နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/အာကိဉ္စိညာယတနဈာန်

အာကိဉ္စညာယတနစျာန်

အာကိဉ္စညာယတနစျာန်ဟူသည် အာကာသာနဉ္စာယတနစျာန်၏ မရှိခြင်း = နတ္ထိဘောပညတ်လျှင် တည်ရာ အာရုံရှိသော စျာန်ဟု ဆိုလိုသည်။ အာကိဉ္စညာယတနစျာန်ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ဝိညာဏဉ္စာယတနစျာန်သမာပတ်၌ ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်အပ်၏၊ ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့ ဆင်ခြင်အပ်၏၊ –

၁။ ဤ ငါရရှိထားသော ဝိညာဏဉ္စာယတနစျာန်သမာပတ်သည် အာကာသာနဉ္စာယတနစျာန်ဟူသော နီးကပ်သော ရန်သူရှိ၏၊ (အချိန်မရွေး အာကာသာနဉ္စာယတနစျာန်သို့ ပြန်လည်ကာ လျောကျနိုင်၏ဟု ဆိုလိုသည်။)
၂။ အာကိဉ္စညာယတနစျာန်ကဲ့သို့ ငြိမ်သက်သည်လည်း မဟုတ်ခဲ့။ ဤသို့လျှင် ဝိညာဏဉ္စာယတနစျာန်၌ အပြစ်ကို မြင်အောင် ရှု၍,
၃။ ထိုဝိညာဏဉ္စာယတနစျာန်၌ တွယ်တာငဲ့ကွက် တသက်သက် ရှိခြင်း = နိကန္တိကို ကုန်စေ၍,
၄။ အာကိဉ္စညာယတနစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍,
၅။ အကြင် အာကာသာနဉ္စာယတနစျာန်ဝိညာဏ်ကို အာရုံပြု၍ ဝိညာဏဉ္စာယတနစျာန်သည် ဖြစ်ပေါ်လာရ၏၊ ထိုဝိညာဏဉ္စာယတနစျာန်၏ပင်လျှင် အာရုံဖြစ်၍ဖြစ်သော အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ်ကို, ဆိတ်သည်၏ အဖြစ်ကို, ကင်းသော အခြင်းအရာကို နှလုံးသွင်းအပ်၏၊[မှတ်စု ၁]

အဘယ်သို့ နှလုံးသွင်းအပ်သနည်း? ထိုအာကာသာနဉ္စာယတနစျာန်ဝိညာဏ်ကို အချင်းခပ်သိမ်း နှလုံးမသွင်း မူ၍ ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းသဘော နတ္ထိဘောပညတ်ကိုသာ အာရုံပြု၍ ..

၁။ နတ္ထိ - နတ္ထိ = မရှိ - မရှိဟူ၍လည်းကောင်း,
= နတ္ထိ ကိဉ္စိ - နတ္ထိ ကိဉ္စိ = ဘာမျှမရှိ ဘာမျှမရှိဟူ၍လည်းကောင်း,
၂။ သုညံ - သုညံ = ဆိတ်၏ - ဆိတ်၏ဟူ၍လည်းကောင်း,
၃။ ဝိဝိတ္တံ - ဝိဝိတ္တံ = ကင်း၏ - ကင်း၏ဟူ၍လည်းကောင်း –

အဖန်ဖန် အထပ်ထပ် ဆင်ခြင်အပ်၏၊ နှလုံးသွင်းအပ်၏၊ ဉာဏ်ဖြင့် သက်ဝင်၍ ရှုအပ်၏၊ ဝိတက်ဖြင့် “နတ္ထိ ကိဉ္စိ - နတ္ထိ ကိဉ္စိ = ဘာမျှမရှိ ဘာမျှမရှိ”ဟု ရှေးရှုခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည်၍ ခေါက်သည်ကို ပြုအပ်၏၊[မှတ်စု ၂]

