နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဘင်္ဂဉာဏ်ခန်း

ဘင်္ဂဉာဏ်ခန်း

ဘင်္ဂဉာဏ်သို့

ဤသို့လျှင် ဣရိယာပုထ်လေးပါးလုံး၌ သင်္ခါရတရားတို့ကို တွင်တွင်ကြီး ဝိပဿနာ ရှုနေသဖြင့် ရှေးရှေး ဘာဝနာဉာဏ်နှင့် နောက်နောက် ဘာဝနာဉာဏ်တို့သည် ဆက်စပ်မိနေကြရကား ဝိပဿနာဉာဏ်သည်လည်း အလွန် အားကောင်းလာ၏ အရှိန်ကောင်းလာ၏ ထက်မြက်လာ၏ စူးရှလာ၏ ရဲရင့်လာ၏ သန့်ရှင်းသထက် သန့်ရှင်းလာ၏၊ ထိုသို့ ဝိပဿနာဉာဏ်သည် ထက်မြက်စူးရှ ရဲရင့်သန့်ရှင်းလာခဲ့သော် ယင်းသင်္ခါရတရားတို့၏ အဖြစ်ကို နှလုံး မသွင်းတော့ဘဲ အပျက်ကိုသာ တစ်ဘက်သတ် နှလုံးသွင်းခဲ့သော် ..

၁။ ဥပ္ပါဒ = သင်္ခါရတို့၏ ဖြစ်မှုအခြင်းအရာ ဥပါဒ်ကိုလည်းကောင်း,
၂။ ဌိတိ = သင်္ခါရတို့၏ တည်မှုအခြင်းအရာ ဌီကိုလည်းကောင်း,
၃။ နိမိတ္တ = ရုပ်ကလာပ်ကဲ့သို့သော သင်္ခါရနိမိတ်ကိုလည်းကောင်း,
၄။ ပဝတ္တ = ဥပါဒိန္နကပဝတ္တ = အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံ ဥပါဒိန္နကပဝတ္တကို လည်းကောင်း –

နှလုံးမသွင်းခြင်းကြောင့် ဝိပဿနာဉာဏ်သည် မသက်ရောက်တော့ပေ။ ရှေးရှေးသော ဝိပဿနာဘာဝနာ ဉာဏ်တို့၏ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကြီးကို ဆက်ခံ လာခဲ့ရသော နောက်နောက်သော ဝိပဿနာဉာဏ်တို့နှင့် ယှဉ်တွဲလျက် ရှိသော သတိသည် သင်္ခါရတရားတို့၏ ကုန်မှု ပျက်မှု ပြိုမှု ချုပ်မှု သဘော၌သာလျှင် ကောင်းစွာတည်နေပေ၏၊[မှတ်စု ၁] (သတိကို ဦးတည်၍ ဉာဏ်ကို ဖွင့်ဆိုခြင်း ဖြစ်သည်။) ထိုအခါ ..

၁။ အနိစ္စံ ခယဋ္ဌေန = သင်္ခါရတရားတို့၏ ကုန်မှု ပျက်မှု ပြိုမှု ချုပ်မှု သဘောကို အာရုံယူ၍ ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အနိစ္စ အနိစ္စ ဟု ရှုပါ။
၂။ ဒုက္ခံ ဘယဋ္ဌေန = သင်္ခါရတရားတို့၏ ကုန်ကုန် ပျက်ပျက် ပြိုပြို ချုပ်ချုပ် ပျောက်ပျောက်နေသဖြင့် ကြောက်လန့်ဖွယ်ကောင်းသည့် အနက်သဘောကို အာရုံယူ၍ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဒုက္ခ ဒုက္ခဟု ရှုပါ။
၃။ အနတ္တာ အသာရကဋ္ဌေန = သင်္ခါရတရားတို့၌ ခိုင်မာသည့် အနှစ်သာရ အတ္တမရှိမှုသဘောကို အာရုံယူ၍ ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အနတ္တ အနတ္တဟု ရှုပါ။
၄။ ရံခါ အသုဘသဘောကိုလည်း ရှုပါ။

