကလာပ်တိုင်း၌ ပါဝင်သော တေဇောဓာတ် ဥတုသည်လည်း ဥတုဇရုပ်ကလာပ် အသစ်အသစ်ကို အဆင့်ဆင့် ဖြစ်စေသည်သာ ဖြစ်၏၊ ယင်းဥတုဇရုပ်ကလာပ်တို့၌ တည်ရှိသော ဝဏ္ဏဓာတ်ရူပါရုံသည်လည်း ယင်းဘဝင်စိတ်နှင့် ယှဉ်သော ဉာဏ်၏ အာနုဘော်အပေါ်၌ အခြေစိုက်၍ အနည်းနှင့်အများပင် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသည်သာ ဖြစ်၏၊ အကျိုးဖြစ်သော ယင်းစိတ္တဇရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိသော ရူပါရုံနှင့် ယင်းဥတုဇရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိသော ရူပါရုံတို့၏ ကြည်လင်တောက်ပမှုကို အကြောင်းဖြစ်သော ဘဝင်စိတ်၌ တင်စားကာ ကာရဏူပစာရအားဖြင့် ဘဝင်စိတ်ကို ပဘဿရ = ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်းရှိ၏ဟု ဟောတော်မူခြင်း ဖြစ်၏၊ တစ်ဖန် ယင်းစိတ်တို့တွင် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာ စိတ်ဟူသော ကုသိုလ်စိတ် (ရဟန္တာအရှင်မြတ်တို့အဖို့ ကြိယာစိတ်)တို့သည်လည်း အထူးသဖြင့် ကြည်လင်၏၊ ဖြူစင်၏၊ ယင်းသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကလည်း ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော လင်းရောင်ခြည်ကို ဖြစ်စေနိုင်ကြောင်းကို အထက်တွင် ရှင်းလင်းတင်ပြခဲ့ပြီးလေပြီ။

ရုပ်ကလာပ်များကို ဓာတ်ခွဲပါ

ရုပ်ကလာပ်များကို အကြမ်းအားဖြင့် ခွဲခြားလိုက်သော် ယင်းတို့မှာ ကြည်သည့် ရုပ်ကလာပ် မကြည်သည့် ရုပ်ကလာပ်ဟု ရုပ်ကလာပ် နှစ်မျိုး နှစ်စား ရှိနေ၏၊ ပသာဒရုပ် (= အကြည်ရုပ်) ငါးမျိုး ပါဝင်သော ရုပ်ကလာပ် အမှုန်များမှာ ကြည်လင်၍ ကျန်ရုပ်ကလာပ်များမှာ မကြည်ကြပေ။ အချို့ယောဂါဝစရပုဂ္ဂိုလ်တို့သည် ရုပ်ကလာပ်များကို တွေ့စအချိန်ဝယ် အတုံးအခဲ ခပ်ကြီးကြီးများကိုလည်း တွေ့နေတတ်၏၊ ဆန်စေ့ခန့် ဆန်ကွဲစေ့ခန့်လောက် ရှိသော အတုံးအခဲများကိုလည်း တွေ့မြင်နေတတ်သေး၏၊ အချို့ယောဂီတို့ကား အနက်ရောင်ကတ္တီပါပေါ်တွင် ဆန်ကွဲစေ့များကို, စိန်တုံးစိန်ခဲကလေးများကို ကြဲဖြန့်ထားသကဲ့သို့ တွေ့မြင်နေတတ်ကြ၏၊ ထိုအခါတွင် ယင်းအတုံးအခဲတို့၌လည်း ဓာတ်ကြီးလေးပါးကိုပင် မြင်အောင် ဆက်၍ ရှုလိုက်ပါက သို့မဟုတ် အာကာသဓာတ်ကိုပင် မြင်အောင် ဆက်စိုက် လိုက်ပါက ရုပ်ကလာပ်အမှုန်များကို တွေ့ရှိမည် ဖြစ်သည်။ ယင်းသို့ဖြစ်လျှင် ဆန်ကွဲစေ့ကဲ့သို့ စိန်တုံးစိန်ခဲကဲ့သို့သော ကြည်နေသော အတုံးအခဲတို့မှာ ကြည်နေသော ရုပ်ကလာပ်တို့၏ အပေါင်းအစု အတုံးအခဲဟု သဘောပေါက်ပါ။ တစ်ဖန် အောက်ခံ ကတ္တီပါနက်ရောင်ကဲ့သို့သော အတုံးအခဲအပြင်၌ ဓာတ်ကြီးလေးပါးကို ရှုလိုက်ပါက သို့မဟုတ် အာကာသဓာတ်ကို မြင်အောင် စိုက်ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကို တွေ့ရှိနိုင်၏၊ မကြည်သော ရုပ်ကလာပ်တို့၏ အပေါင်းအစုပင်တည်း။

ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကလာပ်များကို မြင်သောအခါ ကြည်သော ရုပ်ကလာပ်၌ ဓာတ်လေးပါး, မကြည်သော ရုပ်ကလာပ်၌ ဓာတ်လေးပါးဟု ရုပ်ကလာပ်တစ်ခုတစ်ခု၌ ဓာတ်ကြီးလေးပါးကို မြင်အောင် စရှုပါ၊ သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကလာပ်တို့၏ အလွန် လျင်လျင်မြန်မြန် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေမှုကို တွေ့ရှိနေမည်သာ ဖြစ်သည်။ ရုပ်ကလာပ်တို့ကို ဓာတ်မခွဲနိုင်သေးပါက သမူဟဃန ကိစ္စဃနတို့ မပြိုသေးသဖြင့် ယင်းရုပ်ကလာပ်တို့ကို ရုပ်ကလာပ်အမှုန်အတိုင်းသာ မြင်တွေ့နေသေးလျှင် ယောဂါဝစရ ပုဂ္ဂိုလ်၏ ဘာဝနာဉာဏ်သည် ပညတ်နယ်မှာပင် ရှိနေသေး၏၊ ရုပ်ကလာပ်ဟူသည် သမူဟပညတ် သဏ္ဌာနပညတ် မကွာသေးသည့် ပရမတ္ထရုပ်တရားတို့၏ အသေးဆုံးသော အဖွဲ့အစည်းတစ်ခု ဖြစ်၏၊ ပရမာဏုမြူထက် အဆပေါင်း များစွာ သေးငယ်သော အမှုန်ကလေးသာ ဖြစ်၏၊ ယင်းရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော (၈)မျိုး သို့မဟုတ် (၉)မျိုး သို့မဟုတ် (၁၀)မျိုးသော ရုပ်တရားတို့ကို တစ်လုံးစီတစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် မသိမ်းဆည်းနိုင်သေးပါက ဉာဏ်ဖြင့် ပိုင်းခြားကာ မယူနိုင်သေးပါက ပရမတ်နယ်သို့ ဉာဏ်အမြင် မဆိုက်ရောက် သေးပေ။ အကြောင်းမူ ရုပ်ကလာပ်ဟူသည် ပညတ်နယ်၌ သမူဟပညတ် သဏ္ဌာနပညတ် စသည့် ပညတ်တို့ လုံးဝ မကွာသေးသည့် လုံးဝ မကင်းစင်သေးသည့် အသေးဆုံး အတုံးအခဲ ပညတ်သာ ရှိသေးသောကြောင့် ဖြစ်၏၊ ထိုရုပ်ကလာပ်တို့ကို ဓာတ်မခွဲနိုင်ဘဲ, ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် ပရမတ္ထရုပ်တရားတို့ကို မသိမ်းဆည်းနိုင်သေးဘဲ ရုပ်ကလာပ်အမှုန်အတိုင်း ပေါ်မှုပျောက်မှုကို အာရုံယူ၍ ဖြစ်-ပျက်ရှုနေပါက သို့မဟုတ် ဝိပဿနာရှုနေပါက ပညတ် ဖြစ်-ပျက်, ပညတ် ဝိပဿနာသာ ရှိသေးသည်၊ သို့အတွက် ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ရုပ်ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းရဦးမည်၊ ဉာဏ်ဖြင့် ပိုင်းခြားယူရဦးမည်သာ ဖြစ်ပေသည်။

ထိုသို့ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ပရမတ္ထ ရုပ်တရားတို့ကို သိမ်းဆည်းရာ ဉာဏ်ဖြင့် ပိုင်းခြားယူရာ၌ ဓာတ်ကြီးလေးပါးတို့ကို ရှေ့ဦးစွာ စတင်၍ သိမ်းဆည်းပါ။ သိမ်းဆည်းခြင်းဟူသည် ပရမတ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းတည်း။ အကယ်၍ ရုပ်ကလာပ်တို့၏ အလွန် လျင်လျင်မြန်မြန် ပေါ်မှု ပျောက်မှုကြောင့် ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို မသိမ်းဆည်းနိုင် စိုက်၍ ရှုမရနိုင် ဖြစ်နေပါက - မမြင်ချင် မတွေ့ချင်သူ တစ်ဦးနှင့် တွေ့သောအခါ မမြင်ယောင် မတွေ့ယောင် ဆောင်နေသကဲ့သို့ အလားတူပင် ရုပ်ကလာပ်တို့၏ ပေါ်မှုပျောက်မှုကို နှလုံးမသွင်းဘဲ အာရုံမယူဘဲ မကြည့်ဘဲ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုသာ စူးစူးစိုက်စိုက် နှလုံးသွင်းပါ၊ ရှုနေပါ၊ သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

