နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ရူပါရုံလိုင်း ရှုပုံစနစ် (အကောင်းအုပ်စု)
ရူပါရုံလိုင်း ရှုပုံစနစ် (အကောင်းအုပ်စု)
ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားစုတို့မှာ စက္ခုဒွါရဝီထိနာမ်တရားနှင့် မနောဒွါရဝီထိ နာမ်တရားစုတို့ ဖြစ်ကြ၏၊ စက္ခုဒွါရဝီထိ တစ်ဝီထိဖြစ်ပါက ဝီထိတစ်ခုနှင့် တစ်ခု အကြားတွင် ဘဝင်များစွာ ခြားလျက် မနောဒွါရဝီထိပေါင်းများစွာ ဖြစ်နိုင်၏၊ စိတ်တို့မည်သည် မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟု ခေါ်ဆိုအပ်သော အလွန် တိုတောင်းသော အချိန်ကာလအတွင်း၌ ကုဋေတစ်သိန်းမက ဖြစ်ပြီး ပျက်သွားနိုင်ကြောင်းကို ဖေဏပိဏ္ဍူပမသုတ္တန်အဋ္ဌကထာ[မှတ်စု ၁] .. စသည်တို့၌ ဖွင့်ဆိုထားသဖြင့် ထိုမျှ တိုတောင်းသော ကာလအတွင်း၌ စက္ခုဒွါရဝီထိပေါင်း မနောဒွါရဝီထိပေါင်းလည်း များစွာ ဖြစ်နိုင်သည်သာ ဖြစ်ပေသည်။ ယင်းဝီထိတို့တွင် ရှုလိုက်နိုင်သော ဝီ ထိလည်း အချို့အဝက်ရှိ၍ မရှုလိုက်နိုင်သော ဝီထိလည်း အချို့အဝက်ရှိမည်သာ ဖြစ်ပေသည်။ သို့သော် မိမိ ရှုလိုက်နိုင်သောဝီထိ ရှုလိုက်မိသောဝီထိတို့၌ကား နာမ်တုံး နာမ်ခဲများကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ဃနပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားရမည်သာ ဖြစ်ပေသည်။ (နာမ်ဃနလေးပါး အကြောင်းကို ဤကျမ်းစာ[မှတ်စု ၂]၌ ရေးသားတင်ပြထားပါသည်။)
မိမိ ရှုပွားသိမ်းဆည်းလိုက်နိုင်သော ရှုပွားသိမ်းဆည်းမိသော အာရုံ၏ ရှုပွားသိမ်းဆည်းလိုက်မိသော အချိန်မှ စ၍ ရနိုင်သော သက်တမ်းသို့ လိုက်၍ ..
၁။ ဘဝင်လှုပ်ရုံသာ လှုပ်သော ဝါရလည်း ရှိ၏၊ (မောဃဝါရ)
၂။ ဝုဋ္ဌောတိုင်ရုံသာ ဖြစ်သော ဝါရလည်း ရှိ၏၊ (ဝေါဋ္ဌဗ္ဗနဝါရ)
၃။ ဇောတိုင်အောင် ဖြစ်သော ဝါရလည်း ရှိ၏၊ (ဇဝနဝါရ)
၄။ တဒါရုံတိုင်အောင် ဖြစ်သော ဝါရလည်း ရှိ၏၊ (တဒါရမ္မဏဝါရ)
ဤဝါရလေးမျိုးတို့တွင် ဤစာမူဇယားများ၌ တဒါရမ္မဏဝါရကိုသာ ပဓာနထား၍ ရေးသားတင်ပြထားပါသည်။ ကျန်ဝါရများကို ယောဂါဝစရပုဂ္ဂိုလ်သည် ရှုရင်း သဘောပေါက်နိုင်လိမ့်မည်ဟု မျှော်လင့်ထားပါသည်။ အဋ္ဌသာလိနီ အဋ္ဌကထာ[မှတ်စု ၃]၌ကား အမှတ် (၁) မောဃဝါရကို ပထမမောဃဝါရ, အမှတ် (၂) ဝေါဋ္ဌဗ္ဗနဝါရကို ဒုတိယမောဃဝါရ, အမှတ် (၃) ဇဝနဝါရကို တတိယမောဃဝါရဟု အသီးအသီး ခေါ်ဝေါ်သုံးစွဲထားပေသည်။ ယင်း ပထမမောဃဝါရကား ဝီထိစိတ်မှ အချည်းနှီးဖြစ်သောကြောင့်, ဒုတိယမောဃဝါရကား ဇောမှ အချည်းနှီးဖြစ်သောကြောင့်, တတိယ မောဃဝါရကား တဒါရုံမှ အချည်းနှီးဖြစ်သောကြောင့် မောဃဝါရဟူသော အမည်အသီးအသီးကို ရရှိခြင်း ဖြစ်ပေသည်။
