နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ပဋိစ္စသမုပ္ပါဒ်ဟူသည်

ပဋိစ္စသမုပ္ပါဒ်ဟူသည်

အဝိဇ္ဇာစသော အကြောင်းတရားတို့ကို ပဋိစ္စသမုပ္ပါဒ်ဟူ၍ သိရှိပါကုန်။ ထိုအဝိဇ္ဇာစသော အကြောင်းတရားတို့ ကြောင့် ဖြစ်ပေါ်လာကြကုန်သော သင်္ခါရစသော အကျိုးတရားတို့ကို ပဋိစ္စသမုပ္ပန္နတရားတို့ဟူ၍ သိရှိကြပါကုန်။[မှတ်စု ၁]

အဝိဇ္ဇာပစ္စယာ သင်္ခါရာ- ၌ အဝိဇ္ဇာ-ကား အကြောင်းပစ္စည်းတရားတည်း၊ သင်္ခါရ-ကား အကျိုးပစ္စယုပ္ပန်တရား တည်း။ အကြောင်းတရားကို ပစ္စည်းတရားဟူ၍လည်းကောင်း, အကျိုးတရားကို ပစ္စယုပ္ပန်တရားဟူ၍လည်းကောင်း အသီးအသီး ခေါ်ဆို၏၊ တစ်ဖန် သင်္ခါရပစ္စယာ ဝိညာဏံ - ၌ သင်္ခါရ-ကား အကြောင်းပစ္စည်းတရားတည်း၊ ဝိညာဏံကား အကျိုးပစ္စယုပ္ပန်တရားတည်း။ ဤသို့စသည်ဖြင့် အကြောင်းပစ္စည်းတရား အကျိုးပစ္စယုပ္ပန်တရားတို့ကို ဇာတိ ဇရာမရဏသို့ တိုင်အောင် သဘောပေါက်ပါလေ။

အဝိဇ္ဇာနှင့် သင်္ခါရတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘော၌ သင်္ခါရသည် အကျိုးတရား ဖြစ်၏၊ တစ်ဖန် သင်္ခါရနှင့် ဝိညာဏ်တို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောတရား၌ သင်္ခါရသည် အကြောင်းတရား ဖြစ်ပြန်၏၊

ထိုတွင် အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏ စသည်ဖြင့် ဟောကြားတော်မူရာဝယ် ပြဓာန်းသော အကြောင်းတရားနှင့် ပြဓာန်းသော အကျိုးတရားတို့ကိုသာ ပဓာနနည်းအားဖြင့် ထုတ်ဖော် ဟောကြားတော်မူခြင်း ဖြစ်၏၊ အဝိဇ္ဇာသည်လည်း မိမိချည်း တစ်ခုတည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအား မရှိ။ သင်္ခါရစေတနာသည်လည်း မိမိချည်း တစ်ခုတည်း သက်သက် ဖြစ်နိုင်သည့် စွမ်းအား မရှိ။ အဝိဇ္ဇာတစ်ခုတည်းသက်သက်ကြောင့် သင်္ခါရစေတနာတစ်ခုတည်းသက်သက် ဖြစ်နိုင်သည့်စွမ်းအားလည်း မရှိ၊ ဖြစ်ရိုးဓမ္မတာလည်း မရှိ။ ဤလောက၌ –

၁။ အကြောင်းတရားတစ်ခုတည်းကြောင့် အကျိုးတရားတစ်ခုတည်း၏ ဖြစ်ခြင်းသည်လည်း မရှိ။
၂။ အကြောင်းတရားတစ်ခုတည်းကြောင့် အကျိုးတရားများစွာ၏ ဖြစ်ခြင်းသည်လည်း မရှိ။
၃။ အကြောင်းတရားများစွာကြောင့် အကျိုးတရားတစ်ခုတည်း၏ ဖြစ်ခြင်းသည်လည်း မရှိ။
၄။ များစွာသော အကြောင်းတရားတို့ကြောင့်သာလျှင် များစွာသော အကျိုးတရားတို့၏ ဖြစ်ခြင်းသည်သာလျှင် ရှိ၏၊[မှတ်စု ၂]

အကြောင်းတရားများစွာတို့၏ အပေါင်းအစုကို ပစ္စယဓမ္မသမူဟ-ဟု ခေါ်ဆို၏၊ အကျိုးတရားများစွာတို့၏ အပေါင်းအစုကို ပစ္စယုပ္ပန္နဓမ္မသမူဟ-ဟု ခေါ်ဆို၏၊ ပစ္စယဓမ္မသမူဟဟူသော အကြောင်းတရားများစွာတို့၏ အပေါင်း အစုကြောင့် ဖြစ်ပေါ်လာကြရသော ပစ္စယုပ္ပန္နဓမ္မသမူဟတည်းဟူသော အကျိုးတရားများစွာတို့၏ အပေါင်းအစုကိုလည်း ပဋိစ္စသမုပ္ပါဒ်ဟူ၍ပင် ခေါ်ဆိုပေသည်။ မှန်ပေသည် –

၁။ ဥတု = ပူမှု အေးမှု ဟူသော ရာသီဥတု၊
၂။ ပထဝီ = မြေကြီး = စိုက်ခင်း၊
၃။ ဗီဇ = မျိုးစေ့၊
၄။ သလိလ = ရေ၊

ဤသို့စသည့် များစွာကုန်သော အကြောင်းတရားတို့ကြောင့်သာလျှင် အဆင်း အနံ့ အရသာ အစရှိသော များစွာကုန်သော ဩဇဋ္ဌမကရုပ်ကလာပ်တို့၏ အပေါင်းအစုဖြစ်သော အညွန့်ဟု ခေါ်ဆိုအပ်သော အကျိုးတရား၏ ဖြစ်ပေါ်လာရသည်ကို တွေ့မြင်အပ်ပေသည်။ ထိုသို့ပင် များစွာကုန်သော အကြောင်းတရားတို့ကြောင့် များစွာ ဖြစ်ပေါ် လာသော အကျိုးတရား အစုအပုံကို တွေ့မြင်အပ်ပါသော်လည်း –– အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ = အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်၏ - ဤသို့စသည်ဖြင့် တစ်ခုတစ်ခုသော အကြောင်းတရား, တစ်ခုတစ်ခုသော အကျိုးတရားကို ထင်ရှားပြတော်မူလျက် တရားဒေသနာတော်ကို ဟောကြားတော်မူခြင်းကို ဘုရားရှင်သည် ပြုတော်မူအပ်ခဲ့လေပြီ။ ထိုသို့ ဟောပြတော်မူရာ၌ အကျိုးပယောဇဉ်ကား ရှိသည်သာ ဖြစ်ပေသည်။

ဘုရားရှင်သည် သာဝကတို့အား တရားဒေသနာတော်ကို ဟောကြားပြသဆိုဆုံးမတော်မူရာဝယ် ..
၁။ အချို့သော ပါဠိရပ်၌ ပဓာနအကြောင်းတရား ဖြစ်သောကြောင့်,
၂။ အချို့သော ပါဠိရပ်၌ ထင်ရှားသော အကြောင်းတရား ဖြစ်သောကြောင့်,
၃။ အချို့သော ပါဠိရပ်၌ မဆက်ဆံသော အကြောင်းတရား ဖြစ်သောကြောင့် –

ဒေသနာတော်၏ တင့်တယ်စမ္ပယ်ကြောင်း ဖြစ်သော သဗ္ဗညုတဉာဏ်တော်မြတ်အားလည်းကောင်း, ကျွတ်ထိုက် သသူ ဆုံးမထိုက်သူ နတ်လူဗြဟ္မာ ဝေနေယျကြာ သတ္တဝါတို့၏ အလိုအကြိုက် စရိုက်ဝါသနာ အဇ္ဈာသယဓာတ်ခံအား လည်းကောင်း လျော်သောအားဖြင့် တစ်ခုတည်းသာလျှင် ဖြစ်သော အကြောင်းတရားကိုသော်လည်းကောင်း,

တစ်ခုတည်းသာလျှင် ဖြစ်သော အကျိုးတရားကိုသော်လည်းကောင်း ထင်ရှားပြသတော်မူလျက် ဟောကြားတော် မူပေသည်။[မှတ်စု ၃]

ဤသုံးမျိုးသော အကြောင်းတရားကြောင့် တစ်ခုတည်းသော အကြောင်းတရား, တစ်ခုတည်းသော အကျိုးတရား ကို ထင်ရှားပြတော်မူလျက် ဤပဋိစ္စသမုပ္ပါဒ်တရားဒေသနာတော်ကို ဟောကြားပြသထားတော်မူခြင်းကြောင့် ဤပဋိစ္စသမုပ္ပါဒ်ပါဠိတော်မြတ်ကြီး၌ – အဝိဇ္ဇာမှ အခြားတစ်ပါးကုန်သော, စေတနာဟူသော သင်္ခါရတရားကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးတတ်ကုန်သော ဝတ္ထု, အာရုံ, သဟဇာတဓမ္မ (= တကွဖြစ်ဖက် တရား) – အစ ရှိကုန်သော စေတနာဟူသော သင်္ခါရ၏ အကြောင်းတရားတို့သည် ထင်ရှားရှိပါကုန်သော်လည်း ......

အဿာဒါနုပဿိနော တဏှာ ပဝဍ္ဎတိ[မှတ်စု ၄] = ရဟန်းတို့ ... သံယောဇဉ်ဖြစ်ထိုက်ကုန်သော အာရုံဓမ္မတို့၌ သာယာဖွယ်ဟု အဖန်ဖန် ရှုလေ့ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ တဏှာတရားသည် တိုးပွားလာ၏ –– ဤသို့လည်းကောင်း, အဝိဇ္ဇာသမုဒယာ အာသဝသမုဒယော[မှတ်စု ၅] = အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် အာသဝေါတရား ဖြစ်၏ –– ဤသို့လည်းကောင်း ဟောကြားပြသထားတော်မူခြင်းကြောင့် အဝိဇ္ဇာမှ အခြားတစ်ပါးလည်း ဖြစ်ကုန်သော သင်္ခါရ၏ အကြောင်းတရား ဖြစ်ကုန်သော တဏှာစသော တရားတို့သည် ရှိကြကုန်သည်သာ ဖြစ်၏၊ ယင်းတဏှာစသော တရားတို့သည်လည်း သင်္ခါရ၏ အကြောင်းတရားတို့ပင်တည်း။ သို့သော် ယင်းအကြောင်းတရားတို့တွင် အဝိဇ္ဇာကား ပဓာန = ပြဓာန်းသော အကြောင်းတရားတည်း။ ယင်းသို့ ပဓာနအကြောင်းတရား ဖြစ်သောကြောင့်လည်းကောင်း,

အဝိဒွါ ဘိက္ခဝေ အဝိဇ္ဇာဂတော ပုညာဘိသင်္ခါရမ္ပိ အဘိသင်္ခါရောတိ= ရဟန်းတို့ ... ပရမတ္ထဓမ္မသဘာဝ အမှန်ကို မသိသဖြင့် ပညာမရှိသော အဝိဇ္ဇာနှင့် ပြည့်စုံသောသူသည် ပုညာဘိသင်္ခါရကိုလည်း ပြုလုပ်၏ ––ဤသို့စသည်ဖြင့် ဟောကြားထားတော်မူခြင်းကြောင့် အဝိဇ္ဇာသည် သင်္ခါရ၏ ထင်ရှားသော အကြောင်းတရားလည်း ဖြစ်၏၊ ဤသို့လျှင် အဝိဇ္ဇာသည် သင်္ခါရ၏ ထင်ရှားသော အကြောင်းတရားဖြစ်သောကြောင့်လည်းကောင်း,

(၁) မှီ၍ ဖြစ်ရာ ဝတ္ထုရုပ်, (၂) စွဲမှီစရာ = သိစရာ အာရုံ, (၃) အတူယှဉ်ဖက် ဖဿ စသော စိတ်စေတသိက် တရားစုဟူသော သဟဇာတဓမ္မစသော အကြောင်းတရားတို့ကား (ပဉ္စဝေါကာရဘုံဝယ်) နာမ်တရားအားလုံးတို့နှင့် ဆက်ဆံသော အကြောင်းတရားတို့ ဖြစ်ကြ၏၊ အဝိဇ္ဇာသည်ကား သင်္ခါရတရားတို့၏ မဆက်ဆံသော = အသာဓာရဏ အကြောင်းတရား ဖြစ်၏၊ ယင်းသို့လျှင် အဝိဇ္ဇာသည် သင်္ခါရတို့၏ မဆက်ဆံသော (= အသာဓာရဏ) အကြောင်းတရား ဖြစ်သောကြောင့်လည်းကောင်း –

ဤအကြောင်းသုံးမျိုးကြောင့် အဝိဇ္ဇာကို သင်္ခါရတို့၏ အကြောင်းတရား အဖြစ်ဖြင့် ဘုရားရှင်သည် ဟောကြား ပြသတော်မူအပ်ပေပြီဟု သိရှိပါလေ။

ဤတစ်ခုတစ်ခုသော အကြောင်းတရား, တစ်ခုတစ်ခုသော အကျိုးတရားကို ဟောကြားပြသတော်မူခြင်း၌ ဖြေရှင်းကြောင်းဖြစ်သော စကားအစဉ်ဖြင့်ပင် သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ခြင်း စသည်တို့၌ တစ်ခုတစ်ခုသော အကြောင်းတရား, တစ်ခုတစ်ခုသော အကျိုးတရားကို ဟောကြားပြသတော်မူခြင်း၌လည်း အကျိုးပယောဇဉ်ရှိမှုကို သိရှိပါလေ။[မှတ်စု ၆]

ဤအထက်ပါ အဋ္ဌကထာတို့၏ ဖွင့်ဆိုရှင်းလင်းချက်များကား ပရမတ္ထဓမ္မသဘာဝတို့၏ စွမ်းအားများကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် တကယ်တမ်း ဝိပဿနာ ရှုပွားသုံးသပ်နေသော ယောဂါဝစရပုဂ္ဂိုလ်မွန်တို့အတွက် အထူးဂရုပြု၍ ရိုသေစွာ နာယူမှတ်သားရမည့် သဘာဝဓမ္မမှတ်တမ်းကြီးများပင် ဖြစ်ကြသည်။

ပစ္စယဓမ္မသမူဟ အမည်ရသော များစွာသော အကြောင်းတရားတို့၏ အပေါင်းအစုကြောင့်သာလျှင် ပစ္စယုပ္ပန္န ဓမ္မသမူဟခေါ်သော များစွာသော အကျိုးတရားအပေါင်းအစု၏ ဖြစ်ပေါ်လာရာဝယ် အကြောင်းတရားတို့၏ အပေါင်း အစုကိုလည်း ပဋိစ္စသမုပ္ပါဒ်ဟု ခေါ်ဆိုကြောင်းကို အထက်တွင် ရှင်းပြခဲ့ပြီးလေပြီ။ တစ်ဖန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၇]၌ လည်း အကြောင်းတရားတို့၏ အပေါင်းအစုကြောင့် ဖြစ်ပေါ်လာရသော ပစ္စယုပ္ပန္နဓမ္မသမူဟ အမည်ရသော အကျိုးတရားအပေါင်းအစုကိုလည်း ပဋိစ္စသမုပ္ပါဒ်ဟု ခေါ်ဆိုကြောင်းကိုလည်း ရှင်းလင်းတင်ပြထား၏၊ ဤရှင်းလင်းချက် များကို ဆက်လက်၍ တင်ပြအပ်ပါသည်။

ပစ္စယုပ္ပန္နဓမ္မသမူဟဟူသော အကျိုးတရားအပေါင်းအစုတို့၏ ပဋိစ္စသမုပ္ပါဒ်ဟူသော အမည်ကို ရရှိခြင်း၌ ပဋိစ္စသမုပ္ပါဒ်ဟူသော စကားလုံးကို နှစ်မျိုးနှစ်စားအားဖြင့် ပညာရှိတို့သည် အလိုရှိ ကြကုန်၏၊ အဓိပ္ပါယ် နှစ်မျိုးအားဖြင့် ဖွင့်ဆိုကြကုန်၏၊

ပဋိစ္စသမုပ္ပါဒ်စကားလုံး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် အကြောင်းတရားအပေါင်းအစုတို့၏ စွမ်းအားကြောင့် ဖြစ်ပေါ်၍လာရသော အကျိုးတရားအပေါင်းအစုတည်းဟူသော ပဋိစ္စသမုပ္ပါဒ်သဘောတရားကို မိမိ၏ ဉာဏဂတိဖြင့် ရှေးရှုကပ်၍ သိအောင် ဉာဏ်ဖြင့် ထိုးထွင်းသိအောင် ကြိုးစားအားထုတ်၏၊ သိလည်းသိ၏၊ ဉာဏဂတိဖြင့် ရှေးရှုကပ်၍ သိအပ် ထိုးထွင်း သိအပ်သော ထိုပဋိစ္စသမုပ္ပါဒ်သဘောတရားသည် လောကုတ္တရာအကျိုးစီးပွားအလို့ငှာ လောကုတ္တရာချမ်းသာအလို့ငှာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိခြင်းငှာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာ ဖြစ်၏၊ ထိုကြောင့် ထိုပဋိစ္စသမုပ္ပါဒ်ဟု ခေါ်ဆို အပ်သော အကျိုး ပစ္စယုပ္ပန်တရားအပေါင်းကို ပညာရှိသူတော်ကောင်းတို့သည် ယုံကြည်ခြင်းငှာ ထိုက်ကုန်သောကြောင့် ဉာဏ်ဖြင့် ရှေးရှုသိခြင်းငှာ ထိုက်ကုန်သောကြောင့် ယင်းအကျိုးပစ္စယုပ္ပန်တရားအပေါင်းသည် ပဋိစ္စ မည်၏၊

