နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း၌ အချုပ်မှတ်သားရန်

ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း၌ အချုပ်မှတ်သားရန်

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်[မှတ်စု ၁]၌ ညွှန်ကြားထားတော်မူသည့်အတိုင်း ဤပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းကို စတင် အားသစ် လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးကမ္မဘဝကို ပြုစုပျိုးထောင်ခဲ့စဉ် အတိတ်ဘဝက ဖြစ်ခဲ့သော အဝိဇ္ဇာ-တဏှာဥပါဒါန်တို့ ခြံရံထားသည့် သင်္ခါရ-ကံကြောင့် လက်ရှိပစ္စုပ္ပန်ဘဝ ပဋိသန္ဓေ ခန္ဓာငါးပါးစသော ဝိပါက်ခန္ဓာတို့၏ ဖြစ်ပေါ်လာပုံကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် စတင်ကာ အားသစ်ရတော့မည် ဖြစ်၏၊ ထိုသို့ အားသစ်ရာ၌ အဝိဇ္ဇာ-တဏှာ-ဥပါဒါန် စသည်တို့၏ အဓိပ္ပါယ်ကို ရှေးသဘောတရားရေးရာ အပိုင်း[မှတ်စု ၂]တွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ပေသည်။ ဤတွင် သင်္ခါရနှင့် ကမ္မဘဝ (= ကံ) ကို ခွဲခြားသတ်မှတ်ပုံကို ဒါနကုသိုလ်ကံတစ်ခုကို စံထား၍ ရှင်းလင်းတင်ပြအပ်ပါသည်။

သင်္ခါရနှင့် ကမ္မဘဝ = ကံ

ဤပဋိစ္စသမုပ္ပါဒ်ပိုင်း ပဉ္စမနည်းတွင် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းသည့် အပိုင်း၌ကား အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံ၍ ပြုစုပျိုးထောင်ထားသော သင်္ခါရ၏ စွမ်းအင်ကမ္မသတ္တိတည်းဟူသော နာနာက္ခဏိက ကမ္မသတ္တိကြောင့် ဝိပါက်နာမ်တရားနှင့် ကမ္မဇရုပ်တရားတို့ ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရ၏၊ သို့သော် ဝိပဿနာရှုရာ၌ကား ယင်းကမ္မသတ္တိကို လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာ မရှုကောင်းသဖြင့် ဝိပဿနာ ရှု၍ရကောင်းသော သင်္ခါရနှင့် ကမ္မဘဝ (= ကံ) – အထူးကိုလည်း မှတ်သားထားသင့်၏၊

၁။ အာယူဟနာ သင်္ခါရာ––- တို့ဟူသည် ထိုကံကို ပြုစုပျိုးထောင်စဉ် ကံအထမမြောက်မီ ဖြစ်ပေါ်သွားကြကုန်သော ပုရိမစေတနာ = ပုဗ္ဗစေတနာ = ရှေ့အဖို့၌ ဖြစ်ကုန်သော စေတနာတို့တည်း။ ဥပမာ ––- အလှူဒါနကို ပေးလှူအံ့ဟု စိတ်ကို ဖြစ်စေ၍ တစ်လပတ်လုံးသော်လည်းကောင်း, တစ်နှစ်ပတ်လုံးသော်လည်းကောင်း ဒါန၏ အဆောက်အဦ ဖြစ်ကုန်သော လှူဖွယ်ဝတ္ထု စသည်တို့ကို ပြုစီမံနေသောပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်သွားကြကုန်သော ပုရိမ-စေတနာ = ပုဗ္ဗ-စေတနာတို့တည်း။ ပေးလှူနေဆဲအခါတွင် အလှူခံပုဂ္ဂိုလ်တို့၏ လက်၌ မြတ်သော လှူဖွယ်ဝတ္ထုကို တည်စေသော ပတိဋ္ဌာပက-စေတနာကို ကမ္မဘဝဟူ၍ ခေါ်ဆို၏၊

၂။ တစ်နည်း ထိုထိုကောင်းမှု သို့မဟုတ် မကောင်းမှုကို ပြုစုပျိုးထောင်ရာ၌ ကုသိုလ်ဇောဝီထိ သို့မဟုတ် အကုသိုလ်ဇောဝီထိတို့ကား များစွာ စောလျက် ရှိကြ၏၊ ဇောဝီထိတိုင်း၌ အာဝဇ္ဇန်း တစ်မျိုးစီ ပါဝင်လျက် ရှိ၏၊ အာဝဇ္ဇန်း တစ်မျိုးစီ ပါဝင်သော ယင်းဇောဝီထိတို့၌ ဇော (၇)ကြိမ်တို့အနက် ရှေ့ဇော (၆)ကြိမ်နှင့် ယှဉ်သော စေတနာသည် သင်္ခါရ မည်၏၊ သတ္တမဇောနှင့် ယှဉ်သော စေတနာသည် ကမ္မဘဝ မည်၏၊

၃။ တစ်နည်း – ထိုဇောအသီးအသီးဟူသော ဇောစိတ္တက္ခဏတိုင်း ဇောစိတ္တက္ခဏတိုင်း၌ ယှဉ်လျက်ရှိသော ကုသိုလ်စေတနာ သို့မဟုတ် အကုသိုလ်စေတနာနှင့် ယှဉ်သော စိတ်စေတသိက် သမ္ပယုတ်တရားဟူသမျှသည် သင်္ခါရ မည်၏၊ ကုသိုလ်စေတနာ သို့မဟုတ် အကုသိုလ်စေတနာ မှန်သမျှသည် ကမ္မဘဝ မည်၏၊[မှတ်စု ၃]

