နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/လောဘ-ဒိဋ္ဌိအုပ်စု ရှုပုံစနစ်
စက္ခုအကြည်ဓာတ်အာရုံ - လောဘ-ဒိဋ္ဌိအုပ်စု ရှုပုံစနစ်
၁။ လိုအပ်ပါက သမာဓိကို အဆင့်ဆင့် ပြန်လည်ထူထောင်ပါ။
၂။ ဘဝင်မနောအကြည်ဓာတ်ကို = မနောဒွါရကို သိမ်းဆည်းပါ။
၃။ စက္ခုဒသကကလာပ်ကို ဓာတ်ခွဲလျက် စက္ခုအကြည်ဓာတ်ကို လှမ်း အာရုံယူပါ။
၄။ ထိုစက္ခုအကြည်ဓာတ်အာရုံသည် မနောဒွါရ၌ ရှေးရှုထင်လာသောအခါ ယင်းစက္ခုအကြည်ဓာတ်ကို အာရုံ ယူလျက် မနောဒွါရိကဇောဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ ထိုဝီထိစိတ်အစဉ်တွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက ထိုစက္ခုအကြည်ဓာတ်ကို သုဘဟု ဆင်ခြင်ဆုံးဖြတ်ပါ။ ထိုစက္ခုအကြည်ဓာတ်မှာ အလို ရှိအပ်သော ဣဋ္ဌာရုံလည်းဖြစ်မူ အယောနိသောမနသိကာရ ဖြစ်သဖြင့် ဇော၌ သုဘဟု သာယာတပ်မက်သော လောဘ-ဒိဋ္ဌိအုပ်စု နာမ်တရားများ ဖြစ်ပေါ်လာကြပေလိမ့်မည်။ နှလုံးသွင်းမှားမှု = သုဘဟုနှလုံးသွင်းမှု = အယောနိသောမနသိကာရမှာ ယင်းလောဘဇော စောရန်အတွက် အနီးကပ်ဆုံးသော အကြောင်းတစ်ရပ် ဖြစ်၏၊
ထိုစက္ခုအကြည်ဓာတ်ကို နိစ္စဟုလည်းကောင်း, သုခဟုလည်းကောင်း, အတ္တဟုလည်းကောင်း ဆင်ခြင်ဆုံးဖြတ် နှလုံးသွင်းရာ၌လည်း နည်းတူပင် မှတ်ပါ။ လောဘမူစိတ် (၈)မျိုးတွင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် (၄)မျိုးတည်း။ သောမနဿ ဝေဒနာနှင့် ယှဉ်လျှင် ပီတိပါ၏၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်လျှင် ပီတိမပါ။ သသင်္ခါရိက = တိုက်တွန်းမှုရှိလျှင် ထိနမိဒ္ဓ ပါဝင်၏၊ အသင်္ခါရိက = တိုက်တွန်းမှု မရှိလျှင် ထိနမိဒ္ဓမပါ။ တိုက်တွန်းမှုဟူသည် လောဘ, (ဒေါသ) စသည့် အကုသိုလ်တရားများ ဖြစ်ပေါ်လာအောင် မိမိကိုယ်ကိုမိမိ တိုက်တွန်းရမှု, သို့မဟုတ် သူတစ်ပါးတို့က တိုက်တွန်းရမှုကို ဆိုလိုပေသည်။ ဝီထိစိတ်အစဉ်အတွင်း၌ တည်ရှိသော စိတ္တက္ခဏတိုင်း၏ စိတ်စေတသိက် အရေအတွက်ကို ဇယားဖြင့် ရေးသားတင်ပြထားပါသည်။
မာန–– လောဘ-မာနအုပ်စုတွင် မာနမှာ ရံခါသာ ယှဉ်တတ်သော ကဒါစိစေတသိက် ဖြစ်သဖြင့် မာနလည်း မယှဉ် (ဒိဋ္ဌိလည်း မယှဉ်)သော် ဇောအသီးအသီး၌ စိတ်စေတသိက်အရေအတွက်မှာ (၁၉-၁၈-၂၁-၂၀) အသီးအသီး ဖြစ်သည်ဟု မှတ်ပါ။ သောမနဿ, ဥပေက္ခာ, သသင်္ခါရိက, အသင်္ခါရိကသို့လိုက်၍ (၄)ထွေ ကွဲပြားသွားသည်။