နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ရုပ်တို့၏ ဖြစ်ပုံ ပျက်ပုံ ဓမ္မတာ
ရုပ်တို့၏ ဖြစ်ပုံ ပျက်ပုံ ဓမ္မတာ
ဤတွင် ရုပ်တို့၏ ဖြစ်ပုံ ပျက်ပုံ အခြင်းအရာ ဓမ္မတာကို အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည်။ ရုပ်တို့၏ သက်တမ်း အချိန်ကာလကို စိတ္တက္ခဏ (၁၇)ချက်ဖြင့် ပုံသေ တိုင်းတာပြထား၏၊ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌လည်း ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ဟု ခဏငယ် သုံးမျိုးစီ ရှိနေ၏၊ ထိုကြောင့် ရုပ်တို့သည် စိတ္တက္ခဏကြီးအားဖြင့် (၁၇)ချက်, ခဏငယ်အားဖြင့် (၅၁)ချက် သက်တမ်းရှည်ကြ၏၊ ထိုအောက် လျော့၍သော်လည်းကောင်း, ထိုထက် ပိုလွန်၍သော်လည်းကောင်း သက်တမ်း မရှည်ကြပေ။
ဥပမာ –– စိတ္တက္ခဏတစ်ခုကို အမှတ် (၁) စိတ္တက္ခဏဟု သတ်မှတ်ကြပါစို့။ ကမ္မဇရုပ်ကလာပ်တိုင်းသည် ယင်းစိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ကံအရှိန်အဝါ မကုန်သေးသမျှ ကာလပတ်လုံး ဘဝသက်တမ်းတစ်လျှောက်ဝယ် စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇)ချက်မြောက်သော စိတ္တက္ခဏအထိ အမြဲတမ်း ဖြစ်နေ၏၊ ယင်းအမှတ် (၁) စိတ္တက္ခဏ၏ ဥပါဒ်ကာလ၌ စ၍ ဥပါဒ်ကြသော ရုပ်တရား တို့သည် အမှတ် (၁၇) စိတ္တက္ခဏ၏ ဘင်ကာလနှင့် ပြိုင်၍ချုပ်ကြ၏၊ ယင်း အမှတ် (၁) စိတ္တက္ခဏ၏ ဌီကာလနှင့် ပြိုင်၍ ဖြစ်ကြသော ဥပါဒ်ကြသော ရုပ်တရားတို့သည် အမှတ် (၁၈) စိတ္တက္ခဏ၏ ဥပါဒ်ကာလ၌ ချုပ်ဆုံးကြ၏၊ ယင်းအမှတ် (၁) စိတ္တက္ခဏ၏ ဘင်ကာလနှင့် ပြိုင်၍ ဥပါဒ်ကြသော ရုပ်တရားတို့သည် အမှတ် (၁၈) စိတ်၏ ဌီကာလ၌ ချုပ်ဆုံးကြ၏၊ ဤ၌ အမှတ် (၁၇) (၁၈)ဟူသည် အမှတ် (၁)မှ ထောက်၍ သတ်မှတ်အပ်သော စိတ္တက္ခဏ တစ်မျိုးမျိုးကို ဆိုလိုသည်။
တစ်ဖန် စိတ္တဇရုပ်တို့သည်လည်း ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော စိတ်တိုင်း စိတ်တိုင်း၏ ဥပါဒ်ကာလတိုင်း ဥပါဒ်ကာလတိုင်း၌ အမြဲတမ်း ဘဝတစ်လျှောက်ဝယ် ဖြစ်နေကြ၏၊ အမှတ် (၁)ဟု သတ်မှတ်လိုက်သော စိတ္တက္ခဏနှင့် ဥပါဒ်ချင်း ပြိုင်၍ ဖြစ်သော စိတ္တဇရုပ်တရားတို့သည် အမှတ် (၁၇)ဟု သတ်မှတ်ထားသော စိတ္တက္ခဏ၏ ဘင်ကာလ၌ ချုပ်ဆုံးကြ၏၊
တစ်ဖန် ကမ္မဇကလာပ် စိတ္တဇကလာပ် ဥတုဇကလာပ် အာဟာရဇကလာပ်တိုင်းလိုလို၌ ပါဝင်သော တေဇောဓာတ်သည်လည်း ရုပ်၏ ဌီကာလသို့ ရောက်တိုင်း ရောက်တိုင်း ဥတုဇရုပ်များကို ဖြစ်စေနိုင်ပြန်၏၊ အမှတ် (၁) စိတ္တက္ခဏ၏ ဥပါဒ်ကာလ၌ ဖြစ်ကြသော ကမ္မဇရုပ်တို့သည် ယင်းအမှတ် (၁) စိတ္တက္ခဏ၏ ဌီကာလဝယ် ရုပ်၏ ဌီကာလသို့ ဆိုက်ရောက်လာသဖြင့် ယင်းရုပ်တို့တွင် ပါဝင်သော