ဤခွဲထားသတ်မှတ်ချက်များအတိုင်း – အဝိဇ္ဇာ တဏှာ ဥပါဒါန် ဦးဆောင်သည့် မနောဒွါရဝီထိနာမ်တရားစု, သင်္ခါရ-ကံဟူသော မနောဒွါရဝီထိနာမ်တရားစုတို့ကို ဝီထိစိတ္တက္ခဏတိုင်း၌ ပရမတ္ထဓာတ်သားများကို ကုန်စင်အောင် ဝိပဿနာရှုနိုင်ပါက သင်္ခါရနှင့် ကမ္မဘဝ နှစ်မျိုးလုံးကိုပင် ဝိပဿနာရှုပြီး ဖြစ်ပေသည်။ ထိုကြောင့် ဤခွဲထား သတ်မှတ်ချက်များအတိုင်း သင်္ခါရနှင့် ကမ္မဘဝ = ကံတို့ကို လက္ခဏာယာဉ်တင်၍ ဝိပဿနာရှုပါ။ နာနာက္ခဏိက ကမ္မသတ္တိဟူသော ကမ္မပစ္စည်းပိုင်း၌ လာရှိသော ကံ၏စွမ်းအင်သတ္တိကိုကား ဝိပဿနာ မရှုကောင်းဟု မှတ်ပါ။ ယင်းကမ္မသတ္တိ၏ မြစ်ဖျားခံရာ အထက်ပါ သင်္ခါရနှင့် ကမ္မဘဝကိုသာ ဝိပဿနာရှုကောင်းသည်ဟု မှတ်သားပါလေ။

ကမ္မပစ္စည်း၏ စွမ်းအင်

ယောဂါဝစရပုဂ္ဂိုလ်သည် ပစ္စုပ္ပန် ဝိပါက်ခန္ဓာတို့၏ အကြောင်းတရား ငါးပါးတို့တွင် ကံကို ပဓာနထား၍ စဉ်းစားကြည့်ပါ။ ယင်းကံကို အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့က ခြံရံထားအပ်သည်ကိုလည်း သတိပြုပါ။ ဘုရားရှင်သည် ကမ္မပစ္စည်းပိုင်း[မှတ်စု ၄]၌ ကံနှင့်ပတ်သက်၍ ဤသို့ ဟောကြားထားတော်မူ၏ ..။

“ကုသိုလ်ကံ အကုသိုလ်ကံသည် အကျိုးဝိပါက်ခန္ဓာတို့အားလည်းကောင်း, ကံကို ပြုအပ်ပြီးသည်၏ အဖြစ်ကြောင့် ဖြစ်ပေါ်လာကြကုန်သော ကမ္မဇရုပ်တို့အားလည်းကောင်း ကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊”[မှတ်စု ၅]

ကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ဟူသည် ဤသို့တည်း ..။ “တစ်ကမ္ဘာမက များပြားလှစွာကုန်သော ကမ္ဘာကုဋေတို့၏သော်လည်း အထက်၌ ပြုစုပျိုးထောင်ခဲ့သော ကံသည် မိမိ၏ အကျိုးကို ဖြစ်စေခြင်းငှာ စွမ်းနိုင်သော နာနာက္ခဏိကကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြုတတ်၏ဟု ဆိုလို၏၊ (နာနာက္ခဏိကကမ္မ - ဟူသည် အကြောင်းကံနှင့် အကျိုးဝိပါက်တို့၏ ဖြစ်သည့် ခဏချင်း မတူကွဲပြားမှု ရှိသည့် အကြောင်းပစ္စည်းတရားဟု ဆိုလိုသည်။) အကျယ်မှာ ဤသို့ဖြစ်၏၊ ကုသိုလ်ကံ အကုသိုလ်ကံသည် မိမိ၏ ဖြစ်ဆဲခဏ၌ အကျိုးကို မပေးနိုင် = မဖြစ်စေနိုင်။ ကုသိုလ်ကံ အကုသိုလ်ကံသည် မိမိ၏ ဖြစ်ဆဲခဏ၌ပင် အကယ်၍ အကျိုးကို ပေးနိုင်သည် ဖြစ်ငြားအံ့ = အကျိုးကို ဖြစ်စေနိုင်သည် ဖြစ်ငြားအံ့၊ ဤသို့ အကျိုးကို ပေးနိုင်ခဲ့သော် ဖြစ်စေနိုင်ခဲ့သော် လူသားတစ်ဦးသည် နတ်ပြည်သို့ ကပ်ရောက်ကြောင်း ဖြစ်သော အကြင်ကုသိုလ်ကံကို ပြုစုပျိုးထောင်၏၊ ထိုကံကို ပြုစုပျိုးထောင်ဆဲခဏ၌ပင် နတ်သားဖြစ်လေရာ၏၊ (သို့သော် ဖြစ်ကား မဖြစ်ခဲ့ပေ။) အလျော်အားဖြင့် ဆိုရမူ အကြင်ခဏ၌ ထိုကံကို ပြုစုပျိုးထောင်၏၊ ထိုကံကို ပြုစုပျိုးထောင်ရာ ခဏမှ အခြားတစ်ပါးသော ခဏ၌ ယင်းကံသည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိပါသော်လည်း ပြုအပ်သော ကံနှင့် မဖက် သက်သက် ကံကို ပြုအပ်ပြီးသည်၏ အဖြစ်ကြောင့်သာလျှင် ယင်းကံသည် ဒိဋ္ဌဓမ္မဝေဒနီယကံ ဖြစ်လျှင် မျက်မှောက်ထင်ထင် ရှုမြင်အပ်သော ပစ္စုပ္ပန်ဘဝ၌သော်လည်းကောင်း၊ ဥပပဇ္ဇဝေဒနီယကံ ဖြစ်လျှင် ကပ်၍ဖြစ်ရာ ဒုတိယဘဝ၌သော်လည်းကောင်း၊ အပရာပရိယဝေဒနီယကံ ဖြစ်လျှင် တတိယဘဝမှစ၍ အဆက်ဆက် ရောက်ထိုက် သော ဘဝ၌သော်လည်းကောင်း (ကုသိုလ်ကံဖြစ်မူ .. ၁-လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်ကဲ့သို့သော ကောင်းသော ဂတိနှင့် ပြည့်စုံခြင်း = ဂတိသမ္ပတ္တိ၊ ၂-အင်္ဂါခြေလက် မချို့တဲ့ခြင်း, တင့်တယ်သော ရုပ်အဆင်းနှင့် ပြည့်စုံခြင်း = ဥပဓိသမ္ပတ္တိ၊ ၃-ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူရာ, စကြဝတေးမင်းတို့ ပေါ်ထွန်းရာ, မင်းကောင်းမင်းမြတ်တို့ စိုးမိုးအုပ်ချုပ်ရာ ခေတ်ကောင်း အခါကောင်းနှင့် ပြည့်စုံခြင်း = ကာလသမ္ပတ္တိ၊ ၄-ကုသိုလ်တရားတို့ကိုသာ လုံ့လကြိုးကုတ် အားထုတ်ခြင်း = ပယောဂသမ္ပတ္တိ၊ အကုသိုလ်ကံဖြစ်မူ ..၁-အပါယ်လေးဘုံတည်းဟူသော ပျက်စီးရာ ဂတိတစ်ခုခုသို့ ရောက်ရှိနေခြင်း = ဂတိဝိပတ္တိ၊ ၂-ခြေလက်အင်္ဂါ ချို့တဲ့ခြင်း = ဥပဓိဝိပတ္တိ၊ ၃-မသူတော်တို့ ထွန်းကားရာ မသူတော်တို့ စိုးမိုးအုပ်ချုပ်ရာ ပျက်စီးသော ကာလဆိုးနှင့် ကြုံကြိုက်ခြင်း = ကာလဝိပတ္တိ၊ ၄-အကုသိုလ် ဒုစရိုက်တို့ကို လုံ့လကြိုးကုတ် အားထုတ်ခြင်းဟူသော လုံ့လပယောဂ၏ ပျက်စီးခြင်း = ပယောဂဝိပတ္တိဟူသော) ကြွင်းသော အကြောင်းတို့နှင့် ပေါင်းဆုံခြင်းသည် ထင်ရှားရှိလတ်သော် အကျိုးတရားကို ဖြစ်စေနိုင်၏၊

