နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/နေဝသညာနာသညာယတနဈာန်

နေဝသညာနာသညာယတနစျာန်

ရုန့်ရင်းကြမ်းတမ်းသော သညာကား မရှိ၊ အလွန့်အလွန် သိမ်မွေ့နူးညံ့သော သညာသာ ရှိသောကြောင့် သညာရှိသည်လည်းမဟုတ် မရှိသည်လည်းမဟုတ်သော စျာန်သည် နေဝသညာနာသညာယတနစျာန် မည်၏၊ သညာကို အဦးမူသဖြင့် ဒေသနာတော်ကို ဟောကြားထားတော်မူခြင်း ဖြစ်၏၊ ယင်းသမာပတ်အတွင်း၌ တည်ရှိကြကုန်သော အသိစိတ်, ဖဿ, ဝေဒနာ, စေတနာစသော (၃၁)မျိုးသော နာမ်တရားစုအားလုံးတို့သည်လည်း အလွန့်အလွန် သိမ်မွေ့ နူးညံ့ကြကုန်၏၊ ရုန့်ရင်းကြမ်းတမ်းသော နာမ်တရားကား မရှိ၊ အလွန့်အလွန် သိမ်မွေ့နူးညံ့သော နာမ်တရားစုသာ ယင်းသမာပတ်၌ တည်ရှိသည်။ ထိုကြောင့် ယင်းသမာပတ်ကို သင်္ခါရာဝသေသသမာပတ်= အပိုင်းအခြားကို လွန်၍ သိမ်မွေ့သည်၏အဖြစ်သို့ ရောက်လျက် မပြောစလောက် သင်္ခါရမျှသာဖြစ်သော = အသိမ်မွေ့ဆုံးအဖြစ်သို့ရောက်သော သင်္ခါရမျှသာဖြစ်သော = အသိမ်မွေ့ဆုံးအဖြစ်သို့ရောက်သော သင်္ခါရမျှသာ ကြွင်းကျန်သော စတုတ္ထအရူပါဝစရ သမာပတ်ဟု ခေါ်ဆို၏၊

လုပ်ငန်းခွင် အဆင့်ဆင့်

ယင်းနေဝသညာနာသညာယတနစျာန်ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အာကိဉ္စညာယတနစျာန်သမာပတ်၌ ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျင့်ရ၏၊ လေ့ကျင့်ပြီးသော် ဤသို့ ဆင်ခြင်အပ်၏၊ –

၁။ ဤ ငါရရှိထားသော အာကိဉ္စညာယတနစျာန်သမာပတ်သည် ဝိညာဏဉ္စာယတနစျာန်သမာပတ်ဟူသော နီးကပ်သော ရန်သူရှိ၏ဟုလည်းကောင်း,
၂။ နေဝသညာနာသညာယတနသမာပတ်ကဲ့သို့ ငြိမ်သက်သည်လည်း မဟုတ်ခဲ့ဟုလည်းကောင်း, “သညာသည် ရောဂါတည်း၊ သညာသည် အိုင်းအမာနှင့် တူ၏၊ သညာသည် မြားငြောင့်နှင့် တူ၏၊ အကြင် နေဝသညာနာသညာသည် ရှိ၏၊ ဤနေဝသညာနာသညာယတနစျာန်သည် ငြိမ်သက်၏၊ ဤနေဝသညာနာသညာယတန စျာန်သည် မွန်မြတ်၏” – ဟုလည်းကောင်း –

ဤသို့လျှင် အာကိဉ္စညာယတနစျာန်၌ အပြစ်ဒေါသကိုလည်းကောင်း, အထက်ဖြစ်သော နေဝသညာနာသညာယတနစျာန်၌ အကျိုးအာနိသင်ကိုလည်းကောင်း မြင်အောင်ရှု၍ –

၃။ အာကိဉ္စညာယတနစျာန်၌ တွယ်တာငဲ့ကွက် တသက်သက်ရှိခြင်း နိကန္တိတရားကို ကုန်ခန်းစေ၍,
၄။ နေဝသညာနာသညာယတနစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍,
၅။ အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းသဘော (= နတ္ထိဘောပညတ်)ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ထိုအာကိဉ္စညာယတနစျာန်သမာပတ်ကိုပင် အာရုံပြု၍ –

သန္တာ - သန္တာ = ငြိမ်သက်ပေစွ - ငြိမ်သက်ပေစွဟု အဖန်ဖန် အထပ်ထပ် ဆင်ခြင်အပ်၏၊ နှလုံးသွင်းအပ်၏၊ ဉာဏ်ဖြင့် သက်ဝင်၍ ရှုအပ်၏၊ ဝိတက်ဖြင့် သန္တာ - သန္တာ = ငြိမ်သက်ပေစွ - ငြိမ်သက်ပေစွဟု ရှေးရှုခေါက်သည်ကို, ထက်ဝန်းကျင် လှည့်လည်၍ ခေါက်သည်ကို ပြုအပ်၏၊[မှတ်စု ၁]

