နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/နိရောဓသစ္စာဟူသည်

နိရောဓသစ္စာဟူသည်

၁။ တဏှာ၏ အကြွင်းအကျန်မရှိ အကုန်အစင် ချုပ်ငြိမ်းခြင်းကိုလည်းကောင်း,
၂။ တဏှာ, ကြွင်းကိလေသာတို့၏ အကြွင်းအကျန်မရှိ အကုန်အစင် ချုပ်ငြိမ်းခြင်းကိုလည်းကောင်း,
၃။ တဏှာ, ကြွင်းကိလေသာ, ကြွင်းအကုသိုလ်တရားတို့၏ အကြွင်းအကျန်မရှိ အကုန်အစင် ချုပ်ငြိမ်းခြင်းကို လည်းကောင်း,
၄။ တဏှာ, ကြွင်းကိလေသာ, ကြွင်းအကုသိုလ်တရား, အာသဝေါတရားတို့၏ အာရုံဖြစ်သော ကုသလမူလတရား (၃)ပါးတို့၏ အကြွင်းအကျန်မရှိ အကုန်အစင် ချုပ်ငြိမ်းခြင်းကိုလည်းကောင်း,
၅။ တဏှာ, ကြွင်းကိလေသာ, ကြွင်းအကုသိုလ်တရား, အာသဝေါတရားတို့၏ အာရုံဖြစ်သော ကုသလမူလတရား (၃)ပါး, အာသဝေါတရားတို့၏ အာရုံဖြစ်သော ကြွင်းကုသိုလ်တရားအားလုံးတို့၏ အကြွင်းအကျန်မရှိ အကုန်အစင် ချုပ်ငြိမ်းခြင်းကိုလည်းကောင်း နိရောဓသစ္စာဟု သစ္စဝိဘင်းပါဠိတော်[မှတ်စု ၁]၌ ဟောကြားထားတော်မူ၏၊

တစ်ဖန် ဘုရားရှင်သည် အင်္ဂုတ္တရနိကာယ် တိကနိပါတ် တိတ္ထာယတနသုတ္တန်[မှတ်စု ၂]တွင် ဤသို့ ဟောကြားထားတော် မူပြန်၏ ..။

ကတမဉ္စ ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ? အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဓော၊ ဝိညာဏနိရောဓာ နာမရူပနိရောဓော၊ နာမရူပနိရောဓာ သဠာယတနနိရောဓော၊ သဠာယတနနိရောဓာ ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာနိရောဓာ တဏှာနိရောဓော၊ တဏှာနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏံ သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿု-ပါယာသာ နိရုဇ္ဈန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ။

“ရဟန်းတို့ ...ဒုက္ခချုပ်ကြောင်း နိရောဓအရိယသစ္စာတရားဟူသည်အဘယ်နည်း?
၁။ အဝိဇ္ဇာ၏သာလျှင် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ခြင်းကြောင့် သင်္ခါရတို့သည် ချုပ်ကုန်၏၊
၂။ သင်္ခါရတို့၏ ချုပ်ခြင်းကြောင့် ဝိညာဏ်သည် ချုပ်၏၊
၃။ ဝိညာဏ်၏ ချုပ်ခြင်းကြောင့် နာမ်+ရုပ်သည် ချုပ်၏၊
၄။ နာမ်+ရုပ်၏ ချုပ်ခြင်းကြောင့် သဠာယတနသည် ချုပ်၏၊
၅။ သဠာယတန၏ ချုပ်ခြင်းကြောင့် ဖဿသည် ချုပ်၏၊
၆။ ဖဿ၏ ချုပ်ခြင်းကြောင့် ဝေဒနာသည် ချုပ်၏၊
၇။ ဝေဒနာ၏ ချုပ်ခြင်းကြောင့် တဏှာသည် ချုပ်၏၊
၈။ တဏှာ၏ ချုပ်ခြင်းကြောင့့်် ဥပါဒါန်သည် ချုပ်၏၊
၉။ ဥပါဒါန်၏ ချုပ်ခြင်းကြောင့် ဘဝ (= ကမ္မဘဝ+ဥပပတ္တိဘဝ)သည် ချုပ်၏၊
၁၀။ ဘဝ (= ကမ္မဘဝ)၏ ချုပ်ခြင်းကြောင့် ဇာတိသည် ချုပ်၏၊
၁၁။ ဇာတိ၏ ချုပ်ခြင်းကြောင့် (၁၂) ဇရာ+မရဏသည် ချုပ်၏၊ သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသ တို့သည် ချုပ်ကုန်၏၊

ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဒုက္ခတုံး ဒုက္ခအစုအပုံ၏ ချုပ်ခြင်းသည် ဖြစ်၏၊ ရဟန်းတို့... ဤ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၏ ချုပ်စဉ်ကို ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာ တရားတည်းဟူ၍ ဆိုအပ်၏၊”