ယောဂါဝစရပုဂ္ဂိုလ်သည် ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့ကို သိမ်းဆည်းလိုပါက အောက်ပါအတိုင်း သိမ်းဆည်းပါ။
၁။ မိမိရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိ တစ်ခုခုကို အဆင့်ဆင့် ပြန်လည်ထူထောင်ပါ။
၂။ စက္ခုအကြည်ဓာတ် = စက္ခုဒွါရနှင့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရဟူသော ဒွါရနှစ်ခုကို အသိဉာဏ်၌ ပြိုင်တူ ထင်အောင် ပူးတွဲ သိမ်းဆည်းပါ။
၃။ ရုပ်ကလာပ်အများစု၏ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ ရူပါရုံ အရောင်ကို လှမ်းအာရုံယူပါ။
၄။ ထို ရူပါရုံ အရောင်သည် စက္ခုဒွါရ မနောဒွါရဟူသော ဒွါရနှစ်ခု၌ ပြိုင်တူ ရှေးရှု ရိုက်ခတ်သောအခါ = ပြိုင်တူ ထင်လာသောအခါ စက္ခုဒွါရဝီထိစိတ်အစဉ်နှင့် ရူပါရုံကိုပင် ဆက်လက် အာရုံယူသည့် မနောဒွါရဝီထိ စိတ်အစဉ်များသည် ဖြစ်ပေါ်လာကြမည် ဖြစ်ပေသည်။
၅။ ထိုဝီထိစိတ်အစဉ်တို့တွင် စက္ခုဒွါရဝီထိ၌ ပါဝင်သော အာဝဇ္ဇန်းနှင့် ဝုဋ္ဌော, မနောဒွါရဝီထိ၌ ပါဝင်သော မနောဒွါရာဝဇ္ဇန်းတို့က ယင်းရူပါရုံအရောင်ကို ရူပါရုံဟုသာ = အရောင်ဟုသာ ဆင်ခြင် ဆုံးဖြတ်ပါ။ ယောနိသော မနသိကာရ ဖြစ်သဖြင့် ကုသိုလ်ဇောများ စောကြမည်ဖြစ်သည်။ ယင်း ကုသိုလ်ဇောနာမ်တရား တဒါရုံနာမ်တရား (၃၄) စသည်တို့မှာ သဒ္ဓါ-ပညာအုပ်စု နာမ်တရားများပင် ဖြစ်ကြသည်။
စက္ခုဒွါရဝီထိနာမ်တရားစုသည် ရုပ်ကလာပ်အများစု၏ ရူပါရုံ အရောင်ကိုသာ အာရုံယူနိုင်၏ သိနိုင်၏ဟူသော အယူဝါဒလည်း ရှိနေ၏၊[မှတ်စု ၄] မနောဒွါရဝီထိကား ရုပ်ကလာပ်တစ်ခု၏ ရူပါရုံအရောင်ကိုပင် ဖြစ်စေ, ရုပ်ကလာပ် အများစု၏ ရူပါရုံအရောင်ကိုပင်ဖြစ်စေ သိရှိနိုင်သောသဘော ရှိ၏၊ ထိုကြောင့် ရုပ်ကလာပ်အများစု၏ ရူပါရုံ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ ရူပါရုံဟု နှစ်မျိုးခွဲလျက် ရေးသားထားပေသည်။
