နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ပညတ်ကို အာရုံယူ၍ အကုသိုလ်နာမ်တရား

1671နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်းပညတ်ကို အာရုံယူ၍ အကုသိုလ်နာမ်တရားစုတို့ကို သိမ်းဆည်းပုံ အမြွက်ဖားအောက်တောရဆရာတော်

ပညတ်ကို အာရုံယူ၍ အကုသိုလ်နာမ်တရားစုတို့ကို သိမ်းဆည်းပုံ အမြွက်

လောဘ-ဒိဋ္ဌိအုပ်စု

၁။ လိုအပ်ပါက သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။
၂။ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းပါ။
၃။ ရွှေ အာရုံကို လှမ်းအာရုံယူပါ။ (မိမိနှစ်သက်နေသော မိမိပိုင်ရွှေ ဖြစ်ပါစေ။)
၄။ ထိုရွှေ အာရုံက မနောဒွါရ၌ ထင်လာသောအခါ ရွှေဟူသော ပညတ် အတုံးအခဲကို အာရုံယူ၍ မနောဒွါရိက ဇောဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ ထိုဝီထိစိတ်အစဉ်များတွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက ရွှေဟု ဆင်ခြင်ဆုံးဖြတ်ကြည့်ပါ။ နှလုံးသွင်းပါ။ အယောနိသောမနသိကာရ ဖြစ်သဖြင့် လောဘ-ဒိဋ္ဌိ အကုသိုလ်ဇောအုပ်စု နာမ်တရားများ ဖြစ်ပေါ်လာကြပေလိမ့်မည်။

ဤဝီထိ၌ ပညတ်ကို အာရုံပြုလျှင် တဒါရုံကျခွင့်မရှိ။ သို့သော် ရွှေဟူသော ပညတ်အတုံးအခဲကို အာရုံမယူဘဲ ရွှေအတုံးအခဲ၌ တည်ရှိသော ရုပ်ကလာပ်အများစု၏ ရူပါရုံ အရောင်အဆင်းကို အာရုံယူနိုင်လျှင်ကား တဒါရုံ ကျခွင့်ရှိသည်။

ထိုလောဘဒိဋ္ဌိ အကုသိုလ်ဇောအုပ်စုတို့တွင် ရွှေဟု အသိမှားမှုကား မောဟ, ရွှေဟု ယုံကြည်ချက်မှားမှု ခံယူချက် မှားမှုကား ဒိဋ္ဌိတည်း၊ လောကသမညာအတ္တစွဲ = လောကဝေါဟာရအတ္တစွဲ တစ်မျိုးတည်း။ ကျန်စေတသိက်တို့ကား သဘောပေါက်လောက်ပေပြီ။ အလားတူပင် ရွှေအတုံးအခဲကို နိစ္စဟု ဆုံးဖြတ်ကြည့်ပါ = နှလုံးသွင်းကြည့်ပါ။ သုခဟု ဆုံးဖြတ်ကြည့်ပါ = နှလုံးသွင်းကြည့်ပါ။ အတ္တဟု ဆုံးဖြတ်ကြည့်ပါ = နှလုံးသွင်းကြည့်ပါ။ သုဘဟု = တင့်တယ်သည်ဟု ဆုံးဖြတ်ကြည့်ပါ = နှလုံးသွင်းကြည့်ပါ။ အလားတူပင် လောဘ-ဒိဋ္ဌိအုပ်စု အကုသိုလ်ဇောဝီထိ စိတ်အစဉ်များ ဖြစ်ပေါ်လာကြပေလိမ့်မည်။ ထိုနာမ်တရားစုတို့တွင် နိစ္စ သုခ အတ္တ သုဘဟု အသိမှားမှုကား မောဟတည်း။ နိစ္စ သုခ အတ္တ သုဘဟု ယုံကြည်ချက်မှားမှု = ခံယူချက်မှားမှုကား ဒိဋ္ဌိတည်း။