ဤနိရောဓသစ္စာကား ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်ရမည့် နိရောဓသစ္စာဖြစ်သည်။ အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကား အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိရမည့် လောကုတ္တရာ နိရောဓသစ္စာ ဖြစ်သည်။

အကြောင်းတရား အကျိုးတရားတို့ ချုပ်ငြိမ်းမည့်အချိန်

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အစီအစဉ်တကျ စီးဖြန်းလာလေရာ ဥဒယဗ္ဗယ ဉာဏ်ပိုင်းသို့ ရောက်ရှိသည့်အခါ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း အကြောင်း သမုဒယသစ္စာတရားများ၏ ထင်ရှား ဖြစ်ခြင်းကြောင့် အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ ထင်ရှားဖြစ်ပေါ်လာခြင်းကိုသာ ဝိပဿနာ ဉာဏ်ပညာ မျက်စိဖြင့် သိအောင် မြင်အောင် ရှုရသည်သာ မဟုတ်သေး၊ အကြောင်း သမုဒယသစ္စာတရားတို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားမှုကိုလည်း သိအောင် မြင်အောင် ရှုရတော့မည် ဖြစ်သည်။

ဤအရာတွင် ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ္ဂမဟာဋီကာတို့[မှတ်စု ၃]၏ ဖွင့်ဆိုချက်အရ ဤဥဒယဗ္ဗယဝိပဿနာဉာဏ်ပိုင်းကို အားသစ်လျက်ရှိနေသည့် ယောဂါဝစရပုဂ္ဂိုလ်သည် ဤဘဝမှာသော်လည်းကောင်း, နောင်အနာဂတ်ဘဝ တစ်ခုခုမှာသော်လည်းကောင်း အနာဂတ်တစ်ချိန်ချိန်ဝယ် အရဟတ္တမဂ်သို့ ဆိုက်ရောက်သည့်အခါတွင် အရဟတ္တမဂ်ဉာဏ်၏ စွမ်းအားကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့သည် အကြွင်းအကျန် မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြမည် ဖြစ်သည်။ ထိုကဲ့သို့ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြခြင်းကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့သည် ဤဘဝ အရဟတ္တမဂ်သို့ မဆိုက်ရောက်မီမှာပင်ဖြစ်စေ, အတိတ်ဘဝထိုထိုကပင်ဖြစ်စေ ပြုစုပျိုးထောင်ခဲ့သည့် သင်္ခါရ ကံတို့ကို အနာဂတ်ဘဝသစ် ဖြစ်ပေါ်လာရေးအတွက် အထောက်အပံ့ မပေးနိုင်ကြကုန်။ ဤကဲ့သို့ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့၏ အားပေးထောက်ပံ့မှု အကူအညီကို မရရှိကြသည့်အတွက် အရဟတ္တမဂ်သို့ မဆိုက်ရောက်မီ သံသရာတစ်လျှောက် ပြုစုပျိုးထောင်ခဲ့သည့် သင်္ခါရ ကံတို့သည် နောင်အနာဂတ်ဘဝသစ်ဟု ခေါ်ဆိုအပ်သည့် အနာဂတ်ဘဝ ခန္ဓာငါးပါးတို့ကို ဖြစ်စေနိုင်သည့် စွမ်းအင်များ ကုန်ခန်းသွားကြ၏၊ အကြွင်းအကျန်မရှိ ချုပ်ငြိမ်းသွားကြ၏၊ ဤကဲ့သို့ အရဟတ္တမဂ်ဉာဏ်၏ စွမ်းအားကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းသမုဒယသစ္စာတရားတို့၏ အကြွင်းအကျန် မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြသည့်အတွက်, နောင် အနာဂတ်ဘဝ ခန္ဓာငါးပါးတို့ကို ဖြစ်စေနိုင်သည့် အကြောင်းတရားတို့၏ ထင်ရှား မရှိကြခြင်းကြောင့် နောင်အနာဂတ် ဘဝသစ်၌ အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့သည်လည်း ထင်ရှားဖြစ်ပေါ်လာနိုင်သည့် စွမ်းအင်များ မရှိကြတော့ခြင်းကြောင့် အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့သည်လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားကာ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြ၏၊ ဤသို့ အကြောင်း-အကျိုး နှစ်ရပ်လုံးတို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းမှုကို နိရောဓသစ္စာတရားဟု ဤတိတ္ထာယတနသုတ္တန်တွင် ဘုရားရှင်က ဟောကြားထားတော်မူခဲ့ပေသည်။ ဤနိရောဓသစ္စာတရားသည်ကား ဥဒယဗ္ဗယာနုပဿနာဉာဏ် (= ဥဒယဗ္ဗယဝိပဿနာဉာဏ်)ဖြင့် ထိုးထွင်းသိရမည့် နိရောဓသစ္စာတရား ဖြစ်ပေသည်။[မှတ်စု ၄]