ဤဆိုအပ်ခဲ့ပြီးသည့် နည်းအတိုင်း ထိုအာကိဉ္စညာယတနစျာန်သမာပတ် အာရုံနိမိတ်၌ အဖန်ဖန် အထပ်ထပ် ဘာဝနာမနသိကာရကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ နီဝရဏ ကိလေသာအညစ်အကြေးတို့သည် ကွာကျသွားကြကုန်၏၊ အာကိဉ္စညာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိသော သတိသည် ကောင်းစွာ တည်လာ၏၊ ဥပစာရစျာန်သမာဓိဖြင့် ဘာဝနာစိတ်သည် ကောင်းစွာ တည်ကြည်လာ၏၊

ထိုယောဂါဝစရပုဂ္ဂိုလ်သည် နေဝသညာနာသညာယတနစျာန်ဖြစ်ကြောင်းဖြစ်သည့် ထိုအာကိဉ္စညာယတန စျာန်သမာပတ်နိမိတ်ကို အဖန်တလဲလဲ မှီဝဲ၏, ပွားများ၏, ကြိမ်ဖန်များစွာ အလေ့အလာပြု၏, အဖန်ဖန် အထပ်ထပ် အာရုံပြုနေ၏, ယင်းအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်တည်နေအောင် သမာဓိကို ထူထောင်၏၊ ဤသို့သော နည်းဖြင့် ပြုကျင့်သော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ – အာကာသာနဉ္စာယတနဝိညာဏ်၏ ကင်းခြင်း = မရှိခြင်းသဘော = နတ္ထိဘောပညတ်အာရုံ၌ အာကိဉ္စညာယတနစျာန်သည် အပ္ပနာ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသကဲ့သို့ အာကိဉ္စညာယတနစျာန်သမာပတ်ဟု ခေါ်ဆိုအပ်ကုန်သော နာမ်ခန္ဓာလေးပါးတို့၌ အာရုံပြု၍ နေဝသညာနာသညာယတနစျာန်စိတ်သည် အပ္ပနာ၏အစွမ်းဖြင့် ဖြစ်ပေါ်လာ၏၊[မှတ်စု ၂]

နေဝသညာနာသညာယတနစျာန်သို့ ဆိုက်ပြီ

ဤမျှ အတိုင်းအရှည်ရှိသော စကားအစဉ် တရားအယဉ်ဖြင့် ထိုယောဂါဝစရပုဂ္ဂိုလ်ကို အလုံးစုံသော အာကိဉ္စညာယတနစျာန်ကိုလည်းကောင်း, ထိုအာကိဉ္စညာယတနစျာန်၏ တည်ရာအာရုံဖြစ်သော အာကာသာနဉ္စာယတန ဝိညာဏ်၏ မရှိခြင်းသဘောဟူသော နတ္ထိဘောပညတ်အာရုံကိုလည်းကောင်း ကောင်းစွာ ကျော်လွှားလွန်မြောက်၍ အာကိဉ္စညာယတနဝိညာဏ်ကိုပင် သန္တာ - သန္တာဟု နှလုံးသွင်းသည်ဖြစ်၍ နေဝသညာနာသညာယတနစျာန်ကို ပြည့်စုံစေ၍နေ၏ဟူ၍ ဆိုအပ်ပေ၏၊[မှတ်စု ၃]

အာကိဉ္စညာယတနံ သမတိက္ကမ္မ

ဤ၌ အာကိဉ္စညာယတနစျာန်သည်လည်းကောင်း, အာကိဉ္စနညာယတနစျာန်၏ အာရုံဖြစ်သော နတ္ထိဘော ပညတ်သည်လည်းကောင်း ဤစျာန်နှင့်အာရုံ နှစ်မျိုးစုံသည်ပင် အာကိဉ္စညာယတနမည်၏၊ အာကိဉ္စညာယတနစျာန်၏ အာရုံဖြစ်သော နတ္ထိဘောပညတ်သည် အထက်တွင် ဆိုခဲ့သည့်အတိုင်း အာကိဉ္စညလည်း မည်၏၊ ထိုအာကိဉ္စည အမည်ရသော နတ္ထိဘောပညတ်အာရုံသည် တတိယအရူပါဝစရစျာန် = အာကိဉ္စညာယတနစျာန်၏ တည်ရာအာရုံ ဖြစ်သောကြောင့် – နတ်တို့၏ တည်ရာ ဘုံဗိမာန်သည် ဒေဝါယတန မည်သကဲ့သို့ –– တည်ရာဟူသော အနက်သဘောကြောင့် အာယတနလည်း မည်၏၊ ထိုကြောင့် နတ္ထိဘောပညတ်အာရုံသည် အာကိဉ္စညာယတနမည်၏၊ ကမ္ဗောဇတိုင်းသည် မြင်းတို့၏ ဖြစ်ထွန်းရာဒေသ အာယတနဖြစ်သကဲ့သို့ အလားတူပင် နတ္ထိဘောပညတ်သည် အာကိဉ္စညလည်း ဟုတ်၏၊ ထိုအာကိဉ္စညဟူသည် ထိုတတိယအရူပါဝစရစျာန် = အာကိဉ္စညာယတနစျာန်၏ ဖြစ်ပေါ် လာခြင်း၏ အကြောင်းရင်းစစ် ဖြစ်သောကြောင့် အာယတနလည်း ဟုတ်၏၊ ထိုကြောင့်လည်း အာကိဉ္စညာယတန မည်၏၊

