နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဣရိယာပထနှင့် သမ္ပဇညပိုင်း ရှုကွက်

ဣရိယာပထနှင့် သမ္ပဇညပိုင်း ရှုကွက်

သွား ရပ် ထိုင် လျောင်း – တည်းဟူသော ဣရိယာပထပိုင်းနှင့် ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း ကွေးခြင်း ဆန့်ခြင်း စသော ထိုထိုသမ္ပဇညအခိုက်တို့၌ ခန္ဓာငါးပါး = ရုပ်တရား နာမ်တရားတို့ကို သိမ်းဆည်းပုံကို ရှေ့သဘောတရားရေးရာအပိုင်း[မှတ်စု ၁] စသည်တို့တွင် ရေးသားတင်ပြခဲ့ပြီးလေပြီ။ ယင်းခန္ဓာငါးပါး ရုပ်တရား နာမ်တရား တို့ကိုပင် တစ်ဖန်ပြန်၍ သိမ်းဆည်းလျက် ..

၁။ ရုပ်နာမ်နှစ်ပါးနည်းဖြင့် (၂)ပုံ ပုံ၍လည်းကောင်း,
၂။ ခန္ဓာငါးပါးနည်းဖြင့် (၅)ပုံ ပုံ၍လည်းကောင်း,
၃။ အာယတန (၁၂)ပါးနည်းဖြင့် (၁၂)ပုံ ပုံ၍လည်းကောင်း,
၄။ ဓာတ် (၁၈)ပါးနည်းဖြင့် (၁၈)ပုံ ပုံ၍လည်းကောင်း,
၅။ အင်္ဂါ (၁၂)ရပ်ပုံ၍ ပဋိစ္စသမုပ္ပါဒ်နည်းဖြင့်လည်းကောင်း –

ဤသို့ စသော နည်းတို့ဖြင့် ဝိပဿနာ ရှုပါ။ အကယ်၍ ရုပ်နာမ် (၂)ပါးနည်းဖြင့် ဝိပဿနာရှုလိုက ..

၁။ ရုပ်သက်သက်ကိုလည်းကောင်း,
၂။ နာမ်သက်သက်ကိုလည်းကောင်း,
၃။ ရုပ်နှင့် နာမ်ကို ပူးတွဲ၍လည်းကောင်း –

လက္ခဏာယာဉ် သုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။ ကာလသုံးပါး, သန္တာန်နှစ်ပါးလုံး၌ ရှုပါ။ သွားခြင်း စသော ထိုထိုဣရိယာပထအခိုက် ထိုထိုသမ္ပဇညအခိုက်တို့၌ တည်ရှိကြသော ခန္ဓာငါးပါး = ရုပ်တရား နာမ်တရားတို့ကို အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးလုံး၌ ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ယင်းရုပ်နာမ်တို့၏ ဖြစ်ပျက်ကို မြင်ခဲ့သော် လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုနိုင်ခဲ့သော် ပဋိစ္စသမုပ္ပါဒ် ပထမနည်းဖြင့်လည်း ဆက်လက်၍ ဝိပဿနာရှုကြည့်ပါ။

၁။ အဝိဇ္ဇာစသော အကြောင်းတရား ဖြစ်ခြင်းကြောင့် သင်္ခါရစသော အကျိုးတရား ဖြစ်ပုံကိုလည်းကောင်း,
၂။ အဝိဇ္ဇာစသော အကြောင်းတရား ချုပ်ခြင်းကြောင့် သင်္ခါရစသော အကျိုးတရား ချုပ်ပုံကိုလည်းကောင်း,
၃။ အဝိဇ္ဇာစသော အကြောင်းတရား ဖြစ်ခြင်းကြောင့် သင်္ခါရစသော အကျိုးတရားဖြစ်ပုံ, အဝိဇ္ဇာစသော အကြောင်းတရား ချုပ်ခြင်းကြောင့် သင်္ခါရစသော အကျိုးတရား ချုပ်ပုံကိုလည်းကောင်း, ယင်းအကြောင်းတရား အကျိုးတရား နှစ်မျိုးလုံးတို့၏ ဖြစ်ပျက်သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍လည်းကောင်း အသီးအသီး ဝိပဿနာ ရှုပါ။ ကာလသုံးပါး သန္တာန်နှစ်ပါးလုံး၌ ရှုပါ။

ဤသို့ အဝါးဝစွာ ရှုပြီးသောအခါ ရံခါ ယင်းရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ အသုဘသဘောကိုလည်း ရှုပေးပါ။ လက္ခဏာရေးသုံးတန် အကွက်စေ့အောင် ရှုပြီးသောအခါ ကြိုက်ရာ လက္ခဏာတစ်ပါးပါးကို ဦးစားပေး၍ ရှုနိုင်သည်။ ရုပ်နာမ်နှစ်ပါးနည်း ခန္ဓာငါးပါးနည်း – စသည်တို့တွင်လည်း ကြိုက်နှစ်သက်ရာနည်းကို ဦးစားပေး၍ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါလေ။

ဥဒယဗ္ဗယဉာဏ်ခန်း ပြီး၏၊

  1. (စာမျက်နှာ၊၁၂၄ ..စသည်) ၁၂၉