ကမ္မဇတေဇောဓာတ် အသီးအသီးသည် ဥတုဇရုပ် အသီးအသီးကို ဖြစ်စေပြန်၏၊ အလားတူပင် ယင်းအမှတ် (၁)ဟု သတ်မှတ်ထားအပ်သော စိတ်၏ ရှေ့တွင် ကပ်လျက် ဖြစ်သွားသော စိတ္တက္ခဏ၏ ဘင်ကာလနှင့် ပြိုင်၍ ဥပါဒ်ကြသော ကမ္မဇရုပ်တို့သည် ယင်း အမှတ် (၁)ဟု သတ်မှတ် လိုက်သော စိတ်၏ ဥပါဒ်ကာလ၌ ရုပ်၏ ဌီကာလသို့ ဆိုက်ရောက်လာသဖြင့် ယင်းရုပ်တရားတို့တွင် အကျုံးဝင်သော ကမ္မဇတေဇောဓာတ်အသီးအသီးသည် ဥတုဇရုပ်ကလာပ်အသီးအသီးကို ဖြစ်စေပြန်၏၊ ယင်း အမှတ် (၁)ဟု သတ်မှတ်လိုက်သော စိတ်နှင့် ဥပါဒ်ချင်း ပြိုင်၍ ဖြစ်သော ဥတုဇရုပ်တည်း။ တစ်ဖန် ယင်းအမှတ် (၁)ဟု သတ်မှတ် ထားသော စိတ်၏ ဘင်ကာလ၌ စ၍ ဥပါဒ်ကြကုန်သော ကမ္မဇရုပ်တို့သည် အမှတ် (၂)စိတ်၏ ဥပါဒ်ကာလ၌ ရုပ်၏ ဌီကာလသို့ ဆိုက်ရောက်လာသဖြင့် ယင်းရုပ်တရားတို့တွင် အကျုံးဝင်သော ကမ္မဇတေဇောဓာတ် အသီးအသီးသည်လည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသီးအသီးကို ဖြစ်စေနိုင်ပြန်၏၊ တစ်ဖန် ယင်း အမှတ် (၁)ဟု သတ်မှတ်အပ်သော စိတ်၏ ဌီကာလ၌ စ၍ ဥပါဒ်ကြသော ကမ္မဇရုပ်တို့သည် ယင်းအမှတ် (၁)စိတ်၏ ဘင်ကာလ၌ ရုပ်၏ဌီကာလသို့ ဆိုက်ရောက်လာသဖြင့် ယင်းရုပ်တရားတို့တွင် အကျုံးဝင်သော ကမ္မဇတေဇောဓာတ်သည် ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပြန်၏၊ ဤရှင်းလင်းချက်အရ ယေဘုယျအားဖြင့် ကမ္မဇဥတုကြောင့်ဖြစ်သော ဥတုဇရုပ် တို့သည် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဖြစ်နိုင်သည်ဟု မှတ်ပါ။ အလားတူပင် စိတ္တက္ခဏ (၁၇)ချက် သို့မဟုတ် ခဏငယ် (၅၁)ချက် ပြည့်ရာ စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌လည်း ပျက်သည် ချုပ်သည်ဟု သိပါ။
စိတ္တဇရုပ်တို့သည် စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း၌ ဖြစ်ကြသဖြင့် ယင်းစိတ္တက္ခဏ၏ ဌီကာလသို့ ရောက်မှသာလျှင် စိတ္တဇရုပ်တို့လည်း ဌီကာလသို့ ရောက်ရှိကြ၏၊ ထိုကြောင့် ယင်းစိတ္တဇရုပ်တို့တွင် အကျုံးဝင်သော စိတ္တဇတေဇောဓာတ် (= ဥတု) သည်လည်း စိတ္တက္ခဏတိုင်း၏ ဌီကာလတိုင်း၌ (ပဉ္စဝိညာဏ်၏ ဌီကာလမှ လွဲလျှင်) ရုပ်၏ ဌီကာလသို့ ရောက်ရှိလာသဖြင့် ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေပြန်၏၊ ယင်းဥတုဇ ရုပ်တို့သည်လည်း စိတ္တက္ခဏ (၁၇)ချက် ခဏငယ် (၅၁)ချက်ပြည့်ရာ ယင်းစိတ်မှ ရေတွက်သော် (၁၈)ခုမြောက်သော စိတ်၏ ဥပါဒ်ကာလ၌ ချုပ်ပျက်ကြ၏၊
