နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/နာမ်ကမ္မဋ္ဌာန်း အကျယ် သိမ်းဆည်းနည်း

နာမ်ကမ္မဋ္ဌာန်း အကျယ် သိမ်းဆည်းနည်း

နာမ်ကမ္မဋ္ဌာန်း အကျယ် သိမ်းဆည်းရှုပွားနည်းကား (၆)ဒွါရ, (၄၂) ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်ဓာတ် တစ်လုံးစီ တစ်လုံးစီကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရမည်။ ဥပမာ - စက္ခုဒွါရ၌ ရုပ် (၆၃)မျိုးရှိရာ ရုပ်တစ်လုံးစီ တစ်လုံးစီကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို စတင် သိမ်းဆည်းရမည် ဖြစ်သည်။ အမြွက်မျှကို ဆိုရသော် စက္ခုဒွါရဝယ် စက္ခုဒသကကလာပ်၌ ရုပ် (၁၀)မျိုးရှိရာ ..

၁။ ပထဝီဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော ဖောဋ္ဌဗ္ဗာရုံလိုင်း နာမ်တရား,
၂။ အာပေါဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော မနောဒွါရဝီထိ ဓမ္မာရုံလိုင်း နာမ်တရား,
၃။ တေဇောဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော ဖောဋ္ဌဗ္ဗာရုံလိုင်း နာမ်တရား,
၄။ ဝါယောဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာ ဖောဋ္ဌဗ္ဗာရုံလိုင်း နာမ်တရား,
၅။ ဝဏ္ဏ = ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ရူပါရုံလိုင်း နာမ်တရား,
၆။ ဂန္ဓ = အနံ့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဂန္ဓာရုံလိုင်း နာမ်တရား,
၇။ ရသ = အရသာကို အာရုံပြု၍ ဖြစ်ပေါ်လာသော ရသာရုံလိုင်း နာမ်တရား,
၈။ ဩဇာ = အဆီအစေး ဩဇာကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဓမ္မာရုံလိုင်း နာမ်တရား,
၉။ ဇီဝိတ = ရုပ်သက်စောင့်ဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဓမ္မာရုံလိုင်း နာမ်တရား,
၁၀။ စက္ခုပသာဒကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဓမ္မာရုံလိုင်း နာမ်တရား –

ဤသို့လျှင် နာမ်တရားတို့ကို အသီးအသီး သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ ရုပ်တစ်လုံးစီ တစ်လုံးစီကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကုသိုလ်ဇောဝီထိ, အကုသိုလ်ဇောဝီထိများကို ကုန်စင်အောင် သိမ်းဆည်းပါ။

အကောင်းအုပ်စု+မကောင်းအုပ်စု နှစ်မျိုးလုံးကို သိမ်းဆည်းရမည် ဟူလို။ စက္ခုဒွါရ၌ ရှိသော စက္ခုဒသကကလာပ် အတွင်းဝယ် (၁၀)မျိုးသော ရုပ်တို့တွင် ရုပ်တစ်လုံးစီ တစ်လုံးစီကို အာရုံပြု၍ ဖြစ်ပေါ်လာသော အကောင်းအုပ်စု မကောင်းအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းပြီးနောက် စက္ခုဒွါရ၌ပင် ကာယဒသကကလာပ်၌ တည်ရှိသော (၁၀)မျိုးသော ရုပ်တရား, ဘာဝဒသကကလာပ်၌ တည်ရှိသော (၁၀)မျိုးသော ရုပ်တရား, ဇီဝိတနဝကကလာပ်၌ တည်ရှိသော (၉)မျိုးသော ရုပ်တရား, စိတ္တဇဩဇဋ္ဌမကကလာပ်၌ တည်ရှိသော (၈)မျိုးသော ရုပ်တရား, ဥတုဇဩဇဋ္ဌမကကလာပ်၌ တည်ရှိသော (၈)မျိုးသော ရုပ်တရား, အာဟာရဇဩဇဋ္ဌမကကလာပ်၌ တည်ရှိသော (၈)မျိုးသော ရုပ်တရား –– ဤရုပ်တရားတို့တွင်လည်း ရုပ်တစ်လုံးစီ တစ်လုံးစီကို အာရုံပြု၍ ဖြစ်ပေါ်လာသော အကောင်းအုပ်စု+ မကောင်းအုပ်စု နာမ်တရားတို့ကို ဆက်လက် သိမ်းဆည်းပါ။ စက္ခုဒွါရ၌ (၆၃)ကြိမ်တိုင်တိုင် သိမ်းဆည်းရှုပွားရမည် ဖြစ်သည်။ သောတဒွါရ၌လည်း (၆၃)ကြိမ်, ဃာနဒွါရ၌လည်း (၆၃)ကြိမ်, ဇိဝှါဒွါရ၌လည်း (၆၃)ကြိမ်, ကာယဒွါရ၌ (၅၃)ကြိမ်, မနောဒွါရ = နှလုံး၌ (၆၃)ကြိမ် – ဤသို့ အသီးအသီး ဆက်လက် သိမ်းဆည်းပါ။ (၄၂)ကောဋ္ဌာသတို့၌လည်း အလားတူပင် ရုပ်ဓာတ် တစ်လုံးစီ တစ်လုံးစီကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို ဆက်လက် သိမ်းဆည်းပါ။ ဤအကျယ်သိမ်းဆည်းနည်းကား ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၁]၌ အရိပ်အမြွက်မျှ လာရှိ၏၊ ဤနာမ်ကမ္မဋ္ဌာန်း အကျယ် သိမ်းဆည်းနည်းကိုကား လိုအပ်ပါမှသာလျှင် ကျင့်သုံးပါ။ အကျဉ်းသိမ်းဆည်းနည်းဖြင့် အောင်မြင်မှုကို မရရှိပါမှသာလျှင် ဤ အကျယ် သိမ်းဆည်းနည်းကို ကျင့်သုံးရန် ဖြစ်ပေသည်။

