နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/မဟာနိဒါနသုတ္တန်မှ ဗျာဒိတ်တော် အသံ
ပဋိစ္စသမုပ္ပါဒ်ပိုင်း (က)
(ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း)
သေသူနှင့် ရှင်သူ
* သည်းချာသားလှ၊ သဘောကျလော့ – ဗာလအမှု၊ ဒုစရိတ၊ ဒုကမ္မဖြင့်၊ ပါပမလျော်၊ မသူတော်ကား၊ နေသော် နေမှား၊ သွားသော် သွားဆိုး၊ မကောင်းကျိုးတိ၊ ကြိုးသို့လည်းငြိ၊ ဘေးသာ ထိရှင့် – ပြုမိသမျှ၊ အပြစ်ရခဲ့ ....။
(မဃဒေဝ၊ စာပိုဒ်၊၂၈၁။)
* တန်ခိုး ပေါ်ထင်၊ ကုသိုလ်ရှင်မှ၊ လူတွင် မညှိုး၊ စည်းစိမ် ဖြိုး၏၊ ကျင့်ရိုးအရှိ၊ လမ်းမှန်သိလော့၊ လောကိချမ်းသာ၊ နောင်ဖို့ ရှာသည့်၊ ပညာရှိပေါင်း၊ သူမြတ်ကောင်းတို့၊ နှစ်ထောင်းဝမ်းသာ၊ ပြုအပ်စွာရှင့်၊ လူ့ရွာ နောက်နောင်၊ ကြံတိုင်း အောင်လိမ့်၊ သားမောင် သက်နှင်း၊ ကျင့်မပျင်းနှင့်၊ ကြောင်းရင်းကြမ္မာ၊ ကံမပါလျှင်၊ ကြံရာမပြီး၊ အချည်းနှီးဖြင့်၊ ပျက်စီးတတ်စွာ၊ မချွတ်ရာတည့်၊ ကလျာဏာ-ကလျာဏ၊ ကျင့်ကမ္မဖြင့်၊ ပုည, ပါပ၊ ကိစ္စအမှု၊ ခွဲဝေရှုသော်၊ အကုသိုလ်, ကုသိုလ်၊ နှစ်ခုကိုလည်း၊ မပြုလိုခဲ၊ ပြုလိုရဲ၏၊ ကံမွဲမပြောင်၊ ကံမဆောင်လျှင်၊ ဂုဏ်ရောင် မလှ၊ မထွန်းပဘူး၊ ဒုက္ခလူ့ဘောင်၊ ဆင်းရဲခေါင်လိမ့်၊ ကျင့်ဆောင် မယုတ်၊ စောင့် ကိုယ်,နှုတ်နှင့်၊ ဥပုသ်ဗြဟ္မ၊ စရိယလည်း၊ ကာလအစဉ်၊ အမြဲယှဉ်လော့၊ ဖဲကြဉ်စေတနာ၊ တစ်ညစာဖြင့်၊ အင်္ဂါမပျက်၊ နေ့တစ်ဝက်မျှ၊ ကျိုးစက်လွန်အောင်၊ မင်းဖြစ်ဆောင်၏၊ (မဃဒေဝ၊ စာပိုဒ်၊၂၈၉။)
* ဆယ်ပါးပညတ်၊ ကုသိုလ်ရပ်ကို၊ ပြုအပ်ပြီးသည်၊ လူတမည်ကား၊ လူ့ပြည်, နတ်ပွဲ၊ ရမခဲတည်း၊ ယူစွဲမုချ၊ ယွင်းမခွဘူး။ – ဒါန သီလ၊ ကုသလ၌၊ လုံ့လ လွှတ်လျော့၊ လေးဖင့်ပေါ့၍၊ မေ့လျော့သောသူ၊ သူသေ ဟူ၏၊ – အလှူသီတင်း၊ မကင်းဘာဝနာ၊ မချာရက်နေ့၊ မမေ့လျော့တတ်၊ ထိုသူမြတ်တို့၊ လူ, နတ် ခန္ဓာ၊ ပြောင်းလဲကာလျှင်၊ ချမ်းသာသုခ၊ မပျက်ကြကြောင့်၊ ဘဝသဘော၊ ရွေ့လျောခြင်းဟူ၊ စုတိမူလည်း၊ သေသူ မမည်၊ ဟူတုံသည်တည်း။ (မဃဒေဝ၊ စာပိုဒ်၊၂၉၁။)
* ဝိပလ္လာသ၊ ဖောက်ပြန်ကလည်း၊ မောဟ လွှမ်းပြီး၊ အယူသီး၍၊ စပါးကြီးချက်ငြိ၊ ဟူတုံဘိသို့၊ အဝီစိသွား၊ အကျင့်မှားကို၊ မြစ်တားမရ၊ ဆုံးမ မနာ၊ ရှိတတ်စွာခဲ့၊ ပညာ အားနည်း၊ သဒ္ဓါ သည်းက၊ အရည်း မည်ကာ၊ ယူမိစ္ဆာ၌၊ သဒ္ဓါ လေးမြတ်၊ ဆည်းကပ်တတ်၏၊ ပရမတ်အရာ၊ မလိမ္မာဘဲ၊ သဒ္ဓါ နုန့်နဲ၊ ပညာကဲလည်း၊ အလွဲ ပြေးဝင်၊ အမြင် ယွင်းခွ၊ တိမ်းပါးကြလျက်၊ မီးပြသမား၊ တွင်းကျွံမှားသို့၊ ဆယ်ပါးကောင်းမှု၊ လှူဝတ္ထုကို၊ စွန့်ပြု မလွှတ်၊ စိတ္တုပ္ပါဒ်မျှ၊ ဒါနအလှူ၊ မြောက်သောဟူ၍၊ အယူဖောက်လွဲ၊ မိစ္ဆာစွဲ၏၊ လိပ်ခဲပမာ၊ မြဲမြံစွာလျက်၊ သတ္တဝါတစ်ယောက်၊ ယူမှားမှောက်ကို၊ သိန်းလောက်ဘုရား၊ လှန်သောအားဖြင့်၊ ဟောကြား ချေချွတ်၊ ဖြေမလွတ်ဘူး၊ အကျွတ်မရ၊ နိယတဖြင့်၊ ဝါဒအလို၊ မြေကြီးမျိုလည်း၊ ယူကို စွန့်ဘဲ၊ အကျင့် လွဲ၍၊ ငရဲ ခံလိမ့်မည်သောကြောင့် ........။ (မဃဒေဝ၊ စာပိုဒ်၊၃၁၉။)
ပဋိစ္စသမုပ္ပါဒ်ပိုင်း (က)
အပိုင်း (၁)
မဟာနိဒါနသုတ္တန်မှ ဗျာဒိတ်တော် အသံ
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုရုတိုင်း ကမ္မာသဓမ္မ အမည်ရသော နိဂုံးရွာကြီးကို ဆွမ်းခံရွာအဖြစ် အမှီပြု၍ နိဂုံးရွာကြီး၏ အနီးတွင် တည်ရှိသော တောအုပ်ကြီးအတွင်း၌ သီတင်းသုံးစံနေတော်မူ၏၊ မဟာနိဒါနသုတ္တန်ကို ဟောကြားတော်မူမည့် ထိုနေ့တွင် အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည် နေ့သန့်စင်တော်မူရာ အရပ်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလျက် သောတာပတ္တိဖလသမာပတ်ကို ဝင်စားတော်မူ၏၊ ထိုအခါဝယ် ပိုင်းခြားထားသော အချိန်ကာလ စေ့သဖြင့် သောတာပတ္တိဖလသမာပတ်မှ ထတော်မူသောအခါ ပစ္စယာကာရ အမည်ရသော ပဋိစ္စသမုပ္ပါဒ်တရားတော်၌ ဉာဏ်ကို စေလွှတ်တော်မူ၏၊ ထိုအရှင်အာနန္ဒာ ကိုယ်တော်မြတ်သည် ..