တစ်ဖန် .. ရှေးရှေး ဥတုဇရုပ်တို့တွင် ပါဝင်သော ဥတုဇတေဇောဓာတ်သည်လည်း စွမ်းအင်မကုန်သေးက ဥတုဇရုပ်ကလာပ် အသစ်အသစ်ကို ဌီကာလသို့ ရောက်ခိုက်၌ ဖြစ်စေနိုင်ပြန်၏၊ ဥတုဇရုပ်တို့သည်လည်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်တိုင်း ဌီတိုင်း ဘင်တိုင်း၌ ဖြစ်နိုင်ရကား ဤဥတုဇတေဇောဓာတ်သည်လည်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဥတုဇရုပ်ကို ဖြစ်စေနိုင်၏၊ အလားတူပင် စိတ္တက္ခဏ (၁၇)ချက် ခဏငယ် (၅၁)ချက် ပြည့်ရာ စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌လည်း ချုပ်ပျက်ပေသည်။
တစ်ဖန် ..အာဟာရဇရုပ်များသည်လည်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဖြစ်နိုင်ကြ၏၊ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌လည်း ချုပ်ပျက်နိုင်ကြသည်။ ကမ္မဇရုပ်တို့သည် စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဥပါဒ်နိုင်သဖြင့်, စိတ္တဇရုပ်တို့လည်း ဥပါဒ်ကာလတိုင်း၌ ဥပါဒ်နိုင်ကြ ဖြစ်နိုင်ကြသဖြင့်, ဥတုဇရုပ်တို့လည်း ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဖြစ်နိုင်ကြသဖြင့်, အာဟာရဇဩဇာကြောင့် ဖြစ်သော အာဟာရဇရုပ်တို့သည်လည်း စိတ်တို့၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဖြစ်နိုင်ကြသဖြင့် ယင်းသို့ ဖြစ်နိုင်ကြသော စတုသမုဋ္ဌာနိကဩဇာတို့သည် ရုပ်၏ ဌီကာလသို့ ရောက်တိုင်း ရောက်တိုင်း ကလာပ်ပြား အာဟာရဇဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိပါက အာဟာရဇ ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်ပြန်၏၊ အာဟာရဇရုပ်တို့သည် စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဖြစ်နိုင်ကြသဖြင့် ယင်းအာဟာရဇရုပ်တို့တွင် အကျုံးဝင်သော တေဇောဓာတ် ဥတုသည်လည်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်းဝယ် ရုပ်၏ ဌီကာလသို့ ရောက်ခိုက် ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်ပြန်၏၊ ထိုကြောင့် စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌လည်း ချုပ်ပျက်နိုင်၏၊
ဤရှင်းလင်းချက်နှင့် အညီ စိတ္တက္ခဏတစ်ခုက ရပ်၍ ကြည့်လျှင် ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရား (၄)ပါးကြောင့် ထင်ရှားဖြစ်နေကြကုန်သော စတုသမုဋ္ဌာနိကရုပ်တို့သည် ယင်းစိတ္တက္ခဏ၏ ဥပါဒ်ကာလ၌ ဖြစ်နေသော ရုပ်တို့သည်လည်း ရှိကြ၏၊ သက်တမ်း မကုန်သေးသဖြင့် (= စိတ္တက္ခဏ (၁၇)ချက် ခဏငယ် (၅၁)ချက် မပြည့်သေးသဖြင့်) ဆက်လက် ဖြစ်နေကြသော ဌီကာလ၌ တည်ရှိနေကြသော ရုပ်တရားတို့လည်း ရှိကြ၏၊ သက်တမ်းစေ့သဖြင့် ချုပ်ပျက်သွားကြသော ရုပ်တရားတို့လည်း ရှိကြ၏၊
