နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း(နာမ်ပိုင်း)

ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် စတုရာရက္ခဟူသော အစောင့် (၄)ပါး ကမ္မဋ္ဌာန်းများကို ပွားများထားပြီးသူ ဖြစ်ပါက ဘုရားရှင်၏ ဂုဏ်တော်လျှင် အာရုံရှိသည့် မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များကိုလည်း သိမ်းဆည်းရမည် ဖြစ်သည်။ ဇောနာမ်တရားတို့မှာ သဒ္ဓါ-ပညာအုပ်စု နာမ်တရားတို့ပင် ဖြစ်ကြသည်။ ဤ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် ဥပစာရသမာဓိကိုသာ ရွက်ဆောင်ပေးတတ်သည့် ဥပစာရကမ္မဋ္ဌာန်းသာ ဖြစ်သည့်အတွက် ဇော (၇)ကြိမ်သာ ကျသည်။ ဇော၏နောင်၌ တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏၊ ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်တို့ကား လောကီ လောကုတ္တရာ ရောနှောလျက် ရှိကြ၏၊ ပုံစံအားဖြင့်ဆိုရသော် ဘုရားရှင်၏ ဒါနဂုဏ်ကျေးဇူးတော်, သီလဂုဏ်ကျေးဇူးတော်, ဥပစာရသမာဓိသို့ တိုင်အောင်သော သမာဓိဂုဏ်ကျေးဇူးတော်, ဝိပဿနာဉာဏ်တည်းဟူသော ပညာဂုဏ်ကျေးဇူးတော်, ဒေသနာဉာဏ်တော် သဗ္ဗညုတဉာဏ်တော် စသည်တို့ကား တရားကိုယ်အားဖြင့် မဟာကြိယာ ဉာဏသမ္ပယုတ် အသင်္ခါရိကဇော စိတ်အစဉ်တို့ ဖြစ်ကြ၏၊ ကာမာဝစရတရားတည်း။ ယင်းဂုဏ်တော်တို့ကို အာရုံယူ၍ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့သော် အာရုံမှာ ကာမအာရုံ ဖြစ်ခြင်းကြောင့် စီးဖြန်းနေသော ယောဂါဝစရပုဂ္ဂိုလ်၏ မဟာကုသိုလ်ဇောနောင်၌ တဒါရုံ ကျနိုင်ခွင့်ရှိ၏၊ ယင်းအာရုံမှာ ဝိဘူတာရုံ ဖြစ်က တဒါရုံ ကျနိုင်၏၊ အဝိဘူတာရုံဖြစ်က တဒါရုံ မကျနိုင်။ သို့သော် .. ဘုရားရှင်၏ ဂုဏ်တော်ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ထိုးဖောက်နိုင်ဖို့ကား ခဲယဉ်းလှပေ၏၊

တစ်ဖန် ဘုရားရှင်၏ အပ္ပနာစျာန် သမာဓိဂုဏ်ကျေးဇူးတော်, အဘိညာဏ်ဂုဏ်ကျေးဇူးတော်တို့ကား မဟဂ္ဂုတ် ကြိယာတရားတို့တည်း။ ဘုရားရှင်၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကား လောကုတ္တရာ ပညာဂုဏ်ကျေးဇူးတော်တို့တည်း။ ယင်း မဟဂ္ဂုတ် လောကုတ္တရာတည်းဟူသော သမာဓိဂုဏ်ကျေးဇူးတော် ပညာဂုဏ်ကျေးဇူးတော်တို့ကို အာရုံယူ၍ ဗုဒ္ဓါနုဿတိ ဂုဏ်တော်ကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့သော် စီးဖြန်းနေသော ယောဂါဝစရပုဂ္ဂိုလ်၏ မဟာကုသိုလ်ဇောနောင်၌ အာရုံမှာ ကာမအာရုံ မဟုတ်ခြင်းကြောင့် တဒါရုံ ကျခွင့်မရှိပေ။ တဒါရုံ ကျခဲ့သော် သဟိတ်တဒါရုံ အဟိတ်တဒါရုံ ထိုက်သလို ကျနိုင်၏၊ သို့သော် - အတိဣဋ္ဌေ ပန သောမနဿသဟဂတာနေဝ သန္တီရဏတဒါရမ္မဏာနိ - - ဟူသည်နှင့် အညီ ဘုရားရှင်ဂုဏ်တော်များမှာ အတိဣဋ္ဌာရုံ ဖြစ်၍ သောမနဿတဒါရုံ (၅)မျိုးသာ ထိုက်သလို ကျနိုင်သည်။[မှတ်စု ၁]

  1. မှတ်ချက်---- ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းဝယ် ဥပေက္ခာဇောနောင်၌ သောမနဿတဒါရုံ ကျဖို့ရာမှာ အလွန်ခက်ခဲဖွယ်ရာ ရှိပေသည်။ အတိဣဋ္ဌာရုံ ဖြစ်နေသဖြင့် ဥပေက္ခာဇောနောင်၌ ဥပေက္ခာတဒါရုံလည်း ကျခွင့်မရှိ ဖြစ်သည်။ လက်တွေ့ သေချာအောင် သိမ်းဆည်းရှုပွားပါ။