သဥပါဒိသေသနိဗ္ဗာန်နှင့် အနုပါဒိသေသနိဗ္ဗာန်

ဤကဲ့သို့ ဥဒယဗ္ဗယဉာဏ်စသည့် ဝိပဿနာဉာဏ်တို့ဖြင့် ထိုးထွင်းသိမြင်အပ်သည့် နိရောဓသစ္စာအကြောင်းကို ဆက်လက်ကာ ဆွေးနွေးတင်ပြအပ်ပါသည် ..။

ယောဂါဝစရပုဂ္ဂိုလ်သည် ယခုကဲ့သို့ ဥဒယဗ္ဗယဉာဏ်ပိုင်းသို့ ဆိုက်ရောက်လာသည့်အခါ ဥဒယဗ္ဗယဉာဏ်ကို အားသစ်နေဆဲ အားထုတ်နေဆဲအချိန်အခါတွင် ပုထုဇန်အဆင့်မှာသာ တည်ရှိနေသေး၏၊ ဆက်လက်၍ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို အစဉ်အတိုင်း အဆက်မပြတ် အဆင့်ဆင့် ဆက်လက် ကြိုးပမ်းရဦးမည်သာ ဖြစ်သည်။ ထိုသို့ ကြိုးပမ်းလိုက်သည့်အခါ ပါရမီတရားအပေါင်းတို့ကလည်း ရင့်ညောင်းလာခဲ့သော် ဤဘဝ သို့မဟုတ် နောင်အနာဂတ် ဘဝဟူသည့် တစ်ခုသော အနာဂတ် တစ်ချိန်ချိန်တွင် အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်မည် ဖြစ်သည်။ ဤကဲ့သို့ အနာဂတ်တစ်ချိန်ချိန်တွင် မိမိရရှိတော့မည့် အရဟတ္တမဂ်ဉာဏ်၏ စွမ်းအားကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ဦးဆောင်နေသည့် ကိလေသာထု အစိုင်အခဲတို့သည် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းမှုမျိုးကို ရည်ညွှန်း တော်မူကာ ဘုရားရှင်က ဤ တိတ္ထာယတနသုတ္တန် စသည့် ထိုထိုသုတ္တန် ဒေသနာတော်တို့တွင်..“အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ” ..စသည်ဖြင့် ဟောကြားထားတော်မူခဲ့ပေသည်။

ဤကဲ့သို့ ကိလေသာတို့၏ ချုပ်ငြိမ်းမှုကို နောက်ထပ်တစ်ဖန် ပြန်လည်ကာ မည်သည့်အခါမှ ဖြစ်ပေါ်ခြင်း အလျှင်းမရှိကြတော့သည့် ချုပ်ငြိမ်းမှုမျိုး ဖြစ်သည့်အတွက် အနုပ္ပါဒနိရောဓဟူ၍လည်း ခေါ်ဆိုပေသည်၊ နောင်တစ်ဖန် ဖြစ်ပေါ်ခြင်း အလျှင်းမရှိသည့် ချုပ်ငြိမ်းမှုမျိုးဟု ဆိုလိုပေသည်။ ဤကဲ့သို့ ကိလေသာအပူမီးတို့၏ ချုပ်ငြိမ်းမှုကို ကိလေသပရိနိဗ္ဗာန်ဟုလည်း ခေါ်ဆိုပေသည်၊ သဥပါဒိသေသပရိနိဗ္ဗာန်ဟုလည်း ခေါ်ဆိုပေသည်။ သဥပါဒိသေသ ပရိနိဗ္ဗာန်ဟူသည် ကိလေသာတွေက အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားသော်လည်း ခန္ဓာ (၅)ပါးကား ကြွင်းကျန်နေကြသေးသည့်အတွက် ပရိနိဗ္ဗာန်စံသည်အထိ ဆက်လက် တည်ရှိနေကြဦးမည် ဖြစ်ခြင်းကြောင့် သဥပါဒိသေသနိဗ္ဗာန်ဟု ခေါ်ဆိုခြင်း ဖြစ်ပေသည်။