အဘိဓမ္မာ ဝိဘင်းပါဠိတော်[မှတ်စု ၅]နှင့် ယင်းပါဠိတော်၏ အဖွင့်ဖြစ်သော ဉာဏဝိဘင်း အဋ္ဌကထာ ဋီကာတို့နှင့် အညီ ပဉ္စဒွါရိကဇောဝီထိစိတ်အစဉ်တို့ကား ဒွါရနှင့် အာရုံ ရှေးရှုဆုံစည်းမှုသဘောမျှလောက်သာ = ဆိုင်ရာ ဆိုင်ရာ ဒွါရ၌ ရှေးရှုကျရောက်လာသော အာရုံကို သိကာမတ္တသဘောမျှသာ ရှိ ကြ၏၊ ယင်းအာရုံကို အရောင်မျှ အသံမျှ အနံ့မျှ အရသာမျှ အတွေ့အထိမျှသာ သိနိုင်၏၊ အဖြူ အနီ အဝါ အပြာ စသည်ဖြင့် ခွဲခြားစိတ်ဖြာ၍ သိနိုင်သည့် စွမ်းအားကား မရှိပေ။ ထိုကြောင့် ယင်းပဉ္စဒွါရဝီထိတို့၌ တည်ရှိသော အာဝဇ္ဇန်းနှင့် ဝုဋ္ဌော, ရှေးဦးစွာသော ပထမ တဒနုဝတ္တက မနောဒွါရဝီထိ၌ တည်ရှိသော မနောဒွါရာဝဇ္ဇန်းတို့၏ ဆင်ခြင်ဆုံးဖြတ်ချက်မှာ တကယ်တမ်း ပိုင်ပိုင်နိုင်နိုင် အာရုံကို ဆုံးဖြတ်နိုင်သည်ကား မဟုတ်ပေ။ အဖြူ အနီ အဝါ အပြာ စသည်ဖြင့် ခွဲခြားစိတ်ဖြာ၍ သိနိုင်သော အဆင့်သို့ပင် မရောက်ရှိသေးပေ။ ပဉ္စမမြောက် မနောဒွါရဝီထိသို့ ရောက်ရှိပါမှ အထိုက်အလျောက် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်သည့်သဘော ရှိပေသည်။ ထိုကြောင့် ပဉ္စဒွါရဝီထိ, ပထမ တဒနုဝတ္တက မနောဒွါရဝီထိတို့၌ တည်ရှိသော အာဝဇ္ဇန်း ဝုဋ္ဌောတို့သည် အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် တကယ်တမ်း ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်သည့် တရားတို့ မဟုတ်ဘဲ ဆုံးဖြတ်ချက်ချသကဲ့သို့သာဖြစ်သော တရားတို့ဟု မှတ်သားပါ။[မှတ်စု ၆]
ယောဂါဝစရပုဂ္ဂိုလ်သည် –– ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် = ဆင်ခြင်၊ မြင်သိ၊ လက်ခံ၊ စုံစမ်း၊ ဆုံးဖြတ်၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် –– ထိုနောင် ဘဝင် အကြိမ်များစွာ ခြားလျက် –– မနောဒွါရာဝဇ္ဇန်း၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် = ဆင်ခြင်ဆုံးဖြတ်၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် – ဤသို့ စသည်ဖြင့် ဖြစ်ပေါ်နေသော ဝီထိစိတ်အစဉ်အတွင်း၌ တည်ရှိသော အသိစိတ် = ဝိညာဏ်တိုင်းကို သိအောင် မြင်အောင် စက္ခုအကြည် ဘဝင်မနောအကြည်ဟူသော ဒွါရနှစ်ခုနှင့် ရူပါရုံဟူသော အာရုံကို ပူးတွဲသိမ်းဆည်းလျက် ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ ထိုတွင် စက္ခုဒွါရဝီထိ တစ်ကြိမ်ဖြစ်က ရူပါရုံကို ဆက်လက်အာရုံယူသည့် မနောဒွါရဝီထိများသည် ဝီထိတစ်ခုနှင့် တစ်ခု၏ အကြားဝယ် ဘဝင်အကြိမ်များစွာ ခြားလျက် မနောဒွါရဝီထိပေါင်းများစွာ ဖြစ်မှုကို သဘောပေါက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သည့်တိုင်အောင် လေ့ကျင့်ပါ။ ဝီထိစိတ်တိုင်း စိတ်တိုင်းကို အောင်မြင်စွာ သိမ်းဆည်းရှုပွားနိုင်ပါက ဖဿ ဝေဒနာ စသော