နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/အရူပါဝစရဈာန်ပိုင်း-အာကာသာနဉ္စာယတနဈာန်
အရူပါဝစရစျာန်ပိုင်း
အာကာသာနဉ္စာယတနစျာန်
အရူပါဝစရစျာန်သည် ..
၁။ အာကာသာနဉ္စာယတနစျာန် = အာကာသ (= ကောင်းကင်)ပညတ်လျှင် တည်ရာအာရုံရှိသောစျာန်,
၂။ ဝိညာဏဉ္စာယတနစျာန် = အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိသောစျာန်,
၃။ အာကိဉ္စညာယတနစျာန် = အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း (= နတ္ထိဘော)ပညတ်လျှင် တည်ရာ အာရုံရှိသောစျာန်,
၄။ နေဝသညာနာသညာယတနစျာန် = သညာရှိသည်လည်း မဟုတ်, မရှိသည်လည်း မဟုတ်သော = ရုန့်ရင်း ကြမ်းတမ်းသော သညာကား မရှိ၊ အလွန့်အလွန် သိမ်မွေ့နူးညံ့သော သညာသာ ရှိသော, အာကိဉ္စညာယတန ဝိညာဏ်လျှင် တည်ရာအာရုံရှိသောစျာန် ––
ဤသို့လျှင် လေးမျိုးပြား၏၊ ထိုတွင် အာကာသာနဉ္စာယတနစျာန်ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ရုပ်တရားတို့၏ အပြစ်ကို မြင်အောင် ရှုဆင်ခြင်အပ်၏ ..။
မိဘတို့၏ သုက်သွေးကို အမှီပြုကာ ကံ-စိတ်-ဥတု-အာဟာရတည်းဟူသော အကြောင်းတရားလေးပါးတို့ကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ဤခန္ဓာကိုယ်ကို ကရဇကာယဟု ခေါ်ဆို၏၊ ဤကရဇကာယ ထင်ရှား ရှိခြင်းကြောင့် (၁) တုတ်ဓားစသော လက်နက်ကို စွဲကိုင်လျက် သတ်ပုတ်ကြ၏၊ ရိုက်နှက်ကြ၏၊ ညှဉ်းပန်းနှိပ်စက်ကြ၏၊ (၂) ခိုက်ရန် ဖြစ်ကြ၏၊ ငြင်းခုံကြ၏၊ (၃) မျက်စိရောဂါ, နားရောဂါ စသည်ဖြင့် ရောဂါအမျိုးမျိုးကို ခံစားရ၏၊ ဤ ကရဇကာယ အမည်ရသော ရုပ်တရားသာ မရှိပါက ထိုကဲ့သို့သော ဒုက္ခမျိုးစုံမှ လွတ်ပေလိမ့်မည်ဟု ပညာဖြင့် ဆင်ခြင်၍ ရုပ်တရားကိုသာလျှင် ငြီးငွေ့ခြင်းငှာ, စက်ဆုပ်ခြင်းငှာ, ချုပ်စေခြင်းငှာ အာကာသာနဉ္စာယတနစျာန်ကို ရရှိအောင် ကြိုးစား အားထုတ်ရ၏၊ အာကာသာနဉ္စာယတနစျာန်ဟူသည် အာကာသ (= ကောင်းကင်)ပညတ်လျှင် တည်ရာအာရုံရှိသော စျာန်တည်း။ ကရဇကာယ အမည်ရသော ရုပ်တရား၌ အပြစ်ကို မြင်အောင်ရှု၍ ထိုရုပ်တရားကို ကျော်လွှား လွန်မြောက်ဖို့ရန် အာကာသကသိုဏ်းမှ တစ်ပါး ကြွင်းကျန်သော ပထဝီကသိုဏ်းစသော ကသိုဏ်း (၉)ပါးတို့တွင် တစ်ပါးပါးသော ကသိုဏ်း၌ စတုတ္ထစျာန်ကို ဖြစ်စေအပ်၏၊[မှတ်စု ၁]
