နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ပဋိစ္စသမုပ္ပါဒ်တရားတော်ဟူသည်

ပဋိစ္စသမုပ္ပါဒ်တရားတော်ဟူသည်

ဤပဋိစ္စသမုပ္ပါဒ်တရားတော်ကို မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက တည်ထောင်ဖန်ဆင်းထားသည်လည်း မဟုတ်။ ဘုရားပွင့်တော်မူသည်ဖြစ်စေ, ပွင့်တော်မမူသည်ဖြစ်စေ, ဤပဋိစ္စသမုပ္ပါဒ်တရားသဘောသည် ထင်ရှား ရှိနေသည်သာ ဖြစ်သည်။[မှတ်စု ၁] သို့သော် ဘုရားရှင်တို့ ပွင့်ထွန်း ပေါ်ပေါက်တော်မူသောအခါမှသာလျှင် ထိုဘုရားရှင်တို့၏ ထုတ်ဖော်ဟောကြားမှုကြောင့် ဤတရားတော်ကို သတ္တဝါတို့သည် သိရှိခွင့်ကို ရရှိကြသည်။ အကယ်၍ လောက၌ ဘုရားပွင့်တော်မမူသော်လည်းကောင်း, ဘုရားပွင့်တော်မူသော်လည်း ပဋိစ္စသမုပ္ပါဒ်တရားတော်ကို မနာယူရသော် လည်းကောင်း, တရားတော်ကို နာယူခွင့် ရရှိသော်လည်း သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိစသည့် မိစ္ဆာဒိဋ္ဌိဝါဒဆိုးကြီးများကို စွဲလမ်းဆုပ်ကိုင်ထားသော်လည်းကောင်း ဤပဋိစ္စသမုပ္ပါဒ်တရားသဘောကို သိရှိ နားလည်နိုင်ကြမည် မဟုတ်ပေ။

ဤပဋိစ္စသမုပ္ပါဒ်တရားတော်သည်ကား နက်ယောင်နှင့်လည်း နက်၏၊ ခက်ယောင်နှင့်လည်း ခက်၏၊ ဤတရားတော်ကို “လွယ်သည် တိမ်သည်”ဟု ပြောဆိုလျှောက်ထားလာသော အရှင်အာနန္ဒာကိုယ်တော်မြတ်အား “မာ ဟေဝံ အာနန္ဒ အဝစ = ချစ်သား အာနန္ဒ ...ဒီလို မပြောနဲ့”ဟု တားမြစ်တော်မူခဲ့ဖူးလေသည်။ မည်မျှပင် အသိခက်၍ နက်နဲငြားသော်လည်း ဤပဋိစ္စသမုပ္ပါဒ်တရားတော်ကို အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ဖြင့် ပိုင်းခြား၍ မသိဘဲ သံသရာဝဋ်ဆင်းရဲမှ ကျော်လွှား လွန်မြောက်နိုင်မည်မဟုတ်ချေ။[မှတ်စု ၂]

ဤပဋိစ္စသမုပ္ပါဒ်တရားသဘောကို မသိဘဲ သမဏ ဗြာဟ္မဏဟု အခေါ်မခံထိုက်ချေ။[မှတ်စု ၃] ပွင့်တော်မူပြီး ပွင့်တော်မူဆဲ ပွင့်တော်မူလတ္တံ့သော ဘုရားရှင်တို့သည် ဤပဋိစ္စသမုပ္ပါဒ်တရားတော်ကို ပိုင်းခြား၍ သိတော်မူခြင်းကြောင့် ဘုရားအဖြစ်သို့ ရောက်တော်မူပြီး ရောက်တော်မူဆဲ ရောက်တော်မူလတ္တံ့ ဖြစ်ကြသည်။[မှတ်စု ၄]

သတ္တဝါအပေါင်းသည် ဤပဋိစ္စသမုပ္ပါဒ်တရားတော်ကို ပိုင်းခြား၍ မသိသေးသမျှကာလပတ်လုံး သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိတည်းဟူသော ချောက်ကြီး တစ်ခုခုအတွင်းသို့ ကျရောက်ကာ ဆင်းရဲဒုက္ခအပေါင်းကို ခံစားနေကြရဦးမည်သာ ဖြစ်၏၊ ထိုကြောင့် သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်လိုသူတို့သည် ဤပဋိစ္စသမုပ္ပါဒ်တရားတော်ကို ထိုးထွင်း၍ သိနိုင်ရန် ကြိုးပမ်းကြရမည် ဖြစ်ကြောင်းကို နိဒါနသံယုတ်၌ အကြိမ်များစွာ ဘုရားရှင်သည် ဟောကြားတော်မူခဲ့ပေသည်။

မဇ္ဈိမပဋိပဒါလမ်းခရီး

ပဋိစ္စသမုပ္ပါဒ်သည် ..