စေတသိက်တို့ကို တဖြည်းဖြည်း တစ်လုံးစီ တစ်လုံးစီ တိုး၍တိုး၍ –– (၂)လုံး, (၃)လုံး, (၄)လုံး, (၅)လုံး, (၆)လုံး, (၇)လုံး, (၈)လုံး, -ဤသို့ စသည်ဖြင့် ဝီထိစိတ္တက္ခဏတိုင်း၌ ပြိုင်တူဖြစ်မှုကို ရှင်းရှင်းလင်းလင်း မြင်အောင် ရှု၍ ရသောအခါ ဇယားတွင် ဖော်ပြထားသည့်အတိုင်း စိတ်စေတသိက်များကို ရှုကြည့်ပါ။ တဖြည်းဖြည်း အောင်မြင်မှုကို ရရှိလာမည် ဖြစ်ပေသည်။ ဖဿက စ၍ဖြစ်စေ, ဝေဒနာက စ၍ဖြစ်စေ နာမ်တရားတို့ကို သိမ်းဆည်းရာ၌လည်း နည်းတူ မှတ်ပါ။ အကယ်၍ အောင်မြင်မှုကို မရရှိခဲ့သော် ရုပ်တရားကိုပင် ထပ်ကာထပ်ကာ သိမ်းဆည်းပါ။ ရုပ်တရား၌ သိမ်းဆည်းနေသော ဉာဏ်သည် အရှုပ်အထွေးမရှိ သန့်ရှင်း စင်ကြယ်လာသောအခါ နာမ်တရားများသည် အလိုလိုပင် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာမည် ဖြစ်ကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၇]၌ ညွှန်ကြားထားပေသည်။
ရုပ်အစစ် ရုပ်အတု - – ထိုဝီထိစိတ်တို့တွင် စက္ခုဝိညာဏ်သည် မဇ္ဈိမာယုကဖြစ်သော စက္ခုအကြည်ဓာတ်ဟူသော စက္ခုဝတ္ထုရုပ်ကိုသာ မှီဖြစ်၍ စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိအတွင်း၌ တည်ရှိသော ကျန်စိတ္တက္ခဏတိုင်းဟူသော နာမ်တရားတို့သည် မိမိ မိမိ၏ ရှေးရှေးစိတ္တက္ခဏဟူသော အနန္တရစိတ်နှင့် အတူ ဥပါဒ်သော = ပြိုင်တူဖြစ်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကြရ၏၊ သို့ဖြစ်၍ မှီရာဝတ္ထုရုပ်များကိုပါ ဇယားတွင် ဖော်ပြထားပါသည်။ သုတ္တန်နည်းအရ ဃနပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲ၍ ပရမတ်ရုပ်တရားတို့ကို သိမ်းဆည်း ရှုပွားရမည် ဖြစ်သဖြင့် ဝတ္ထုအရ စက္ခုဝတ္ထုစသော ဝတ္ထုရုပ်မျှကိုသာ မကောက်ယူဘဲ မသိမ်းဆည်း မရှုပွားဘဲ ဝတ္ထုရုပ်အဝင်အပါ ရနိုင်သမျှသော ဘူတရုပ် ဥပါဒါရုပ်တို့ကိုပါ သိမ်းကျုံး၍ ဖော်ပြထားပါသည်။ ထိုသို့ သိမ်းဆည်းရှုပွားရန်ကိုလည်း မူလဏ္ဏာသအဋ္ဌကထာ[မှတ်စု ၈]စသည်တို့၌ ညွှန်ကြား ထားပေသည်။
သို့သော် ဇယားများ၌ ရုပ်အစစ်များကိုသာ ပဓာနထား၍ ဖော်ပြထားပါသည်။ ရုပ်နာမ်ကို သိမ်းဆည်းသည့် နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌ကား ရနိုင်သမျှ ရုပ်အတုများကိုလည်း ရောနှော၍ သိမ်းဆည်းပါ။ ဝိပဿနာပိုင်း၌သာ ရုပ်အတုများကို ချန်လှပ်ထား၍ ရုပ်အစစ်များကိုသာ ဝိပဿနာရှုရန် ဖြစ်သည်။