သတိပြုရန်

ထိုသို့ သင်္ခါရတရားတို့၏ အပျက်သက်သက်ကို အာရုံယူ၍ လက္ခဏာယာဉ်တင်၍ ဝိပဿနာရှုရာ၌ သင်္ခါရ တရားတို့၏ ပျက်မှုသဘောကား မြန်ချင်သလောက် မြန်ပါစေ၊ အနိစ္စဟု (သို့မဟုတ် – ဒုက္ခဟု, သို့မဟုတ်-အနတ္တဟု) လက္ခဏာရေးတင်၍ ဝိပဿနာရှုမှုမှာ ခပ်ဖြည်းဖြည်းသာ ရှုပါ။ ဝီထိပေါင်းများစွာ၏ သို့မဟုတ် စိတ္တက္ခဏပေါင်း များစွာ၏ သို့မဟုတ် ခဏပေါင်းများစွာသော ရုပ်တရား၏ ပျက်မှုသဘောကို မြင်ချင် မြင်နေပါစေ၊ မြင်နိုင်သမျှ စိတ္တက္ခဏတိုင်း ရုပ်ခဏတိုင်း၏ ပျက်မှုတိုင်းကို အနိစ္စဟု လက္ခဏာယာဉ်တင်၍ အမှီလိုက်ရှုရန် မဟုတ်ပါ။ စိတ္တက္ခဏပေါင်းများစွာ ရုပ်ခဏပေါင်းများစွာ၏ ပျက်မှုကို အာရုံယူ၍ အနိစ္စ အနိစ္စဟု – ဤသို့ စသည်ဖြင့် ခပ်ဖြည်းဖြည်းသာ လက္ခဏာယာဉ်တင်၍ ရှုပါ။ ဒုက္ခ အနတ္တတို့၌လည်း နည်းတူမှတ်ပါ။ ဆိုလိုသည်မှာ သင်္ခါရတရား တို့၏ အပျက်ကိုကား လျင်လျင်မြန်မြန် မြင်အောင် ရှုပါ၊ လက္ခဏာတင်၍ ရှုခြင်းကိုသာ ခပ်ဖြည်းဖြည်း ခပ်အေးအေး တင်ရှုပါ၊ ကာလသုံးပါး သန္တာန်နှစ်ပါးလုံးတို့၌ ရုပ်နာမ်နှစ်ပါးနည်း ခန္ဓာငါးပါးနည်း စသည်တို့ဖြင့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။

ရုပ်ကလာပ်များ ပျောက်ပြီ

ယောဂါဝစရပုဂ္ဂိုလ်သည် ဒိဋ္ဌိဝိသုဒ္ဓိစခန်း နာမရူပပရိစ္ဆေဒဉာဏ်ပိုင်းမှ စ၍ ရုပ်တရား နာမ်တရားတို့ကို ရုပ်ဃန နာမ်ဃန = ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲများပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ဝိပဿနာ ရှုပွားလာရာ ယခုအခါ ဘင်္ဂဉာဏ်ခန်းသို့ ရောက်ရှိ ပြီဖြစ်၏၊ ဘင်္ဂဉာဏ်သို့ မရောက်မီ အခန်းအသီးအသီး၌ကား –

၁။ ဥပ္ပါဒ – အကြောင်း ရုပ်နာမ်သင်္ခါရ, အကျိုး ရုပ်နာမ်သင်္ခါရဟူသော သင်္ခါရတရားတို့၏ ဖြစ်မှု ဥပါဒ်သဘော ကိုလည်း တွေ့မြင်နေရသေး၏၊
၂။ ဌိတိ – ထိုသင်္ခါရတရားတို့၏ အခိုက်အတန့်အားဖြင့် တည်မှု ဌီသဘော = ဇရာသဘောကိုလည်း တွေ့မြင် နေရသေး၏၊
၃။ ပဝတ္တ – ဥပါဒိန္နကပဝတ္တ[မှတ်စု ၂] ဘဝပဝတ္တိ[မှတ်စု ၃] ဟူသော အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရားတို့၏ ထင်ရှားဖြစ်ခြင်းဟူသော ဘဝ၏ ဖြစ်ခြင်းသဘောတရားများကိုလည်း တွေ့မြင်နေရသေး၏၊
၄။ နိမိတ္တ – ရုပ်ဃန နာမ်ဃနဟူသော ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲများကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွားနေသော်လည်း ရံခါ မရှုလိုက်မိ မရှုလိုက်နိုင်သော ရုပ်ကလာပ် နာမ်ကလာပ်အချို့လည်း ရှိနေတတ်သေး၏၊ ရုပ်ကလာပ် နာမ်ကလာပ်တို့၏ အလွန့်အလွန် များပြားမှု လျင်လျင်မြန်မြန် ဖြစ်ပေါ်မှုများကြောင့် ဖြစ်၏၊ မရှုလိုက်မိ မရှုလိုက်နိုင်သော ရုပ်ကလာပ် နာမ်ကလာပ်များ၌ သမူဟဃန ကိစ္စဃန စသည့် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲဟူသော အတုံးအခဲဃနများ မပြိုသဖြင့် ရုပ်ကလာပ် နာမ်ကလာပ်အတိုင်း = အသေးဆုံး အတုံးလိုက် အခဲလိုက်အတိုင်း တွေ့နေရတတ်သေး၏၊ နိမိတ္တကို တွေ့ခြင်းတည်း။ သင်္ခါရတို့၏ တည်ရာ အမှတ်နိမိတ်များတည်း၊၊[မှတ်စု ၄]