ထပ်မံ ရှင်းလင်းချက်
ဥပမာ ဩဒါတ (= အဖြူရောင်)ကသိုဏ်း ဆိုကြစို့ ..။ ယောဂါဝစရပုဂ္ဂိုလ်၏ မူလ နိမိတ်ယူရာဖြစ်သော ဩဒါတကသိုဏ်း၏တည်ရာ ဦးခေါင်းခွံကဲ့သို့သော အရိုးကား သက်ရှိယောဂီတစ်ဦး၏ ဦးခေါင်းခွံအရိုး ဖြစ်ခဲ့ပါမူ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကာယဒွါရ၌ တည်ရှိသည့် (၅၃)မျိုးသော ရုပ်တရားတို့၏ အပေါင်းအစုသာ ဖြစ်သည်။ (ရုပ်ကမ္မဋ္ဌာန်းပိုင်းဇယားများ[မှတ်စု ၂]တွင် ကြည့်ပါ။) ကံ-စိတ်-ဥတု-အာဟာရတည်းဟူသော အကြောင်းတရား လေးပါးကြောင့် ထင်ရှားဖြစ်ပေါ်လာကြရသည့် ကရဇကာယ အမည်ရသည့် ရုပ်အစစ်တို့ပင်တည်း။
သို့သော် ဩဒါတကသိုဏ်းလျှင် အာရုံရှိသော စတုတ္ထစျာန်သို့တိုင်အောင်သော ရူပါဝစရစျာန်တရားတို့၏အာရုံမှာ ဩဒါတကသိုဏ်း ပဋိဘာဂနိမိတ်တည်း။ ယင်းပဋိဘာဂနိမိတ်ကား မူလအဖြူရောင်နိမိတ်ကို ယူရာ ဦးခေါင်းခွံအရိုးဟု ခေါ်ဝေါ်အပ်သော ကရဇကာယရုပ်ဟူသော ပရမတ္ထဓမ္မမှ အလွတ်ဖြစ်သော, ယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာသညာ ကြောင့် ဖြစ်ပေါ်လာရသော ပညတ်သာတည်း။ ရုပ်အစစ်ကား မဟုတ်ပေ။ ရူပါဝစရစတုတ္ထစျာန်သို့ တိုင်အောင်သော စျာန်တရားတို့သည် ယင်းပညတ်ပဋိဘာဂနိမိတ်ကိုသာ အာရုံပြုကြ၏၊ မူလကသိုဏ်းဝန်း၏ တည်ရာ ဦးခေါင်းခွံ အရိုးဟူသော ကရဇကာယရုပ်တို့၏ အပေါင်းအစုဖြစ်သည့် ရုပ်အစစ်ကို အာရုံ မပြုကြပေ။ ထိုကြောင့် ရူပါဝစရ စျာန်တို့သည်လည်း ကရဇရူပ (= ကရဇကာယ) ခေါ်သည့် ရုပ်အစစ်တို့ကို (= ရုပ်တရားတို့ကို) ကျော်လွှား လွန်မြောက်ပြီးသာ ဖြစ်ကြသည်။
နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ
ထိုယောဂါဝစရပုဂ္ဂိုလ်အား ရူပါဝစရစတုတ္ထစျာန်၏ အစွမ်းအားဖြင့် ယင်းစျာန်က ကရဇရုပ်ကို အာရုံမပြုခြင်း, ပဋိဘာဂနိမိတ်ကိုသာ အာရုံပြုခြင်းကြောင့် – ကရဇရုပ်ကို ကျော်လွှားလွန်မြောက်ခြင်းသည် အကယ်၍ကား ဖြစ်ပါပေ၏၊ ထိုသို့ပင် ဖြစ်ပါသော်လည်း ကသိုဏ်းရုပ်သည်လည်း စျာန်၏ အာရုံအဖြစ်ဖြင့် အာရုံယူ၍ ရနိုင်ခြင်းကြောင့် ထိုကရဇရုပ်နှင့် တူသည်သာလျှင် ဖြစ်၏၊ ထိုကြောင့် ထိုကသိုဏ်းရုပ်ကိုလည်း