တစ်ဖန် ပစ္စယုပ္ပန္နဓမ္မသမူဟ = အကျိုးတရားအပေါင်းဟူသော ပဋိစ္စသမုပ္ပါဒ်သဘောတရားသည် ဖြစ်ပေါ် လာသည်ရှိသော် တစ်ခုချင်း တစ်ခုချင်း တစ်လုံးချင်း တစ်လုံးချင်းသော တရား၏ တစ်ရံတစ်ဆစ်မျှသော်လည်း ဖြစ်ခြင်း၏ မရှိသောကြောင့် အုပ်စုအလိုက် အပေါင်းအစုအလိုက် အတူတကွသာ ဖြစ်၏၊ ထိုကြောင့် ထိုပစ္စယုပ္ပန္နဓမ္မ သမူဟ = အကျိုးတရားအပေါင်းသည် သမုပ္ပါဒလည်း မည်၏၊[မှတ်စု ၈]

တစ်ဖန် ယင်းပစ္စယုပ္ပန္နဓမ္မသမူဟဟူသော အကျိုးတရားအပေါင်းအစုသည် ဖြစ်ပေါ်လာသည်ရှိသော် အကြောင်း ကင်းသောအားဖြင့်လည်းကောင်း, ဖန်ဆင်းရှင်စသော မညီညွတ်သော အကြောင်းကြောင့်လည်းကောင်း မဖြစ်ခြင်း ကြောင့် သင့်သောအကြောင်းအားဖြင့်သာလျှင် မှန်ကန်သောအကြောင်းအားဖြင့်သာလျှင် ဖြစ်ပေါ်လာ၏၊[မှတ်စု ၉]တစ်ခုချင်း တစ်ခုချင်း တစ်လုံးချင်း တစ်လုံးချင်းအားဖြင့်လည်း မဖြစ်၊ အကြောင်းမရှိသောအားဖြင့် အကြောင်းကင်းသော အားဖြင့်လည်း မဖြစ်။ ထိုကြောင့် - သဟ သမ္မာ စ ဥပ္ပဇ္ဇတီတိ သမုပ္ပါဒေါဟူသည်နှင့်အညီ သမုပ္ပါဒ မည်၏၊ ဤသို့လျှင် ––

ပဋိစ္စော စ သော သမုပ္ပါဒေါ စာတိ ပဋိစ္စသမုပ္ပါဒေါဟူသော အဋ္ဌကထာ[မှတ်စု ၁၀]အဖွင့်နှင့်အညီ ဉာဏ်ဖြင့် ရှေးရှုမိမိ ကပ်၍ သိအပ်သော တရားအပေါင်းလည်း ဟုတ်၏၊ ထိုဉာဏ်ဖြင့် ရှေးရှုမိမိ ကပ်၍ သိအပ်သော တရားအပေါင်းဟူသည် အတူတကွဖြစ်သော တရားအပေါင်းလည်း ဟုတ်၏၊ သင့်သောအကြောင်းအားဖြင့် ဖြစ်သော တရားအပေါင်းလည်း ဟုတ်၏၊ ထိုကြောင့် ပဋိစ္စသမုပ္ပါဒ် မည်၏၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် မဟာဋီကာတို့က နောက်တစ်နည်း ထပ်မံ ဖွင့်ဆိုထားတော်မူကြပြန်၏၊ ယင်းအဖွင့်မှာ ဤသို့ ဖြစ်၏ ..။

အကြင် ပစ္စယုပ္ပန္နဓမ္မသမူဟဟူသော အကျိုးတရားအပေါင်းအစုသည် တပေါင်းတည်း အတူတစ်ကွသာလျှင် ဖြစ်၏၊ ရုပ်ဓာတ်ဘက်၌လည်း ရုပ်ကလာပ်တစ်ခုတစ်ခုတွင် အနည်းဆုံးပမာဏအားဖြင့် ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာဟု ရုပ်ပရမတ်သဘောတရား (၈)မျိုး ပေါင်းစပ်မိမှသာလျှင် တပေါင်းတည်း အတူတကွ ဖြစ်နိုင်၏၊ နာမ်ဓာတ်ဘက်၌လည်း အနည်းဆုံးပမာဏအားဖြင့် ဖဿ ဝေဒနာ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတ မနသိကာရ ဝိညာဏ်ဟု နာမ်ပရမတ် သဘောတရား (၈)မျိုး ပေါင်းစပ်မိမှသာလျှင် တစ်ပေါင်းတည်း အတူတကွ ဖြစ်နိုင်၏၊ ဤသို့လျှင် ပစ္စယုပ္ပန္နဓမ္မသမူဟဟူသော အကျိုးတရား အပေါင်းအစုသည် တစ်ပေါင်းတည်း အတူတကွ ဖြစ်သောကြောင့် သမုပ္ပါဒ = သမုပ္ပါဒ် မည်၏၊ ထိုသို့ တစ်ပေါင်းတည်း အတူတကွ ဖြစ်ပါသော်လည်း အကြောင်း တရားတို့၏ ညီညွတ်ခြင်းကို အစွဲပြု၍ စွဲမှီ၍သာလျှင် အကြောင်းတရားတို့ကို မစွန့်မဖယ်မူ၍သာလျှင် ဖြစ်ပေါ်လာရ၏၊ ဤသို့လည်း ထိုပစ္စယုပ္ပန္နဓမ္မသမူဟဟူသော အကျိုးတရားအပေါင်းအစုသည် အကြောင်းတရားတို့၏ ညီညွတ်ခြင်းကို အစွဲပြု၍ ဖြစ်ပေါ်တတ်သောကြောင့် ပဋိစ္စလည်း မည်၏၊ တပေါင်းတည်း အတူတကွ ဖြစ်တတ်သောကြောင့် သမုပ္ပါဒလည်း မည်၏၊ ထိုနှစ်ပါးသော သတ္တိကြောင့် ပဋိစ္စသမုပ္ပါဒ မည်၏၊[မှတ်စု ၁၁]

တစ်ဖန် ထိုပဋိစ္စသမုပ္ပါဒ်ဟု ခေါ်ဆိုအပ်သော ပစ္စယုပ္ပန္နဓမ္မသမူဟ = (သင်္ခါရစသော) အကျိုးတရားအပေါင်းအစု ၏ ဤပစ္စယဓမ္မသမူဟ = ဟေတုသမူဟဟူသော အဝိဇ္ဇာစသော အကြောင်းတရားအပေါင်းအစုသည် ပစ္စယ = ပစ္စည်း မည်၏၊ အကြောင်း မည်၏၊ ထိုကြောင့် (သင်္ခါရစသော) ပစ္စယုပ္ပန္နဓမ္မသမူဟ = အကျိုးတရားအပေါင်းအစုသည် ထိုအဝိဇ္ဇာစသော အကြောင်းတရားရှိသော တပ္ပစ္စယဓမ္မ မည်၏၊ ဤသို့ ပဋိစ္စသမုပ္ပါဒဟု ခေါ်ဆိုအပ်သော ပစ္စယုပ္ပန္န ဓမ္မသမူဟ = အကျိုးတရားအပေါင်းအစု၏ အကြောင်းတရား ဖြစ်သောကြောင့် ဟေတုသမူဟ = ပစ္စယဓမ္မသမူဟဟု ခေါ်ဆိုအပ်သော အဝိဇ္ဇာစသော အကြောင်းတရားအပေါင်းအစုကိုလည်း ပဋိစ္စသမုပ္ပါဒ်ဟူ၍ပင် ခေါ်ဆိုအပ်ပေသည်။

လောက၌ သလိပ်ထူပြောခြင်း၏ အကြောင်းဖြစ်သော တင်လဲခဲကို သလိပ်ခဲဟူ၍ ခေါ်ဆိုသကဲ့သို့လည်းကောင်း, သာသနာတော်၌ ချမ်းသာသုခ၏ အကြောင်းဖြစ်သော ဘုရားရှင်တို့၏ ပွင့်တော်မူခြင်းကို –– သုခေါ ဗုဒ္ဓါနံ ဥပ္ပါဒေါဘုရားရှင်တို့၏ ပွင့်တော်မူခြင်းသည် ချမ်းသာ၏ဟူ၍ ခေါ်ဆိုသကဲ့သို့လည်းကောင်း အလားတူပင် ဤအဝိဇ္ဇာစသော အကြောင်းတရားအပေါင်းအစုကိုလည်း = ဟေတုသမူဟ = ပစ္စယဓမ္မသမူဟကိုလည်း ပဋိစ္စသမုပ္ပါဒ်ဟူ၍သာလျှင် ဖလူပစာရအားဖြင့် ဟောကြားတော်မူအပ်၏ဟု သိရှိပါလေ။[မှတ်စု ၁၂]

ဤနည်း၌ - ပစ္စယုပ္ပန္နဓမ္မသမူဟ ဟူသော အကျိုးတရားအပေါင်းအစု၏ ပဋိစ္စသမုပ္ပါဒ်ဟူသော အမည်ကို ပစ္စယဓမ္မသမူဟ = ဟေတုသမူဟဟူသော အကြောင်းတရားအပေါင်းအစု၌ တင်စား၍ အကြောင်းတရားအပေါင်းအစုကိုလည်း ပဋိစ္စသမုပ္ပါဒ်ဟူ၍ ဟောကြားတော်မူအပ်ပေသည်။ အကျိုးတရားတို့မည်သည် အကြောင်းတရားနှင့် မကင်းစကောင်းသောကြောင့် အကြောင်းတရား ထင်ရှားရှိပါမှသာလျှင် အကျိုးတရားများ ဖြစ်နိုင်ခွင့်ရှိသောကြောင့် မကင်းစကောင်းသော အဝိနာဘာဝနည်းအားဖြင့် အကြောင်းတရားစုကိုလည်း ပဋိစ္စသမုပ္ပါဒ်တရားဟုပင် ဟောကြားတော်မူလိုသည် ဟူလိုသည်။

နောက်နည်းတစ်မျိုး ရှင်းလင်းချက်

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၁၃]၌ ဒုတိယတစ်နည်း ထပ်မံ ဖွင့်ဆိုထားတော်မူ၏၊ ဤနည်း၌ ပစ္စယဓမ္မသမူဟ = ဟေတုသမူဟဟူသော အကြောင်းတရားအပေါင်းအစုကို ပဋိစ္စသမုပ္ပါဒ်ဟူ၍ ဖွင့်ဆိုထားအပ်ပေသည်။

ဤနည်း၌ ပဋိစ္စ-ပုဒ်ဝယ် ပဋိ+ဣစ္စ – ဟု ပုဒ်ခွဲပါ။ ပဋိ-သဒ္ဒါသည် အဘိမုခတ္ထ = ရှေးရှုမျက်နှာမူခြင်းအနက် ရှိ၏၊ ဣစ္စ-သဒ္ဒါသည် ဂမ္မတ္ထ = ရောက်ခြင်းအနက် ရှိ၏၊ အဘယ်တရားသည် ရှေးရှုမျက်နှာမူလျက် အဘယ်တရား ဘက်သို့ သွားရောက်ပါသနည်းဟူမူ –– ဟေတုသမူဟ = ပစ္စယဓမ္မသမူဟ ဟူသော အကြောင်းတရား အပေါင်းအစု တည်းဟု ဖြေဆိုလေရာ၏၊

ဟေတုသမူဟော နာမ ပစ္စယသာမဂ္ဂိ[မှတ်စု ၁၄] = အကြောင်းတရားအပေါင်းအစုဟူသည် အကြောင်းတရားတို့၏ ညီညွတ်မှုပင်တည်း။ တစ်နည်းဆိုသော် အညီအညွတ် ပေါင်းစုဖြစ်ပေါ်လာသော အကြောင်းတရားအပေါင်းအစုသည် ဟေတုသမူဟ မည်၏၊ ထိုအညီအညွတ် ဖြစ်ပေါ်လာသော အကြောင်းတရားအပေါင်း၌ အကြောင်းတရားတစ်ခုသည် အကြောင်းတရားတစ်ခုဘက်သို့ ရှေးရှု မျက်နှာမူလျက် အကြောင်းတရားအချင်းချင်းသည်ပင်လျှင် အကြောင်းတရား အချင်းချင်းဘက်သို့ သွား၏၊ ရောက်၏၊ ထိုကြောင့် ဤဟေတုသမူဟ = အကြောင်းတရားအပေါင်းအစုကို ပဋိစ္စဟူ၍ ဟောတော်မူအပ်၏၊ ထိုပဋိစ္စ အမည်ရသော အညီအညွတ် ဖြစ်နေသော အကြောင်းတရား အပေါင်းအစုသည် အသီးအသီး တစ်လုံးစီ တစ်လုံးစီ ခွဲခြား၍ မဖြစ်ဘဲ တကွဲတပြားစီ မဖြစ်ဘဲ အတူတကွသာလျှင်, တပေါင်းတစည်းတည်း တလုံးတခဲတည်းသာလျှင် အုပ်စုအလိုက် ပြိုင်တူ ဖြစ်တတ်ကုန်သော အကျိုးပစ္စယုပ္ပန္နဓမ္မသမူဟတို့ကို ဖြစ်စေတတ် သောကြောင့် ထိုအကြောင်းတရားအပေါင်းကို သမုပ္ပါဒဟူ၍လည်း ခေါ်ဆိုအပ်၏၊[မှတ်စု ၁၅]

ထိုနှစ်မျိုးစုံသော သတ္တိကြောင့် ––- အသီးအသီး ခွဲခြား၍ မဖြစ်ဘဲ အတူတကွ တပေါင်းတစည်းတည်း တလုံးတခဲတည်းသာ အုပ်စုအလိုက် ပြိုင်တူဖြစ်တတ်ကုန်သော အကျိုးပစ္စယုပ္ပန္နဓမ္မသမူဟတို့ကို ဖြစ်စေတတ်သော, အချင်းချင်း ရှေးရှု မျက်နှာမူလျက် အချင်းချင်းဘက်သို့ သွားနေကြသော အညီအညွတ် ဖြစ်နေသော ဟေတုသမူဟ = အကြောင်းတရားအပေါင်းအစုသည် ပဋိစ္စသမုပ္ပါဒ် မည်ပေသည်။[မှတ်စု ၁၆]

ထပ်မံရှင်းလင်းချက်

ပါဠိတော်၌ –– အဝိဇ္ဇာပစ္စယာ သင်္ခါရာ ––- ဤသို့စသည်ဖြင့် သင်္ခါရစသည့် အကျိုးတရားတို့၏ ထင်ရှား ဖြစ်ပေါ်လာခြင်းငှာ အဝိဇ္ဇာစသော တစ်ခုတစ်ခုသော အကြောင်းတရားကို ခေါင်းတပ်သဖြင့် ဦးတည်လျက် ညွှန်ပြထား တော်မူအပ်သည်ကား မှန်၏၊ ထိုသို့ပင် ဟောကြားပြသထားတော်မူအပ်ပါသော်လည်း အဝိဇ္ဇာတစ်ခုတည်းကသာလျှင် သင်္ခါရ၏ အကြောင်းတရားဖြစ်သည်ကား မဟုတ်ပေ။ အမှန်စင်စစ်အားဖြင့်သော်ကား ..