အလားတူပင် ရဟန်းတော်များအတွက် မိမိပိုင်ဆိုင်သည့် နှစ်သက်မြတ်နိုးဖွယ်ရာ အဝတ် သင်္ကန်း စသည်တို့ကို အာရုံယူကာ လောဘ-ဒိဋ္ဌိဖြစ်အောင် နှလုံးသွင်း ရှုပွားရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။ သင်္ကန်းအဟောင်း အသစ် စသည့် အာရုံအမျိုးမျိုး ပြောင်းကာ နည်းတူပင် ရှုပါ။ အဝတ် သင်္ကန်း အသစ်၌ ပီတိဖြစ်တတ်၍ အဝတ် သင်္ကန်း အဟောင်း၌ ပီတိ မဖြစ်ပုံများကို သဘောပေါက်အောင် ရှုပါ။ လူယောဂီပုဂ္ဂိုလ်များသည်လည်း မိမိ၏ အဝတ် အဝတ်ပုဆိုး အဟောင်း အသစ် စသည်တို့ကို အာရုံယူကာ နည်းတူပင် ရှုနိုင်ပါသည်။

ဤ၌ နိစ္စဟု အသိမှားမှု ခံယူချက်မှားမှု ဟူသည်မှာ “ယမန်နေ့ကလည်း ငါ့ရွှေပဲ ယနေ့လည်း ငါ့ရွှေပဲ၊ ယမန်နေ့ကလည်း ငါ့အဝတ်ပဲ ငါ့သင်္ကန်းပဲ၊ ယနေ့လည်း ငါ့အဝတ်ပဲ ငါ့သင်္ကန်းပဲ၊ ယမန်နေ့ကလည်း ငါ့သားပဲ ယနေ့လည်း ငါ့သားပဲ” ဤသို့ စသည်ဖြင့် အသိမှားမှု ခံယူချက်မှားမှုတည်း။ “ဒါ နင့်ရွှေ မဟုတ်၊ နင့်အဝတ် မဟုတ်၊ နင့်သင်္ကန်း မဟုတ်၊ နင့်သား မဟုတ်” ဤသို့ စသည်ဖြင့် တစ်စုံတစ်ယောက်က လာရောက်ပြောဆိုလာပါလျှင် ပရမတ်ဉာဏ်ပညာ မရှိသူ အစွဲမပြုတ်သူတို့ကား လက်ခံနိုင်ကြဖွယ်ရာ မရှိပေ။ ဤသဘောတရားတို့ကား အသိမှားမှု ခံယူချက်မှားမှုတို့ အပေါ်၌ အခြေစိုက်လျက် ရှိကြ၏၊

လောဘ-မာနအုပ်စု –– လောဘ-မာနအုပ်စု၌ မာနမှာ အသာယူလိုသည့်သဘော အပေါ်စီးက နေလိုသည့် သဘော ဖြစ်သည်။ မိမိပိုင် သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုက သူတစ်ပါးပိုင် သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုထက် သာလွန်၍ အဆင့်မြင့်သည်ဟု မိမိကိုယ်ကို မိမိ အထင်ကြီးမှု စိတ်ကြီးဝင်မှု ဘဝင်မြင့်မှု တစ်မျိုး ဖြစ်သည်။ အဝတ်ချင်းပြိုင်မှု စိန်နားကပ်ချင်းပြိုင်မှု ကားချင်းပြိုင်မှု သားချင်းပြိုင်မှု မယားချင်းပြိုင်မှု စသည့် ပြိုင်ဆိုင်ဖူးသည့် အသာယူဖူးသည့် သို့မဟုတ် ပြိုင်ဆိုင်နေကျ အသာယူနေကျ အာရုံတစ်ခုခုကို အာရုံယူ၍ မနောဒွါရကိုပါ ပူးတွဲ သိမ်းဆည်းလျက် ရှုကြည့်ပါ။ ပညတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော လောဘ-ဒိဋ္ဌိ လောဘ-မာနအုပ်စု နာမ်တရားတို့ကို သဘောပေါက်ပါက ရုပ်ပရမတ်တရားတို့ကို အာရုံယူ၍ ရှုရန် ဖြစ်သည်။