ရှေးရှေးသင်ယူအပ်သော အတတ်သင်ယူမှုသည် နောက်နောက် အတတ်သင်ယူမှုအား အခြေခံအဖြစ်ဖြင့် ကျေးဇူးပြုရာ၌ ကာလအချိန် မတူဘဲ ကာလတစ်ပါးသို့ ရောက်ရှိပါမှ ကျေးဇူးပြုသကဲ့သို့ (= လေ့ကျက်ပါများက ကျွမ်းကျင်လာသကဲ့သို့) ကံဟူသော စေတနာသည်လည်း ကံကို ပြုစုပျိုးထောင်စဉ်ခဏ၌ ကျေးဇူးမပြု အကျိုးကို မဖြစ်စေနိုင်၊ နောက်နောက် ခဏရောက်မှ ကျေးဇူးပြု၏၊ အကျိုးကို ဖြစ်စေ၏၊ ထို့ကြောင့် နာနာက္ခဏိက-ကမ္မ = အကျိုးပေးရာခဏမှ အသီးအသီး ဖြစ်သော မတူထူးခြား ကွဲပြားသော ခဏ၌ ဖြစ်ခဲ့သော စေတနာဟု ဆိုရ၏၊”[မှတ်စု ၆]

လွန်ခဲ့သော အတိတ်ဘဝကသော်လည်းကောင်း, ကမ္ဘာကုဋေပေါင်း များစွာကသော်လည်းကောင်း ပြုစုပျိုးထောင် ခဲ့သော, ယခုအကျိုးပေးဆဲခဏတွင် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိတော့သော သက်သက် ပြုစုပျိုးထောင် ခဲ့ပြီးမျှသာ ဖြစ်သော ယင်းစေတနာ၏ အကျိုးကို ဖြစ်စေနိုင်သော စွမ်းအင်သတ္တိကို ကမ္မသတ္တိဟု ခေါ်ဆို၏၊ ယင်းကမ္မသတ္တိ = ကံကိုပင် ပဓာနထား၍ ယောဂါဝစရပုဂ္ဂိုလ်သည် ဤအရာ၌ ဝေဖန် ဆန်းစစ်ပါ။ ပစ္စုပ္ပန်ကံကပင် ကံကို ထူထောင်ဆဲခဏ၌ ချက်ချင်း အကျိုးပေးနိုင်သည် ဖြစ်အံ့၊ အထက်တွင် အဋ္ဌကထာက ဖွင့်ဆိုထားသည့်အတိုင်း လူသားတစ်ဦးသည် နတ်သားဖြစ်ထိုက်သော ကုသိုလ်ကံကို ထူထောင်လျှင် ကံကို ထူထောင်ဆဲခဏမှာပင် နတ်သား ဖြစ်လေရာ၏၊ သို့သော် ဖြစ်ကား မဖြစ်ခဲ့ပေ။ အလားတူပင် လူသားတစ်ဦးသည် အိုမင်းမစွမ်း အရွယ်သို့ (သို့မဟုတ်) ကြီးရင့်သော အရွယ်သို့ ရောက်ရှိသောအခါ (၁၆)နှစ်သားနှင့် (၁၆)နှစ်သမီး ဖြစ်ထိုက်သော ကံကို ထူထောင်လိုက်လျှင် ချက်ချင်း (၁၆)နှစ်အရွယ် ဖြစ်လေရာ၏၊ သို့သော် ဖြစ်ကား မဖြစ်ပေ။ အကယ်၍ ဖြစ်ခဲ့လျှင် လောက၌ လူအို လူနာ လူသေဟူသည် မရှိနိုင်တော့ပြီ။ အဘယ်ကြောင့်နည်း၊ ကောင်းမှုကုသိုလ်ပြု၍ မအိုရအောင် မနာရအောင် မသေရအောင် ဆုတောင်းပန်ထွာကြတော့မည်သာ ဖြစ်၏၊ အကျည်းတန် အရုပ်ဆိုးသူလည်း လောက၌ ရှိနိုင်တော့မည် မဟုတ်ပေ။ ကောင်းမှုကုသိုလ်ပြုကာ ပဘာဝတီ ဥမ္မာဒန္တီတို့ကဲ့သို့ အလှတွင် အယဉ်ဆင့်သူတွေ ဖြစ်အောင် ဆုတောင်း ပန်ထွာကြတော့မည်သာ ဖြစ်၏၊ မျက်မှောက်ဘဝ၌ အကျိုးပေးနိုင်သော စွမ်းအားရှိသော ဒိဋ္ဌဓမ္မဝေဒနီယကံသည်ပင် ကံကိုထူထောင်စဉ် ခဏနှင့် အကျိုးပေးရာ ခဏတို့သည် အချိန်အနည်းငယ်သော်လည်း ကွာဟချက် ရှိနေပေသေးသည်။ အခြားသော ကံတို့၌ကား ဆိုဖွယ်ရာပင် မရှိဖြစ်တော့၏၊