အကယ်၍ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ရှုမရနိုင် သိမ်းဆည်းမရနိုင် ဖြစ်နေပါက ခန္ဓာကိုယ် တစ်ကိုယ်လုံးကို ခြုံ၍ ပထဝီဓာတ်ကို ရှုပါ၊ သိမ်းဆည်းပါ။ တစ်နည်းဆိုရသော် ဤအပိုင်းတွင် ခန္ဓာကိုယ် အတုံးအခဲကြီးကို မတွေ့နိုင်ဘဲ ရုပ်ကလာပ်အမှုန်တို့ကိုသာ တွေ့ရှိနေမည် ဖြစ်သဖြင့် တစ်ကိုယ်လုံး၌ တည်ရှိသော ရုပ်ကလာပ်အားလုံးကို ခြုံ၍ ပထဝီဓာတ်ကို ရှုပါ၊ သိမ်းဆည်းပါ။ ထိုနောင် ရုပ်ကလာပ်တစ်ခုအတွင်း၌ ပထဝီဓာတ်ကို သိမ်းဆည်းပါ။ မိမိသိမ်းဆည်းလိုက်သော ရုပ်ကလာပ်သည် ပျောက်သွားပါက နောက်ကလာပ်တစ်ခု၌ ပထဝီဓာတ်ကိုပင် ဆက်လက် သိမ်းဆည်းပါ။ အောင်မြင်မှု ရရှိပါက ကလာပ်တစ်ခုပြီး ကလာပ်တစ်ခု ပြောင်း၍ ပထဝီဓာတ်တစ်ခုတည်းကိုပင် သိမ်းဆည်းပါ။ ပထဝီဓာတ်၌လည်း မာ-ကျန်း-လေး-ပျော့-ချော-ပေါ့ဟု သဘောတရား (၆)မျိုးရှိရာ ကလာပ်တစ်ခုတစ်ခုအတွင်း၌ မာ-ကျန်း-လေး ထင်ရှားနေပါက ပျော့-ချော-ပေါ့ မထင်ရှားပေ။ ပျော့ချော-ပေါ့ ထင်ရှားကလည်း မာ-ကျန်း-လေး မထင်ရှားပေ။ ထိုသို့ ပထဝီဓာတ်ကို သိမ်းဆည်းရာ၌ အခက်အခဲ ရှိနေသေးက မာမှုသဘောတစ်ခုကိုသာ ဦးစားပေး၍ သိမ်းဆည်းကြည့်ပါ။ အောင်မြင်မှု ရရှိပါက တဖြည်းဖြည်း တစ်လုံးစီ တိုးကြည့်ပါ။ မိမိရှုလိုက်သည့် ကလာပ်တိုင်း၌ မာ-ကျန်း-လေး သဘောတရားတို့ကို သို့မဟုတ် ပျော့ချော-ပေါ့ သဘောတရားတို့ကို ပြိုင်တူမြင်အောင် လေ့ကျင့်ပါ။ ရုပ်ကလာပ်အားလုံးကို ခြုံ၍ မာမှုသဘောကို ရှုလိုက်, ရုပ်ကလာပ်တစ်ခု၌ မာမှုသဘောကို ရှုလိုက် - ဤသို့ ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ အောင်မြင်မှု ရရှိပါက ရုပ်ကလာပ်အားလုံး၌ မာမှု-ကျန်းမှု သဘောနှစ်ခုကို ရှုလိုက်, ရုပ်ကလာပ်တစ်ခု၌ မာမှု-ကျန်းမှု သဘောနှစ်ခုကို ရှုလိုက် - ဤသို့ ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ အောင်မြင်မှု ရရှိပါက ရုပ်ကလာပ်အားလုံးကို ခြုံ၍ မာ-ကျန်း-လေးကို ရှုလိုက်, ရုပ်ကလာပ်တစ်ခု၌ မာ-ကျန်း-လေးကို ရှုလိုက် - ဤသို့ ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ မာ-ကျန်း-လေး မထင်ရှား၍ ပျော့-ချော-ပေါ့ ထင်ရှားသော ရုပ်ကလာပ်တို့ကို ရှုရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။ ဤနည်းစနစ်ကို မှီ၍ အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်တို့ကိုလည်း ဆက်ရှုပါ။

အာပေါဓာတ်ဝယ် ယိုစီး-ဖွဲ့စည်း နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသာ ပို၍ ထင်ရှားတတ်၏၊ ဃန မပြိုမီ နှစ်မျိုးလုံး ထင်ရှားသော်လည်း ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ကား တစ်မျိုးကသာ ပို၍ ထင်ရှားနေ၏၊ တေဇောဓာတ်ဝယ် ပူမှု အေးမှု နှစ်မျိုးရှိရာ ရုပ်ကလာပ်တစ်ခုအတွင်း၌ တစ်မျိုးသာ ရှိနိုင်၏၊ ပူမှုထင်ရှားက အေးမှု မထင်ရှားပေ။ အေးမှုထင်ရှားကလည်း ပူမှု မထင်ရှားပေ။ ဝါယောဓာတ်၏ ထောက်ကန်-တွန်းကန် သဘောတို့ကား ကလာပ်တိုင်း၌ တည်ရှိကြ၏၊ ထောက်ကန်မှုမှာ သဘာဝလက္ခဏာဖြစ်၍ တွန်းကန်မှုမှာ ရသကိစ္စ ဖြစ်သည်။

ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ယင်းဓာတ်ကြီးလေးပါးလုံးကို ပြိုင်တူ ဉာဏ်၌ မြင်နေအောင် ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော် ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသောသမာဓိကား အထွတ်အထိပ်သို့ ရောက်ရှိလာသော သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ အမည်ရသော ကာမာဝစရသမာဓိတည်း။ ပရမတ္ထဓမ္မသဘာဝကို အာရုံ ယူနေရသောကြောင့် ယင်းပရမတ္ထဓမ္မတို့၏လည်း နက်နဲသည်က တစ်ကြောင်း, အရှည်မတည် ချက်တစ်ဖြုတ် ရုတ်တရက် ချုပ်ပျက်တတ်သည်က တစ်ကြောင်း - ယင်းသို့ နက်နဲ၍ အရှည်မတည်တံ့သော မခိုင်ခံ့သော ပရမတ္ထဓမ္မတို့ကို အာရုံယူနေရသည့်အတွက်ကြောင့် ယင်းသမာဓိကို ဆက်လက် ထူထောင်သော်လည်း အပ္ပနာစျာန်သို့ကား မဆိုက်နိုင်၊ အပ္ပနာစျာန်၏ အနီးအပါး၌ ကျက်စားလေ့ ဖြစ်လေ့ရှိသော သမာဓိကိုသာလျှင် ဥပစာရသမာဓိဟု ဆိုသင့်ရကား ဤဓာတုမနသိကာရဘာဝနာလုပ်ငန်းခွင်၌လည်း အပ္ပနာစျာန်သမာဓိသည် မရှိ ဖြစ်ခဲ့၏၊ သို့သော် အပ္ပနာ စျာန်သမာဓိ၏ အနီး၌ ကပ်၍ ဖြစ်လေ့ရှိသော ဥပစာရသမာဓိအစစ်နှင့် အထွတ်အထိပ်သို့ ရောက်ရှိလာသော ဤဓာတုမနသိကာရသမာဓိသည် သမာဓိချင်း တိုင်းတာနှိုင်းစာကြည့်လိုက်ပါက တူညီသော သမာဓိလက္ခဏာ ရှိသောကြောင့် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော အထွတ်အထိပ်သို့ ရောက်ရှိလာသော ဤဓာတုမနသိကာရသမာဓိကိုလည်း တင်စား၍ သဒိသူပစာရအားဖြင့် ဥပစာရသမာဓိဟူ၍ပင် ခေါ်ဆိုသည်။[မှတ်စု ၃၆] [မှတ်စု ၃၇]