၁။ ဇရာမရဏာဒီနံ ဓမ္မာနံ ပစ္စယလက္ခဏော ပဋိစ္စသမုပ္ပါဒေါ= ဇရာ မရဏ အစရှိကုန်သော ပစ္စယုပ္ပန်တရား တို့အား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုတတ်သည်၏ အဖြစ်ဟူသော မှတ်ကြောင်းသဘောလက္ခဏာ ရှိ၏၊

၂။ ဒုက္ခာနုဗန္ဓနရသော = အကြောင်းနှင့် အကျိုး ဆက်စပ်လျက် မပြတ်မစဲဖြစ်ခြင်းဟူသော ပဝတ္တိဒုက္ခသို့ အစဉ် လိုက်စေခြင်း ကိစ္စရသ ရှိ၏၊

၃။ ကုမ္မဂ္ဂပစ္စုပဋ္ဌာနော= စက်ဆုပ်အပ်သော သံသရာခရီး၏ အဖြစ်ဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်အား ရှေးရှူ ထင်တတ်၏၊ တစ်နည်း ––- နိဗ္ဗာန်သို့ သွားရာ မဇ္ဈိမပဋိပဒါလမ်းခရီး၏ အလွဲခရီးဖြစ်၍ ခရီးလွဲ ခရီးကောက်၏ အဖြစ်ဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်အား ရှေးရှူထင်တတ်၏၊[မှတ်စု ၅]

ယောဂါဝစရပုဂ္ဂိုလ်သည် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ဟူသော ဉာဏ်နှစ်ပါးတို့ကို ရရှိသောအခါ ထိုထို အဝိဇ္ဇာစသော အကြောင်းတရားတို့၏ ညီညွတ်မှုကို အစွဲပြု၍ ထိုထိုသင်္ခါရစသော အကျိုးတရားတို့၏ အကြောင်းနှင့် အကျိုး ဆက်နွယ်လျက် မပြတ်မစဲ ဖြစ်နေမှုကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်လာ၏၊ ယင်းသို့ သိမြင်သောအခါ ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်သည် သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိဟု ခေါ်ဆိုအပ်သော အစွန်းနှစ်ဘက်သို့ မကပ်ရောက်တော့ဘဲ မိမိ မိမိတို့၏ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရား အပေါင်းတို့ကြောင့် ယင်းအကြောင်းတရားတို့နှင့် လျော်ညီသော အကျိုးတရားတို့၏ ဖြစ်ခြင်းကို ဖော်ပြနေသော ဘုရားရှင် ညွှန်ကြားထားတော်မူသည့် မဇ္ဈိမပဋိပဒါလမ်းပေါ်သို့ ရောက်ရှိသွားပေ၏၊[မှတ်စု ၆]

အလားတူပင် ဝိညာဏ် နာမ်ရုပ်စသည်တို့၌လည်း အကြောင်းတရားဖြစ်မှု အကျိုးတရား ဖြစ်မှုကို သဘောပေါက်ပါလေ။

နိဗ္ဗာန်သို့ သွားရာ မဇ္ဈိမပဋိပဒါလမ်းဟူသည်ကား
၁။ အဝိဇ္ဇာစသော အကြောင်းတရားတို့ကိုလည်းကောင်း,
၂။ သင်္ခါရစသော အကျိုးတရားတို့ကိုလည်းကောင်း,
၃။ အဝိဇ္ဇာစသော အကြောင်းတရားနှင့် သင်္ခါရစသော အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရားကိုလည်းကောင်း –

သိရှိလာသောအခါ ယင်းအကြောင်းတရားအပေါင်း အကျိုးတရားအပေါင်းတို့ကို လက္ခဏာယာဉ် သုံးချက်သို့ တင်၍ တွင်တွင်ကြီး ဝိပဿနာရှုရသော လမ်းတည်း။