နောက်တစ်မျိုးသည်ကား ခန္ဓပရိနိဗ္ဗာန် ဖြစ်ပေသည်။ ဤကဲ့သို့ အရဟတ္တမဂ်ဉာဏ်၏ စွမ်းအားကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန်ဟူသည့် ကိလေသာထု အစိုင်အခဲတို့သည် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြသည့် အတွက် ကိလေသာတို့၏ အားပေးထောက်ပံ့မှု အကူအညီကို မရရှိကြသည့်အတွက်ကြောင့် အတိတ်ဘဝထိုထိုတွင် လည်းကောင်း အရဟတ္တမဂ်ဆိုက်ရောက်မည့်ဘဝတွင်လည်းကောင်း အရဟတ္တမဂ်သို့ မဆိုက်ရောက်မီ ပြုစုပျိုးထောင် ခဲ့ကြသည့် သင်္ခါရ ကံတို့သည်လည်း နောင်တစ်ဖန် ဘဝသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအင်များ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြ၏၊ ဤကဲ့သို့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသည့် အကြောင်း သမုဒယသစ္စာ တရားတို့သည် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြသည့်အတွက် အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာ တရားတို့သည်လည်း ပရိနိဗ္ဗာနစုတိအခိုက်တွင် ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားကာ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြ၏၊ ဤကဲ့သို့သော ချုပ်ငြိမ်းမှုမျိုးကို နောက်ထပ်တစ်ဖန် မည်သည့်အခါမှ တစ်ဖန်ဖြစ်ပေါ်လာခြင်း အလျှင်းမရှိကြတော့သည့်အတွက် အနုပ္ပါဒနိရောဓဟူ၍လည်း ခေါ်ဆိုပေသည်၊ ခန္ဓပရိနိဗ္ဗာန်ဟူ၍လည်း ခေါ်ဆိုပေသည်၊ အနုပါဒိသေသနိဗ္ဗာနဓာတ်သို့ ဝင်စံတော်မူသည်ဟူ၍လည်း ခေါ်ဆိုပေသည်။ အနုပါဒိသေသနိဗ္ဗာန်ဆိုသည်မှာ အတိတ်က ပြုစုပျိုးထောင်ခဲ့သည့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုသည့် အကြောင်း သမုဒယသစ္စာတရား တွေကြောင့် ထင်ရှားဖြစ်ပေါ်နေကြသည့် အကျိုး ဝိပါက်ခန္ဓာ ဒုက္ခသစ္စာတရားတို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းမှုကို အနုပါဒိသေသနိဗ္ဗာန်ဟု ခေါ်ဆိုပေသည်။[မှတ်စု ၅]

ကိလေသပရိနိဗ္ဗာန်နှင့် ခန္ဓပရိနိဗ္ဗာန်

ဤနေရာတွင် ဘုရားရှင်ကို ဦးတည်ကာ ကိလေသပရိနိဗ္ဗာန်နှင့် ခန္ဓပရိနိဗ္ဗာန်အကြောင်းကို ဆက်လက်၍ ရှင်းလင်းတင်ပြအပ်ပါသည် ..။

ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့ည မိုးသောက်ယာမ်အဆုံး၌ ဗောဓိပင်ခြေ မြတ်သော ပလ္လင်ဗွေထက်တွင် သဗ္ဗညုတဉာဏ်အထွတ်တပ်ထားတော်မူသည့် အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ် တို့ကို ရရှိတော်မူသည့်အတွက်ကြောင့် ဝါသနာအငွေ့ဓာတ်နှင့်တကွ ကိလေသာတို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းခြင်းဟူသည့် ကိလေသပရိနိဗ္ဗာန်ကို ဝင်စံတော်မူခဲ့ပေသည်။ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် (၄၅)ဝါ အချိန်ကာလကို ကျော်လွှားလွန်မြောက်တော်မူပြီးနောက် မဟာသက္ကရာဇ် (၁၄၈)ခုနှစ်၊ ကဆုန်လပြည့်နေ့ည မိုးသောက်ယာမ်ကာလ၏ နောက်ဆုံးပိုင်းမှာပင် ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်အတွင်းဝယ် ဝိပါက် ခန္ဓာ (၅)ပါးတို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းခြင်းဟူသည့် ခန္ဓပရိနိဗ္ဗာန်ကို ဝင်စံတော်မူခဲ့ပေသည်၊၊[မှတ်စု ၆]

ထိုကြောင့် ကိလေသပရိနိဗ္ဗာန် သို့မဟုတ် သဥပါဒိသေသနိဗ္ဗာနဓာတ်ဝင်စံတော်မူရာ အချိန်ကာလနှင့် နေရာ ဒေသတို့သည်လည်း ထင်ရှားတည်ရှိနေခဲ့၏၊ အလားတူပင် ခန္ဓပရိနိဗ္ဗာန် သို့မဟုတ် အနုပါဒိသေသနိဗ္ဗာနဓာတ် ဝင်စံတော်မူရာ အချိန်ကာလနှင့် နေရာဒေသတို့သည်လည်း အထင်အရှား တည်ရှိနေခဲ့၏၊