ဤဆိုအပ်ခဲ့ပြီးသည့်နည်းအတိုင်း ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိ ခြင်း နတ္ထိဘောပညတ်ဟု ဆိုအပ်သော စျာန်ဖြစ်ကြောင်းနိမိတ်၌ ဘာဝနာစိတ်ကို ဖြစ်စေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် နီဝရဏ ကိလေသာအညစ်အကြေးတို့သည် ကွာကျသွားကြကုန်၏၊ အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း နတ္ထိဘော ပညတ်လျှင် တည်ရာအာရုံရှိသော သတိသည် ကောင်းစွာ တည်လာ၏၊ ဥပစာရစျာန်သမာဓိဖြင့် ဘာဝနာစိတ်သည် ကောင်းစွာ တည်ကြည်လာ၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း နတ္ထိဘောပညတ်ဟု ဆိုအပ်သော စျာန်ဖြစ်ကြောင်းနိမိတ်ကို အဖန်တလဲလဲ မှီဝဲ၏ ပွားများ၏ ကြိမ်ဖန်များစွာ အလေ့အလာပြု၏၊ ဤသို့သောနည်းဖြင့် ပြုကျင့်သော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ပထဝီကသိုဏ်းကို ခွာ၍ ရအပ်သော အာကာသနိမိတ်ကို ပျံ့နှံ့၍ ဖြစ်ပေါ်လာသော ထိုမဟဂ္ဂုတ် အာကာသာနဉ္စာယတနဝိညာဏ်၏ သာလျှင် ဆိတ်သည်၏အဖြစ်, ကင်းသည်၏အဖြစ်, မရှိသည်၏အဖြစ်ဟူသော နတ္ထိဘောပညတ်၌ အာကိဉ္စညာယတနစျာန်စိတ်သည် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏၊ အာကာသနိမိတ်၌ ပျံ့နှံ့၍ဖြစ်သော အာကာသာနဉ္စာယတနဝိညာဏ်နိမိတ်ကို အာရုံပြု၍ ဝိညာဏဉ္စာယတနဝိညာဏ်သည် ဖြစ်ပေါ်လာသကဲ့သို့ပင်တည်း။[မှတ်စု ၃]

မှတ်သားစေလိုသော ထူးခြားချက်

ဤဆိုလတ္တံ့သည်ကား အထူးတည်း။ ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ် အာရုံ၌ အာကိဉ္စညာယတနစျာန်စိတ်သည် ဖြစ်ပေါ်လာသည်ရှိသော် ထိုယောဂါဝစရပုဂ္ဂိုလ်သည် အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ်ကိုသာလျှင် ရှုလျက်နေ၏၊

နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ မည်သည်ကား – ယောက်ျား တစ်ယောက်သည် စည်းဝေးညီမူရာ တန်ဆောင်းဝန်းစသည်တို့၌ တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စကြောင့် စည်းဝေးညီမူနေသော ရဟန်းသံဃာတော်ကို ဖူးမြော်ပြီးနောက် တစ်ခုသော အရပ်ဒေသသို့ ထွက်ခွာသွား၏၊ တစ်ဖန် ရဟန်းသံဃာတော်များ၏ စည်းဝေးညီမူရာ တန်ဆောင်းဝန်းသို့ ပြန်လာပြန်၏၊ စည်းဝေးခြင်းကိစ္စ၏ ပြီးဆုံးသောအခါ၌ ရဟန်းတော်တို့သည် မိမိတို့ စည်းဝေး ညီမူရာအရပ်မှ ထကုန်၍ ယင်းနေရာမှ ဖဲခွာသွားကြကုန်သည်ရှိသော်, ထိုယောက်ျားသည် ထိုစည်းဝေးညီမူရာအရပ်သို့ ဆိုက်ရောက်လာ၍ တံခါးဝ၌ ရပ်လျက် တစ်ဖန် ထိုစည်းဝေးညီမူရာအရပ်ကို ကြည့်လိုက်သည်ရှိသော် ရဟန်းတို့မှ ဆိတ်သည်ကိုသာလျှင် မြင်သကဲ့သို့ ရဟန်းတို့မှ ကင်းသည်ကိုသာလျှင် မြင်သကဲ့သို့, ထိုယောက်ျား၏ သန္တာန်၌ ဤမျှလောက်ကုန်သော ရဟန်းတော်တို့သည် သေမူလည်း သေလေကုန်သလော၊ အရပ်တစ်ပါးသို့မူလည်း သွားလေကုန် သလောဟု ဤသို့သော ကြံယောင်ကြံမှား အခြားသောစိတ်သည် မဖြစ်သကဲ့သို့ – တကယ်စင်စစ်သော်ကား ဤစည်းဝေး ညီမူရာအရပ်သည် ရဟန်းတို့မှ ဆိတ်၏၊ ရဟန်းတို့မှ ကင်း၏ဟု မရှိသည်၏ အဖြစ်ကိုသာလျှင် ရှုသကဲ့သို့ –ဤဥပမာအတူပင်လျှင် ရှေး၌ ဩဒါတကသိုဏ်းကို ခွာ၍ ရရှိလာသော အာကာသနိမိတ်၌ ဖြစ်စေအပ်ပြီးသော အာကာသာနဉ္စာယတနဝိညာဏ်ကို ဝိညာဏဉ္စာယတနစျာန်စက္ခုဖြင့် ဝိညာဏံ - ဝိညာဏံဟု ရှုလျက်နေပြီး၍ နောက်ကာလရောက်ရှိလာပါမှ ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းသဘော = နတ္ထိဘောပညတ်ကို အာရုံယူ၍ နတ္ထိ နတ္ထိ, သုညံ သုညံ, ဝိဝိတ္တံ ဝိဝိတ္တံ - ဟူသော ပရိကမ်ဖြစ်သော နှလုံးသွင်းခြင်း မနသိကာရဖြင့် ထိုအာကာသာနဉ္စာယတနဝိညာဏ်သည် ကွယ်ပျောက်သည်ရှိသော် ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ ကင်းခြင်း ပျောက်ခြင်းဟု ဆိုအပ်သော မရှိ ခြင်း နတ္ထိဘောပညတ်ကိုသာလျှင် ဘာဝနာစိတ်ဖြင့် အဖန်ဖန် ရှုလျက်နေ၏၊[မှတ်စု ၄]

