နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဘယဉာဏ်မှ သင်္ခါရုပေက္ခာဉာဏ်သို့


ဘယဉာဏ်မှ သင်္ခါရုပေက္ခာဉာဏ်သို့

ထို အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓဖြစ်သည့် ဘုံသုံးပါးအတွင်း၌ တည်ရှိသော အလုံးစုံသော တေဘူမကသင်္ခါရတရားတို့၏ ကုန်ကုန်ပျက်ပျက် ပြိုပြိုပျောက်ပျောက်သွားခြင်းဟု ဆိုအပ်သော ခဏိကနိရောဓလျှင် အာရုံရှိသော ဘင်္ဂါနုပဿနာဉာဏ်ကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ မှီဝဲပွားများလျက်ရှိသော သင်္ခါရတရားတို့၏ အပျက်ကို မရပ်မနား တရစပ် သိမြင်နေသော အထွတ်အထိပ်သို့ ရောက်ရှိလာသော ဘင်္ဂါနုပဿနာဉာဏ်ဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ထိုသင်္ခါရတရားတို့အပေါ်၌လည်းကောင်း, ဘုံသုံးပါးအတွင်းဝယ် ယင်းရုပ်နာမ်ခန္ဓာတို့၏ ဖြစ်မှုအပေါ်၌လည်းကောင်း မပြတ်မစဲ အဖန်တလဲလဲ ပျက်မှုဒဏ်ချက်ဖြင့် အညှဉ်းပန်း အနှိပ်စက်ခံရခြင်း ဒုက္ခသဘော ၏ အလွန်လျှင် ထင်နေသည်၏ အဖြစ်ကြောင့် ငြိမ်သက်သော သုခဟု သမုတ်အပ်ကုန်သော ရူပ အရူပ ဘဝတို့သည် သော်လည်း ကြောက်မက်ဖွယ် ဒုက္ခသဘောအားဖြင့် ထင်လာပေကုန်သည်။ ယင်းဉာဏ်ကား ဘယတုပဋ္ဌာနဉာဏ်တည်း။

တစ်ဖန် ကာမ ရူပ အရူပတည်းဟူသော ဘုံသုံးပါးအတွင်းဝယ် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး အဇ္ဈတ္တ ဗဟိဒ္ဓတည်းဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိကြကုန်သော ဒုက္ခသစ္စာ အမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါး သမုဒယသစ္စာ အမည်ရသည့် အကြောင်းတရားတည်းဟူသော ထိုသင်္ခါရတရားတို့၏ အနိစ္စပြစ်ချက် ဒုက္ခပြစ်ချက် အနတ္တပြစ်ချက် ဖောက်ပြန်ပျက်စီးတတ်သော ဝိပရိဏာမပြစ်ချက် – ဤ ပြစ်ချက်ကြီးတို့ကို တွင်တွင်ကြီးမြင်နေသော ဝိပဿနာဉာဏ်ကား အာဒီနဝါနုပဿနာဉာဏ်တည်း။

ထိုကဲ့သို့သော အပြစ်များကို တွင်တွင်ကြီးမြင်လာလတ်သော် ကာလသုံးပါး ဘုံသုံးပါးအတွင်း၌ တည်ရှိကြသော သင်္ခါရတရား အားလုံးတို့အပေါ်၌ ငြီးငွေ့ ရွံမုန်းသော အခြင်းအရာအားဖြင့် ဖြစ်သော ဝိပဿနာဉာဏ်ကား နိဗ္ဗိဒါနုပဿနာဉာဏ်ပင်တည်း။

ထိုသို့ ငြီးငွေ့ရွံမုန်းနေသော ယောဂါဝစရ အမျိုးကောင်းသား အမျိုးကောင်းသမီး၏ စိတ်အစဉ်သည် ကာလ သုံးပါး ဘုံသုံးပါးအတွင်း၌ တည်ရှိကြသော သင်္ခါရတရားစုတို့တွင် တစ်စုံတစ်ခုသော သင်္ခါရတရား၌သော်မျှလည်း ငြိကပ်မှု မရှိတော့ဘဲ အလုံးစုံသော သင်္ခါရတရားအပေါင်းမှ လွတ်မြောက်လိုလာ၏၊ ထိုသို့ သင်္ခါရတရားအပေါင်းမှ လွတ်မြောက်လိုသော အခြင်းအရာအားဖြင့် ဖြစ်သော ဝိပဿနာဉာဏ်ကား မုဉ္စိတုကမျတာဉာဏ်တည်း။

ထို သင်္ခါရတရားအပေါင်းမှ လွတ်မြောက်လိုသော စိတ်ဖြင့် သင်္ခါရတရားအပေါင်းကို တစ်ဖန်ပြန်၍ ဝိပဿနာ ဉာဏ်ဖြင့် ပိုင်းခြားယူလျက် သိမ်းဆည်းလျက် ယင်းသင်္ခါရတရားတို့၏ အပျက်ကိုပင် အာရုံယူကာ ယင်းသင်္ခါရ တရားတို့ကို အနိစ္စအားဖြင့် ရှု၏၊ ဒုက္ခအားဖြင့် ရှု၏၊ အနတ္တအားဖြင့် ရှု၏၊ အသုဘအားဖြင့် ရှု၏၊ ယင်းသို့ ရှုသော ဝိပဿနာဉာဏ်ကား ပဋိသင်္ခါနုပဿနာဉာဏ်တည်း။ ရှေ့သမ္မသနဉာဏ်ပိုင်းတွင် ရေးသားတင်ပြခဲ့သော ဘာဝနာ (၄၀) ခေါ် တော (၄၀) ရှုကွက်များကိုလည်း ဤအပိုင်းတွင် တစ်ဖန် ပြန်၍ ရှုနိုင်၏၊ (အခြားရှုနည်းများကို ဝိသုဒ္ဓိမဂ်[မှတ်စု ၁]တွင် ကြည့်ပါ။)

