နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဥပါဒါရုပ်များကို သိမ်းဆည်းပုံ

ဥပါဒါရုပ်များကို သိမ်းဆည်းပုံ

(၆)ဒွါရလုံး၌ ကြည်သည့် ရုပ်ကလာပ်၌ ဓာတ်လေးပါး, မကြည်သည့် ရုပ်ကလာပ်၌ ဓာတ်လေးပါးတို့ကို သိမ်းဆည်းနိုင်သောအခါ ဥပါဒါရုပ်များကို ဆက်လက် သိမ်းဆည်းနိုင်ပေပြီ။ သို့သော် (၃၂) ကောဋ္ဌာသတို့၌လည်း ကြည်သည့် ရုပ်ကလာပ်တို့၌လည်းကောင်း, မကြည်သည့် ရုပ်ကလာပ်တို့၌လည်းကောင်း ဓာတ်ကြီးလေးပါးတို့ကို ဆက်လက်၍ သိမ်းဆည်းပါက ပို၍ ကောင်းပေသည်။ (၆)ဒွါရလုံး၌လည်းကောင်း (၃၂)ကောဋ္ဌာသတို့၌လည်းကောင်း, ကြည်သည့် ရုပ်ကလာပ်တို့၌လည်းကောင်း, မကြည်သည့် ရုပ်ကလာပ်တို့၌လည်းကောင်း ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းပြီးသောအခါ၌ကား ဉာဏ်မှာလည်း ထက်မြက်စူးရှလာပြီဖြစ်၍ ဥပါဒါရုပ်တို့သည်လည်း တစ်စတစ်စ ထင်ရှားလာနိုင်ပေသည်။ ရှုနည်းမှာ ရှေးဦးစွာ မျက်လုံးကို လှမ်းအာရုံယူပါ၊ ထိုအခါ၌ကား ရုပ်ကလာပ်အမှုန်များကို လွယ်လွယ်ကူကူပင် တွေ့မြင်နိုင်ပါသည်။ မတွေ့ပါက ယင်းမျက်လုံးအိမ်အတွင်း၌ တည်ရှိနေသော ဓာတ်ကြီးလေးပါးကို စိုက်ရှုလိုက်ပါက ဉာဏ်ကလည်း ထက်မြက်လာပြီဖြစ်၍ ရုပ်ကလာပ်အမှုန်များကို လွယ်ကူစွာပင် တွေ့ရှိနိုင်ပေသည်၊ ထိုအခါတွင် ကြည်သည့် ရုပ်ကလာပ်၌ ဓာတ်လေးပါး, မကြည်သည့် ရုပ်ကလာပ်၌ ဓာတ်လေးပါးတို့ကို ဆက်လက် သိမ်းဆည်းပါ။ နား-နှာ-လျှာ-ကိုယ်-နှလုံးတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ (၃၂)ကောဋ္ဌာသတို့၌ကား မိမိရှုလိုသည့် ကောဋ္ဌာသကို လှမ်း၍ အာရုံယူပါ၊ ထိုကောဋ္ဌာသကို တွေ့မြင်သောအခါ ယင်းကောဋ္ဌာသ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိသောအခါ ကြည်သည့် ရုပ်ကလာပ်၌လည်းကောင်း, မကြည်သည့် ရုပ်ကလာပ်၌လည်းကောင်း ဓာတ်ကြီးလေးပါးကို မြင်အောင် သိမ်းဆည်း ရှုပွားပါ။ (၆)ဒွါရ (၃၂)ကောဋ္ဌာသတို့၌ တည်ရှိသော ကြည်သည့်ရုပ်ကလာပ် မကြည်သည့်ရုပ်ကလာပ်တို့၌ ဓာတ်ကြီးလေးပါးကို အောင်အောင်မြင်မြင် သိမ်းဆည်းမိပြီးသောအခါ ဥပါဒါရုပ်တို့ကို ဆက်လက်၍ သိမ်းဆည်းနိုင်ပေပြီ။

“ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဤမဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းသော ဉာဏ်ဖြင့် ပိုင်းခြားယူသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဥပါဒါရုပ်သည် ထင်ရှားလာ၏၊ မဟာဘုတ်မည်သည်ကို ကလာပ်တူ ဥပါဒါရုပ်ဖြင့် ပိုင်းခြားအပ်၏၊ ဥပါဒါရုပ်ကိုလည်း ကလာပ်တူ မဟာဘုတ်ဖြင့် ပိုင်းခြားအပ်၏၊ နေရောင်ခြည်မည်သည်ကို နေရိပ်ဖြင့် ပိုင်းခြားအပ်သကဲ့သို့လည်းကောင်း, နေရိပ်မည်သည်ကို နေရောင်ခြည်ဖြင့် ပိုင်းခြားအပ်သကဲ့သို့လည်းကောင်း - ဤဥပမာအတူပင်လျှင် မဟာဘုတ်ကို ကလာပ်တူ ဥပါဒါရုပ်ဖြင့် ပိုင်းခြားအပ်၏၊ ဥပါဒါရုပ်ကိုလည်း ကလာပ်တူ မဟာဘုတ်ဖြင့် ပိုင်းခြားအပ်၏၊”