၁။ သင်္ခါရ = စေတနာနှင့် စိတ္တက္ခဏတစ်ခုအတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြကုန်သော ဖဿ ဝေဒနာ သညာ ဝိညာဏ်စသော သဟဇာတဓမ္မတို့သည်လည်းကောင်း,
၂။ ယင်းသင်္ခါရနှင့်တကွသော သဟဇာတဓမ္မတို့၏ မှီ၍ ဖြစ်ရာ ဟဒယဝတ္ထုနှင့်တကွသော ဘူတရုပ် ဥပါဒါရုပ် တို့သည်လည်းကောင်း,
၃။ ယင်းသင်္ခါရနှင့်တကွသော သဟဇာတဓမ္မတို့၏ စွဲမှီစရာ အာရုံအကြောင်းတရားစသည်တို့သည်လည်းကောင်း,
၄။ ယောနိသောမနသိကာရ သို့မဟုတ် အယောနိသောမနသိကာရ အကြောင်းတရားတို့သည်လည်းကောင်း,
၅။ အဝိဇ္ဇာ၏ အပေါင်းပါ တဏှာ ဥပါဒါန်စသော အကြောင်းတရားတို့သည်လည်းကောင်း ––

ဤအရပ်ရပ်သော အကြောင်းတရားတို့သည် ထိုက်သည့်အားလျော်စွာ အဝိဇ္ဇာက သင်္ခါရကို ဖြစ်စေရာ၌ အဝိဇ္ဇာနှင့် အတူတကွ သင်္ခါရတည်းဟူသော အကျိုးတရား ဖြစ်ပေါ်လာအောင် ပြုလုပ်လေ့ရှိသော = သဟကာရီကာရဏ အကြောင်းတရားတို့ ဖြစ်ကြကုန်သည်သာတည်း။ သင်္ခါရစသည့် အကြောင်းတရားတို့က ဝိညာဏ်စသည့် အကျိုးတရားတို့အား ဖြစ်ပေါ်စေရာ၌လည်း နည်းတူပင်တည်း။[မှတ်စု ၁၇]

အဝိဇ္ဇာစသော အကြောင်းတရားတို့က သင်္ခါရစသော အကျိုးတရားတို့ကို ဖြစ်စေရာ၌ ထိုထို အကျိုးတရား အားလုံးတို့သည် ထိုထို ဆိုင်ရာအကြောင်းတို့တွင် အကျုံးဝင်ကြကုန်သော အကြောင်းတရားအားလုံးတို့နှင့် ဆက်ဆံသည် သာလျှင် ဖြစ်ကြ၏၊ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောတရားအရ အချင်းချင်း ဆက်စပ်မှု ရှိနေသည်သာ ဖြစ်ကြ၏၊ ယင်းအကျိုးတရားတို့သည် ထိုအကြောင်းတရားအပေါင်းတို့တွင် အချို့အချို့သော အကြောင်းတရားတို့နှင့်သာ ဆက်ဆံ၍ ဆက်စပ်မှုရှိ၍ အချို့အချို့သော အကြောင်းတရားတို့နှင့် မဆက်ဆံ မဆက်စပ်ဟူသော သဘောတရားမျိုးကား လုံးဝ မရှိပေ။ ထိုကြောင့် ထိုအဝိဇ္ဇာစသည့် တစ်ခုတစ်ခုသော တရားကို ဦးတည်လျက် ဘုရားရှင်က ညွှန်ပြထားတော် မူအပ်သော ထိုအကြောင်းတရားအပေါင်းအစုသည် ယင်းအကြောင်းတရားတို့တွင် အကျုံးဝင်ကြကုန်သော အကြောင်း တရားအားလုံးတို့နှင့် ဆက်ဆံသော, ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောအရ ဆက်စပ်မှုရှိသော အကျိုးတရားကို ပြီးစေတတ် ဖြစ်စေတတ်သော သဘာဝသတ္တိစွမ်းအားလည်း ရှိ၏၊

တစ်ဖန် ထိုအကြောင်းတရားအပေါင်းအစု၌ – “ဤအကျိုးတရားသည် အချို့အချို့သော အကြောင်းတရား တို့အား မဆက်ဆံသည် ဖြစ်အံ့ = ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရားအရ ဤအကျိုးတရားသည် အချို့အချို့သော အကြောင်းတရားတို့နှင့် ဆက်စပ်မှုမရှိသည် ဖြစ်အံ့ = ဤအကျိုးတရားကို အချို့အချို့သော အကြောင်းတရားတို့ကသာ ဖြစ်စေသည် ဖြစ်ငြားအံ့ ––- ယင်းသို့ ဖြစ်ခဲ့သော် ခပ်သိမ်းကုန်သော အကြောင်းတရားတို့၏ အချင်းချင်း ငဲ့ကွက်ခြင်း သဘောတရားသည်လည်း မရှိလေရာ၊ ယင်းသို့ အကြောင်းတရား အချင်းချင်း ငဲ့ကွက်ခြင်းသဘောတရား မရှိသော ကြောင့် အချင်းချင်း အကြောင်းတရားတစ်ခုသည် အကြောင်းတရားတစ်ခုဘက်သို့ မျက်နှာမူလျက် ရှေးရှုရောက်ခြင်း သွားခြင်းဟူသော ပဋိစ္စတ္ထ = ပဋိစ္စအနက်သဘောတရားသည်လည်း မရှိလေရာ မပြည့်စုံလေရာ။” –– ယခု ဘုရားရှင်က အဝိဇ္ဇာစသော တစ်ခုတစ်ခုသော တရားကို ဦးတည်လျက် ဟောကြားထားတော်မူအပ်သော အကြောင်းတရား အပေါင်းအစု အားလုံးသည် သင်္ခါရစသော တစ်ခုတစ်ခုသော တရားကို ဦးတည်လျက် ဟောကြားထားတော်မူအပ်သော ဆိုင်ရာ ဆိုင်ရာ အကျိုးတရားအားလုံးနှင့် ဆက်ဆံမှု = ကြောင်း-ကျိုး-ဆက်နွယ်မှု ရှိသဖြင့် ပဋိစ္စအနက်သဘော တရားလည်း ချို့တဲ့ခြင်း ယုတ်လျော့ခြင်း မရှိပေ။ ဤသို့လျှင် သင်္ခါရစသော အကျိုးတရားတို့၏ ထင်ရှားဖြစ်ပေါ်လာ ခြင်းငှာ အဝိဇ္ဇာစသော တစ်ခုတစ်ခုသော အကြောင်းတရားကို ဦးတည်လျက် ညွှန်ပြတော်မူအပ်သော ထိုအကြောင်း တရားအပေါင်းအစုကို မိမိတို့နှင့် ဆက်ဆံသော အကျိုးတရားကို ပြီးစေတတ်သည်၏ အဖြစ်ဖြင့်လည်းကောင်း, မချို့တဲ့ မယုတ်လျော့သည်၏ အဖြစ်ဖြင့်လည်းကောင်း ပစ္စယသာမဂ္ဂီ အမည်ရကုန်သော အညီအညွတ် ပေါင်းစုဖြစ်ပေါ်လာ ကြကုန်သော အကြောင်းတရားတို့၏ အင်္ဂါအစိတ်အပိုင်း ဖြစ်ကြကုန်သော ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ် စသော တရားတို့တွင် အချင်းချင်းသည် တစ်ဦးသည် တစ်ဦးဘက်သို့ မျက်နှာမူလျက် ရှေးရှုရောက်အပ် သွားအပ် သောကြောင့် ပဋိစ္စဟူ၍ ဆိုအပ်၏၊ ယင်းပဋိစ္စအမည်ရသော ဟေတုသမူဟ = အကြောင်းတရားအပေါင်းအစုသည် ပစ္စယုပ္ပန္နဓမ္မသမူဟအမည်ရသော အကျိုးတရားအပေါင်းအစုကို ဖြစ်စေတတ်၏၊ ယင်းအကျိုးတရားတို့ကား အတူတကွ တပေါင်းတစည်းတည်း ပြိုင်တူဖြစ်ကြသော တရားတို့သာတည်း။ ယင်းအကျိုးတရားတို့၏ အတူတကွ တပေါင်းတစည်း တည်း ပြိုင်တူဖြစ်ခြင်း မည်သည် အသီးအသီး တစ်လုံးစီ တစ်လုံးစီ မဖြစ်ခြင်းပင်တည်း။ အကျိုးတရားတို့သည်ကား အကြောင်းတရားတို့ကဲ့သို့ အချင်းချင်း တစ်ခုသည် တစ်ခုကို ငဲ့ကွက်ခြင်း ငဲ့ညှာခြင်း မရှိကြကုန်။ ထိုကြောင့် ယင်းအကျိုး တရားတို့သည် အညမညအဝိနိဗ္ဘောဂဝုတ္တိဓမ္မ = အချင်းချင်း အသီးအသီး တကွဲတပြားစီ မဖြစ်ကြကုန်သောတရားတို့ မည်ကုန်၏၊ ဤသို့လျှင် ပဋိစ္စအမည်ရသော ဟေတုသမူဟ = အကြောင်းတရားအပေါင်းအစုသည် အချင်းချင်း အသီးအသီး တကွဲတပြားစီ မဖြစ်ကြကုန်သော ပစ္စယုပ္ပန္နဓမ္မသမူဟဟူသော အကျိုးတရားအပေါင်းအစုတို့ကို ဖြစ်စေတတ်သောကြောင့် သမုပ္ပါဒဟူ၍လည်း ဆိုအပ်၏၊ ပဋိစ္စလည်းမည်၍ သမုပ္ပါဒ်လည်းမည်သော ဤနှစ်မျိုးသော သတ္တိကြောင့် အဝိဇ္ဇာစသော ဟေတုသမူဟ = အကြောင်းတရား အပေါင်းအစုသည် ပဋိစ္စသမုပ္ပါဒ် မည်၏၊ (အဝိနိဗ္ဘောဂဝုတ္တိဓမ္မ၌ ရုပ်တရားတို့ကိုပါ ပေါင်းယူပါ။) [မှတ်စု ၁၈]

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၁၉]က တတိယတစ်နည်း ထပ်မံ၍ ဖွင့်ဆိုထားတော်မူပြန်သည် ..။

“အဝိဇ္ဇာ အစရှိသော တစ်ခုတစ်ခုသော အကြောင်းတရားကို ဦးတည်လျက် ညွှန်ကြားပြသထားတော် မူအပ်ကုန်သော အကြောင်းတရားအပေါင်းအစုတို့တွင် အကြင်အဝိဇ္ဇာစသော အကြောင်းတရားအပေါင်းအစုတို့သည် သင်္ခါရစသော အကျိုးတရားအပေါင်းအစုကို ဖြစ်စေတတ်ကြကုန်၏၊ ယင်းသို့ ဖြစ်စေကြရာ၌ ထိုအဝိဇ္ဇာစသော အကြောင်းတရားအပေါင်းအစုတို့သည် အချင်းချင်း တစ်ပါးသည် တစ်ပါးကို မစွဲ မမှီမူ၍လည်း သင်္ခါရစသော အကျိုးတရားအပေါင်းအစုကို ဖြစ်ပေါ်စေခြင်းငှာလည်း မစွမ်းနိုင်ကြကုန်။ အဝိဇ္ဇာနှင့် အတူဖြစ်ဖက်ဖြစ်ကုန်သော (က) မှီရာဝတ္ထုရုပ်, (ခ) အာရုံ, (ဂ) ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ် စသော သဟဇာတဓမ္မ, (ဃ) အယောနိသောမနသိကာရ ––- ဤသို့စသော အကြောင်းတရားတို့တွင် တစ်ခုတစ်ခုသော အကြောင်းတရားသည် ချို့တဲ့ခဲ့သော် မဖြစ်ဘဲရှိခဲ့သော် သင်္ခါရစသော အကျိုးတရားအပေါင်းအစုကို ဖြစ်ပေါ်စေခြင်းငှာလည်း မစွမ်းနိုင်ကြကုန်။ အကြောင်းတရားအချင်းချင်း စွဲမှီရမှသာလျှင်, အကြောင်းတရားများလည်း မချို့တဲ့မှသာလျှင် သင်္ခါရစသော အကျိုးတရားအပေါင်းအစုကို ဖြစ်ပေါ်စေခြင်းငှာ စွမ်းနိုင်ကြကုန်၏၊ ထိုကြောင့် အဝိဇ္ဇာစသော အကြောင်းတရား အပေါင်းအစုသည် ––

၁။ အချင်းချင်း စွဲမှီ၍သာလျှင်,
၂။ အညီအညွတ် အယုတ်အလျော့မရှိဘဲ,
၃။ အတူတကွ တစ်ပြိုင်နက်တည်းသာလျှင် –

သင်္ခါရစသော အကျိုးတရားအပေါင်းအစုတို့ကို ဖြစ်စေတတ်၏၊ ထိုသို့ ဖြစ်စေရာ၌ အကျိုးတရားအပေါင်းအစု၏ တစ်စိတ်တစ်ဒေသ တချို့တစ်ဝက်မျှကိုသာ ဖြစ်စေသည်လည်း မဟုတ်၊ ရှေ့နောက်၏ အဖြစ်ဖြင့် အစဉ်အတိုင်း တစ်လုံးပြီးမှ တစ်လုံး ဖြစ်စေသည်လည်း မဟုတ်။ ထိုကြောင့် ပရမတ္ထသို့ အစဉ်လိုက်သော ဝေါဟာရ၌ လိမ္မာကျွမ်းကျင် တော်မူသော မုနိတကာတို့၏ထွတ်ထား သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ဤအရာ၌ ယင်းကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရားကို ပဋိစ္စသမုပ္ပါဒ်ဟူသာလျှင် ဟောကြားတော်မူအပ်ပေသည်။”

“ဤအထက်ပါ စကားရပ်အားလုံးသည် အကြောင်းတရား အကျိုးတရားတည်းဟူသော ပရမတ္ထဓာတ်သား ရုပ်တရား နာမ်တရားတို့၏ ရုပ်ကလာပ် နာမ်ကလာပ်အလိုက် အုပ်စုအလိုက် အပေါင်းအစုအလိုက် ဖြစ်ခြင်းကို ရည်ရွယ်၍ ဖွင့်ဆိုထားတော်မူခြင်းဖြစ်၏၊”[မှတ်စု ၂၀]

ရုပ်ကလာပ် နာမ်ကလာပ်

ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ[မှတ်စု ၂၁]၏ သုံးနှုန်းထားသော ဝေါဟာရသို့ အစဉ်လိုက်၍ ဤကျမ်း၌လည်း ..

၁။ ပရမာဏုမြူခန့် သေးငယ်သော, တစ်နည်းဆိုရသော် ပရမာဏုမြူအောက် အဆပေါင်းများစွာ သေးငယ်သော ရုပ်အမှုန်တစ်ခု၏အတွင်း၌ ပါဝင်တည်ရှိကြသော ရုပ်သဘောတရား (၈)မျိုး, (၉)မျိုး, (၁၀)မျိုး စသော ရုပ်ပရမတ်တရားတို့၏ အပေါင်းအစုကို ရုပ်ကလာပ်ဟုလည်းကောင်း,

၂။ စိတ္တက္ခဏတစ်ခုတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသည့် စိတ်စေတသိက်နာမ်တရားစုတို့၏ အပေါင်းအစုကို နမ်ကလာပ်ဟုလည်းကောင်း –

ခေါ်ဝေါ်သုံးစွဲထားပေသည်။ ဤအထက်ပါ တတိယမြောက် ဖွင့်ဆိုထားသောနည်း၌ ပဋိစ္စသမုပ္ပါဒပုဒ်ကို..