နတ္ထိ - နတ္ထိ, သုညံ - သုညံ, ဝိဝိတ္တံ - ဝိဝိတ္တံ

နတ္ထိ - နတ္ထိ, သုညံ - သုညံ, ဝိဝိတ္တံ - ဝိဝိတ္တံဟူသော ပရိကမ်ဖြစ်သော နှလုံးသွင်းခြင်း မနသိကာရဖြင့် ထိုအာကာသာနဉ္စာယတနဝိညာဏ်သည် ကွယ်ပျောက်သည်ရှိသော်”ဟူသော ဤစကားရပ်ဖြင့် ထိုအာကာသာနဉ္စာယတနဝိညာဏ်ကို အာရုံပြုခြင်း၏ မရှိ ခြင်းကြောင့် ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ ကွယ်ပျောက်ခြင်းသည် ဖြစ်ပေါ်လာ၏၊ ပျက်စီးသွားသည်၏ အဖြစ်ကြောင့် ကွယ်ပျောက်သွားသည်ကား မဟုတ်ပေ။ (ဆိုလိုသည်မှာ –ဝိညာဏဉ္စာယတနဝိညာဏ်သည် အာကာသာနဉ္စာယတနဝိညာဏ်ကို အာရုံ ပြုနေ၏ နှလုံးသွင်းနေ၏၊ ထိုကြောင့် ဝိညာဏဉ္စာယတနဝိညာဏ် ဖြစ်ပေါ်နေခိုက်၌ ယင်းအာကာသာနဉ္စာယတနဝိညာဏ်သည် အာရုံအဖြစ် ရပ်တည်ကာ ကျေးဇူးပြုပေးနေသဖြင့် အာရုံအကြောင်းတရားအဖြစ်ဖြင့် ထင်ရှားရှိနေ၏၊ သို့သော် ဤအာကိဉ္စညာယတနစျာန်ဝိညာဏ်ကား ယင်းအာကာသာနဉ္စာယတနဝိညာဏ်ကို လှမ်းအာရုံမယူပေ၊ နှလုံးမသွင်းပေ။ ယင်းအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိမှုသဘောကိုသာ = နတ္ထိဘောပညတ်ကိုသာ အာရုံပြုနေ၏ နှလုံးသွင်းနေ၏၊ ထို့ကြောင့် အာကိဉ္စညာယတနဝိညာဏ်က ထိုအာကာသာနဉ္စာယတနဝိညာဏ်ကို အာရုံပြုခြင်း၏ မရှိခြင်းကြောင့် = အာရုံ မပြုခြင်းကြောင့်, နှလုံးမသွင်းခြင်းကြောင့်, ယင်းအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိမှုသဘောကိုသာ အာရုံ ပြုနေခြင်းကြောင့် နှလုံးသွင်းနေခြင်းကြောင့် ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ ကွယ်ပျောက်ခြင်းသည် ဖြစ်ပေါ်လာရ၏၊ ပျက်စီးသွားသည်၏အဖြစ်ကြောင့် ကွယ်ပျောက်သွားသည်ကား မဟုတ်ဟု ဆိုလိုပေသည်။)

