နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/သတိကြီးစွာဖြင့် လျှောက်သွားရမည့်လမ်း

သတိကြီးစွာဖြင့် လျှောက်သွားရမည့်လမ်း

ဤအပိုင်းကား သဒ္ဓါနှင့် ပညာ, ဝီရိယနှင့် သမာဓိတို့ကို အထူးညီမျှအောင် သတိဖြင့် အထူးကြိုးစားရမည့်အပိုင်း ဖြစ်သည်။ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဟူသော ဣန္ဒြေငါးပါးတို့ ညီမျှပါမှ အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်သို့ ဆိုက်ရောက်နိုင်မည် ဖြစ်သည်။

နာမ်တရားတို့၏အပျက်ကို အာရုံယူ၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာရှုနေရာ၌ သင်္ခါရတရားတို့၏ အပျက်ကို အညီအမျှ လျစ်လျူ ရှုမှု ဥပေက္ခာသဘောသို့ မဆိုက်ရောက်သေးမီ အချိန်အနည်းငယ် လောက်က စ၍ ရှုကွက်များလည်း စုံလင်လာပြီဖြစ်ရကား ဓမ္မာရုံလိုင်း ကုသိုလ်ဇောဝီထိ နာမ်တရားတို့ကိုသာ ဦးစားပေး၍ ဝိပဿနာရှုနေပါ။ အကယ်၍ ယောဂီသူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ် ဖြစ်ပါက ဤ အချိန်အခါမျိုးတွင် စျာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိသော စျာနဓမ္မ အမည်ရသည့် စျာန်နာမ်တရားတို့ကိုသာ ဦးစားပေး၍ ဝိပဿနာရှုနေပါ။ လက္ခဏာရေးသုံးတန်တွင်လည်း အထူးသဖြင့် အနတ္တလက္ခဏာကို ဦးစားပေး၍ အနတ္တလက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုနေပါ။

ထိုသို့ရှုရာ၌ သင်္ခါရတရားတို့၏ အပျက်အာရုံ၌ ဝိပဿနာဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာမည် ဖြစ်ပေသည်။ ထိုအချိန်တွင် ယောဂါဝစရပုဂ္ဂိုလ်သည် အပြင်အသံ စသည်ကို ကြားမှု မရှိတော့ပေ။ ထိုသို့ အသံ စသည်ကို မကြားရတော့ဘဲ သင်္ခါရတရားတို့၏ အပျက်အာရုံ၌ ဝိပဿနာဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်လာပါက လှုပ်မရအောင် ငြိမ်လာပါက ဝိပဿနာဘာဝနာစွမ်းအားသည် အထူးအားကောင်းလာပြီ ဖြစ်သည်။

ထိုအခါမျိုး၌ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ရံခါ အဇ္ဈတ္တ ရံခါ ဗဟိဒ္ဓ ရှုမှုကို ခေတ္တရပ်ဆိုင်း၍ အဇ္ဈတ္တ၌ ဘာဝနာစိတ်သည် ငြိမ်နေလျှင် အဇ္ဈတ္တ၌, ဗဟိဒ္ဓ၌ ဘာဝနာစိတ်သည် ငြိမ်နေလျှင် ဗဟိဒ္ဓ၌, ရုပ်တရား၌ ဘာဝနာစိတ်သည် ငြိမ်နေလျှင် ရုပ်တရား၌, နာမ်တရား၌ ဘာဝနာစိတ်သည် ငြိမ်နေလျှင် နာမ်တရား၌ – မိမိ ကြိုက်နှစ်သက်ရာ လက္ခဏာတစ်ခုကို ဦးစားပေး ရှုနေပါ။

ထိုသို့ရှုရာ၌ အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့ကား ရုပ်နာမ် နှစ်မျိုးလုံးကိုပင် တွဲ၍ ရှုနေရသည်ကို ပို၍ပို၍ နှစ်ခြိုက်ကြ၏၊ အချို့က ရုပ်သက်သက်ကို ရှုရသည်ကို ပို၍ပို၍ နှစ်ခြိုက်ကြ၏၊ အချို့က နာမ်သက်သက်ကို ရှုရသည်ကို ပို၍ပို၍ နှစ်ခြိုက်ကြ၏၊ အချို့က အနိစ္စဟု ရှုရသည်ကို, အချို့က ဒုက္ခဟု ရှုရသည်ကို, အချို့က အနတ္တဟု ရှုရသည်ကို ပို၍ပို၍ နှစ်ခြိုက်ကြ၏၊

မိမိ ဝိပဿနာရှု၍ ပိုကောင်းရာ သင်္ခါရတရားကို, ရှု၍ ပိုကောင်းသည့် လက္ခဏာရေး တစ်ပါးပါးကို တင်၍ ဝိပဿနာ ရှုနိုင်သည်။ ထိုသို့ ရှုရာ၌ အချို့ယောဂီများအဖို့ ရုပ်တရားများ၏ အပျက်ကို လုံးဝမမြင်တော့ဘဲ နာမ် တရားတို့၏ အပျက်သက်သက်ကိုသာ တွေ့မြင်နေရတတ်သည်လည်း ရှိ၏၊ ထိုအခါမျိုးတွင် နာမ်တရားတို့၏ အပျက်ကိုသာ လက္ခဏာယာဉ် တင်၍ ရှုရန် ဖြစ်သည်။ မတွေ့မြင်ရသော ရုပ်တရား၏ အပျက်ကို အထူးရှာဖွေ၍ မရှုပါနှင့်။

