နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ပဉ္စဝဂ္ဂီ ရဟန်းတော်တို့၏ ပါရမီ

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း
by ဖားအောက်တောရဆရာတော်
အနတ္တလက္ခဏာသုတ္တန်ကို နာယူတော်မူကြမည့် ပဉ္စဝဂ္ဂီ ရဟန်းတော်တို့၏ ကျောထောက်နောက်ခံပါရမီ
1670နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်းအနတ္တလက္ခဏာသုတ္တန်ကို နာယူတော်မူကြမည့် ပဉ္စဝဂ္ဂီ ရဟန်းတော်တို့၏ ကျောထောက်နောက်ခံပါရမီဖားအောက်တောရဆရာတော်

အနတ္တလက္ခဏသုတ္တန်ကို နာယူတော်မူကြမည့် ပဉ္စဝဂ္ဂီရဟန်းတော်တို့၏ ကျောထောက်နောက်ခံပါရမီ

အရှင်ကောဏ္ဍည မထေရ်မြတ်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ဝါဆိုလပြည့်နေ့ဝယ် ဓမ္မစကြာတရား ဒေသနာတော်ကို နာကြားတော်မူပြီးသည်၏ အဆုံး၌ အရိယသစ္စာ (၄)ပါးကို ထိုးထွင်းသိမြင်တော်မူကာ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်တော်မူခဲ့၏၊ အရှင်ဝပ္ပသည် ဝါဆိုလပြည့်ကျော် (၁)ရက်နေ့၌, အရှင်ဘဒ္ဒိယသည် ဝါဆိုလပြည့်ကျော် (၂)ရက်နေ့၌, အရှင်မဟာနာမသည် ဝါဆိုလပြည့်ကျော် (၃)ရက်နေ့၌, အရှင်အဿဇိသည် ဝါဆိုလပြည့်ကျော် (၄)ရက်နေ့၌ အသီးအသီး အရိယသစ္စာ (၄)ရပ် တရားမြတ်တို့ကို ထွင်းဖောက်သိမြင်တော်မူကာ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်တော်မူခဲ့၏၊

ထိုအရှင်မြတ်ကြီးတို့သည် ဒုက္ခသစ္စာ အမည်ရသည့် အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက (= အကြမ်း), သုခုမ (= အနု), ဟီန (= အယုတ်), ပဏီတ (= အမြတ်), ဒူရ (= အဝေး), သန္တိက (= အနီး)ဟု ခေါ်ဆိုအပ်သည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုထားတတ်ကြသူများလည်း ဖြစ်တော်မူကြ၏၊ သမုဒယသစ္စာ အမည်ရသည့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့ကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတည်း ဟူသော အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ ထင်ရှားဖြစ်ပေါ်ပုံကိုလည်း ရှုထားတတ်ပြီးကြသူများလည်း ဖြစ်တော် မူကြ၏၊ ယင်း အကြောင်း သမုဒယသစ္စာတရားတို့နှင့် အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကို လက္ခဏာရေး သုံးတန်သို့ တင်ကာ အဆင့်ဆင့်သော ဝိပဿနာဉာဏ်တို့ဖြင့် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်တော် မူကြသည့်တိုင်အောင် ဝိပဿနာရှုတတ်ပြီးကြသူများလည်း ဖြစ်တော်မူကြ၏၊ အကြောင်းမှာ ဝါဆိုလပြည့်နေ့မှ ဝါဆိုလပြည့်ကျော် (၅)ရက်နေ့သို့ ဆိုက်ရောက်သည့်တိုင်အောင် ဘုရားရှင်ကိုယ်တော်တိုင်က ထိုဒုက္ခသစ္စာ သမုဒယသစ္စာ တရားတို့ကို မည်သို့မည်ပုံ ဝိပဿနာရှုရမည်ဟု ပူးပူးကပ်ကပ် ကြပ်ကြပ်မတ်မတ် သင်ပေးနေတော်မူသောကြောင့် ထိုကဲ့သို့ ဝိပဿနာရှုပွားတတ်တော်မူကြခြင်း ဖြစ်၏၊[မှတ်စု ၁] ဤကား ထိုအရှင်မြတ်ကြီးတို့၏ အနီးကပ်ဆုံးသော ပစ္စုပ္ပန်ပါရမီတရားအပေါင်းတို့ ဖြစ်ကြ၏၊