အညမညံ ပဋိစ္စ သမံ သဟ စ ပစ္စယုပ္ပန္နဓမ္မေ ဥပ္ပါဒေတီတိ ပဋိစ္စသမုပ္ပါဒေါ .... ဤသို့ ဝိဂြိုဟ်ပြုပါ။ အဓိပ္ပါယ်မှာ –– “အကြောင်းတရားအပေါင်းအစုသည် အချင်းချင်း စွဲမှီ၍ အညီအညွတ် အတူတကွ အကျိုးတရားအပေါင်းတို့ကို တစ်ပြိုင်နက်တည်း ဖြစ်စေတတ်သောကြောင့် ပဋိစ္စသမုပ္ပါဒ် မည်ပေသည်”

ဟူလိုသည်။ ဤနည်း၌ အကြောင်းတရားအပေါင်းအစုသည်သာလျှင် မုချအားဖြင့် ပဋိစ္စသမုပ္ပါဒ်ဟူသော အမည်ကို ရရှိ၍ အကျိုးပစ္စယုပ္ပန္နဓမ္မသမူဟတို့ကား မကင်းစကောင်းသော အဝိနာဘာဝနည်းအားဖြင့် ပဋိစ္စသမုပ္ပါဒ်ဟူသော အမည်ကို ရရှိကြပေသည်။ အကျိုးကို ဖြစ်စေတတ်သောကြောင့်သာ အကြောင်းဟု ခေါ်ဆိုရသဖြင့် အကြောင်း မှန်သမျှသည် အကျိုးနှင့် မကင်းနိုင်ပေ။ အလားတူပင် အကျိုးမှန်သမျှလည်း အကြောင်းနှင့် မကင်းနိုင်ပေ။ ယင်းသို့ မကင်းနိုင်မှုကိုပင် အဝိနာဘာဝဟု ခေါ်ဆို၏၊ ယင်းသို့ မကင်းနိုင်သည့် သဘောတရားမျိုးကို ပညာရှိသူတော်ကောင်း တို့သည် သိသင့်သိထိုက်သောကြောင့် –– နယ = နည်း ––- ဟုခေါ်ဆို၏၊ ထို အဝိနာဘာဝနှင့် နယကို ပေါင်းစပ်၍ အဝိနာဘာဝနယ = အဝိနာဘာဝနည်း ဟု ခေါ်ဆိုသည်။

ပဋိစ္စသမုပ္ပါဒ-ပုဒ်ဝယ် သမုပ္ပါဒ-၌ သံ + ဥပ္ပါဒ-ဟု ပုဒ်ဖြတ်ပါ။ သံ-သဒ္ဒါသည် သမံ-အနက်, သဟ-အနက် (၂)ချက် အဓိပ္ပါယ်ထွက်၏၊

၁။ သမံ –– သမံ၏ အဓိပ္ပါယ်ကား – အဝိဇ္ဇာစသော အကြောင်းတရားအပေါင်းက သင်္ခါရကို ဖြစ်စေရာ၌ သင်္ခါရ = စေတနာ တစ်ခုတည်းကိုသာ ဖြစ်စေသည်မဟုတ်၊ သင်္ခါရ = စေတနာနှင့် အတူတကွဖြစ်လေ့ရှိသော ဖဿ ဝေဒနာ သညာ ဝိညာဏ် စသော စိတ်စေတသိက်များကိုလည်း အညီအမျှ အယုတ်အလျော့ မရှိရအောင် ဖြစ်စေသည် ဟူလိုသည်။

၂။ သဟ –– သဟ၏ အဓိပ္ပါယ်ကား – ထိုကဲ့သို့ သင်္ခါရစေတနာနှင့် တွဲဖက် ယှဉ်ဖက်ဖြစ်သော စိတ်စေတသိက်တို့ကို ဖြစ်စေရာ၌ တစ်ဖို့စီ တစ်ဖို့စီ တစ်လုံးချင်း တစ်လုံးချင်း တစ်ခုပြီးမှတစ်ခု ဖြစ်စေသည်ကား မဟုတ်။ တလုံးတစည်း တစ်ပြိုင်နက်တည်း အတူတကွ ဖြစ်စေသည် ဟူလိုသည်။

သို့သော် အဝိဇ္ဇာကြောင့် ဖြစ်ပေါ်လာကြရသော ထိုသင်္ခါရတရားစုတို့တွင် သင်္ခါရဟူသော စေတနာသည် အပြဓာန်းဆုံး ဖြစ်၏၊ ထိုကြောင့် ပဓာနနည်းအားဖြင့် သင်္ခါရစေတနာကို ခေါင်းတပ်၍ –– အဝိဇ္ဇာပစ္စယာ သင်္ခါရာဟု ဟောကြားတော်မူလေသည်။

“အဝိဇ္ဇာသည် သင်္ခါရကို ဖြစ်စေ၏” ဟူရာ၌ အဝိဇ္ဇာတစ်မျိုးတည်းက သင်္ခါရကို ဖြစ်စေနိုင်သည် မဟုတ်၊ အဝိဇ္ဇာနှင့် အတူတကွ သင်္ခါရကို ဖြစ်ပေါ်လာအောင် ပြုလုပ်လေ့ရှိသော အကူအညီ အကြောင်းတရားများလည်း ရှိကြရသေး၏၊ သင်္ခါရ ဖြစ်ပေါ်လာဖို့ရန် –

၁။ သင်္ခါရ၏ မှီရာ ဟဒယဝတ္ထုရုပ်က ရှေးက ကြိုတင်ဖြစ်၍ မှီရာအဖြစ် ကျေးဇူးပြုပေးရ၏၊ ဝတ္ထုပုရေဇာတ နိဿယပစ္စယသတ္တိတည်း။
၂။ သင်္ခါရ၏ စွဲမှီရာ အာရုံအကြောင်းတရားကလည်း အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးရ၏၊
၃။ ဖဿ ဝေဒနာ သညာ ဝိညာဏ်စသော, သင်္ခါရနှင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲဖြစ်ကြသော စိတ်စေတသိက်တရားစုတို့ကလည်း သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးရ၏၊
၄။ အကုသိုလ်သင်္ခါရ ဖြစ်ပေါ်ရေးအတွက် အာရုံကို နိစ္စ သုခ အတ္တ သုဘ - စသည်ဖြင့် အလွဲလွဲ အချော်ချော် နှလုံးသွင်းတတ်သော အယောနိသောမနသိကာရကလည်းကောင်း, ကုသိုလ်သင်္ခါရ ဖြစ်ပေါ်ရေးအတွက် အာရုံကို အနိစ္စ ဒုက္ခ အနတ္တ အသုဘ စသည်ဖြင့် နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သော ယောနိသောမနသိကာရက လည်းကောင်း အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးရ၏၊
၅။ အဝိဇ္ဇာနှင့် အပေါင်းပါ တဏှာ ဥပါဒါန်တို့ကလည်း အလားတူပင် အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးရ၏၊

ဤ ဝတ္ထု, အာရုံ, သဟဇာတဓမ္မ, အယောနိသောမနသိကာရ သို့မဟုတ် ယောနိသောမနသိကာရ, တဏှာ ဥပါဒါန်စသော အကြောင်းတရားတို့သည် အဝိဇ္ဇာနှင့် အတူတကွ သင်္ခါရကို ဖြစ်ပေါ်လာအောင် ပြုလုပ်လေ့ရှိသော အဝိဇ္ဇာ၏ အကူအညီ အကြောင်းတရားများတည်း။ ထိုအကြောင်းတရားအားလုံးတို့၏ ပေါင်းဆုံညီညွတ်မှုကို စွဲမှီရမှသာလျှင် အဝိဇ္ဇာက သင်္ခါရကို ဖြစ်စေနိုင်လေသည်။ တစ်ခုတစ်ခုသော အကြောင်းတရားသည် ချို့တဲ့ခဲ့သော် အဝိဇ္ဇာသည် သင်္ခါရကို ဖြစ်ပေါ်စေခြင်းငှာ မစွမ်းနိုင်ပေ။ အကြောင်းတရား အချင်းချင်း စွဲမှီရမှသာလျှင် အကြောင်း တရားများလည်း မချို့တဲ့ပါမှသာလျှင် သင်္ခါရ စသော အကျိုးတရားအပေါင်းအစုကို ဖြစ်ပေါ်စေခြင်းငှာ စွမ်းနိုင် လေသည်။

တစ်ဖန် သင်္ခါရစေတနာသည်လည်း နာမ်ပရမတ်တရားတို့၏ ဓမ္မတာအတိုင်း စေတနာတစ်ခုတည်း ဖြစ်နိုင်သည့် စွမ်းအား မရှိ၊ ဖဿ ဝေဒနာ သညာ ဝိညာဏ် စသော အတူယှဉ်တွဲဖြစ်ဖက် စိတ်စေတသိက်တရားတို့နှင့်သာလျှင် အတူဖြစ်နိုင်သည့် စွမ်းအား ရှိ၏၊ ကုသိုလ်သင်္ခါရအုပ်စု အကုသိုလ် သင်္ခါရအုပ်စုဟူသော အုပ်စုအလိုက်သာ ဖြစ်နိုင်သည့် စွမ်းအား ရှိ၏၊

ထိုကြောင့် အဝိဇ္ဇာ စသော အကြောင်းတရားအပေါင်းအစုသည် အချင်းချင်း စွဲမှီ၍သာလျှင် အညီအညွတ် အယုတ်အလျော့ မရှိဘဲ အတူတကွ တစ်ပြိုင်နက်တည်းသာလျှင် သင်္ခါရစသော အကျိုးတရားအပေါင်းအစုကို ဖြစ်စေရာ၌ အကျိုးတရားအပေါင်းအစု၏ တစ်စိတ်တစ်ဒေသ တချို့တစ်ဝက်မျှကိုသာ ဖြစ်စေသည်လည်း မဟုတ်၊ ရှေ့နောက်အဖြစ်ဖြင့် တန်းစီလျက် အစဉ်အတိုင်း တစ်လုံးပြီးမှ တစ်လုံး ဖြစ်စေသည်လည်း မဟုတ်၊ ဤ အဝိဇ္ဇာစသော အကြောင်းတရားအပေါင်းအစုသည် သင်္ခါရစသော အကျိုးတရားအပေါင်းအစုကို အပြည့်အစုံ အညီအမျှ အယုတ် အလျော့ မရှိရအောင် တလုံးတစည်းတည်း တစ်ပြိုင်နက်တည်း အတူတကွ ဖြစ်စေသည်။

ဤဖော်ပြပါ ပဋိစ္စ၏သတ္တိ, သမုပ္ပါဒ်၏သတ္တိ နှစ်မျိုးကြောင့် အချင်းချင်း စွဲမှီ၍ အကျိုးပစ္စယုပ္ပန်တရားအပေါင်းကို အညီအညွတ် ပြည့်ပြည့်စုံစုံ အတူတကွ တလုံးတစည်းတည်း တစ်ပြိုင်နက်တည်း ဖြစ်စေတတ်သော အကြောင်းတရား အပေါင်းသည် မုချအားဖြင့် ပဋိစ္စသမုပ္ပါဒ် မည်ပေသည်။ အကျိုးတရားအပေါင်းသည်ကား မကင်းစကောင်းသော အဝိနာဘာဝနည်းအားဖြင့် ပဋိစ္စသမုပ္ပါဒ်မည်ပေသည်။ အကြောင်းတရားတို့၏ ပဋိစ္စသမုပ္ပါဒ်ဟူသော အမည်ကို အကျိုးတရားတို့အပေါ်၌ တင်စား၍ အကျိုးတရားတို့ကိုလည်း ပဋိစ္စသမုပ္ပါဒ်ဟု ကာရဏူပစာရအားဖြင့် ခေါ်ဝေါ်သည် ဟူလိုသည်။ ဤကား .. ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဖော်ပြထားသော ပဋိစ္စသမုပ္ပါဒ်စကားလုံး၏ တတိယအဖွင့် အဓိပ္ပါယ်တည်း။[မှတ်စု ၂၂]

သဘောကျလက်ခံနိုင်ရန်

ပဋိစ္စသမုပ္ပါဒ် စကားတစ်လုံး၏ အဓိပ္ပါယ်ကို ဤမျှ ကျယ်ဝန်းစွာ ရှင်းပြနေရခြင်းမှာ ဤကျမ်းတွင် ဆက်လက် ဖော်ပြမည့် ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်ရှုကွက်ကို လက်ခံနိုင်ရေးအတွက်ပင် ဖြစ်သည်။ အဘယ်ကြောင့် အဝိဇ္ဇာတစ်လုံးတည်းကိုသာ မရှုဘဲ ယှဉ်ဖက် စိတ်+စေတသိက်တို့ကိုပါ လိုက်ရှုနေပါသနည်း? အဘယ်ကြောင့် သင်္ခါရ (= စေတနာ) တစ်ခုတည်း သက်သက်ကိုသာ မရှုဘဲ ယှဉ်ဖက် စိတ်+စေတသိက်တို့ကိုပါ လိုက်ရှုနေရပါသနည်း? ဤသို့ စသော ရန်ထောင်နေမှုများကို ကြိုတင်၍ ကာကွယ်နေခြင်းပင် ဖြစ်သည်။ အယူအဆ လွဲချော်သွားပါက လုပ်ငန်းခွင်လည်း လွဲချော်သွားနိုင်ပေသည်။ သတိရှိစေ။

အကျိုးဂုဏ်အင် အာနိသင်

ဤသို့ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို ဟောကြားတော်မူသော သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည် ––

၁။ ပဋိစ္စဟူသော ရှေးပုဒ်ဖြင့် သဿတဝါဒ စသည်တို့၏ မရှိခြင်း မဖြစ်ခြင်းကို ထင်ရှားပြတော်မူ၏၊
၂။ နောက်ဖြစ်သော သမုပ္ပါဒပုဒ်ဖြင့် ဥစ္ဆေဒဝါဒ စသည်ကို ဖျက်ဆီး ပယ်ဖျောက်ခြင်းကို ထင်ရှား ပြတော်မူ၏၊
၃။ ပဋိစ္စသမုပ္ပါဒ်ဟူသော ပုဒ်နှစ်ခုအပေါင်းဖြင့် သဿတဝါဒ, ဥစ္ဆေဒဝါဒဟူသော အယုတ်တရားနှစ်ပါး အစွန်း နှစ်ဘက်မှ လွတ်ကင်းသော အလယ်အလတ်ကျင့်စဉ် = မဇ္ဈိမပဋိပတ် အမည်ရသော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို ထင်ရှားပြတော်မူ၏၊

၁။ ပဋိစ္စပုဒ်

ပဋိစ္စသမုပ္ပါဒေါဝယ် ပဋိစ္စပုဒ်, သမုပ္ပါဒပုဒ်ဟု ပုဒ်နှစ်ပုဒ် ရှိ၏၊ အကြောင်းတရားတို့၏ ညီညွတ်သည်၏အဖြစ်ကို ပဋိစ္စပုဒ်က ဖော်ပြလျက် ရှိ၏၊

ဤပဋိစ္စသမုပ္ပါဒ်သဘောတရားဝယ် ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်ဟု ဝဋ်သုံးပါး ရှိ၏၊ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကား ကိလေသဝဋ်တည်း။ သင်္ခါရနှင့် ကမ္မဘဝ (= ကံ)တို့ကား ကမ္မဝဋ်တည်း။ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတို့ကား ဝိပါကဝဋ်တည်း။

ကိလေသဝဋ်ကို အစွဲပြု၍ ကမ္မဝဋ်သည် ဖြစ်ပေါ်လာရ၏၊ ကမ္မဝဋ်ကို အစွဲပြု၍ အကျိုးဝိပါကဝဋ်သည် ဖြစ်ပေါ်လာရ၏၊ တစ်ဖန် ယင်းဝိပါကဝဋ် အမည်ရသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အချိန်မီ ဝိပဿနာ မရှုပွား မသုံးသပ်နိုင်ပါက ယင်းဝိပါကဝဋ်ကို အစွဲပြု၍ ကိလေသဝဋ် အမည်ရသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့သည် ထပ်ဖြစ်ပြန်ကုန်၏၊ တစ်ဖန် ယင်းကိလေသဝဋ်ကို အစွဲပြု၍ ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရတို့ကို ပြုစုပျိုးထောင်သဖြင့် ကမ္မဝဋ် အမည်ရသည့် သင်္ခါရ ကံတို့သည် ထပ်ဖြစ်ကြပြန်ကုန်၏၊

ယင်းကမ္မဝဋ်ကြောင့် အနာဂတ်ဘဝစသည်၌ ဝိပါကဝဋ်အမည်ရသည့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ထပ်ဖြစ်ကြပြန်ကုန်၏၊ ယင်းအနာဂတ်ခန္ဓာငါးပါးတို့ကို (ဥပပတ္တိဘဝ) ဇာတိ ဇရာ မရဏဟူသော အမည်ဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ ဤနည်းဖြင့် ဝဋ်သုံးပါးသည် လည်ပတ်နေသော ရထားဘီးကဲ့သို့ အဆက်မပြတ် ဖြစ်နေပေသည်။

အကြောင်းတရားတို့၏ ညီညွတ်သည်၏ အဖြစ်ကို = အကြောင်းတရားတို့၏ အညီအညွတ် ဖြစ်နေမှုကို ဖော်ပြ တတ်သော ပဋိစ္စဟူသော ရှေးပုဒ်ဖြင့် သွားနေသော ရထားဘီးကဲ့သို့ အဆက်မပြတ် လည်ပတ်လျက် ဖြစ်ပေါ်နေကြ ကုန်သော ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်တရားတို့၏ အကြောင်းတရားတို့၏ ညီညွတ်သည်၏ အဖြစ်၌ ဆက်စပ်သော ဖြစ်ခြင်း ရှိသည်၏ အဖြစ်ကြောင့် ––

၁။ သဿတဝါဒ, ၂။ အဟေတုဝါဒ, ၃။ ဝိသမဟေတုဝါဒ, ၄။ ဝသဝတ္တိဝါဒ ..