ဒေါဏမတ္တာ = တစ်စိတ်သားခန့်

ဤခန္ဓာကိုယ်ဝယ် အလုံးအရပ်အားဖြင့် အလယ်အလတ်ဖြစ်သော ကိုယ်၌ ရသင့်သော အလယ်အလတ် ပမာဏ အားဖြင့် ပညာဉာဏ်ဖြင့် ကြံဆ၍ ယူအပ်သည်ရှိသော် ပရမာဏုမြူခန့် သို့မဟုတ် ပရမာဏုမြူထက် အဆပေါင်း များစွာ သေးငယ်ဖွယ်ရာရှိသော ရုပ်ကလာပ်အနေဖြင့် မှုန့်မှုန့်ညက်ညက်ဖြစ်၍ သိမ်မွေ့စွာသော မြူအဖြစ်သို့ ရောက်ရှိနေသော ပထဝီဓာတ်သည် (= ပထဝီဓာတ် ဦးဆောင်သည့် ရုပ်ကလာပ်အမှုန်ပေါင်းသည်) တစ်စိတ်သားခန့် အတိုင်းအရှည် ရှိသည် ဖြစ်လေရာ၏၊ ထိုပထဝီဓာတ်သည် မိမိအောက် ထက်ဝက်ပမာဏရှိသော အာပေါဓာတ်သည် ဖွဲ့စည်းသောအားဖြင့် ပေါင်းရုံးစပ်လျက် ယူအပ်သည်ဖြစ်၍, တေဇောဓာတ်က ယိုစီးခြင်းသဘော လက္ခဏာရှိသော အာပေါဓာတ်ကြောင့် အရည်အဖြစ် အစေးအဖြစ်သို့ မရောက်လေအောင် အလျော်အားဖြင့် စောင့်ရှောက်အပ်သည် ဖြစ်၍, ထောက်ကန်တတ်သော ဝါယောဓာတ်က ခိုင်ခံ့ခြင်းသို့ ရောက်စေအပ်သည်ဖြစ်၍ (= စမြင်းလုံးကဲ့သို့ လုံးစုတတ်သော လုံးစုအောင် ထောက်ကန်တတ်သော တွန်းကန်တတ်သော ဝါယောဓာတ်သည် လွန်စွာ ခိုင်ခံ့ခြင်းသို့ ရောက်စေအပ်သည်ဖြစ်၍) မုန့်ညက်ကဲ့သို့ ဖရိုဖရဲ မလွင့်၊ မပျက်စီး။ ဖရိုဖရဲ မလွှင့်အပ်သည်ဖြစ်၍ မပျက်စီးစေအပ်သည် ဖြစ်၍ တစ်ပါးမက များပြားလှစွာသော အမျိုးသမီးသဏ္ဌာန် အမျိုးသားသဏ္ဌာန်စသော အဖြစ်ဖြင့် အထူးထူး ကွဲပြားခြင်းသို့ ရောက်၏၊ သေးငယ်သည် ကြီးဖွံ့သည် မြင့်သည် နိမ့်သည် ခိုင်ခံ့ ခက်မာသည် အစရှိသောအဖြစ်ကိုလည်း ထင်ရှားပြ၏၊[မှတ်စု ၃၈]

ဤအထက်ပါ အဋ္ဌကထာအဖွင့်နှင့် အညီ ဤခန္ဓာကိုယ်ဝယ် အကြမ်းစားအားဖြင့် ဆိုရမူ ပထဝီဓာတ် ဦးဆောင်သည့် ရုပ်ကလာပ်ပေါင်းသည် တစ်စိတ်သားခန့် ရှိနေ၏၊ ယင်းရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတိုင်းကိုကား သာဝကတို့သည် ကုန်စင်အောင် မရှုနိုင်။ ရှုလိုက်နိုင်သော သိမ်းဆည်းလိုက် နိုင်သော ဓာတ်ကြီးလေးပါးလည်း အချို့အဝက်ရှိ၍ မရှုလိုက်နိုင် မသိမ်းဆည်းလိုက်နိုင်သော ဓာတ်ကြီးလေးပါးလည်း အချို့အဝက်ရှိ၏၊ တစ်နည်းဆိုရသော် ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းလိုက်နိုင်သော ဉာဏ်ဖြင့် ပိုင်းခြား ယူလိုက်နိုင်သော ရုပ်ကလာပ်တို့လည်း အချို့အဝက်ရှိ၍ မရှုလိုက်နိုင်သော ဉာဏ်ဖြင့် ပိုင်းခြား မယူလိုက်နိုင်သော ရုပ်ကလာပ်တို့လည်း အချို့အဝက်ရှိသည်သာ ဖြစ်၏၊ သာဝကပါရမီဉာဏ်အရာ၌ မိမိတို့၏ အတိတ်က ဆည်းပူးခဲ့သော ပါရမီ၏ စွမ်းအင်အပေါ်၌ အခြေစိုက်၍ ကောင်းစွာ စုပေါင်းလျက် ဖြစ်ပေါ်လာသော ဉာဏ်၏ အာနုဘော်အပေါ်၌ အခြေခံလျက်[မှတ်စု ၃၉] ခပ်များများ ရှုနိုင်မှု, ခပ်နည်းနည်း ရှုနိုင်မှုကား ရှိနိုင်သည်။ သို့သော် အမျိုးအစားကိုကား ကုန်စင်အောင် ရှုရမည် ဖြစ်ပေသည်။ အောက်ပါ ဋီကာ[မှတ်စု ၄၀]အဖွင့်ကို ဖတ်ရှုကြည့်ပါ။

“မိမိကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ တည်ရှိသော ရုပ်ဓမ္မ နာမ်ဓမ္မ အမျိုးအစားအားလုံးကိုလည်းကောင်း, သူတစ်ပါး သန္တာန်၌ တည်ရှိသော ရုပ်ဓမ္မ နာမ်ဓမ္မ အမျိုးအစားအားလုံးတို့ကိုလည်း ထိုရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို ယောက်ျားမိန်းမ-ပုဂ္ဂိုလ်-သတ္တဝါ-လူ-နတ်-ဗြဟ္မာ စသည်ဖြင့် သန္တာန်ခွဲခြား ဝေဖန်ခြင်းကို မပြုမူ၍ ဗဟိဒ္ဓချင်း တူညီ၍ သာမန်ပေါင်းစု ခြုံငုံ၍လည်းကောင်း ဝိပဿနာ ရှုပွားသုံးသပ်ခြင်းသည်ကား သာဝကတို့၏ ဝိပဿနာဉာဏ်၏ ကျက်စားရာ နယ်မြေ (= သမ္မသနစာရခေတ်) ဖြစ်ပေသည်။”

ဤအဖွင့်များနှင့် အညီ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ ရုပ် (၂၈)ပါးတည်းဟူသော ရုပ်အမျိုးအစား, ရုပ်ကမ္မဋ္ဌာန်းဇယားများတွင် ဖော်ပြထားသည့်အတိုင်း စက္ခုဒွါရ (= မျက်စိ)၌ ရုပ် (၆၃)မျိုး - ဤသို့ စသော ရုပ်အမျိုးအစားများကိုကား ကုန်စင်အောင် သိမ်းဆည်းရှုပွားရမည်သာ ဖြစ်သည်ဟု မှတ်သားပါ။

ဤထက် ရှင်းအောင် ဆိုရသော် မျက်စိ၌ စက္ခုဒသကကလာပ်ပေါင်း များစွာ ရှိနေ၏၊ (ပြိုင်တူတည်ရှိခိုက်ကို ဆိုလိုပါသည်။) ယင်းရုပ်ကလာပ်တို့တွင် စက္ခုဒသကကလာပ်အချို့၌သာ ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းနိုင်၍ အချို့၌ကား မသိမ်းဆည်းလိုက်နိုင်။ ဤသို့စသည်ဖြင့် သဘောပေါက်ပါ။ သို့သော် စက္ခုဒသကကလာပ်ကဲ့သို့သော ရုပ်ကလာပ် တစ်မျိုးတစ်မျိုး၌ တည်ရှိသော ရုပ်ကလာပ်အရေအတွက်ကို ကုန်စင်အောင် ပရမတ်သို့ ဆိုက်အောင် မသိမ်းဆည်းလိုက်နိုင်သော်လည်း စက္ခုဒသကကလာပ် ကာယဒသကကလာပ် စသော ရုပ်ကလာပ်အမျိုးအစားများနှင့် ယင်းသို့ သိမ်းဆည်းလိုက်နိုင်သော ရုပ်ကလာပ်အမျိုးအစားတို့၌ တည်ရှိသော ရုပ်တရားတို့ကိုကား ကုန်စင်အောင် သိမ်းဆည်းရမည် ဖြစ်ပေသည်။ မျက်စိ-နား-နှာ-လျှာ-ကိုယ်-နှလုံး (၆)ဒွါရလုံး၌ နည်းတူ သဘောပေါက်ပါ။

ယောဂါဝစရပုဂ္ဂိုလ်သည် (၆)ဒွါရလုံး၌ တည်ရှိသော ကြည်သည့် ရုပ်ကလာပ်၌ ဓာတ်ကြီးလေးပါး, မကြည်သည့် ရုပ်ကလာပ်၌ ဓာတ်ကြီးလေးပါးကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းပါ။ အောင်မြင်မှုကို ရရှိပါက ယောဂါဝစရ ပုဂ္ဂိုလ်သည် စတုဓာတုဝဝတ္ထာန်အမည်ရသော ဓာတုမနသိကာရ သမထပိုင်း ပြီးဆုံးပြီ ဖြစ်ပေသည်။ ဒိဋ္ဌိဝိသုဒ္ဓိ စခန်းသို့လည်း ခြေစုံပစ်၍ စတင်ဝင်ရောက်သွားပြီ ဖြစ်ပေသည်။

သတ္တသညာ-အတ္တသညာ ကွာပြီ

ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်တွင် ဓာတ်ကမ္မဋ္ဌာန်းရှုကွက်ကို ဟောကြားပြသတော်မူရာဝယ် နွားသတ်ယောက်ျား ဥပမာကို ထည့်သွင်း၍ ဟောကြားထားတော်မူ၏၊ ထိုစကားရပ်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏၊

နွားသတ်ယောက်ျားသည် နွားကို အသားတိုးပွားအောင် မွေးမြူစဉ်အခါ၌သော်လည်းကောင်း, နွားသတ်ရန် နွားသတ်ရုံသို့ ခေါ်ဆောင်သွားရာအခါ၌သော်လည်းကောင်း, နွားသတ်ရုံသို့ ယူဆောင်သွားပြီးနောက် ထိုနွားသတ်ရုံ၌ ထိုနွားကို ချည်နှောင်ထားရာ၌သော်လည်းကောင်း, ထိုနွားကို သတ်စဉ်၌သော်လည်းကောင်း, သတ်ပြီးနောက် နွားသေကောင်ကို မြင်တွေ့နေစဉ်၌သော်လည်းကောင်း ထိုနွားကို အသားတခြား, အရိုးတခြား, အူတခြား, အသည်းတခြား စသည်ဖြင့် ထိုထိုကောဋ္ဌာသတို့ကို တစ်ပုံစီ တစ်ပုံစီ မစုမပုံရသေးသမျှကာလပတ်လုံး ထိုနွားသတ်ယောက်ျား၏ သန္တာန်၌ နွားဟူသော အမှတ်သညာကား မကွယ်ပျောက်သေးပေ။ သို့သော် ထိုနွားကို အသားတခြား, အရိုးတခြား, အူတခြား, အသည်းတခြား စသည်ဖြင့် ထိုထိုကောဋ္ဌာသတို့ကို တစ်ပုံစီ တစ်ပုံစီ ခွဲခြားဝေဖန်စုပုံ၍ လမ်းမလေးဖြာ ပေါင်းဆုံမိရာ တစ်နေရာ၌ နွားသားရောင်းရန် ထိုင်နေသော ထိုနွားသတ်ယောက်ျား၏ သန္တာန်၌ နွားဟူသော အမှတ်သညာသည် ကွယ်ပျောက်သွား၏၊ နွားသားဟူသော အမှတ်သညာသည် ဖြစ်ပေါ်လာ၏၊ ထိုနွားသတ်ယောက်ျား၏ သန္တာန်၌ “ငါသည် နွားကို ရောင်းချနေ၏၊ ဤသူတို့သည်ကား ငါ့ထံမှ နွားကို ဝယ်ယူနေကြကုန်၏”ဟူသော ဤသို့သော အမှတ်သညာသည် မဖြစ်။ အကယ်စင်စစ်သော်ကား ထိုယောက်ျား၏ သန္တာန်၌ “ငါသည် နွားသားကို ရောင်းချနေ၏၊ ဤသူတို့သည်ကား ငါ့ထံမှ နွားသား ဆောင်ယူနေကြကုန်၏”ဟူ၍သာလျှင် ဤသို့သော အကြံအစည်သည် ဖြစ်ပေါ်နေ၏၊ (ဥပမာစကားရပ်)

ဤဥပမာအတူပင်လျှင် ဤယောဂါဝစရရဟန်းတော်၏ သန္တာန်၌လည်း ရှေးယခင် ပရမတ္ထဉာဏ်ပညာမျက်စိ ကာဏ်းနေသော ဗာလပုထုဇန် ဖြစ်စဉ်ကာလ၌ လူဖြစ်စဉ်မှာသော်လည်းကောင်း, ရဟန်းဖြစ်စဉ်မှာသော်လည်းကောင်း တည်မြဲတိုင်း ထားမြဲတိုင်းသော ဤရူပကာယခန္ဓာကိုယ်ကြီးကို သန္တတိဃန, သမူဟဃန, ကိစ္စဃနဟူသော ရုပ်တုံး ရုပ်ခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်တို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဓာတ်သဘောအစုအပုံအားဖြင့် ဉာဏ်ဖြင့် မဆင်ခြင်နိုင်သေးသမျှကာလပတ်လုံး သတ္တဝါဟူသော အမှတ်သညာ, ပုဂ္ဂိုလ်ဟူသော အမှတ်သညာသည် မကွယ်ပျောက်သေးပေ။ သို့သော် ရုပ်ဃန အတုံးအခဲ အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်တို့ကို ဉာဏ်ဖြင့် ဆင်ခြင်သုံးသပ် ရှုပွားနိုင်သော သိမ်းဆည်းနိုင်သော ထိုယောဂါဝစရရဟန်း၏ သန္တာန်၌ကား သတ္တဝါဟူသော အမှတ်သညာ (= သတ္တသညာ) သည် ကွယ်ပျောက်သွား၏၊ ဓာတ်၏အစွမ်းဖြင့်သာလျှင် စိတ်သည် တည်နေပေ၏၊ (ဥပမေယျစကားရပ်)

ထို့ကြောင့် ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏ ..။

“ယောဂါဝစရ ရဟန်းသည် တည်မြဲတိုင်းသော ထားမြဲတိုင်းသော ဤ ရူပကာယ ခန္ဓာကိုယ်ကြီးကိုပင်လျှင် ဤရူပကာယ ခန္ဓာကိုယ်၌ ပထဝီဓာတ်သည် ရှိ၏၊ အာပေါဓာတ်သည် ရှိ၏၊ တေဇောဓာတ်သည် ရှိ၏၊ ဝါယောဓာတ်သည် ရှိ၏ဟု ပုဂ္ဂိုလ်သတ္တဝါ မဟုတ်သောအားဖြင့် ဓာတ်သဘောအစုအပုံအားဖြင့် တစ်လုံးစီ တစ်လုံးစီ ဆင်ခြင်သုံးသပ် ရှုပွားနေ၏၊ ရဟန်းတို့ ... ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသည်ကား ကျွမ်းကျင်လိမ်မာသော နွားသတ်ယောက်ျားသည်သော်လည်းကောင်း, နွားသတ်ယောက်ျား၏ တပည့်သည်သော်လည်းကောင်း နွားမကို သတ်၍ အသားတခြား, အရိုးတခြား စသည်ဖြင့် တစ်ပုံစီ တစ်ပုံစီ ပုံ၍ လမ်းမလေးဖြာ ပေါင်းဆုံမိရာ အရပ်၌ ရောင်းချဖို့ရန် ထိုင်နေလေရာ၏၊ ရဟန်းတို့ ... ဤဥပမာအတူပင်လျှင် ယောဂါဝစရရဟန်းသည် တည်မြဲတိုင်း ထားမြဲတိုင်းသော ဤရူပကာယ ခန္ဓာကိုယ်ကြီးကိုပင်လျှင် ဤရူပကာယ ခန္ဓာကိုယ်၌ ပထဝီဓာတ်သည် ရှိ၏၊ အာပေါဓာတ်သည် ရှိ၏၊ တေဇောဓာတ်သည် ရှိ၏၊ ဝါယောဓာတ်သည် ရှိ၏ဟု ပုဂ္ဂိုလ် သတ္တဝါ မဟုတ်သောအားဖြင့် ဓာတ်သဘောအစုအပုံ အားဖြင့် တစ်လုံးစီ တစ်လုံးစီ ဆင်ခြင်သုံးသပ် ရှုပွားနေ၏”- ဟု ဟောတော်မူခြင်း ဖြစ်သည်၊၊[မှတ်စု ၄၁]

ရုပ်ဃန = ရုပ်တုံးရုပ်ခဲ သုံးမျိုး

ရုပ်လောက၌ သန္တတိဃန, သမူဟဃန, ကိစ္စဃနဟု ရုပ်အတုံးအခဲ သုံးမျိုးရှိ၏၊[မှတ်စု ၄၂] အထက်တွင် ရေးသား တင်ပြခဲ့သည့်အတိုင်း ဓာတ်ကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုက်ရာ ရုပ်ကလာပ်ကို မတွေ့မြင်သေးသမျှ ကာလပတ်လုံး သန္တတိဃန = ရုပ်အစဉ်အတန်း အတုံးအခဲကား မပြိုသေးပေ။ ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ကို သန္တတိပညတ်က ဖုံးအုပ်လျက်ပင် ရှိနေသေး၏။ ထိုအချိန်အခါတွင် အာရုံယူ၍ ရှုပွားနေရသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝ- လက္ခဏာ အာရုံမှာလည်း သန္တတိဃန သမူဟဃန ကိစ္စဃန အတုံးအခဲတို့ မပြိုသေးသည့် သန္တတိပညတ် သမူဟပညတ် သဏ္ဌာနပညတ်တို့ လုံးလုံးကြီး မကင်းစင်သေးသည့် ရုပ်သဘောလက္ခဏာတို့သာ ဖြစ်ကြသေးသည်။

အကြင်အခါ၌ကား ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်သည် ထက်မြက် စူးရှလာသဖြင့် (အထက်တွင် ရေးသားတင်ပြ ထားသည့်အတိုင်း) ရုပ်ကလာပ်များကို စတင်တွေ့ရှိ၏၊ ထိုအခါ၌ကား သန္တတိဃနတည်းဟူသော ရုပ်အစဉ်အတန်း အတုံးအခဲကြီးသည် ပြိုကွဲသွားပြီ ဖြစ်၏၊ ရုပ်အစဉ်အတန်း အတုံးအခဲကြီးကို အထူးသဖြင့် အကြည်တုံး အကြည်ပြင် အကြည်ခဲကြီးကို မတွေ့တော့ဘဲ လျင်လျင်မြန်မြန် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော ရုပ်ကလာပ်အမှုန်များကိုသာ တွေ့မြင်နေသဖြင့် သန္တတိဃနဟူသော ရုပ်အစဉ်အတန်း အတုံးအခဲ ပြိုသွားခြင်း ဖြစ်၏၊ သို့သော် သမူဟဃန ကိစ္စဃနဟူသော ရုပ်အတုံးအခဲ နှစ်မျိုးကား မပြိုသေးပေ။