သို့သော် ဤဘင်္ဂဉာဏ်ခန်းသို့ ဆိုက်ရောက်လာသောအခါ၌ကား ဝိပဿနာဉာဏ်က အလွန် ထက်မြက် စူးရှ သန့်ရှင်းလာသောကြောင့် သင်္ခါရတရားတို့သည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ အလွန်လျင်လျင်မြန်မြန် ထင်လာ လတ်ကုန်သော် ..

၁။ ဥပ္ပါဒ – သင်္ခါရတရားတို့၏ ဖြစ်မှုဥပါဒ်သဘောကိုလည်း ဉာဏ်ဖြင့် မှီအောင် မလိုက်နိုင် ရှိနေ၏၊
၂။ ဌိတိ – သင်္ခါရတရားတို့၏ တည်မှုဌီသဘော = ဇရာသဘောကိုလည်း ဉာဏ်ဖြင့် မှီအောင် မလိုက်နိုင် ရှိနေ၏၊
၃။ ပဝတ္တ – အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်းကြောင့် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာစသော အကျိုးဝိပါက်ခန္ဓာငါးပါးတို့၏ ထင်ရှားဖြစ်ပေါ်လာခြင်း ဟူသော ဘဝပဝတ္တိ = ဘဝ၏ဖြစ်ခြင်းသဘောကိုလည်း ဉာဏ်ဖြင့် မှီအောင် မလိုက်နိုင် ရှိနေ၏၊ အဘယ်ကြောင့်နည်းဟူမူ

န သမ္ပာပုဏာတိအဂ္ဂဟဏတော[မှတ်စု ၅] –– ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်က ဖြစ်မှုဥပါဒ်ကို အာရုံ မယူတော့ဘဲ ပျက်မှု ဘင်သက်သက်ကိုသာ အာရုံယူနေသောကြောင့် ယင်းသင်္ခါရတရားတို့၏ အဖြစ်ကို မမြင်တော့ဘဲ အပျက်ကိုသာ မြင်နေရကား အကြောင်းသင်္ခါရတရား အကျိုးသင်္ခါရတရားတို့၏ ဖြစ်မှု ဥပါဒ်သဘော, တည်မှု ဌီသဘောသို့ပင် ဉာဏ်သည် မသက်ဝင်နိုင်တော့ဘဲ ယင်း အကြောင်းအကျိုး သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ကုန်ကုန်ပျက်ပျက် ပြိုပြိုပျောက်ပျောက်နေသော ခဏိကနိရောဓခေါ် ချုပ်ပျက်မှုသဘော၌သာ ဉာဏ်သည် သက်ဝင်၍ ကောင်းစွာ တည်နေသောကြောင့် ဖြစ်သည်။ အဖြစ်ကို အာရုံမယူခြင်းကြောင့် အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်း အကျိုးတရားတို့၏ ထင်ရှားဖြစ်ခြင်းဟူသော ဥပါဒ်သဘောသို့ပင် ဝိပဿနာဉာဏ်သည် မသက်ဝင်နိုင် ဖြစ်နေသဖြင့် အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ခြင်းဟူသော – ဥပါဒိန္နကပဝတ္တသဘော = ပစ္စယတော ဥဒယဒဿနသဘောသို့လည်း ဝိပဿနာဉာဏ်သည် မသက်ဝင်နိုင်တော့ပေ။