ဤသို့လျှင် စျာန်သည်လည်းကောင်း, နတ္ထိဘောပညတ်အာရုံသည်လည်းကောင်း – ဤစျာန်နှင့်အာရုံ နှစ်မျိုးလုံးကိုလည်း မဖြစ်ခြင်းကို ပြုသဖြင့်လည်းကောင်း, နှလုံးမသွင်းခြင်းကို ပြုခြင်းဖြင့်လည်းကောင်း ကောင်းစွာ ကျော်လွှားလွန်မြောက်၍ သွားမှသာလျှင် ဤနေဝသညာနာသညာယတနစျာန်ကို ပြည့်စုံစေ၍ နေသင့်၏၊ ထိုကြောင့် ဤစျာန်နှင့်အာရုံ နှစ်ပါးစုံကိုလည်း တစ်ပေါင်းတည်းပြု၍ – အာကိဉ္စညာယတနံ သမတိက္ကမ္မ– ဟူသော ဤစကားကို ဟောကြားတော်မူအပ်၏ဟု သိရှိပါလေ။[မှတ်စု ၄]

ငြိမ်သက်ပါ၏ မွန်မြတ်ပါ၏

နေဝသညာနာသညာယတနစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်ရာ၌ အရှုခံအာရုံဖြစ်သော အာကိဉ္စညာယတနစျာန်ကို ..

၁။ ဧတံ သန္တံ ဧတံ ပဏီတံ = ဤဝိညာဏ်သည် ငြိမ်သက်၏, ဤဝိညာဏ်သည် မွန်မြတ်၏ဟုလည်းကောင်း,
၂။ သန္တံ - သန္တံ = သန္တာ - သန္တာ = ငြိမ်သက်၏ ငြိမ်သက်၏ဟု လည်းကောင်း,
၃။ ပဏီတံ - ပဏီတံ = မွန်မြတ်၏ မွန်မြတ်၏ဟုလည်းကောင်း –

ဤသို့ နှလုံးသွင်းရ၏၊ များစွာသော စိတ်တို့သည် တစ်စုံတစ်ခုသော အထည်ဝတ္ထုဒြပ်ကို တစ်စုံတစ်ခုသော သိစရာအာရုံကို အာရုံပြုနေရပါမှ ကြာရှည်စွာ မွေ့လျော်နိုင်ကြ၏၊ ဤတတိယအရူပါဝစရစျာန် = အာကိဉ္စညာယတနစျာန်သမာပတ်ကား ဘာမျှမရှိခြင်းဟူသော နတ္ထိဘောပညတ်ကိုပင် အာရုံပြုနိုင်သဖြင့် – “ဤသမာပတ်သည် ငြိမ်သက်ပေစွ၊ ယင်းသမာပတ်သည် အာကာသာနဉ္စာယတနဝိညာဏ်၏ ဆိတ်သည်၏အဖြစ်ဟူသော ဘာမျှမရှိခြင်း နတ္ထိဘောပညတ်ဟူသော သို့စင်မျှလောက် အလွန် သိမ်မွေ့စွာကိုသော်လည်း အာရုံပြု၍ တည်နိုင်တုံပေသည်တကား”ဟု ဤသို့လျှင် နတ္ထိဘောပညတ်ကိုပင် အာရုံပြုနိုင်သဖြင့် ငြိမ်သက်သော အာရုံရှိသည်၏အဖြစ်ကြောင့် ထိုအာကိဉ္စညာယတနစျာန်ကို ငြိမ်သက်ပေစွဟု နှလုံးသွင်း၏၊[မှတ်စု ၅]