ဒေါသမူ ဒွေ

၁။ ဒေါသအုပ်စု၌ ဒေါသဖြစ်နေကျ မုန်းသူတစ်ဦးကိုလည်းကောင်း, ပစ္စည်းတစ်ခုကိုလည်းကောင်း,
၂။ ဒေါသ-ဣဿာအုပ်စု၌ မိမိပစ္စည်းထက် သာလွန်သည့် သူတစ်ပါးပစ္စည်းကိုလည်းကောင်း,
၃။ ဒေါသ-မစ္ဆရိယအုပ်စု၌ အထိမခံနိုင်သည့် မိမိ၏ သက်ရှိ သက်မဲ့ ကာမဝတ္ထုတစ်ခုခုကိုလည်းကောင်း, (ပစ္စည်းတစ်ခုခုကိုလည်းကောင်း)
၄။ ဒေါသ-ကုက္ကုစ္စအုပ်စု၌ –

(က) ပြုပြီး ဒုစရိုက်တစ်ခုခုကိုလည်းကောင်း = ဥပမာ - လွန်ကျူးဖူးသည့် ပါဏာတိပါတလုပ်ငန်း တစ်ခုခုကို လည်းကောင်း၊
( ခ ) မပြုမိသည့် သုစရိုက်တစ်ခုခုကိုလည်းကောင်း, ဥပမာ - ဒါနတစ်ခုခုကို ပြုဖို့ရန် ရည်ရွယ်ထားသော်လည်း အောင်မြင်မှု မရရှိသဖြင့် စိတ်မချမ်းသာမှု = နောင်တတစ်ဖန် ပူပန်မှု, ဥပုသ်သီလကျင့်သုံးရန် ရည်ရွယ်ထားသော်လည်း မကျင့်သုံးနိုင်သဖြင့် စိတ်မချမ်းသာမှု = နောင်တတစ်ဖန် ပူပန်မှု စသည့် အာရုံတစ်ခုခုကိုလည်းကောင်း –– အာရုံယူ၍ ရှုပါ။

ကုက္ကုစ္စမှာ ဒုစရိုက်တစ်ခုခုကို ပြုလိုက်မိ၍ နောင်တတစ်ဖန် ပူပန်မှုသဘော ဖြစ်ရကား ပြုဖူးသည့် ဒုစရိုက် တစ်ခုခုကို အာရုံယူ၍လည်း ရှုနိုင်သည်။ သုစရိုက်တစ်ခုခုကိုလည်း မပြုလိုက်မိ မကျင့်လိုက်မိသဖြင့် နောင်တတစ်ဖန် ပူပန်သည့်သဘော ဖြစ်ရကား မပြုလိုက်မိ မကျင့်လိုက်မိသည့် သုစရိုက်တစ်ခုခုကိုလည်း အာရုံယူ၍ ရှုနိုင်သည်။ ဉာဏ်ရှိသလို ချဲ့ထွင်ရှုနိုင်သည်။ ရုပ်ပရမတ်အစစ်ကို အာရုံယူ၍ ရှုရာ၌ ယောဂီအများစုဝယ် ဤအုပ်စုမှာ ခက်ခဲသည်ကို တွေ့ရ၏၊

မောဟမူ ဒွေ

မောဟ-ဥဒ္ဓစ္စအုပ်စု၌ လောဘ ဒေါသ မပါဘဲ ရိုးရိုး စိတ်ပျံ့လွင့်နေကျ ပညတ်အာရုံကို အာရုံယူ၍ ဦးစွာ ရှုကြည့်ပါ။ မောဟ-ဝိစိကိစ္ဆာအုပ်စု၌ “အတိတ်ဘဝ ရှိ၏ဟူသည်မှာ ဟုတ်မှဟုတ်ပါလေစ” ဤသို့ စသည့် သံသယ ဖြစ်လောက်သည့် အာရုံတစ်ခုခုကို အာရုံယူ၍ ရှုကြည့်ပါ။

