နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်း

ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်း

ဤတိုင်အောင် တင်ပြခဲ့သော (၆)ဒွါရ၌ တည်ရှိသော စတုသမုဋ္ဌာနိက (= ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရားလေးပါးကြောင့် ထင်ရှားဖြစ်ပေါ်လာရသော) ရုပ်တရားတို့ကို ရှုခြင်းသည်ကား ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းတည်း။ ထိုမှ တစ်ဆင့် တက်၍ ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်းကို ရှုနိုင်ပါသည်။ ဓာတ်ကမ္မဋ္ဌာန်း အကျယ် ရှုပွားနည်း၌ ..

၁။ ပထဝီကောဋ္ဌာသ –၂၀
၂။ အာပေါကောဋ္ဌာသ –၁၂
၃။ တေဇောကောဋ္ဌာသ –၄
၄။ ဝါယောကောဋ္ဌာသ –၆
အားလုံးပေါင်းသော် –၄၂ - ကောဋ္ဌာသ

ဤသို့လျှင် (၄၂)ကောဋ္ဌာသ လာရှိပေသည်။ ထိုတွင် ပထဝီကောဋ္ဌာသ (၂၀), အာပေါကောဋ္ဌာသ (၁၂)မျိုး၊ ပေါင်း (၃၂)ကောဋ္ဌာသတို့ကို ရုပ်အရေအတွက်နှင့်တကွ သမထကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့ပြီးလေပြီ။ ယင်းကောဋ္ဌာသ တစ်ခုစီတစ်ခုစီ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ ရုပ်ကလာပ်များကို တွေ့မြင်ရသောအခါ အထက်ပါ ကာယဒွါရ၌ တင်ပြထားသော ဇယားကို နည်းမှီ၍ ရသင့်သမျှ ရုပ်တရားတို့ကို သိမ်းဆည်း ရှုပွားပါ။ ထိုတွင် ..

၁။ ချွေး-မျက်ရည်-တံတွေး-နှပ် - ဤကောဋ္ဌာသ (၄)မျိုးတို့၌ စိတ္တဇဩဇဋ္ဌမကရုပ် (၈) + ဥတုဇဩဇဋ္ဌမကရုပ် (၈) - နှစ်ရပ်ပေါင်းသော် (၁၆)မျိုး (၁၆)မျိုးစီသော ရုပ်တရားတို့ ရှိကြ၏၊ စိတ်ကြောင့်လည်း ဖြစ်၏၊ ဥတုကြောင့်လည်း ဖြစ်၏၊

၂။ အစာသစ်-အစာဟောင်း-ပြည်-ကျင်ငယ် - ဤကောဋ္ဌာသ (၄)မျိုးတို့၌ ဥတုကြောင့်ဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ် (၈)မျိုး (၈)မျိုးစီသာ ရှိ၏၊

၃။ ကြွင်းသော ကောဋ္ဌာသ (၂၄)မျိုးတို့၌ကား ကာယဒွါရ၌ တင်ပြထားသည့်အတိုင်း ကောဋ္ဌာသတစ်ခုတစ်ခု၌ (၅၃)မျိုး (၅၃)မျိုးစီသော ရုပ်တရားတို့ ရှိကြ၏၊ မြင်အောင်ရှုပါ။ သည်းခြေကို ရှုရာ၌ ဗဒ္ဓသည်းခြေ = အိမ်သည်းခြေ, အဗဒ္ဓသည်းခြေ = အရည်သည်းခြေ နှစ်မျိုးခွဲ၍ ရှုပါ။ သွေးကောဋ္ဌာသ၌လည်း သန္နိစိတလောဟိတ = နှလုံး အသည်း စသည်တို့၏ ပတ်ဝန်းကျင်၌ မလည်ပတ်ဘဲ ငြိမ်သက်စွာ စုဝေးတည်နေသော သွေး, သံသရဏလောဟိတ = အကြောအတွင်းမှ တစ်ကိုယ်လုံးသို့ အနှံ့အပြား လည်ပတ်သွားလာနေသော သွေး - ဤသွေးနှစ်မျိုးလုံး၌ (၅၃)မျိုးသော ရုပ်တရားတို့ကို သိမ်းဆည်းရှုပွားပါ။

တေဇောဓာတ် လွန်ကဲသော တေဇောကောဋ္ဌာသ (၄) မျိုး[မှတ်စု ၁]

၁။ သန္တပ္ပနတေဇော= တစ်ရက်ချန်ဖျားခြင်း စသည်ဖြင့် ပြင်းစွာပူလောင်သော တေဇော = ၃၃
၂။ ဍာဟတေဇော= အလွန့်အလွန် ပြင်းထန်စွာ ထက်ဝန်းကျင် ပူလောင်သော တေဇော = ၃၃
၃။ ဇီရဏတေဇော = အိုစေ, ရင့်ကျက်စေ, ဆွေးမြည့်စေသော ပူလောင်သော တေဇော = ၃၃
၄။ ပါစကတေဇော = အစာကိုကြေကျက်စေသော ပူလောင်သော တေဇော (ဇီဝိတနဝကကလာပ်) = ၉