ဤတတိယအရူပါဝစရစျာန် (= အာကိဉ္စညာယတနစျာန်) သည် ဘာမျှမရှိခြင်း နတ္ထိဘောပညတ်ကိုပင် အာရုံပြုနိုင်သဖြင့် အလွန်တရာမှ ငြိမ်သက်မွန်မြတ်ပေသည်ဟု ယောဂါဝစရပုဂ္ဂိုလ်က ယင်းစျာန်ကို ချီးမွမ်းသည်။ စတုတ္ထအရူပါဝစရစျာန် (= နေဝသညာနာသညာယတနစျာန်) စိတ်-စေတသိက်များလောက် မငြိမ်သက်သဖြင့် “မငြိမ်သက်ဘူး”ဟု ရှေးပရိကမ်ပြုခါနီးတုန်းက အပြစ်ရှုခဲ့သည်။ သန္တမေတံ ပဏီတမေတံ = ဧတံ သန္တံ - ဧတံ ပဏီတံ = ဤဝိညာဏ်သည် ငြိမ်သက်၏၊ ဤဝိညာဏ်သည် မွန်မြတ်၏ဟု ချီးမွမ်းခြင်းကား ဘာမျှမရှိခြင်း သဘောတရားကို (= နတ္ထိဘောပညတ်ကို) အာရုံပြုနိုင်သည့်အတွက် ချီးမွမ်းခြင်းတည်း။ ထိုကြောင့် အပြစ်အားလျော်စွာ အပြစ်ရှု၍ ဂုဏ်အားလျော်စွာ ချီးမွမ်းသည့်အတွက် ဆန့်ကျင်ဘက် မဖြစ်ဟု မှတ်ပါ။ အရုပ်ဆိုး၍ လိမ္မာသော မိန်းကလေး၌ ရုပ်အဆင်းအတွက် ကဲ့ရဲ့ထိုက်၍ အလိမ္မာအတွက် ချီးမွမ်းထိုက်သကဲ့သို့တည်း။

အမေးနှင့် အဖြေ

အမေး– အာကိဉ္စညာယတနစျာန်ကို ငြိမ်သက်သောအားဖြင့် အကယ်၍ နှလုံးသွင်းအံ့၊ အဘယ်ကြောင့် ယင်းစျာန်နှင့် စျာန်၏အာရုံကို ကျော်လွှားလွန်မြောက်ခြင်းသည် ဖြစ်နိုင်ပါအံ့နည်း? ဤသို့ မေးရန်ရှိ၏၊

အဖြေ– အာကိဉ္စညာယတနသမာပတ်ကို ဝင်စားခြင်းငှာ အလိုမရှိသည်၏အဖြစ်ကြောင့် ကျော်လွှား လွန်မြောက်ခြင်းသည် ဖြစ်နိုင်၏၊ ထင်ရှားစေအံ့ – ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကိဉ္စညာယတနစျာန်ကို ငြိမ်သက်သောအားဖြင့် အကယ်၍ နှလုံးသွင်းသည်ကား မှန်၏၊ ထိုသို့ပင် နှလုံးသွင်းသည် မှန်သော်လည်း ထို ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ –– “ငါသည် ဤအာကိဉ္စညာယတနစျာန်ကို ဆင်ခြင်အံ့, ဝင်စားအံ့, ဆောက်တည်အံ့, ထအံ့, ပစ္စဝေက္ခဏာဇောဖြင့် စျာန်အင်္ဂါကို ဆင်ခြင်အံ့” ဤသို့သော နှလုံးသွင်းခြင်း အာဘောဂသည်, ဤသို့ ကောင်းစွာ အဖန်ဖန် နှလုံးသို့ ဆောင်ခြင်းသည်, ဤသို့သော နှလုံးသွင်းမှု မနသိကာရသည် မဖြစ်။ အဘယ်ကြောင့်နည်းဟူမူ အာကိဉ္စညာယတနစျာန်ထက် နေဝသညာနာသညာယတနစျာန်၏ သာလွန်၍ ငြိမ်သက်, သာလွန်၍ မွန်မြတ်သည်၏ အဖြစ်ကြောင့်တည်း။[မှတ်စု ၆]

နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ

ရှင်ဘုရင်တစ်ပါးသည် လက်မှုပညာပြပွဲ တစ်ခုကို လှည့်လည်ကာ ရှုစားတော်မူစဉ် ပုဆိုးတစ်ထည်ကို ခေါင်းပေါင်းကာ ပုဆိုးတစ်ထည်ကို ခါးထောင်းကျိုက်၍ တစ်ကိုယ်လုံး၌ ဖွေးဖွေးဖြူနေသော ဆင်စွယ်မှုန့်များဖြင့် လူးလဲပေကျံလျက် ကြိုးကြိုးစားစားဖြင့် သားနားသပ်ရပ်သော ဆင်စွယ်ရုပ်, ဆင်စွယ်ကြုတ် အမျိုးမျိုးတို့ကို ပြုလုပ်နေသော ဆင်စွယ်ပွတ်သမားတို့ကို မြင်တော်မူလေရာ “တော်ပါပေသည် စွမ်းပါပေသည်”ဟု အားရနှစ်သက် မြိန်ရှက်စွာ ချီးမွမ်းသော်လည်း ကိုယ်တိုင်ကား ထီးနန်းကို စွန့်လွှတ်၍ ဆင်စွယ်ပွတ်သမား မဖြစ်လို။ ထိုကဲ့သို့ ချီးမွမ်းလျက်ပင် ဆင်စွယ်ပွတ်သမားတို့ကို ကျော်လွန်၍ နန်းတော်ရောက်အောင် ကြွမြန်းလေသကဲ့သို့ မှတ်ပါ။[မှတ်စု ၇]

