နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဝါဒအမျိုးမျိုး တင်လာရာ၌ တုန်လှုပ်မှု မရှိသူ
ဝါဒအမျိုးမျိုး တင်လာရာ၌ တုန်လှုပ်မှု မရှိသူ
တစ်ဖန် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ထားပြီးသူကို သာသနာပ အယူအဆရှိသည့် အခြားသူတစ်ဦးဦးက သာသနာပ အယူဝါဒတစ်ခုခုကို တင်လာပါက တုန်လှုပ်မှု မရှိပုံကို ဘုရားရှင်က ဝါဒတ္ထိကသုတ္တန်[မှတ်စု ၁]တွင် ဤသို့ ဟောကြားထားတော်မူခဲ့၏ ..။
“ချစ်သား ရဟန်းတို့... တစ်စုံတစ်ယောက်သော ရဟန်းသည် –– ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရား’တည်းဟု ဟုတ်တိုင်းမှန်စွာ သိ၏၊ပ။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား’တည်းဟု
ဟုတ်တိုင်းမှန်စွာ သိ၏၊ အယူဝါဒကို အလိုရှိ၍ အယူဝါဒကို ရှာလေ့ရှိသော သမဏဗြာဟ္မဏသည် ‘ထိုရဟန်းအား အယူဝါဒကို တင်အံ့’ဟု အရှေ့အရပ်မှလည်းကောင်း၊ အနောက်အရပ်မှလည်းကောင်း၊ မြောက်အရပ်မှလည်းကောင်း၊ တောင်အရပ်မှလည်းကောင်း လာစေကာမူ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ် ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေသော ထိုရဟန်းကို အကြောင်းယုတ္တိနှင့် တကွ တုန်လှုပ်စေလတ္တံ့၊ ယိမ်းယိုင်စေလတ္တံ့ဟူသော အကြောင်းအရာသည် မရှိနိုင်။
ချစ်သား ရဟန်းတို့... ဥပမာသော်ကား မြေဝင်ရှစ်တောင် မြေပေါ်ရှစ်တောင် ရှိ၍ တစ်ဆယ့်ခြောက်တောင်ရှိ ကျောက်တိုင်သည် အရှေ့အရပ်မှလည်းကောင်း။ပ။ အနောက်အရပ်မှလည်းကောင်း၊ မြောက်အရပ်မှလည်းကောင်း၊ တောင်အရပ်မှလည်းကောင်း လေပြင်းမုန်တိုင်းတိုက်ခတ်လာစေကာမူ မတုန်မလှုပ် မယိမ်းမယိုင်နိုင်လေရာ။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ချစ်သား ရဟန်းတို့... မြေဝင်နက်၍ ကျောက်တိုင်ကို ကောင်းစွာ စိုက်ထားခြင်းကြောင့်တည်း။
ချစ်သား ရဟန်းတို့...အလားတူပင် အကြင်ရဟန်းသည် – ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရား’တည်းဟု ဟုတ်တိုင်းမှန်စွာ သိ၏၊ပ။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား’တည်းဟု ဟုတ်တိုင်းမှန်စွာ သိ၏၊ အယူဝါဒကို အလိုရှိ၍ အယူဝါဒကို ရှာလေ့ရှိသော သမဏဗြာဟ္မဏသည် ‘ထိုရဟန်းအား အယူဝါဒကို တင်အံ့’ဟု အရှေ့အရပ်မှလည်းကောင်း၊ အနောက်အရပ်မှလည်းကောင်း၊ မြောက်အရပ်မှလည်းကောင်း၊ တောင်အရပ်မှလည်းကောင်း အကယ်၍ လာလေရာ၏၊ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေသော ထိုရဟန်းကို အကြောင်းယုတ္တိနှင့်တကွ တုန်လှုပ်ယိမ်းယိုင်စေနိုင် လတ္တံ့ဟူသော အကြောင်းအရာသည် မရှိ။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ချစ်သား ရဟန်းတို့... အရိယာတို့၏ အမှန်တရား အရိယသစ္စာလေးပါးတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကောင်းစွာ သိမြင်ထားခြင်းကြောင့် တည်း။ အဘယ်လေးပါးတို့နည်းဟူမူကား –– ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရား’။ပ။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ) တရား’တို့တည်း။
ချစ်သား ရဟန်းတို့... ထို့ကြောင့် ဤသာသနာတော်၌ .. ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရားတည်း’ဟု သိအောင် ကြိုးစားအားထုတ်ကြပါ။ပ။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား’တည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ”ဟု မိန့်ကြားတော်မူ၏၊
- ↑ (သံ၊၃၊၃၈၉၊ စာပိုဒ်၊၁၁၁၀။)