နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/သဒ္ဒါရုံလိုင်းစသည်

1746နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်းသဒ္ဒါရုံလိုင်း-ဂန္ဓာရုံလိုင်း-ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံလိုင်းဖားအောက်တောရဆရာတော်

သဒ္ဒါရုံလိုင်း-ဂန္ဓာရုံလိုင်း-ရသာရုံလိုင်း-ဖောဋ္ဌဗ္ဗာရုံလိုင်း

ရူပါရုံလိုင်း–– ၌ စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲသိမ်းဆည်းလျက် ဣဋ္ဌ-အနိဋ္ဌ စသည်ပြားသော ရုပ်ကလာပ်တို့၏ အရောင် = ရူပါရုံကို အာရုံယူ၍ ကုသိုလ်ဇောစောသည့် အကောင်းအုပ်စု နာမ်တရား, အကုသိုလ်ဇောစောသည့် မကောင်းအုပ်စု နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားသည့် နည်းစနစ်ကို နည်းမှီး၍ –

သဒ္ဒါရုံလိုင်း –– ၌ သောတအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲသိမ်းဆည်းလျက် ဣဋ္ဌအနိဋ္ဌ စသည်ပြားသော အသံ = သဒ္ဒါရုံကို အာရုံယူ၍ ရှုလျှင် ယောနိသောမနသိကာရ အယောနိသောမနသိကာရ အားလျော်စွာ ကုသိုလ်ဇောအုပ်စုများ ပါဝင်သည့် သောတဒွါရဝီထိ မနောဒွါရဝီထိနှင့် အကုသိုလ်ဇောအုပ်စုများ ပါဝင်သည့် သောတဒွါရဝီထိ မနောဒွါရ ဝီထိများ ဖြစ်ပေါ်လာကြမည် ဖြစ်ပေသည်။ အလားတူပင် –

ဂန္ဓာရုံလိုင်း –– ၌ ဃာနအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲသိမ်းဆည်းလျက် ဣဋ္ဌ-အနိဋ္ဌ စသည်ပြားသော ရုပ်ကလာပ်တို့၏ အနံ့ = ဂန္ဓာရုံကို အာရုံယူ၍ ရှုပါ။

ရသာရုံလိုင်း–– ၌ ဇိဝှါအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲသိမ်းဆည်းလျက် ဣဋ္ဌ-အနိဋ္ဌ စသည်ပြားသော ရုပ်ကလာပ်တို့၏ အရသာ = ရသာရုံကို အာရုံယူ၍ ရှုပါ။

ဖောဋ္ဌဗ္ဗာရုံလိုင်း–– ၌ ကာယအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲသိမ်းဆည်းလျက် ဣဋ္ဌအနိဋ္ဌ စသည်ပြားသော ရုပ်ကလာပ်တို့၏ အတွေ့အထိ = ဖောဋ္ဌဗ္ဗာရုံကို အာရုံယူ၍ ရှုပါ။ ထိုသို့ ရှုရာ၌ ဖောဋ္ဌဗ္ဗာရုံ အမည်ရသော ရုပ်တရားတို့မှာ ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု သုံးမျိုး ရှိနေသဖြင့် ပထဝီဓာတ်ကို အာရုံယူ၍ အကောင်းအုပ်စု+မကောင်းအုပ်စု, တေဇောဓာတ်ကို အာရုံယူ၍ အကောင်းအုပ်စု+မကောင်းအုပ်စု, ဝါယောဓာတ်ကို အာရုံယူ၍ အကောင်းအုပ်စု+မကောင်းအုပ်စုများကို ကုန်စင်အောင် အသီးအသီး သိမ်းဆည်းရှုပွားပါ။ ဖောဋ္ဌဗ္ဗာရုံ၌ (၃)မျိုးခွဲ၍ (၃)ခါရှုရန် ဖြစ်သည်။ တစ်နည်းဆိုရသော် အထက်[မှတ်စု ၁]၌ တင်ပြခဲ့သည့်အတိုင်း (၁၀)မျိုး ခွဲ၍ (၁၀)ခါရှုရန် ဖြစ်ပါသည်။

ဓမ္မာရုံလိုင်းဝင် ရုပ်တရားတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံကို အထက်၌ တင်ပြခဲ့ပြီးလေပြီ။ ယောဂါဝစရပုဂ္ဂိုလ်သည် (၆)လိုင်းလုံး အတွင်း၌ တည်ရှိသော ကုသိုလ်ဇော စောသည့် နာမ်တရားအုပ်စု, အကုသိုလ်ဇော စောသည့် နာမ်တရားအုပ်စုတို့ကို သိမ်းဆည်းနိုင်သောအခါ ရူပါရုံလိုင်း သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံလိုင်း ဓမ္မာရုံလိုင်း ဟူသော လိုင်းအစဉ်အတိုင်းသာ သိမ်းဆည်း ရှုပွားပါ။ သို့မှသာလျှင် မည်သည့်လိုင်း နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပြီးပြီ, မည်သည့်လိုင်း နာမ်တရားတို့ကို မသိမ်းဆည်း မရှုပွားရသေးဟု လွယ်လွယ်ကူကူ ခွဲခြားတတ်မည် ဖြစ်ပေသည်။

ဤတိုင်အောင် ရေးသားတင်ပြခဲ့သော နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းရှုပွားနည်းကား စျာန်နာမ်တရားတို့နှင့် တကွ ရုပ်တရားတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံ အကျဉ်းနည်းတည်း။

  1. (စာမျက်နှာ၊၄၃၄။)