နှိုင်းခိုင်းဖွယ်ရာ လောကဥပမာကို နှီးနှောပြခြင်း

ထိုအထက်တွင် တင်ပြထားသော ဥပမာစကားရပ်၌ ဤဆိုလတ္တံ့သည်ကား ဥပမာ ဥပမေယျ နှီးနှောခြင်းတည်း။ ထိုယောက်ျားသည် ထိုတန်ဆောင်းဝန်းအစရှိသော အရပ်၌ စည်းဝေးညီမူနေသော ရဟန်းသံဃာတော်အပေါင်းကို ဖူးမြင်ပြီးနောက် အရပ်တစ်ပါးသို့ ဖဲခွာသွားလေ၏၊ ထိုနောင်မှ ရဟန်းသံဃာတော်အားလုံးတို့သည် တစ်စုံတစ်ခုသာလျှင် ဖြစ်သော ပြုဖွယ်ကိစ္စဖြင့် ယင်း တန်ဆောင်းဝန်းမှ ဖဲခွာသွားကြကုန်သည်ရှိသော် ထိုယောက်ျားသည် တစ်ဖန် ပြန်လာ၍ ယင်းတန်ဆောင်းဝန်းကို ကြည့်လေက ထိုစည်းဝေးညီမူရာအရပ်ကို ရဟန်းသံဃာတော်တို့မှ ဆိတ်သုဉ်းသည်ကိုသာလျှင် တွေ့မြင်၏၊ ရဟန်းသံဃာတော်တို့၏ ထိုစည်းဝေးညီမူရာအရပ်မှလည်း ဖဲခွာသွားခြင်း၏ အကြောင်းရင်းကို မရှုသကဲ့သို့ – ဤဥပမာအတူ ဤယောဂါဝစရပုဂ္ဂိုလ်သည် ရှေး၌ ဝိညာဏဉ္စာယတနစျာန်မျက်စိဖြင့် အာကာသာနဉ္စာယတနစျာန်ဝိညာဏ်ကို ရှု၍ နောက်ကာလ၌ ယင်းအာကာသာနဉ္စာယတနဝိညာဏ်ကိုပင် “နတ္ထိ = မရှိ”ဟူ၍ ပရိကမ်ဟူသော ဘာဝနာမနသိကာရဖြင့် ရှုလေသော် ထိုအာကာသာနဉ္စာယတနဝိညာဏ်သည် ကင်းသွား၏၊ ကင်းသည်ရှိသော် တစ်ဖန် အာကိဉ္စညာယတနစျာန်မျက်စိဖြင့် ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ်ကိုသာလျှင် ရှုလျက်နေ၏၊ ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ ကင်းခြင်း ချုပ်ခြင်း မရှိခြင်း၏ အကြောင်းရင်းကို မစူးစမ်း မဆင်ခြင်။ အဘယ်ကြောင့်နည်းဟူမူ အာကိဉ္စညာယတနစျာန်၏ ထိုသို့သဘောရှိသော ယင်းဝိညာဏ်၏ ကင်းခြင်း ချုပ်ခြင်း မရှိခြင်း၏ အကြောင်းရင်းကို နှလုံးသွင်းခြင်း၏ မရှိခြင်းကြောင့်တည်း။[မှတ်စု ၅]

အာကိဉ္စညာယတနစျာန်သို့ ဆိုက်ပြီ

ဤမျှ အတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့် ထိုယောဂါဝစရပုဂ္ဂိုလ်ကို အလုံးစုံသော ဝိညာဏဉ္စာယတန စျာန်ကိုလည်းကောင်း, ထိုဝိညာဏဉ္စာယတနစျာန်၏ တည်ရာအာရုံ ဖြစ်သော အာကာသာနဉ္စာယတနဝိညာဏ်ကို လည်းကောင်း ကောင်းစွာကျော်လွှားလွန်မြောက်၍ အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း = နတ္ထိဘောပညတ်ကို အာရုံယူ၍ နတ္ထိ -နတ္ထိ, သုညံ - သုညံ, ဝိဝိတ္တံ - ဝိဝိတ္တံဟူ၍ ဤအခြင်းအရာအားဖြင့် နှလုံးသွင်းသည်ဖြစ်၍ အာကိဉ္စညာယတနစျာန်ကို ပြည့်စုံစေ၍ နေ၏[မှတ်စု ၆]ဟူ၍ ဆိုအပ်၏၊[မှတ်စု ၇]

ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ

ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ဝိညာဏဉ္စာယတနစျာန်ကိုလည်းကောင်း, ထိုဝိညာဏဉ္စာယတနစျာန်၏ တည်ရာ အာရုံဖြစ်သော အာကာသာနဉ္စာယတနစျာန်ကိုလည်းကောင်း ဤသို့လျှင် စျာန်နှင့်အာရုံ နှစ်ပါးစုံကိုလည်း မဖြစ်ခြင်းကို ပြုသဖြင့်လည်းကောင်း နှလုံးမသွင်းခြင်းကို ပြုခြင်းဖြင့်လည်းကောင်း ကောင်းစွာ ကျော်လွှားလွန်မြောက်၍ သွားပါမှသာလျှင် ဤ အာကိဉ္စညာယတနစျာန်ကို ပြည့်စုံစေ၍ နေသင့်၏၊ ထိုကြောင့် ဤ စျာန်နှင့် အာရုံ နှစ်ပါးစုံကိုလည်း တစ်ပေါင်းတည်းပြု၍ ဝိညာဏဉ္စာယတနံ သမတိက္ကမ္မဟူသော ဤစကားတော်ကို ဟောကြားထားတော်မူအပ်၏ဟု သိရှိပါလေ။[မှတ်စု ၈]

နတ္ထိ ကိဉ္စိ = ဘာမျှမရှိ

နတ္ထိ - နတ္ထိ, သုညံ - သုညံ, ဝိဝိတ္တံ - ဝိဝိတ္တံဟူ၍ ဤသို့ နှလုံးသွင်းလျက်ဟု ဆိုလို၏၊ ဝိဘင်းပါဠိတော်၌ကား “ထိုရှေး၌ အနန္တံ ဝိညာဏံဟု နှလုံးသွင်းအပ်ပြီးသော အာကာသာနဉ္စာယတနဝိညာဏ်ကိုပင်လျှင် မထင်သည်ကို ပြု၏၊ ထင်ခြင်းကို ကင်းပျောက်စေ၏ = ပျောက်ပျက်စေ၏၊ ကွယ်ပျောက်စေ၏၊ အာကာသာနဉ္စာယတနဝိညာဏ်၏ စိုးစဉ်းဘင်မျှ အကျန်သည် မရှိ” ဤသို့ ရှု၏၊ ထိုကြောင့် “နတ္ထိ ကိဉ္စိ”ဟူ၍ ဆိုအပ်၏၊ ဤသို့လျှင် ဟောကြားထားတော်မူအပ်သော ထိုစကားကို “ခယတော သမ္မသန”ဟူသော သင်္ခါရတရားတို့၏ အပျက် = ဘင်ကို ရှုတတ်သော ဘင်္ဂါနုပဿနာကဲ့သို့ အကယ်၍ကား ဟောတော်မူအပ်ပါပေ၏၊ ထိုသို့ပင် ဟောတော်မူသော်လည်း ထိုဝိဘင်းပါဠိတော်၏ ဆိုလိုရင်းသဘောတရားကို ဤဆိုခဲ့ပြီးသည့်အတိုင်းသာလျှင် မှတ်သားပါ။ ထိုအာကာသာနဉ္စာယတနဝိညာဏ်ကို မဆင်ခြင်မူ၍, နှလုံးမသွင်းမူ၍, ဉာဏ်ဖြင့် သက်ဝင်၍ မရှုမူ၍ သက်သက် ထိုဝိညာဏ်၏ မရှိခြင်းသဘော = နတ္ထိဘောပညတ်ကိုသာလျှင် = မရှိသည်၏အဖြစ်ကိုသာလျှင် နှလုံးသွင်းသည်ဖြစ်၍ မထင်သည်ကို ပြု၏၊ ထင်ခြင်းကို ကင်းပျောက်စေ၏၊ ကွယ်ပျောက်စေ၏၊ ဤသို့ ဆိုလို၏၊ ဤဆိုအပ်ခဲ့ပြီးသော အနက်အဓိပ္ပာယ်မှ အခြားတစ်ပါးသော အနက်အဓိပ္ပာယ်အားဖြင့် ဤပါဠိတော်၏ အနက်အဓိပ္ပာယ်ကို မမှတ်သားထိုက်ပေ။[မှတ်စု ၉]