ဤ၌ (၃၃)မျိုးသော ရုပ်တရားတို့ဟူသည်မှာ –

၁။ ဇီဝိတနဝကကလာပ် (ကမ္မဇ) = ၉
၂။ စိတ္တဇဩဇဋ္ဌမကကလာပ် = ၈
၃။ ဥတုဇဩဇဋ္ဌမကကလာပ် = ၈
၄။ အာဟာရဇဩဇဋ္ဌမကကလာပ် = ၈
အားလုံးပေါင်းသော် = ၃၃ - ဖြစ်သည်။

ဝါယောဓာတ်လွန်ကဲသော ဝါယောကောဋ္ဌာသ (၆) မျိုး

၁။ ဥဒ္ဓင်္ဂမ-ဝါတာ = အထက်သို့ ဆန်တက်သောလေ = ၃၃
၂။ အဓောဂမ-ဝါတာ = အောက်သို့ စုန်ဆင်းသောလေ = ၃၃
၃။ ကုစ္ဆိသယ-ဝါတာ = ဝမ်းဗိုက်အတွင်း အူ၏ အပြင်ဘက်၌ တည်ရှိသောလေ = ၃၃
၄။ ကောဋ္ဌာသယ-ဝါတာ = အူအတွင်း၌ တည်ရှိသောလေ = ၃၃
၅။ အင်္ဂမင်္ဂါနုသာရိနော-ဝါတာ = ကိုယ်အင်္ဂါကြီးငယ်သို့ အစဉ်လျှောက်သော အကြောအတွင်း၌ တည်ရှိသောလေ = ၃၃
၆။ အဿာသပဿာသော-ဝါတာ= ဝင်သက်လေ-ထွက်သက်လေ = ၉

ဤ၌ (၃၃) ဟူသည်မှာ ဇီဝိတနဝကကလာပ် (= ၉) + စိတ္တဇဩဇဋ္ဌမကကလာပ် (= ၈) + ဥတုဇဩဇဋ္ဌမက ကလာပ် (= ၈) + အာဟာရဇဩဇဋ္ဌမကကလာပ် (= ၈) = ၃၃ ဖြစ်သည်။ ထိုတွင် ဇီဝိတနဝကကလာပ်မှာ ကမ္မဇရုပ်ကလာပ်ဖြစ်သည်။

ထို ဝါယောဓာတ် လွန်ကဲသော ဝါယောကောဋ္ဌာသ (၆)မျိုးလုံး၌ပင် ရှေးဦးစွာ မိမိရှုပွားလိုသော ဝါယော ကောဋ္ဌာသ (= လေ)ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ။ ဥပမာ - အထက်သို့ ဆန်တက်သော လေကို ရှုလိုပါက အူ၏အတွင်းစသည့် ထိုထိုအရပ်၌ တည်ရှိသော အထက်သို့ ဆန်တက်လာသော လေကို ရှေးဦးစွာ မြင်အောင် ကြည့်ပါ။ မမြင်နိုင်ဖြစ်နေပါက မိမိရရှိထားပြီးသည့် သမာဓိကို အဆင့်ဆင့် ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ ယင်းလေကို တစ်ဖန်ပြန်၍ ရှုကြည့်ပါ။ အောင်မြင်မှု ရနိုင်ပါသည်။ ယင်းလေကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ ယင်းလေ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို (ဝါယောဓာတ် လွန်ကဲနေသော ဓာတ်ကြီးလေးပါးကို) ဉာဏ်ဖြင့် မြင်အောင်ရှုပါ။ ယင်းသို့ ရှုလိုက်သောအခါ ဓာတ်ကြီးလေးပါးကိုလည်း ဉာဏ်ဖြင့် တွေ့မြင်ပါက မကြာမီ အချိန်ကာလအတွင်းမှာပင် သမာဓိအရှိန်တက်လာသောအခါ ယင်းလေ၌ တည်ရှိသော ရုပ်ကလာပ်တို့ကို တွေ့မြင် နိုင်ပေသည်။ ယင်းရုပ်ကလာပ်တို့ကို ဓာတ်ခွဲပါက အထက်တွင် ရေးသားတင်ပြထားသော ရုပ်သဘောတရား (၃၃)မျိုးကို တွေ့ရှိနိုင်ပေသည်။ ယင်းပရမတ် ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