၄။ နိမိတ္တ – တစ်ဖန် ဤဘင်္ဂဉာဏ်ခန်း၌ ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်က အလွန် ထက်မြက်စူးရှ လာသောကြောင့် သမူဟဃန ကိစ္စဃနများ မပြိုသေးသော ရုပ်တုံးရုပ်ခဲများကိုလည်း မတွေ့မြင်ရတော့ပေ။ အကြောင်းမူ သဝိဂ္ဂဟဟူသော အထည်ကိုယ် သဏ္ဌာန်ဒြပ် ရှိသကဲ့သို့သော အသေးဆုံး အတုံးအခဲဖြစ်သည့် ရုပ်ကလာပ်အမှုန်များကို လည်းကောင်း, နာမ်ကလာပ်များကိုလည်းကောင်း သင်္ခါရတရားဟု သိကြောင်း အမှတ်အသားများ ဖြစ်ခြင်းကြောင့် သင်္ခါရနိမိတ်ဟု ခေါ်သည်။ ယင်းသင်္ခါရနိမိတ်များကိုလည်း ဝိပဿနာဉာဏ်က မတွေ့မြင်တော့ပေ။ ဘင်္ဂါနုပဿနာဉာဏ်က ကုန်ကုန်ပျက်ပျက် ပြိုပြိုပျောက်ပျောက် ချုပ်ချုပ်နေသည့် ခဏိကနိရောဓသို့ ဆိုက်ရောက်သော ရုပ်သဘော တရားသက်သက် နာမ်သဘောတရားသက်သက်ကိုသာ တွေ့မြင်နေသောကြောင့် ဖြစ်သည်။ ရုပ်ကလာပ် နာမ်ကလာပ် ဟူသော အတုံးအခဲများကို ဝိပဿနာဉာဏ်ဖြင့် မတွေ့မြင်ရသော်လည်း ရုပ်ပရမတ်သဘောတရား နာမ်ပရမတ်သဘော တရားတို့ကား ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးယခင်ဉာဏ်ခန်းများနှင့် မတူဘဲ ဤဘင်္ဂဉာဏ်ခန်းတွင် သန့်သန့်ရှင်းရှင်းနှင့် အလွန့်အလွန်ပင် ထင်ထင်ရှားရှား တွေ့မြင်နေတတ်ပေသည်။ ပရမတ်နယ်သက်သက်သို့ ခြေစုံပစ်၍ ဝင်ရောက် လာခြင်းပင် ဖြစ်သည်။

ထိုအချိန်တွင် ဤအဆင့်သို့တိုင်အောင် ရောက်ရှိလာသော သင်္ခါရတရားတို့၏ အလွန့်အလွန် လျင်လျင်မြန်မြန် ပြိုပြိုပျက်ပျက်နေမှုသဘောကို တွေ့မြင်နေသော ယောဂီသူတော်ကောင်းသည် ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ..

၁။ ရုပ်တရားသက်သက်ကိုလည်းကောင်း,
၂။ နာမ်တရားသက်သက်ကိုလည်းကောင်း,
၃။ ရုပ်နှင့် နာမ် တွဲ၍လည်းကောင်း – လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ တွင်တွင်ကြီး ဝိပဿနာရှုပါ။

အလားတူပင် ခန္ဓာငါးပါးနည်းဖြင့်လည်း အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကိုလည်း ခန္ဓာတစ်ပါး တစ်ပါးစီ ခွဲ၍ လက္ခဏာရေး သုံးတန် တစ်လှည့်စီတင်ကာ တွင်တွင်ကြီး ဝိပဿနာရှုပါ။[မှတ်စု ၆]