၁။ အဝိဇ္ဇာမှသည် ဇရာ-မရဏသို့ (အနုလောမ ပဋိစ္စသမုပ္ပါဒ်နည်း)
၂။ ဇရာ-မရဏမှသည် အဝိဇ္ဇာသို့ (ပဋိလောမ ပဋိစ္စသမုပ္ပါဒ်နည်း)
၃။ အစွန်းနှစ်ဖက်မှသည် အလယ်သို့ (အနုလောမ ပဋိလောမ ပဋိစ္စသမုပ္ပါဒ်နည်း)
၄။ အလယ်မှသည် အစွန်းနှစ်ဖက်သို့ (အနုလောမ ပဋိလောမ ပဋိစ္စသမုပ္ပါဒ်နည်း) –
ရောက်စေလျက် သုံးကြိမ်တိုင်တိုင် ပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂)ရပ်ကို လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်တော်မူ၏၊ ထိုသို့ ဝိပဿနာရှုပွားသုံးသပ်တော်မူသော အရှင်အာနန္ဒာကိုယ်တော်မြတ်၏ ဉာဏ်၌ ပစ္စယာကာရအမည်ရသော ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားသည် ပေါ်လွင်ထင်ရှား သကဲ့သို့ ထင်လာတော်မူ၏၊ ဤအခြင်းအရာကို အကြောင်းအတ္ထုပ္ပတ်ပြု၍ မြတ်စွာဘုရားကို တင်ပြလျှောက်ထားခဲ့သော် တရားကောင်းတစ်ပုဒ်ကို နာကြားခွင့် ရရှိလိမ့်မည်ဟူသော မျှော်မှန်းချက်ဖြင့် ညနေချမ်းအခါ ဘုရားရှင်ထံတော်သို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားရှင်အား ဤစကားကို လျှောက်ထား၏၊
“ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား...အံ့ဩဖွယ် ရှိပါပေစွ ..၊ မြတ်စွာဘုရား ...မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ ..၊ မြတ်စွာဘုရား ...ဤပဋိစ္စသမုပ္ပါဒ်တရားတော်သည် အလွန်နက်လည်း နက်နဲပါ၏၊ အလွန်နက်နဲသော အသွင်လည်း ရှိပါ၏၊ သို့ဖြစ်ပါလျက် တပည့်တော်၏ ဉာဏ်ထဲ၌ တိမ်တိမ်ကလေး ကဲ့သို့ပင် ထင်နေပါသည် မြတ်စွာဘုရား”ဟု လျှောက်ထား၏၊
ထိုအခါ ဘုရားရှင်သည် အရှင်အာနန္ဒာကိုယ်တော်မြတ်အား မဟာနိဒါနသုတ္တန်ဒေသနာတော်ကို ဟောကြားပြသ ပေးတော်မူ၏၊ ထိုသုတ္တန်မှ ကောက်နုတ်ဖော်ပြလိုသော အချက်မှာ အောက်ပါအတိုင်း ဖြစ်၏ ..။
“အာနန္ဒာ ... ဤသို့ မဆိုလင့်၊ အာနန္ဒာ ... ဤသို့ မဆိုလင့်။ ဤ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် တရားတော်သည် နက်လည်း နက်နဲ၏၊ နက်နဲသည့်အတွက်ကြောင့် နက်နဲသော အသွင်လည်း ရှိ၏၊ အာနန္ဒာ... ထိုကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်တရားတော်ကို –
၁။ ဉာတပရိညာ (နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်),
၂။ တီရဏပရိညာ (သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ်),
၃။ ပဟာနပရိညာ (ဘင်္ဂဉာဏ်မှစ၍ အထက်ပိုင်း ဝိပဿနာဉာဏ်များ) –
ဟူသော ပရိညာဉာဏ်ပညာ သုံးမျိုးတို့ဖြင့် လျော်စွာ ထိုးထွင်း မသိခြင်းကြောင့်, မဂ်ဆိုက် ဖိုလ်ဆိုက် ထွင်းဖောက် မသိခြင်းကြောင့် ဤသတ္တဝါအပေါင်းသည် ဤသို့ကလောက် ရှည်လျားလှစွာသော သံသရာခရီးထဲ၌ (ကြွက်များ ကိုက်ဖြတ်ထားသဖြင့် ရှုပ်ထွေးပွေလိမ်နေသည့်) ချည်ခင်ထွေးကဲ့သို့ဖြစ်ကာ, စာပေါင်းသောင်းငှက်မ၏ အသိုက်သဖွယ် ဖြစ်ကာ, (ခြေသုတ်ကြိုးဝန်း ပြုလုပ်ထားသည့် ပြတ်တောက်နေသဖြင့် အရင်းအဖျား ရှာမရအောင် ရှုပ်ထွေး ပွေလိမ်နေသည့်) ဖြူဆံမြက် ပြိတ်မြက်ကဲ့သို့ဖြစ်ကာ မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာဖြစ်သော, အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာဖြစ်သော အပါယ်ဒုဂ္ဂတိသံသရာကိုလည်းကောင်း, အပါယ်မှကြွင်းသော သုဂတိသံသရာကိုလည်းကောင်း မကျော်လွှား မလွန်မြောက်နိုင်ဘဲ ရှိချေ၏၊”[မှတ်စု ၁]
ဤအထက်ပါ ဒေသနာတော်ကိုပင် ကိုးကား၍ အဋ္ဌကထာကြီးများ[မှတ်စု ၂]ကလည်း အောက်ပါအတိုင်း ဆုံးဖြတ်ချက် ချထားတော်မူကြပြန်၏ ..။
ဉာဏာသိနာ သမာဓိပဝရသိလာယံ သုနိသိတေန -
ဘဝစက္ကမပဒါလေတွာ၊ အသနိဝိစက္ကမိဝ နိစ္စနိမ္မထနံ။
သံသာရဘယမတီတော၊ န ကောစိ သုပိနန္တရေပျတ္ထိ။
“သမာဓိတည်းဟူသော မြတ်သော ကျောက်ဖျာထက်၌ မြမြထက်အောင် ကောင်းစွာ သွေး၍ ထားအပ်သော ဉာဏ်တည်းဟူသော သန်လျက်ဖြင့် မိုးကြိုးစက်ဝန်းကဲ့သို့ သတ္တဝါတို့ကို အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်တတ်သော ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်ကို မဖောက်ခွဲနိုင်ဘဲ သံသရာဝဋ်ဆင်းရဲဘေးဆိုးကြီးကို ကျော်လွှားလွန်မြောက်သွားနိုင်သော တစ်စုံတစ်ယောက်သော သူ မည်သည် အိပ်မက်၏ အတွင်း၌သော်မျှလည်း မရှိခဲ့စဖူးပေ။”
ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့နှင့် အညီ တရားစစ် တရားမှန်ကို လိုလားတောင့်တလျက်ရှိသော နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကြီးကို အရယူလိုသည့် အာသာဆန္ဒ ပြင်းပြလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို အနုဗောဓဉာဏ် အမည်ရသော ဉာတပရိညာ၊ ပဋိဝေဓဉာဏ် အမည်ရသော တီရဏပရိညာ ပဟာနပရိညာ၊ ဤပရိညာဉာဏ်ပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိအောင် ကြိုးပမ်းရတော့မည်သာ ဖြစ်၏၊ အနုဗောဓဉာဏ်ဖြင့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ မသိခြင်းကြောင့် ပဋိဝေဓဉာဏ်ဖြင့် မဂ်ဆိုက်ဖိုလ်ဆိုက်သည့်တိုင်အောင် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိခြင်းကြောင့် သံသရာမှ မကျော်လွှား မလွန်မြောက်နိုင်ဟု ဘုရားရှင်ကိုယ်တော်တိုင်က ဟောကြားထားတော်မူခြင်းကြောင့် သံသရာမှ လွတ်မြောက်ရေးအတွက် အနုဗောဓသိ ပဋိဝေဓသိတို့ဖြင့် အသိကြီး သိအောင် ကြိုးပမ်းရတော့မည်သာ ဖြစ်၏၊ အနုမာန မှန်းဆ၍သာ သိအောင် ကြိုးစားအားထုတ်ရမည်လည်း မဟုတ်၊ ဆရာအပြောနှင့်သာ ပါးစပ်ဟကာ လွမ်းနေရမည့် လုပ်ငန်းခွင်လည်း မဟုတ်ဟု သဘောပေါက်ပါလေ။
သောတာပန်ဟူသည်