ထို့ကြောင့် အတိတ်အကြောင်းတရား ငါးပါးတို့တွင် ကံကို ပဓာနထား၍ ယောဂါဝစရပုဂ္ဂိုလ်သည် စဉ်းစား တတ်ပါက အတိတ်က ပြုစုပျိုးထောင်ခဲ့သော သမုဒယသစ္စာကြောင့်သာ ဤဘဝတွင် ဒုက္ခသစ္စာတရားများ ထင်ရှားစွာ ဖြစ်ပွားလာရသည်ကို သဘောကျ လက်ခံနိုင်ဖွယ်ရာ ရှိပေလိမ့်မည်။ အကယ်၍ အတိတ်က ဖြည့်ကျင့်ဆည်းပူးခဲ့သော ပြုစုပျိုးထောင်ခဲ့သော သမုဒယသစ္စာ အမည်ရသည့် ကံကြောင့် ဤပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေ ခန္ဓာငါးပါး အစရှိသော ဒုက္ခသစ္စာတရား ထင်ရှားဖြစ်မှုကို ယောဂါဝစရပုဂ္ဂိုလ်သည် လက်မခံနိုင်သည် ဖြစ်ငြားအံ့၊ သမ္မာသမ္ဗောဓိ အလောင်းလျာ ကြီးများအဖို့ သမ္မာသမ္ဗောဓိ ဉာဏ်တော်မြတ်ကြီးကို ရရှိရန်အတွက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံး သော်လည်းကောင်း၊ ပစ္စေကဗောဓိ အလောင်းလျာကြီးများအဖို့ ပစ္စေကဗောဓိ ဉာဏ်တော်မြတ်ကြီးကို ရရှိရန်အတွက် နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံးသော်လည်းကောင်း၊ အဂ္ဂသာဝကဗောဓိ အလောင်းလျာကြီးများအဖို့ အဂ္ဂသာဝကဗောဓိ ဉာဏ်တော်မြတ်ကြီးကို ရရှိရန်အတွက် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံးသော်လည်း ကောင်း၊ မဟာသာဝကဗောဓိအလောင်းလျာကြီးများအဖို့ မဟာသာဝကဗောဓိဉာဏ်တော်မြတ်ကြီးကို ရရှိရန်အတွက် ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံးသော်လည်းကောင်း ပါရမီအလီလီတော်တို့ကို ဖြည့်ကျင့်ဆည်းပူးဖွယ် လို-မလိုကိုပါ ထပ်မံ၍ စဉ်းစားရတော့မည် ဖြစ်ပေသည်။ အကြောင်းမူ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော သမုဒယသစ္စာကြောင့် ဤဘဝတွင် ဝိပါကဝဋ် ဒုက္ခသစ္စာတရားများ ထင်ရှားဖြစ်ပုံကို လက်မခံနိုင်သောကြောင့်ပင် ဖြစ်ပေသည်။

အနုမာနနှင့် ပစ္စက္ခ

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ‘အတိတ်ကား ချုပ်ပျက်ခဲ့ပြီး ဖြစ်၍ မရှိတော့ပြီ ဖြစ်၏၊ အနာဂတ်လည်း မရောက်ရှိလာသေးသဖြင့် မဖြစ်ပေါ်လာသေး။’ ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်တို့သည် အတိတ်နှင့် အနာဂတ်ကို မှန်းဆ၍ = အနုမာနအားဖြင့်သာ ရှုနိုင်သည် ရှုလို့ရနိုင်သည်ဟု လက်ခံငြားအံ့၊ –

အလားတူပင် အတိတ်အကြောင်းတရား ငါးပါးကြောင့် ပစ္စုပ္ပန်အကျိုးတရား ငါးပါး ဖြစ်ပုံကိုလည်းကောင်း၊ ပစ္စုပ္ပန်အကြောင်းတရား ငါးပါးကြောင့် အနာဂတ်အကျိုးတရား ငါးပါး ဖြစ်ပုံကိုလည်းကောင်း ယောဂါဝစရပုဂ္ဂိုလ်သည် မှန်းဆ၍ = အနုမာနအားဖြင့်သာ ရှုနိုင်သည် ရှုလို့ရနိုင်သည်ဟု လက်ခံငြားအံ့၊ –

ထိုသို့ လက်ခံခဲ့သော် အရိယာသူတော်ကောင်းတို့သည် အထူးသဖြင့် အရှင်အာနန္ဒာမထေရ်မြတ် အဝင်အပါ ဖြစ်တော်မူသော အရိယာသူတော်ကောင်းကြီးတို့သည် ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို လည်းကောင်း သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကိုလည်းကောင်း မှန်းဆ၍ = အနုမာနအားဖြင့်သာ သိနိုင်သည်ဟု အဓိပ္ပါယ်ထွက်လျက်ပင် ရှိနေ၏၊ စကားကျလျက် ရှိနေ၏၊ သို့သော် ဘုရားဟော ဒေသနာတော်များနှင့် အဋ္ဌကထာ များ၌ကား ဤသို့ လာရှိ၏ ..။

“ရဟန်းတို့ ...ဤသာသနာတော်၌ ယောဂါဝစရရဟန်းတော်သည် ‘ဤကား ဒုက္ခအရိယသစ္စာတရားတည်း’ဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏၊ ‘ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတည်း’ဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏၊ ‘ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်း’ဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏၊ ‘ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ် = မဂ္ဂအရိယသစ္စာတရားတည်း’ဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏၊”[မှတ်စု ၇]

ဤသို့စသော ဒေသနာတော်တို့၌ အရိယာသူတော်ကောင်းတို့သည် အရိယသစ္စာ လေးပါးတို့ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိ၏ဟုသာ လာရှိ၏၊ အနုမာနအားဖြင့် မှန်းဆ၍သာ သိသည်ဟု မလာရှိပေ။ တစ်ဖန် မဟာဂေါပါလကသုတ္တန်အဋ္ဌကထာကလည်း ဤသို့ ဖွင့်ဆိုထားတော်မူပြန်၏ ..။

“ယောဂါဝစရပုဂ္ဂိုလ်သည် ‘ဤကား လောကီ မဂ္ဂအရိယသစ္စာတရားတည်း၊ ဤကား လောကုတ္တရာ မဂ္ဂအရိယ သစ္စာတရားတည်း’ဟု ဖြူစင်မြင့်မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ္ဂအရိယသစ္စာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကွဲကွဲပြားပြား မသိ။ ယင်းသို့ မသိသော် လောကီ မဂ္ဂအရိယသစ္စာတရား၌ ဝိပဿနာနှလုံးသွင်း၍ တစ်နည်း - လောကီ မဂ္ဂအရိယသစ္စာတရားကို ပွားများ၍ လောကုတ္တရာ မဂ္ဂအရိယသစ္စာ တရားကို ဖြစ်စေအံ့သောငှာ မစွမ်းနိုင်။”[မှတ်စု ၈]