အဿာသပဿာသ – ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၂]၏ ဖွင့်ဆိုချက်အရ အဿာသ-ပဿာသ = ဝင်သက်လေထွက်သက်လေဟူသည်ကား စိတ္တဇသဒ္ဒနဝကကလာပ်တို့၏ (= စိတ္တဇသဒ္ဒနဝကရုပ်တို့၏) အပေါင်းအစုမျှသာတည်း။ ဘဝင်မနောအကြည်ကို သိမ်းဆည်း၍ ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော အိမ်ရှင်ဘဝင်စိတ်နှင့် (မနောဓာတ်) မနောဝိညာဏဓာတ် အမည်ရသော အခြားအခြားသော စိတ်အသီးအသီးကြောင့် ယင်းဝင်သက်လေ-ထွက်သက်လေ ဖြစ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုပါ။ ယင်းလေကိုလည်း ဉာဏ်ဖြင့် တွေ့မြင်သောအခါ ယင်းလေ၌ တည်ရှိသော ဓာတ်လေးပါးကို မြင်အောင် ဆက်ရှုပါ။ သမာဓိအဆင့်မီလာသောအခါ ရုပ်ကလာပ်အမှုန်များကို စတင် တွေ့ရှိနိုင် ပေသည်။ ရုပ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော ပထဝီဓာတ်နှင့် အခြားရုပ်ကလာပ် တစ်ခုအတွင်း၌ တည်ရှိသော ပထဝီဓာတ်တို့ ယင်းစိတ္တဇဝါယောဓာတ်၏ စွမ်းအင်ကြောင့် ပွတ်ချုပ်ထိခိုက်လျက် ဖြစ်ပေါ်လာခြင်းကြောင့်, သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော မဟာဘုတ်တို့နှင့် အခြားသော ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော မဟာဘုတ်တို့သည် ယင်းစိတ္တဇဝါယောဓာတ်၏ စွမ်းအင်ကြောင့် မဟာဘုတ်အချင်းချင်း အလွန် နီးကပ်စွာ ပွတ်ချုပ် ထိခိုက်လျက် ဖြစ်ပေါ်လာခြင်းကြောင့် အသံသဒ္ဒရုပ်လည်း ပါဝင်နေရကား စိတ္တဇသဒ္ဒနဝကကလာပ်ရုပ်တို့ ဖြစ်ကြသည်။ ယင်းရုပ်တရားတို့မှာ ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော စိတ်တို့ကြောင့် ဖြစ်ပေါ်တည်နေကြရ၏၊ ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုပါ။ (လဟုတာ-မုဒုတာ-ကမ္မညတာ ရုပ်တို့လည်း အသက်ရှူ၍ ကောင်းသောအခါ ပါဝင်နိုင်၏၊ သဒ္ဒလဟုတာဒိဒွါဒသက ကလာပ်တို့တည်း၊၊)

ဝါယောကောဋ္ဌာသ (၆)မျိုးလုံး၌ပင် ရှေးဦးစွာ လေကို မြင်အောင် ရှုပါ။ ထိုနောင် ယင်းလေ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့မြင်သောအခါ အထက်ပါအတိုင်း ရုပ်တရား တို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းပါ။

ကမ္မဇ ရုပ်ကလာပ် (၉) စည်း

အထက်ပါ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်ကလာပ် အမျိုးအစားတို့တွင် သဘောတူရာ စုပေါင်း၍ ရေတွက်သော် ရုပ်ကလာပ်အမျိုးအစားအားဖြင့် ကမ္မဇကလာပ်, စိတ္တဇကလာပ်, ဥတုဇကလာပ်, အာဟာရဇကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၄)မျိုး ရှိ၏၊ ထိုတွင် ကံကြောင့် ဖြစ်သော ကမ္မဇရုပ်ကလာပ်မှာ (၉)စည်း ရှိပေသည်။

၁။ စက္ခုဒသက ကလာပ်၊
၂။ သောတဒသက ကလာပ်၊
၃။ ဃာနဒသက ကလာပ်၊
၄။ ဇိဝှါဒသက ကလာပ်၊
၅။ ကာယဒသက ကလာပ်၊
၆။ ဣတ္ထိဘာဝဒသက ကလာပ်၊
၇။ ပုမ္ဘာဝဒသက ကလာပ်၊
၈။ ဟဒယဒသက ကလာပ်၊
၉။ ဇီဝိတနဝက ကလာပ်၊

အားလုံးပေါင်းသော် ကမ္မဇရုပ်ကလာပ် (၉)စည်း ဖြစ်သည်။ ယင်း ကမ္မဇရုပ်တို့သည် ပစ္စုပ္ပန်ကမ္မဇရုပ်ဖြစ်မူ အတိတ်ဘဝတစ်ခုခုတွင် ပြုစုပျိုးထောင်ခဲ့သော ကံကြောင့် ဖြစ်၏၊ အတိတ်ကမ္မဇရုပ်ဖြစ်မူ ယင်းအတိတ်၏ ရှေးဖြစ်သော အတိတ်က ပြုစုပျိုးထောင်ခဲ့သော ကံကြောင့်ဖြစ်၏၊ အနာဂတ်ကမ္မဇရုပ်ဖြစ်မူ အတိတ်ဘဝတစ်ခုခုက ပြုစုပျိုးထောင်ခဲ့သော အပရာပရိယဝေဒနီယကံ သို့မဟုတ် ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော ဥပပဇ္ဇဝေဒနီယ အမည်ရသော ကံကြောင့်ဖြစ်၏၊ ထိုကံသည် မည်သည့်ကံမျိုး ဖြစ်သည်ကို ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းသို့ ရောက်ရှိသော အခါမှ သဘောကျနိုင်မည်၊ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်နိုင်မည်၊ ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းနှင့် သက်ဆိုင်ပေသည်။ ဤအချိန်တွင်မူ ကံကြောင့်ဖြစ်သည့် ကမ္မဇရုပ်များ ဖြစ်ကြသည်ဟူ၍သာ ယာယီအားဖြင့် လက်ခံထားပါဦး။ တစ်ဖန် ဤတိုင်အောင် ရေးသားတင်ပြခဲ့သော (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကား ရုပ်အတုတို့နှင့် မရောနှောသော ရုပ်အစစ်တို့သာတည်း။ လက္ခဏာယာဉ် သုံးချက်တင်ကာ ဝိပဿနာ ရှုကောင်းသော ရုပ်တရားတို့သာတည်း။ တစ်ဖန် ရုပ်အတုများနှင့် ရောနှော၍ ဖြစ်သော စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်များလည်း ရှိကြ၏၊ ရုပ်အစစ်သက်သက်သာ ဖြစ်သော ရုပ်ကလာပ်တို့နှင့် ရုပ်အတုများ ရောနှော၍ နေသော ရုပ်ကလာပ်တို့ကို စုပေါင်း၍ တင်ပြပေအံ့ ..။