အာကိဉ္စညာယတနစျာန်ဟူသည်

ယောဂါဝစရပုဂ္ဂိုလ်သည် အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းသဘော = နတ္ထိဘောပညတ်ကို အာရုံပြု၍ ဤအာကိဉ္စညာယတနစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်ရ၏၊ ထိုသို့ အားထုတ်ရာ၌ အရှုခံအာရုံဖြစ်သော အာကာသာနဉ္စာယတနဝိညာဏ်၏ အောက်ထစ်ပိုင်းခြား အယုတ်ဆုံးအားဖြင့် စိုးစဉ်းအနည်းငယ် ဘင်မျှသော်လည်း အကြွင်းအကျန် မရှိသောကြောင့် ယင်းအာကာသာနဉ္စာယတနဝိညာဏ်သည် အကိဉ္စန မည်၏၊

စိုးစဉ်းအနည်းငယ် ဘင်မျှသော်လည်း အကြွင်းအကျန် မရှိသော အာကာသာနဉ္စာယတနဝိညာဏ်၏ ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်အား မထင်ဘဲ ကင်းကွာ ပျောက်ကွယ်ခြင်းသဘောသည် အာကိဉ္စညမည်၏၊

ယင်းမရှိ ခြင်းသဘောကို နတ္ထိဘာဝဟု ဆို၏၊ ထိုမရှိ ခြင်းသည် ပရမတ် အထည်ကိုယ် မဟုတ်, ပညတ်မျှသာ ဖြစ်သောကြောင့် နတ္ထိဘာဝပညတ် = နတ္ထိဘောပညတ်ဟု ဆိုအပ်၏၊ နတ်တို့၏တည်ရာ ဘုံဗိမာန်နေရာသည် ဒေဝါယတနမည်သကဲ့သို့ – ထိုစိုးစဉ်းအနည်းငယ် ဘင်မျှသော်လည်း အကြွင်းအကျန်မရှိသော အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိသည်၏ အဖြစ်တည်းဟူသော နတ္ထိဘောပညတ်သည် ထိုတတိယအရူပစျာန် (= အာကိဉ္စညာယတနစျာန်)၏ တည်ရာဖြစ်သောကြောင့် အာယတနမည်၏၊ ထိုကြောင့် ယင်းနတ္ထိဘောပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော တတိယ အရူပါဝစရစျာန်သည် အာကိဉ္စညာယတနစျာန်မည်၏၊[မှတ်စု ၁၀]

  1. မှတ်ချက်---- အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း စိတ်တို့မည်သည် စိတ္တက္ခဏတစ်ခုအတွင်းဝယ် နှစ်ခုပြိုင်တူ ဖြစ်ရိုးဓမ္မတာ မရှိသောကြောင့် အာကာသာနဉ္စာယတနဝိညာဏ်က ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားဖြစ်နေချိန်ဝယ် ဝိညာဏဉ္စာယတနစျာန် ဝိညာဏ်ကား ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားမဖြစ်သေးပေ။ တစ်ဖန် ဝိညာဏဉ္စာယတနစျာန်ဝိညာဏ်က ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားဖြစ်နေချိန်ဝယ် အာကာသာနဉ္စာယတနစျာန်ဝိညာဏ်ကား ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှား မဖြစ်တော့ပြီ ဖြစ်၏၊ ယင်း ဝိညာဏ်၏ ယင်းကဲ့သို့ ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားမရှိမှုသဘောကို နတ္ထိဘောပညတ်ဟု ဆိုသည်။ ယင်းနတ္ထိဘောပညတ်ကို နှလုံးသွင်းရမည် ဖြစ်သည်။
  2. (ဝိသုဒ္ဓိ၊၁၊၃၂၆-၃၂၇။)
  3. (ဝိသုဒ္ဓိ၊၁၊၃၂၇။)
  4. (ဝိသုဒ္ဓိ၊၁၊၃၂၇။)
  5. (မဟာဋီ၊၁၊၄၀၂။)
  6. သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ “နတ္ထိ ကိဉ္စီ”တိ အာကိဉ္စညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ (အဘိ၊၂၊၂၅၄။ ဒီ၊၂၊၆၀ )
  7. (အဘိ၊၂၊၂၅၄။ ဒီ၊၂၊၆၀။ ဝိသုဒ္ဓိ၊၁၊၃၂၇။)
  8. (ဝိသုဒ္ဓိ၊၁၊၃၂၈။)
  9. (ဝိသုဒ္ဓိ၊၁၊၃၂၈။)
  10. (ဝိသုဒ္ဓိ၊၁၊၃၂၈။)