တစ်ဖန် ထိုအရှင်မြတ်ကြီးတို့သည် အနတ္တလက္ခဏသုတ္တန်ဒေသနာတော်မြတ်၌ လာရှိသည့်အတိုင်း အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက (= အကြမ်း), သုခုမ (= အနု), ဟီန (= အယုတ်), ပဏီတ(= အမြတ်), ဒူရ (= အဝေး), သန္တိက (= အနီး) ဟု ခေါ်ဆိုအပ်သည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုပွားတော် မူနိုင်ကြသဖြင့် အနတ္တလက္ခဏသုတ္တန်ဒေသနာတော်နိဂုံး ပြီးဆုံးတော်မူလတ်သောအခါ ပဋိသမ္ဘိဒါဉာဏ်တော်မြတ် (၄)ပါးနှင့် အတူတကွ အရဟတ္တဖိုလ်ပန်းကို ဆင်မြန်းတော်မူကြမည့် သူတော်ကောင်းကြီးတို့လည်း ဖြစ်တော်မူကြ၏၊ ထိုပဋိသမ္ဘိဒါဉာဏ်တော်မြတ် (၄)ပါးကို ရရှိတော်မူကြမည့် သူတော်ကောင်းတို့ ဖြည့်ကျင့်ရမည့် အဓိဂမ ပရိယတ္တိ သဝန ပရိပုစ္ဆာ ပုဗ္ဗယောဂ ဟူသည့် အင်္ဂါရပ် (၅)ပါးကိုလည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၂]တွင် ဖော်ပြထား၏၊ ယင်းအင်္ဂါရပ် (၅)ပါးကို ဤကျမ်းစာ[မှတ်စု ၃]တွင်လည်း ကြည့်ပါ။ ယင်းအင်္ဂါ (၅)ရပ်တို့တွင် ပထမအင်္ဂါရပ်ကို ဤဘုရားရှင်၏ သာသနာတော်တွင်း၌ ဖြည့်ကျင့်တော်မူကြ၏၊ ကြွင်းအင်္ဂါ (၄)ရပ်တို့ကို ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ ဖြည့်ကျင့်ဆည်းပူးတော်မူကြပြီးဖြစ်တော်မူကြ၏၊ ဤ၌ အလေးဂရုပြုကာ ပြောဆိုလိုသော အင်္ဂါရပ်မှာ ပုဗ္ဗယောဂပင် ဖြစ်ပေသည်။

ပုဗ္ဗယောဂ – ဟူသည် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ ဆွမ်းခံသွားရာ၌ ကမ္မဋ္ဌာန်းကိုဆောင်ခြင်း ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်ကြွလာရာ၌ ကမ္မဋ္ဌာန်းကို ဆောင်ခြင်းတည်းဟူသော အသွားအပြန် ကမ္မဋ္ဌာန်းကိုဆောင်ခြင်း ဂတပစ္စာဂတိက ကျင့်ဝတ်ကို ဖြည့်ကျင့်လျက် သမထ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းတို့ကို စီးဖြန်းပွားများအားထုတ်တော် မူလေရာ အနုလောမဉာဏ် ဂေါတြဘုဉာဏ်တို့၏ အနီးအပါး၌ဖြစ်သော သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို အပတ်တကုတ် အားထုတ်ဖူးခြင်းသည် ပုဗ္ဗယောဂ မည်၏၊[မှတ်စု ၄]