စိတ္တဇ ရုပ်ကလာပ် (၈) စည်း

၁။ စိတ္တဇ-သုဒ္ဓဋ္ဌက ကလာပ် = သက်သက်သော စိတ္တဇအဋ္ဌကလာပ်၊
၂။ ကာယဝိညတ္တိနဝက ကလာပ် = ကာယဝိညတ်လျှင် (၉)ခုမြောက်ရှိသော ရုပ်ကလာပ်၊
၃။ လဟုတာဒေကဒသက ကလာပ် = လဟုတာစသည်လျှင် (၁၁)ခုမြောက်ရှိသော ရုပ်ကလာပ်၊ (၈+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၁။)
၄။ ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ် = ကာယဝိညတ်-လဟုတာ စသည်လျှင် (၁၂)ခုမြောက်ရှိသော ရုပ်ကလာပ်၊ (၈+ကာယဝိညတ်+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၂။)
၅။ ဝစီဝိညတ္တိဒသက ကလာပ် = ဝစီဝိညတ်-အသံလျှင် (၁၀)ခုမြောက်ရှိသော ရုပ်ကလာပ်၊ (၈+ဝစီဝိညတ်+အသံ = ၁၀။)
၆။ ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသက ကလာပ် = ဝစီဝိညတ်-အသံ-လဟုတာ စသည်လျှင် (၁၃)ခုမြောက်ရှိသော ရုပ်ကလာပ်၊ (၈+ဝစီဝိညတ်+အသံ+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၃။)
၇။ အဿာသပဿာသ-စိတ္တဇသဒ္ဒနဝက ကလာပ် = (ဝင်သက်လေ-ထွက်သက်လေ) စိတ်ကြောင့်ဖြစ်သော အသံလျှင် (၉)ခုမြောက်ရှိသော ရုပ်ကလာပ်၊ (၈+အသံ = ၉။)
၈။ အဿာသပဿာသ-စိတ္တဇသဒ္ဒလဟုတာဒိဒွါဒသကကလာပ် = (ဝင်သက်လေ-ထွက်သက်လေ) စိတ်ကြောင့် ဖြစ်သော အသံ-လဟုတာ စသည်လျှင် (၁၂)ခုမြောက်ရှိသော ရုပ်ကလာပ်၊
(၈+အသံ+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၂။)

၁။ စိတ္တဇ သုဒ္ဓဋ္ဌက ကလာပ်–– အမှတ် (၁)အဖြစ် သတ်မှတ်ထားသော ဤရုပ်ကလာပ်ကား (၆)ဒွါရနှင့် (၄၂)ကောဋ္ဌာသတို့တွင် အချို့အချို့သော ကောဋ္ဌာသတို့၌ တည်ရှိသော ဩဇာလျှင် (၈)ခုမြောက်ရှိသော စိတ္တဇဩဇဋ္ဌမကကလာပ် ဖြစ်သည်။ ယင်းရုပ်ကလာပ်အတွင်း၌ တည်ရှိသော ရုပ်တရားတို့ကား ရုပ်အစစ်တို့တည်း၊ ဝိပဿနာ ရှုကောင်း၏၊ ရှုကွက် ထင်ရှားပြီ။

၂။ ကာယဝိညတ္တိနဝက ကလာပ်– ဘဝင်မနောအကြည်၌ ဘာဝနာစိတ်ကို စိုက်ထား၍ တစ်နည်း - ဘဝင် မနောအကြည်ကို သိမ်းဆည်း၍ လက်ညှိုး တစ်ချောင်းကို ကွေးဆန့်ကြည့်ပါ။ ကွေးချင်ဆန့်ချင်သောစိတ် ကွေးနေ ဆန့်နေသော စိတ်တို့ကြောင့် စိတ္တဇရုပ်ကလာပ်တို့ လက်ညှိုးသို့တိုင်အောင် ပျံ့နှံ့သွားသည်ကို လက်ညှိုးသို့တိုင်အောင် လိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်သည်။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ရုပ်သဘောတရား (၈)မျိုးစီ ရှိ၏၊ ကွေးသည့်အမူအရာ ဆန့်သည့်အမူအရာ ဟူသော ကာယဝိညတ်နှင့် ပေါင်းသော် (၉)မျိုး ဖြစ်သည်။