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ပထဝီ အာပေါ တေဇော ဝါယော ဟူသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါက သိမ်းဆည်းနိုင်ပါက သမူဟဃနဟူသော ရုပ်အပေါင်းအစု အတုံးအခဲလည်း ပြိုကွဲစပြုလာပြီ ဖြစ်၏၊ အကယ်၍ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဥပါဒါရုပ်တို့ကိုပါ ဆက်လက် သိမ်းဆည်းနိုင်ပါက သမူဟဃန = ရုပ်အပေါင်းအစု အတုံးအခဲမှာ လုံးဝပြိုကွဲသွားပြီ ဖြစ်၏၊ ယောဂါဝစရ ပုဂ္ဂိုလ်၏ ရူပပရိဂ္ဂဟဉာဏ် = ရုပ်ကို သိမ်းဆည်းတတ်သော ဉာဏ်သည် သန္တတိဃနကိုသာမက သမူဟဃနကိုပါ ဖြိုခွဲနိုင်ပြီ ဖြစ်သည်။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော (၈)မျိုး သို့မဟုတ် (၉)မျိုး သို့မဟုတ် (၁၀)မျိုးသော ရုပ်ပရမတ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားမယူနိုင်သေးပါက မသိမ်းဆည်းနိုင်သေးပါက ရုပ်ကလာပ်အတိုင်းသာ မြင်တွေ့နေသေးပါက သမူဟပညတ် သဏ္ဌာနပညတ်များ မစင်သေးသဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်သည် ပညတ်မှာပင် သောင်တင်လျက် ပညတ်နယ်မှာပင် ကျက်စားလျက် ရှိနေပေသေးသည်။ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌တည်ရှိသော ရုပ်တရားအသီးအသီးကို ပရမတ္ထဓမ္မ သဘာဝလက္ခဏာ အသီးအသီးသို့ ဆိုက်အောင် သိမ်းဆည်းနိုင်ပါမှ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ပိုင်းခြားယူနိုင်ပါမှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည်၊ သမူဟပညတ် ကွာမည်၊ သမူဟဃန = ရုပ်အပေါင်းအစု အတုံးအခဲ ပြိုကွဲသွားပေမည်။

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် လက္ခဏာဒိစတုက္ကပိုင်းတွင် ရေးသားတင်ပြထားသည့်အတိုင်း ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ပရမတ္ထရုပ်တရားတို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းနိုင်ပါက ထိုအခါတွင် သန္တတိဃန သမူဟဃနတို့သာမက ကိစ္စဃန (= ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲကြီး)လည်း ပြိုကွဲပြီ ဖြစ်၏၊ ကိစ္စဃန အတုံးအခဲကြီးကို ဉာဏ်ဖြင့် ဖြိုခွဲနိုင်ပြီ ဖြစ်၏၊

ရုပ်တရားတို့၌ ဆိုင်ရာဆိုင်ရာ လုပ်ငန်းကိစ္စရပ်တို့ ရှိကြ၏၊ ပထဝီဓာတ်က ကလာပ်တူရုပ်တရားတို့၏ တည်ရာ ဖြစ်ခြင်း လုပ်ငန်းကိစ္စရပ်ကို ရွက်ဆောင်၏၊ ပတိဋ္ဌာနရသတည်း။ အာပေါဓာတ်က ရုပ်တရားတို့ကို တိုးပွားစေခြင်း လုပ်ငန်းကိစ္စရပ်ကို ရွက်ဆောင်၏၊ ဗြူဟနရသတည်း။ တေဇောဓာတ်က ကလာပ်တူ ရုပ်တရားတို့ကို ရင့်ကျက်စေခြင်း လုပ်ငန်းကိစ္စရပ်ကို ရွက်ဆောင်၏၊ ပရိပါစနရသတည်း။ ဝါယောဓာတ်က တွန်းကန်ခြင်း လုပ်ငန်းကိစ္စရပ်ကို ရွက်ဆောင်၏၊ သမုဒီရဏရသတည်း။ ဤသို့ စသည်ဖြင့် ရုပ်တရားတို့၌ ဆိုင်ရာဆိုင်ရာ လုပ်ငန်းကိစ္စရပ် အသီးအသီး ရှိ၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းရုပ်တရားတို့၏ လုပ်ငန်းကိစ္စရပ်အသီးအသီးကိုလည်း သိမ်းဆည်းရန် ဉာဏ်ဖြင့် ပိုင်းခြားယူရန် အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့က ညွှန်ပြလျက်ရှိပေသည်။ ယင်းလုပ်ငန်းကိစ္စရပ် အသီးအသီးကို မသိက ယောဂါဝစရပုဂ္ဂိုလ်၏ ရူပပရိဂ္ဂဟဉာဏ်ကို ကိစ္စဃန (= ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲကြီး)က ဖုံးအုပ်လျက်ပင် ရှိနေပေသေးသည်။ ရုပ်တရားတို့၌ ဆိုင်ရာ ဆိုင်ရာ ရုပ်လုပ်ငန်းကိစ္စရပ်သည် ကွဲကွဲပြားပြားရှိနေသည် ဖြစ်ပါလျက် ကွဲကွဲပြားပြား မသိဘဲ လုပ်ငန်းကိစ္စရပ် တစ်ခုတည်းအဖြစ် စွဲယူခြင်းသည်ပင် ဤ၌ ကိစ္စဃနက ဖုံးအုပ်ထားသည်ဟု ဆိုသည်။ ယင်းကိစ္စဃနကိုလည်း ဉာဏ်ဖြင့် ဖြိုခွဲလျက် ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းပါ။

ရုပ်လောက၌ အာရမ္မဏဃန မရှိပါ

ရုပ်တရား၌လည်း သန္တတိဃန သမူဟဃန ကိစ္စဃန အာရမ္မဏဃနဟု ဃနလေးမျိုး ရှိကြောင်းကိုလည်းကောင်း, နာမ်တရား၌လည်း သန္တတိဃန သမူဟဃန ကိစ္စဃန အာရမ္မဏဃနဟု ဃနလေးမျိုး ရှိကြောင်းကိုလည်းကောင်း ဆရာစဉ်ဆက် ပြောရိုးဆိုစဉ် ရှိနေ၏၊ သို့သော် အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့က ရုပ်တရား၌ အာရမ္မဏဃန မရှိကြောင်းကိုလည်းကောင်း သန္တတိဃန သမူဟဃန ကိစ္စဃနဟု ဃနသုံးမျိုးသာ ရှိကြောင်းကိုလည်းကောင်း ဖွင့်ဆိုလျက် ရှိကြ၏၊

ဘုရားရှင်သည် ဓမ္မသင်္ဂဏီပါဠိတော်[မှတ်စု ၄၃]၌ အာရုံယူတတ်သော သာရမ္မဏတရား အာရုံမယူတတ်သော အနာရမ္မဏတရားဟု ပရမတ္ထတရားတို့ကို နှစ်ဖို့ နှစ်စုပြု၍ ဟောကြားထားတော်မူခဲ့၏၊ ထိုတွင် အာရုံယူတတ်သော သာရမ္မဏတရားတို့မှာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာဟူသော နာမ်ခန္ဓာလေးပါးတို့ဖြင့် သိမ်းကျုံးရေတွက်အပ်သော ကုသိုလ် အကုသိုလ် ဝိပါက် ကိရိယာ အဗျာကတတရားတို့ ဖြစ်ကြောင်းကို ဘုရားရှင် ကိုယ်တော်တိုင်ပင် ဟောကြားထားတော်မူခဲ့၏၊ အနာရမ္မဏ = အာရုံမယူတတ်သော တရားတို့ကိုလည်း ရုပ်တရား အားလုံးနှင့် အသင်္ခတဓာတ် နိဗ္ဗာန်တရားဟု ဘုရားရှင်ကိုယ်တော်တိုင်ပင် ယင်းဓမ္မသင်္ဂဏီပါဠိတော်၌ပင် ဟောကြား ထားတော်မူခဲ့၏၊

အာရုံယူတတ်သော သာရမ္မဏတရားတို့၌သာလျှင် အာရမ္မဏဃန = အာရုံယူမှု အတုံးအခဲ ရှိကြောင်းကိုလည်း အဋ္ဌသာလိနီအဋ္ဌကထာ[မှတ်စု ၄၄]နှင့် မဟာဋီကာ[မှတ်စု ၄၅]တို့က ဖွင့်ဆိုလျက် ရှိကြ၏၊ သာရမ္မဏတရားတို့ကား အာနာပါန ပဋိဘာဂနိမိတ် ဩဒါတကသိုဏ်း ပဋိဘာဂနိမိတ်ကဲ့သို့သော ပညတ်သမထနိမိတ်ကိုလည်းကောင်း, ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးဟူသော ပရမတ်တရား ကဲ့သို့သော ပရမတ်အာရုံကိုလည်းကောင်း - ပညတ် ပရမတ် နှစ်မျိုးလုံးကိုပင် အာရုံယူတတ်ကြ၏၊ ထိုသို့ အာရုံယူရာ၌ သာရမ္မဏဓမ္မ အမည်ရသော စိတ်စေတသိက်တို့သည် စိတ္တက္ခဏတစ်ခု တစ်ခု၏ အတွင်း၌ အနည်းဆုံး ပမာဏအားဖြင့် (၈)လုံး ပူးတွဲ၍ ဖြစ်ကြ၏၊ ရံခါ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကဲ့သို့သော ဇောများ၌ စိတ္တက္ခဏတိုင်းဝယ် စိတ်စေတသိက် (၃၄)လုံးအထိ အတူယှဉ်တွဲ၍ ဖြစ်ကြ၏၊ ထိုစိတ္တက္ခဏတိုင်း၌ အတူယှဉ်တွဲ ဖြစ်ပေါ်သွားကြကုန်သော စိတ်စေတသိက်တို့ကား အာရုံတစ်ခုကို အာရုံပြုရာ၌ ထူးထွေ ကွဲပြားမှု ရှိကြ၏၊