နေဝသညာ - နာသညာ

ဤနေဝသညာနာသညာယတနစျာန်သမာပတ်၌ တည်ရှိသော သညာသည်လည်း ထင်ရှားသော သညာကိစ္စကို ပြုခြင်းငှာ မစွမ်းနိုင်သည်၏ အဖြစ်ကြောင့် နေဝသညာမည်၏၊ ရုန့်ရင်းသောသင်္ခါရမှ ကြွင်းသော အလွန်သိမ်မွေ့သော သင်္ခါရ၏အဖြစ်ဖြင့် ထင်ရှားရှိသောကြောင့် နာသညာလည်း မည်၏၊

အမေး– ဤ၌ ထင်ရှားသော သညာကိစ္စဟူသည် အဘယ်နည်း?

အဖြေ– အာကိဉ္စညာယတနစျာန်အာရုံကို အမှတ်ပြု၍ သိခြင်းသည်လည်းကောင်း, ဝိပဿနာဉာဏ်၏ အရှုခံအာရုံအဖြစ်သို့ ကပ်ရောက်၍ ငြီးငွေ့မှု နိဗ္ဗိဒါဉာဏ်ကို ဖြစ်စေခြင်းသည်လည်းကောင်း သညာကိစ္စ မည်၏၊

ထင်ရှားစေအံ့ – ရေအေး၌ တေဇောဓာတ်သည် လောင်မြိုက်ခြင်း ကိစ္စကို ပြုခြင်းငှာ မစွမ်းနိုင်သကဲ့သို့ အလားတူပင် ဤသညာသည် မိမိ၏ အရှုခံအာရုံ ဖြစ်သော အာကိဉ္စညာယတနစျာန်အာရုံကို အမှတ်ပြု၍ သိခြင်းကိစ္စကိုလည်း ထင်ထင်ရှားရှား ပြုခြင်းငှာ မစွမ်းနိုင်။ ကြွင်းသော အရူပါဝစရသမာပတ်သုံးမျိုးတို့၌ တည်ရှိသော သညာကဲ့သို့ ဝိပဿနာဉာဏ်၏ အရှုခံအာရုံအဖြစ်သို့ ကပ်ရောက်၍ ငြီးငွေ့မှု နိဗ္ဗိဒါဉာဏ်ကို ဖြစ်စေခြင်းကိုလည်း ပြုခြင်းငှာ မစွမ်းနိုင်။

မှန်ပေသည် –– နေဝသညာနာသညာယတနစျာန်မှ တစ်ပါးကုန်သော ခန္ဓာတို့၌ ဝိပဿနာဉာဏ်၏ အရှုခံအာရုံအဖြစ် သိမ်းဆည်းဖူးခြင်း ဝိပဿနာ နှလုံးသွင်းဖူးခြင်းကို မပြုဖူးသော မဖြစ်စဖူးသော ယောဂါဝစရရဟန်းသည် နေဝသညာနာသညာယတနခန္ဓာတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၍ သင်္ခါရတရားတို့ အပေါ်၌ ငြီးငွေ့ခြင်း နိဗ္ဗိဒါဉာဏ်သို့ ရောက်ရှိခြင်းငှာ စွမ်းနိုင်သောသူမည်သည် မရှိစဖူးပေ။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးပင် ဖြစ်စေကာမူ အခြားအခြားသော ခန္ဓာတို့၌ ဝိပဿနာ နှလုံးသွင်းခြင်းကို မပြုဖူးဘဲ နေဝသညာနာသညာယတနခန္ဓာတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာရှုပွားသုံးသပ်၍ သင်္ခါရတရားတို့၌ ငြီးငွေ့ခြင်း နိဗ္ဗိဒါဉာဏ်သို့ ရောက်ခြင်းငှာ စွမ်းနိုင်သည်မည်သည် မရှိပေ။ ခန္ဓာငါးပါးနည်းစသည်ကို အဦးမူသဖြင့် ဝိပဿနာဘာဝနာကို စတင် နှလုံးသွင်းခဲ့ပြီးနောက် ဒွါရအာရုံတို့နှင့်တကွ ဒွါရ (၆)ပါးတို့၌ မပြတ်ဖြစ်နေကြကုန်သော ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကို ပြကတေ့အားဖြင့် ဝိပဿနာရှုတတ်သော, ဝိပဿနာရှုဖူးသော ပညာဉာဏ် ကြီးမားတော် မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးနှင့် ဉာဏ်ရည်တူသော သူသည်သာလျှင် နေဝသညာ နာသညာယတန ခန္ဓာတို့၌ ဥဒယဗ္ဗယဉာဏ်ကို ဖြစ်စေခြင်းငှာ တတ်နိုင်ပေရာ၏၊