ဤအထက်ပါ သမ္မောဟဝိနောဒနီအဋ္ဌကထာ[မှတ်စု ၁]အဖွင့်မှာ ရုပ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းနေသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ အလွန်အဖိုးတန်သော သာသနာ့မှတ်တိုင်တစ်ခု ဖြစ်၏၊ မူလဋီကာ[မှတ်စု ၂]နှင့် အနုဋီကာ[မှတ်စု ၃]တို့ကလည်း ဘာဝနာလုပ်ငန်းခွင်ကို လုပ်တတ်သွားအောင် ရှင်းလင်းတင်ပြထားတော်မူကြ၏၊ ယင်း ရှင်းလင်းချက်တို့မှာ အောက်ပါအတို်င်း ဖြစ်ကြ၏၊

မဟာဘုတ်ကို ကလာပ်တူ ဥပါဒါရုပ်က ပိုင်းခြားပုံမှာ ညိုသော အရောင်ရှိသည့် မဟာဘုတ်, ရွှေသောအရောင် ရှိသည့် မဟာဘုတ်, အနံ့ကောင်းသော မဟာဘုတ်, အနံ့မကောင်းသော မဟာဘုတ် - ဤသို့ စသည်ဖြင့် ကလာပ်တူ ဝဏ္ဏ (= အဆင်း), ဂန္ဓ (= အနံ့) စသော ဥပါဒါရုပ်က မဟာဘုတ်ကို ထင်ရှားလာအောင် ပိုင်းခြား၍ ပြထား၏၊ ကလာပ်တူ မဟာဘုတ်၌ မှီဖြစ်သော ထိုကလာပ်တူ ဥပါဒါရုပ်၏ ထိုကလာပ်တူ မဟာဘုတ်မှ ပြင်ပ၌ မရှိခြင်းကြောင့် ကလာပ်တူ ဥပါဒါရုပ်ကိုလည်း ကလာပ်တူ မဟာဘုတ်က ပိုင်းခြားထားပြန်၏၊ နေရိပ်ဖြစ်ပေါ်လာဖို့ရန် နေရောင်ခြည် ဟူသော အကြောင်းတရားသည် ထင်ရှားရှိနေရ၏၊ ညဉ့်အခါ၌ နေရောင်ခြည်မရှိသောကြောင့် နေရိပ်သည် မထင်ရှားတော့ပေ။ ထိုကြောင့် နေရောင်ခြည်သည် နေရိပ်ကို ဖြစ်စေတတ်သော အကြောင်းတရား ဖြစ်သည်။ နေရောင်ခြည်၏ ထင်ရှား ရှိနေခြင်းတည်းဟူသော အကြောင်းတရားကြောင့်သာလျှင် နေရိပ်သည် (= သစ်ပင်ရိပ်သည်) ဖြစ်ပေါ်လာရ၏၊ ယင်းသို့ နေရောင်ခြည်ဟူသော အကြောင်းတရား ရှိသည်၏အဖြစ်, ယင်းနေရောင်ခြည်က နေရိပ် (= သစ်ပင်ရိပ်) ကို ဖြစ်စေတတ်သည်၏ အဖြစ်သည်ပင် နေရောင်ခြည်နှင့် နေရိပ် (= သစ်ပင်ရိပ်)တို့၏ အချင်းချင်း တစ်ခုက တစ်ခုကို ပိုင်းခြားတတ်သည်၏ အဖြစ်ပင်တည်း။[မှတ်စု ၄]

ဤစကားရပ်ဖြင့် ဖြစ်စေအပ်သောတရားနှင့် ဖြစ်စေတတ်သောတရား ဖြစ်မှုသည်ပင် အချင်းချင်း ပိုင်းခြားခြင်းကို ပြုလုပ်သည်ဟု ညွှန်ပြလျက်ရှိ၏၊[မှတ်စု ၅]

ယောဂါဝစရပုဂ္ဂိုလ်သည် နေသာနေသော နေ့အခါဝယ် မြေပြင်ပေါ်၌ ကျရောက်လျက်ရှိသော နေရောင်ခြည်နှင့် သစ်ပင်ရိပ်ကို လှမ်း၍ အာရုံယူကြည့်ပါ။ မြေပြင်ပေါ်၌ ကျရောက်လျက်ရှိသော နေရောင်ခြည်နှင့် နေရိပ် (= သစ်ပင်ရိပ်) တို့ကို လွယ်လွယ်ပင် တွေ့ရှိနိုင်ပေသည်။ နေရောင်ခြည်ဟူသော အကြောင်းကြောင့် သစ်ပင်ရိပ်ကား ဖြစ်ပေါ်လာရ၏၊ နေရောင်ခြည် မရှိက သစ်ပင်ရိပ်လည်း ဖြစ်ပေါ်မလာနိုင်။ နေရောင်ခြည်ကလည်း ဤကား သစ်ပင်ရိပ်ဟု ပိုင်းခြား ပြလျက် ရှိ၏၊ သစ်ပင်ရိပ်ကလည်း ဤကား နေရောင်ခြည်ဟု ပိုင်းခြားပြလျက် ရှိနေ၏၊ သို့သော် နေရောင်ခြည်ကား သစ်ပင်ရိပ်ကို ဖြစ်စေတတ်သော အကြောင်းတရားတည်း၊ သစ်ပင်ရိပ်သည်ကား နေရောင်ခြည်ကြောင့် ဖြစ်ပေါ် လာရသော, နေရောင်ခြည်က ဖြစ်စေအပ်သော တရားတည်း။ ယင်းသို့ ဖြစ်စေအပ်သောတရား, ဖြစ်စေတတ်သောတရား ဖြစ်မှုသည်ပင် အချင်းချင်း ပိုင်းခြားခြင်းကို ပြုလုပ်ခြင်းပင်တည်း။