၃။ လဟုတာဒေကဒသက ကလာပ်– ရံခါ စိတ္တဇဩဇဋ္ဌမကရုပ်တို့ကို ရှုရာ၌ ယင်းရုပ်တို့၏ ပေါ့မှုသဘော, နူးညံ့မှုသဘော, (ကွေးခြင်း ဆန့်ခြင်း စသော) ထိုထိုအမှု၌ ခံ့ညားမှုသဘော (= ကွေးလို့ ဆန့်လို့ လွယ်လွယ်ကူကူ သွက်သွက်လက်လက် ရနိုင်မှုသဘော) - ဤသဘောတရားများသည် ထင်ရှားနေတတ်၏၊ ထိုအခါ ယင်းရုပ်အတုတို့ကိုပါ ရောနှော၍ သိမ်းဆည်းပါ။

၄။ ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ် – အမှတ် (၂) ကာယဝိညတ္တိနဝကကလာပ်၌ တင်ပြထားသည့် ရှုကွက်အတိုင်း ရှုပါ။ အမှတ် (၂) ကာယဝိညတ္တိနဝကကလာပ်၌ လဟုတာ+မုဒုတာ+ကမ္မညတာဟူသော ရုပ်အတုတို့ မပါဝင်ကြပေ။ ဤကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ်၌ကား ယင်းရုပ်အတု သုံးမျိုးတို့ပါ ပါဝင်ကြ၏၊ ကွေးခြင်း ဆန့်ခြင်း စသော ထိုထို ကိုယ်အမူအရာကို ပြုလုပ်ရာ၌ ပေါ့ပေါ့ပါးပါး လျင်လျင်မြန်မြန် သွက်သွက်လက်လက် ပြုလုပ်နိုင်ပါက ယင်းရုပ်အတု သုံးမျိုးတို့ ပါဝင်၍ လေးလံ ထိုင်းမှိုင်းနေပါက ယင်းသုံးမျိုးတို့ မပါဝင်ကြပေ။ ဉာဏ်ဖြင့် မြင်အောင် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။[မှတ်စု ၃]

၅။ ဝစီဝိညတ္တိဒသက ကလာပ်– က-ခ စသော အက္ခရာများကို တစ်လုံးစီ ရွတ်ဆိုကြည့်ပါ။ ဘဝင်မနောအကြည် = မနောဒွါရကို သိမ်းဆည်းထားပါ။ ထိုနောက် က-ခ စသည်ဖြင့် ရွတ်ဆိုလိုသောစိတ် ရွတ်ဆိုနေသောစိတ်များကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပါ။ ယင်းစိတ်များကြောင့် စိတ္တဇရုပ်ကလာပ်အမှုန်များသည် လည်ချောင်းစသော ထိုထိုအသံဖြစ်ရာ အရပ်ဌာနသို့ တိုင်အောင် ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် ပျံ့နှံ့သွားပုံကိုလည်းကောင်း, ယင်း စိတ္တဇရုပ်ကလာပ်တွင် ပါဝင်သော ပထဝီဓာတ် (= ပထဝီဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော မဟာဘုတ်)နှင့် အသံဖြစ်ရာဌာန၌ တည်ရှိသော ကမ္မဇရုပ်ကလာပ်များတွင် ပါဝင်သော ပထဝီဓာတ်တို့၏ (= ပထဝီဓာတ်၏ သဘာဝ- သတ္တိစွမ်းအင် လွန်ကဲသော မဟာဘုတ်တို့၏) ပထဝီဓာတ်အချင်းချင်း (= မဟာဘုတ်အချင်းချင်း) ရိုက်ခတ်သဖြင့် (= ပွတ်ချုပ်ထိခိုက်သဖြင့်) အသံဖြစ်ပေါ်လာပုံကိုလည်းကောင်း, ပြောဆိုသည့် ရွတ်ဆိုသည့် ဝစီဝိညတ် နှုတ်အမူအရာကိုလည်းကောင်း ကွဲပြားအောင် ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ ရှုပါ။

၆။ ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသက ကလာပ်– ဤရုပ်ကလာပ်ကိုလည်း အထက်ပါအတိုင်းပင် ရှုပါ။ ထိုသို့ပြောဆိုရာ ရွတ်ဆိုရာ၌ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် ရှိ၍ ရွတ်ဆို၍ အချိုးကျ အဆင်ပြေလျှင် လဟုတာ မုဒုတာ ကမ္မညတာရုပ်တို့ ပါဝင်သည်။ ဤမျှသာ ထူးသည်။ ဤအမှတ် (၅-၆) ရုပ်ကလာပ်တို့ကား စကားပြောဆိုစဉ် ရှုရမည့် သမ္ပဇဉ်ပိုင်းရှုကွက်အတွက် ပြဓာန်းသော ရုပ်တရားတို့တည်း။