ယောဂါဝစရပုဂ္ဂိုလ်သည် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကိုလည်းကောင်း, သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာမျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပါမှ ထိုဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်း ပွားများ အားထုတ်ခြင်းဟူသော မဂ္ဂသစ္စာကို ပွားများအားထုတ်နိုင်မည် ဖြစ်သည်။ လောကီ မဂ္ဂသစ္စာကို ပွားများပါမှ လောကုတ္တရာ မဂ္ဂသစ္စာနှင့် လောကုတ္တရာ နိရောဓသစ္စာသို့ ဆိုက်ရောက်နိုင်မည် ဖြစ်သည်။ ထိုသို့ ဆိုက်ရောက်နိုင်ရေးအတွက် ယောဂါဝစရပုဂ္ဂိုလ်သည် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားဟူသော လောကီသစ္စာတရား နှစ်ပါး၌သာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပွားများရမည် ဖြစ်၏၊ လောကီသစ္စာတရား နှစ်ပါးကို တွင်တွင်ကြီး ဝိပဿနာရှုပွားသုံးသပ်နိုင်ပါမှ လောကုတ္တရာသစ္စာတရား နှစ်ပါးတို့ ထင်ရှား ဖြစ်ပေါ်လာနိုင်ကြမည် ဖြစ်ပေသည်။

ထိုသို့ သစ္စာလေးပါးကို သိအောင် ကြိုးပမ်းအားထုတ်ရာ၌ ယောဂါဝစရပုဂ္ဂိုလ်သည် ရှေ့ဦးစွာ ဒုက္ခသစ္စာ တရားကိုလည်းကောင်း, သမုဒယသစ္စာတရားကိုလည်းကောင်း, သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကိုလည်းကောင်း ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကိုလည်းကောင်း သိအောင် ကြိုးပမ်းရတော့မည် ဖြစ်သည်။ သို့မှသာလျှင် လောကုတ္တရာ နိရောဓသစ္စာတရား မဂ္ဂသစ္စာတရားတို့သည် ရင့်ကျက်သော ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာနိုင်မည် ဖြစ်ပေသည်။ ထို့ကြောင့် သစ္စာလေးပါးကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် ယောဂါဝစရပုဂ္ဂိုလ်သည် ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ပရိညာပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိအောင် မလွှဲမရှောင်သာ ကြိုးပမ်းရတော့မည်သာဟု မှတ်သားပါလေ။

ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိရေး ပြည့်စုံစေရေး

တစ်ဖန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကလည်း ဤသို့ ဖွင့်ဆိုထားတော်မူပြန်၏ ..။

“ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်နေသော ဝိပဿကပုဂ္ဂိုလ်သည် ကံတို့၏ အားရှိသည်၏ အဖြစ် အားမရှိသည်၏အဖြစ်ဟု ဆိုအပ်သော ထူးထွေကွဲပြား ခြားနားမှုကိုလည်းကောင်း၊ အကျိုးဝိပါက်တို့၏ ယုတ်ညံ့သည်၏အဖြစ် မွန်မြတ်သည်၏အဖြစ် စသော ထူးထွေကွဲပြား ခြားနားမှုကိုလည်းကောင်း တစ်စိတ်တစ်ဒေသ အားဖြင့် သိရှိရမည်။”[မှတ်စု ၉]

မဟာဋီကာဆရာတော်ကလည်း ထပ်မံကာ ဤသို့ ရှင်းပြထားတော်မူပြန်၏ ..။

“ကံ-ကံ၏အကျိုးတရားကို အကြွင်းအကျန်မရှိ ကုန်စင်အောင် သိဖို့ရန်ကား သာဝကတို့၏အရာ မဟုတ်သောကြောင့် = သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့၏အရာသာ ဖြစ်သောကြောင့် မစွမ်းနိုင်ပေ။ သို့သော် အချင်းခပ်သိမ်း = လုံးလုံး ကံ-ကံ၏အကျိုးတရားကို မသိခဲ့သည်ရှိသော် ပစ္စယပရိဂ္ဂဟဉာဏ်သည် မပြီးစီး မပြည့်စုံနိုင်။”[မှတ်စု ၁၀]

ကံ-ကံ၏အကျိုးတရားကို လုံးလုံးမသိက ပစ္စယပရိဂ္ဂဟဉာဏ်ကို မရရှိနိုင်သဖြင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိရေးအတွက်လည်း ကံ-ကံ၏အကျိုးတရားကို တစ်စိတ်တစ်ဒေသအားဖြင့် သိအောင် ယောဂါဝစရပုဂ္ဂိုလ်သည် ကြိုးစားအားထုတ်ရမည်သာလျှင် ဖြစ်ပေသည်။ ဤ၌ ပစ္စယပရိဂ္ဂဟဉာဏ်ဟူသည်မှာလည်း သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို သိသော ဉာဏ်ပင်တည်း။