ဤသို့စသည့် ဝါဒအမျိုးမျိုးတို့၏ မရှိမှုကို ဖော်ပြအပ်ပေသည်။ မှန်ပေသည် ––- သ ဿတဝါဒစသော ထိုထို အကြောင်းမှန်ကို ပယ်လှန်နေသော ဝါဒအမျိုးမျိုးတို့အဖို့ ပစ္စယသာမဂ္ဂိ အမည်ရသော အကြောင်းတရားအပေါင်းတို့၏ ညီညွတ်မှုဖြင့် အဘယ်အကျိုးရှိနိုင်တော့အံ့နည်း၊ မည်သို့ အဓိပ္ပါယ် ရှိနိုင်တော့အံ့နည်း။ အကြောင်းတရားတို့၏ ညီညွတ်မှုကြောင့် အကျိုးတရားတို့၏ အညီအညွတ် တပေါင်းတည်းဖြစ်မှုသည် အကြောင်းမှန်ကို ပယ်လှန်နေသော ယင်းဝါဒအမျိုးမျိုးတို့အဖို့ အဓိပ္ပါယ် ကင်းမဲ့နေမည်သာ ဖြစ်ပေသည်။[မှတ်စု ၂၃]

သဿတဝါဒ –– သဿတော အတ္တာ စ လောကော စ = အတ္တသည်လည်းကောင်း, လောကသည်လည်းကောင်း မြဲ၏ ––- ဤသို့စသည်ဖြင့် ပြောဆိုလေ့ ယူဆလေ့ ယုံကြည်လေ့ရှိသော ဝါဒသည် သဿတဝါဒ မည်၏၊ အတ္တသည် အကျိတ်အခဲ အမြဲတည်၏၊ အတ္တသည် တစ်ဘဝပြီး တစ်ဘဝ ပြောင်းရွှေ့နေ၏၊ ခန္ဓာအိမ်အသစ်လဲသော်လည်း အတ္တကား တစ်ဘဝပြီး တစ်ဘဝ မသေမပျောက်ဘဲ ခန္ဓာအိမ် အသစ်အသစ်၌ အမြဲ လိုက်ပါ တည်နေ၏၊ –– ဤသို့စသည်ဖြင့် စွဲယူသော ဝါဒတည်း။[မှတ်စု ၂၄]

အဟေတုဝါဒ –– နတ္ထိ ဟေတု နတ္ထိ ပစ္စယော သတ္တာနံ သံကိလေသာယ၊ အဟေတူ အပစ္စယာ သတ္တာ သံကိလိဿန္တိ။ နတ္ထိ ဟေတု နတ္ထိ ပစ္စယော သတ္တာနံ ဝိသုဒ္ဓိယာ၊ အဟေတူ အပစ္စယာ သတ္တာ ဝိသုဇ္ဈန္တိ[မှတ်စု ၂၅] = သတ္တဝါတို့ ညစ်နွမ်းဖို့ရန် သတ္တဝါတို့ ဖြူစင်ဖို့ရန် တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား = ဇနက အကြောင်းတရားသည် မရှိ၊ အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား = ဥပတ္ထမ္ဘက အကြောင်းတရားသည် မရှိ။ အကြောင်းမရှိဘဲသာလျှင် သတ္တဝါတို့သည် ညစ်နွမ်းကြရ၏၊ စင်ကြယ်ကြရ၏ ––- ဤ သို့ စသည်ဖြင့် အကြောင်း တရားကို တိုက်ရိုက်ပယ်သော, အကြောင်းမရှိဟု ပြောဆိုလေ့ ယူဆလေ့ ယုံကြည်လေ့ရှိသော ဝါဒသည် အဟေတုဝါဒ မည်၏၊ အကြောင်းတရားကို တိုက်ရိုက်ပယ်လိုက်သဖြင့် သွယ်ဝိုက်သော နည်းအားဖြင့် အကြောင်းတရားကြောင့် ဖြစ်သော အကျိုးတရားကိုလည်း ပယ်ရာရောက်၏၊ အကြောင်းတရားတို့၌ အကျိုးတရားကို ဖြစ်စေနိုင်သည့် စွမ်းအား ရှိမှုကို လက်မခံသည့် ကံ-ကံ၏အကျိုးတရားကို ပစ်ပယ်သော ဝါဒတစ်မျိုးတည်း။

ဝိသမဟေတုဝါဒ ––- ပကတိ, အဏု, ကာလ စသည်တို့၏ အစွမ်းဖြင့် လောကသည် ဖြစ်ပေါ်လာ၏၊ –– ဤသို့ ပြောဆိုလေ့, ယူဆလေ့, ယုံကြည်လေ့ရှိသော ဝါဒသည် ဝိသမဟေတုဝါဒ မည်၏၊[မှတ်စု ၂၆]

ဝသဝတ္တိဝါဒ ––- ဣဿရဝါဒ, ပုရိသဝါဒ, ပဇာပတိဝါဒတို့သည် ဝသဝတ္တိဝါဒ မည်၏၊ ပုရိသဝါဒနှင့် ပဇာပတိ ဝါဒတို့သည် ဣဿရဝါဒနှင့် ထပ်တူပင် ဖြစ်သည်၊ အမည်မျှသာ ထူးသည်။[မှတ်စု ၂၇] လောကကြီးနှင့်တကွ သတ္တဝါတို့ကို ဖန်ဆင်းပေးသော ဖန်ဆင်းရှင် အစိုးရသူ = ဣဿရသည် ရှိ၏၊ ယင်းဖန်ဆင်းရှင် = ဣဿရ၏ အလိုဆန္ဒအတိုင်း လောကကြီးနှင့်တကွ သတ္တဝါတို့သည် ဖြစ်ပေါ်နေကြကုန်၏ဟု ပြောဆိုလေ့ ယူဆလေ့ ယုံကြည်လေ့ ရှိသော ဝါဒသည် ဝသဝတ္တိဝါဒ မည်၏၊ အဖန်ဆင်းခံရသော အတ္တကို ဇီဝအတ္တဟုလည်းကောင်း, ဖန်ဆင်းရှင် = ဣဿရကို ပရမအတ္တ ဟုလည်းကောင်း အသီးအသီး ခေါ်ဆိုပေသည်။ ကံ-ကံ၏အကျိုးတရား ထင်ရှားရှိမှုကို လက်မခံဘဲ ပယ်လှန်နေသော ဝါဒတစ်မျိုးပင် ဖြစ်သည်။[မှတ်စု ၂၈]

ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးစားအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်သည် အကြင်အခါ၌ အကြောင်းတရားတို့၏ ညီညွတ်မှုကို အစွဲပြု၍ တစ်နည်းဆိုရသော် အညီအညွတ် အချင်းချင်း စွဲမှီ၍ ဖြစ်ပေါ်လာကြကုန်သော အကြောင်း တရားအပေါင်းအစုတို့၏ ထင်ရှား ဖြစ်မှုကို အစွဲပြု၍ အကျိုးတရားအပေါင်းအစုတို့၏ အပြည့်အစုံ အတူတကွ တလုံးတစည်း ပြိုင်တူဖြစ်မှုကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်၏၊ ထိုအခါဝယ် အညီအညွတ် အချင်းချင်း စွဲမှီ၍ ဖြစ်ပေါ်လာကြကုန်သော အကြောင်းတရားအပေါင်းအစုတို့၏ ထင်ရှားဖြစ်ပေါ်မှုကို အစွဲပြု၍ သာလျှင် အကျိုးတရားအပေါင်းအစုတို့၏ အပြည့်အစုံ အတူတကွ တလုံးတစည်းတည်း တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာကြကုန်၏ဟု သိမြင်လိုက်သဖြင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် သဿတဝါဒ အဟေတုဝါဒ ဝိသမဟေတုဝါဒ ဝသဝတ္တိဝါဒဤသို့စသည့် အကြောင်းစစ် အကြောင်းမှန်၏ ထင်ရှားရှိမှုကို လက်မခံသော မှားယွင်း ဖောက်ပြန် မမှန်ကန်သော အယူအဆအမျိုးမျိုးတို့သည် လွင့်စင်ပျောက်ပျယ်၍ သွားလေသည်။ အကျိုးတရား အပေါင်းအစုသည် အကြောင်းတရားအပေါင်းအစုတို့၏ အညီအညွတ်ဖြစ်မှုကို စွဲမှီ၍သာလျှင် ဖြစ်ပေါ်လာရသည်ဟု သိရှိလာသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်က ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် အကြောင်းမှန်ကို ပယ်လှန်သည့် မှားယွင်းသည့် ဝါဒအရပ်ရပ်၏ မရှိမှုကို ဖော်ပြပြီး ဖြစ်တော့သည် ဟူလိုသည်။ ပဋိစ္စဓာတ်သဘောကို ဉာဏ်ဖြင့် ထွင်းဖောက်သိမြင်သော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် အကြောင်းမှန်ကို ပယ်လှန်သော ဝါဒအမျိုးမျိုး တို့၏ ထင်ရှားမရှိမှုသည် ဖြစ်ပေါ်ခဲ့သော် ထိုပဋိစ္စဓာတ်သဘောကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ထိုယောဂါဝစရပုဂ္ဂိုလ်တို့ကို ကျင့်စဉ်နှင့်တကွ ညွှန်ကြားပြသနေသော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်၌လည်း အကြောင်းမှန်ကို ပယ်လှန်သော ဝါဒအမျိုးမျိုးတို့၏ မရှိမှုမှာ ဆိုဖွယ်ရာပင် မရှိနိုင်တော့ပြီ ဖြစ်ပေသည်။

အကျိုးတရား မရှိဟု ဆိုသဖြင့် အကျိုးကို ဖြစ်စေတတ်သော အကြောင်းတရားသည်လည်း မရှိဟုပင် ဆိုရာရောက်၏၊

၂။ သမုပ္ပါဒပုဒ်

သင်္ခါရစသော အကျိုးပစ္စယုပ္ပန်တရားတို့၏ အညီအညွတ် တပေါင်းတစည်းတည်း အတူတကွ တစ်ပြိုင်နက်တည်း ဖြစ်ခြင်းကို ဖော်ပြတတ်သော သမုပ္ပါဒပုဒ်ဖြင့် အကြောင်းတရားတို့၏ ညီညွတ်မှု အညီအညွတ် ဖြစ်နေမှု = ပစ္စယသာမဂ္ဂိသည် ရှိလတ်သော် သင်္ခါရစသော အကျိုးပစ္စယုပ္ပန်တရားတို့၏ ထင်ရှားဖြစ်ပေါ်လာခြင်းကြောင့် ..

၁။ ဥစ္ဆေဒဝါဒ, ၂။ နတ္ထိကဝါဒ, ၃။ အကိရိယဝါဒ ––

ဤဝါဒတို့ကို ပယ်ဖျောက်အပ်ကုန်၏၊ ထိုကြောင့် သမုပ္ပါဒဟူသော နောက်ပုဒ်ဖြင့် ဥစ္ဆေဒဝါဒစသည့် ဝါဒအသီးအသီးကို ပယ်သတ်ခြင်းကို ထင်ရှားပြအပ်ပေသည်။ မှန်ပေသည် –– ရှေးရှေး၌ အကြောင်းတရား၏ စွမ်းအားကြောင့် သင်္ခါရစသော အကျိုးတရားအပေါင်းအစုတို့သည် အဖန်ဖန် အထပ်ထပ် ဖြစ်ကုန်သည်ရှိသော် ဥစ္ဆေဒဝါဒ နတ္ထိကဝါဒ အကိရိယဝါဒတို့သည် အဘယ်မှာလျှင် ဖြစ်နိုင်ကုန်လတ္တံ့နည်း။ ထိုကြောင့် သမုပ္ပါဒဟူသော နောက်ပုဒ်ဖြင့် ယင်းဝါဒအသီးအသီး၏ မရှိမှုကို ထင်ရှားဖော်ပြအပ်ပေသည်။[မှတ်စု ၂၉]

ဥစ္ဆေဒဝါဒ – အတ္တသည် သတ္တဝါသည် သေလျှင် ပြတ်၏၊ “ဘဝဟူသည် ပုခက်နှင့် ခေါင်းအကြားမှာသာ ရှိ၏၊ ခေါင်းဟိုဘက် ဘာမျှမရှိ”ဟု ပြောဆိုလေ့ စွဲယူလေ့ ယုံကြည်လေ့ရှိသော ဝါဒသည် ဥစ္ဆေဒဝါဒ မည်၏၊ မျက်မှောက်ခေတ် လက်ဝဲသမားတို့၏ ဝါဒမျိုး, သိပ္ပံပညာကိုသာ အလေးဂရုပြုသူ အချို့သော ရုပ်ဝါဒီတို့၏ ဝါဒမျိုးပင် ဖြစ်သည်။

နတ္ထိကဝါဒ – နတ္ထိ ဒိန္နံ, နတ္ထိ ယိဋ္ဌံ, နတ္ထိ ဟုတံ, နတ္ထိ သုကတဒုက္ကတာနံ ကမ္မာနံ ဖလံ ဝိပါကော...ဒါန၏ အကျိုးတရားမည်သည် မရှိ၊ သုစရိုက်တရား ဒုစရိုက်တရားတို့၏ အကျိုးတရားမည်သည် မရှိ၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးတရားမည်သည် မရှိ - ဤသို့စသည်ဖြင့် အကျိုးတရား ရှိမှုကို တိုက်ရိုက်ပစ်ပယ်သော ဝါဒသည် နတ္ထိကဝါဒ မည်၏၊ အကျိုးတရားကို တိုက်ရိုက်ပယ်လိုက်သဖြင့် အကျိုးတရားကို ဖြစ်စေတတ်သည့် စွမ်းအားရှိသည့် အကြောင်း တရားကိုလည်း ပယ်ပြီးပင် ဖြစ်တော့သည်။ ထိုကြောင့် ဤနတ္ထိကဝါဒသည်လည်း ကံ-ကံ၏အကျိုးတရားကို လက်မခံဘဲ ပယ်လှန်သည့် ဝါဒတစ်မျိုးပင် ဖြစ်သည်။

အကိရိယဝါဒ –– ကရောတော ကာရယတော ဆိန္ဒတော ဆေဒါပယတော။ ပ။ န ကရီယတိ ပါပံ –ကိုယ်တိုင်ပြုသူသည်လည်းကောင်း, သူတစ်ပါးကို အပြုခိုင်းသူသည်လည်းကောင်း, ကိုယ်တိုင်ဖြတ်သူသည်လည်းကောင်း, သူတစ်ပါးကို အဖြတ်ခိုင်းသူသည်လည်းကောင်း မကောင်းမှုကို ပြုအပ်သည် မမည် ပြုရာမရောက် ဤသို့ စသည်ဖြင့် “ကောင်းမှု မကောင်းမှုကို ပြုအပ်သော်လည်း ပြုအပ်သည် မမည်၊ ပြုရာမရောက်၊ ကောင်းမှုကံလည်း မဖြစ်၊ မကောင်းမှုကံလည်း မဖြစ်”- ဟု အကြောင်းကံကို တားမြစ်သော အယူဝါဒသည် အကိရိယဝါဒ မည်၏၊

အကြောင်းကံကို ပယ်သဖြင့် အကျိုးဝိပါက်ကိုလည်း ပယ်ပြီးသာ ဖြစ်၏၊ အကျိုးဝိပါက်ကို ပယ်သဖြင့် အကြောင်းကံကိုလည်း ပယ်ပြီးသာ ဖြစ်တော့၏၊ ထိုကြောင့် ဤအလုံးစုံသော အဟေတုကဝါဒ အကိရိယဝါဒ နတ္ထိကဝါဒတို့သည် အနက်သဘောအားဖြင့် ကံ-ကံ၏အကျိုး နှစ်မျိုးလုံးကို ပယ်သော ဝါဒတို့သာ ဖြစ်ကြသည်။[မှတ်စု ၃၀] အကြောင်းကံကို မရှိဟု ဆိုသဖြင့် ထိုအကြောင်းနှင့် ဆက်သွယ်၍ ဖြစ်ရသော အကျိုးတရားသည်လည်း မရှိဟုပင် ဆိုရာရောက်၏၊

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် အဝိဇ္ဇာစသော အကြောင်းတရားတို့၏ ညီညွတ်မှု = အညီအညွတ် ထင်ရှား ဖြစ်နေမှုကို အစွဲပြု၍ သင်္ခါရစသော အကျိုးတရားတို့၏ အညီအညွတ် ထင်ရှားဖြစ်ပေါ်မှုကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ငြားအံ့ – တစ်နည်းဆိုရသော် ..