(၆) လိုင်း ဇယား အချုပ်

ဤတွင် နာမ်ကမ္မဋ္ဌာန်းပိုင်း (၆)လိုင်း အကျဉ်းချုပ် ဇယားကို ထပ်မံ၍ ဖော်ပြအပ်ပါသည်။ ဓမ္မာရုံလိုင်းဟူသည် ဓမ္မာရုံ အမည်ရသော ရုပ်တရားတို့နှင့် အခြား ပညတ် ပရမတ်တရားတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော မနောဒွါရ ဝီထိနာမ်တရားတို့ကို သိမ်းဆည်းသည့်အပိုင်း ဖြစ်သည်။ ထိုဓမ္မာရုံလိုင်းကို (က-ခ-ဂ-ဃ) ဟု (၄)အုပ်စု ခွဲ၍ တင်ပြထားပါသည်။ (၆)လိုင်းလုံး၌ ကျွမ်းကျင်လာသောအခါ အောက်ပါဇယားတွင် ဖော်ပြထားသော အစီအစဉ် အတိုင်း နာမ်တရားတို့ကို သိမ်းဆည်းပါ။

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် အရူပစျာန်တို့ကိုပါ ရရှိထားပြီးသူ ဖြစ်ပါက ယင်းစျာန်နာမ်တရား အသီးအသီးကို သိမ်းဆည်းလိုခဲ့သော် ယင်းစျာန်အသီးအသီးကို တစ်ဖန် ပြန်၍ ဝင်စားပါ။ ယင်းစျာန်အသီးအသီးမှ ထသောအခါ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရနှင့် ဆိုင်ရာ ယင်းအရူပစျာန်၏ အာရုံကို ပူးတွဲ သိမ်းဆည်းလျက် ယင်းစျာန်နာမ်တရားတို့ကို သိမ်းဆည်းပါ။

၁။ အာကာသာနဉ္စာယတနစျာန်၏ အာရုံမှာ ကသိုဏ်းကို ခွာ၍ ရရှိလာသည့် အဆုံးအပိုင်းအခြား မရှိသော ကောင်းကင်ပညတ်အာရုံ ဖြစ်သည်။
၂။ ဝိညာဏဉ္စာယတနစျာန်၏ အာရုံမှာ အာကာသာနဉ္စာယတနဝိညာဏ် ဖြစ်သည်။
၃။ အာကိဉ္စညာယတနစျာန်၏ အာရုံမှာ အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ်အာရုံ ဖြစ်သည်။
၄။ နေဝသညာနာသညာယတနစျာန်၏ အာရုံမှာ အာကိဉ္စညာယတနဝိညာဏ် ဖြစ်သည်။

စျာန်အသီးအသီးကို ဝင်စားပြီးနောက် ယင်းစျာန်မှ ထကာ ဘဝင်မနောဒွါရနှင့် ယင်း ဆိုင်ရာအာရုံကို ပူးတွဲ သိမ်းဆည်းလျက် ဆိုင်ရာ စျာန်နာမ်တရားတို့ကို သိမ်းဆည်းပါ။ ရှုကွက်ဇယားမှာ စတုတ္ထစျာန်ရှုကွက်ဇယားနှင့် တူ၏၊

၁။ မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၂)လုံး
၂။ ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘုဇောတို့၌ နာမ်တရား - (၃၃)လုံးစီ
၃။ အပ္ပနာစျာန်ဇော အသီးအသီး၌ နာမ်တရား (၃၁)လုံးစီ အသီးအသီး ဖြစ်ကြသည်။

  1. (ဝိသုဒ္ဓိ၊၂၊၂၂၆။)