ထို သာရိပုတ္တရာထေရ်ကျော် တူလျော်ဆိုဖွယ် ပညာကျယ်သော ပကတိဝိပဿကပုဂ္ဂိုလ်သည်လည်း “ဤသို့လျှင် ဤနေဝသညာနာသညာယတနတရားတို့သည် ရှေးက မရှိကုန်မူ၍ ယခုမှ ရုတ်ခြည်း ဖြစ်ပေါ်လာကြကုန်သတတ်၊ ယခုမှ ရုတ်ခြည်း ဖြစ်ကုန်၍ ချုပ်ပျက်ကုန်သတတ်”ဟု ဤသို့လျှင် နေဝသညာနာသညာယတန နာမ်တရားအားလုံးတို့ကို ပေါင်းစုခြုံငုံ၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း ကလာပသမ္မသနနည်း၏ အစွမ်းဖြင့်သာလျှင် ဝိပဿနာ ရှုပွားသုံးသပ် ခြင်းငှာ စွမ်းနိုင်လေရာ၏၊ ယင်းနေဝသညာနာသညာယတနသမာပတ်အတွင်း၌ ဖဿစသော ပရမတ္ထဓာတ်သား တရား တစ်လုံးစီ တစ်လုံးစီကို လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုပွားသုံးသပ်ခြင်းတည်းဟူသော အနုပဒဓမ္မ ဝိပဿနာနည်း၏ အစွမ်းဖြင့်ကား ဝိပဿနာ မရှုပွား မသုံးသပ်နိုင်လေရာ။ ဤသို့လျှင် ဤနေဝသညာနာသညာယတန သမာပတ်သည် တရားစစ်မှူး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသော်မှလည်း အနုပဒဓမ္မ ဝိပဿနာနည်းအားဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ခြင်းငှာ မစွမ်းနိုင်လေရကား အလွန် သိမ်မွေ့သည်၏ အဖြစ်သို့ ရောက်ရှိသော သမာပတ်ဖြစ်လေသည်။[မှတ်စု ၈]

အဆင့်ဆင့် သာလွန် မြင့်မြတ်ပုံ

ဤအရူပါဝစရသမာပတ်တို့၌ ဥပေက္ခာ ဧကဂ္ဂတာအားဖြင့် စျာန်အင်္ဂါ နှစ်ပါးစီ ညီမျှသောကြောင့် တစ်ပါးနှင့် တစ်ပါး မထူးခြားသကဲ့သို့ ထင်ရသော်လည်း အောက်အောက်သော သမာပတ်ထက် အထက်အထက်သော သမာပတ်က တိုးတက်ပွားများအပ်သော ဘာဝနာစွမ်းအားကြောင့် သာလွန် မွန်မြတ်ပေသည်။ ဥပမာ – လေးထပ်တိုက် တစ်လုံးဝယ် အောက်ဆုံးထပ်၌ စားသောက်ဖွယ်နှင့်တကွ ယုယဖျော်ဖြေမည့် ကချေသည်တို့ဖြင့် လှပမွှေးကြိုင် တစ်ထပ်လုံး လှိုင်နေအောင် ပြင်ဆင်ထားလေရာ၏၊ ဒုတိယ, တတိယ, စတုတ္ထ အထပ်တို့၌လည်း ထိုနည်းအတိုင်းပင် ပြင်ဆင် ထားလေရာ၏၊ သို့သော် အောက်အောက်အထပ်ထက် အထက်အထက်အထပ်က ပိုမို သားနားသကဲ့သို့လည်းကောင်း, ရက်ကန်းသည် တစ်ယောက်သည် ကြမ်းသောချည်, နုသောချည်, ထိုထက်နုသောချည်, ထိုထက်ပင် အလွန်နုသော ချည်ဟု ချည် (၄)မျိုးဖြင့် အဝတ်ပုဆိုး (၄)ထည်ကို ရက်ရာ၌ အလျားအနံ တူမျှသော်လည်း တစ်ထည်ထက် တစ်ထည်မှာ သာလွန် နုနယ်သကဲ့သို့လည်းကောင်း ဤဥပမာအတူ မှတ်သားပါ။[မှတ်စု ၉]