တစ်ဖန် ဘဝင်တွင် သောမနဿဝေဒနာဖြင့် ပဋိသန္ဓေ တည်နေခဲ့သော တိဟိတ်ပုဂ္ဂိုလ်အတွက် ရည်ရွယ်၍ နာမ်တရား (၃၄)ဟု ဖော်ပြထားပါသည်။ ဥပေက္ခာဝေဒနာဖြင့် ပဋိသန္ဓေတည်နေခဲ့သော တိဟိတ်ပုဂ္ဂိုလ်ဖြစ်မူ ယင်းဘဝင်နာမ်တရားစုမှာ (၃၃) ဖြစ်သည်။ ဘဝင်စိတ်သည် အတိတ်ဘဝ သေခါနီး မရဏာသန္နအခါက ထင်ခဲ့သော မရဏာသန္နဇော၏ အာရုံဖြစ်သည့် ကံ-ကမ္မနိမိတ်-ဂတိနိမိတ် ဟူသော အာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုးကိုသာ အာရုံပြု၏၊ ယင်းဘဝင်စိတ်၏ အတိတ်အာရုံကို ပုံစံမှန် ရှုနိုင်သောအခါမှ ဝီထိစိတ်အစဉ်တို့၏ အကြားအကြား၌ တည်ရှိသော ဘဝင်စိတ်တို့ကိုပါ ရောနှော၍ သိမ်းဆည်း ရှုပွားရန် ဖြစ်သည်။ ယခု နာမ်တရားတို့ကို သိမ်းဆည်းစ အခါတွင်ကား ယင်းဘဝင်စိတ်၏ အာရုံမှန်ကို မရှုတတ်သေး မရှုနိုင်သေးလျှင် ဘဝင်နာမ်တရားတို့ကို မရှုသေးဘဲ ခေတ္တ ချန်လှပ်ထားနိုင်သည်။
ယောနိသောမနသိကာရ
၁။ ရူပါရုံ = အရောင်ကို ရူပါရုံ = အရောင်ဟု ရှုခဲ့သော် ရူပါရုံ = အရောင်ဟုသိသော စက္ခုဒွါရဝီထိနှင့် နောက်လိုက် မနောဒွါရဝီထိ သုဒ္ဓမနောဒွါရဝီထိဟူသော မနောဒွါရဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာမည် ဖြစ်၏၊ (သိမ်းဆည်း ရှုပွားပုံကို ဖော်ပြခဲ့ပြီးပြီ။) တစ်ဖန် .. (မနောဒွါရဝီထိ၌ တည်ရှိသော မနောဒွါရာဝဇ္ဇန်းက) ––
၂။ ထိုရူပါရုံကို ရုပ်တရားဟု ရှုခဲ့သော် ရုပ်တရားဟု သိနေသော မနောဒွါရဝီထိစိတ်များကိုလည်းကောင်း,
၃။ ထိုရူပါရုံ၏ ဖြစ်ခြင်း-ပျက်ခြင်းသဘောကို အာရုံပြု၍ = ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု ရှုခဲ့သော် အနိစ္စဟု သိနေသော မနောဒွါရဝီထိစိတ်များကိုလည်းကောင်း,
၄။ ထိုရူပါရုံ၏ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရသည့်သဘောကို အာရုံယူ၍ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ယင်းရူပါရုံကို ဒုက္ခဟု ရှုခဲ့သော် ဒုက္ခဟု သိနေသော မနောဒွါရဝီထိစိတ်များကို လည်းကောင်း,
၅။ ထိုရူပါရုံ၏ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရ အားဖြင့် အမြဲတည်နေသည့် အတ္တ မဟုတ်သည့် သဘောကို အာရုံယူ၍ = ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ယင်းရူပါရုံကို အနတ္တဟု ရှုခဲ့သော် အနတ္တဟု သိနေသော မနောဒွါရဝီထိစိတ်အစဉ်များကိုလည်းကောင်း,