အလားတူပင် ယောဂါဝစရပုဂ္ဂိုလ်သည် ယခုကဲ့သို့ ရုပ်ကလာပ်တစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီး လေးပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူရာ၌ ရုပ်ကလာပ်တို့ကို ဉာဏ်ဖြင့် တွေ့မြင်ပါမှသာလျှင် ယင်းရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်း၍ ရနိုင်၏၊ အကယ်၍ ရုပ်ကလာပ်တို့ကို မတွေ့မမြင်ခဲ့သော် ယင်းရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်း၍ ရရှိဖို့ရန် မဖြစ်နိုင်သေးပေ။ ရုပ်ကလာပ်တို့ကို ဉာဏ်ဖြင့် တွေ့မြင်ရခြင်းမှာလည်း အနည်းဆုံး ပမာဏအားဖြင့် ယင်းရုပ်ကလာပ်တို့၌ တည်ရှိသော ဝဏ္ဏခေါ်သည့် ရူပါရုံ အရောင်အဆင်းကို တွေ့မြင်ပါမှသာလျှင် ရုပ်ကလာပ်ကို တွေ့မြင်နိုင်၏၊ ရုပ်ကလာပ်တို့ကို တွေ့မြင်ပါက ရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို တစ်ဆင့်တက်၍ သိမ်းဆည်းရနိုင်၏၊

တစ်ဖန် ရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းနိုင်ပါကလည်း ယင်း ဓာတ်ကြီးလေးပါးတို့၏ ဝဏ္ဏ = အရောင်အဆင်း, ဂန္ဓ = အနံ့, ရသ = အရသာ, ဩဇာ = အဆီအစေးအနှစ် - ဤသို့ စသော ကလာပ်တူ ဥပါဒါရုပ်တို့ကို တစ်ဆင့်တက်၍ သိမ်းဆည်းခဲ့သော် အောင်မြင်မှုကို ရရှိနိုင်၏၊ အကြောင်းမူ ယင်းဥပါဒါရုပ်တို့ကား ဓာတ်ကြီးလေးပါး မဟာဘုတ်တရားတို့ ပါဝင်သော ရုပ်ကလာပ်တို့၏ ပြင်ပလောက၌ မတည်ရှိနိုင်သောကြောင့် ဖြစ်၏၊

မဟာဘုတ်ဓာတ်ကြီးလေးပါးတို့ကို စွဲမှီ၍ ကလာပ်တူ ဥပါဒါရုပ်တို့သည် ဖြစ်ပေါ်လာကြရ၏၊ ကလာပ်တူ မဟာဘုတ်တို့က သဟဇာတ နိဿယ စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု မပေးသော်ကား ကလာပ်တူ ဥပါဒါရုပ်တို့သည် ဖြစ်ပေါ်မလာနိုင်။ တစ်ဖန် ဥပါဒါရုပ်တို့ မပါဘဲ မဟာဘုတ်ချည်းသက်သက်လည်း ဖြစ်နိုင်စွမ်း မရှိပေ။ အဆင်းလှ၏၊ အဆင်းမလှ၊ အနံ့ကောင်း၏၊ အနံ့မကောင်း ဤသို့စသည်ဖြင့် သိနိုင်ခွင့်ရှိခြင်းမှာ ကလာပ်တူ ဥပါဒါရုပ်တို့ကြောင့်သာ ယောဂါဝစရပုဂ္ဂိုလ်က သိရှိခွင့်ကို ရရှိခြင်း ဖြစ်၏၊ မဟာဘုတ်ကား ဖြစ်စေတတ်သော အကြောင်းတရားတည်း၊ ကလာပ်တူ ဥပါဒါရုပ်ကား ဖြစ်စေအပ်သော အကျိုးတရားတည်း။ ဤသို့ ဖြစ်စေတတ်သော တရား ဖြစ်စေအပ်သောတရား ဖြစ်ခြင်းသည်ပင် ကလာပ်တူမဟာဘုတ်နှင့် ဥပါဒါရုပ်တို့သည် အချင်းချင်း ပိုင်းခြားခြင်းကို ပြုသည် မည်ပေသည်။ မဟာဘုတ်ကား နေရောင်ခြည်နှင့် တူ၏၊ ဥပါဒါရုပ်ကား နေရောင်ခြည်ကြောင့် ဖြစ်ပေါ်လာရသော သစ်ပင်ရိပ်နှင့် တူ၏၊