သို့သော် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ဟု ခေါ်ဆိုအပ်သည့်, လောကုတ္တရာ အရိယမဂ်ဉာဏ် အရိယဖိုလ် ဉာဏ်တို့၏ အာရုံဖြစ်သည့်, လောကုတ္တရာနိရောဓအရိယသစ္စာအစစ် အဖြစ်ကြီးဖြစ်တော်မူသည့် နိဗ္ဗာန်တရားတော် မြတ်ကြီးသည်ကား နိစ္စထာဝရ အမြဲတည်ရှိနေသည့် တစ်ခုတည်းသော အငြိမ်းဓာတ်တရားတော်ကြီးသာ ဖြစ်ပေသည်။ ထိုလောကုတ္တရာ နိဗ္ဗာန်တရားတော်မြတ်ကြီးသည် အကြောင်းတရားတို့က ပြုပြင်ခြင်းကြောင့် ဖြစ်ပေါ်လာရသည့် တရားမျိုးကား မဟုတ်ခြင်းကြောင့် ထိုနိဗ္ဗာန်တရားတော်မြတ်ကို အသင်္ခတဓာတု (= အသင်္ခတဓာတ်) ဟုလည်း ခေါ်ဆိုပေသည်။[မှတ်စု ၇]

ထိုအသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်သည် မပျက်မစီးဘဲ အမြဲထာဝရ တည်ရှိနေသည့် တရားမျိုး ဖြစ်ခြင်းကြောင့် လောကတွင် ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူသည်ပင်ဖြစ်စေ, လောကတွင် ဘုရားရှင်တို့ မပွင့်ထွန်း မပေါ်ပေါက်တော်မူခဲ့သည်ပင်ဖြစ်စေ အမြဲထာဝရ တည်ရှိနေသည့် တစ်ခုတည်းသော တရားတော်မြတ်ပင် ဖြစ်ပေသည်။

ဘုရားရှင်တို့ ပွင့်ထွန်းတော်မူလာသည့်အခါ ထိုနိဗ္ဗာန်သို့ ပရိနိဗ္ဗာန် ဝင်စံတော်မူကြသည့် သူတော်ကောင်းများ များပြားလာခြင်းကြောင့် ထိုနိဗ္ဗာန်၌ ပရိနိဗ္ဗာန်ဝင်စံတော်မူကြသည့် ပုဂ္ဂိုလ်တို့ဖြင့် ပြည့်နှက်ပိုလျှံသွားသည်ဟူ၍လည်း မရှိ၊ ဘုရားရှင်တို့ မပွင့်ထွန်းတော်မူသည့်အခါ သုညကမ္ဘာများစွာတို့၌ ပရိနိဗ္ဗာန် ဝင်စံတော်မူကြသည့် သူတော်ကောင်း များ မရှိကြသည့်အတွက်ကြောင့် ထိုနိဗ္ဗာန်၌ ပရိနိဗ္ဗာန် ဝင်စံတော်မူကြသည့် ပုဂ္ဂိုလ်တို့ဖြင့် ယုတ်လျော့သွားသည် ဟူ၍လည်း မရှိ ဖြစ်ပေသည်၊[မှတ်စု ၈] နိစ္စထာဝရ အမြဲ တည်ရှိနေသည့် တရားတော်မြတ်တစ်ဆူသာ ဖြစ်ပေသည်။ ထို အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တရားတော်မြတ်ကြီးသည် မည်သည့်အချိန်အခါက စတင်ဖြစ်ခဲ့သည်ဟုလည်း ပြောဆိုသတ်မှတ်ဖို့ရန် အချိန်ကာလလည်း မရှိ ဖြစ်ပေသည်၊ “မည်သည့်နေရာ မည်သည့်ဒေသတွင် ဖြစ်ပေါ်နေပါသည်” ဟု ပြောဆိုသတ်မှတ်ဖို့ရန် နေရာဒေသလည်း မရှိ ဖြစ်ပေသည်၊ နိစ္စထာဝရ မပျက်စီးဘဲ အမြဲတည်ရှိနေသော တရားတော်မြတ် တစ်ဆူသာ ဖြစ်ပေသည်။[မှတ်စု ၉]