ကျော်လွှားလွန်မြောက်ဖို့ရန် အလို ရှိအပ်ပေ၏၊ ဥပမာ – မြွေကြောက်တတ်သော ယောက်ျားသည် တောတွင်း၌ မြွေက နောက်မှ လိုက်သဖြင့် အပန်းတကြီး လျင်လျင်မြန်မြန် ပြေးလေသော် ပြေးရာအရပ်၌ မြွေနှင့်တူအောင် ဆေးရောင်အမျိုးမျိုးဖြင့် ခြယ်သထားအပ်သော ဆန်းကြယ်သော ထန်းရွက်ကိုလည်းကောင်း, နွယ်ကိုလည်းကောင်း, ကြိုးကိုလည်းကောင်း, မြေကြီး၌ ကွဲအက်နေသော အက်ကြောင်းကိုလည်းကောင်း အဝေးက လှမ်းမြင်လိုက်လျှင် ကြောက်ရွံ့ထိတ်လန့်သွား၏၊ ထိုဝတ္ထုကို မကြည့်လို ဖြစ်သွား၏၊ နောက်ဥပမာ တစ်မျိုးကား – မိမိ၏ အကျိုးစီးပွားမဲ့ကို ပြုလုပ်တတ်သော ရန်သူယောက်ျား တစ်ဦးနှင့်အတူ တစ်ရွာတည်း၌ နေထိုင်ရသော ယောက်ျားသည် ထိုရန်သူယောက်ျားက ပုတ်ခတ်ခြင်း, နှောင်ဖွဲ့ခြင်း, အိမ်ကို မီးတိုက်ခြင်း စသည်တို့ဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ အခြားတစ်ရွာသို့ ပြောင်းရွှေ့နေထိုင်လိုက်၏၊ ထိုရွာ၌လည်း ထိုရန်သူ ယောက်ျားနှင့် အဆင်းသဏ္ဌာန် အသံ အပြုအမူ ပယောဂတူသော ယောက်ျားကို တွေ့မြင်ပြန်သော် ကြောက်ရွံ့ ထိတ်လန့်သည်သာ ဖြစ်ပြန်၏၊ ထိုသူ့ကိုလည်း မကြည့်လို ဖြစ်နေတတ်၏၊
ဤဥပမာများအတူ –– ယောဂါဝစရပုဂ္ဂိုလ်သည် ကရဇရုပ်ကိုသာမက ထိုကရဇရုပ်ကို အခြေခံ၍ ဖြစ်ပေါ် လာသော ကသိုဏ်းရုပ်ကိုလည်း ဤကသိုဏ်းရုပ်သည် ထိုကရဇရုပ်နှင့် တူသည်သာလျှင်တည်းဟု စွဲမြဲစွာ မှတ်သား၍ ထိုကသိုဏ်းရုပ်ကိုလည်း ကြောက်ခြင်း လန့်ခြင်း မမြင်လိုခြင်း သဘောတရားသည် ထင်ရှားဖြစ်ပေါ်လာကာ ယင်းကသိုဏ်းရုပ်ကိုလည်း ကျော်လွှားလွန်မြောက်ခြင်းငှာ အလိုရှိမှုကို မှတ်သားပါ။[မှတ်စု ၃]
ပြုကျင့်ရမည့် လုပ်ငန်းခွင်
ဩဒါတကသိုဏ်းကို အခြေခံကာ အာကာသာနဉ္စာယတနစျာန်ကို ပွားများအားထုတ်လိုသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ရှေးဦးစွာ ဩဒါတကသိုဏ်းလျှင် အာရုံရှိသော ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်တို့ကို အစဉ်အတိုင်း ဝင်စားထားပါ။ ထိုနောင် အောက်ပါအတိုင်း ဆက်လက်ကာ လိုက်နာပြုကျင့်ပါ။ –
