နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/မဂ္ဂသစ္စာဟူသည်

မဂ္ဂသစ္စာဟူသည်

မဂ္ဂသစ္စာသည်လည်း ..
(၁) သမထပိုင်း မဂ္ဂသစ္စာ၊
(၂) ဝိပဿနာပိုင်း မဂ္ဂသစ္စာ၊
(၃) အရိယမဂ်ဉာဏ်အခိုက် လောကုတ္တရာ မဂ္ဂသစ္စာ - ဟု (၃) မျိုးရှိ၏၊

သမထပိုင်း မဂ္ဂသစ္စာ

အာနာပါနကမ္မဋ္ဌာန်းကဲ့သို့သော သမထကမ္မဋ္ဌာန်းတစ်ခုခုကို စျာန်ရအောင် ပွားများသူတို့အဖို့ ပထမစျာန်သမာဓိ အခိုက်၌ မဂ္ဂင်တရားကိုယ် (၈)ပါး ရှိပေသည်။ အာနာပါနပထမစျာန်ကို စံထား၍ တင်ပြပေအံ့။ အာနာပါနပထမစျာန် အခိုက်တွင် စျာန်နာမ်တရား (၃၄)လုံး ရှိရာ ယင်းတို့တွင် မဂ္ဂင်တရားကိုယ် (၅)ပါး ပါဝင်ပေသည်။

၁။ သမ္မာဒိဋ္ဌိ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထိုးထွင်းသိမြင်ခြင်းသဘော၊
၂။ သမ္မာသင်္ကပ္ပ= အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေ့ရှုတင်ပေးခြင်းသဘော၊
၃။ သမ္မာဝါယာမ = အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်၌ ဘာဝနာစိတ် ကပ်ပြီး တည်နေအောင် ကြိုးစား အားထုတ်ခြင်းသဘော၊
၄။ သမ္မာသတိ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို အမှတ်ရနေခြင်းသဘော၊
၅။ သမ္မာသမာဓိ = အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ စိတ် ငြိမ်ဝပ်စွာ ကပ်တည်နေခြင်းသဘော၊

အာနာပါနကမ္မဋ္ဌာန်းကို အားမထုတ်မီနှင့် အားထုတ်ဆဲကာလတို့၌ ကြိုတင် ဆောက်တည် ကျင့်သုံးထားအပ်သော ကျင့်သုံးနေဆဲဖြစ်သော သီလမဂ္ဂင် (၃)ပါး ဖြစ်သည့် ..

၆။ သမ္မာဝါစာ = ဝစီဒုစရိုက်မှ ရှောင်ကြဉ်ကာ ကောင်းမွန်မှန်ကန်သော စကားကို ပြောကြားခြင်း၊
၇။ သမ္မာကမ္မန္တ= ကာယဒုစရိုက် သုံးပါးမှ ရှောင်ကြဉ်ကာ ကောင်းမွန်မှန်ကန်သော လုပ်ငန်းရပ်ကို ပြုလုပ်ခြင်း၊
၈။ သမ္မာအာဇီဝ= မိစ္ဆာအာဇီဝအမျိုးမျိုးနှင့် မအပ်သော ကုန်သွယ်မှု ငါးမျိုးတို့မှ ရှောင်ကြဉ်ကာ ကောင်းမွန် မှန်ကန်သော ဆွမ်းခံခြင်း လယ်လုပ်ခြင်း စသည်ဖြင့် အသက်မွေးခြင်း၊

အားလုံးပေါင်းသော် သမထပိုင်းအခိုက်၌ မဂ္ဂင်တရားကိုယ် (၈)ပါး ဖြစ်သည်။

ကုန်သွယ်မှု ငါးမျိုး

လူပုဂ္ဂိုလ်များအတွက် ..
၁။ သတ္ထ ဝဏိဇ္ဇာ = လက်နက်ကို ကုန်သွယ်ခြင်း,
၂။ သတ္တ ဝဏိဇ္ဇာ = လူကို ကုန်သွယ်ခြင်း,
၃။ မံသ ဝဏိဇ္ဇာ= အသားတိုးပွားအောင် မွေးမြူရေးလုပ်၍ ကုန်သွယ်ခြင်း,
၄။ မဇ္ဇ ဝဏိဇ္ဇာ = သေရည် သေရက် မူးယစ်ဆေးဝါးကို ကုန်သွယ်ခြင်း,
၅။ ဝိသ ဝဏိဇ္ဇာ = အဆိပ်ကို ကုန်သွယ်ခြင်းဟု –

ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေသော ဥပါသကာ-ဒါယကာ ဥပါသိကာ-ဒါယိကာမတို့ မပြုကျင့် မပြုထိုက်သော ကုန်သွယ်မှု (၅)မျိုး လာရှိ၏၊ ယင်းကုန်သွယ်မှု (၅)မျိုးကြောင့် ရရှိသော ပစ္စည်းများကို မသုံးစွဲဘဲ ရှောင်ကြဉ်မှုသဘောသည်လည်း သမ္မာအာဇီဝပင် ဖြစ်သည်။[မှတ်စု ၁]

ဝိပဿနာပိုင်း မဂ္ဂသစ္စာ

ထိုသစ္စာလေးပါးတို့တွင် ရှေးဖြစ်ကုန်သော ဒုက္ခသစ္စာ သမုဒယသစ္စာ နှစ်မျိုးတို့ကား သံသရာဝဋ်၌ လည်ပတ်နေ သော ဝဋ္ဋသစ္စာတရားများတည်း။ နောက်ဖြစ်ကုန်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်တည်း ဟူသော လောကုတ္တရာ နိရောဓသစ္စာနှင့် ယင်းနိရောဓသစ္စာကို ထွင်းဖောက်သိမြင်တတ်သော အရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲနေသည့် မဂ္ဂင်တရားကိုယ် (၈)ပါးတည်းဟူသော, ဒုက္ခချုပ်ရာ နိရောဓနိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် လောကုတ္တရာ မဂ္ဂအရိယသစ္စာတို့ကား သံသရာဝဋ်မှ ကင်းရာ ချုပ်ရာဖြစ်သည့် နိဗ္ဗာန်တရားတော်မြတ်နှင့် ယင်းနိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်တရားများ ဖြစ်ကြသည့်အတွက် ဝိဝဋ္ဋသစ္စာတည်း။ ထို ဝဋ္ဋသစ္စာ ဝိဝဋ္ဋသစ္စာ နှစ်မျိုးတို့တွင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝဋ္ဋသစ္စာဖြစ်သည့် ဒုက္ခသစ္စာနှင့် သမုဒယသစ္စာ တရားစုတို့၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းအမှုကို ပြုလုပ်ရမည် ဖြစ်သည်။ ဝိဝဋ္ဋသစ္စာတရား နှစ်မျိုးတို့၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းသည် မရှိပေ။[မှတ်စု ၂]

ယင်း ဒုက္ခသစ္စာ အမည်ရသည့် အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက (=အကြမ်း), သုခုမ (= အနု), ဟီန (= အယုတ်), ပဏီတ (= အမြတ်), ဒူရ (= အဝေး), သန္တိက (= အနီး)ဟု ခေါ်ဆိုအပ်သည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးနှင့် သမုဒယသစ္စာ အမည်ရသည့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့ကား မိမိတို့၏ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့က ပြုပြင်ပေးမှ ဖြစ်ပေါ်လာကြရသည့် တရားတို့ ဖြစ်ခြင်းကြောင့် သင်္ခါရတရားတို့ မည်ကြ၏၊ ယင်းသင်္ခါရတရားတို့ကား လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ ဖြစ်ကြ၏၊

ဝိပဿနာဆိုသည်မှာ အဘယ်နည်း?

အနိစ္စစသည်တို့၏ အစွမ်းဖြင့် အမျိုးမျိုးသော အခြင်းအရာတို့ဖြင့် ဒုက္ခသစ္စာဓမ္မ+သမုဒယသစ္စာဓမ္မ ဟူသည့် သင်္ခါရဓမ္မ (= သင်္ခါရတရား)တို့ကို ရှုပွားတတ်သောကြောင့် ဝိပဿနာ မည်၏၊[မှတ်စု ၃]

ဤအထက်ပါ အဋ္ဌကထာ၏ ရှင်းလင်းတင်ပြချက်အရ ဝိပဿနာဟူသည် ဒုက္ခသစ္စာဓမ္မနှင့် သမုဒယသစ္စာဓမ္မဖြစ်ကြသည့် သင်္ခါရတရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု အမျိုးမျိုးသော အခြင်းအရာတို့ဖြင့် ရှုပွားသုံးသပ်ခြင်းကို ဆိုလိုပေသည်။