နက်ယောင်နှင့် နက်, ခက်ယောင်နှင့် ခက်လျက်ရှိသော ဤပဋိစ္စသမုပ္ပါဒ် ကြောင်း-ကျိုး-ဆက်နွယ်မှုသဘော တရားသည် အဘယ်အကြောင်းကြောင့် အရှင်အာနန္ဒာ ကိုယ်တော်မြတ်၏ အသိဉာဏ်၌ “တိမ်သကဲ့သို့ လွယ်သကဲ့သို့” ပေါ်လွင်ထင်ရှား၍ နေရပါသနည်းဟု မေးရန်ရှိ၏၊ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏ ..။
နက်ယောင်နှင့် နက်, ခက်ယောင်နှင့် ခက်လျက်ရှိသော ဤကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားသည် အရှင်အာနန္ဒာ ကိုယ်တော်မြတ်၏ အသိဉာဏ်၌ လေးမျိုးသော အကြောင်းတရားတို့ကြောင့် ပေါ်လွင်ထင်ရှားသကဲ့သို့ ဖြစ်၍ တည်ရှိနေပေသည်။ အဘယ်အကြောင်းတရား လေးမျိုးတို့နည်းဟူမူ –
၁။ ပုဗ္ဗူပနိဿယသမ္ပတ္တိ = ရှေးရှေးဘဝက ဖြည့်ကျင့်ဆည်းပူးအပ်ခဲ့သော ပါရမီတရားအပေါင်းနှင့် ပြည့်စုံခြင်း,
၂။ တိတ္ထဝါသ = သာသနာတော်၏ ဆိပ်ကမ်းကောင်းကြီးများကို အမြဲမပြတ် မှီဝဲဆည်းကပ်ခြင်း,
၃။ သောတာပန္နတာ = သောတာပန်ဖြစ်တော်မူခြင်း,
၄။ ဗဟုဿုတဘာဝ = ဗဟုဿုတများပြားတော်မူခြင်း –
ဤအကြောင်းတရား (၄)မျိုးတို့ကြောင့် နက်ယောင်နှင့် နက်, ခက်ယောင်နှင့် ခက်လျက်ရှိသော ဤကြောင်းကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားသည် အရှင်အာနန္ဒာ ကိုယ်တော်မြတ်၏ အသိဉာဏ်၌ ပေါ်လွင် ထင်ရှားသကဲ့သို့ တည်ရှိနေပေသည်။[မှတ်စု ၃]
ပြည့်စုံတော်မူ၏၊ အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည် ဘုရားရှင်ထံသို့ ဖြစ်စေ, အရှင်သာရိပုတ္တရာ အရှင်မဟာ မောဂ္ဂလ္လာန် အရှင်မဟာကောဋ္ဌိက အရှင်ပုဏ္ဏ အစရှိသော အဂ္ဂသာဝက မဟာသာဝကကြီးများထံသို့ ဖြစ်စေ ဤဆရာမြတ်ကြီးတို့၏ အထံ၌ ..
(က) ဥဂ္ဂဟဏ = ပါဠိတော်ကို သင်ယူခြင်း,
( ခ ) သဝန = ပါဠိတော်၏အနက် (= အတ္ထကထာ = အဋ္ဌကထာ)ကို ကြားနာခြင်း,
( ဂ ) ပရိပုစ္ဆန = အထုံးအဖွဲ့သဖွယ် ခက်ခဲသောအရာဌာနတို့၌ အနက်အဓိပ္ပါယ် အတ္ထကထာ (= အဋ္ဌကထာ)ကို ထပ်မံမေးမြန်းခြင်း,
(ဃ) ဓာရဏ = ပါဠိတော်ကိုလည်းကောင်း, ပါဠိတော်၏အနက် အဋ္ဌကထာကိုလည်းကောင်း စိတ်၌ ထားခြင်း = နှုတ်ငုံဆောင်ထားခြင်း –
ဤသို့လျှင် ပဋိစ္စသမုပ္ပါဒ်ပိုင်းဆိုင်ရာ ဤပါဠိတော် အဋ္ဌကထာတို့ကို စနစ်တကျ သင်ယူထားတော်မူပေသည်။ နှုတ်တက်ရအောင် ဆောင်ထားတော်မူသည်။
၁။ ပုဗ္ဗူပနိဿယသမ္ပတ္တိ = အရှင်အာနန္ဒာကိုယ်တော်မြတ်သည်ကား ပဒုမုတ္တရဘုရားရှင်၏ သာသနာတော်တွင်းမှ စတင်၍ ကမ္ဘာတစ်သိန်းနှင့် ချီလျက် ဧတဒဂ်ငါးတန် ဘွဲ့ထူးခံနိုင်ရန်အတွက် ပါရမီအလီလီတို့ကို ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့၏၊ ထို့ကြောင့် အရှင်အာနန္ဒာ ကိုယ်တော်မြတ်၏ သန္တာန်၌ ဧတဒဂ်ငါးတန် ဘွဲ့ထူးခံနိုင်သည့် မဟာသာဝကဗောဓိဉာဏ်အတွက် ရည်ရွယ်တောင့်တ၍ ရှေးရှေးဘဝပေါင်းများစွာက ဖြည့်ကျင့်ဆည်းပူးအပ်ခဲ့သော ပါရမီတရားအပေါင်းသည်လည်း ပြည့်ဝစုံညီလျက် ရှိနေ၏၊ အထူးသဖြင့် အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည် သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်တော်မူသည်နှင့် တစ်ပြိုင်နက်တည်း ပဋိသမ္ဘိဒါဉာဏ်တော်မြတ် (၄)ပါးတို့ကိုပါ ပူးတွဲရရှိတော်မူသည့် သူတော်ကောင်းတစ်ဦး ဖြစ်၏၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ် (၄)ပါးတို့ကို ရရှိတော်မူကြသည့် အရိယာသူတော်ကောင်းတို့သည် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်အတွင်း၌ ဖြည့်ကျင့်ရမည့် အင်္ဂါရပ်များကို လက္ခဏာဒိစတုက္ကပိုင်း[မှတ်စု ၄]တွင် ဖော်ပြထား၏၊ ယင်းအင်္ဂါရပ်တို့တွင် ဤ၌ ပြောဆိုလိုသော အချက်မှာ ပုဗ္ဗယောဂအင်္ဂါရပ်ပင် ဖြစ်သည်။ ပုဗ္ဗယောဂဟူသည် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်အတွင်း၌ အတိတ် အနာဂတ် ပစ္စုပ္ပန်စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဒုက္ခသစ္စာ အမည်ရသည့် ဥပါဒါနက္ခန္ဓာ ငါးပါး (= ရုပ်တရား-နာမ်တရား)တို့ကိုလည်းကောင်း, သမုဒယသစ္စာ အမည်ရသည့် ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကိုလည်းကောင်း လက္ခဏာရေးသုံးတန်သို့ တင်ကာ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းထားပြီးခြင်းကို ဆိုလိုပေသည်။ ထို့ကြောင့် အရှင်အာနန္ဒာကိုယ်တော်မြတ်သည် ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့နှင့် ပတ်သက်၍ အတွေ့အကြုံ များစွာ ရှိထားပြီးသည့် ရှေးကောင်းမှုကုသိုလ် ဥပနိဿယနှင့် ပြည့်စုံထားပြီးသည့် သူတော်ကောင်းတစ်ဦး ဖြစ်ပေသည်။ ဤသည်မှာလည်း အကြောင်းတစ်ရပ်ဖြစ်၏၊
၂။ တိတ္ထဝါသ = နိဗ္ဗာန်သို့သွားရာ ဆိပ်ကမ်းကောင်းကြီးများကို တိတ္ထ-ဟု ဆို၏၊ သာသနာတော်တွင် နိဗ္ဗာန်သို့ သွားရာလမ်းကို စနစ်တကျ ညွှန်ကြားပြသပေးတော်မူတတ်သော သမ္မာသမ္ဗုဒ္ဓဘုရားရှင်နှင့် အဂ္ဂသာဝက မဟာသာဝက ကြီးတို့သည်လည်း နိဗ္ဗာန်ဟူသည့် ထိုမှာဘက်ကမ်းသို့ ကူးသွားဖို့ရန် ဆိပ်ကမ်းကြီးများနှင့် တူသောကြောင့် တိတ္ထဟူသော အမည်ထူးကို ရရှိတော်မူကြ၏၊ ယင်းတိတ္ထ အမည်ရရှိတော်မူကြသော ဆရာသမားတို့ထံသို့ ချဉ်းကပ် မှီခိုလျက် နေထိုင်ခြင်းကို တိတ္ထဝါသဟု ဆို၏၊ အရှင်အာနန္ဒာ ကိုယ်တော်မြတ်ကား ယင်းတိတ္ထဝါသဟူသော ဂုဏ်ထူးနှင့်လည်း