သို့သော် ကိလေသာတို့၏ ချုပ်ငြိမ်းမှု ကိလေသပရိနိဗ္ဗာန် သို့မဟုတ် သဥပါဒိသေသနိဗ္ဗာန်တရားတော်မြတ်နှင့် ခန္ဓာတို့၏ချုပ်ငြိမ်းမှု ခန္ဓပရိနိဗ္ဗာန် သို့မဟုတ် အနုပါဒိသေသနိဗ္ဗာန်တရားတော်မြတ်တို့တွင် ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနေကြသည့် အကြောင်းတရားတို့လည်း ထင်ရှားရှိနေကြ၏၊ ပရိနိဗ္ဗာန်စံတော်မူရာ အချိန်ကာလနှင့် နေရာဒေသတို့လည်း ထင်ရှားရှိနေကြ၏၊ မည်သည့်အကြောင်းတရားတို့ပါနည်းဟု မေးရန်ရှိ၏၊ လောကီမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားဟု ခေါ်ဆိုအပ်သည့် သမထ ဝိပဿနာဘာဝနာကို ရင့်ကျက်လာအောင် အဆင့်ဆင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ပါမှ ဤကဲ့သို့ ရင့်ကျက်လာကြသည့် အဆင့်ဆင့်သော ဝိပဿနာဉာဏ်တို့က အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်ပါမှ ဤကဲ့သို့ ရင့်ကျက်လာသည့် ဝိပဿနာဉာဏ်တို့၏အဆုံး၌ လေးဆင့်သော အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်တို့သည် လောကုတ္တရာ နိရောဓသစ္စာဖြစ်သည့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံယူကာ တစ်ဆင့်ပြီးတစ်ဆင့် (တစ်ဆင့်နှင့် တစ်ဆင့်အကြားတွင် စိတ္တက္ခဏပေါင်းများစွာ ဝိပဿနာဇောဝီထိပေါင်းများစွာ ခြားလျက်) ဖြစ်ပေါ်လာကြ၏၊ လေးဆင့်သော အရိယ မဂ်ဉာဏ်တို့က မိမိတို့ကို အာရမ္မဏူပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေသည့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီး၏ အငြိမ်းဓာတ် အအေးဓာတ် အရှိန်အဝါသတ္တိထူးကြီး အကူအညီကို ရယူကာ ဆိုင်ရာဆိုင်ရာ ကိလေသာအပူမီးတို့ကို တစ်ဆင့်ပြီးတစ်ဆင့် သမုစ္ဆေဒပဟာန်ဟူသည့် အကြွင်းမဲ့ ပယ်သတ်ခြင်းဖြင့် ငြိမ်းအေးအောင် ငြှိမ်းသတ်ကြ၏၊ လေးဆင့်သော အရိယဖိုလ်ဉာဏ်တို့ကလည်း အလားတူပင် မိမိတို့ကို အာရမ္မဏူပနိဿယပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပေးနေသည့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီး၏ အငြိမ်းဓာတ် အအေးဓာတ် အရှိန်အဝါသတ္တိထူးကြီး အကူအညီကို ရယူကာ ဆိုင်ရာဆိုင်ရာ ကိလေသာအပူမီးတို့ကို တစ်ဆင့်ပြီး တစ်ဆင့် ပဋိပဿဒ္ဓိ နိရောဓသဘောဖြင့် တစ်ဖန် ထပ်မံကာ ငြိမ်းသထက် ငြိမ်းအေးအောင် ငြှိမ်းသတ်ကြ၏၊ ဤကဲ့သို့ ငြှိမ်းသတ်ကြသည့် အတွက်ကြောင့် ကိလေသာအပူမီးဟူသည့် သမုဒယသစ္စာတရားတို့သည် တစ်နည်းဆိုရလျှင် အထက်တွင် ရှင်းပြခဲ့သည့် အတိုင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသည့် သမုဒယသစ္စာတရားတို့သည် အကြွင်းအကျန် မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြ၏၊ ဤကဲ့သို့ အကြောင်းတရားတို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြခြင်းကြောင့် အကျိုးခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတို့သည်လည်း အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြ၏၊ ထိုကြောင့် ကိလေသာအပူမီးတို့၏ ငြိမ်းအေးခြင်း ကိလေသပရိနိဗ္ဗာန် သို့မဟုတ် သဥပါဒိသေသနိဗ္ဗာန်၌..

၁။ ဝိပဿနာဉာဏ်
၂။ အရိယမဂ်ဉာဏ်
၃။ အရိယဖိုလ်ဉာဏ်
၄။ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် –

ဟူသည့် ဤကဲ့သို့သော အကြောင်းတရားများ ထင်ရှားတည်ရှိနေကြ၏၊ ဤကဲ့သို့သော အကြောင်းတရား များကြောင့် ထင်ရှားဖြစ်ပေါ်လာရသည့် သဘောတရားမျိုးသာ ဖြစ်ချေသည်၊ ဖြစ်ပေါ်လာရာ အချိန်ကာလနှင့် ဖြစ်ပေါ်လာရာ နေရာဒေသတို့သည်လည်း ယင်း ကိလေသပရိနိဗ္ဗာန် သို့မဟုတ် သဥပါဒိသေသနိဗ္ဗာန်၌ အထင်အရှား ရှိနေကြ၏၊