ထိုကြောင့် ဝိပဿနာပိုင်း၌ မဂ္ဂင်တရားကိုယ် (၈)ပါးတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏၊

၁။ သမ္မာဒိဋ္ဌိ= ယင်းသင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို ထိုးထွင်းသိမြင်ခြင်းသဘော၊
၂။ သမ္မာသင်္ကပ္ပ= ယင်းသင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာပေါ်သို့ စိတ်ကို ရှေ့ရှုတင်ပေးခြင်း သဘော၊
၃။ သမ္မာဝါယာမ= ယင်းသင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို သိအောင် ကြိုးစားအားထုတ်ခြင်း သဘော၊
၄။ သမ္မာသတိ= ယင်းသင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို အမှတ်ရနေခြင်းသဘော၊
၅။ သမ္မာသမာဓိ = ယင်းသင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာအာရုံ၌ စိတ် ငြိမ်ဝပ်စွာ ကပ်တည် နေခြင်းသဘော၊

ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အားမထုတ်မီနှင့် အားထုတ်ဆဲကာလတို့၌ ကြိုတင် ဆောက်တည် ကျင့်သုံး ထားအပ်သော ကျင့်သုံးနေဆဲဖြစ်သော သီလမဂ္ဂင် (၃)ပါး ဖြစ်သည့် ..

၆။ သမ္မာဝါစာ= ဝစီဒုစရိုက်မှ ရှောင်ကြဉ်ကာ ကောင်းမွန်မှန်ကန်သော စကားကို ပြောကြားခြင်း၊
၇။ သမ္မာကမ္မန္တ= ကာယဒုစရိုက် သုံးပါးမှ ရှောင်ကြဉ်ကာ ကောင်းမွန်မှန်ကန်သော လုပ်ငန်းရပ်ကို ပြုလုပ်ခြင်း၊
၈။ သမ္မာအာဇီဝ = မိစ္ဆာအာဇီဝအမျိုးမျိုးနှင့် မအပ်သော ကုန်သွယ်မှု ငါးမျိုးတို့မှ ရှောင်ကြဉ်ကာ ကောင်းမွန် မှန်ကန်သော ဆွမ်းခံခြင်း လယ်လုပ်ခြင်း စသည်ဖြင့် အသက်မွေးခြင်း၊

အားလုံးပေါင်းသော် ဝိပဿနာပိုင်းအခိုက်၌ မဂ္ဂင်တရားကိုယ် (၈)ပါး ဖြစ်သည်။

တစ်ဖန် အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း ဥဒယဗ္ဗယဉာဏ်ကဲ့သို့သော ဝိပဿနာဉာဏ်သည်လည်း သစ္စာလေးပါးကို ထိုးထွင်းသိမြင်သည်ဖြစ်ရာ ဝိပဿနာဉာဏ်အခိုက် ဖြစ်ပေါ်နေသော သစ္စာလေးပါးကို ခြုံငုံ၍ ဆိုရသော် လောကီဝိပဿနာဉာဏ်ဖြင့် သစ္စာလေးပါးကို သိမြင်ခိုက်၌လည်း မဂ္ဂင်တရားကိုယ် (၈)ပါးတို့ ရှိနေကြ ပေသည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏ ..။

(၁) သမ္မာဒိဋ္ဌိ = သစ္စာလေးပါးအာရုံကို ထိုးထွင်းသိမြင်ခြင်းသဘော၊
(၂) သမ္မာသင်္ကပ္ပ = သစ္စာလေးပါးအာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော၊
(၃) သမ္မာဝါယာမ = သစ္စာလေးပါးအာရုံကို ထိုးထွင်းသိမြင်အောင် ကြိုးစားအားထုတ်ခြင်းသဘော၊
(၄) သမ္မာသတိ = သစ္စာလေးပါးအာရုံကို အမှတ်ရနေခြင်းသဘော၊
(၅) သမ္မာသမာဓိ = သစ္စာလေးပါးအာရုံ၌ စိတ် ငြိမ်ဝပ်စွာ ကပ်တည်နေခြင်းသဘော၊
(၆၊ ၇၊ ၈) ကြိုတင် ဆောက်တည် ကျင့်သုံးထားအပ်သော သီလမဂ္ဂင် (၃)ပါး၊