ဘုရားရှင်၌ ဝိပါက်တော် (၁၂)ပါး ရှိကြောင်းကို ယောဂါဝစရပုဂ္ဂိုလ်သည်လည်း သိရှိပြီး ဖြစ်ကောင်း ဖြစ်ပေ လိမ့်မည်။ ထိုတွင် ဝိပါက်တော်တစ်ခုတစ်ခု၌ အကျိုးပေးနေသော ဆိုင်ရာ ဆိုင်ရာ ကံမှာ တစ်ခုစီ တစ်ခုစီ သီးသန့် ရှိပေသည်။ ဦးခေါင်းတော်ခဲရသည်မှာ ကံတစ်ခုကြောင့်၊ ခါးတော်နာရသည်မှာ ကံတစ်ခုကြောင့်၊ ဝမ်းတော် လားရသည်မှာ ကံတစ်ခုကြောင့် – ဤသို့ စသည်ဖြင့် အကြောင်းကံနှင့် အကျိုးဝိပါက်တော်တို့မှာ သီးသန့်စီ ရှိနေကြ၏၊ အလားတူပင် လူသားတစ်ဦးအဖို့ ဘဝတစ်လျှောက်၌ ကောင်းကျိုး ဆိုးကျိုးဟူသော ဣဋ္ဌာရုံ အနိဋ္ဌာရုံ အမျိုးမျိုးနှင့် တွေ့ကြုံရသည်မှာ ဓမ္မတာတစ်ခုပင် ဖြစ်၏၊ ဣဋ္ဌာရုံနှင့် တွေ့ကြုံရသည်ကား ကုသိုလ်ကံကြောင့် ဖြစ်၏၊ အနိဋ္ဌာရုံနှင့် တွေ့ကြုံရသည်ကား အကုသိုလ်ကံကြောင့် ဖြစ်၏၊ ဣဋ္ဌာရုံအမျိုးမျိုးနှင့် တွေ့ကြုံရာ၌ ယင်းဣဋ္ဌအကျိုးဝိပါက်အမျိုးမျိုးကို ဖြစ်စေတတ်သော ဆိုင်ရာကုသိုလ်ကံအမျိုးမျိုး ရှိနိုင်သလို အနိဋ္ဌာရုံအမျိုးမျိုးနှင့် တွေ့ကြုံရာ၌လည်း ယင်းအနိဋ္ဌ အကျိုးဝိပါက်အမျိုးမျိုးကို ဖြစ်စေတတ်သော ဆိုင်ရာအကုသိုလ်ကံအမျိုးမျိုးလည်း ရှိနိုင်သည်သာ ဖြစ်ပေသည်။ ထိုကံကံ၏အကျိုးတရား အမျိုးမျိုးတို့ကို သာဝကတို့သည် ကုန်စင်အောင် မသိရှိနိုင်ပေ။ အချို့အဝက် တစ်စိတ်တစ်ဒေသ လောက်ကိုသာ သိရှိနိုင်ပေသည်။

အဘိညာဏ်နှင့် ဝိပဿနာ

ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်ဖြင့် အတိတ်ကို ရှု၍ရသည်ဟူသော အဆိုသည်လည်း ကျမ်းဂန်များ၌ လာရှိ၏၊ ဒိဗ္ဗစက္ခုအဘိညာဏ်၏ အစိတ်အပိုင်း တစ်ခုဖြစ်သော အနာဂတံသဉာဏ်ဖြင့်လည်း အနာဂတ်ကို ရှုရသည်ဟူသော အဆိုလည်း ကျမ်းဂန်များ၌ လာရှိ၏၊ ဤအဆိုများနှင့် ပတ်သက်၍ အလွယ်တကူ လက်ခံနိုင်သော်လည်း ဝိပဿနာ ဉာဏ်ဖြင့်လည်း အတိတ် အနာဂတ် ခန္ဓာတို့ကို ရှု၍ရနိုင်သည်ဟူသော အဆိုအမိန့်နှင့် ပတ်သက်၍ကား လက်မခံလိုကြပေ။ ဝိပဿနာဉာဏ်ဖြင့်လည်း အတိတ်အနာဂတ် ဥပါဒါနက္ခန္ဓာတို့ကို ရှု၍ရနိုင်သည်ဟူသော အဆိုအမိန့်နှင့် ပတ်သက်သော ဘုရားဟော ပါဠိတော်မှာ အောက်ပါအတိုင်း ဖြစ်၏ ..။

“ရဟန်းတို့ ...အချို့သော သမဏတို့သည်လည်းကောင်း၊ အချို့သော ဗြာဟ္မဏတို့သည်လည်းကောင်း တစ်ပါးမက များပြားလှစွာသော ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြကုန်သည် ရှိသော် ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်၏၊ ထိုအလုံးစုံကုန်သော ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်သော သမဏ ဗြာဟ္မဏတို့သည် ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကိုသော်လည်းကောင်း, ထိုဥပါဒါနက္ခန္ဓာ ငါးပါးတို့တွင် တစ်ပါးပါးကိုသော်လည်းကောင်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်၏၊”[မှတ်စု ၁၁]

တစ်ဖန် အဋ္ဌကထာကလည်း ဤသို့ ဖွင့်ဆိုထားတော်မူပြန်၏ ..။

“ဤပါဠိတော်ဝယ် ပုဗ္ဗေနိဝါသဟူသော ဤစကားရပ်ကို ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်၏ အစွမ်းဖြင့် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ခြင်းကို ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် ဟောကြားထားတော်မူသည်ကား မဟုတ်။ အဟုတ်သော်ကား ဝိပဿနာဉာဏ်၏ အစွမ်းဖြင့် အတိတ်၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြကုန်သော သမဏဗြာဟ္မဏတို့ကို ရည်ရွယ်တော်မူ၍ ဤ ပုဗ္ဗေနိဝါသံဟူသော စကားတော်ကို ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ပေသည်။ ထို့ကြောင့်ပင်လျှင် ..

သဗ္ဗေ တေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ ဧတေသံ ဝါ အညတရံ....

= ထိုအားလုံးသော သမဏဗြာဟ္မဏတို့သည် ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုမူလည်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်၏၊ ထိုဥပါဒါနက္ခန္ဓာငါးပါးတို့တွင် တစ်ပါးပါးကိုသော်မူလည်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်၏ ....

ဤသို့ ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ အကြောင်းကား ဤသို့ ဖြစ်၏၊ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ်၏ အစွမ်းဖြင့် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့သော သမဏ ဗြာဟ္မဏအား –

၁။ လောကုတ္တရာတရားများပါဝင်သည့် ခန္ဓာငါးပါးတို့သည်လည်းကောင်း,
၂။ လောကုတ္တရာတရားများ မပါဝင်သည့် ဥပါဒါနက္ခန္ဓာငါးပါးတို့သည်လည်းကောင်း,
၃။ ခန္ဓာနှင့်ဆက်စပ်နေသည့် အမျိုးအနွယ် ရုပ်အဆင်း အစာအာဟာရ သုခ ဒုက္ခစသည်တို့သည်လည်းကောင်း,
၄။ အမည်နာမ ပညတ် အမျိုးမျိုးသည်လည်းကောင်း ––