၇။ အဿာသပဿာသ-စိတ္တဇသဒ္ဒနဝက ကလာပ်၊

၈။ အဿာသပဿာသ-စိတ္တဇသဒ္ဒလဟုတာဒိဒွါဒသက ကလာပ်၊

စိတ္တဇရုပ်ကလာပ်များကို (၆)စည်းအဖြစ်ဖြင့် လက်ခံထားသော်လည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၄]၌ အဿာသပဿာသ-စိတ္တဇသဒ္ဒနဝက ရုပ်ကလာပ်ရှိကြောင်းကို ဖွင့်ဆိုထား၏၊ ဝိဘင်းပါဠိတော်ကြီး[မှတ်စု ၅]နှင့် အညီ ဖွင့်ဆိုခြင်းသာ ဖြစ်၏၊ ယင်း ဝင်သက်လေ-ထွက်သက်လေ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် မြင်အောင် သိမ်းဆည်းပါ။ သမာဓိစွမ်းအင် အားကောင်းသည်နှင့်အမျှ ရုပ်ကလာပ်များကို စတင်တွေ့ရှိနိုင်၏၊ ရုပ်ကလာပ် တစ်ခုတစ်ခု၌ အသံနှင့် ပေါင်းသော် (၉)မျိုး ရှိ၏၊ ရံခါ အသက်ရှူ ရသည်မှာ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် သိမ်သိမ်မွေ့မွေ့ဖြင့် ရှူ ၍ သိပ်ကောင်းနေပါက သိပ်အချိုးကျနေပါက လဟုတာ မုဒုတာ ကမ္မညတာတို့လည်း ပါဝင်လာ၏၊ အဿာသပဿာသစိတ္တဇသဒ္ဒလဟုတာဒိဒွါဒသက ကလာပ် ဖြစ်၏၊

ဥတုဇ ရုပ်ကလာပ် (၄) စည်း

၁။ ဥတုဇ-သုဒ္ဓဋ္ဌက ကလာပ် = ဥတုကြောင့်ဖြစ်သော သက်သက်သော ဩဇာလျှင် (၈)ခုမြောက်ရှိသော ရုပ်ကလာပ်။ (ရုပ်အစစ်တည်း။)
၂။ ဥတုဇ-သဒ္ဒနဝက ကလာပ် = ဥတုကြောင့်ဖြစ်သော အသံလျှင် (၉)ခု မြောက်ရှိသော ရုပ်ကလာပ်၊ (၈+အသံ = ၉။) (ရုပ်အစစ်တည်း။)
၃။ လဟုတာဒေကဒသက ကလာပ် = လဟုတာစသည်လျှင် (၁၁)ခု မြောက်ရှိသော ရုပ်ကလာပ်၊ (၈+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၁။)
၄။ သဒ္ဒလဟုတာဒိဒွါဒသက ကလာပ် = အသံ-လဟုတာစသည်လျှင် (၁၂)ခုမြောက်ရှိသော ရုပ်ကလာပ်၊ (၈+အသံ+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၂။)

ဤဥတုဇရုပ်ကလာပ် (၄)စည်းတို့တွင် နံပါတ် (၁) (၂)တို့ကား ရုပ်အစစ်တို့တည်း။ ဝိပဿနာရှုကောင်းသော ရုပ်များတည်း။ နံပါတ် (၁)ကား (၆)ဒွါရတို့၌လည်းကောင်း, (၄၂)ကောဋ္ဌာသတို့တွင် အချို့သော ကောဋ္ဌာသတို့၌ လည်းကောင်း ထိုက်သလို တည်ရှိ၏၊ နံပါတ် (၂)ကား ဝမ်းအော်သံ စသော အသံပါသော ရုပ်ကလာပ်တည်း။ ဤနံပါတ် (၁-၂) ရုပ်ကလာပ် (၂)မျိုးတို့ကား အဇ္ဈတ္တ၌လည်းကောင်း, ဗဟိဒ္ဓ သက်ရှိလောက သက်မဲ့လောက နှစ်မျိုး လုံး၌လည်းကောင်း တည်ရှိ၏၊

နံပါတ် (၃-၄)တို့ကား ရုပ်အတုများနှင့် ရောနှောနေ၏၊ ယင်းရုပ်အတုတို့ကား ဝိပဿနာ မရှုကောင်းပေ။ ရုပ်တရားတို့ကို သိမ်းဆည်းရာ နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌သာ ရောနှော၍ သိမ်းဆည်းရန် ဖြစ်သည်။ သို့သော် ယင်းရုပ်အတုတို့နှင့် ရောနှောနေသော ကလာပ်တူ ရုပ်အစစ်တို့ကား ဝိပဿနာ ရှုကောင်းသည်သာ ဖြစ်သည်။

ယင်းနှစ်မျိုးသော ရုပ်ကလာပ်တို့ကား ဗဟိဒ္ဓ သက်မဲ့အရာဝတ္ထုတို့၌ မရနိုင်။ အဇ္ဈတ္တနှင့် ဗဟိဒ္ဓ သက်ရှိသတ္တဝါ တို့၏ သန္တာန်၌သာ ရရှိနိုင်သည်။ ဝိပဿနာရှုရာ၌ လဟုတာ-မုဒုတာ-ကမ္မညတာတို့ကို ဝိပဿနာ မရှုကောင်းသဖြင့် ယင်းတို့ကို နှုတ်ပယ်လိုက်သော် ယင်းရုပ်ကလာပ်တို့သည် နံပါတ် (၁-၂)တို့နှင့် လုံးဝ တူညီသွားပေသည်။ ထို့ကြောင့် ရုပ်အစစ်တို့ကိုသာ ဝိပဿနာရှုရမည်ဟု လိုရင်းကို မှတ်သားထားပါ။