ဤသို့ ပညတ်ကို အာရုံယူ၍ ရှုရာ၌ ယင်းမနောဒွါရိကအကုသိုလ်ဇောများ၏နောင်၌ တဒါရုံမကျနိုင်။ သို့သော် ပရမတ်အတုံးအခဲတို့၏ အဆင်း အသံ အနံ့ စသည်ကို အာရုံယူနိုင်ပါက တဒါရုံကျခွင့်ရှိပေသည်။ ပညတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော အကုသိုလ်နာမ်တရားတို့ကို ရှုတတ်ပါက ရုပ်ပရမတ် တစ်လုံးစီ တစ်လုံးစီကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော အကုသိုလ် နာမ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းရှုပွားပါလေ။ ကုသိုလ်ဇော စောသည့် ဇောဝီထိစိတ်အစဉ်တို့ကို ရှုရာ၌ ဓမ္မာရုံလိုင်း နာမ်တရားတို့က စ၍ သိမ်းဆည်းရှုပွားသကဲ့သို့ အကုသိုလ်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရာ၌လည်း ဓမ္မာရုံလိုင်းကပင် စတင်၍ သိမ်းဆည်းရှုပွားပုံကို ဆက်လက်၍ ရေးသားတင်ပြပေအံ့..။

ဤတွင် ဉာဏ်နုသူများအတွက် စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော လောဘ-ဒိဋ္ဌိအုပ်စု နာမ်တရား အလုံး (၂၀)ကို ထပ်မံ၍ ရေးသားတင်ပြအပ်ပါသည်။ ကျန်နေသော အကုသိုလ်နာမ်တရားအုပ်စုတို့၌လည်း နည်းမှီး၍ သဘောပေါက်ပါလေ။

လောဘ-ဒိဋ္ဌိအုပ်စု နာမ်တရား အလုံး (၂၀)