ဤအရှင်မြတ်ကြီး (၅)ပါးတို့သည် ဤ ပုဗ္ဗယောဂအင်္ဂါရပ်နှင့်လည်း ပြည့်စုံတော်မူကြပြီးလည်း ဖြစ်တော်မူကြ၏၊ အထူးသဖြင့် အရှင်ကောဏ္ဍည မထေရ်မြတ်ကြီးသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်က ပွင့်ထွန်းပေါ်ပေါက်တော် မူခဲ့သော ပဒုမုတ္တရဘုရားရှင်၏ သာသနာတော်တွင်းမှ စတင်ကာ ရှည်စွာသော ညဉ့်အပိုင်းအခြားကို သိတော်မူသည့် ‘ရတ္တညူ’ ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းနိုင်ရေးအတွက် ပါရမီမျိုးစေ့တို့ကို ဖြည့်ကျင့်ဆည်းပူးခဲ့သူ ဖြစ်ပေသည်။

ဤရှင်းလင်းချက်များအရ အနတ္တလက္ခဏသုတ္တန်ကို နာယူတော်မူကြမည့် ပဉ္စဝဂ္ဂီရဟန်းတော်တို့သည် အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓစသည့် (၁၁)မျိုးသော အခြင်းအရာဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုပွားတတ်ပြီးသူများလည်း ဖြစ်တော် မူကြ၏ဟူသော အချက်ကို အလေးအနက် မှတ်သားထားစေလိုသည်။ တစ်ဖန် သမုဒယသစ္စာ အမည်ရသည့် အကြောင်းတရားတို့ကိုလည်း လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုပွားနေသူများ ဖြစ်တော် မူကြ၏ဟူသော အချက်ကိုလည်း သတိပြုထားစေလိုသည်။ သို့မှသာလျှင် ဓမ္မစက္ကပ္ပဝတ္တနသုတ္တန်ဒေသနာတော် ရှုကွက်နှင့် အနတ္တလက္ခဏသုတ္တန်ဒေသနာတော် ရှုကွက်တို့ သဘောတရား အနက်အဓိပ္ပါယ်ချင်း တူညီလျက်ရှိသည်ကို သဘောကျ လက်ခံနိုင်မည် ဖြစ်ပေသည်။

ဤအရှင်မြတ်ကြီး (၅)ပါးတို့သည် အနတ္တလက္ခဏသုတ္တန်ကို နာယူရတော့မည့် ဝါဆိုလပြည့်ကျော် (၅)ရက်နေ့ ညနေပိုင်းသို့ ရောက်ရှိတော်မူလာသောအခါ ယခုရှင်းပြခဲ့သည့်အတိုင်း အရဟတ္တဖိုလ်သို့ ရောက်နိုင်လောက်အောင် အတိတ်ဘဝထိုထိုက ဆည်းပူးခဲ့သော အတိတ်ပါရမီနှင့် ပစ္စုပ္ပန်ဘဝတွင် ထပ်မံဆည်းပူးထားအပ်သော ပါရမီတော်မြတ် အပေါင်းတို့က ရင့်ညောင်းတော်မူလာကြပြီ ဖြစ်ကြသည့်အတွက် အတိတ် အနာဂတ် ပစ္စုပ္ပန်စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အနတ္တလက္ခဏာကို ဦးစားပေးကာ လက္ခဏာရေး သုံးတန်သို့ တင်လျက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူကြပါက အရဟတ္တဖိုလ်ပန်းကို ဆင်မြန်းတော် မူနိုင်ကြလိမ့်မည်ဟု ဘုရားရှင်က သိရှိတော်မူသည့်အတွက် အနိစ္စတစ်ကျော့ ဒုက္ခတစ်ကျော့ အနတ္တတစ်ကျော့ ဤသို့ သုံးကျော့ သုံးပြန် အပြန်အလှန် အမေးအဖြေ ပြုလုပ်ပြီးမှ ဝိပဿနာရှုကွက်ကို ဆက်လက်ကာ ဟောကြားထားတော် မူခြင်းကြောင့် တေပရိဝဋ္ဋဓမ္မဒေသနာဟု အမည်တွင်သော ဤအနတ္တလက္ခဏသုတ္တန်[မှတ်စု ၅]တရားဒေသနာတော်ကို ဟောကြားပေးတော်မူလေသည် .....။