ထေရဂါထာပါဠိတော်[မှတ်စု ၅]၌ လာရှိသည့်အတိုင်း .. အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည် ဘုရားရှင်၏ ထံတော် မှောက်မှ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းနှစ်ထောင်ကို သင်ယူတော်မူခဲ့၏၊ ဓမ္မက္ခန္ဓာပေါင်း နှစ်ထောင်ကို အရှင်သာရိပုတ္တရာ အစရှိသော မထေရ်ကြီး ရဟန်းတော်တို့ထံမှ သင်ယူတော်မူခဲ့၏၊ ဥပမာ - ဘုရားရှင်သည် အဘိဓမ္မာဒေသနာတော်ကို တာဝတိံသာနတ်ပြည်၌ အကျယ်အားဖြင့် ဟောကြားတော်မူခဲ့၏၊ တစ်ဖန် ယင်းဒေသနာတော်ကို အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးအား အကျဉ်းအားဖြင့် ထပ်မံ ဟောကြားတော်မူပြန်၏၊ တစ်ဖန် အရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးက ကဿပဘုရားရှင်၏ လက်ထက်တော်က လင်းနို့သား ငါးရာ ဖြစ်ခဲ့ဖူးကြသည့် မိမိ၏ တပည့် ရဟန်းတော် ငါးရာတို့အား ယင်းအဘိဓမ္မာဒေသနာတော်ကို မကျဉ်းမကျယ်အားဖြင့် ထပ်မံ၍ သင်ကြားပို့ချပေးတော်မူခဲ့၏၊ ယခု သင်္ဂါယနာမူများမှာ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ မကျဉ်း မကျယ် ဟောကြားထားတော်မူသည့် ဒေသနာတော်များပင် ဖြစ်ကြပေသည်။ ယင်းအဘိဓမ္မာဒေသနာတော်ကိုလည်း အရှင်အာနန္ဒာ ကိုယ်တော်မြတ်ကြီးက သင်ယူထားပြီးပင် ဖြစ်သည့်အတွက် ပထမသင်္ဂါယနာတင်ပွဲတွင် သုတ္တန်နှင့် အဘိဓမ္မာဒေသနာတော်ကို အရှင်အာနန္ဒာ ကိုယ်တော်မြတ်က ဦးဆောင်တော်မူနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ တစ်ဖန် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးသည်လည်း သမထဝိပဿနာပိုင်းဆိုင်ရာ ကျင့်စဉ်အရပ်ရပ်တို့ကို နည်းမျိုးစုံစွာ ချဲ့ထွင်ကာ ဟောကြားထားတော်မူသည့် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ဒေသနာတော်တစ်ခုပင် ဖြစ်၏၊ အလားတူပင် မဟာဟတ္ထိပဒေါပမသုတ္တန်[မှတ်စု ၆] အစရှိသော သုတ္တန်အချို့ကိုလည်း အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် ဟောကြားထားတော်မူခဲ့၏၊ ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်နှင့် တကွ ယင်းသုတ္တန်တို့ကိုလည်း အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည် သင်ယူထားတော်မူပြီး ဖြစ်သည့် အတွက် ပထမသင်္ဂါယနာတင်ပွဲတွင် သုတ္တန်ဒေသနာတော်ကို သင်္ဂါယနာတင်ရာ၌ ဦးဆောင်တော်မူနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ တစ်ဖန် မဟာဝေဒလ္လသုတ္တန်[မှတ်စု ၇]မှာလည်း ပဋိသမ္ဘိဒါဉာဏ် (၄)ပါးတို့ကို ရရှိတော်မူကြသည့် အရိယာ သူတော်ကောင်းတို့တွင် ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းထားတော်မူသည့် အရှင်မဟာကောဋ္ဌိက မထေရ်မြတ်ကြီးနှင့် ပညာအရာတွင် ဧတဒဂ်ဘွဲ့ထူးကို ခံယူတော်မူထားသည့် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးတို့၏ ခေါင်းချင်း ရိုက်ကာ ဆွေးနွေးထားတော်မူသည့် သုတ္တန်ဒေသနာတော်တစ်ခုပင် ဖြစ်ပေသည်။ တစ်ဖန် ရထဝိနီတသုတ္တန်[မှတ်စု ၈]မှာလည်း အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ အမေးကို ဖြေကြားထားတော်မူသည့် ဓမ္မကထိကအကျော်အမော် မန္တာဏီ ပုဏ္ဏေးမ၏သား အရှင်ပုဏ္ဏမထေရ်မြတ်၏ အဖြေဒေသနာတော်များပင် ဖြစ်ပေသည်။ တစ်ဖန် အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည် ပထမဝါတွင် ဘုရားရှင်၏ထံတော်မှ ကမ္မဋ္ဌာန်းတရားကို သင်ယူတော်မူပြီးနောက် သမထ ဝိပဿနာ ဘာဝနာများကို အပြင်းအထန် ကြိုးစားအားထုတ်တော်မူလေရာ တစ်နေ့တွင် မန္တာဏီပုဏ္ဏေးမ၏သား ဖြစ်တော်မူသော အရှင်ပုဏ္ဏမထေရ်ထံမှ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်တွင် လာရှိသည့် အာနန္ဒသုတ္တန် တရားဒေသနာတော်[မှတ်စု ၉]ကို နာကြားခွင့် ရရှိသည့်အတွက် သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်တော်မူခဲ့၏၊ ယင်းအရပ်ရပ်သော သုတ္တန်တို့ကိုလည်း အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည် သင်ယူထားတော်မူပြီး ဖြစ်သည့်အတွက် ပထမသင်္ဂါယနာတင်ပွဲတွင် သုတ္တန်ဒေသနာတော်ကို သင်္ဂါယနာတင်ရာ၌ ဦးဆောင်တော်မူနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
စတုရာသီတိ သဟဿာနိ၊ ယေ မေ ဓမ္မာ ပဝတ္တိနော။ (ထေရဂါထာ၊၃၄၇၊ ဂါထာနံပါတ်၊၁၀၂၇။)
ယခုကဲ့သို့ တိတ္ထဝါသ အမည်ရတော်မူကြသည့် နိဗ္ဗာန်သို့သွားရာ သာသနာဆိပ်ကမ်းကောင်းကြီးများကို မှီဝဲ ဆည်းကပ်နေထိုင်ခြင်းဟူသော ဤအကြောင်းကြောင့်လည်း အရှင်အာနန္ဒာ ကိုယ်တော်မြတ်ကြီး၏ အသိဉာဏ်၌ နက်ယောင်နှင့် နက်သော, ခက်ယောင်နှင့် ခက်သော ဤပဋိစ္စသမုပ္ပါဒ်သဘောတရားသည် ပေါ်လွင်ထင်ရှားသကဲ့သို့ တိမ်သကဲ့သို့ တည်ရှိနေပေသည်။[မှတ်စု ၁၀]
၃။ သောတာပန္နတာ = သောတာပန်ဖြစ်တော်မူခြင်း၊
သောတာပန်သာ မှန်ပါစေ၊ သောတာပန်ပုဂ္ဂိုလ်တို့၏ သန္တာန်၌လည်း ပစ္စယာကာရ အမည်ရသော ကြောင်းကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားမည်သည် ပေါ်လွင်ထင်ရှားသည်ဖြစ်၍သာလျှင် တည်နေပေ၏၊ အကြောင်းမူ ထိုသမုဒယသစ္စာ အမည်ရသော ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရား၌ မသိအောင် ဖုံးလွှမ်းထားတတ်သည့် မောဟတရားကို သောတာပတ္တိမဂ်ဉာဏ်က အပြီးတိုင် ဖျက်ဆီး ပယ်သတ်ထားပြီး ဖြစ်ရကား “သမုဒယဓမ္မ မှန်သမျှသည် (= အကြောင်း သမုဒယသစ္စာတရားကြောင့် ထင်ရှားဖြစ်ပေါ်လာကြရသည့် အကျိုး ဒုက္ခသစ္စာဓမ္မ မှန်သမျှသည်) ချုပ်ပျက်နေသည့် နိရောဓဓမ္မသာတည်း”ဟု ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်သည်၏ အစွမ်းဖြင့် အသိဉာဏ်၌ ထင်ရှားနေသောကြောင့်တည်း။ အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည်လည်း သောတာပန်ဖြစ်တော်မူ၏၊[မှတ်စု ၁၁] ထို့ကြောင့် အရှင်အာနန္ဒာ ကိုယ်တော်မြတ်၏ အသိဉာဏ်၌ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတည်းဟူသော သမုဒယသစ္စာတရားတို့သည် ပေါ်လွင်ထင်ရှား၍ နေပေသည်။
ယောဂါဝစရပုဂ္ဂိုလ်သည် မိမိကိုယ်ကို မိမိ သောတာပန်ဟု ယူဆလျှင် ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်လျက် သိ-မသိကို မိမိကိုယ်ကို မိမိ မေးကြည့်ပါ။ ထိုသို့ မေးကြည့်ရာ၌ ..