၁။ အသိစိတ် = စက္ခုအကြည်ဓာတ်အာရုံကို ရယူခြင်းသဘော။
၂။ ဖဿ= စက္ခုအကြည်ဓာတ်အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော။
= စက္ခုအကြည်ဓာတ်အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘော။
၃။ ဝေဒနာ= စက္ခုအကြည်ဓာတ်အာရုံ၏ အရသာကို ခံစားခြင်းသဘော။ (သောမနဿဝေဒနာ)
၄။ သညာ= စက္ခုအကြည်ဓာတ်အာရုံကို (သုဘဟု) မှတ်သားခြင်းသဘော၊
[နိစ္စဟု သုခဟု အတ္တဟု မှတ်သားရာ၌လည်း နည်းတူပင်တည်း။]
၅။ စေတနာ= စက္ခုအကြည်ဓာတ်အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးခြင်း နှိုးဆော်ပေးခြင်းသဘော။
၆။ ဧကဂ္ဂတာ = စက္ခုအကြည်ဓာတ်အာရုံတစ်ခုတည်းပေါ်သို့ စိတ်ကျရောက်နေခြင်းသဘော။
= စက္ခုအကြည်ဓာတ်အာရုံ၌ စိတ်စေတသိက် (= သမ္ပယုတ်တရား)တို့ကို ဖရိုဖရဲ မကျဲစေခြင်း သဘော။
၇။ ဇီဝိတ= စက္ခုအကြည်ဓာတ်အာရုံ၌ စိတ်စေတသိက် (= သမ္ပယုတ်တရား)တို့ကို စောင့်ရှောက်ပေးခြင်း သဘော။
၈။ မနသိကာရ= စက္ခုအကြည်ဓာတ်အာရုံဘက်သို့ စိတ်ကို = သမ္ပယုတ်တရားတို့ကို ဦးလှည့် တွန်းပို့ပေးခြင်း သဘော။
= စက္ခုအကြည်ဓာတ်အာရုံကို နှလုံးသွင်းခြင်းသဘော။
၉။ ဝိတက် = စက္ခုအကြည်ဓာတ်အာရုံပေါ်သို့ စိတ်ကို = သမ္ပယုတ်တရားတို့ကို ရှေးရှူတင်ပေးခြင်းသဘော၊
= စက္ခုအကြည်ဓာတ်အာရုံကို ကြံစည်ခြင်းသဘော။
၁၀။ ဝိစာရ= စက္ခုအကြည်ဓာတ်အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော။
= စက္ခုအကြည်ဓာတ်အာရုံကို ဆုပ်နယ်ခြင်းသဘော။
= စက္ခုအကြည်ဓာတ်အာရုံကို အာရုံ ထပ်၍ ထပ်၍ ယူခြင်းသဘော။
၁၁။ အဓိမောက္ခ= စက္ခုအကြည်ဓာတ်အာရုံကို (သုဘဟု) ဆုံးဖြတ်ချက်ချခြင်းသဘော။
[နိစ္စဟု သုခဟု အတ္တဟု ဆုံးဖြတ်ရာ၌လည်း နည်းတူ မှတ်ပါ။]
၁၂။ ဝီရိယ = စက္ခုအကြည်ဓာတ်အာရုံပေါ်၌ လောဘ ဒိဋ္ဌိ စသော အကုသိုလ်တရားများ ဖြစ်အောင် (ရာဂဖြစ်အောင်) ကြိုးစားအားထုတ်ခြင်းသဘော။
၁၃။ ပီတိ= စက္ခုအကြည်ဓာတ်အာရုံကို နှစ်သက်ခြင်းသဘော။
၁၄။ ဆန္ဒ= စက္ခုအကြည်ဓာတ်အာရုံကို လိုလားတောင့်တခြင်းသဘော (= ရာဂဖြစ်လိုသည့်သဘော။)
၁၅။ မောဟ = စက္ခုအကြည်ဓာတ်အာရုံ၏ (အသုဘ) သဘောမှန်ကို မသိခြင်းသဘော။ [အနိစ္စသဘောမှန် ဒုက္ခသဘောမှန် အနတ္တသဘောမှန်ကို မသိမှုသဘော]
= စက္ခုအကြည်ဓာတ်အာရုံကို (သုဘဟု) အသိမှားခြင်းသဘော။
[နိစ္စဟု သုခဟု အတ္တဟု အသိမှားခြင်းသဘော ပုံစံတူ မှတ်ပါ။]
၁၆။ အဟိရိက= စက္ခုအကြည်ဓာတ်အာရုံပေါ်၌ လောဘ-ဒိဋ္ဌိ စသော အကုသိုလ် ဖြစ်မှုကို မရှက်ခြင်းသဘော။
၁၇။ အနောတ္တပ္ပ = စက္ခုအကြည်ဓာတ်အာရုံပေါ်၌ လောဘ-ဒိဋ္ဌိ စသော အကုသိုလ် ဖြစ်မှုကို မကြောက်ခြင်း သဘော။
၁၈။ ဥဒ္ဓစ္စ= စက္ခုအကြည်ဓာတ်အာရုံပေါ်၌ စိတ်မငြိမ်မသက် ပျံ့လွင့်နေခြင်းသဘော။
၁၉။ လောဘ = စက္ခုအကြည်ဓာတ်အာရုံကို “ငါ့ဟာ”ဟု စွဲယူခြင်းသဘော။
= စက္ခုအကြည်ဓာတ်အာရုံကို လိုလားတပ်မက်ခြင်းသဘော။
= စက္ခုအကြည်ဓာတ်အာရုံ၌ ကပ်ငြိနေခြင်းသဘော။
၂၀။ ဒိဋ္ဌိ= စက္ခုအကြည်ဓာတ်အာရုံကို သုဘဟု စွဲလမ်းယုံကြည်ခြင်းသဘော။
= စက္ခုအကြည်ဓာတ်အာရုံကို သုဘဟု အယူမှားခြင်း = ခံယူချက်မှားခြင်းသဘော။
(နိစ္စ သုခ အတ္တဟု စွဲယူရာ၌လည်း နည်းတူ သဘောပေါက်ပါလေ။)