၆။ ထိုရူပါရုံ၏ မကောင်းသော အဆင်း အနံ့ စသည်တို့ဖြင့် ရောပြွမ်းနေသည့်အတွက် ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို အာရုံယူ၍ = ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အသုဘဟု ရှုခဲ့သော် အသုဘဟု သိနေသော မနောဒွါရဝီထိစိတ်များကိုလည်းကောင်း,
ဤနာမ်တရားတို့ကိုလည်း ဆက်လက် သိမ်းဆည်းပါ။
စက္ခုဒွါရဝီထိစိတ်များဖြင့် ရူပါရုံ = အရောင်ကို ရူပါရုံ = အရောင်ဟုသာ သိနိုင်၏၊ ယင်းရူပါရုံ = အရောင်ကို ရုပ်တရားဟု, အနိစ္စတရားဟု, ဒုက္ခတရားဟု, အနတ္တတရားဟု, အသုဘတရားဟု မသိနိုင်။ မနောဒွါရဝီထိစိတ်များဖြင့်ကား ယင်းရူပါရုံ = အရောင်ကို ရူပါရုံ = အရောင်ဟုလည်းကောင်း, ရုပ်တရားဟုလည်းကောင်း, အနိစ္စတရားဟု လည်းကောင်း, ဒုက္ခတရားဟုလည်းကောင်း, အနတ္တတရားဟုလည်းကောင်း, အသုဘတရားဟုလည်းကောင်း သိနိုင်၏၊
ထိုသို့ ရူပါရုံကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို (၆)ကြိမ်မျှ ရှုခိုင်းခြင်းမှာ ယောနိသောမနသိကာရ ဖြစ်က = နှလုံးသွင်းမှန်ပါက ကုသိုလ်ဇောများ စောပုံကို သဘောပေါက်စေလိုသည်လည်း အကြောင်းတစ်ရပ်, နောက်ပိုင်း ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ အရူပသတ္တကသမ္မသနပိုင်း[မှတ်စု ၉]နှင့် ဘင်္ဂဉာဏ်ပိုင်း[မှတ်စု ၁၀]တို့တွင် -
ဉာတ-အမည်ရသည့် ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိရမည့် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို လည်းကောင်း, ဉာဏ-အမည်ရသည့် ရှုနေသော ဝိပဿနာဉာဏ်ပါသည့် မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်စေတသိက်များကိုလည်းကောင်း –– ဤဉာတ-ဉာဏ နှစ်မျိုးလုံးကိုပင် ဝိပဿနာရှုပါဟူသော ရှေးရှေးအဋ္ဌကထာ ဆရာတော်တို့၏ သတ်မှတ်ချက်အရ ဉာဏ-အမည်ရသည့် ဝိပဿနာဉာဏ်ပါဝင်သည့် မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်စေတသိက်တို့ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုရမည် ဖြစ်သဖြင့် ရှုနေသည့် ဝိပဿနာဉာဏ်ကို = ဝိပဿနာ ဉာဏ်နှင့် တကွသော နာမ်တရားစုကို ဝိပဿနာရှုတတ်ရန် ကြိုတင်ပြင်ဆင်သည်လည်း အကြောင်းတစ်ရပ် – ဤ အကြောင်း နှစ်ရပ်ကြောင့် ထိုသို့ (၆)ကြိမ်မျှ သိမ်းဆည်းခြင်း ဖြစ်သည်ဟု မှတ်ပါ။
ထိုသို့ (၆)ကြိမ်မျှ ခွဲ၍ ရှုရာ၌ တစ်ကြိမ် တစ်ကြိမ်တွင် ဇောအသီးအသီး၌ ..
၁။ ဉာဏ်လည်းယှဉ် ပီတိလည်းယှဉ်သော် စိတ်-စေတသိက် (၃၄)၊
၂။ ဉာဏ်ယှဉ် ပီတိမယှဉ်သော် စိတ်-စေတသိက် (၃၃)၊
၃။ ဉာဏ်မယှဉ် ပီတိယှဉ်သော် စိတ်-စေတသိက် (၃၃)၊