၁။ အတိတ်က ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရားတို့ကြောင့် ဤပစ္စုပ္ပန်ဘဝတွင် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အကျိုးတရားတို့၏ ထင်ရှား ဖြစ်မှုကိုလည်းကောင်း,

၂။ ဤပစ္စုပ္ပန်ဘဝတွင် ပြုစုပျိုးထောင်လိုက်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရား တို့ကြောင့် နောင်အနာဂတ်တွင် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဟူသော အကျိုးတရားတို့၏ ထင်ရှားဖြစ်မှုကိုလည်းကောင်း,

၃။ အလားတူပင် ဆိုင်ရာဆိုင်ရာ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အကြောင်းတရားငါးပါးကြောင့် ဆိုင်ရာဆိုင်ရာ အတိတ်ဘဝ၌ အကျိုးတရားငါးပါးတို့၏ ထင်ရှားဖြစ်မှုကိုလည်းကောင်း,

၄။ အကယ်၍ ထိုယောဂါဝစရပုဂ္ဂိုလ်သူမြတ်အဖို့ အနာဂတ်ဘဝများသည် ထင်ရှားရှိနေသေးလျှင် ဆိုင်ရာ အနာဂတ်၏ သို့မဟုတ် ပစ္စုပ္ပန်၏ သို့မဟုတ် အတိတ်၏ အကြောင်းတရားငါးပါးကြောင့် ဆိုင်ရာ အနာဂတ် အကျိုးတရားငါးပါးတို့၏ ထင်ရှားဖြစ်မှုကိုလည်းကောင်း ––

ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အံ့ – ထိုအခါ ရှေးရှေးသော အကြောင်းတရားတို့ကို စွဲမှီသည်၏ အစွမ်းဖြင့် နောက်နောက်သော အကျိုးတရားစုတို့၏ အကြောင်းနှင့် အကျိုး ဆက်စပ်လျက် အဖန်ဖန် အထပ်ထပ် ဖြစ်ပေါ်မှုကို ပစ္စယပရိဂ္ဂဟဉာဏ်စသော ဝိပဿနာဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင် နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဥစ္ဆေဒဝါဒ, နတ္ထိကဝါဒ, အကိရိယဝါဒဟူသော မိစ္ဆာဒိဋ္ဌိဝါဒ ဘေးဆိုးကြီး တို့သည် အဘယ်မှာလျှင် ဖြစ်နိုင်တော့အံ့နည်း။ ဖြစ်ခွင့် မရှိနိုင်တော့သည်သာ ဖြစ်ပေသည်။ အလားတူပင် ယင်း ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မြတ်၌လည်း ယင်း မိစ္ဆာဒိဋ္ဌိ ဘေးဆိုးကြီးတို့သည် ကပ်ခိုခွင့် မရနိုင်တော့သည်သာ ဖြစ်ပေသည်။

၃။ ပဋိစ္စ + သမုပ္ပါဒပုဒ်

ပဋိစ္စပုဒ်နှင့် သမုပ္ပါဒပုဒ် နှစ်ပုဒ်ပေါင်းစပ်ထားသော ပဋိစ္စသမုပ္ပါဒ ဟူသော တစ်ပုဒ်လုံးဖြင့် ထိုထိုအဝိဇ္ဇာစသော အကြောင်းတရားတို့၏ ညီညွတ်သည်၏ အဖြစ်၌ အဝိဇ္ဇာစသော အကြောင်းတရားနှင့် သင်္ခါရစသော အကျိုးတရားစု တို့၏ အကြောင်းနှင့် အကျိုး ဆက်နွယ်လျက် အဆက်မပြတ် အထပ်ထပ် ဖြစ်နေခြင်းဟု ဆိုအပ်သော ကြောင်း-ကျိုး သန္တတိအစဉ်ကို မပြတ်မူ၍ မပြတ်စေမူ၍ ထိုထိုပစ္စယုပ္ပန်တရားတို့၏ ဖြစ်ခြင်းကြောင့် ––

၁။ မဇ္ဈိမပဋိပဒါ အမည်ရသော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကိုလည်းကောင်း,
၂။ “ထိုသူသည်ပင် ပြု၏၊ ထိုသူသည်ပင် ခံစား၏၊ အခြားတစ်ယောက်သောသူသည် ပြု၏၊ အခြားတစ်ယောက်သော သူသည် ခံစား၏”ဟူသော ဝါဒဆိုးကြီးကို ပယ်ခြင်းကိုလည်းကောင်း,
၃။ ရုပ်+နာမ်ပရမတ်တို့ကိုလည်းကောင်း, ရုပ်+နာမ်ပရမတ်တို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကိုလည်းကောင်း မသိမမြင်သည့် ဇနပုဒ်နေသူ လူသာမန်တို့ ခေါ်ဝေါ်သုံးစွဲအပ်သော ယောက်ျား မိန်းမစသော ဝေါဟာရပညတ်၌ ယောက်ျား မိန်းမစသည်လည်း တကယ် ထင်ရှားရှိ၏ စသည်ဖြင့် တဏှာ ဒိဋ္ဌိတို့ဖြင့် မှားမှားယွင်းယွင်း နှလုံးမသွင်းခြင်းကိုလည်းကောင်း,
၄။ လူတို့ ခေါ်ဝေါ်သုံးစွဲနေသည့် လောကသမ္မုတိသစ္စာကို မကျော်လွန်ခြင်းကိုလည်းကောင်း –– ဤကဲ့သို့သော နိဗ္ဗာန်သို့ သွားကြောင်းဖြစ်သော ဉာယအမည်ရသော အရိယမဂ်ခရီးကို ဖော်ပြအပ်ပေသည်၊၊[မှတ်စု ၃၁]

ထပ်မံရှင်းလင်းချက်

၁။ မဇ္ဈိမပဋိပဒါ– ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးကို ရရှိအောင် ဦးစွာ ကြိုးစားအားထုတ်လေရာ စွမ်းနိုင်သမျှ အတိတ်အဆက်ဆက်မှသည် ပစ္စုပ္ပန်, ပစ္စုပ္ပန်မှသည် အနာဂတ်အဆက်ဆက်သို့တိုင်အောင် အတိတ် ပစ္စုပ္ပန် အနာဂတ် တစ်လျှောက်လုံး၌ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားစုတို့၏ ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ် မပြတ်ဖြစ်နေမှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခဲ့သော် ထိုအသိဉာဏ်ကား သမ္မာဒိဋ္ဌိတည်း။

ရုပ်-နာမ်နှစ်ပါး = ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ထိုးထွင်းသိသော ဉာဏ်သည် သမ္မာဒိဋ္ဌိတည်း။ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ[မှတ်စု ၃၂]ဟူသော ဒေသနာတော်များနှင့် အညီ ဥပါဒါနက္ခန္ဓာငါးပါးတို့ကား ဒုက္ခသစ္စာတရားစုတို့တည်း။ ယင်းဒုက္ခသစ္စာတရားစုကို ထိုးထွင်းသိသော ဉာဏ်သည် ဒုက္ခေ ဉာဏံ[မှတ်စု ၃၃]ဟူသော ဒေသနာတော်များနှင့်အညီ ဒုက္ခသစ္စာကို သိသောဉာဏ် = သမ္မာဒိဋ္ဌိပင်တည်း။ အင်္ဂုတ္တိုရ် တိကနိပါတ် တိတ္ထာယတနသုတ္တန်[မှတ်စု ၃၄]၌ ဘုရားရှင်သည် ဟောကြားထားတော်မူသည့်အတိုင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ထိုးထွင်းသိသော ဉာဏ်သည် –– ဒုက္ခသမုဒယေ ဉာဏံ[မှတ်စု ၃၅]ဟူသော ဒေသနာတော်နှင့် အညီ သမုဒယသစ္စာကို သိသော သမ္မာဒိဋ္ဌိတည်း။ (၁)

ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို သင်္ခါရတရားတို့ဟူ၍ ခေါ်ဆို၏၊ ယင်း ဒုက္ခသစ္စာ သမုဒယသစ္စာဟူသော သင်္ခါရတရားတို့ကို ထိုးထွင်းသိသော သမ္မာဒိဋ္ဌိဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ဒုက္ခသစ္စာ သမုဒယ သစ္စာအမည်ရသည့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရအာရုံပေါ်သို့ စိတ်ကို ရှေးရှူတင်ပေးခြင်းသဘောကား သမ္မာသင်္ကပ္ပတည်း။ (၂)

ယင်းသမ္မာဒိဋ္ဌိဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ရုပ်နာမ်တို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရားတို့ကို သိအောင် ကြိုးစားအားထုတ်ခြင်း သဘောကား သမ္မာဝါယာမတည်း။ (၃)

ယင်းရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို အဖန်ဖန် အထပ်ထပ် သိမ်းဆည်းတတ်သော ရှုပွားသုံးသပ် တတ်သော, ယင်းသင်္ခါရအာရုံ၌ စိတ်ခိုင်မြဲနေသော, ဘူးတောင်းကဲ့သို့ မပေါ်ဘဲ ကျောက်ဖျာကဲ့သို့ နစ်မြုပ်နေခြင်း သဘောကား သမ္မာသတိတည်း။ (၄)

ယင်းသမ္မာဒိဋ္ဌိဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရအာရုံပေါ်၌ စိတ်တည်ငြိမ်နေမှု သဘောကား သမ္မာသမာဓိတည်း။ (ဝိပဿနာသမာဓိတည်း။) အကယ်၍ ယောဂီသူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ်ဖြစ်၍ စျာန်သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးခဲ့ပါမူ ထိုပါဒကစျာန်သမာဓိသည် လည်း မဟာသတိပဋ္ဌာနသုတ္တန်[မှတ်စု ၃၆]၌ ဘုရားရှင် ဟောကြားထားတော်မူသည်နှင့်အညီ သမ္မာသမာဓိပင်တည်း။ (၅)

ယောဂီသူတော်ကောင်းကိုယ်တိုင် ဘာဝနာကို မပွားများမီက စ၍ ကြိုတင် စောင့်ထိန်းထားအပ်ပြီးသော စောင့်ထိန်းနေဆဲလည်းဖြစ်သော သီလတို့ကား သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝတို့တည်း။ (၆၊၇၊၈။)

လောကီအခိုက်၌ ဤသီလမဂ္ဂင်သုံးပါးတို့သည် အထက်တွင် ရှင်းပြထားသည့်အတိုင်း ရုပ်-နာမ်-ကြောင်းကျိုး = သင်္ခါရတရားတို့ကို အာရုံပြုနေကြသော – သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိတို့နှင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ၍ကား မဖြစ်ကြပေ၊ အာရုံကွဲပြားသောကြောင့်ပင် ဖြစ်သည်။

အားလုံးပေါင်းသော် မဂ္ဂင် (၈)ပါး ဖြစ်သည်။ နိဗ္ဗာန်သို့ သွားကြောင်းဖြစ်သော ဉာယအမည်ရသော အရိယမဂ်သို့ ဆိုက်ရောက်ဖို့ရန် မဂ္ဂင်လမ်းပင်တည်း။ သို့အတွက် ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့၏ အချင်းချင်း ကြောင်း-ကျိုး ဆက်နွယ်လျက် ဖြစ်ပေါ်နေခြင်း ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာမျက်စိဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းသည် နိဗ္ဗာန်သို့သွားကြောင်း ဖြစ်သော ဉာယအမည်ရသော အရိယမဂ်လမ်းမကြီး ပေါ်သို့ ဣန္ဒြေရရ ဂုဏ်သိက္ခာရှိရှိဖြင့် လျှောက်သွားနေခြင်းပင် ဖြစ်၏၊ အရိယမဂ်လမ်းခရီးကို ထင်ရှားပြနေခြင်းလည်း ဖြစ်၏၊ မဇ္ဈိမပဋိပဒါလမ်းကို ထင်ရှားပြနေခြင်းလည်း ဖြစ်၏၊ အကြောင်းမူ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိဟု ခေါ်ဆိုအပ်သော အစွန်းနှစ်ဘက်သို့ မကပ်ရောက်မူ၍ မိမိဆိုင်ရာ အကြောင်းတရားအပေါင်းတို့ကြောင့် ယင်း အကြောင်းတရားတို့နှင့် လျော်ညီသော အကျိုးတရားတို့၏ ဖြစ်ခြင်းကို ဤ ပဋိစ္စသမုပ္ပါဒ်အရာ၌ မဇ္ဈိမပဋိပဒါ = အလယ်အလတ် ကျင့်စဉ်ဟု အလိုရှိအပ်သောကြောင့် ဖြစ်သည်။[မှတ်စု ၃၇]

၂။ ပြုလုပ်သူနှင့် ခံစားသူ – ကမ္မဝဋ်နှင့် ဝိပါကဝဋ်တို့တွင် ကမ္မဝဋ်ကား ကုသိုလ်တရား, သို့မဟုတ် အကုသိုလ် တရား ဖြစ်၏၊ ဝိပါကဝဋ်ကား အကျိုးဝိပါက် ရုပ်တရား နာမ်တရားစု ဖြစ်၏၊ ထိုကြောင့် ကုသိုလ် အကုသိုလ် ဟူသော ကမ္မဝဋ်နှင့် ဝိပါကဝဋ်တို့သည် ကွဲပြားသော သဘာဝလက္ခဏာလည်း ရှိ ကြ၏၊ (လက္ခဏာဒိစတုက္ကပိုင်းတွင် ကြည့်ပါ။) ကမ္မဝဋ်က အကြောင်းတရား, ဝိပါကဝဋ်က အကျိုးတရားဖြစ်၍လည်း ကွဲပြားသော သဘာဝ ရှိနေ၏၊

တစ်ဖန် ကမ္မဝဋ်နှင့် ဝိပါကဝဋ်တို့သည် ဖြစ်သည့်အချိန်အခါအားဖြင့်လည်း ကွဲပြားသော အချိန်ကာလ ရှိကြ၏၊ ယောဂီသူတော်ကောင်း၏ ဝီထိမုတ်စိတ် အမည်ရသော ပဋိသန္ဓေ, ဘဝင်, စုတိ နာမ်တရားစုတို့သည်လည်းကောင်း, ဝီထိစိတ်အမည်ရသော ပဉ္စဝိညာဏ်, သမ္ပဋိ စ္ဆိုင်း, သန္တီရဏ, တဒါရုံဝိပါက် နာမ်တရားစုတို့သည်လည်းကောင်း, ပဋိသန္ဓေမှစ၍ ဘဝတစ်လျှောက်တွင် ဖြစ်ပေါ်နေကြသော ကမ္မဇရုပ်တို့သည်လည်းကောင်း ဝိပါကဝဋ်ချည်းသာတည်း။ ယင်းဝိပါကဝဋ်ကို ဖြစ်စေသော အကြောင်းရင်းကံမှာ ယေဘုယျအားဖြင့် အတိတ်ဘဝတစ်ခုက ပြုစုပျိုးထောင်ခဲ့သော ကံသာ ဖြစ်၏၊ ဤ၌ ယေဘုယျဟုဆိုခြင်းမှာ ဒိဋ္ဌဓမ္မဝေဒနီယ အမည်ရသော လက်ငင်းဘဝ၌ အကျိုးပေးတတ်သော ကံများလည်း ရှိနေသောကြောင့် ဖြစ်၏၊ ယင်းဒိဋ္ဌဓမ္မဝေဒနီယကံတို့မှာလည်း လက်ရှိဘဝ ပဋိသန္ဓေ၏ အကြောင်းရင်း ကံတို့ကား မဟုတ်ကြပေ။ လက်ရှိဘဝ၌ အခါအားလျော်စွာ ပဝတ္တိအကျိုးကိုသာ ပေးတတ်သော ကံတို့သာ ဖြစ်ကြ၏၊

လက်ရှိဘဝ ပဋိသန္ဓေ နာမ်ရုပ်စသော ဝိပါကဝဋ်ကို ဖြစ်စေတတ်သော အတိတ်က ပြုစုပျိုးထောင်ခဲ့သော ကံဟူသည်မှာလည်း လွန်ခဲ့သော ပထမ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော ကံလည်း ဖြစ်နိုင်၏၊ ဒုတိယအတိတ် စသော အတိတ်ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့သော ကံလည်း ဖြစ်နိုင်၏၊ ကမ္ဘာကုဋေပေါင်းများစွာက ပြုစုပျိုးထောင် ခဲ့သော ကံလည်း ဖြစ်နိုင်၏၊[မှတ်စု ၃၈] ဤဘဝပဋိသန္ဓေမတိုင်မီ အတိတ်ဘဝတစ်ခုခုက ပြုစုပျိုးထောင်ခဲ့သော ကံသည် အခွင့်ရလျှင် ဤဘဝ၌ ပဋိသန္ဓေစသည့် အကျိုးဝိပါကဝဋ်တရားများကို ဖြစ်စေနိုင်သည်သာ ဖြစ်၏၊ သို့အတွက် ကမ္မဝဋ်အမည်ရသည့် အကြောင်းကံနှင့် ဝိပါကဝဋ်အမည်ရသည့် အကျိုးရုပ်နာမ်တို့သည် ဖြစ်ရာ အချိန်ကာလအားဖြင့်လည်း မတူညီကြပေ၊ အချိန်ကာလ ကွဲပြားကြ၏၊ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ တစ်ဖန် ဒိဋ္ဌဓမ္မဝေဒနီယကံ = မျက်မှောက်ဘဝ၌ အကျိုးပေးသောကံပင် ဖြစ်စေဦးတော့၊ ယင်းအကြောင်းကံနှင့် ယင်းကံကြောင့် ဖြစ်ပေါ်လာကြရသည့် အကျိုးဝိပါက်တရားတို့သည် ဖြစ်ရာအချိန်ကာလအားဖြင့် အနည်းဆုံး စိတ္တက္ခဏပေါင်း များစွာကား ကွာခြားလျက်ပင် ရှိကြပေသည်။

ကမ္မဝဋ်နှင့် ဝိပါကဝဋ်တို့၏ ယင်းသို့လျှင် ကွဲပြားသော သဘာဝရှိခြင်း ကွဲပြားသော ဖြစ်ရာ အချိန်ကာလ ရှိခြင်းကြောင့် –“သော ကရောတိ၊ သော ပဋိသံဝေဒေတိ = ထိုသူသည်ပင် ပြုလုပ်၏၊ ထိုသူသည်ပင် ခံစား၏”–ဤသို့ ပြောဆိုလေ့ ယူဆလေ့ ယုံကြည်လေ့ရှိသော ဝါဒကို ကမ္မဝဋ်နှင့် ဝိပါကဝဋ်တို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားကို သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်လျက် ပုံစံမှန် သိမြင်နေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သမ္မာဒိဋ္ဌိဦးဆောင်သည့် လောကီမဂ္ဂင်တရားတို့က တဒင်္ဂအားဖြင့် ပယ်သတ်နိုင်ပေသည်။