မူလပဏ္ဏာသအဋ္ဌကထာ[မှတ်စု ၄၆] မူလဋီကာ[မှတ်စု ၄၇]တို့နှင့် အညီ ထိုနာမ်တရားစုတို့တွင် စိတ်သည် အာရုံကို ရယူခြင်း သဘောမျှသာဖြစ်၏၊ ဥပမာ - ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော ပထဝီဓာတ်ကို လှမ်း၍အာရုံယူကြည့်ရာ အာရုံယူ၍ ရပါက (= ရှု၍ရပါက) ပထဝီဓာတ်ကို သိသည်ဟု ဆိုရ၏၊ အာရုံယူ၍ မရပါက (= ရှု၍မရပါက) ပထဝီဓာတ်ကို သိသည်ဟု မဆိုနိုင်။ ထိုကြောင့် သိမှု (= စိတ်)ဟူသည် အာရုံကို ရယူခြင်းသဘောမျှသာ ဖြစ်၏၊ အာရုံကိုရယူ၍ သိမှုသဘောသာ ဖြစ်၏၊ ဖဿကား အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘောမျှသာ ဖြစ်၏၊ အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘောမျှသာ ဖြစ်၏၊ ဝေဒနာကား အာရုံ၏အရသာကို ခံစားခြင်း သဘောမျှသာ ဖြစ်၏၊ ဤသို့လျှင် သာရမ္မဏတရားတို့၌ အာရုံယူမှုဝယ် ထူးထွေ ကွဲပြားမှု ရှိ၏၊ (ကျန် သာရမ္မဏ တရားတို့၌လည်း နည်းတူ သဘောပေါက်ပါ၊၊)

ယင်းသို့လျှင် သာရမ္မဏတရားတို့၏ အာရုံတစ်ခုကို အာရုံပြုရာ၌ အာရုံ ပြုပုံ အခြင်းအရာ ကွဲပြားမှု ရှိသည် ဖြစ်ပါလျက် ယင်းသာရမ္မဏတရားတို့ကို ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် စသည်ဖြင့် ကွဲကွဲပြားပြား မသိဘဲ ယင်း သာရမ္မဏတရားတို့ကို တစ်လုံးတစ်စုတည်း တစ်ခုတည်းအဖြစ် စွဲယူခြင်းသည် အာရမ္မဏဃန မည်ပေသည်။[မှတ်စု ၄၈]

ထို့ကြောင့် အာရမ္မဏဃနဟူသည် သာရမ္မဏတရားတို့နှင့်သာ ဆိုင်သော ဃနတစ်ခုဖြစ်သဖြင့် ရုပ်ပိုင်းဆိုင်ရာ၌ သန္တတိဃန သမူဟဃန ကိစ္စဃနဟု ဃနသုံးမျိုးသာ ဖွင့်ဆိုတော်မူသည်ဟု သိရှိပါလေ။

ဓာတုသော ပစ္စဝေက္ခတိ

ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်ဝယ် ဓာတုမနသိကာရပိုင်းကို ဟောကြားတော်မူရာ၌ - ဓာတုသော ပစ္စဝေက္ခတိ= ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ မဟုတ်သောအားဖြင့် ဓာတ်သဘောအစုအပုံအားဖြင့် ဓာတ်ကြီးလေးပါးကို တစ်လုံးစီ တစ်လုံးစီ ဆင်ခြင်သုံးသပ် ရှုပွားရန် ညွှန်ကြားထားတော်မူ၏၊ ယင်းညွှန်ကြားချက်မှာ အထက်ပါ ဃနသုံးမျိုးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရုပ်ကလာပ် တစ်ခုတစ်ခု၏အတွင်း၌ တည်ရှိသော ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်တို့ကို ပရမတ္ထဓမ္မသဘာဝလက္ခဏာသို့ ဆိုက်အောင် သိမ်းဆည်းရှုပွားရန် ညွှန်ကြား ထားတော်မူကြောင်းကို အဋ္ဌကထာ ဋီကာတို့ကလည်း ဖွင့်ဆိုလျက်ရှိကြ၏၊ ထို့ကြောင့် ဓာတ်ကမ္မဋ္ဌာန်းကို ရှုရာ၌ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို ပရမတ္ထဓမ္မသဘာဝသို့ ဆိုက်အောင် အသီးအသီးသော ကိုယ်ပိုင်သဘာဝလက္ခဏာကို သိမ်းဆည်းနိုင်ပါမှ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှ ဘုရားရှင်၏ အလိုတော်ကျမည် ဓာတ်ကမ္မဋ္ဌာန်း ပီသမည်ကို သဘောပေါက်လေရာသည်၊ သတိပြုလေရာသည်၊ ဓာတုသော ပစ္စဝေက္ခတိ - ဖြစ်နိုင်မည်။

ယင်းသို့ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှလည်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည်။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါမှလည်း အနတ္တရောင်ခြည်တော်နေဝန်းသည် တင့်တယ်စွာ ထွန်းလင်းထွက်ပေါ်လာမည် ဖြစ်ပေသည်။ ထိုအချိန်အခါသို့ ဆိုက်ရောက်ပါမှ သတ္တသညာ အတ္တသညာသည် ကွာသွားမည် ဖြစ်ပေသည်။

“အသီးအသီးသော ရုပ်ဓာတ် နာမ်ဓာတ်တို့ကို, ပရမတ္ထဓာတ်သား တစ်လုံးစီ တစ်လုံးစီကို ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတည်းဟူသော ရုပ်ဃန နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်းကို ပြုလုပ်နိုင်ခဲ့သည်ရှိသော် အနတ္တလက္ခဏာ အနတ္တရောင်ခြည်တော် နေဝန်းသည် ဟုတ်မှန်တိုင်းသော မိမိ၏ သဘောလက္ခဏာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားစွာ တည်လာနိုင်ပေသည်။”[မှတ်စု ၄၉]

အနတ္တရောင်ခြည်တော်နေဝန်းကြီးသည် တင့်တယ်စွာ ထွန်းလင်းထွက်ပေါ်လာပါမှ သတ္တသညာ အတ္တသညာ သည် ကွာသွားမည် ဖြစ်၏၊ ဤ၌ သတ္တသညာ အတ္တသညာ အယူအစွဲနှင့် ပတ်သက်၍ ဋီကာဆရာတော်တို့က အတ္တစွဲ နှစ်မျိုးကို တင်ပြထားတော်မူကြ၏၊

၁။ အတ္တဒိဋ္ဌိစွဲ – သာသနာပအယူအဆရှိသူ အချို့သော ဒိဋ္ဌိတို့သည် အတ္တသည် သေလျှင်ပြတ်၏ဟု ယူဆကြ၏၊

ဥစ္ဆေဒဒိဋ္ဌိတည်း။ အတ္တသည် သေလျှင်မပြတ် မြဲ၏ဟု အချို့က ယူဆကြ၏၊ သဿတဒိဋ္ဌိတည်း။ အတ္တသည် ခန္ဓာအိမ်၏ ပိုင်ရှင် ဖြစ်၏၊ ခန္ဓာအိမ်သည် တစ်ဘဝပြီး တစ်ဘဝ အသစ်အသစ် ပြောင်းလဲနေသော်လည်း အတ္တသည် မပြောင်း၊ ခန္ဓာအိမ်တိုင်း၌ အမြဲတမ်း လိုက်ပါတည်နေ၏၊ အတ္တသည် ပြုလုပ်ဖွယ်မှန်သမျှကို ပြုလုပ်တတ်၏၊ အတ္တသည် ခံစားဖွယ်မှန်သမျှကို ခံစားတတ်၏၊ အတ္တသည် စီမံခန့်ခွဲတတ်၏၊ အတ္တသည် မိမိ၏အလိုအတိုင်း ခန္ဓာအိမ်ကို လိုက်ပါစေတတ်၏၊ ဤသို့စသည်ဖြင့် အတ္တရှိကြောင်းကို ပြောဆိုကြ၏၊ သဿတဒိဋ္ဌိစွဲတည်း။ ဤ ဥစ္ဆေဒဒိဋ္ဌိ သဿတဒိဋ္ဌိစွဲ နှစ်မျိုးလုံးသည် အတ္တဒိဋ္ဌိစွဲတည်း။

၂။ လောကသမညာအတ္တစွဲ= လောကဝေါဟာရအတ္တစွဲ – လောက၌ ယောက်ျား-မိန်းမ-ပုဂ္ဂိုလ်-သတ္တဝါ-လူနတ်-ဗြဟ္မာ စသည်သည် တကယ် ထင်ရှားရှိ၏ဟု စွဲလမ်းယုံကြည်လျက် ပြောဆိုကြ၏၊ လောကသမညာအတ္တစွဲ = လောကဝေါဟာရအတ္တစွဲ = လူတို့ခေါ်ဝေါ်သုံးစွဲသည့်အတိုင်း အကယ် ထင်ရှားရှိ၏ဟု စွဲလမ်းယုံကြည်နေသော အတ္တစွဲမျိုးတည်း၊ သတ္တသညာပင်တည်း။

ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်အတိုင်း စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လေရာ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးနှင့် တကွသော ဥပါဒါရုပ်တို့ကို ပရမတ်သို့ ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ ထိုရုပ်တရားတို့၏ အလွန့်အလွန် လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် သဘောကိုလည်း ဉာဏ်ဖြင့် တွေ့မြင်နေ၏၊ ထိုရုပ်တရားတို့၌ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရ အားဖြင့် တည်နေသည့် အတ္တ မရှိမှုကိုလည်း တွေ့မြင်နေ၏၊ ထိုရုပ် (ထိုနာမ်)က လွဲ၍ ထိုရုပ် (ထိုနာမ်)တို့၏ နောက်ဆွယ်တွင် ကိန်းဝပ်တည်နေသော အတ္တကိုလည်း မတွေ့ ဖြစ်နေ၏၊ ဤရုပ်ကား အမျိုးသားတည်း, ဤရုပ်ကား အမျိုးသမီးတည်း .. ဤသို့ စသည်ဖြင့် ပြောဆိုနိုင်လောက်သော အချိန်လည်း မရှိ၊ ပြောဆိုနိုင်လောက်သော အတ္တကိုလည်း ရှာမတွေ့၊ ပြောဆိုနိုင်လောက်သော အမျိုးသား အမျိုးသမီးကိုလည်း ရှာမတွေ့ ဖြစ်နေ၏၊ ထိုအခါတွင် ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အတ္တဒိဋ္ဌိစွဲနှင့် လောကသမညာ (= လောကဝေါဟာရ ) အတ္တစွဲဟူသော အတ္တစွဲ နှစ်မျိုးလုံးသည် ကွာကျသွားပြီ ဖြစ်ပေသည်။