  1. ဉာဏေ တိက္ခေ ဝဟန္တေ သင်္ခါရေသု လဟုံ ဥပဋ္ဌဟန္တေသု ဥပ္ပါဒံ ဝါ ဌိတိံ ဝါ ပဝတ္တံ ဝါ နိမိတ္တံ ဝါ န သမ္ပာပုဏာတိ။ ခယဝယဘေဒနိရောဓေယေဝ သတိ သန္တိဋ္ဌတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၇။) န သမ္ပာပုဏာတိ အဂ္ဂဟဏတော။ (မဟာဋီ၊၂၊၄၃၉။)
  2. (မဟာဋီ၊၂၊၄၃၉။)
  3. (မဟာဋီ၊၂၊၄၄၇၊၊)
  4. နိမိတ္တန္တိ သင်္ခါရနိမိတ္တံ၊ ယံ သင်္ခါရာနံ သမူဟာဒိဃနဝသေန, သကိစ္စပရိစ္ဆေဒတာယ စ သဝိဂ္ဂဟာနံ ဝိယ ဥပဋ္ဌာနံ၊ တံ သင်္ခါရနိမိတ္တံ။ (မဟာဋီ၊၂၊၄၃၉။)
  5. ဉာဏေ တိက္ခေ ဝဟန္တေ သင်္ခါရေသု လဟုံ ဥပဋ္ဌဟန္တေသု ဥပ္ပါဒံ ဝါ ဌိတိံ ဝါ ပဝတ္တံ ဝါ နိမိတ္တံ ဝါ န သမ္ပာပုဏာတိ။ ခယဝယဘေဒနိရောဓေယေဝ သတိ သန္တိဋ္ဌတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၇။) န သမ္ပာပုဏာတိ အဂ္ဂဟဏတော။ (မဟာဋီ၊၂၊၄၃၉။)
  6. မှတ်ချက်---- သင်္ခါရတရားတို့သည် ဤဘင်္ဂဉာဏ်ခန်းသို့ ရောက်ရှိပါမှ အလွန် လျင်လျင်မြန်မြန် ဖြစ်ပေါ်နေသည်ဟု ဆိုလိုရင်း မဟုတ်သည်ကိုကား သတိပြုပါ။ သင်္ခါရတို့၏ ဓမ္မတာကား မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက် အတွင်းမှာပင် အကြိမ်ပေါင်း ကုဋေပေါင်းများစွာ ဖြစ်နိုင် ပျက်နိုင်သော ဓမ္မတာသဘော ရှိ၏၊ ယင်းသင်္ခါရတရားတို့၏ မူလပုံစံမှန်သဘာဝကို ဝိပဿနာဉာဏ်များ မထက်မြက် မစူးရှခင်က မသိမမြင်ရသေး။ ယခု ဘင်္ဂဉာဏ်ပိုင်းသို့ ရောက်ရှိပါမှ ဝိပဿနာဉာဏ်များသည် ထက်မြက်စူးရှလာသဖြင့် သင်္ခါရတို့၏ အလွန့်အလွန် လျင်လျင်မြန်မြန် ပြိုပြိုပျက်ပျက်နေမှုကို ဝိပဿနာဉာဏ်ဖြင့် သိမြင်ရခြင်း ဖြစ်သည်ဟုသာ ဆိုလိုရင်းဖြစ်သည်။ တစ်ဖန် ယင်းသင်္ခါရတို့၏ ဥပ္ပါဒ-ဌိတိ-ပဝတ္တ-နိမိတ္တတို့ကို ယောဂါဝစရပုဂ္ဂိုလ်က နှလုံး မသွင်းခြင်းကြောင့်သာ ဉာဏ်ဖြင့်လိုက်၍ မမှီနိုင်ခြင်းဖြစ်၏၊ ဤစကားအရ နှလုံးသွင်းပါက မှီနိုင်သေးသည်ဟုလည်း မှတ်သား ပါလေ။ ဘုရားရှင်သော်မှလည်း ဘုရားဖြစ်တော်မူပြီးနောက် ‘အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ, သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ’ စသည့် အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော်တို့ကိုလည်းကောင်း၊ ‘အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရချုပ်ပုံ, သင်္ခါရချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်ပုံ’ စသည့် ပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော်တို့ကိုလည်းကောင်း ရှုပွားသုံးသပ်တော်မူနိုင်ကြောင်းကို ဥဒါန်းပါဠိတော် (ဥဒါန၊၇၇။)၌ သင်္ဂါယနာမထေရ်မြတ်တို့က မှတ်တမ်းတင်ထားတော်မူကြသည်။