ဤရှင်းလင်းချက်များနှင့်အညီ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရုပ်တရားတို့ကို သိမ်းဆည်းသည့်အပိုင်းဝယ် မဟာဘုတ်တို့ကို ပရမတ်သို့ ဆိုက်အောင် မသိမ်းဆည်းနိုင်ဘဲ ဥပါဒါရုပ်တို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းဖို့ရန်, ဥပါဒါရုပ်တို့ကို ပရမတ်သို့ ဆိုက်အောင် မသိမ်းဆည်းနိုင်ဘဲလည်း မဟာဘုတ်တို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်း ဖို့ရန်မှာ မလွယ်ကူသည်ကိုကား သဘောပေါက်သင့်လှ၏၊ အနည်းဆုံးပမာဏအားဖြင့် အာကာသဓာတ်နှင့် ဝဏ္ဏဓာတ် အရောင်အဆင်းဟူသော ဥပါဒါရုပ်ကို မသိမ်းဆည်းနိုင်ပါက ဉာဏ်ဖြင့် မတွေ့မမြင်ပါက ရုပ်ကလာပ်ကို မြင်ဖို့ရန်မှာ မဖြစ်နိုင်ပေ။ ရုပ်ကလာပ်ကို မမြင်ပါကလည်း ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းဖို့ရန်မှာ မမျှော်မှန်းသင့်သောအရာသာ ဖြစ်၏၊ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီး လေးပါးကိုမျှ မသိမ်းဆည်းနိုင်သေး မသိမ်းဆည်းတတ်သေးလျှင် ပရမတ်အစစ် ရုပ်တရားကို မသိရှိသေးသူသာ ဖြစ်နေသေး၏၊ ရုပ်ပရမတ်ကိုမျှ မသိသေးသော ထိုသူတော်ကောင်း၏ သန္တာန်ဝယ် စစ်မှန်သော ဝိပဿနာဉာဏ်ကား မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်သေးပေ။ တစ်ဖန် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုမျှ မရှုတတ်သေး မသိမ်းဆည်းတတ်သေးလျှင် ကလာပ်တူဥပါဒါရုပ်တို့ကို ဆက်လက် သိမ်းဆည်းနိုင်ရန်မှာလည်း မိုးနှင့် မြေကြီးပမာ အလွန့်အလွန် အလှမ်းကွာလျက်ပင် ရှိနေပေသေးသည်။ ထို့ကြောင့် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ကလာပ်တူ ဥပါဒါရုပ်တို့ကိုလည်း ဆက်လက် သိမ်းဆည်းပါ။

ဝဏ္ဏ = အရောင်အဆင်း–– ရုပ်ကလာပ်တိုင်း၌ ဝဏ္ဏ-ဟု ခေါ်ဆိုသော ရူပါရုံ အရောင်အဆင်း ရှိ၏၊ လွယ်လွယ်ကူကူ တွေ့ရှိနေမည်သာ ဖြစ်သည်။ ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အဆက်မပြတ် ဖြစ်ပေါ်နေသော, သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်သော ဉာဏ်ကြောင့် လင်းရောင်ခြည်များကား ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပနေမည်သာ ဖြစ်၏၊ ယင်းလင်းရောင်ခြည်၏ အကူအညီဖြင့် ရုပ်ကလာပ်တို့၏ ရူပါရုံ အရောင်ကို မဟာကုသိုလ် မနောဒွါရိက ဝိပဿနာဇောဝီထိစိတ်အစဉ်ဖြင့် တစ်နည်း - မဟာကုသိုလ် မနောဒွါရိက ဝိပဿနာ ဇောဝီထိစိတ်အစဉ်တွင် ပါဝင်သော ဉာဏ်ဖြင့် တွေ့မြင်နေမည်သာ ဖြစ်သည်။

ဂန္ဓ = အနံ့–– ရုပ်ကလာပ်တိုင်း၌ အနံ့ ရှိနေ၏၊ မဟာကုသိုလ် မနောဒွါရိက ဝိပဿနာဇောဝီထိစိတ်အစဉ်ဖြင့် သိရှိနိုင်သော တရားပင် ဖြစ်၏၊ သို့သော် အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ကား နှာခေါင်းနှင့် ဝေးကွာနေသော မျက်စိကဲ့သို့သော နေရာဒွါရတစ်ခု၌ တည်ရှိသော ရုပ်ကလာပ်တစ်ခု၏ အနံ့ကို လှမ်း၍ အာရုံယူရာ၌ ယင်းအနံ့မှာ မထင်မရှား ဖြစ်နေတတ်၏၊ အာရုံယူ၍ မရသော်လည်း ရှိနေတတ်၏၊ အထူးသဖြင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တို့၌ အဖြစ်များတတ်သော အခက်အခဲ တစ်ရပ်ပင် ဖြစ်၏၊ ထိုအခါမျိုး၌ ဃာနအကြည်ဓာတ်နှင့် ဘဝင်မနောအကြည် ဓာတ်ကို ပူးတွဲ သိမ်းဆည်းပါ။ နှာခေါင်းအတွင်းရှိ နှာနုရှိရာ အရပ်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စိုက်၍ ရှုလိုက်ပါက ရုပ်ကလာပ်တို့ကို လွယ်ကူစွာပင် တွေ့ရှိနိုင်ပေသည်။ ယင်းရုပ်ကလာပ်တို့တွင် ကြည်သော ရုပ်ကလာပ် တို့လည်း ပါဝင်ကြ၏၊ ဃာနဒသကကလာပ်, ကာယဒသကကလာပ်တို့တည်း။ ယင်းဃာနဒသကကလာပ်တို့၌ ပါဝင်တည်ရှိသော ဃာနအကြည်ဓာတ်တို့ကို ခြုံငုံ၍ သိမ်းဆည်းထားပါ။ တစ်ဖန် (၆)ဒွါရလုံး၌ တည်ရှိကြသော ကြည်သည့်ရုပ်ကလာပ် မကြည်သည့်ရုပ်ကလာပ်တို့၌ ဓာတ်ကြီးလေးပါးကို အောင်မြင်စွာ ရှု၍ ရရှိနေပြီဖြစ်သော ဤကဲ့သို့သော အချိန်အခါမျိုး၌ နှလုံးအိမ်အတွင်း၌ တည်ရှိသော မကြည်သည့် ဟဒယဒသကကလာပ်တို့တွင် ပါဝင်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်နေသော ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပနေသော ဘဝင်မနောအကြည် ဓာတ်ကိုလည်း လွယ်ကူစွာပင် တွေ့ရှိနေမည် ဖြစ်သည်။ ယင်းဘဝင်မနောအကြည်ဓာတ်ကိုလည်း သိမ်းဆည်းထားပါ။