ဤ (၄)မျိုးသော အခြင်းအရာသည် ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်၏ အာရုံဖြစ်သည်သာတည်း။ ယခုမူ ဘုရားရှင်ကား ဤ (၄)မျိုးသော အခြင်းအရာကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြောင်းကို ဟောတော် မမူဘဲ ရှေး၌နေခဲ့ဖူးသော ဥပါဒါနက္ခန္ဓာငါးပါးကိုသော်လည်းကောင်း, တစ်ပါးပါးကိုသော်လည်းကောင်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြောင်းကိုသာ ဟောတော်မူသဖြင့် ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်ဖြင့် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ အောက်မေ့မှုကို ရည်ရွယ်တော်မမူဘဲ ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဝိပဿနာဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့မှုကိုသာ ရည်ရွယ်တော်မူကြောင်းကို သိရှိနိုင်ပေသည်။ ထိုသို့ ဝိပဿနာဉာဏ်ဖြင့် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ အောက်မေ့ရာ၌ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါကို အစဉ်လျှောက်၍ အောက်မေ့သည်ကား မဟုတ်။ အတိတ်၌ ချုပ်ခဲ့လေပြီးသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုသာ ဝိပဿနာဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်သည် ဟူလိုသည်။”[မှတ်စု ၁၂]

ဤကား ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်နှင့် ဝိပဿနာဉာဏ်တို့၏ စွမ်းအင်ကွဲပြားပုံနှင့် ဝိပဿနာဉာဏ်ဖြင့် လည်း အတိတ်အနာဂတ်ကို ရှုနိုင်ပုံ ရှုရပုံ ရှု၍လည်း ရရှိနိုင်ပုံ ကျမ်းဂန် အထောက်အထားများတည်း။ ဘုရားရှင်၏ မုခပါဌ်တော်မှ တိုက်ရိုက်ထွက်ပေါ်လာသော ဗျာဒိတ်တော်အသံ တစ်မျိုးတည်း။

ဤအရာဝယ် ယောဂါဝစရပုဂ္ဂိုလ်သည် စျာန်အစေး ခန်းခြောက်တော်မူသည့် သုက္ခဝိပဿက (= သုဒ္ဓဝိပဿနာယာနိက) ရဟန္တာအရှင်မြတ်ကြီးတို့သည်လည်း အရိယသစ္စာ လေးရပ် တရားမြတ်ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သွားတော်မူကြသည်ဟူသော ဤအချက်ကိုပါ ထည့်သွင်း စဉ်းစားသင့်လှ ပေသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ဘုရားရှင်၏ တရားစစ် တရားမှန်တည်းဟူသော အဆုံးအမ သာသနာတော်ကြီးနှင့် မလွဲချော်မိအောင် ကြိုးပမ်းပါလေလော့ ...။

. . . . .
လူသားတို့၏ ပဋိသန္ဓေ ကလလရေကြည်အခိုက် . .
ဟဒယဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၃)မျိုး၊ ရုပ်အမျိုးအစားကား (၃၀) ရှိပေသည်။

တစ်ဖန် - နာမ်ပိုင်းတွင် သောမနဿဝေဒနာဖြင့် ပဋိသန္ဓေတည်နေခဲ့သူ တိဟိတ်ပုဂ္ဂိုလ် ဖြစ်အံ့ . .၊
သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာဝိပါက် နာမ်တရားစု (၃၄)လုံး ဖြစ်သည်။ ယင်းရုပ်နာမ်တို့ကို ဉာဏ်အမြင် သန့်ရှင်းအောင် သိမ်းဆည်းပါ။

ပရမတ်သို့ ဆိုက်အောင် ဉာဏ်အမြင် သန့်သန့်ရှင်းရှင်းဖြင့် သိမ်းဆည်းနိုင်သောအခါ . .
ဤသို့ စူးစမ်းဆင်ခြင်ပါ = ဉာဏ်ဖြင့် ပိုင်းခြားယူပါ . .။

“ဤရုပ်နာမ်သည်ကား . .
တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်း = ဇနကအကြောင်း ထင်ရှားမရှိဘဲ,
အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်း = ဥပတ္ထမ္ဘကအကြောင်း မရှိဘဲ . .
ဖြစ်ပေါ်၍နေသည်ကား မဟုတ်၊
တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား ထင်ရှားရှိသည်ဖြစ်၍သာလျှင်,
အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား ထင်ရှားရှိသည်ဖြစ်၍သာလျှင် . .
ဖြစ်ပေါ်လာရ၏၊
ထို တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရားကား အဘယ်ပါနည်း၊
အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရားကား အဘယ်ပါနည်း”ဟု . .
အတိတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ စူးစမ်းဆင်ခြင်လတ်သော် . . .

လွန်ခဲ့သော အတိတ်ဘဝ မရဏာသန္နအခါ၌ ဖြစ်ပေါ်နေသော ရုပ်နာမ်တို့ကိုလည်းကောင်း,
ယင်းမရဏာသန္နဇော၏ အာရုံကိုလည်းကောင်း . . စတင်၍ တွေ့ရှိတတ်ပါသည်။

အကယ်၍ မရဏာသန္နအခါ ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်လျှင်ကား . .
ယင်းမရဏာသန္နဇောဟူသော နာမ်တရားစု၏ အာရုံဖြစ်သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော နိမိတ်သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော နိမိတ်ကို တွေ့ရှိဖို့ရန် အလွန်သေချာသွားပြီ ဖြစ်၏၊ မခဲယဉ်းလှတော့ပေ။

ထိုမရဏာသန္နဇော၏ နိမိတ်ကား . .
အကျိုးပေးမည့် ကံ၏ စွမ်းအင်သတ္တိကြောင့် ထင်လာရသော နိမိတ်ပင် ဖြစ်သည်။

သို့အတွက် ထိုနိမိတ်ကို ရှာဖွေတွေ့ရှိလျှင် . .
ယခုလက်ရှိဘဝ၏ ပဋိသန္ဓေခန္ဓာငါးပါး အစရှိသော အချို့အချို့သော ဝိပါက်ခန္ဓာတို့၏ အကြောင်းရင်းဖြစ်သော သင်္ခါရနှင့် ကံကို တွေ့ရှိဖို့ရန် သေချာသွားပြီ ဖြစ်၏၊

တစ်ဖန် အတိတ် ရုပ်နာမ်တို့ကို ဆက်လက် သိမ်းဆည်းလိုက်သောအခါ . .
အကယ်၍ သင်္ခါရနှင့် ကံကို တွေ့ရှိခဲ့သော်
ထိုသင်္ခါရနှင့် ကံကို ခြံရံထားသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကို ဆက်လက်၍ ရှာဖွေကြည့်ပါ . . . .
(စာမျက်နှာ၊၄၉၉ . .)