ယင်းသမ္မာဒိဋ္ဌိဉာဏ်ကို ရရှိနေသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် အကြောင်းတရားဖြစ်သည့် ကမ္မဝဋ်ဘက်၌ လည်း အကြောင်းရုပ်နာမ်သင်္ခါရတရားအစုအပုံသာ ရှိသည်ဟု သိနေ၏၊ ယင်းအကြောင်းရုပ်နာမ်အစုအပုံသည်လည်း ဖြစ်ပြီးလျှင် ပျက်နေသည့် အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံမျှသာ ဖြစ်သည်ဟုလည်း သိနေ၏၊ အကျိုးတရားဖြစ်သည့် ဝိပါကဝဋ်ဘက်၌လည်း အကျိုးရုပ်နာမ်သင်္ခါရတရားအစုအပုံသာ ရှိသည်ဟု သိနေ၏၊ ယင်းအကျိုးဝိပါကဝဋ် ရုပ်နာမ်အစုအပုံသည်လည်း ဖြစ်ပြီးလျှင် ပျက်နေသည့် အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံမျှသာ ဖြစ်သည်ဟုလည်း သိနေ၏၊ ယင်းသို့ သိနေသော သမ္မာဒိဋ္ဌိ ဉာဏ်အမြင်နှင့် ပြည့်စုံနေသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းအကြောင်းတရားအစုအပုံ အကျိုးတရားအစုအပုံဟု ခေါ်ဆိုအပ်သော သင်္ခါရတရားအစုအပုံ၌ ဉာဏ်ပညာမျက်စိဖြင့် ရှာဖွေကြည့်လိုက်သောအခါ ပြုလုပ်သူ ခံစားသူ ပုဂ္ဂိုလ် သတ္တဝါ အတ္တကိုကား ရှာမတွေ့တော့ဘဲ အကြောင်းသင်္ခါရတရားအစုအပုံ အကျိုးသင်္ခါရတရားအစုအပုံတို့သည်သာလျှင် အကြောင်းနှင့် အကျိုး ဆက်နွယ်လျက် အနိစ္စအနေအထား ဒုက္ခအနေအထား အနတ္တအနေအထားအားဖြင့် အဆက်မပြတ် အထပ်ထပ် ဖြစ်နေကြသည်ဟု ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်ချက် ချနိုင်ခြင်းသို့ ရောက်ရှိသွားသည်။ ယင်းသို့ ဆုံးဖြတ်ချက်ချနိုင်သည့် သမ္မာဒိဋ္ဌိဉာဏ်အမြင်နှင့် ပြည့်စုံနေသူ၏ သန္တာန်ဝယ် “ထိုသူသည်ပင် ပြုလုပ်၏၊ ထိုသူသည်ပင် ခံစား၏” ဟူသော သဿတဝါဒမျိုးသည် အဘယ်မှာလျှင် ထောက်ရာတည်ရာကို ရရှိနိုင်တော့အံ့နည်း။

ကုသိုလ်ခန္ဓာ အကုသိုလ်ခန္ဓာဟူသော အကြောင်းရုပ်နာမ်အစုအပုံတို့၏ ဖြစ်ခြင်းကို ကာရက = ပြုလုပ်သူဟု ခေါ်ဆို၍ ဝိပါက်ခန္ဓာတည်းဟူသော အကျိုးရုပ်နာမ်အစုအပုံတို့၏ ဖြစ်ခြင်းကို ဝေဒက = ခံစားသူဟု သမုတိ သစ္စာနယ်သုံး ဝေါဟာရဖြင့် ခေါ်ဝေါ်နေခြင်းမျှသာ ဖြစ်သည်ဟု အမှန်သဘောကို ထိုယောဂါဝစရပုဂ္ဂိုလ်သည် သိလျက်သာ ရှိနေပေသည်။[မှတ်စု ၃၉]

တစ်ဖန် အကြင် ရုပ်-နာမ်-ကြောင်း-ကျိုး-သန္တာန်အစဉ်၌ ယင်းကမ္မဝဋ်အမည်ရသော ထိုသင်္ခါရကံသည် ထင်ရှား ဖြစ်ပေါ်လာ၏၊ ထိုရုပ်-နာမ်-ကြောင်း-ကျိုး-သန္တာန်အစဉ်၌ပင်လျှင် ယင်းကမ္မဝဋ် သင်္ခါရကံ၏ အကျိုးဝိပါကဝဋ် တရား၏ ထင်ရှားဖြစ်ပေါ်လာခြင်းကို ယောဂါဝစရပုဂ္ဂိုလ်က ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေခြင်းကြောင့် ယင်းသို့ သိမြင်နေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သမ္မာဒိဋ္ဌိဉာဏ်သည် “အညော ကရောတိ၊ အညော ပဋိသံဝေဒေတိ = အခြားတစ်ယောက်သည် ပြုလုပ်၏၊ အခြားတစ်ယောက်သည် ခံစား၏” – “ပြုလုပ်သူကား တစ်ယောက်၊ ခံစားသူကား တစ်ယောက်၊ ဒီဘဝ ဒီကိုယ်စံ၊ ဟိုဘဝ ဟိုကိုယ်ခံလိမ့်မည်”ဟု ပြောဆိုလေ့ ယုံကြည်လေ့ ယူဆလေ့ရှိသော မိစ္ဆာအယူဝါဒဆိုး ချဉ်ဖတ်အိုးကြီးကို ပယ်နိုင်၏၊

ခန္ဓာနဉ္စ ပဋိပါဋိ၊ ဓာတုအာယတနာန စ။
အဗ္ဘောစ္ဆိန္နံ ဝတ္တမာနာ၊ သံသာရောတိ ပဝုစ္စတိ။

“ခန္ဓာ အာယတန ဓာတ်ဟူသော ရုပ်တရား နာမ်တရားတို့၏ အကြောင်း အကျိုး ဆက်နွယ်လျက် အဆက်မပြတ် အထပ်ထပ် ဖြစ်ပေါ်နေရာ ရုပ်နာမ်သန္တာန်အစဉ်ကို သံသရာဟု ခေါ်ဆိုသည် ဖြစ်ရာ”[မှတ်စု ၄၀] ယောဂါဝစရပုဂ္ဂိုလ်သည် ကမ္မဝဋ်ထင်ရှားဖြစ်ခဲ့ရာ ရုပ်-နာမ်-ကြောင်း-ကျိုး-သန္တာန်အစဉ်၌ပင်လျှင် ယင်းကမ္မဝဋ် အမည်ရသော ကံ၏ အကျိုး ဖြစ်သော ဝိပါကဝဋ် အမည်ရသော ရုပ်နာမ်အစုအပုံ၏ ဖြစ်မှုကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်နေ၏၊ ထိုသို့ သိမြင်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သမ္မာဒိဋ္ဌိဉာဏ်သည် ပြုသူတစ်ယောက် ခံစားသူတစ်ယောက် ဟူသော ဝါဒဆိုးကြီးကို ပယ်စွန့်နိုင်၏ဟု ဆိုလိုသည်။

“မှန်ပေသည် – ပြုပြီးသော ကံ၏ ပျက်စီးသွားခြင်းသည်လည်းကောင်း, မပြုအပ်သေးသောကံ၏ (အကျိုး ဝိပါကဝဋ်ကို ဖြစ်ပေါ်လာစေဖို့ရန်) အသစ် ရှေးရှူဆိုက်ရောက်လာခြင်းသည်လည်းကောင်း မရှိနိုင်ပေ။”[မှတ်စု ၄၁]

ယောဂီသူတော်ကောင်းသည် အတိတ်ဘဝက သာသနာပြုနိုင်သည့် ရဟန်းဘဝကို ဆုတောင်းပန်ထွာလျက် ကုသိုလ်သင်္ခါရကံကို ပြုစုပျိုးထောင်ခဲ့သည် ဖြစ်အံ့၊ ယခုဘဝ၌လည်း သာသနာပြုနိုင်သည့် ရဟန်းဘဝဟူသော ဝိပါက် ခန္ဓာငါးပါးကို ထိုအတိတ်ဘဝကပင် ပြုစုပျိုးထောင်ခဲ့သော ကုသိုလ်သင်္ခါရကံကြောင့်ပင် ရရှိနေသည်ဖြစ်အံ့ ....

၁။ အတိတ်ဘဝက သာသနာပြုနိုင်သည့် ရဟန်းဘဝကို ဆုတောင်းပန်ထွာလျက် ကုသိုလ်သင်္ခါရကံကို ပြုစု ပျိုးထောင်ခဲ့သော ရုပ်နာမ်သန္တာန်အစဉ်နှင့်,

၂။ ယခုဘဝတွင် ရရှိနေသော သာသနာပြုနိုင်သည့် ရဟန်းဘဝတည်းဟူသော ဝိပါကဝဋ် ရုပ်နာမ်သန္တာန်အစဉ် တို့သည် ––

အကြောင်းနှင့် အကျိုးအဖြစ် ဆက်သွယ်လျက် အထပ်ထပ် ဖြစ်ပေါ်နေသော ရုပ်နာမ်သန္တတိအစဉ်သဘော အားဖြင့် တစ်ခုတည်းသာ ဖြစ်၏၊ သို့သော် ယင်းရုပ်နာမ်သန္တတိအစဉ်သည်ကား နိစ္စ သုခ အတ္တ အနေအထားအားဖြင့် ဖြစ်ပေါ်နေသည့် သန္တတိအစဉ်ကား မဟုတ်၊ အနိစ္စ ဒုက္ခ အနတ္တ အနေအထားအားဖြင့်သာ ဖြစ်ပေါ်နေသည့် သန္တတိ အစဉ်သာ ဖြစ်ပေသည်။ ကမ္မဝဋ်ကို ထူထောင်ခဲ့စဉ်က ရုပ်နာမ်တို့သည် ဖြစ်ပြီးလျှင် ပျက်ခဲ့ပြီးကြသည်ကား မှန်၏၊ ဖြစ်ပြီးလျှင် ပျက်ခဲ့ပြီးကြသည့်အတွက် ယင်းကမ္မဝဋ်ကို ထူထောင်ခဲ့စဉ်က ရုပ်နာမ်တို့ကား တစ်မျိုးတခြားသာ ဖြစ်သည်လည်း မှန်၏၊ ယင်းကမ္မဝဋ်ကြောင့် ယခုဘဝတွင် ရရှိလာသော ဝိပါကဝဋ်အမည်ရသည့် ရုပ်နာမ်တို့သည်လည်း အသစ်အသစ် ဆင့်ကာဆင့်ကာ ဖြစ်ပေါ်လာကြသည့် ရုပ်နာမ်တို့သာ ဖြစ်ကြသည်လည်း မှန်၏၊ သို့သော် ရှေးအတိတ် ဘဝက ကမ္မဝဋ်ကို ထူထောင်ခဲ့စဉ်က ရုပ်နာမ်နှင့် ယခုဘဝတွင် ရရှိလာသော ဝိပါကဝဋ် အမည်ရသည့် ရုပ်နာမ်တို့သည် ရှေးနှင့် နောက် = အကြောင်းနှင့် အကျိုးအဖြစ် ဆက်သွယ်လျက် အဆက်မပြတ် ဖြစ်ပေါ်နေသော ရုပ်နာမ်သန္တတိ အစဉ်အတန်းအားဖြင့်ကား တစ်ခုတည်းသာ ဖြစ်ပေသည်။ ယင်းကဲ့သို့သော သဘောတရားကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေသော သမ္မာဒိဋ္ဌိဉာဏ်သည် –– “ပြုသူကား တစ်ယောက်၊ ခံစားသူကား တစ်ယောက်”ဟူသော ဝါဒဆိုးကြီးကို ပယ်ချိုး နှိမ်နင်းနိုင်ပေသည်။

၃။ ဇနပဒနိရုတ္တိ –– လောက၌ ရုပ်နာမ်ပရမတ်သို့ ဉာဏ်အမြင် မဆိုက်ကြသေးသော, ရုပ်နာမ်တို့၏ ကြောင်းကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားကိုလည်း မသိမမြင်ကြသေးသော ပရမတ်ဉာဏ်ပညာ မျက်စိ ကာဏ်းနေသော လူသားအပေါင်းတို့သည် အချင်းချင်း တစ်ဦးကို တစ်ဦးက ယောက်ျား မိန်းမ စသည်ဖြင့် ခေါ်ဝေါ် သုံးစွဲကြ၏၊ ယင်းသို့ ခေါ်ဝေါ်သုံးစွဲမှုကို ဇနပဒနိရုတ္တိဟု ခေါ်ဆိုပေသည်။ အပရိညာတဝတ္ထုက = ပရမတ်သို့ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြား၍ မသိအပ်သေးသော ရုပ်ဝတ္ထု နာမ်ဝတ္ထုရှိသော ပုဂ္ဂိုလ်တို့အား တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲတို့ဖြင့် “ငါ့ဟာ, ငါ, ငါ၏အတ္တ” –– ဟု ‘ ‘ ငါ , သူ တ စ် ပါး , ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ”ဟု မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းသဘောသည် ထင်ရှားရှိနေသည်သာ ဖြစ်၏၊

ရုပ်တရားနာမ်တရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်လျက်ရှိသော စင်ကြယ်သန့်ရှင်းသော သမ္မာဒိဋ္ဌိ အသိဉာဏ်ရှိသော ပညာရှိ သူတော်ကောင်းအဖို့မူကား ..

“ထိုထိုသော အခြင်းအရာအားဖြင့် အချင်းချင်း စွဲမှီ၍ ဖြစ်ပေါ်နေကြကုန်သော ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို အစွဲပြု၍ ––- ငါ, သူတစ်ပါး, ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ – စသည်ဖြင့် ခေါ်ဝေါ်ပညတ်ခြင်းမျှသာ ဖြစ်၏၊ ပရမတ္ထသဘောအားဖြင့်ကား ငါ, သူတစ်ပါး, ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ စသည်ကား ထင်ရှားမရှိ”ဟု ––

ဤသို့သော မှန်ကန်သော သမ္မာဒိဋ္ဌိ အသိဉာဏ် ရှိနေသည် ဖြစ်ရကား တဏှာ မာန ဒိဋ္ဌိတို့ဖြင့် “ငါ့ဟာ, ငါ, ငါ၏အတ္တ” –– “ငါ, သူတစ်ပါး, ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ” .. စသည်ဖြင့် မှားမှားယွင်းယွင်း စွဲမြဲစွာ နှလုံးသွင်းမှုကား ထိုသူတော်ကောင်း၏ သန္တာန်၌ မရှိပေ။

ယင်းသို့ မှားမှားယွင်းယွင်း စွဲမြဲစွာ နှလုံးသွင်းမှု မရှိသော်လည်း ပရမတ်ဉာဏ်အမြင် မရှိသူ လူသားတို့ ခေါ်ဝေါ် သုံးစွဲသည့် ဝေါဟာရပညတ်သို့ အစဉ်လိုက်၍ ––- “ငါ, သူတစ်ပါး, ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ” .. စသည်ဖြင့်သာ ခေါ်ဝေါ်သုံးစွဲလေသည်။ မိမိတို့သန္တာန်ဝယ် ပရမတ်ဉာဏ်အမြင် ရှိသည့်အတိုင်း ––

ပဉ္စက္ခန္ဓေ အာနေတု = ခန္ဓာငါးပါးတို့ကို ခေါ်ဆောင်ခဲ့ကြကုန်လော၊
နာမရူပံ အာဂစ္ဆတု= နာမ်ရုပ်သည် လာစေသတည်း။”

ဤသို့စသည်ဖြင့် မခေါ်ဝေါ် မသုံးစွဲပေ။ ယောက်ျား မိန်းမ စသည်ဖြင့်သာ ခေါ်ဝေါ်သုံးစွဲပေသည်။ ယင်းသို့လျှင် “ခန္ဓာငါးပါးတို့ကို ခေါ်ဆောင်ခဲ့ကြကုန်လော၊ နာမ်ရုပ်သည် လာရောက်စေသတည်း” ––- ဤ သို့ စသည့် မိမိတို့ သန္တာန်ဝယ် ပရမတ်ဉာဏ်အမြင် ရှိသည့်အတိုင်း မခေါ်ဝေါ် မသုံးစွဲဘဲ, ပရမတ်ဉာဏ်အမြင် မရှိသူ လူသားတို့ ခေါ်ဝေါ်သုံးစွဲသည့် ဝေါဟာရပညတ်သို့ အစဉ်လိုက်၍ –– “ငါ, သူတစ်ပါး, ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ” –– စ သ ည်ဖြင့်သာ ခေါ်ဝေါ်သုံးစွဲသော်လည်း ပရမတ်ဉာဏ်အမြင်မရှိသူ လူသားတို့ကဲ့သို့ တဏှာ မာန ဒိဋ္ဌိတို့ဖြင့် ယောက်ျား မိန်းမ စသည်သည် တကယ်ထင်ရှားရှိ၏ဟု မှားမှားယွင်းယွင်း နှလုံးသွင်းမှုကား မရှိပေ။ ယင်းသို့ နှလုံးမသွင်းခြင်းကို ဇနပဒနိရုတ္တိ၌ မှားမှားယွင်းယွင်း နှလုံးမသွင်းခြင်းဟု ခေါ်ဆိုပေသည်။ ရုပ်တရား နာမ်တရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရား၌ သမ္မာဒိဋ္ဌိ ဉာဏ်အမြင်ရှိသူ ပညာရှိ သူတော်ကောင်းတို့ကိုယ်တိုင် ရရှိအပ်သော အကျိုးကျေးဇူးတစ်ရပ်ပင် ဖြစ်ပေသည်။[မှတ်စု ၄၂]