ဤသို့လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းဃာနအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်တည်းဟူသော အကြည်ဓာတ်နှစ်မျိုးတို့ကို ပူးတွဲ သိမ်းဆည်း၍ မိမိရှုပွားလိုသော ရုပ်ကလာပ်၌ အနံ့ကို အာရုံယူ၍ ရှုကြည့်ပါ။ အနံ့မှာ ဃာနဝိညေယျ = ဃာနဝိညာဏ်ဖြင့်လည်း သိနိုင်သောတရားဖြစ်၍ မနောဝိညေယျ= မနောဝိညာဏ်ဖြင့်လည်း သိနိုင်သော တရားတစ်မျိုး ဖြစ်၏၊ ဃာနဝိညာဏ်မှာ ဃာနအကြည်ဓာတ်ကို မှီ၍ ဖြစ်၏၊ မဟာကုသိုလ် မနောဒွါရိက ဝိပဿနာဇောဝီထိစိတ်အစဉ်ဟူသော မနောဝိညာဏ်မှာ ဘဝင်မနောအကြည်ဓာတ်ကို အစွဲပြု၍ ဟဒယဝတ္ထုကို မှီ၍ဖြစ်၏၊ ထိုကြောင့် အနံ့ကို ရှုရာ၌ ယခုကဲ့သို့ အခက်အခဲရှိသောအခါ ဆိုင်ရာအကြည်ဓာတ် နှစ်မျိုးတည်းဟူသော ဒွါရနှင့် အနံ့ဂန္ဓာရုံကို ပူးတွဲသိမ်းဆည်းလျက် ရှုခြင်းဖြစ်သည်။ ဂန္ဓာရုံကို စတင်သိမ်းဆည်းစ အာဒိကမ္မိကပုဂ္ဂိုလ် အတွက်သာ ဖြစ်သည်၊ အောင်မြင်မှု ရရှိသောအခါ ယင်းဂန္ဓာရုံကို မဟာကုသိုလ် မနောဒွါရိက ဝိပဿနာဇောဝီထိတည်း ဟူသော မနောဝိညာဏ်ဖြင့်လည်း ရှု၍ရနိုင်သည်သာ ဖြစ်သည်။ ဂန္ဓာရုံကို ဃာနဝိညာဏ်ဖြင့် အာရုံယူနေကျဖြစ်၍ ထိုသို့ ရှုခြင်း ဖြစ်သည်။ အောင်မြင်မှုရရှိလျှင်ကား ကောင်း၏၊ အောင်မြင်မှုကို မရရှိပါက မိမိရရှိထားပြီးသည့် သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ၊ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ကြိမ်ဖန်များစွာ သိမ်းဆည်းပါ။ ထိုနောင် အနံ့ဂန္ဓာရုံကို အထက်ပါနည်းအတိုင်း ဆက်ရှုပါ၊ အောင်မြင်မှုကို ရရှိ တတ်ပါသည်။ (၆)ဒွါရဝယ် ကြည်သည့်ရုပ်ကလာပ် မကြည်သည့်ရုပ်ကလာပ်တို့၌ ရှုကြည့်ပါ။

ရသ = အရသာ –– (၆)ဒွါရဝယ် ကြည်သည့်ရုပ်ကလာပ် မကြည်သည့်ရုပ်ကလာပ်တို့၌ တည်ရှိသော ရသာရုံကို ရှုရန်ဖြစ်သည်။ ယင်းရသာရုံမှာ ချို-ချဉ်-ငန်-စပ်-ဖန်-ခါးဟူသော အရသာခြောက်မျိုးလုံး ထိုက်သလို တည်ရှိနိုင်သည်။ ဇိဝှါဝိညာဏ်ဖြင့်သိနိုင်သော ဇိဝှါဝိညေယျတရားလည်း ဖြစ်သည်။ မနောဝိညာဏ်ဖြင့် သိနိုင်သော မနောဝိညေယျ တရားလည်း ဖြစ်၏၊ ရှေးဦးစွာ ရုပ်ကလာပ်တို့၌ ဓာတ်ကြီးလေးပါးနှင့်တကွ ဝဏ္ဏ-ဂန္ဓတို့ကို အောင်အောင်မြင်မြင် ရှုပြီးသောအခါ ယင်းရုပ်ကလာပ်တို့၌ တည်ရှိသော ရသာရုံကို ဆက်လက်၍ ရှုကြည့်ပါ။ မနောဝိညာဏ်ဖြင့်သာ ရှေးဦးစွာ ရှုကြည့်ပါ။ အခက်အခဲ ရှိပါက ဇိဝှါအကြည်ဓာတ် ဘဝင်မနောအကြည်ဓာတ်တို့ကို ပူးတွဲသိမ်းဆည်းလျက် လျှာ၌ ငြိကပ်နေသော တံတွေး၏ ရသာရုံကို လှမ်း၍ အာရုံယူကာ ရှုကြည့်ပါ။ အောင်မြင်မှုကို ရရှိတတ်ပါသည်။ သတ္တဝါတို့သည် ရသာရုံကို ဇိဝှါဝိညာဏ်ဖြင့် အာရုံယူနေကျ ဖြစ်၏၊ ဇိဝှါဝိညာဏ်၏ အကူအညီကို ယူ၍ ရှုက ပို၍ လွယ်ကူတတ်၏၊