  1. (ပဋိသံ၊၅၀။)
  2. (စာမျက်နှာ၊၂၇။)
  3. အာယူဟနာ သင်္ခါရာတိ တံ ကမ္မံ ကရောတော ပုရိမစေတနာယော၊ ယထာ ‘ဒါနံ ဒဿာမီ’တိ စိတ္တံ ဥပ္ပါဒေတွာ မာသမ္ပိ သံဝစ္ဆရမ္ပိ ဒါနူပကရဏာနိ သဇ္ဇေန္တဿ ဥပ္ပန္နာ ပုရိမစေတနာယော။ ပဋိဂ္ဂါဟကာနံ ပန ဟတ္ထေ ဒက္ခိဏံ ပတိဋ္ဌာပယတော စေတနာ ဘဝေါတိ ဝုစ္စတိ။ ဧကာဝဇ္ဇနေသု ဝါ ဆသု ဇဝနေသု စေတနာ အာယူဟနသင်္ခါရာ နာမ။ သတ္တမာ စေတနာ ဘဝေါ။ ယာ ကာစိ ဝါ ပန စေတနာ ဘဝေါ၊ တံသမ္ပယုတ္တာ အာယူဟနသင်္ခါရာ နာမ။ (အဘိ၊ဋ္ဌ၊၂၊၁၈၂-၁၈၃။)
  4. ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၇။)
  5. ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၇။)
  6. ကမ္မပစ္စယေနာတိ အနေကာနမ္ပိ ကပ္ပကောဋီနံ မတ္ထကေ အတ္တနော ဖလံ ဥပ္ပါဒေတုံ သမတ္ထေန နာနာက္ခဏိကကမ္မပစ္စယေနာတိ အတ္ထော။ ကုသလာကုသလဥှိ ကမ္မံ အတ္တနော ပဝတ္တိက္ခဏေ ဖလံ န ဒေတိ။ ယဒိ ဒဒေယျ၊ ယံ မနုေဿာ ဒေဝလောကူပဂံ ကုသလံ ကမ္မံ ကရောတိ၊ တဿာနုဘာဝေန တသ္မိံယေဝ ခဏေ ဒေဝေါ ဘဝေယျ။ ယသ္မံ ပန ခဏေ တံ ကတံ၊ တတော အညသ္မိံ ခဏေ အဝိဇ္ဇမာနမ္ပိ ကေဝလံ ကဋတ္တာယေဝ ဒိဋ္ဌေဝ ဓမ္မေ ဥပပဇ္ဇေ ဝါ အပရေ ဝါ ပရိယာယေ အဝသေသပစ္စယသမာယောဂေ သတိ ဖလံ ဥပ္ပါဒေတိ နိရုဒ္ဓါပိ ပုရိမသိပ္ပါဒိကိရိယာ ဝိယ ကာလန္တရေ ပစ္ဆိမသိပ္ပါဒိကိရိယာယ။ တသ္မာ နာနာက္ခဏိကကမ္မပစ္စယောတိ ဝုစ္စတိ။ (အဘိ၊ဋ္ဌ၊၃၊၃၇၄။) ၈၃၃
  7. ဣဓ ဘိက္ခဝေ ဘိက္ခု “ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခသမုဒယော”တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခနိရောဓော”တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ”တိ ယထာဘူတံ ပဇာနာတိ။ (မ၊၁၊၈၂။)
  8. “အယံ လောကိယော အယံ လောကုတ္တရော”တိ အရိယံ အဋ္ဌင်္ဂီကံ မဂ္ဂံ ယထာဘူတံ န ပဇာနာတိ၊ အဇာနန္တော လောကိယမဂ္ဂေ အဘိနိဝိသိတွာ လောကုတ္တရံ နိဗ္ဗတ္တေတုံ န သက္ကောတိ။ (မ၊ဋ္ဌ၊၂၊၁၆၅။)
  9. ဝိပဿကေန ပန ကမ္မန္တရဉ္စ ဝိပါကန္တရဉ္စ ဧကဒေသတော ဇာနိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၂၃၇။)
    ဧကဒေသတော ဇာနိတဗ အနဝသေသတော ဇာနိတုံ န သက္ကာ အဝိသယတ္တာ။ သဗ္ဗေန သဗ္ဗံ အဇာနနေ ပစ္စယပရိဂ္ဂဟော န ပရိပူရတိ။ (မဟာဋီ၊၂၊၃၈၀။)
  10. ဝိပဿကေန ပန ကမ္မန္တရဉ္စ ဝိပါကန္တရဉ္စ ဧကဒေသတော ဇာနိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၂၃၇။)
    ဧကဒေသတော ဇာနိတဗ အနဝသေသတော ဇာနိတုံ န သက္ကာ အဝိသယတ္တာ။ သဗ္ဗေန သဗ္ဗံ အဇာနနေ ပစ္စယပရိဂ္ဂဟော န ပရိပူရတိ။ (မဟာဋီ၊၂၊၃၈၀။)
  11. ယေ ဟိ ကေစိ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရမာနာ အနုဿရန္တိ၊ သဗ္ဗေ တေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ ဧတေသံ ဝါ အညတရံ။ (သံ၊၂၊၇၁။ ခဇ္ဇနီယသုတ္တန်။)
  12. ပုဗ္ဗေနိဝါသန္တိ န ဣဒံ အဘိညာဝသေန အနုဿရဏံ သန္ဓာယ ဝုတ္တံ။ ဝိပဿနာဝသေန ပန ပုဗ္ဗေနိဝါသံ အနုဿရန္တေ သမဏဗြာဟ္မဏေ သန္ဓာယေတံ ဝုတ္တံ။ တေနေဝါဟ “သဗ္ဗေ တေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ ဧတေသံ ဝါ အညတရ”န္တိ။ အဘိညာဝသေန ဟိ သမနုဿရန္တဿ ခန္ဓာပိ ဥပါဒါနက္ခန္ဓာပိ ခန္ဓပဋိဗဒ္ဓါပိ ပဏ္ဏတ္တိပိ အာရမ္မဏံ ဟောတိယေဝ။ ရူပံယေဝ အနုဿရတီတိ ဧဝံ ဟိ အနုဿရန္တော န အညံ ကိဉ္စိ သတ္တံ ဝါ ပုဂ္ဂလံ ဝါ အနုဿရတိ၊ အတီတေ ပန နိရုဒ္ဓံ ရူပက္ခန္ဓမေဝ အနုဿရတိ။ ဝေဒနာဒီသုပိ ဧသေဝ နယော။ (သံ၊ဋ္ဌ၊၂၊၂၆၆။)