ထိုသို့ ကာလသုံးပါး ဘုံသုံးပါးအတွင်း၌ တည်ရှိကြသော သင်္ခါရတရားတို့ကို ခြုံငုံ၍ ယင်းတို့၏ အပျက်ကိုပင် အာရုံယူကာ – အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရုပ်တစ်လှည့် နာမ်တစ်လှည့် အကြောင်းတစ်လှည့် အကျိုးတစ်လှည့် အနိစ္စတစ်လှည့် ဒုက္ခတစ်လှည့် အနတ္တတစ်လှည့် အသုဘတစ်လှည့် – ဤသို့ လှည့်လည်၍ တွင်တွင်ကြီး ဝိပဿနာ ရှုခဲ့သော် ထိုသင်္ခါရတရားတို့၏ အပျက်ကား အလွန့်အလွန် ထင်ရှားလျက် အလွန့်အလွန် လျင်လျင်မြန်မြန် ဝိပဿနာဉာဏ်၌ ထင်လာတတ်သည်၊ အပျက်သည် သိပ်ကြမ်းလာတတ်၏၊ ထိုပျက်မှုသဘောကိုပင် လက္ခဏာယာဉ် သုံးချက် တစ်လှည့်စီတင်၍ ဆက်လက်ပြီး ဝိပဿနာ ရှုနေပါ။

ထိုသို့ ရှုနိုင်ခဲ့သော် .. တဖြည်းဖြည်း ဝိပဿနာဘာဝနာစိတ်သည် သင်္ခါရတရားတို့အပေါ်၌ ကြောင့်ကြမှု တောင့်တမှု မရှိတော့ဘဲ အညီအမျှ လျစ်လျူထားနိုင်သော အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။ ဝိပဿနာ ဘာဝနာစိတ်သည်လည်း ယင်းသင်္ခါရတရားတို့၏ ပျက်မှုအာရုံပေါ်၌သာ ငြိမ်ဝပ်စွာ ကပ်၍ တည်နေပေလိမ့်မည်။

ထို ဘာဝနာစိတ်သည် ငြိမ်ဝပ်လာသောအခါ အဆင်း အသံ အနံ့ အရသာ အတွေ့အထိဟူသော အာရုံ (၅)ပါးကို သိသော ပဉ္စဒွါရဝီထိစိတ်များသည် မဖြစ်ကြတော့ဘဲ အရှုခံ နာမ်တရားဘက်၌လည်း မနောဒွါရိကဇောဝီထိ စိတ်များ, ရှုတတ်သည့် ဝိပဿနာဉာဏ်ဘက်၌လည်း မနောဒွါရိကဇောဝီထိစိတ်များသာ ဖြစ်နေတတ်ကြသည်။ ထိုအခါတွင် ...

အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရုပ်တစ်လှည့် နာမ်တစ်လှည့် လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာရှုနေရာက ..

အဇ္ဈတ္တသင်္ခါရတရားကို ဝိပဿနာရှုခိုက်ဝယ် အဇ္ဈတ္တသင်္ခါရအာရုံ၌ ဝိပဿနာဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေလျှင် အဇ္ဈတ္တသင်္ခါရတရားကိုသာ ဆက်၍ ဝိပဿနာ ရှုနေပါ။ ဗဟိဒ္ဓသင်္ခါရတရားကို ဝိပဿနာ ရှုခိုက်ဝယ် ဗဟိဒ္ဓသင်္ခါရအာရုံ၌ ဝိပဿနာဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍တည်နေလျှင် ဗဟိဒ္ဓသင်္ခါရတရားကိုသာ ဆက်၍ ဝိပဿနာရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ အပြန်ပြန် အလှန်လှန် ထပ်မံ၍ ပြောင်းရွှေ့နေပါက ဝိပဿနာသမာဓိသည် ပျက်ပြယ်သွားတတ်ပေသည်။

ထိုတွင်လည်း ရုပ်တရားကို ဝိပဿနာရှုခိုက်၌ ယင်းရုပ်သင်္ခါရအာရုံ၌ (= ယင်းရုပ်သင်္ခါရတရား၏ အပျက် အာရုံ၌) ဝိပဿနာဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေလျှင် ယင်းရုပ်တရားကိုပင် ဆက်လက်၍ ဝိပဿနာ ရှုနေပါ။ နာမ်တရားကို ဝိပဿနာရှုခိုက်၌ ယင်းနာမ်သင်္ခါရအာရုံ၌ (= ယင်း နာမ်သင်္ခါရတရား၏ အပျက်အာရုံ၌) ဝိပဿနာ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်နေလျှင် ယင်းနာမ်တရားကိုပင် ဆက်လက်၍ ဝိပဿနာ ရှုနေပါ။ ဤအခါမျိုးတွင် အကယ်၍ ရုပ်တစ်လှည့် နာမ်တစ်လှည့် အပြန်ပြန် အလှန်လှန် ပြောင်းရွှေ့ပြန်လှန်၍ ဝိပဿနာ ရှုနေပါက ဝိပဿနာသမာဓိမှာ ပျက်ပြယ်သွားတတ်ပေသည်။

  1. (ဝိသုဒ္ဓိ၊၂၊၂၈၉ ....)