ယင်းသို့ ဝိပဿနာ မရှုခဲ့သော် မရှုနိုင်ခဲ့သော် ယင်းအကြောင်းတရားနှင့် အကျိုးတရားတို့သည် မပြတ် ဆက်စပ်လျက် အထပ်ထပ် ဖြစ်မြဲ ဖြစ်နေမည်သာ ဖြစ်ကြ၏၊ ယင်းသို့ ဖြစ်နေမှုကို ပဝတ္တိဒုက္ခဟု ခေါ်ဆိုပေသည်။ ယင်းပဝတ္တိဒုက္ခ အမည်ရသော အကြောင်းတရား အကျိုးတရားတို့၏ မပြတ် ဖြစ်နေမှုသည် သို့မဟုတ် မပြတ်ဖြစ်အောင် ကြိုးစားအားထုတ်မှုသည် ကုမ္မဂ္ဂအမည်ရသော နိဗ္ဗာန်သို့သွားရာ မဇ္ဈိမပဋိပဒါလမ်းမှ တိမ်းစောင်း လွဲချော်နေသော, မဇ္ဈိမပဋိပဒါလမ်းနှင့် ထိပ်တိုက် ဆန့်ကျင်ဘက်ဖြစ်သော ခရီးကောက် ခရီးလွဲပင်တည်း။ သံသရာ၏ အစီးအပွား အပါယ်၏ အစီးအပွားသာတည်း။

အကယ်၍ ယောဂီသူတော်ကောင်းသည် အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်တိုင်အောင် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၏ အတွင်း၌ အဝိဇ္ဇာ သင်္ခါရစသော အကြောင်းတရားအဆက်ဆက် အကျိုးတရား အဆက်ဆက်တို့ကို လက္ခဏာရေး သုံးတန်တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနိုင်ပါမူကား ယင်းအကြောင်းတရား အကျိုးတရားတို့အပေါ်၌ “ငါ့ဟာ, ငါ, ငါ၏အတ္တ”ဟု အစွဲကြီး စွဲနေသည့် တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲတို့သည် ပြိုကွဲ ပျက်စီးသွားကြမည် ဖြစ်၏၊ ထိုကြောင့် ဤကဲ့သို့ ဝိပဿနာရှုနေခြင်းသည် မဇ္ဈိမပဋိပဒါလမ်းပေါ်သို့ ဣန္ဒြေရရ ဂုဏ်သိက္ခာရှိရှိဖြင့် တည်ငြိမ်စွာ လျှောက်သွားနေခြင်းပင် ဖြစ်ပေသည်။ ထိုကဲ့သို့ မဇ္ဈိမပဋိပဒါလမ်းပေါ်သို့ ကောင်းကောင်းကြီး တွင်တွင်ကြီး မနေမနား လျှောက်သွားနိုင်ပါမူကား ယောဂီသူတော်ကောင်း လိုလားတောင့်တ နေသော နိဗ္ဗာန်သို့ကား ဣန္ဒြေရင့်ကျက်စုံညီသော တစ်နေ့တွင် ဆိုက်ရောက်ရမည်သာ ဧကန် ဖြစ်ပေသတည်း။

  1. (သံ၊၁၊၂၆၄။ ပစ္စယသုတ္တန်။)
  2. (ဒီ၊၂၊၄၇။ သံ၊၁၊၃၁၈။)
  3. ဘုရားရှင်၏ အသိအမှတ်ပြုခြင်းကို ခံယူရသော သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာတည်းဟူသော သမဏအစစ် ဗြာဟ္မဏအစစ် မဖြစ်နိုင်ဟု ဆိုလိုသည်။ (သံ၊၁၊၂၇၉။)
  4. (သံ၊၁၊၂၄၆-၂၅၂။)
  5. (ဝိသုဒ္ဓိ၊၂၊၁၄၉။)
  6. တေသံ တေသံ ပစ္စယုပ္ပန္နဓမ္မာနံ သမ္ဘဝတော ဥပ္ပဇ္ဇနတော သဿတုစ္ဆေဒသင်္ခါတံ အန္တဒွယံ အနုပဂ္ဂမ္မ ယထာသကံ ပစ္စယေဟိ အနုရူပဖလုပ္ပတ္တိ ဣဓ မဇ္ဈိမပဋိပဒါတိ အဓိပ္ပေတာ။ (မဟာဋီ၊၂၊၂၃၆။)