အတိတ်က ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံဟူသော အကြောင်းတရား ငါးပါး သမုဒယသစ္စာတရားကြောင့် ဝိညာဏ်-နာမ်ရုပ်-သဠာယတန-ဖဿ-ဝေဒနာဟူသော ပစ္စုပ္ပန်အကျိုးတရား ငါးပါး ဒုက္ခသစ္စာတရားထင်ရှားဖြစ်ပုံကိုလည်းကောင်း, ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်သင်္ခါရ-ကံဟူသော အကြောင်းတရားငါးပါး သမုဒယသစ္စာတရားကြောင့် နောင်အနာဂတ်တွင် ဝိညာဏ်-နာမ်ရုပ်သဠာယတန-ဖဿ-ဝေဒနာဟူသော အကျိုးတရားငါးပါး ဒုက္ခသစ္စာတရား ထင်ရှားဖြစ်ပုံကိုလည်းကောင်း –
သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိပါ၊ ဆရာ့အပြောနှင့်သာ လွမ်းနေရသည့် အဆင့်တွင်သာ ရှိပါသေးသည်ဟု အဖြေထွက်ခဲ့လျှင် ဗေဒင်မေးစရာ မလိုပါ၊ မိမိကိုယ်ကို မိမိ ဘုရားရှင် ဆိုလိုသော သောတာပန်အစစ်ကား မဟုတ်သေးဟုသာ ဆုံးဖြတ်ပါ။ အကြောင်းမူ - ဘုရားရှင်၏ တပည့်သား သာဝကအစစ် ဖြစ်တော်မူကြကုန်သော အရိယာသူတော်ကောင်းတို့သည် ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော်မူပြီး ဖြစ်သောကြောင့်တည်း။
၄။ ဗဟုဿုတဘာဝ = ဗဟုဿုတများပြားတော်မူခြင်း၊
လေးတောင်ခန့်ရှိသော တိုက်ခန်း၏အတွင်း၌ ဆီမီးကို ညှိထွန်းလိုက်သည်ရှိသော် ယင်းတိုက်ခန်း၏အတွင်း၌ တည်ရှိသော ခုတင်ညောင်စောင်း, ကုလားထိုင်အင်းပျဉ်ကို ထင်ထင်ရှားရှား တွေ့မြင်ရသကဲ့သို့ – ဤဥပမာအတူပင် ဗဟုဿုတရှိသော ပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌ အကြောင်းတရားနှင့် တကွသော နာမ်ရုပ်ကို ပိုင်းပိုင်းခြားခြားသိမှုသည် = နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်သည် ထင်ရှားနေသည်သာဖြစ်၏၊ ဤအရှင်အာနန္ဒာ ကိုယ်တော်မြတ်သည်လည်း ဗဟုဿုတရှိ ကြကုန်သော ရဟန်းတော်အပေါင်းတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ရပုဂ္ဂိုလ် ဖြစ်တော်မူ၏၊ ယင်းဗာဟုဿစ္စမင်္ဂလာ၏ စွမ်းအားရှိန်စော် အာနုဘော်ကြောင့်လည်း အရှင်အာနန္ဒာကိုယ်တော်မြတ်၏ အသိဉာဏ်၌ နက်ယောင်နှင့် နက်, ခက်ယောင်နှင့် ခက်သော ပစ္စယာကာရအမည်ရသော ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားသည်လည်း ပေါ်လွင်ထင်ရှားသကဲ့သို့ တိမ်သကဲ့သို့ တည်ရှိနေပေသည်။[မှတ်စု ၁၂]
ဗဟုဿုတဟူသည်
ရဟန်းတို့ ...အကြားအမြင် သုတဥစ္စာဟူသည် အဘယ်နည်း?
ရဟန်းတို့ ...ဤသာသနာတော်၌ အရိယာတပည့်သည် တစ်နည်း - အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည် အကြား+အမြင် = ဗဟုဿုတကို ဆောင်ထား၏၊ အကြား+အမြင် = ဗဟုဿုတကို ဆည်းပူး၏၊ (သီလကျင့်စဉ်ဟူသော) အစ၏ကောင်းခြင်း, (သမာဓိကျင့်စဉ်ဟူသော) အလယ်၏ကောင်းခြင်း, (ပညာကျင့်စဉ် ဟူသော) အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်လည်းပြည့်စုံ သဒ္ဒါနှင့်လည်းပြည့်စုံသော အပိုအလိုမရှိ ထက်ဝန်းကျင် ပြည့်စုံသော ထက်ဝန်းကျင်စင်ကြယ်သော သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဟူသော သာသနဗြဟ္မစရိယ, အရိယမဂ်တည်းဟူသော မဂ္ဂဗြဟ္မစရိယ ဤနှစ်မျိုးသော ဗြဟ္မစရိယဟူသော မြတ်သော အကျင့်ကို ဖော်ပြတတ်သော တရားဒေသနာတော်တို့ကို များစွာ ကြားနာဖူး၏၊ အာဂုံဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျက်ထား၏၊ စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် ရှုပွားထား၏၊ ပရမတ္ထ တရားကိုယ် အနက်သဘောအားဖြင့်လည်းကောင်း, အကြောင်းတရားအားဖြင့် လည်းကောင်း သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ထား၏၊ ရဟန်းတို့ ...ဤသည်ကို အကြားအမြင် သုတဥစ္စာဟူ၍ ဆိုအပ်၏၊[မှတ်စု ၁၃]
ဤဒေသနာတော်များနှင့်အညီ အကြား+အမြင် = ဗဟုဿုတရှိသော = အာဂမသုတဟူသော သင်သိ = အကြား, အဓိဂမသုတဟူသော ကျင့်သိ = အမြင်ရှိသော သူတော်ကောင်းသည်လည်း နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိထားပြီးသာဖြစ်သည်။ ဗဟုဿုတရှိသူကား ဒုက္ခသစ္စာ အမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတို့ကိုလည်း ပရမတ်သို့ဆိုက်အောင် ပရမတ္ထ တရားကိုယ် အနက်သဘောအားဖြင့် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ထားပြီး ဖြစ်၏၊ သမုဒယသစ္စာ အမည်ရသည့် အကြောင်း တရားတို့ကိုလည်း သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ထားပြီး ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဤကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားသည် ပေါ်လွင်ထင်ရှားစွာ တည်ရှိ နေပေသည်။
ထို့ကြောင့် သောတာပန်အစရှိသော အရိယာသူတော်ကောင်းဖြစ်ရေးအတွက်လည်းကောင်း၊ သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ ကျော်လွှားလွန်မြောက်နိုင်ရေးအတွက်လည်းကောင်း ယောဂါဝစရပုဂ္ဂိုလ်သည် ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းရတော့မည်ဖြစ်၏၊ ပရိညာပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိအောင် ကြိုးပမ်းရတော့မည် ဖြစ်၏၊ ပရိညာတို့သည်ကား လောကီပရိညာ လောကုတ္တရာပရိညာဟု နှစ်မျိုး ပြား၏၊ တစ်ဖန် လောကီပရိညာ သုံးမျိုး လောကုတ္တရာပရိညာ သုံးမျိုးဟု သုံးမျိုးစီ ရှိပြန်၏၊
လောကီပရိညာ သုံးပါး