၄။ ဉာဏ်လည်းမယှဉ် ပီတိလည်းမယှဉ်သော် စိတ်-စေတသိက် (၃၂) ––
အသီးအသီး ဖြစ်ကြသည်။ သို့အတွက် တစ်ကြိမ် တစ်ကြိမ်၌ (၄)ချက်စီ ရှုရသဖြင့် အားလုံးပေါင်းသော် (၂၄)ကြိမ်တည်း။
သဒ္ဒါရုံလိုင်းစသည်တို့၌လည်း ထိုသို့ တစ်ကြိမ် တစ်ကြိမ်၌ (၄)ချက်စီ ခွဲ၍ ရှုရာ၌ နည်းတူသဘောပေါက်ပါ။
ဤ၌လည်း .. သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာ လက္ခဏာကို အာရုံယူနေသော လက္ခဏာရမ္မဏိက ဝိပဿနာဇောများ၏ နောင်၌ တဒါရုံမကျနိုင်ဟူသော သမ္မောဟဝိနောဒနီအဋ္ဌကထာ၏ အဆိုအရ အချို့ကျမ်းများ၌ အနိစ္စ ဒုက္ခ အနတ္တဟု သိနေသော ဝိပဿနာဇောများ၏ နောင်၌ တဒါရုံကို ချမထားခြင်း ဖြစ်သည်။ သို့သော် နုနယ်နေသေးသော တရုဏဝိပဿနာဇောများ၏ နောင်၌ တဒါရုံကျနိုင်သည်ဟူသော ပဋ္ဌာန်း ပါဠိတော် အဋ္ဌကထာ အဆိုအမိန့်များအရမူ တဒါရုံကျခွင့်လည်း ရှိနေပေသည်။ သို့ဖြစ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာ ဇောများ၏ နောင်၌ တဒါရုံကျလျှင်လည်း ကျသည့်အလျောက် တဒါရုံမကျလျှင်လည်း မကျသည့်အလျောက် ယင်းနာမ်တရားတို့ကို သိမ်းဆည်းပါ။
စိတ်စေတသိက် အရေအတွက် ဇယား
ထပ်မံ ရှင်းလင်းချက်များ
ပဉ္စဒွါရာဝဇ္ဇန်း–– ပဉ္စဒွါရာဝဇ္ဇန်း = ဆင်ခြင်၌ စိတ်စေတသိက် (၁၁)လုံး ပုံသေ ဖြစ်၏၊ ဥပေက္ခာဝေဒနာနှင့် အမြဲယှဉ်၏၊
စက္ခုဝိညာဏ်– စက္ခုဝိညာဏ် = မြင်သိ၌ စိတ်စေတသိက် (၈)လုံး ပုံသေ ဖြစ်၏၊ ဥပေက္ခာဝေဒနာနှင့် အမြဲယှဉ်၏၊
သမ္ပဋိ စ္ဆိုင်း–– သမ္ပဋိစ္ဆိုင်း = လက်ခံ၌ စိတ်စေတသိက် (၁၁)လုံး ပုံသေ ဖြစ်၏၊ ဥပေက္ခာဝေဒနာနှင့် အမြဲ ယှဉ်၏၊
သန္တီရဏ–– သန္တီရဏ = စုံစမ်း၌ သောမနဿဝေဒနာနှင့် ယှဉ်သော် ပီတိပါ၍ စိတ်စေတသိက် (၁၂)လုံးဖြစ်၏၊
ဒုတိယတန်း၌ ဥပေက္ခာဝေဒနာနှင့် ယှဉ်သဖြင့် ပီတိ မပါရကား စိတ်စေတသိက် (၁၁)လုံး ဖြစ်၏၊
ဝုဋ္ဌော –– ဝုဋ္ဌော = ဆုံးဖြတ်၌ စိတ်စေတသိက် (၁၂)လုံး ပုံ သေ ဖြစ်၏၊ ဥပေက္ခာဝေဒနာနှင့် အမြဲယှဉ်၏၊
ဇော–– ဇော၌ (၃၄)ဟူသည် သဒ္ဓါ-ပညာအုပ်စု (၃၄)ပင် ဖြစ်၏၊
၁။ ဉာဏ်ယှဉ် ပီတိယှဉ်သော် (၃၄)ဖြစ်၏၊ သောမနဿဝေဒနာနှင့် ယှဉ်၏၊
၂။ ဉာဏ်ယှဉ် ပီတိမယှဉ်သော် (၃၃)ဖြစ်၏၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်၏၊
၃။ ဉာဏ်မယှဉ် ပီတိယှဉ်သော် (၃၃)ဖြစ်၏၊ သောမနဿဝေဒနာနှင့်ယှဉ်၏၊
၄။ ဉာဏ်မယှဉ် ပီတိမယှဉ်သော် (၃၂)ဖြစ်၏၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်၏၊