၄။ သမညာယ အနတိဓာဝနံ – ယင်းသို့ ဇနပဒနိရုတ္တိ၌ မှားမှားယွင်းယွင်း နှလုံးသွင်းခြင်း မရှိသော်လည်း လူသားတို့ ခေါ်ဝေါ်သုံးစွဲနေသည့် လောကသုံး အမည်ပညတ်ကိုလည်း ကျော်လွန်၍ မပြေးသွားပေ။

“သတ္တဝါ”ဟု လောကလူအများက ခေါ်ဝေါ်သုံးစွဲရာ၌ ––- “ဤအရာ၌ သတ္တဝါဟူသည် အဘယ်သူနည်း၊ ရုပ်တရားလော, သို့မဟုတ် ဝေဒနာစသည်တို့လော” ––- ဟု ပရမတ်ဉာဏ်မျက်စိအမြင်ဖြင့် ခွဲခြားဝေဖန်ခြင်းကို မပြုမူ၍ “ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ”– စသည့် လောကသုံး အမည်နာမပညတ်၏ အစွမ်းဖြင့်သာလျှင် ပရမတ် ဉာဏ်အမြင် မရှိသူ လူသားတို့ ခေါ်ဝေါ်သုံးစွဲသကဲ့သို့ပင်လျှင် လောကလူအများက လက်ခံထားသော အနက်ဒြပ်ကို လောကလူများစု ခေါ်ဝေါ်သုံးစွဲသည့်အတိုင်း (ကျောင်းအမကြီး ဝိသာခါ, ကျောင်းဒါယကာကြီး အနာထပိဏ် စသည်ဖြင့်) လောကသုံး အမည်နာမပညတ်ကို မကျော်လွန်သည်ဖြစ်၍ ခေါ်ဝေါ်သုံးစွဲပေသည်။[မှတ်စု ၄၃]

ပရမတ်ဉာဏ်မျက်စိ မရှိသူ လူများစုက ခန္ဓာငါးပါးကို ယောက်ျားဟု ခေါ်ဝေါ်သုံးစွဲလျှင် ပဋိစ္စသမုပ္ပါဒ် သဘောတရား၌ သမ္မာဒိဋ္ဌိ ဉာဏ်အမြင်ရှိသူ ပညာရှိသူတော်ကောင်းတို့ကလည်း ယောက်ျားဟုပင် ခေါ်ဝေါ်သုံးစွဲကြ ပေသည်။ လောကလူအများစုက ခန္ဓာငါးပါးကို မိန်းမဟု ခေါ်ဝေါ်သုံးစွဲလျှင် ပဋိစ္စသမုပ္ပါဒ်သဘောတရား၌ သမ္မာဒိဋ္ဌိ ဉာဏ်အမြင်ရှိသူ ပညာရှိ သူတော်ကောင်းတို့ကလည်း မိန်းမဟုပင် ခေါ်ဝေါ်သုံးစွဲကြပေသည်။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။ ဤသို့ ခေါ်ဝေါ်သုံးစွဲခြင်းသည် လောကသမ္မုတိသစ္စာ = လောကသမ္မုတိပညတ်ကို မကျော်လွန် မပြေးသွားခြင်းပင် ဖြစ်သည်။

ဤသည်ကား .. ရုပ်တရား နာမ်တရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သော ယောဂါဝစရပုဂ္ဂိုလ်သည် ––

၁။ မဇ္ဈိမပဋိပဒါလမ်းပေါ်သို့ ရောက်ရှိနေခြင်း,
၂။ ထိုသူသည်ပင် ပြု၏၊ ထိုသူသည်ပင် ခံစား၏၊ ပြုသူ တခြား, ခံစားသူ တခြားဟူသော ဝါဒဆိုးကို ပယ်နိုင်ခြင်း,
၃။ ဇနပဒနိရုတ္တိဟူသော လောကသုံး ဝေါဟာရကို မှားမှားယွင်းယွင်း နှလုံးမသွင်းခြင်း,
၄။ လောကသမ္မုတိသစ္စာကို မကျော်လွန်ခြင်း ––
ဤအကျိုးတရား (၄)မျိုးကို ရရှိနိုင်ပုံတည်း။[မှတ်စု ၄၄]

အပိုင်း (၂) ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂) ရပ်

ပဋိစ္စသမုပ္ပါဒ် ပထမနည်းဟု အမည်တပ်ထားသော အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မြတ်၌ ကြိုတင် သိထားသင့်သော အကြောင်းအရာ အချို့မှာ – အင်္ဂါ (၁၂)ရပ်, အဓွန့်ကာလ (၃)ပါး, အစပ် (၃)ပါး, အလွှာ (၄)ပါး, ခြင်းရာ (၂၀)တို့ ဖြစ်ကြ၏၊ အင်္ဂါ (၁၂)ရပ်မှာ ဤသို့ဖြစ်၏ –

(၁) အဝိဇ္ဇာ
( ၂ ) သင်္ခါရ
( ၃ ) ဝိညာဏ်
( ၄ ) နာမ်ရုပ်
(၅) သဠာယတန
( ၆ ) ဖဿ
( ၇ ) ဝေဒနာ
( ၈ ) တဏှာ
(၉) ဥပါဒါန်
(၁၀) ဘဝ
(၁၁) ဇာတိ
(၁၂) ဇရာမရဏ ဟု - အင်္ဂါ (၁၂)ရပ် ရှိပေသည်။[မှတ်စု ၄၅]

  1. ပဋိစ္စသမုပ္ပါဒေါတိ ပစ္စယဓမ္မာ ဝေဒိတဗ္ဗာ။ ပဋိစ္စသမုပ္ပန္နာ ဓမ္မာတိ တေဟိ တေဟိ ပစ္စယေဟိ နိဗ္ဗတ္တဓမ္မာ။ (ဝိသုဒ္ဓိ၊၂၊၁၄၈၊၊)
    တထာ ပဋိစ္စသမုပ္ပါဒေါ ဣစ္စေဝ ဖလဝေါဟာရေန ဝုတ္တောတိ ဝေဒိတဗ္ဗော။ (ဝိသုဒ္ဓိ၊၂၊၁၅၂။)
  2. (အဘိ၊ဋ္ဌ၊၂၊၁၄၀။ ဝိသုဒ္ဓိ၊၂၊၁၇၃-၁၇၄။) ၇၂၆
  3. (အဘိ၊ဋ္ဌ၊၂၊၁၄၀။ ဝိသုဒ္ဓိ၊၂၊၁၇၄။)
  4. (သံ၊၁၊၃၁၁။)
  5. (မ၊၁၊၆၈။)
  6. (အဘိ၊ဋ္ဌ၊၂၊၁၄၀။ ဝိသုဒ္ဓိ၊၂၊၁၇၄။)
  7. (ဝိသုဒ္ဓိ၊၂၊၁၅၁-၁၅၂။)
  8. [သမုပ္ပါဒကို- သံ+ဥပ္ပါဒ-ဟု ပုဒ်ဖြတ်ပါ။ သံ-သဒ္ဒါသည် သဟ = အတူတစ်ကွ တစ်ပေါင်းတစ်စုတည်းဟူသော အနက်ကို ဟော၏၊ ဥပ္ပါဒ- သဒ္ဒါသည် ဖြစ်ခြင်းဟူသော အနက်ကို ဟော၏၊ ထိုကြောင့်- သဟ+ဥပ္ပါဒ = သမုပ္ပါဒ = သဟ ဥပ္ပဇ္ဇတီတိ သမုပ္ပါဒေါ = အတူတစ်ကွ တစ်ပေါင်းတစ်စုတည်း ဖြစ်သောကြောင့် သမုပ္ပါဒ မည်၏-ဟု ဆိုလိုသည်။““]
  9. [ဤနည်း၌---- သမ္မာ+ဥပ္ပါဒ = သမုပ္ပါဒ = သမ္မာ ဥပ္ပဇ္ဇတီတိ သမုပ္ပါဒေါ- ဟု ပြုပါ = သင့်သောအကြောင်းအားဖြင့် အတူတကွ တစ်ပေါင်းတစ်စုတည်း ဖြစ်ပေါ်လာသောတရားဟု ဆိုလိုသည်။““]
  10. (ဝိသုဒ္ဓိ၊၂၊၁၅၁-၁၅၂။)
  11. အပိစ သဟ ဥပ္ပဇ္ဇတီတိ သမုပ္ပါဒေါ၊ ပစ္စယသာမဂ္ဂိံ ပန ပဋိစ္စ အပ္ပစ္စက္ခာယာတိ ဧဝမ္ပိ ပဋိစ္စသမုပ္ပါဒေါ။ (ဝိသုဒ္ဓိ၊၂၊၁၅၂ )
    သဟ ဥပ္ပဇ္ဇတီတိ ဧကဇ္ဈံ ဥပ္ပဇ္ဇတိ အန္တမသော အဋ္ဌန္နံ ဓမ္မာနံ ဥပ္ပဇ္ဇနတော။ (မဟာဋီ၊၂၊၂၃၄။)
  12. (ဝိသုဒ္ဓိ၊၂၊၁၅၁-၁၅၂။)
  13. (ဝိသုဒ္ဓိ၊၂၊၁၅၂။)
  14. (မဟာဋီ၊၂၊၂၃၄။)
  15. (သမုပ္ပါဒ၌ သံ+ဥပ္ပါဒ- ဟု ပုဒ်ခွဲပါ။ သံ- သဒ္ဒါသည် သဟ = အတူတကွ- အနက်ဟောဟု ဆိုလိုသည်။)
  16. (ဤနည်း၌လည်း- ပဋိစ္စော စ သော သမုပ္ပါဒေါ စာတိ ပဋိစ္စသမုပ္ပါဒေါ- ဟုပင် ပြုပါ။)
  17. (မဟာဋီ၊၂၊၂၃၄။)
  18. (ဝိသုဒ္ဓိ၊၂၊၁၅၂။ မဟာဋီ၊၂၊၂၃၄-၂၃၅။)
  19. အဝိဇ္ဇာဒိသီသေန နိဒ္ဒိဋ္ဌပစ္စယေသု ဟိ ယေ ပစ္စယာ ယံ သင်္ခါရာဒိကံ ဓမ္မံ ဥပ္ပါဒေန္တိ၊ န တေ အညမညံ အပဋိစ္စ အညမညဝေကလ္လေ သတိ ဥပ္ပါဒေတုံ သမတ္ထာတိ။ တသ္မာ ပဋိစ္စ သမံ သဟ စ န ဧကေကဒေသံ၊ နာပိ ပုဗ္ဗာပရဘာဝေန အယံ ပစ္စယတာ ဓမ္မေ ဥပ္ပါဒေတီတိ အတ္ထာနုသာရဝေါဟာရကုသလေန မုနိနာ ဧဝမိဓ ဘာသိတာ၊ ပဋိစ္စသမုပ္ပါဒေါတွေဝ ဘာသိတာတိ အတ္ထော။ (ဝိသုဒ္ဓိ၊၂၊၁၅၂။)
  20. ပဋိစ္စာတိ နိဿာယ သဟကာရီကာရဏံ လဒ္ဓါ။ သမန္တိ အဝိသမံ အဝေကလ္လေန။ သဟာတိ ဧကဇ္ဈံ။ ဓမ္မေတိ အတ္တနော ပစ္စယုပ္ပန္နဓမ္မေ။ ပ။ ဧကေကဒေသန္တိ ဖလသမုဒါယဿ ဧကဒေသေကဒေသံ၊ ဘာဂသောတိ အတ္ထော။ ပုဗ္ဗာပရဘာဝေနာတိ ပဋိပါဋိယာ။ သဗ္ဗမေတံ ရူပါရူပကလာပုပ္ပါဒနံ သန္ဓာယ ဝုတ္တံ။ (မဟာဋီ၊၂၊၂၃၅။)
  21. ပဋိစ္စာတိ နိဿာယ သဟကာရီကာရဏံ လဒ္ဓါ။ သမန္တိ အဝိသမံ အဝေကလ္လေန။ သဟာတိ ဧကဇ္ဈံ။ ဓမ္မေတိ အတ္တနော ပစ္စယုပ္ပန္နဓမ္မေ။ ပ။ ဧကေကဒေသန္တိ ဖလသမုဒါယဿ ဧကဒေသေကဒေသံ၊ ဘာဂသောတိ အတ္ထော။ ပုဗ္ဗာပရဘာဝေနာတိ ပဋိပါဋိယာ။ သဗ္ဗမေတံ ရူပါရူပကလာပုပ္ပါဒနံ သန္ဓာယ ဝုတ္တံ။ (မဟာဋီ၊၂၊၂၃၅။)
  22. (ဝိသုဒ္ဓိ၊၂၊၁၅၂။ မဟာဋီ၊၂၊၂၃၄-၂၃၅။) ၈၁၅
  23. (ဝိသုဒ္ဓိ၊၂၊၁၅၃။ မဟာဋီ၊၂၊၂၃၅။)
  24. (ဒီ၊၁၊၁၂။)
  25. (ဒီ၊၁၊၅၀။)
  26. (မဟာဋီ၊၂၊၂၃၅။)
  27. (အနုဋီ၊၃၊၆၅။)
  28. (မဟာဋီ၊၂၊၂၃၅။)
  29. (ဝိသုဒ္ဓိ၊၂၊၁၅၃။)
  30. တတ္ထ ကမ္မံ ပဋိဗာဟန္တေနာပိ ဝိပါကော ပဋိဗာဟိတော ဟောတိ၊ ဝိပါကံ ပဋိဗာဟန္တေနာပိ ကမ္မံ ပဋိဗာဟိတံ ဟောတိ။ ဣတိ သဗ္ဗေပေတေ အတ္ထတော ဥဘယပ္ပဋိဗာဟကာ အဟေတုကဝါဒါ စေဝ အကိရိယဝါဒါ စ နတ္ထိကဝါဒါ စ ဟောန္တိ။ (ဒီ၊ဋ္ဌ၊၁၊၁၅၀။)
  31. (ဝိသုဒ္ဓိ၊၂၊၁၅၃။)
  32. (မ၊၁၊၈၂။)
  33. (မ၊၁၊၈၈။)
  34. (အံ၊၁၊၁၇၈။)
  35. (မ၊၁၊၈၈။)
  36. (မ၊၁၊၈၉။)
  37. (မဟာဋီ၊၂၊၂၃၆။) ၇၉၇
  38. (အဘိ၊ဋ္ဌ၊၃၊၃၇၄။) ၇၁၆
  39. (မဟာဋီ၊၂၊၂၃၆။)
  40. (အဘိ၊ဋ္ဌ၊၂၊၁၄၂။)
  41. န ဟိ ကတဿ ဝိနာသော၊ အကတဿ ဝါ အဗ္ဘာဂမော အတ္ထိ။ (မဟာဋီ၊၂၊၂၃၆။)
    အကျိုးမပေးရသေးဘဲ ပျက်စီးမသွားနိုင်သည့် ဒိဋ္ဌဓမ္မဝေဒနီယကံနှင့် ဥပပဇ္ဇဝေဒနီယကံကိုလည်းကောင်း, ပရိနိဗ္ဗာန်စံသည့် တိုင်အောင် မပျက်စီးဘဲ အကျိုးပေးနိုင်ခွင့် သဘောရှိသော အပရာပရိယဝေဒနီယကံကိုလည်းကောင်း ရည်ညွှန်းထားသည်ဟု မှတ်ပါ။
  42. (မဟာဋီ၊၂၊၂၃၆။ ကြည့်ပါ။)
  43. “သတ္တော”တိ ဟိ ဝုတ္တေ “ကော ဧတ္ထ သတ္တော၊ ကိံ ရူပံ၊ ဥဒါဟု ဝေဒနာဒယော”တိ ဝိဘာဂံ အကတွာ လောကသမညာဝသေနေဝ လောကိယေဟိ ဝိယ လောကိယော အတ္ထော သမညံ အဝိလင်္ဃန္တေန ဝေါဟရိတဗ္ဗော။ (မဟာဋီ၊၂၊၂၃၆။)
  44. (ဝိသုဒ္ဓိ၊၂၊၁၅၃။ မဟာဋီ၊၂၊၂၃၅။ ကြည့်ပါ။)
  45. မှတ်ချက်---- အဓွန့်ကာလ (၃)ပါး, အစပ် (၃)ပါး, အလွှာ (၄)ပါး, ခြင်းရာ (၂၀)တို့ကို သဘောတရားရေးရာအပိုင်း၊ စာမျက်နှာ (၂၉-၃၀)တို့၌ ပြန်ကြည့်ပါ။