မလွှဲသာ၍ အာရုံပြုရသည်

ဝိညာဏဉ္စာယတနစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်သူသည် အာကာသာနဉ္စာယတနဝိညာဏ်၌ အပြစ် မြင်သော်လည်း ဝိညာဏဉ္စာယတနစျာန်သို့ ရောက်ရှိဖို့အရေးဝယ် အာကာသာနဉ္စာယတနဝိညာဏ်မှတစ်ပါး အခြား ပြုဖွယ်အာရုံ မရှိသောကြောင့် မလွှဲသာသဖြင့် အာကာသာနဉ္စာယတနဝိညာဏ်ကိုသာ ဘာဝနာအစဉ်နှင့်တကွ ဝိညာဏဉ္စာယတနဝိညာဏ်က အာရုံပြုရတော့သည်။

အလားတူပင် နေဝသညာနာသညာယတနစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်သူသည် အာကိဉ္စညာယတန ဝိညာဏ်၌ အပြစ်မြင်သော်လည်း နေဝသညာနာသညာယတနစျာန်သို့ ရောက်ရှိဖို့ အရေးဝယ် အာကိဉ္စညာယတန ဝိညာဏ်မှတစ်ပါး အခြားပြုဖွယ်အာရုံ မရှိသောကြောင့် မလွှဲသာသဖြင့် အာကိဉ္စညာယတနဝိညာဏ်ကိုသာ ဘာဝနာအစဉ်နှင့်တကွ နေဝသညာနာသညာယတနဝိညာဏ်က အာရုံပြုရတော့သည်။ ဥပမာ – ရှင်ဘုရင်အပေါ်၌ အပြစ်မြင်နေသော မှူးမတ်တစ်ဦးသည် အသက်မွေးဝမ်းကျောင်းဖို့ အရေးဝယ် ရှင်ဘုရင်ကို ခစားမှုမှတစ်ပါး အခြား လုပ်ငန်းကောင်း မရှိတော့သဖြင့် အပြစ်မြင်အပ်သော ရှင်ဘုရင်ကိုပင် မလွှဲသာ၍ ခစားနေရသကဲ့သို့ မှတ်ပါ။[မှတ်စု ၁၀]

ဤသို့ အာရုံပြုသော်လည်း တစ်စုံတစ်ယောက်သော ယောက်ျားသည် ရှည်စွာသော လှေကားသို့ တက်သည် ရှိသော် အခြားတစ်ပါးသော ကိုင်တွယ်စရာ၏ မရှိခြင်းကြောင့် လှေကားပေါင်ကို ထောက်ရသကဲ့သို့လည်းကောင်း, တောင်ထိပ်အဖျားသို့ တက်သည်ရှိသော် ထို တောင်ထိပ်၏ ထိပ်ဖျားကိုပင် ထောက်ရသကဲ့သို့လည်းကောင်း, ကျောက်တောင်သို့ တက်သည်ရှိသော် တုန်လှုပ်လျက်လာရာ၌ အခြားကိုင်တွယ်စရာ၏ မရှိခြင်းကြောင့် မိမိ၏ ပုဆစ်ဒူးကို ပင်လျှင် ထောက်ရသကဲ့သို့လည်းကောင်း – ထိုအတူပင်လျှင် ဝိညာဏဉ္စာယတနစျာန်သည် အာကာသာနဉ္စာယတန ဝိညာဏ်ကို အာရုံပြု၍, နေဝသညာနာသညာယတနစျာန်သည် အာကိဉ္စညာယတနဝိညာဏ်ကို အာရုံပြု၍ ဖြစ်ပေါ်လာရ၏၊[မှတ်စု ၁၁]

ကြွင်းကျန်သော ကသိုဏ်းများ

ဩဒါတကသိုဏ်းကို အခြေခံ၍ သမာပတ် (၈)ပါးတို့ကို ရရှိအောင် ပွားများအားထုတ်ပုံ အစီအရင်ကို ရေးသားတင်ပြခဲ့ပြီးလေပြီ။ အလားတူပင် .. ကျန်ဝဏ္ဏကသိုဏ်း သုံးမျိုး ဖြစ်ကြသည့် နီလကသိုဏ်း ပီတကသိုဏ်း လောဟိတကသိုဏ်းတို့၌လည်းကောင်း၊ ပထဝီကသိုဏ်း အာပေါကသိုဏ်း တေဇောကသိုဏ်း ဝါယောကသိုဏ်း အာလောကကသိုဏ်းတို့၌လည်းကောင်း သမာပတ် (၈)ပါးစီကို ရရှိအောင် နည်းမှီ၍ ကြိုးစားအားထုတ်ပါလေ။ ပုံစံတစ်ခုကို အနည်းငယ် ဆိုရသော် ဤသို့ဖြစ်၏၊