ဝေဒနာနှင့် ပီတိ, ထိနနှင့် မိဒ္ဓ–– လောဘမူ သောမနဿသဟဂုတ် စိတ်များ၌ သောမနဿဝေဒနာ ယှဉ်၏၊ ပီတိလည်းယှဉ်၏၊ လောဘမူ ဥပေက္ခာသဟဂုတ် စိတ်များ၌ ဥပေက္ခာဝေဒနာ ယှဉ်၏၊ ပီတိ မယှဉ်။ အသင်္ခါရိက စိတ်များ၌ ထိန-မိဒ္ဓ မယှဉ်၊ သသင်္ခါရိကစိတ်များ၌ ထိန-မိဒ္ဓ ယှဉ်၏၊ ပီတိ ယှဉ်မယှဉ်, ထိန-မိဒ္ဓ ယှဉ်မယှဉ်သို့ လိုက်၍ (၄)ချက်စီပင် ရှုပါ။

ဝီရိယနှင့် ဆန္ဒ– ဒေါသအုပ်စု၌ ဝီရိယမှာ အထူးသဖြင့် ဒေါသဖြစ်အောင် ကြိုးစားမှု, ဆန္ဒမှာ ဒေါသ ဖြစ်လိုမှုသဘော ဖြစ်သည်။ ဒေါသ-ဣဿာ အုပ်စု၌ ဝီရိယမှာ ဒေါသ-ဣဿာဖြစ်အောင် ကြိုးစားမှု, ဆန္ဒမှာ ဒေါသဣဿာ ဖြစ်လိုမှုသဘော ဖြစ်သည်။ ဒေါသ-မစ္ဆရိယအုပ်စု၌ ဝီရိယမှာ ဒေါသ-မစ္ဆရိယဖြစ်အောင် ကြိုးစားမှု, ဆန္ဒမှာ ဒေါသ-မစ္ဆရိယ ဖြစ်လိုမှုသဘော ဖြစ်သည်။ ဒေါသ-ကုက္ကုစ္စအုပ်စု၌ ဝီရိယမှာ ဒေါသ-ကုက္ကုစ္စဖြစ်အောင် ကြိုးစားမှု, ဆန္ဒမှာ ဒေါသ-ကုက္ကုစ္စ ဖြစ်လိုမှုသဘော ဖြစ်သည်။

မောဟ –– မောဟမှာ စက္ခုအကြည်ဓာတ် စသည့် အာရုံကို နိစ္စ-သုခ-အတ္တ-သုဘ စသည်ဖြင့် အသိမှားမှု၊ သူတစ်ပါး၏ စက္ခုအကြည်ဓာတ်, မိမိ၏ စက္ခုအကြည်ဓာတ် စသည်ဖြင့် အသိမှားမှုတည်း။

အဟိရိက အနောတ္တပ္ပ –– လောဘ-ဒိဋ္ဌိ၊ လောဘ-မာန၊ ဒေါသ၊ ဒေါသ-ဣဿာ၊ ဒေါသ-မစ္ဆရိယ၊ ဒေါသကုက္ကုစ္စ၊ မောဟ-ဥဒ္ဓစ္စ၊ မောဟ-ဝိစိကိစ္ဆာ စသည့် အကုသိုလ်တရားတို့ ဖြစ်မှုကို မရှက်မှုသဘော မကြောက်မှု သဘောတည်း။ ဒုစရိုက်လွန်ကျူးဆဲအချိန်က တည်ရှိသော နာမ်တရားတို့ကို အာရုံယူ၍ သိမ်းဆည်းရာ၌ကား ယင်း လွန်ကျူးဆဲခဏ၌ ဖြစ်ပေါ်သွားကြသော အဟိရိက အနောတ္တပ္ပတို့သည် လွန်ကျူးဆဲဒုစရိုက်မှ မရှက်မှုသဘော မကြောက်မှု သဘောတည်း။

ကြွင်းကျန်သည့် ဓမ္မာရုံလိုင်း စာရင်းဝင် ရုပ်အစစ် (၉)လုံး သို့မဟုတ် (၁၀)လုံး, ရုပ်အတု (၁၀)လုံးတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာသော အကုသိုလ်အုပ်စု နာမ်တရားတို့ကိုလည်း စက္ခုအကြည်ဓာတ်၌ ရှုပုံနည်းစနစ်ကိုပင် နည်းမှီး၍ ရှုပါလေ။ ရှေးဦးစွာ အကုသိုလ်ဇော စောသည့် မနောဒွါရဝီထိဇယားကို တင်ပြအပ်ပါသည်။