အသံ (၃) မျိုး

၁။ အသက်ရှူသံ = အဿာသပဿာသ-စိတ္တဇသဒ္ဒနဝက ကလာပ်၊
၂။ စကားပြောသံ = ဝစီဝိညတ္တိဒသက ကလာပ်၊
၃။ ဝမ်းအော်သံ လေတိုက်သံ စသည် = ဥတုဇသဒ္ဒနဝက ကလာပ်၊

နံပါတ် (၁-၂)တို့ကား အဇ္ဈတ္တ ဗဟိဒ္ဓ သက်ရှိသန္တာန်၌သာ ရရှိနိုင်၏၊ နံပါတ် (၃) ဥတုဇသဒ္ဒနဝက ကလာပ်ကား သက်ရှိ သက်မဲ့ နှစ်မျိုးစလုံး၌ ရရှိနိုင်၏၊ လေတိုက်သံစသည်တို့ကား သက်မဲ့ ဥတုဇသဒ္ဒနဝက ကလာပ်တို့တည်း။ သမာဓိကို အဆင့်ဆင့် ထူထောင်၍ လင်းရောင်ခြည်စွမ်းအင် အားကောင်းလာသောအခါ ယင်းတိုက်ခတ်နေသော လေကို လင်းရောင်ခြည်၏ အကူအညီဖြင့် လှမ်း၍ အာရုံယူကြည့်ပါ။ လေကို မြင်တွေ့ရသောအခါ ယင်းလေ၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းလိုက်ပါက သမာဓိ၏ အရှိန်အဝါ အားကောင်းလာသည်နှင့်အမျှ ရုပ်ကလာပ်များကို စတင်တွေ့ရှိ နိုင်ပေသည်။ ထိုအခါ (၉)မျိုးသော ပရမတ်ရုပ်တရားတို့ကို သိမ်းဆည်းပါ။ သစ်ခက်ချင်း ရိုက်ခတ်သံ မိုးချုန်းသံ စသည်တို့၌လည်း နည်းတူပင် ရှုနိုင်သည်။ ဝစီဝိညတ်ကား ဝိပဿနာ မရှုကောင်းပေ။ အသံကိုကား သို့မဟုတ် အသံနှင့်တကွသော အတူဖြစ်သော ကလာပ်တူ ရုပ်အစစ်တို့ကား ဝိပဿနာ ရှုကောင်းသော သမ္မသနရုပ်တရားတို့တည်း။

အာဟာရဇ ရုပ်ကလာပ် (၂) စည်း

၁။ အာဟာရဇ-သုဒ္ဓဋ္ဌက ကလာပ်= အာဟာရကြောင့် ဖြစ်သော သက်သက်သော ဩဇာလျှင် (၈)ခုမြောက် ရှိသော ရုပ်ကလာပ်၊
၂။ လဟုတာဒေကဒသက ကလာပ်= လဟုတာစသည်လျှင် (၁၁)ခုမြောက်ရှိသော ရုပ်ကလာပ်၊

ဤရုပ်ကလာပ် နှစ်မျိုးတို့တွင် နံပါတ် (၁)ကား (၆)ဒွါရတို့၌လည်းကောင်း, (၄၂)ကောဋ္ဌာသတို့တွင် အာဟာရဇရုပ်ကလာပ် ရကောင်းရာ အချို့အချို့သော ကောဋ္ဌာသတို့၌လည်းကောင်း ရရှိနိုင်၏၊ ရုပ်အစစ်တို့တည်း၊ ဝိပဿနာရှုကောင်းသော ရုပ်တို့တည်း။

နံပါတ် (၂) ရုပ်ကလာပ်သည်လည်း (၆)ဒွါရနှင့် အာဟာရဇရုပ်ကလာပ် ရကောင်းရာ အချို့အချို့သော ကောဋ္ဌာသတို့၌ ထိုက်သလို ရရှိနိုင်၏၊ သို့သော် ရုပ်အတုများနှင့်ကား ရောနှောနေ၍ ယင်းရုပ်အတုတို့ကား ဝိပဿနာ မရှုကောင်းပေ။ ရုပ်တရားတို့ကို သိမ်းဆည်းရာ၌သာ ရောနှော၍ သိမ်းဆည်းရန်ဖြစ်သည်။ ဝိပဿနာရှုရာ၌ကား ယင်းရုပ်အတုတို့ကို ချန်လှပ်ထား၍ ရုပ်အစစ်တို့ကိုသာ ဝိပဿနာရှုရမည် ဖြစ်သည်။ ယင်းသို့ဖြစ်လျှင် ဝိပဿနာ ရှုရမည့်ရုပ်မှာ နံပါတ် (၁) ရုပ်ကလာပ်နှင့် ပုံစံတူသွားပေပြီ။ အဇ္ဈတ္တနှင့် ဗဟိဒ္ဓ သက်ရှိသတ္တဝါတို့၏ သန္တာန်၌သာ ယင်းရုပ်ကလာပ်နှစ်မျိုးလုံးကို ရရှိနိုင်သည်။