နီလကသိုဏ်း (= အညိုရောင်ကသိုဏ်း)၌ စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် သမာဓိကို ထူထောင်ပါ။ ယင်းစတုတ္ထစျာန်သမာဓိမှ ထပြီးလျှင် ရုပ်တို့၏ အပြစ်ကို ဆင်ခြင်ပါ။ နီလကသိုဏ်းကို အနန္တစကြဝဠာသို့တိုင်အောင် ဖြန့်ကြက်ကာ ယင်းစတုတ္ထစျာန်၏ အပြစ်နှင့် အာကာသာနဉ္စာယတနစျာန်၏ အကျိုးတို့ကို ဆင်ခြင်ပါ။ ထိုနောင် ယင်းနီလကသိုဏ်းနိမိတ်၌ အာကာသနိမိတ်ကို မြင်အောင်ရှု၍ နီလကသိုဏ်းကို ခွာပါ။ နီလကသိုဏ်း ပျောက်၍ အာကာသနိမိတ်ချည်းသက်သက် ကျန်သောအခါ ယင်းအာကာသနိမိတ်ကို အာရုံယူ၍ အာကာသာနဉ္စာယတန စျာန်ကိုလည်းကောင်း, ယင်းအာကာသာနဉ္စာယတနဝိညာဏ်ကို အာရုံပြု၍ ဝိညာဏဉ္စာယတနစျာန်ကိုလည်းကောင်း, ယင်းအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း နတ္ထိဘောပညတ်ကို အာရုံပြု၍ အာကိဉ္စညာယတနစျာန်ကို လည်းကောင်း, ယင်းအာကိဉ္စညာယတနဝိညာဏ်ကို အာရုံပြု၍ နေဝသညာနာသညာယတနစျာန်ကိုလည်းကောင်း ရရှိအောင် ကြိုးစားအားထုတ်ပါ။ ဤမျှဆိုလျှင် သဘောပေါက်နိုင်လောက်ပေပြီ။

ယခုအခါတွင် စတုရာရက္ခကမ္မဋ္ဌာန်းများကို ဆက်လက်၍ ရေးသားတင်ပြမည် ဖြစ်ပါသည်။ စတုရာရက္ခ = အစောင့်လေးပါးကမ္မဋ္ဌာန်းဟူသည် မေတ္တာကမ္မဋ္ဌာန်း, ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း, အသုဘကမ္မဋ္ဌာန်း, မရဏာနုဿတိ ကမ္မဋ္ဌာန်းတို့ ဖြစ်ကြ၏၊ ထိုတွင် မေတ္တာကမ္မဋ္ဌာန်းကို ရှေးဦးစွာ ရေးသားတင်ပြမည် ဖြစ်ပါသည်။ သို့သော် မေတ္တာကမ္မဋ္ဌာန်းကို ရေးသားပါက မေတ္တာကမ္မဋ္ဌာန်းနှင့် ဗြဟ္မဝိဟာရကမ္မဋ္ဌာန်းချင်း တူညီနေသော ကရုဏာကမ္မဋ္ဌာန်း, မုဒိတာကမ္မဋ္ဌာန်း, ဥပေက္ခာကမ္မဋ္ဌာန်းတို့ကိုပါ တစ်ပါတည်း ရေးသားတင်ပြပေအံ့။ ထိုသို့ ရေးသားတင်ပြရာ၌ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဗြဟ္မဝိဟာရနိဒ္ဒေသ၌ လာရှိသော အားထုတ်ပုံအစဉ်ကို အကျဉ်းချုပ်၍ ရေးသားတင်ပြမည် ဖြစ်ပေသည်။

  1. (ဝိသုဒ္ဓိ၊၁၊၃၂၈-၃၂၉။)
  2. (ဝိသုဒ္ဓိ၊၁၊၃၂၉။)
  3. ဧတ္တာဝတာ စေသ “သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတီ”တိ ဝုစ္စတိ။ (အဘိ၊၂၊၂၅၄။ ဒီ၊၂၊၆၀။ ဝိသုဒ္ဓိ၊၁၊၃၂၉။)
  4. (ဝိသုဒ္ဓိ၊၁၊၃၂၉။)
  5. သန္တတော မနသိ ကရောတီတိ “သန္တာ ဝတာယံ သမာပတ္တိ၊ ယတြ ဟိ နာမ နတ္ထိဘာဝမ္ပိ အာရမ္မဏံ ကရိတွာ ဌဿတီ”တိ ဧဝံ သန္တာရမ္မဏတာယ တံ သန္တာတိ မနသိ ကရောတိ။ (ဝိသုဒ္ဓိ၊၁၊၃၂၉။)
  6. (ဝိသုဒ္ဓိ၊၁၊၃၃၀။)
  7. (ဝိသုဒ္ဓိ၊၁၊၃၃၀။)
  8. (ဝိသုဒ္ဓိ၊၁၊၃၃၁။)
  9. (ဝိသုဒ္ဓိ၊၁၊၃၃၂-၃၃၃။)
  10. (ဝိသုဒ္ဓိ၊၁၊၃၃၄။)
  11. (ဝိသုဒ္ဓိ၊၁၊၃၃၄-၃၃၅။)