၁။ ဉာတပရိညာ – အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာမရဏစသော ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ဉာဏ်ဖြင့် ကြိတ်ခြေနိုင် သိမ်းဆည်းရှုပွားနိုင်လျှင် ထိုဉာဏ်မှာ နာမရူပပရိစ္ဆေဒဉာဏ်ပင်တည်း။
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ၊ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ စသည့် ကြောင်းကျိုး-ဆက်နွယ်မှု သဘောကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်လျှင် ထိုအသိဉာဏ်မှာ ပစ္စယပရိဂ္ဂဟဉာဏ် ပင်တည်း။ ယင်းနာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်မျိုးတို့သည်ကား ဉာတပရိညာ မည်၏၊ ဝိပဿနာ ဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသော သိသင့်သိထိုက်ကုန်သော သင်္ခါရတရားတို့ကို ပိုင်းပိုင်းခြားခြား ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း ထိုးထွင်းသိမြင်တတ်သော ဉာဏ်များ ဖြစ်ကြသောကြောင့် ယင်းဉာဏ်နှစ်ပါးတို့သည် ဉာတပရိညာ ဟူသော အမည်ကို ရရှိကြပေသည်။
၂။ တီရဏပရိညာ– အဝိဇ္ဇာ, သင်္ခါရ အစရှိသော ပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂)ရပ်တို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟုလည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း စူးစမ်းဆင်ခြင် ဆုံးဖြတ်ချက်ချနိုင်သော သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ် နှစ်ပါးသည် တီရဏပရိညာ မည်၏၊ ယင်းဥဒယဗ္ဗယဉာဏ်ပိုင်းတွင် ––
၁။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတည်းဟူသော အကြောင်း သမုဒယသစ္စာတရားများ၏ ထင်ရှားဖြစ်ခြင်း ကြောင့် ဝိညာဏ်-နာမ်ရုပ်-သဠာယတန-ဖဿ-ဝေဒနာတည်းဟူသော အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ ထင်ရှားဖြစ်ပုံကို ထိုးထွင်းသိမြင်တတ်သော ပစ္စယတော ဥဒယဒဿနဉာဏ်၊
၂။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတည်းဟူသော အကြောင်း သမုဒယသစ္စာတရားများ၏ (အနာဂတ်တွင် ရရှိလတ္တ့ဖြစ်သော အရဟတ္တမဂ်၏ စွမ်းအားကြောင့်) အကြွင်းအကျန် မရှိ ကုန်စင်အောင် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းကြောင့် ဝိညာဏ်-နာမ်ရုပ်-သဠာယတန-ဖဿ-ဝေဒနာတည်းဟူသော အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားကာ အကြွင်းအကျန် မရှိ ကုန်စင်အောင် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းပုံကို ထိုးထွင်းသိမြင်တတ်သော ပစ္စယတော ဝယဒဿနဉာဏ်၊
၃။ ယင်းအကြောင်းတရား အကျိုးတရား နှစ်မျိုးလုံးတို့၏ ခဏပစ္စုပ္ပန်သဘောအားဖြင့် ဖြစ်မှုကို ထိုးထွင်းသိမြင် တတ်သော ခဏတော ဥဒယဒဿနဉာဏ်၊
၄။ ယင်းအကြောင်းတရား အကျိုးတရား နှစ်မျိုးလုံးတို့၏ ခဏပစ္စုပ္ပန်သဘောအားဖြင့် ပျက်မှု = ချုပ်မှုကို ထိုးထွင်း သိမြင်တတ်သော ခဏတော ဝယဒဿနဉာဏ် ––
ဤ (၄)မျိုးလုံးသော ဉာဏ်တို့သည် ပါဝင်တည်ရှိကြပေသည်။
ထို့ပြင် ယင်းသမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ် နှစ်မျိုးတို့သည် ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကိုလည်း စူးစမ်းဆင်ခြင် ဆုံးဖြတ်လျက် ပိုင်းပိုင်းခြားခြား ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိတတ်သော ဉာဏ်ပညာများပင် ဖြစ်ကြသည်။
၃။ ပဟာနပရိညာ – ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အပျက်သက်သက်ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ကြိတ်ခြေနေသော ဘင်္ဂဉာဏ်မှစ၍ အထက်ပိုင်း ဝိပဿနာဉာဏ်တို့ သည်ကား ပယ်သင့်ပယ်ထိုက်သော ကိလေသာတို့ကို တဒင်္ဂအားဖြင့် ပယ်စွန့်လျက် သိသင့်သိထိုက်သော ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကို ပိုင်းပိုင်းခြားခြား ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိမြင်တတ်သော ဉာဏ်များ ဖြစ်ကြသောကြောင့် ပဟာနပရိညာဟူသော အမည်ကို ရရှိကြပေသည်။ ယင်းအထက်ပိုင်း ဝိပဿနာဉာဏ်တို့သည် ပယ်သင့်ပယ်ထိုက်သော ကိလေသာတို့ကို တဒင်္ဂအားဖြင့် ပယ်စွန့်ခြင်းတည်း ဟူသော အကြောင်းပရိယာယ်တစ်မျိုးအားဖြင့်သာ ပဟာနပရိညာဟူသော အမည်ကို ရရှိခြင်း ဖြစ်ပေသည်၊ မုချအားဖြင့် ရရှိသော အမည်ကား မဟုတ်ပေ။
ဤကား လောကီပရိညာ သုံးပါးတည်း။
လောကုတ္တရာ ပရိညာ သုံးပါး
၁။ ဤလောကီပရိညာပညာဟူသော ဝိပဿနာဉာဏ်တို့၏ အဆုံး၌ နိဗ္ဗာန်ကို အာရုံယူ၍ အရိယမဂ်တရားသည် ထင်ရှားဖြစ်ပေါ်လာသော် ယင်းအရိယမဂ်တရားသည် ပယ်သင့်ပယ်ထိုက်ကုန်သော ဆိုင်ရာဆိုင်ရာ ကိလေသာတို့ကို သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ပယ်သတ်လျက် သိသင့်သိထိုက်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော် မြတ်ကို ပိုင်းပိုင်းခြားခြား ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း ထွင်းဖောက်သိမြင်၏၊ သို့အတွက် အရိယမဂ်တရားသည် မုချအားဖြင့် ပဟာနပရိညာ ဟူသောအမည်ကို ရရှိပေသည်။