ဘာဝနာအရှိန် အားကောင်းလာသောအခါ၌ကား ဤဝဏ္ဏ-ဂန္ဓ-ရသတို့မှာ မဟာကုသိုလ်မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်အစဉ်ဟူသော မနောဝိညာဏ်သက်သက်ဖြင့်လည်း သိနိုင်သော သိမ်းဆည်း၍ ရနိုင်သော တရားတို့သာ ဖြစ်ကြသည်။[မှတ်စု ၆]

ဘာဝနာအရှိန် အားမကောင်းခင်သာ ဃာနဝိညာဏ် ဇိဝှါဝိညာဏ်တို့၏ အကူအညီကို ယူ၍ သဘောပေါက် လျင်မြန်စေရန် ဂန္ဓ-ရသတို့ကို ထိုကဲ့သို့ ရှုခြင်း ဖြစ်သည်ဟု မှတ်သားပါလေ။

ဩဇာ = အဆီအစေး ဩဇာ –– ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော အဆီ-အစေး-ဩဇာအာဟာရဓာတ် ဖြစ်သည်။ ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, အာဟာရဇဩဇာဟု ဩဇာလေးမျိုး ရှိသည်။ ရုပ်ကလာပ်၏အတွင်းမှာသာ စိုက်ရှုပါ။ အဆီ-အနှစ်-ဩဇာကို တွေ့ရှိမည် ဖြစ်သည်။ မနောဝိညေယျတရားသာ ဖြစ်၏၊ ဩဇာဟု သိလောက်သော နောက်ထပ် အမှတ်အသားတစ်ခုမှာ ယင်းအဆီအစေးမှ ရုပ်ကလာပ်အမှုန်များ ထပ်ထပ်ထွက်နေသည့် အမှတ်အသားပင် ဖြစ်သည်။ ယောဂီအများစုကား ယင်းဩဇာကို ကြက်ဥအနှစ်ကဲ့သို့ ရုပ်ကလာပ်၏ အလယ်၌ တည်ရှိနေသော အနှစ်အဖြစ် တွေ့ရှိတတ်၏၊ ယင်းအနှစ်ဩဇာမှ ကလာပ်အမှုန်များ ထပ်၍ တိုးပွားလာသည်ကိုလည်း သတိပြုမိတတ်၏ (တိုးပွားလာပုံကို နောက်တွင် တွေ့ရှိရလတ္တံ့)။ (၆)ဒွါရလုံး၌ ရှုပါ။

ဇီဝိတ = ရုပ်သက်စောင့်ဓာတ်–– အသက်ရှင်နေသည့်သဘော, ကလာပ်တူကမ္မဇရုပ်တို့ကို စောင့်ရှောက်နေသည့် သဘာတရားဖြစ်သည်။ ကမ္မဇရုပ်ကလာပ်များ၌သာ တည်ရှိသည်။ ရှေ့ဦးစွာ ကြည်သည့်ရုပ်ကလာပ်၌ စတင်ရှုကြည့်ပါ၊ ရှာဖွေကြည့်ပါ။ ထိုကြည်သည့် ရုပ်ကလာပ်များမှာ ပသာဒရုပ် တစ်မျိုးမျိုးပါဝင်သော ရုပ်ကလာပ်တို့သာဖြစ်ရကား ကမ္မဇရုပ်ဧကန် ဖြစ်သဖြင့် ယင်းရုပ်ကလာပ်တိုင်း၌ ဇီဝိတသည် အမြဲတည်ရှိနေ၍ ကြည်သည့် ရုပ်ကလာပ်၌ တည်ရှိသော ဇီဝိတကို စတင်ရှုခြင်း ဖြစ်သည်။ ယောဂီသူတော်ကောင်းသည် ထိုဇီဝိတကို ကြည်သည့် ရုပ်ကလာပ် အတွင်း၌ စတင်ရှုသောအခါ အသက်ရှင်နေသည့်သဘောကို ရှေးဦးစွာ မြင်အောင်ရှုပါ။ ယောဂီအများစုကား လှုပ်ရှားမှု ရှိ၍ အသက်ဝင်နေသည့်သဘော အသက်ရှင်သန်နေသည့် သဘောတစ်ခုကို တွေ့ရှိတတ်၏၊ ထိုသို့ တွေ့ရှိသောအခါ ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်နေသည့်သဘောကိုပါ မြင်အောင် ဆက်ရှုပါ။ ထိုဇီဝိတမှာ အသက်ရှင်နေသည့် သဘော, ရုပ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော ကလာပ်တူ ကမ္မဇရုပ်တို့ကိုသာ စောင့်ရှောက်နေသည့် သဘောတရား ဖြစ်သဖြင့် ကလာပ်ပြားဖြစ်သော အခြားသော ရုပ်ကလာပ်တို့၌ တည်ရှိသော ကမ္မဇရုပ်တို့ကိုကား မစောင့်ရှောက်ဟု မှတ်ပါ။

ကြည်သည့်ရုပ်ကလာပ်တို့၌ ဇီဝိတကို ရှာဖွေတွေ့ရှိပါက ရှုလို့ရရှိပါက မကြည်သည့်ရုပ်ကလာပ်အချို့တို့၌ ဇီဝိတကို ဆက်လက်၍ ရှာဖွေကြည့်ပါ၊ ရှုကြည့်ပါ။ ထိုအချို့သော မကြည်သော ရုပ်ကလာပ်တို့ဟူသည်မှာ တစ်ကိုယ်လုံး၌ အနှံ့အပြားတည်ရှိသော ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ်နှင့် နှလုံးအိမ်အတွင်း၌ တည်ရှိသော ဟဒယဒသက ကလာပ်တို့ပင် ဖြစ်ကြသည်။ စိတ္တဇရုပ်ကလာပ် ဥတုဇရုပ်ကလာပ် အာဟာရဇရုပ်ကလာပ်တို့လည်း မကြည်ကြပေ၊ သို့သော် ယင်းရုပ်ကလာပ်တို့၌ ဇီဝိတကား မရှိပေ။ ဟဒယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝက ကလာပ်တို့လည်း မကြည်ကြပေ။ သို့သော် ယင်းရုပ်ကလာပ်တို့၌ ဇီဝိတကား ရှိနေ၏၊ ယင်းဇီဝိတကိုလည်း (၆)ဒွါရလုံးဝယ် ကြည်သည့် ရုပ်ကလာပ်နှင့် မကြည်သည့် ရုပ်ကလာပ်အချို့တို့၌ ရှုကြည့်ပါ။