လောကူပမာကို ဆောင်ရသော် - အခိုင်အမာ ကျစ်ထားသော အုန်းဆံကြိုး တစ်ချောင်းကို ဖြေကြည့်ပါ။ ထိုအုန်းဆံကြိုးဟူသည် (၄)လက်မ (၅)လက်မ တစ်ထွာ တစ်မိုက် စသည့်ဖြင့် ရှည်လျားသော အုန်းဆံမျှင်များကို စုပေါင်း၍ ကျစ်ထားသည်ကို တွေ့နိုင်၏၊ တစ်နေရာတွင် ရပ်ကြည့်ပါက ယင်းအုန်းဆံမျှင်တို့၏ အစကိုလည်း တွေ့နိုင်၏၊ အဆုံးကိုလည်း တွေ့နိုင်၏၊ အလယ်သဘောတရားကိုလည်း တွေ့နိုင်၏၊
ဤဥပမာအတူပင် ရုပ်တို့သည် စိတ္တက္ခဏတစ်ခုတစ်ခု၏ ခဏငယ်တိုင်း ခဏငယ်တိုင်း၌ (= ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌) များစွာ ပြိုင်တူ ဖြစ်မှုလည်း ရှိကြ၏၊ ပျက်မှုလည်း ရှိကြ၏၊ ဌီကာလသို့ ရောက်နေ ဆဲလည်း ရှိကြ၏၊ ယင်းသို့လျှင် ရုပ်တို့၏ဖြစ်ပုံသည် နာမ်တို့၏ဖြစ်ပုံနှင့် မတူညီသည့်အတွက် ယင်းရုပ်တို့၏လည်း ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေကြသည့်အတွက် ရုပ်တရားတို့ကို ပရမတ်ဉာဏ်ပညာမျက်စိ မရှိသူတို့သည် အတုံးလိုက် အခဲလိုက် ပုံသဏ္ဌာန်အလိုက် တွေ့ရှိနေကြခြင်း ဖြစ်၏၊
နာမ်တရားတို့ကား စိတ္တက္ခဏတစ်ခု၏ အတွင်း၌ စိတ္တက္ခဏ နှစ်ခု သုံးခု စသည်ဖြင့် ပြိုင်၍ ပြိုင်တူဖြစ်ရိုး ဓမ္မတာ မရှိ၊ စိတ္တက္ခဏတစ်ခုပြီးမှ အခြားစိတ္တက္ခဏတစ်ခု ထပ်ဖြစ်နိုင်၏၊ ရုပ်တရားတို့သည်ကား စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ခဏငယ်တိုင်း ခဏငယ်တိုင်း၌ ပြိုင်တူ များစွာ ဖြစ်လည်းဖြစ်နိုင်ကြ၏၊ ပျက်လည်း ပျက်နိုင်ကြ၏၊ တည်လည်း တည်တံ့နိုင်ကြ၏၊ စိတ်တို့၏ ဥပါဒ်ကာလနှင့် ရုပ်တို့၏ ဥပါဒ်ကာလ, စိတ်တို့၏ ဘင်ကာလနှင့် ရုပ်တို့၏ ဘင်ကာလကား တူညီလျက်ပင် ရှိကြ၏၊ ဌီကာလကား ကွဲလွဲလျက် ရှိကြ၏၊ ရုပ်တို့၏ ဌီကာလသည် စိတ္တက္ခဏ (၁၆)ချက်နှင့် ခဏငယ်တစ်ချက်, တစ်နည်း စိတ်၏ ခဏငယ်ပေါင်း (၄၉)ချက် သက်တမ်း ရှိနေ၏၊ အချို့သော ရုပ်တို့၏ ဌီကာလနှင့် အချို့သော ရုပ်တို့၏ ဌီကာလမှာ ထပ်လျက် ရှိနေ၏၊ စိတ္တက္ခဏအနည်းငယ် အတိုးအဆုတ်လည်း ရှိနေ၏၊ ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ပြိုင်တူ ဖြစ်နေကြ၏၊ အထပ်ထပ် ပြိုင်တူ ပျက်နေကြ၏၊ အထပ်ထပ် ပြိုင်တူ တည်နေကြ၏၊ သန္တတိဃန အတုံးအခဲကို မဖြိုခွဲနိုင်ပါက တစ်ဆက်တည်းဟု တစ်ခုတည်း တစ်တုံးတစ်ခဲတည်းဟု ထင်နေတတ်ကြ၏၊ မနေ့ကလည်း ငါပဲ ယနေ့လည်း ငါပဲဟု, မနေ့ကလည်း သူပဲ ယနေ့လည်း သူပဲဟု အထင် လွဲနေတတ်ကြ၏၊ ငါပဲ သူပဲ ယောက်ျားပဲ မိန်းမပဲ ပုဂ္ဂိုလ်သတ္တဝါပဲ လူပဲ နတ်ပဲ ဗြဟ္မာပဲဟု အထင်လွဲနေကြ၏ = အသိမှားနေကြ၏၊ ယင်း အသိမှားမှု အဝိဇ္ဇာနေရာ၌ ပရမတ်သို့ တိုင်အောင် ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိသည့် ဝိဇ္ဇာဉာဏ်ကို ယခု အစားထိုးနေခြင်းပင် ဖြစ်သည်။