  1. ဤအရာဝယ် အထူးသတိပြုစေလိုသော အချက်တစ်ရပ်ကား ရှိနေပေသေး၏၊ အချို့အချို့သော ဆရာတို့ကား “ဘုရားရှင်သည် (တာဝတိံသာ) နတ်ပြည်၌သာ အဘိဓမ္မာတရားတော်ကို ဟောကြားထားတော်မူခဲ့၏၊ လူ့ပြည်မှာ ဟောကြားထားတော်မူသည်ကား မဟုတ်။ သို့အတွက် အဘိဓမ္မာဒေသနာတော်သည် နတ်ဗြဟ္မာတို့နှင့်သာ သက်ဆိုင်၏၊ လူသားတို့နှင့်ကား မသက်ဆိုင်”ဟု အယူ ရှိကြပြန်၏၊ သို့သော် ရှေးစာမျက်နှာ (၂၂)၌ ရှင်းလင်းတင်ပြထားခဲ့သည့်အတိုင်း ဓမ္မစကြာဒေသနာတော်၏ အဆုံး၌ အရှင် အညာသိကောဏ္ဍည မထေရ်မြတ်နှင့် အတူတကွ (၁၈)ကုဋေကုန်သော ဗြဟ္မာတို့သည် အရိယသစ္စာလေးပါးတို့ကို ထိုးထွင်းသိမြင် ကာ သောတာပတ္တိဖိုလ်၌ တည်ကြကုန်၏၊ အရှင်အညာသိကောဏ္ဍည မထေရ်မြတ်သည် အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက (= အကြမ်း), သုခုမ (= အနု), ဟီန (= အယုတ်), ပဏီတ (= အမြတ်), ဒူရ (= အဝေး), သန္တိက (= အနီး)ဟု ခေါ်ဆိုအပ်သည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခအရိယသစ္စာတရားတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် မျက်မှောက်ပြုကာ ထိုးထွင်းသိမြင်တော်မူ၏၊ အလားတူပင် နတ်ဗြဟ္မာတို့သည်လည်း ယင်း (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခအရိယသစ္စာတရားတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် မျက်မှောက်ပြုကာ ထိုးထွင်းသိမြင်ကြပေသည်။ တစ်ဖန် အရှင်ကောဏ္ဍညမထေရ်မြတ်သည် သမုဒယအရိယသစ္စာ အမည်ရသည့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့ကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတည်းဟူသော အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ ထင်ရှားဖြစ်ပေါ်ပုံကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် မျက်မှောက်ပြုကာ ထိုးထွင်းသိမြင်တော်မူ၏၊ အလားတူပင် နတ်ဗြဟ္မာ တို့သည်လည်း ယင်းသမုဒယအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် မျက်မှောက်ပြုကာ ထိုးထွင်းသိမြင်ကြ၏၊ တစ်ဖန် အရှင်ကောဏ္ဍညမထေရ်မြတ်သည် ယင်း အကြောင်း သမုဒယသစ္စာတရားတို့နှင့် အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ အဆင့်ဆင့်သော ဝိပဿနာဉာဏ်တို့ဖြင့် ဝိပဿနာ ရှုပွားသုံးသပ်တော်မူနိုင်၏၊ အလားတူပင် နတ်ဗြဟ္မာတို့သည်လည်း ယင်း အကြောင်းသမုဒယသစ္စာတရားတို့နှင့် အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကို လက္ခဏာရေး သုံးတန်သို့ တင်ကာ အဆင့်ဆင့်သော ဝိပဿနာဉာဏ်တို့ဖြင့် ဝိပဿနာရှုပွားသုံးသပ်နိုင်ကြ၏၊ တစ်ဖန် အရှင်ကောဏ္ဍည မထေရ်မြတ်သည် (ရရှိတော့မည့် အရဟတ္တမဂ်၏ စွမ်းအားကြောင့်) အကြောင်း သမုဒယသစ္စာတရားများ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ အကြွင်းအကျန် မရှိ ကုန်စင်အောင် ချုပ်ငြိမ်းမှု = နိရောဓအရိယသစ္စာတရားကိုလည်း သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် မျက်မှောက်ပြုကာ ထိုးထွင်းသိမြင်တော်မူ၏၊ အလားတူပင် နတ်ဗြဟ္မာတို့သည်လည်း ယင်းနိရောဓအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် မျက်မှောက်ပြုကာ ထိုးထွင်းသိမြင် ကြပေသည်။ တစ်ဖန် အရှင်ကောဏ္ဍညမထေရ်မြတ်သည် ရင့်ကျက်လာသည့် ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာသည့် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တည်းဟူသော လောကုတ္တရာ နိရောဓအရိယသစ္စာ တရားကို ထိုးထွင်းသိမြင်တော်မူ၏၊ အလားတူပင် နတ်ဗြဟ္မာတို့သည်လည်း ယင်း လောကုတ္တရာ နိရောဓအရိယသစ္စာတရားကို သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိမြင်ကြပေသည်။ တစ်ဖန် အရှင်ကောဏ္ဍညမထေရ်မြတ်သည် ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် လောကီမဂ္ဂင် (၈)ပါး လောကုတ္တရာမဂ္ဂင် (၈)ပါးတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် မျက်မှောက်ပြုကာ ထိုးထွင်းသိမြင်တော်မူ၏၊ အလားတူပင် နတ်ဗြဟ္မာတို့သည်လည်း ယင်းမဂ္ဂအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် မျက်မှောက်ပြုကာ ထိုးထွင်းသိမြင်ကြပေသည်။ ထို့ကြောင့် အရှင်ကောဏ္ဍညမထေရ်မြတ် ထိုးထွင်းသိမြင်တော် မူသည့် ရုပ်နာမ်နှင့် နတ်ဗြဟ္မာတို့ ထိုးထွင်းသိမြင်ကြသည့် ရုပ်နာမ်၊ အရှင်ကောဏ္ဍညမထေရ်မြတ် ထိုးထွင်းသိမြင်တော်မူသည့် သစ္စာ (၄)ပါးနှင့် နတ်ဗြဟ္မာတို့ ထိုးထွင်းသိမြင်ကြသည့် သစ္စာ (၄)ပါးတို့မှာ တူညီလျက်ပင် ရှိကြပေသည်၊ ကွဲပြားမှုကား မရှိကြပေ။ အကြောင်းမှာ အရှင်ကောဏ္ဍညမထေရ်မြတ်နှင့် နတ်ဗြဟ္မာတို့ နာယူကြရသော တရားဒေသနာတော်မှာ “ဓမ္မစကြာတရား ဒေသနာတော်” တစ်ခုတည်းသာ ဖြစ်သောကြောင့်လည်းကောင်း, ထိုအချိန်အခါတွင် ဘုရားရှင်သည် (တာဝတိံသာ) နတ်ပြည်၌ အဘိဓမ္မာတရားဒေသနာတော်ကို ဟောကြားတော်မမူရသေးသောကြောင့်လည်းကောင်း ဖြစ်ပေသည်။
  2. (ဝိသုဒ္ဓိ၊၂၊၇၂။)
  3. (စာမျက်နှာ၊၆၄၃။)
  4. ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ။ (ဝိသုဒ္ဓိ၊၂၊၇၂။) ယာဝ အနုလောမဂေါတြဘုသမီပန္တိ သင်္ခါရုပေက္ခာဉာဏမာဟ။ (မဟာဋီ၊၂၊၈၄၊၊)
  5. (သံ၊၂၊၅၅-၅၆။ ဝိနည်းမဟာဝါ၊၁၈-၂၀။)