တစ်ဖန် .. ခန္ဓာတို့၏ ချုပ်ငြိမ်းမှု ခန္ဓပရိနိဗ္ဗာန် သို့မဟုတ် အနုပါဒိသေသနိဗ္ဗာန်တရားတော်မြတ်၌လည်း ကိလေသာတို့၏ ချုပ်ငြိမ်းခြင်း ကိလေသပရိနိဗ္ဗာန်ဟူသည့် အကြောင်းတရားသည် ထင်ရှားရှိနေ၏၊ ကိလေသပရိနိဗ္ဗာန် ဝင်စံရခြင်းကြောင့်သာလျှင် ခန္ဓပရိနိဗ္ဗာန် ဝင်စံနိုင်ခြင်းဖြစ်၏၊ တစ်နည်းဆိုရလျှင် သဥပါဒိသေသနိဗ္ဗာနဓာတ်သို့ ဝင်စံနိုင်ခြင်းကြောင့်သာလျှင် အနုပါဒိသေသနိဗ္ဗာနဓာတ်သို့ ဝင်စံနိုင်ခြင်းဖြစ်၏၊ ဤအရာ၌လည်း ခန္ဓပရိနိဗ္ဗာန်ဝင်စံရာ သို့မဟုတ် အနုပါဒိသေသနိဗ္ဗာနဓာတ် ဝင်စံရာ အချိန်ကာလနှင့် နေရာဒေသတို့သည်လည်း အထင်အရှား တည်ရှိ နေကြပေသည်။

အဘာဝ ပညတ်မျှသာ

ဤအရာ၌ သဥပါဒိသေသနိဗ္ဗာန်နှင့် အနုပါဒိသေသနိဗ္ဗာန်တို့သည် တစ်နည်း - ကိလေသပရိနိဗ္ဗာန်နှင့် ခန္ဓပရိနိဗ္ဗာန်တို့သည် ဥဒယဗ္ဗယဉာဏ်ကဲ့သို့သော ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်အပ်သော နိရောဓသစ္စာတရား ဖြစ်ခဲ့လျှင် နိရောဓသစ္စာ အမည်ရကြသည့် ယင်း သဥပါဒိသေသနိဗ္ဗာန်နှင့် အနုပါဒိသေသနိဗ္ဗာန်တို့သည် တစ်နည်း ကိလေသပရိနိဗ္ဗာန်နှင့် ခန္ဓပရိနိဗ္ဗာန်တို့သည် လောကီ နိရောဓသစ္စာတရားလေလော သို့မဟုတ် လောကုတ္တရာ နိရောဓသစ္စာတရားလေလောဟု မေးမြန်းကြ၏၊ ဤအရာဝယ် ညောင်လွန့်တောရဆရာတော်ဘုရားက မိမိ၏ နိဗ္ဗာနတ္ထပကာသနီကျမ်းတွင် “သဥပါဒိသေသနိဗ္ဗာန် သို့မဟုတ် ကိလေသပရိနိဗ္ဗာန်ဟူသည် ကိလေသာတို့၏ ချုပ်ငြိမ်းမှု ဆိတ်သုဉ်းမှု မရှိမှု ‘အဘာဝ’သဘောမျှသာ ဖြစ်၏၊ အနုပါဒိသေသနိဗ္ဗာန်ဟူသည် သို့မဟုတ် ခန္ဓပရိနိဗ္ဗာန်ဟူသည် ခန္ဓာတို့၏ ချုပ်ငြိမ်းမှု ဆိတ်သုဉ်းမှု မရှိမှု ‘အဘာဝ’သဘောမျှသာ ဖြစ်၏”ဟု ဆုံးဖြတ်ထားတော်မူ၏၊ အာကိဉ္စညာယတန စျာန်စိတ်သည် အာကာသာနဉ္စာယတနစျာန်စိတ်၏ ဆိတ်သုဉ်းမှု ကင်းဆိတ်မှု မရှိမှု ‘နတ္ထိဘာဝ’သဘောကို အာရုံ ပြုသကဲ့သို့ အလားတူပင် ဤဥဒယဗ္ဗယဉာဏ်ကဲ့သို့သော ဝိပဿနာဉာဏ်သည်လည်း ကိလေသာတို့၏ ချုပ်ငြိမ်းမှု ဆိတ်သုဉ်းမှု မရှိမှု အဘာဝသဘောကို, ခန္ဓာတို့၏ ချုပ်ငြိမ်းမှု ဆိတ်သုဉ်းမှု မရှိမှု အဘာဝသဘောကိုသာ အာရုံပြု၏၊ အာကိဉ္စညာယတနစျာန်၏ အရှုခံအာရုံဖြစ်သည့် နတ္ထိဘာဝသဘောကို နတ္ထိဘောပညတ်ဟု ဆိုသကဲ့သို့ ဤအရာ၌ ကိလေသာတို့၏ ချုပ်ငြိမ်းမှု ဆိတ်သုဉ်းမှု မရှိမှု, ခန္ဓာတို့၏ ချုပ်ငြိမ်းမှု ဆိတ်သုဉ်းမှု မရှိမှု အဘာဝသဘောကိုလည်း အဘာဝပညတ်ဟုပင် ဆုံးဖြတ်ထားတော်မူသည်။