ဘာဝရုပ် = အမျိုးသားဖြစ်ကြောင်းရုပ်-အမျိုးသမီးဖြစ်ကြောင်းရုပ် –– အမျိုးသားဟု သို့မဟုတ် အမျိုးသမီးဟု သိလောက်သော အမှတ်အသားတည်း၊ (၆)ဒွါရလုံး၌ အနှံ့အပြား တည်ရှိသော ရုပ်တည်း၊ မကြည်သည့် ရုပ်ကလာပ် အချို့တို့၌ တည်ရှိကြ၏၊ ကြည်သည့်ရုပ်ကလာပ်တို့၌ တည်ရှိသော ဇီဝိတကို သဘောပေါက်ပါက ရှု၍ ရရှိပါက မကြည်သည့် ရုပ်ကလာပ်တို့၌လည်း ဇီဝိတကို ရှာဖွေကြည့်ပါ၊ ရှုကြည့်ပါ။ အကယ်၍ မကြည်သည့် ရုပ်ကလာပ်တို့၌ ဇီဝိတကို ရှာဖွေ၍ မတွေ့ရှိပါက ဘာဝရုပ်ကို ဆက်လက်၍ မရှာဖွေပါနှင့်။ ဇီဝိတမရှိက ဘာဝရုပ် မရှိနိုင်သောကြောင့် ဖြစ်၏၊ အကယ်၍ မကြည်သည့် ရုပ်ကလာပ်တို့၌ ဇီဝိတကိုရှာဖွေတွေ့ရှိပါက ယင်းရုပ်ကလာပ်၌ ဘာဝရုပ်ကို ဆက်လက် ရှာဖွေကြည့်ပါ။ သို့သော် ယင်းရုပ်ကလာပ်မှာ ဇီဝိတနဝကကလာပ် ဖြစ်ပါက ဇီဝိတသာရှိ၍ ဘာဝရုပ် မရှိနိုင်ပေ။ အကယ်၍ ယင်းရုပ်ကလာပ်သည် ဘာဝဒသကကလာပ်ဖြစ်မူ ဇီဝိတလည်းရှိ၍ ဘာဝရုပ်လည်း ရှိနေပေသည်။ ဇီဝိတမရှိသည့် ရုပ်ကလာပ်၌ကား ဘာဝရုပ်လည်း မရှိနိုင်ပေ၊ ဇီဝိတရှိပါမှသာလျှင် ဘာဝရုပ်လည်း ရှိနိုင်ပေသည်။ ဘာဝရုပ်ကား ဧကန် ကမ္မဇရုပ် ဖြစ်၏၊ ဇီဝိတသည်လည်း ကလာပ်တူ ကမ္မဇရုပ်တိုင်းကို စောင့်ရှောက်လျက် ရှိ၏၊ ထို့ကြောင့် ဇီဝိတရှိရာ ရုပ်ကလာပ်၌သာ ဘာဝရုပ်ကို ဆက်လက်၍ ရှုကြည့်ပါ။ ဇီဝိတနဝကကလာပ် (ဟဒယ ဒသကကလာပ်) မဟုတ်ဘဲ ဘာဝဒသကကလာပ်သာ ဖြစ်ခဲ့လျှင် ဘာဝရုပ်ကို တွေ့ရှိမည်ဖြစ်သည်။ အမျိုးသား ယောဂီသည် အမျိုးသားဖြစ်ကြောင်း ပုရိသဘာဝရုပ်ကို ရှုပါ။ အမျိုးသမီးယောဂီသည် အမျိုးသမီးဖြစ်ကြောင်း ဣတ္ထိဘာဝရုပ်ကို ရှုပါ။ အမျိုးသား၌ ပုရိသဘာဝရုပ်, အမျိုးသမီး၌ ဣတ္ထိဘာဝရုပ် တစ်မျိုးစီသာ တည်ရှိ၏၊ ပုရိသဘာဝရုပ်ဟူသည် ဤသူကား ယောက်ျားဟု သိကြောင်း အမှတ်အသား ဖြစ်သည်။ ဣတ္ထိဘာဝရုပ်ဟူသည် ဤသူကား အမျိုးသမီးဟု သိကြောင်း အမှတ်အသား ဖြစ်သည်။ တွေ့ရှိပါက (၆)ဒွါရလုံး၌ လှည့်လည်၍ ရှုပါ။ ယင်းဘာဝရုပ်သည် (၆)ဒွါရလုံး၌ ဘာဝဒသကကလာပ်အနေဖြင့် တည်ရှိသည်။

