နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ကုသိုလ်ဇော စောရခြင်း
ကုသိုလ်ဇော စောရခြင်း
၁။ နိယမိတ - –– “ငါသည် ကုသိုလ်ကိုသာ ပြုထိုက်၏”ဟု ကုသိုလ်ကို ပြုလုပ်ခြင်း၌ စိတ်ကို အမြဲသတ်မှတ်ထား၏၊ ဒါန သီလ ဘာဝနာ စသော ကောင်းမှုကုသိုလ်ကို ပြုခြင်း၌ အမြဲသတ်မှတ်ထားအပ်သော စိတ်၏ စွမ်းအင် ကြောင့်လည်းကောင်း,
၂။ ပရိဏာမိတ - –– အကုသိုလ်ဖြစ်ခြင်းမှ စိတ်ကို ဆုတ်နစ်စေ၍ ကောင်းမှုကုသိုလ် ပြုခြင်း၌သာလျှင် စိတ်ဓာတ်ကို ညွတ်ကိုင်းရှိုင်းထား၏၊ ယင်းသို့ ကောင်းမှုကုသိုလ်ကိုပြုခြင်း၌ ညွတ်စေအပ်သော ညွတ်ကိုင်းရှိုင်းထားသော စိတ်၏ စွမ်းအင်ကြောင့်လည်းကောင်း,
၃။ သမုဒါစာရ- – ဒါန သီလ သမထ ဝိပဿနာ အစရှိသော ကုသိုလ်တရားတို့ကို အမြဲမပြတ် လိုက်နာပြုကျင့်လျက် စိတ်ဓာတ်ကို ကုသိုလ်တရားတို့၌သာ အဆက်မပြတ် ဆက်တိုက်ဖြစ်နေအောင် လေ့ကျင့်ထား၏၊ ကုသိုလ်တရားတို့၌ အလေ့အကျက်များနေသော စိတ်၏ စွမ်းအင်ကြောင့်လည်းကောင်း,
၄။ အာဘုဇိတ- – ပတိရူပဒေသဝါသ = ရတနာသုံးပါး ထွန်းကားရာ သူတော်သူမြတ်တို့ရှိရာ သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အရပ်ဒေသ၌ နေထိုင်ခြင်း, သပ္ပုရိသူပနိဿယ = ဘုရားအစရှိသော သူတော်သူမြတ်တို့ကို မှီဝဲ ဆည်းကပ်ခြင်း, သဒ္ဓမ္မဿဝန = သစ္စာလေးပါးနှင့် စပ်သော သူတော်ကောင်းတရားကို နာကြားခြင်း, ပုဗ္ဗေ ကတပုညတာ = ရှေးကပြုခဲ့ဖူးသော ကောင်းမှုကုသိုလ်ထူးရှိခြင်း –– ဤသို့စသော အကြောင်းတရားတို့ကြောင့် အာရုံကို နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း နှလုံးသွင်းတတ်ခြင်း ယောနိသောမနသိကာရ၏ စွမ်းအင်ကြောင့်လည်းကောင်း ––
“ငါ့မှာ မည်သည့် အာရုံနှင့်ပင်တွေ့တွေ့ ကုသိုလ်စိတ်သာ ဖြစ်စေရမည်”ဟု အမြဲသတ်မှတ် ဆုံးဖြတ်ထားသူ၌ ကုသိုလ်စိတ်သာ ဖြစ်၏၊ အကုသိုလ် မဖြစ်အောင် စိတ်ကိုစောင့်စည်း၍ ကုသိုလ်ဖြစ်ဖို့ရန် စိတ်ညွတ်ထားသူ၌ ကုသိုလ်စိတ်သာ ဖြစ်၏၊ ရှေးရှေးကပင် ကုသိုလ်စိတ်၌ အလေ့အကျက်ရနေသူမှာလည်း ကုသိုလ်စိတ်သာ ဖြစ်တတ်၏၊ ဘယ်လုပ်ငန်းကိစ္စ၌မဆို သင့်တော်အောင် နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်မှု အာဘုဇိတ = ယောနိသောမနသိကာရ ရှိသူမှာလည်း ကုသိုလ်စိတ်သာ ဖြစ်တတ်၏၊ ဤအကြောင်း (၄)ပါးကြောင့် သုဘနိမိတ် ဣဋ္ဌာရုံနှင့် တွေ့ကြုံရသော်လည်း လောဘစိတ် မဖြစ်ဘဲ ကုသိုလ်စိတ်သာ ဖြစ်ရပေသည် ဟူလို။