  1. ဒုဝိဓဥှိ ကမ္မဋ္ဌာနံ- ရူပကမ္မဋ္ဌာနံ အရူပကမ္မဋ္ဌာနဉ္စ။ ရူပပရိဂ္ဂဟော အရူပပရိဂ္ဂဟောတိပိ ဧတဒေဝ ဝုစ္စတိ။ တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)
  2. ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ “အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူ”တိ။ (မ၊၁၊၇၃။)
  3. (ဝိသုဒ္ဓိ၊၁၊၃၄၇။)
  4. (အဘိ၊၁၊၁၇၀။)
  5. တသ္မာ ဣမံ ကမ္မဋ္ဌာနံ ဘာဝေတုကာမေန တိက္ခပညေန တာဝ ရဟောဂတေန ပဋိသလ္လီနေန သကလမ္ပိ အတ္တနော ရူပကာယံ အာဝဇ္ဇေတွာ ယော ဣမသ္မိံ ကာယေ ထဒ္ဓဘာဝေါ ဝါ ခရဘာဝေါ ဝါ၊ အယံ ပထဝီဓာတု။ ယော အာဗန္ဓနဘာဝေါ ဝါ ဒြဝဘာဝေါ ဝါ၊ အယံ အာပေါဓာတု။ ယော ပရိပါစနဘာဝေါ ဝါ ဥဏှဘာဝေါ ဝါ၊ အယံ တေဇောဓာတု။ ယော ဝိတ္ထမ္ဘနဘာဝေါ ဝါ သမုဒီရဏဘာဝေါ ဝါ၊ အယံ ဝါယောဓာတူတိ ဧဝံ သံခိတ္တေန ဓာတုယော ပရိဂ္ဂဟေတွာ ပုနပ္ပုနံ ပထဝီဓာတု အာပေါဓာတူတိ ဓာတုမတ္တတော နိဿတ္တတော နိဇ္ဇီဝတော အာဝဇ္ဇိတဗ္ဗံ မနသိကာတဗ္ဗံ ပစ္စဝေက္ခိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၃၄၆-၃၄၇။)
  6. သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတိ။ (အံ၊၃၊၂၅၉။)
  7. တံ တံ အန္တရာနုသာရိနာ ဉာဏဟတ္ထေန ဝိနိဗ္ဘုဇိတွာ ဝိနိဗ္ဘုဇိတွာ ...(ဝိသုဒ္ဓိ၊၁၊၃၄၇။)
  8. သကလမ္ပိ အတ္တနော ရူပကာယံ အာဝဇ္ဇေတွာ၊ (ဝိသုဒ္ဓိ၊၁၊၃၄၆။)
  9. ရုပ္ပနေဉ္စတ္ထ သီတာဒိဝိရောဓိပစ္စယသန္နိပါတေ ဝိသဒိသုပ္ပတ္တိ။ (မဟာဋီ၊၂၊၈၆။)
  10. (မ၊၂၊၈၄။)
  11. (ဝိသုဒ္ဓိ၊၁၊၃၄၆။)
  12. ကက္ခဠံ မုဒုကံ သဏှံ ဖရုသံ (သုခသမ္ဖဿံ ဒုက္ခသမ္ဖဿံ) ဂရုကံ လဟုကံ။ (အဘိ၊၁၊၁၇၀။)
  13. ကက္ခဠန္တိ ထဒ္ဓံ။ မုဒုကန္တိ အထဒ္ဓံ။ သဏှန္တိ မဋ္ဌံ။ ဖရုသန္တိ ခရံ။ သုခသမ္ဖဿန္တိ သုခဝေဒနာပစ္စယံ ဣဋ္ဌဖောဋ္ဌဗ္ဗံ။ ဒုက္ခသမ္ဖဿန္တိ ဒုက္ခဝေဒနာပစ္စယံ အနိဋ္ဌဖောဋ္ဌဗ္ဗံ။ ဂရုကန္တိ ဘာရိယံ။ လဟုကန္တိ အဘာရိယံ၊ သလ္လဟုကန္တိ အတ္ထော။ ဧတ္ထ စ “ကက္ခဠံ မုဒုကံ သဏှံ ဖရုသံ ဂရုကံ လဟုက”န္တိ ပဒေဟိ ပထဝီဓာတု ဧဝ ဘာဇိတာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။)
  14. (ဝိသုဒ္ဓိ၊၁၊၃၄၇။)
  15. (ဝိသုဒ္ဓိ၊၁၊၃၄၇။)
  16. (ဝိသုဒ္ဓိ၊၁၊၃၄၆-၃၄၇။)
  17. ဧဝံ မနသိ ကရောန္တေန ဟိ အနုပုဗ္ဗတော, နာတိသီဃတော, နာတိသဏိကတော, ဝိက္ခေပပဋိဗာဟနတော, ပဏ္ဏတ္တိသမတိက္ကမနတော, အနုပဋ္ဌာနမုဉ္စနတော, လက္ခဏတော, တယော စ သုတ္တန္တာတိ ဣမေဟိ ဒသဟာကာရေဟိ မနသိကာရကောသလ္လံ အနုဋ္ဌာတဗ္ဗံ။ (မဟာဋီ၊၁၊၄၃၄။)
  18. ဗဟိဒ္ဓါ ဝိက္ခေပေ ဟိ သတိ ကမ္မဋ္ဌာနာ ပရိဟာယတိ ပရိဓံသတိ။ (မဟာဋီ၊၁၊၄၃၄။)
  19. (ဝိသုဒ္ဓိ၊၂၊၂၂၂။)
  20. ဧကပဒိကမဂ္ဂဂါမီ ပုရိသော စေတ္ထ နိဒေဿတဗ္ဗော။ (မဟာဋီ၊၁၊၄၃၄၊၊)
  21. သစေ ပန ဗဟိဒ္ဓါပိ မနသိကာရံ ဥပသံဟရတိ၊ အထဿ အာဟိဏ္ဍန္တာ မနုဿတိရ စ္ဆာနာဒယော သတ္တာကာရံ ဝိဇဟိတွာ ဓာတုသမူဟဝသေနေဝ ဥပဋ္ဌဟန္တိ၊ တေဟိ ကရိယမာနာ ကိရိယာ ဓာတုမယေန ယန္တေန ပဝတ္တိယမာနာ ဟုတွာ ဥပဋ္ဌာတိ၊ တေဟိ အဇ္ဈောဟရိယမာနံ ပါနဘောဇနာဒိ ဓာတုသင်္ဃာတေ ပက္ခိပ္ပမာနော ဓာတုသင်္ဃာတော ဝိယ ဥပဋ္ဌာတိ။ (မဟာဋီ၊၁၊၄၃၄- ၄၃၅။)
  22. (အံ၊၁၊၂၅၈။)
  23. (အံ၊၂၊၃၇၉။)
  24. (သံ၊၃၊၇၁-၇၃။)
  25. မှတ်ချက်---- ဤဓာတ်ကမ္မဋ္ဌာန်းကျင့်စဉ် စည်းကမ်းဥပဒေသ (၁၀)ချက်ကို မဟာဋီ၊၁၊၄၃၄-၄၃၅-မှ ကောက်နုတ်ဖော်ပြ အပ်ပါသည်။ အဘိ၊ဋ္ဌ၊၂၊၂၁၆-၂၁၇- တို့၌လည်း ကြည့်ပါ။
  26. ဗလဝပညော မန္ဒသဒ္ဓေါ ကေရာဋိကပက္ခံ ဘဇတိ၊ ဘေသဇ္ဇသမုဋ္ဌိတော ဝိယ ရောဂေါ အတေကိစ္ဆော ဟောတိ။ (ဝိသုဒ္ဓိ၊၁၊၁၂၆၊၊)
  27. (ဝိသုဒ္ဓိ၊၁၊၁၂၅-၁၂၆- ကြည့်ပါ။)
  28. တေဿဝံ ဝါယမမာနဿ နစိရေနေဝ ဓာတုပ္ပဘေဒါဝဘာသနပညာပရိဂ္ဂဟိတော သဘာဝဓမ္မာရမ္မဏတ္တာ အပ္ပနံ အပ္ပတ္တော ဥပစာရမတ္တော သမာဓိ ဥပ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၃၄၇။)
  29. (ဝိသုဒ္ဓိ၊၁၊၃၄၇။ မဟာဋီ၊၁၊၄၃၅-၄၃၆။)
  30. စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ။ (ဝိသုဒ္ဓိ၊၂၊၈၁။) ၄၅၀
  31. (မ၊၂၊၈၆။)
  32. အထ အာကာသဓာတုံ ကသ္မာ ဝိတ္ထာရေသီတိ။ ဥပါဒါရူပဒဿနတ္ထံ။ ဟေဋ္ဌာ ဟိ စတ္တာရိ မဟာဘူတာနေဝ ကထိတာနိ၊ န ဥပါဒါရူပံ။ တသ္မာ ဣမိနာ မုခေန တံ ဒေဿတုံ အာကာသဓာတုံ ဝိတ္ထာရေသိ။ အပိစ အဇ္ဈတ္တိကေန အာကာသေန ပရိ စ္ဆိန္နရူပမ္ပိ ပါကဋံ ဟောတိ။
    အာကာသေန ပရိစ္ဆိန္နံ၊ ရူပံ ယာတိ ဝိဘူတတံ။
    တေဿဝံ အာဝိဘာဝတ္ထံ၊ တံ ပကာသေသိ နာယကော။ (မ၊ဋ္ဌ၊၃၊၉၇။)
    ဟေဋ္ဌာ စတ္တာရိ မဟာဘူတာနေဝ ကထိတာနိ၊ န ဥပါဒါရူပန္တိ တဿ ပနေတ္ထ လက္ခဏာဟာရနယေန အာကာသဒဿနေန ဒဿိတတာ ဝေဒိတဗ္ဗာ။ တေနာဟ “ ဣမိနာ မုခေန တံ ဒေဿတု”န္တိ။ န ကေဝလံ ဥပါဒါရူပဂ္ဂဟဏဒဿနတ္ထမေဝ အာကာသဓာတု ဝိတ္ထာရိတာ၊ အထ ခေါ ပရိဂ္ဂဟသုခတာယပီတိ ဒေဿန္တော “အပိစာ”တိအာဒိမာဟ။ တတ္ထ ပရိ စ္ဆိန္ဒိတဗ္ဗဿ ရူပဿ နိရဝသေသပရိယာဒါနတ္ထံ “အဇ္ဈတ္တိကေနာ”တိ ဝိသေသနမာဟ။ အာကာသေနာတိ အာကာသဓာတုယာ ဂဟိတာယ။ ပရိ စ္ဆိန္နရူပန္တိ တာယ ပရိ စ္ဆိန္ဒိတကလာပဂတမ္ပိ ပါကဋံ ဟောတိ၊ ဝိဘူတံ ဟုတွာ ဥပဋ္ဌာတိ။ (မ၊ဋီ၊၂၊၆၃။)
  33. စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ။ (ဝိသုဒ္ဓိ၊၂၊၈၁။)
  34. (အံ၊၁၊၉။)
  35. (မူလဋီ၊၁၊၁၂၅။)
  36. (ဝိသုဒ္ဓိ၊၁၊၃၄၇။ မဟာဋီ၊၁၊၄၃၅-၄၃၆။)
  37. ဥပစာရသမာဓီတိ စ ရုဠှီဝသေန ဝေဒိတဗ္ဗံ။ အပ္ပနံ ဟိ ဥပေစ္စ စာရီ သမာဓိ ဥပစာရသမာဓိ၊ အပ္ပနာ စေတ္ထ နတ္ထိ။ တာဒိသဿ ပန သမာဓိဿ သမာနလက္ခဏတာယ ဧဝံ ဝုတ္တံ။ ကသ္မာ ပနေတ္ထ အပ္ပနာ န ဟောတီတိ? တတ္ထ ကာရဏမာဟ “သဘာဝဓမ္မာရမ္မဏတ္တာ”တိ။ (မဟာဋီ၊၁၊၄၃၅။)
  38. (ဝိသုဒ္ဓိ၊၁၊၃၆၁။)
  39. တသ္မာ သသန္တာနဂတေ သဗ္ဗဓမ္မေ, ပရသန္တာနဂတေ စ တေသံ သန္တာနဝိဘာဂံ အကတွာ ဗဟိဒ္ဓါဘာဝသာမညတော သမ္မသနံ၊ အယံ သာဝကာနံ သမ္မသနစာရော။ (မ၊ဋီ၊၃၊၂၇၄-၂၇၅။)
  40. တသ္မာ သသန္တာနဂတေ သဗ္ဗဓမ္မေ, ပရသန္တာနဂတေ စ တေသံ သန္တာနဝိဘာဂံ အကတွာ ဗဟိဒ္ဓါဘာဝသာမညတော သမ္မသနံ၊ အယံ သာဝကာနံ သမ္မသနစာရော။ (မ၊ဋီ၊၃၊၂၇၄-၂၇၅။)
  41. ဧဝမေဝ ဣမဿာပိ ဘိက္ခုနော ပုဗ္ဗေ ဗာလပုထုဇ္ဇနကာလေ ဂိဟိဘူတဿာပိ ပဗ္ဗဇိတဿာပိ တာဝဒေဝ သတ္တောတိ ဝါ ပုဂ္ဂလောတိ ဝါ သညာ န အန္တရဓာယတိ၊ ယာဝ ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဃနဝိနိဗ္ဘောဂံ ကတွာ ဓာတုသော န ပစ္စဝေက္ခတိ။ ဓာတုသော ပစ္စဝေက္ခတော ပနဿ သတ္တသညာ အန္တရဓာယတိ၊ ဓာတုဝသေနေဝ စိတ္တံ သန္တိဋ္ဌတိ။ တေနာဟ ဘဂဝါ “ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ ‘အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူ’တိ။ သေယျထာပိ ဘိက္ခဝေ ဒက္ခော ဂေါဃာတကော ဝါ။ ပ။ ဝါယောဓာတူ”တိ။ (မ၊ဋ္ဌ၊၁၊၂၇၆။)
    ဃနဝိနိဗ္ဘောဂန္တိ သန္တတိ-သမူဟ-ကိစ္စဃနာနံ ဝိနိဗ္ဘုဇနံ ဝိဝေစနံ။ ဓာတုသော ပစ္စဝေက္ခတောတိ ဃနဝိနိဗ္ဘောဂကရဏေန ဓာတုံ ဓာတုံ ပထဝီအာဒိဓာတုံ ဝိသုံ ဝိသုံ ကတွာ ပစ္စဝေက္ခန္တဿ။ သတ္တသညာတိ အတ္တာနုဒိဋ္ဌိဝသေန ပဝတ္တာ သညာတိ ဝဒန္တိ၊ ဝေါဟာရဝသေန ပဝတ္တသတ္တသညာယပိ တဒါ အန္တရဓာနံ ယုတ္တမေဝ ယာထာဝတော ဃနဝိနိဗ္ဘောဂဿ သမ္ပာဒနတော။ ဧဝံ ဟိ သတိ ယထာဝုတ္တဩပမ္မတ္ထေန ဥပမေယျတ္ထော အညဒတ္ထု သံသန္ဒတိ သမေတိ။ တေနေဝါဟ “ဓာတုဝသေနေဝ စိတ္တံ သန္တိဋ္ဌတီ”တိ။ (မ၊ဋီ၊၁၊၃၆၅-၃၆၆။)
  42. ဃနဝိနိဗ္ဘောဂန္တိ သန္တတိ-သမူဟ-ကိစ္စဃနာနံ ဝိနိဗ္ဘုဇနံ ဝိဝေစနံ။ (မ၊ဋီ၊၁၊၃၆၅-၃၆၆။)
  43. သာရမ္မဏာဓမ္မာ၊ အနာရမ္မဏာဓမ္မာ။ (အဘိ၊၁၊၉။)
  44. နတ္ထိ ဧတေသံ အာရမ္မဏန္တိ အနာရမ္မဏာ။ (အဘိ၊ဋ္ဌ၊၁၊၉၆။)
  45. သာရမ္မဏဓမ္မာနံ သတိပိ အာရမ္မဏကရဏဘေဒေ ဧကတော ဂယှမာနာ အာရမ္မဏဃနတာ စ။ (မဟာဋီ၊၂၊၄၃၇၊၊)
  46. အာရမ္မဏံ ပရိဂ္ဂဟေတွာ ဝိဇာနန္တံ ဥပ္ပဇ္ဇမာနံ ဝိညာဏံ။ (မ၊ဋ္ဌ၊၁၊၂၈၀၊၊)
  47. ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ။ (မူလဋီ၊၁၊၈၇၊၊)
  48. သာရမ္မဏဓမ္မာနံ သတိပိ အာရမ္မဏကရဏဘေဒေ ဧကတော ဂယှမာနာ အာရမ္မဏဃနတာ စ။ (မဟာဋီ၊၂၊၄၃၇၊၊)
  49. နာနာဓာတုယော ဝိနိဗ္ဘုဇိတွာ ဃနဝိနိဗ္ဘောဂေ ကတေ အနတ္တလက္ခဏံ ယာထာဝသရသတော ဥပဋ္ဌာတိ။ (အဘိ၊ဋ္ဌ၊၂၊၄၇။)