  1. (အဘိ၊၂၊၁၁၂-၁၁၄-၁၁၅။)
  2. (အံ၊၁၊၁၇၈။)
  3. အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အနာဂတဘဝဿ ပစ္စယဘူတာယ ဣမသ္မိံ ဘဝေ အဝိဇ္ဇာယ အရဟတ္တမဂ္ဂဉာဏေန နိရောဓေ ကတေ ပစ္စယာဘာဝါ အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတီတိ အတ္ထော။ (ပဋိသံ၊ဋ္ဌ၊၁၊၂၃၆။)
    အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အဂ္ဂမဂ္ဂဉာဏေန အဝိဇ္ဇာယ အနုပ္ပါဒနိရောဓတော အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတိ ပစ္စယာဘာဝေ အဘာဝတော။ (မဟာဋီ၊၂၊၄၂၁။)
  4. (ဝိသုဒ္ဓိ၊၂၊၂၆၇-၂၆၈။ မဟာဋီ၊၂၊၄၂၃-၄၂၄။)
  5. ပရိနိဗ္ဗုတောတိ ဒွေ ပရိနိဗ္ဗာနာနိ ကိလေသပရိနိဗ္ဗာနဉ္စ ယာ သဥပါဒိသေသနိဗ္ဗာနဓာတု၊ ခန္ဓပရိနိဗ္ဗာနဉ္စ ယာ အနုပါဒိသေသနိဗ္ဗာနဓာတု။ (ထေရဂါထာ၊ဋ္ဌ၊၁၊၅၅။)
    ဝဋ္ဋဒုက္ခကိလေသဒုက္ခဿာ တိ ဝဋ္ဋဒုက္ခဿ စေဝ ကိလေသဒုက္ခဿ စ။ သဥပါဒိသေသနိဗ္ဗာနဥှိ ကိလေသဒုက္ခဿ အန္တကရဏံ၊ အနုပါဒိသေသနိဗ္ဗာနံ ဝဋ္ဋဒုက္ခဿ။ (မ၊ဋီ၊၂၊၄၃၂။)
  6. တတ္ထ ကိလေသပရိနိဗ္ဗာနံ ဗောဓိပလ္လင်္ကေ အဟောသိ၊ ခန္ဓပရိနိဗ္ဗာနံ ကုသိနာရာယံ။ (ဒီ၊ဋ္ဌ၊၃၊၈၃။ မ၊ဋ္ဌ၊၄၊၈၁။ အံ၊ဋ္ဌ၊၁၊၇၀။ သမ္မောဟဝိနောဒနီ၊၄၁၃၊၊)
  7. ကတမေ ဓမ္မာ အသင်္ခတာ? ယော ဧဝ သော ဓမ္မော အပ္ပစ္စယော၊ သော ဧဝ သော ဓမ္မော အသင်္ခတော။ (အဘိ၊၁၊၂၁၉၊၊)
  8. န တေန နိဗ္ဗာနဓာတုယာ ဦနတ္တံ ဝါ ပူရတ္တံ ဝါတိ အသင်္ချေယျေပိ ကပ္ပေ ဗုဒ္ဓေသု အနုပ္ပန္နေသု ဧကသတ္တောပိ ပရိနိဗ္ဗာတုံ န သက္ကောတိ၊ တဒါပိ “တုစ္ဆာ နိဗ္ဗာနဓာတူ”တိ န သက္ကာ ဝတ္တုံ။ ဗုဒ္ဓကာလေ စ ပန ဧကေကသ္မိံ သမာဂမေ အသင်္ချေယျာပိ သတ္တာ အမတံ အာရာဓေန္တိ၊ တဒါပိ န သက္ကာ ဝတ္တုံ- “ပူရာ နိဗ္ဗာနဓာတူ”တိ။ (အံ၊ဋ္ဌ၊၃၊၂၂၁။)
  9. နိဗ္ဗာနံ နိစ္စံ ဓုဝံ သဿတံ အဝိပရိဏာမဓမ္မံ (ကထာဝတ္ထုပါဠိတော်၊၁၀၁။)