အားလုံးပေါင်းသော် ဝိပဿနာပိုင်းအခိုက်၌ မဂ္ဂင်တရားကိုယ် (၈)ပါး ဖြစ်သည်။

လက်တွေ့ရှုရာ၌ကား ... ရုပ်သက်သက်ကို ဝိပဿနာရှုနေခိုက်ဖြစ်လျှင် ရုပ်တရားတို့၏ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာကို အာရုံပြု၍ မဂ္ဂင် (၅)ပါး၊

နာမ်သက်သက်ကို ဝိပဿနာရှုနေခိုက်ဖြစ်လျှင်လည်း နာမ်တရားတို့၏ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာကို အာရုံပြု၍ မဂ္ဂင် (၅)ပါး၊

အကြောင်းတရားတို့ကို ဝိပဿနာရှုနေခိုက်ဖြစ်လျှင်လည်း အကြောင်းတရားတို့၏ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာကို အာရုံပြု၍ မဂ္ဂင် (၅)ပါး ––

ဤသို့ စသည်ဖြင့် သဘောပေါက်ပါ။ ဆောက်တည်ကျင့်သုံးနေဆဲ ဖြစ်သော သီလမဂ္ဂင် (၃)ပါးနှင့်ပေါင်းလျှင် မဂ္ဂင် (၈)ပါးပင် ဖြစ်သည်။ သို့သော် လောကီဝိပဿနာဉာဏ် ဖြစ်ပွားခိုက်၌ ဤသီလမဂ္ဂင် (၃)ပါးတို့မှာ ဝိပဿနာ ဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ တို့ကိုကား အာရုံမယူနိုင်ကြပေ။ မိမိ မိမိတို့၏ ဆိုင်ရာဆိုင်ရာ သူ့အသက် သို့မဟုတ် သူ့ပစ္စည်း သို့မဟုတ် သူ့သားမယား စသည့် ရှောင်ကြဉ်ထိုက်သည့် ဝိရမိတဗ္ဗဝတ္ထုကိုသာ အာရုံပြုကြသည်။ တစ်ဖန် လောကီသီလမဂ္ဂင် (၃)ပါးတို့မှာလည်း တစ်ပါးနှင့် တစ်ပါး အာရုံချင်းကား မတူညီကြပေ။ ယင်းသို့ အာရုံချင်း ကွဲပြားသောကြောင့် ယင်းမဂ္ဂင် (၃)ပါးတို့သည်လည်း လောကီအခိုက်၌ စိတ္တက္ခဏတစ်ခုအတွင်းဝယ် အတူယှဉ်တွဲကာ မဖြစ်နိုင်ကြပေ၊ စိတ္တက္ခဏတစ်ခုအခိုက်၌ တစ်မျိုးစီသာ ယှဉ်တွဲဖြစ်နိုင်ပေသည်။ သို့အတွက် လောကီဝိပဿနာအခိုက်၌ ဝိပဿနာစိတ္တက္ခဏတစ်ခုအတွင်းဝယ် အထက်တွင် တင်ပြထားသည့် မဂ္ဂင်တရားကိုယ် (၅)ပါးတို့သာ အတူယှဉ်တွဲကာ ဖြစ်နိုင်ကြသည်ဟု မှတ်သားပါ။ သို့သော် လောကုတ္တရာ အရိယမဂ်ဉာဏ်အခိုက်၌ကား မဂ္ဂင်တရားကိုယ် (၈)ပါးလုံး ပြိုင်တူယှဉ်တွဲ ဖြစ်နိုင်ကြပေသည်။

အရိယမဂ်ဉာဏ်အခိုက် လောကုတ္တရ မဂ္ဂသစ္စာ

ဥပမာ ––- ပထမစျာန်နာမ်တရားတို့ကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ရောက်ခဲ့သော် ထိုအရိယမဂ် အခိုက်၌ နာမ်တရား (၃၇)လုံး ရှိပေသည်။ ထိုနာမ်တရားတို့တွင် မဂ္ဂင် (၈)ပါးလည်း ပါဝင်ပေသည်။ ထိုအရိယမဂ်နှင့် ယှဉ်တွဲနေသည့် ယင်း စိတ်စေတသိက်အားလုံးတို့ကား အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် တစ်ခုတည်းကိုသာ အာရုံပြုကြသည်၊ ထိုးထွင်းသိမြင်နေကြသည်။ ယင်းမဂ္ဂင် (၈)ပါးတို့မှာ ဤသို့ ဖြစ်ကြသည် ..။