၂။ အရိယမဂ်တရားသည် အာရုံမျက်မှောက် တိုက်ရိုက်ထွင်းဖောက် သိမြင်ခြင်းဟူသော အာရမ္မဏပဋိဝေဓသဘော အားဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တရားတော်မြတ်ကြီးကို မျက်မှောက်ပြုလျက် သိ၏၊ ထိုသို့ သိရာ၌ ယင်းအရိယမဂ်တရားက သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟတရားကိုလည်း အကြွင်းမဲ့ ပယ်သတ် လိုက်၏၊ ထိုသို့ သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟတရားကို အကြွင်းမဲ့ ပယ်သတ်လိုက်သည့်အတွက် သစ္စာလေးပါးလုံးကို သိခြင်းကိစ္စလည်း တစ်ပါတည်း ပြီးစီးသွား၏၊ ယင်းသို့ ကိစ္စသိဒ္ဓိအားဖြင့် အရိယသစ္စာကို သိမှုကို အသမ္မောဟပဋိဝေဓဟု ခေါ်ဆိုပေသည်။ ထိုတွင် အရိယမဂ်တရားသည် အာရမ္မဏပဋိဝေဓသဘော (အသမ္မောဟ ပဋိဝေဓသဘော)အားဖြင့် နိရောဓသစ္စာကို သိ၏၊ ဒုက္ခသစ္စာ သမုဒယသစ္စာ မဂ္ဂသစ္စာတို့ကို အသမ္မောဟပဋိဝေဓ သဘောအားဖြင့် သိ၏၊ ထို့ကြောင့် အရိယမဂ်တရားသည် ဒုက္ခသစ္စာ အမည်ရသည့် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့နှင့် သမုဒယသစ္စာ အမည်ရသည့် ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အချင်းချင်း ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရား တို့ကို သိခြင်းကိစ္စ ပြီးစီးသွားသည့် ဤအကြောင်းပရိယာယ်အားဖြင့် ဉာတပရိညာ ဟူသော အမည်ကိုလည်း ရရှိပေသည်။
၃။ တစ်ဖန် အရိယမဂ်တရားသည် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟတရားကိုလည်း အကြွင်းမဲ့ ပယ်သတ်လိုက်၏၊ ထို့ကြောင့် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ တစ်နည်း ပဋိစ္စသမုပ္ပါဒ်တရား တို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကို စူးစမ်းဆင်ခြင် ဆုံးဖြတ်ခြင်း လုပ်ငန်းကိစ္စလည်း ပြီးစီးပြီး ဖြစ်သွား၏၊ ထို့ကြောင့် အရိယမဂ်တရားသည် ဤအကြောင်းပရိယာယ်အားဖြင့် တီရဏပရိညာဟူသော အမည်ကိုလည်း ရရှိပေသည်။
ဤကား လောကုတ္တရာ ပရိညာ သုံးပါးတည်း။
ဤသို့ လောကီပရိညာ လောကုတ္တရာပရိညာတို့ဖြင့် ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရား တို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိရှိပါမှသာလျှင် အနုဗောဓသိ ပဋိဝေဓသိဟု ခေါ်ဆိုနိုင်ပေသည်။ ထိုသို့ အနုဗောဓသိ ပဋိဝေဓသိတို့ဖြင့် ယင်းကြောင်း-ကျိုးဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို အသိကြီး သိရှိပါမှသာလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခကြီးမှ လှလှကြီး ဝဝကြီး ကျော်လွှားလွန်မြောက်နိုင်မည် ဖြစ်ပေသည်။ ဤကား အထက်ပါ မဟာနိဒါနသုတ္တန်ကောက်နုတ်ချက်၏ ဆိုလိုရင်း အဓိပ္ပါယ်တည်း။
အနုဗောဓသိ - ပဋိဝေဓသိ
အထက်တွင် ရှင်းလင်းတင်ပြထားသော လောကီပရိညာ သုံးပါး, လောကုတ္တရာပရိညာ သုံးပါးတို့ကို ပြန်လည်၍ အာရုံယူထားပါ။ ယင်းရှင်းလင်းချက်တို့မှာ သုတ်မဟာဝါအဋ္ဌကထာ[မှတ်စု ၁၄]နှင့် သုတ်မဟာဝါဋီကာ[မှတ်စု ၁၅]တို့က ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို လောကီပရိညာ သုံးပါး, လောကုတ္တရာပရိညာ သုံးပါးတို့ဖြင့် ပိုင်းပိုင်းခြားခြား ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း မသိမမြင်က အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ကို မရရှိနိုင်ကြောင်းကို ရှင်းလင်းဖွင့်ဆိုထားသော စကားရပ်တို့ပင် ဖြစ်ကြသည်။
နာမရူပပရိစ္ဆေဒဉာဏ်ဖြင့် ပိုင်းခြားသိရမည့် ရုပ်တရား နာမ်တရား၊ ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် ပိုင်းခြားသိရမည့် အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်ပုံ သဘောတရား - ဤသဘောတရား နှစ်မျိုးတို့ကား အနု အနု ဗုဇ္ဈနေန (= ဗုဇ္ဈနဋ္ဌေန) အနုဗောဓော - ဟူသော သုတ်မဟာဝါဋီကာ၏ ရှင်းလင်းဖွင့်ဆိုသည့်အတိုင်း တစ်ကြိမ်တစ်ခါ သိရုံမျှဖြင့် လိုရင်းကိစ္စ မပြီးနိုင်ဘဲ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ သိပါမှ လိုရင်းကိစ္စ ပြီးစီးနိုင်သော ကြောင့် ယင်းနာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးကို အနုဗောဓဉာဏ်ဟု ခေါ်ဆို၏၊ ယင်းအနုဗောဓ ဉာဏ်ဖြင့် သိမှုကို အနုဗောဓသိဟု ဆိုခြင်း ဖြစ်သည်။ ဉာတပရိညာသိတည်း။
တစ်ဖန် တီရဏပရိညာ ပဟာနပရိညာ ပညာတို့ဖြင့် သိမှုကို ပဋိဝေဓသိဟု ခေါ်ဆိုပေသည်။ ဝိပဿနာဉာဏ် တို့ကား နိစ္စသညာစသည့် ကိလေသာတို့ကို တဒင်္ဂအားဖြင့်သာ ပယ်စွန့်နိုင်၍ အပြီးတိုင် အမြစ်ပြတ် သမုစ္ဆေဒအားဖြင့် မပယ်စွန့်နိုင်သောကြောင့် ဤသို့ တဒင်္ဂပယ်စွန့်နိုင်ခြင်းတည်းဟူသော အကြောင်းပရိယာယ်အားဖြင့်သာလျှင် ပဟာန ပရိညာဟူသော အမည်ကို ရရှိကြသည်။ အလားတူပင် အရိယမဂ်တရားသည်လည်း အသမ္မောဟပဋိဝေဓသဘော အားဖြင့်သာလျှင် ယင်းရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရား (= ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား) တို့ကို လည်းကောင်း, ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကိုလည်းကောင်း ထိုးထွင်း သိသောကြောင့် ဤသို့ အသမ္မောဟပဋိဝေဓသဘောအားဖြင့် ထိုးထွင်းသိမြင်ခြင်းဟူသော အကြောင်းပရိယာယ်အားဖြင့် သာလျှင် ဉာတပရိညာ တီရဏပရိညာဟူသော အမည်ကို ရရှိပေသည်။ မုချအားဖြင့်ကား အရိယမဂ်တရားသည် သာလျှင် ကိလေသာတို့ကို အကြွင်းမဲ့ အမြစ်ပြတ် သမုစ္ဆေဒအားဖြင့် ပယ်စွန့်နိုင်သောကြောင့် ပဟာနပရိညာဟူသော အမည်ကို ရရှိပေသည်။ ထို့ကြောင့် ဒုက္ခသစ္စာ အမည်ရသည့် ရုပ်တရား နာမ်တရား၊ သမုဒယသစ္စာ အမည်ရသည့် ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို တီရဏပရိညာ ပဟာနပရိညာ ပညာတို့ဖြင့် မဂ်ဆိုက် ဖိုလ်ဆိုက်သည့်တိုင်အောင် ကမ်းကုန်အောင် ထွင်းဖောက်သိမြင်မှုကို ပဋိဝေဓသိဟု ခေါ်ဆိုပေသည်။