လက္ခဏရုပ် (၄) ပါး ရှုကွက်

ဥပစယ မှာ ပဋိသန္ဓေ ကလလရေကြည် ဦးစွာ တည်ခိုက်မှ စ၍ ဣန္ဒြေ ပြည့်စုံသည့်တိုင်အောင်သော ရုပ်တရားတို့ကို သိမ်းဆည်းနိုင်သောအခါ ရှုရန် ဖြစ်သည်။ သန္တတိ ဇရတာ အနိစ္စတာတို့မှာ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ်တို့၏ ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက် သဘောပင် ဖြစ်သည်။

ရှေးဦးစွာ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ ရုပ်ကလာပ်တစ်ခုစီ ဓာတ်ခွဲ၍ ထိုရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော (၈)မျိုး (၉)မျိုး (၁၀)မျိုးသော ရုပ်အစစ်တို့၏ ပြိုင်တူ ဖြစ်မှု တည်မှု ပျက်မှုကို မြင်အောင် ရှုပါ။ ထိုနောင် (၆)ဒွါရတို့၌လည်းကောင်း, (၄၂)ကောဋ္ဌာသတို့၌လည်းကောင်း တည်ရှိသော ရုပ်အစစ်တို့ကို ဒွါရတစ်ခုစီ ကောဋ္ဌာသတစ်ခုစီ ခွဲ၍ ယင်းဒွါရ အသီးအသီး၌ တည်ရှိသော ရုပ်အစစ်တို့၏ ဖြစ်မှု တည်မှု ပျက်မှုကိုလည်းကောင်း, ကောဋ္ဌာသအသီးအသီး၌ တည်ရှိသော ရုပ်အစစ်တို့၏ ဖြစ်မှု တည်မှု ပျက်မှုကိုလည်းကောင်း မြင်အောင် ရှုပါ။ ထိုနောင် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရနိုင်သမျှ ရုပ်အစစ်အားလုံးတို့ကို ခြုံငုံ၍ ဖြစ်-တည်-ပျက် ရှုပါ။[မှတ်စု ၆]

  1. မှတ်ချက်---- ဤတေဇောကောဋ္ဌာသ (၄)မျိုးကား ပထဝီကောဋ္ဌာသ, အာပေါကောဋ္ဌာသတို့ကဲ့သို့ ပုံသဏ္ဌာန် ကောဋ္ဌာသ မရှိပေ။ တေဇောဓာတ်လွန်ကဲသော မကြည်သော ရုပ်ကလာပ်အမှုန်များသာ ဖြစ်ကြသည်။ ထိုကြောင့် ရုပ်ကလာပ်အမှုန်များ အတွင်းမှာသာ တေဇောဓာတ် = အပူလွန်ကဲသော ရုပ်ကလာပ်အမှုန်များကို ရှာဖွေ၍ ရှုပါ။ သန္တပ္ပနတေဇောနှင့် ဍာဟတေဇောတို့ကို ရှုရာ၌ အခက်အခဲရှိနေပါက မထင်မရှားဖြစ်နေပါက ဖျားနာနေသည့် အချိန်အခါ ဖျားနာခဲ့ဖူးသည့် အချိန်အခါကို အာရုံယူ၍ လှမ်းရှုကြည့်ပါ။
  2. အဿာသပဿာသာ စိတ္တသမုဋ္ဌာနာဝ။ (ဝိသုဒ္ဓိ၊၁၊၃၄၅-၃၄၆။)
    စိတ္တဇေ အဿာသပဿာသကောဋ္ဌာသေပိ ဩဇဋ္ဌမကဉ္စေဝ သဒ္ဒေါ စာတိ နဝ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)
  3. မှတ်ချက်---- ဣ ရိ ယာ ပ ထ ရှု ကွ က် သမ္ပဇညရှုကွက်တို့၌ ဤကာယဝိညတ်ပါဝင်သော ကာယဝိညတ္တိနဝကကလာပ်+ ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ်- ဤရုပ်ကလာပ် နှစ်မျိုးတို့ကား ပြဓာန်းလျက် ရှိ၏၊ အရေးပါလှသော ကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိ၏၊ ဤရုပ်တရားတို့ကို မသိမ်းဆည်းတတ်ပါက ဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့၌ ပရမတ်သို့ ဆိုက်အောင် ရုပ်တရားတို့ကို သိမ်းဆည်းဖို့ရန် ဉာဏ်ဖြင့် ပိုင်းခြားယူဖို့ရန်မှာ မမျှော်မှန်းသင့်သော အရာသာ ဖြစ်ပေသည်။
  4. (ဝိသုဒ္ဓိ၊၂၊၂၂၃။)
  5. အဿာသပဿာသော ဣတိ ဝါ။ (အဘိ၊၂၊၈၆။)
  6. မှတ်ချက်---- ရုပ်အားလုံးသည် ပြိုင်တူ ဖြစ်သည် တည်သည် ပျက်သည်ဟုကား မဆိုလိုပါ။ ဥပါဒ်-ဌီ-ဘင် ဟူသော ခဏတ္တယအတွင်း၌ ပြိုင်တူ ဖြစ်-တည်-ပျက် ရစကောင်းသော ရုပ်တရားတို့ကို ခြုံ၍ ရှုရန်သာ ဆိုလိုရင်း ဖြစ်သည်ဟု မှတ်ပါ။