၁။ သမ္မာဒိဋ္ဌိ = အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်အာရုံကို ထိုးထွင်းသိမြင်ခြင်းသဘော၊
၂။ သမ္မာသင်္ကပ္ပ = အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်အာရုံပေါ်သို့ အရိယမဂ်စိတ်ကို ရှေ့ရှုတင်ပေးခြင်းသဘော၊
၃။ သမ္မာဝါယာမ = အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်အာရုံကို ထိုးထွင်းသိမြင်အောင် ကြိုးစားအားထုတ်ခြင်း သဘော၊
၄။ သမ္မာသတိ = အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်အာရုံကို အမှတ်ရနေခြင်းသဘော၊
၅။ သမ္မာသမာဓိ = အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်အာရုံပေါ်၌ အရိယမဂ်စိတ်၏ ငြိမ်ဝပ်စွာ ကပ်တည် နေခြင်းသဘော၊

အရိယမဂ်သည် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်၏ အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူး ပြုပေးသည့် အကူအညီဖြင့် သမ္မာဝါစာ မဖြစ်အောင်, သမ္မာကမ္မန္တ မဖြစ်အောင်, သမ္မာအာဇီဝ မဖြစ်အောင် တားမြစ် နှောင့်ယှက်နေသည့် ကိလေသာတို့ကို ပယ်သတ်လိုက်၏၊ သို့အတွက် အရိယမဂ်ဉာဏ်အခိုက်၌ သမ္မာဝါစာသဘော သမ္မာကမ္မန္တသဘော သမ္မာအာဇီဝသဘောတရားတို့သည် ရှေးရှုတည်နေကြ၏၊ ထိုကြောင့် ..

၆။ သမ္မာဝါစာ = မှန်သော စကားကို ပြောဆိုခြင်း၊
၇။ သမ္မာကမ္မန္တ = မှန်သော လုပ်ငန်းရပ်ကို ပြုလုပ်ခြင်း၊
၈။ သမ္မာအာဇီဝ = မှန်သော အသက်မွေးခြင်း၊

ဤသီလမဂ္ဂင် (၃)ပါးလည်း အရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲလျက် ဖြစ်ပေါ်လာကြ၏၊

အားလုံးပေါင်းသော် အရိယမဂ်ဉာဏ်အခိုက်၌ မဂ္ဂင်တရားကိုယ် (၈)ပါး ဖြစ်သည်။

ဤသို့လျှင် .. သမထပိုင်း၌ မဂ္ဂင် (၈)ပါး, ဝိပဿနာပိုင်း၌ မဂ္ဂင် (၈)ပါး, အရိယမဂ်ဉာဏ်အခိုက်၌ မဂ္ဂင် (၈)ပါးတို့ ဖြစ်ကြသည်။ ထိုတွင် သမထပိုင်းမဂ္ဂင် (၈)ပါး, ဝိပဿနာပိုင်းမဂ္ဂင် (၈)ပါးတို့ကား လောကီ မဂ္ဂသစ္စာတရားတို့ ဖြစ်ကြ၏၊ အရိယမဂ်ဉာဏ်အခိုက် မဂ္ဂင် (၈)ပါးတို့ကား လောကုတ္တရာ မဂ္ဂသစ္စာတရားတို့ ဖြစ်ကြ၏၊ လောကုတ္တရာ မဂ္ဂသစ္စာတရားတို့ဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို အာရုံပြုနိုင်ရေးအတွက် လောကီ မဂ္ဂသစ္စာတရားတို့ကို ပွားများအားထုတ်ရမည် ဖြစ်သည်။[မှတ်စု ၄]

  1. (အံ၊၂၊၁၈၃။ ဝဏိဇ္ဇာသုတ္တန်။)
  2. တတ္ထ ပုရိမာနိ ဒွေ သစ္စာနိ ဝဋ္ဋံ၊ ပစ္ဆိမာနိ ဝိဝဋ္ဋံ။ တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)
  3. အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)
  4. (ဒီ၊ဋ္ဌ၊၂၊၃၃၆၊ မဟာသတိပဋ္ဌာနသုတ်အဖွင့်။ မ၊ဋ္ဌ၊၂၊၁၆၅၊ မဟာဂေါပါလကသုတ်အဖွင့်။)