ထိုအချိန်အခါ၌ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဖြစ်မူ ပျက်နေသော နာမ်တရားများမှာလည်း များသောအားဖြင့် ဝိပဿနာရှုနေသော မနောဒွါရိကဇောဝီထိစိတ်အစဉ်နှင့် ဘဝင်များသာ ဖြစ်တတ်ကြ၏၊ ရှေ့စိတ်ကို နောက်စိတ်ဖြင့် = ရှေ့ဝိပဿနာဝီထိကို နောက်ဝိပဿနာဝီထိဖြင့် တစ်ဖန် ပြန်၍သာ ဝိပဿနာရှုနေပါ။ အကယ်၍ သမထယာနိက ပုဂ္ဂိုလ်ဖြစ်မူ ပျက်နေသော နာမ်တရားများမှာ အရှုခံ စျာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိသော နာမ်တရားများနှင့် ရှုနေသည့် ဝိပဿနာဇောဝီထိ နာမ်တရားစုတို့သာ ဖြစ်တတ်ကြ၏၊ ထိုအခါမျိုး၌ မိမိ ဦးစားပေးကာ ဝိပဿနာ ရှုနေသော စျာန်နာမ်တရားတို့ကိုလည်းကောင်း, ရှုနေသော ဝိပဿနာဇောဝီထိ နာမ်တရားတို့ကိုလည်းကောင်း လက္ခဏာယာဉ် တင်၍ တွင်တွင်ကြီး ဝိပဿနာ ဆက်ရှုနေပါ။ ဤအခါမျိုးတွင် သမထယာနိကပုဂ္ဂိုလ်သည် မိမိ နှစ်ခြိုက်ရာ စျာန်နာမ်တရားတို့ကို အနတ္တလက္ခဏာကို ဦးစားပေး၍ ဝိပဿနာရှုပါက ပို၍ပို၍ ကောင်းတတ်ပေသည်။

အချို့ယောဂီများကား ရုပ်နာမ်နှစ်မျိုးလုံး၏ အပျက်ကိုပင် မြင်နေရတတ်ပြန်၏၊ ထိုအခါ .. ရုပ်တစ်လှည့် နာမ်တစ်လှည့် ဖြစ်စေ, ရုပ်နာမ်တွဲ၍ဖြစ်စေ အပျက်သဘောကိုသာ အာရုံယူ၍ နှစ်ခြိုက်ရာ လက္ခဏာယာဉ်ကို ဦးစားပေးလျက် ဝိပဿနာ ဆက်ရှုနေပါ။ ရံခါ ရှုသည့် ဉာဏ်ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုပါ။

ဤသို့ နည်းအမျိုးမျိုးဖြင့် ဝိပဿနာရှုခဲ့သော် ကာမ ရူပ အရူပတည်းဟူသော ဘုံသုံးပါးအတွင်း၌ တည်ရှိသော သင်္ခါရတရားတို့အပေါ်၌ လျစ်လျူ ရှုထားနိုင်မှု ဥပေက္ခာသဘောသည်လည်း ကောင်းစွာ တည်နေမည် ဖြစ်၏၊ သင်္ခါရတရားတို့အပေါ်၌ စက်ဆုပ်မှု ပါဋိကုလျသဘောသည်လည်း ကောင်းစွာ တည်နေမည် ဖြစ်၏၊

သင်္ခါရတို့၏အပြစ်ကို ကောင်းစွာမြင်သဖြင့် သင်္ခါရတို့မှ လွတ်မြောက်လိုသော စိတ်ဓာတ်ဖြင့် သင်္ခါရတို့၏ အပျက်ကို လက္ခဏာယာဉ် အသီးအသီး တင်၍ ဝိပဿနာ ရှုနေသဖြင့် “ငါ-ငါ့ဟာ”ဟု စွဲယူထိုက်သော တစ်စုံ တစ်ခုသော သင်္ခါရတရားကိုမျှ မမြင်တွေ့ရတော့သဖြင့် ..

၁။ သင်္ခါရတို့ကို ကြောက်ရွံ့ခြင်း ဘယဟူသော အစွန်းတစ်ခု,
၂။ သင်္ခါရတို့ကို နှစ်သက်ခြင်း တောင့်တခြင်း နန္ဒီဟူသော အစွန်းတစ်ခု ––

ဤ အစွန်းနှစ်ခုကိုပယ်၍ အလုံးစုံသော သင်္ခါရတရားတို့အပေါ်၌ ဥဒါသိန်မူနိုင်ခြင်းသဘော အလယ်အလတ် လျစ်လျူထားနိုင်မှုသဘောသည် ဖြစ်ပေါ်နေပေ၏၊[မှတ်စု ၁]

ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဤဉာဏ်ကား သင်္ခါရုပေက္ခာဉာဏ်တည်း။

သင်္ခါရုပေက္ခာဉာဏ်ခန်း ပြီး၏၊

  1. ဘယဉ္စ နန္ဒိဉ္စ ဝိပ္ပဟာယ သဗ္ဗသင်္ခါရေသု ဥဒါသိနော ဟောတိ မဇ္ဈတ္တော။ (ဝိသုဒ္ဓိ၊၂၊၂၉၄။)