အတိတ်-အနာဂတ်-ပစ္စုပ္ပန် ကာလသုံးပါး အတွင်း၌ တည်ရှိကြသော အဝိဇ္ဇာ သင်္ခါရ စသော ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ကို ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲဟူသော ရုပ်ဃန နာမ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဆိုက်အောင် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ခြင်းသည်လည်းကောင်း, ယင်း အဝိဇ္ဇာစသော အကြောင်းတရားတို့၏ သင်္ခါရစသော အကျိုးတရားတို့နှင့် ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ခြင်းသည်လည်းကောင်း ရှိ၏၊ ဤအသိဉာဏ် နှစ်မျိုးသည်ကား အနုဗောဓသိတည်း။ ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တ အခြင်းအရာတို့ကို မဂ်ဆိုက် ဖိုလ်ဆိုက်သည့်တိုင်အောင် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ခြင်းကား ပဋိဝေဓသိတည်း။ ယင်းအနုဗောဓသိ ပဋိဝေဓသိဟူသော အသိ နှစ်မျိုးဖြင့် ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ဟုတ်တိုင်းမှန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ပါက ယောဂါဝစရပုဂ္ဂိုလ်သည် မည်သည့်နည်းနှင့်မျှ သံသရာခရီးခဲမှ ကျော်လွှားလွန်မြောက်နိုင်မည် မဟုတ်ပေ၊ သိပါမှသာလျှင် သံသရာခရီးခဲမှ ကျော်လွှားလွန်မြောက်နိုင်မည် ဖြစ်ပေသည်။ ထို့ကြောင့် သံသရာဝဋ်ဆင်းရဲဒုက္ခကြီးမှ လှလှကြီး ဝဝကြီး ကျော်လွှား လွန်မြောက်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို အနုဗောဓသိ ပဋိဝေဓသိတို့ဖြင့် သိအောင် ကြိုးစားအားထုတ်လေရာသည်။ ယင်းသို့ ကြိုးစားအားထုတ်ရာ၌ ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းဟု အမည် တပ်ထားသော အားထုတ်စဉ် လုပ်ငန်းခွင်က စ၍ ရေးသားတင်ပြပေအံ့ ..။
- ↑ မာ ဟေဝံ အာနန္ဒ အဝစ၊ မာ ဟေဝံ အာနန္ဒ အဝစ။ ဂမ္ဘီရော စာယံ အာနန္ဒ ပဋိစ္စသမုပ္ပါဒေါ ဂမ္ဘီရာဝဘာသော စ၊ ဧတဿ အာနန္ဒ ဓမ္မဿ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမယံ ပဇာ တန္တာကုလကဇာတာ ကုလဂဏ္ဌိကဇာတာ မုဉ္စပဗ္ဗဇဘူတာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ သံသာရံ နာတိဝတ္တတိ။ (ဒီ၊၂၊၄၇။)
အနနုဗောဓာတိ ဉာတပရိညာဝသေန အနနုဗုဇ္ဈနာ။ အပ္ပဋိဝေဓာတိ တီရဏပ္ပဟာနပရိညာဝသေန အပ္ပဋိဝိဇ္ဈနာ။ (ဒီ၊ဋ္ဌ၊၂၊၈၅၊၊) - ↑ (အဘိ၊ဋ္ဌ၊၂၊၁၈၉။ ဝိသုဒ္ဓိ၊၂၊၂၂၁။)
- ↑ ထေရဿ ဟိ စတူဟိ ကာရဏေဟိ ဂမ္ဘီရောပိ ပဋိစ္စသမုပ္ပါဒေါ ဥတ္တာနောတိ ဥပဋ္ဌာတိ။ ကတမေဟိ စတူဟိ၊ ပုဗ္ဗူပနိဿယသမ္ပတ္တိယာ၊ တိတ္ထဝါသေန၊ သောတာပန္နတာယ၊ ဗဟုဿုတဘာဝေနာတိ။ (ဒီ၊ဋ္ဌ၊၂၊၇၈။)
- ↑ (စာမျက်နှာ၊၆၄၃။)
- ↑ ဒွါသီတိ ဗုဒ္ဓတော ဂဏှိံ၊ ဒွေ သဟဿာနိ ဘိက္ခုတော။
- ↑ (မ၊၁၊၂၄၂-၂၄၉၊ စာပိုဒ်၊၃၀၀-၃၀၆။)
- ↑ (မ၊၁၊၃၆၅-၃၇၃၊ စာပိုဒ်၊၄၄၉-၄၅၉။)
- ↑ (မ၊၁၊၁၉၉-၂၀၅၊ စာပိုဒ်၊၂၅၂-၂၆၀။)
- ↑ (သံ၊၂၊၈၆-၈၇၊ စာပိုဒ်၊၈၃။)
- ↑ (ဒီ၊ဋ္ဌ၊၂၊၈၃။)
- ↑ သောတာပန္နာနဉ္စ နာမ ပစ္စယာကာရော ဥတ္တာနကောဝ ဟုတွာ ဥပဋ္ဌာတိ၊ အယဉ္စ အာယသ္မာ သောတာပန္နော။ (ဒီ၊ဋ္ဌ၊၂၊၈၃၊၊) သောတာပန္နာနဉ္စ။ ပ။ ဥပဋ္ဌာတိ တတ္ထ သမ္မောဟဝိဒ္ဓံသနေန၊ “ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မ”န္တိ အတ္တပစ္စက္ခဝသေန ဥပဋ္ဌာနတော။ (ဒီ၊ဋီ၊၂၊၈၄။)
- ↑ ဗဟုဿုတာနဉ္စ စတုဟတ္ထေ ဩဝရကေ ပဒီပေ ဇလမာနေ မဉ္စပီဌံ ဝိယ နာမရူပပရိစ္ဆေဒေါ ပါကဋော ဟောတိ၊ အယဉ္စ အာယသ္မာ ဗဟုဿုတာနံ အဂ္ဂေါ ဟောတိ၊ ဗာဟုဿစ္စာနုဘာဝေနပိဿ ဂမ္ဘီရောပိ ပစ္စယာကာရော ဥတ္တာနကော ဝိယ ဥပဋ္ဌာသိ။ (ဒီ၊ဋ္ဌ၊၂၊၈၃။)
နာမရူပပရိစ္ဆေဒေါတိ သဟ ပစ္စယေန နာမရူပဿ ပရိ စ္ဆိဇ္ဇ အဝဗောဓော။ (ဒီ၊ဋီ၊၂၊၈၄။) - ↑ ကတမဉ္စ ဘိက္ခဝေ သုတဓနံ၊ ဣဓ ဘိက္ခဝေ အရိယသာဝကော ဗဟုဿုတော ဟောတိ သုတဓရော သုတသန္နိစယော၊ ယေ တေ ဓမ္မာ အာဒိကလျာဏာ မဇ္ဈေကလျာဏာ ပရိယောသာနကလျာဏာ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ အဘိဝဒန္တိ၊ တထာရူပါဿ ဓမ္မာ ဗဟုဿုတာ ဟောန္တိ ဓာတာ ဝစသာ ပရိစိတာ မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ သုတဓနံ။ (အံ၊၂၊၃၉၉။)
ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ။ (အံ၊ဋ္ဌ၊၂၊၃၆၄။)
သုပ္ပဋိဝိဒ္ဓါတိ နိဇ္ဇဋံ နိဂ္ဂုမ္ဗံ ကတွာ သုဋ္ဌု ယာထာဝတော ပဋိဝိဒ္ဓါ။ (အံ၊ဋီ၊၂၊၃၆၂။) - ↑ အနနုဗောဓာတိ ဉာတပရိညာဝသေန အနနုဗုဇ္ဈနာ။ အပ္ပဋိဝေဓာတိ တီရဏပ္ပဟာနပရိညာဝသေန အပ္ပဋိဝိဇ္ဈနာ။ (ဒီ၊ဋ္ဌ၊၂၊၈၅၊၊)
- ↑ နာမရူပပရိစ္ဆေဒေါ, တဿ စ ပစ္စယပရိဂ္ဂဟော န ပဌမာဘိနိဝေသမတ္တေန ဟောတိ၊ အထ ခေါ တတ္ထ အပရာပရံ ဉာဏုပ္ပတ္တိသညိတေန အနု အနု ဗုဇ္ဈနေန၊ တဒုဘယာဘာဝံ ပန ဒေဿန္တော “ဉာတပရိညာဝသေန အနနုဗုဇ္ဈနာ”တိ အာဟ။ နိစ္စသညာဒီနံ ပဇဟနဝသေန ဝတ္တမာနာ ဝိပဿနာ ဓမ္မေ စ ပဋိဝိဇ္ဈန္တီ ဧဝ နာမ ဟောတိ ပဋိပက္ခဝိက္ခမ္ဘနေန တိက္ခဝိသဒဘာဝါပတ္တိတော၊ တဒဓိဋ္ဌာနဘူတာ စ တီရဏပရိညာ၊ အရိယမဂ္ဂေါ စ ပရိညာပဟာနာဘိသမယဝသေန ပဝတ္တိယာ တီရဏပဟာနပရိညာသင်္ဂဟော စာတိ တဒုဘယပဋိဝေဓာဘာဝံ ဒေဿန္တော “တီရဏ။ ပ။ အပ္ပဋိဝိဇ္ဈနာ”တိ အာဟ။ (ဒီ၊ဋီ၊၂၊၈၉-၉၀။)