ရုပ်လောကဝယ် ယောဂီအများစု၌ အရှုရခက်သော ရုပ်တရားတို့မှာ ဩဇာ, ဇီဝိတ, ဘာဝရုပ်တို့ပင် ဖြစ်ကြသည်။ ဤရုပ်သုံးမျိုးနှင့်တကွ အထက်တွင် တင်ပြခဲ့သော ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ စသော ရုပ်တရားတို့ကို (၆)ဒွါရ၌ တည်ရှိသော ကြည်သည့် ရုပ်ကလာပ်၌ (၁၀)မျိုး, မကြည်သည့် ရုပ်ကလာပ်၌လည်း (၈)မျိုး (၉)မျိုး (၁၀)မျိုး စသည်အားဖြင့် ခွဲခြားစိတ်ဖြာ၍ သိမ်းဆည်းတတ်ပါက ရုပ်ကမ္မဋ္ဌာန်းဇယားများတွင် ရေးသား တင်ပြထားသည့်အတိုင်း ရုပ်တရားတို့ကို ကုန်စင်အောင် သိမ်းဆည်းပါ။

  1. ဣမေ စတ္တာရော မဟာဘူတေ ပရိဂ္ဂဏှန္တဿ ဥပါဒါရူပံ ပါကဋံ ဟောတိ။ မဟာဘူတံ နာမ ဥပါဒါရူပေန ပရိစ္ဆိန္နံ၊ ဥပါဒါရူပံ မဟာဘူတေန။ ယထာ အာတပေါ နာမ ဆာယာယ ပရိစ္ဆိန္နော၊ ဆာယာ အာတပေန။ ဧဝမေဝ မဟာဘူတံ ဥပါဒါရူပေန ပရိစ္ဆိန္နံ၊ ဥပါဒါရူပံ မဟာဘူတေန။ (အဘိ၊ဋ္ဌ၊၂၊၂၄၁။)
  2. မဟာဘူတံ ဥပါဒါရူပေန ပရိစ္ဆိန္နံ “နီလံ ပီတံ သုဂန္ဓံ ဒုဂ္ဂန္ဓ”န္တိအာဒိနာ။ ဥပါဒါရူပံ မဟာဘူတေန တန္နိဿိတဿ တဿ တတော ဗဟိ အဘာဝါ။ ဆာယာတပါနံ အာတပပစ္စယဆာယုပ္ပါဒကဘာဝေါ အညမညပရိစ္ဆေဒကတာ။ (မူလဋီ၊၂၊၁၅၄။)
  3. “နီလံ ပီတ”န္တိအာဒိနာ သင်္ဃာဋေ နီလာဒိဝဝတ္ထာနံ တံနိဿယတ္တာ မဟာဘူတေ ဥပါဒါယာတိ အာဟ “မဟာဘူတံ။ ပ။ ဒုဂ္ဂန္ဓန္တိအာဒိနာ”တိ။ ဥပါဒါယရူပံ မဟာဘူတေန ပရိစ္ဆိန္နန္တိ ယောဇနာ။ တဿာတိ ဥပါဒါရူပဿ။ တတောတိ မဟာဘူတတော။ ဆာယာယ အာတပပစ္စယဘာဝေါ အာတပေါ ပစ္စယော ဧတိဿာတိ, အာတပဿ ဆာယာယ ဥပ္ပါဒကဘာဝေါ ဆာယာတပါနံ အာတပပစ္စယဆာယုပ္ပါဒကဘာဝေါ။ တေန ဥပ္ပါဒေတဗ္ဗဥပ္ပါဒကဘာဝေါ အညမညပရိစ္ဆေဒကတာတိ ဒေဿတိ။ (အနုဋီ၊၂၊၁၅၆၊၊)
  4. မဟာဘူတံ ဥပါဒါရူပေန ပရိစ္ဆိန္နံ “နီလံ ပီတံ သုဂန္ဓံ ဒုဂ္ဂန္ဓ”န္တိအာဒိနာ။ ဥပါဒါရူပံ မဟာဘူတေန တန္နိဿိတဿ တဿ တတော ဗဟိ အဘာဝါ။ ဆာယာတပါနံ အာတပပစ္စယဆာယုပ္ပါဒကဘာဝေါ အညမညပရိစ္ဆေဒကတာ။ (မူလဋီ၊၂၊၁၅၄။)
  5. “နီလံ ပီတ”န္တိအာဒိနာ သင်္ဃာဋေ နီလာဒိဝဝတ္ထာနံ တံနိဿယတ္တာ မဟာဘူတေ ဥပါဒါယာတိ အာဟ “မဟာဘူတံ။ ပ။ ဒုဂ္ဂန္ဓန္တိအာဒိနာ”တိ။ ဥပါဒါယရူပံ မဟာဘူတေန ပရိစ္ဆိန္နန္တိ ယောဇနာ။ တဿာတိ ဥပါဒါရူပဿ။ တတောတိ မဟာဘူတတော။ ဆာယာယ အာတပပစ္စယဘာဝေါ အာတပေါ ပစ္စယော ဧတိဿာတိ, အာတပဿ ဆာယာယ ဥပ္ပါဒကဘာဝေါ ဆာယာတပါနံ အာတပပစ္စယဆာယုပ္ပါဒကဘာဝေါ။ တေန ဥပ္ပါဒေတဗ္ဗဥပ္ပါဒကဘာဝေါ အညမညပရိစ္ဆေဒကတာတိ ဒေဿတိ။ (အနုဋီ၊၂၊၁၅၆၊၊)
  6. သဗ္ဗောပိ ပနေသ ပဘေဒေါ မနောဒွါရိကဇဝနေယေဝ လဗ္ဘတိ။ (အဘိ၊ဋ္ဌ၊၂၊၃၈၈။)