တဒါရုံ –– တဒါရုံ၌ ဇောနည်းတူ (၄)ချက်ပင် မှတ်ပါ။ သို့သော် ရံခါ အဟိတ် သောမနဿသန္တီရဏ တဒါရုံ ဖြစ်သော် စိတ်စေတသိက် (၁၂), ရံခါ ဥပေက္ခာသန္တီရဏ တဒါရုံဖြစ်သော် စိတ်စေတသိက် (၁၁) ဖြစ်သည်။ အနိဋ္ဌာရုံ၌ အကုသလဝိပါက်, ဣဋ္ဌာရုံ၌ ကုသလဝိပါက် ထိုက်သလို ဖြစ်၏၊ မဟာဝိပါက် တဒါရုံကျသော် ဇောနည်းတူ (၄)ချက်ပင် ရှုပါ။[မှတ်စု ၁၁]မနောဒွါရာဝဇ္ဇန်း– မနောဒွါရာဝဇ္ဇန်းကား ဝုဋ္ဌောနှင့် တူ၏၊ ဥပေက္ခာဝေဒနာ မြဲ၏၊
ယခုတစ်ဖန် ဆက်လက်၍ သဒ္ဒါရုံလိုင်း = အသံလိုင်း စသည်တို့ကို သိမ်းဆည်းရှုပွားပုံ အကျဉ်းချုပ်ကို ဆက်လက် တင်ပြအပ်ပါသည်။
- ↑ (သံ၊ဋ္ဌ၊၂၊၂၉၅။)
- ↑ (စာမျက်နှာ၊၄၅၉-၄၆၂။)
- ↑ (အဘိ၊ဋ္ဌ၊၁၊၃၁၀။)
- ↑ (မဟာဋီ၊၂၊၁၂၄။ အနုဋီ၊၂၊၅၆။)
- ↑ ပဉ္စဟိ ဝိညာဏေဟိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ အညတြ အဘိနိပါတမတ္တာ၊ ပဉ္စန္နံ ဝိညာဏာနံ သမနန္တရာပိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ။ (အဘိ၊၂၊၃၂၃။)
- ↑ ဝေါဋ္ဌဗ္ဗနာဝဇ္ဇနရသာတိ ပဉ္စဒွါရေ သန္တီရဏေန ဂဟိတာရမ္မဏံ ဝဝတ္ထပေန္တီ ဝိယ ပဝတ္တနတော ဝေါဋ္ဌဗ္ဗနရသာ၊ မနောဒွါရေ ပန ဝုတ္တနယေန အာဝဇ္ဇနရသာ။ (မဟာဋီ၊၂၊၁၂၉-၁၃၀။)
- ↑ (ဝိသုဒ္ဓိ၊၂၊၂၂၅။)
- ↑ ဝတ္ထု နာမ ကရဇကာယော၊ ယံ သန္ဓာယ ဝုတ္တံ “ဣဒဉ္စ ပန မေ ဝိညာဏံ ဧတ္ထ သိတံ ဧတ္ထ ပဋိဗဒ္ဓ”န္တိ။ သော အတ္ထတော ဘူတာနိ စေဝ ဥပါဒါရူပါနိ စ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄-၃၁၅။ မ၊ဋ္ဌ၊၁၊၂၈၁။ အဘိ၊ဋ္ဌ၊၂၊၂၅၂-၂၅၃။)
နာမရူပဝဝတ္ထာနဿ အဓိပ္ပေတတ္တာ နိရဝသေသရူပပရိဂ္ဂဟဿ ဒဿနတ္ထံ “ဝတ္ထု နာမ ကရဇကာယော”တိ အာဟ၊ န စက္ခာဒီနိ ဆ ဝတ္ထူနီတိ။ ကရဇကာယဿ ပန ဝတ္ထုဘာဝသာဓနတ္ထံ “ဣဒဉ္စ ပန မေ ဝိညာဏံ ဧတ္ထ သိတံ၊ ဧတ္ထ ပဋိဗဒ္ဓ”န္တိ သုတ္တံ အာဘတံ။ (မူလဋီ၊၂၊၁၅၇၊ စာပိုဒ်၊၃၆၃။) (စာမျက်နှာ၊၃၈၁-တွင်လည်း ပြန်ကြည့်ပါ။) - ↑ (ဝိသုဒ္ဓိ၊၂၊၂၆၁-၂၆၄။)
- ↑ ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၈။)
- ↑ မှတ်ချက်---- ယေဘုယျအားဖြင့် သန္တီရဏ-ဇော-တဒါရုံတို့သည် ဝေဒနာချင်း တူညီကြ၏၊ ဇော၌ သောမနဿဝေဒနာဖြစ်လျှင် သန္တီရဏနှင့် တဒါရုံတို့၌လည်း သောမနဿဝေဒနာပင် အဖြစ်များ၏၊ ဇော၌ ဥပေက္ခာဖြစ်က သန္တီရဏနှင့် တဒါရုံ၌လည်း ဥပေက္ခာ အဖြစ်များ၏၊ ဇောသည် မဟာကုသိုလ်ဇောဖြစ်က တဒါရုံသည်လည်း မဟာဝိပါက်တဒါရုံပင် အဖြစ်များပေသည်။ ယေဘုယျစည်းကမ်းသို့ လိုက်၍ ဖော်ပြထားပါသည်။ (အဘိ၊ဋ္ဌ၊၁၊၃၁၀-၃၁၁- ကြည့်ပါ။)