ဤဆိုအပ်ခဲ့ပြီးသည့်နည်းအတိုင်း ထိုယောဂါဝစရပုဂ္ဂိုလ်သည် စတုတ္ထစျာန်၏ အာရုံဖြစ်သော ထိုဩဒါတကသိုဏ်း ရုပ်မှ ငြီးငွေ့၍ ကျော်လွှားလွန်မြောက်လိုသည်ဖြစ်၍ ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျက်အပ်ပြီးသည်ဖြစ်၍ အဝါးဝစွာ လေ့လာအပ်ပြီးသော ဩဒါတကသိုဏ်းလျှင် အာရုံရှိသော စတုတ္ထစျာန်မှ ထ၍ ထိုစတုတ္ထစျာန်၌ ဤသို့ အပြစ်ကို မြင်အောင် ရှုပါ။ –
၁။ ဤရူပါဝစရစတုတ္ထစျာန်သည် ငါ ငြီးငွေ့အပ်သော ကသိုဏ်းရုပ်ကို အာရုံပြုဘိ၏၊
၂။ သောမနဿဝေဒနာဟူသော နီးကပ်သော ရန်သူရှိ၏၊
၃။ ငြိမ်သက်သော ဝိမောက္ခဖြစ်သော အရူပစျာန်အောက် ရုန့်ရင်း၏၊
ဤသို့ အပြစ်ကို မြင်အောင် ရှုပါ။ ဤရူပါဝစရစတုတ္ထစျာန်သည် ဥပေက္ခာ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးသာ ရှိသကဲ့သို့ အလားတူပင် အရူပါဝစရစျာန်တို့သည်လည်း ဥပေက္ခာ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးတို့သာ ရှိကြသောကြောင့် ဤရူပါဝစရစတုတ္ထစျာန်၌ စျာန်အင်္ဂါ၏ ရုန့်ရင်းကြမ်းတမ်းမှု သဘောတရားကား မရှိပေ။ ထို ယောဂါဝစရပုဂ္ဂိုလ်သည် ထိုရူပါဝစရစတုတ္ထစျာန်၌ ဤဆိုအပ်ခဲ့ပြီးသောနည်းအတိုင်း အပြစ်ကို မြင်အောင်ရှုပြီးလျှင်
၄။ ထိုစတုတ္ထစျာန်၌ တွယ်တာငဲ့ကွက် တသက်သက်ရှိခြင်းကို ကုန်စေ၍,
၅။ အာကာသာနဉ္စာယတနစျာန်ကို ငြိမ်သက်သောအားဖြင့် အဆုံးမရှိသောအားဖြင့် နှလုံးသွင်း၍,
၆။ စကြဝဠာဆုံးသည်တိုင်အောင်လည်းကောင်း, အလိုရှိသမျှအရပ်သို့ တိုင်အောင်လည်းကောင်း မိမိ ပွားများ ထားပြီးသော ဩဒါတကသိုဏ်းရုပ်ကို ဖြန့်ကြက်၍,
၇။ ထိုကသိုဏ်းရုပ်ဖြင့် တွေ့ထိရာအရပ်ကို အာကာသ - အာကာသ ဟူ၍လည်းကောင်း, အနန္တအာကာသ အနန္တအာကာသ ဟူ၍လည်းကောင်း နှလုံးသွင်း၍ ..
ရူပါဝစရစတုတ္ထစျာန်၏ အာရုံဖြစ်သော ဩဒါတကသိုဏ်းရုပ်ကို ခွာ၏၊ ထင်ရှားစေအံ့ – ထိုဩဒါတ ကသိုဏ်းရုပ်ကို ခွာသော ယောဂါဝစရပုဂ္ဂိုလ်သည် ဖျာတစ်ချပ်ကို ခေါက်လိပ်သကဲ့သို့ ဩဒါတကသိုဏ်းရုပ်ကို ခေါက်လိပ်သည်လည်း မဟုတ်။ မုန့်အိုးကင်းမှ မုန့်ကို ခွာသကဲ့သို့ ဩဒါတကသိုဏ်းဝန်းရုပ်ကို ခွာထုတ်သည်လည်း မဟုတ်။ အဟုတ်သော်ကား ဩဒါတကသိုဏ်းကို မဆင်ခြင်ခြင်းတည်း၊ နှလုံးမသွင်းခြင်းတည်း၊ မသုံးသပ်ခြင်းတည်း။ ဩဒါတကသိုဏ်းကို မဆင်ခြင်ဘဲ နှလုံးမသွင်းဘဲ မသုံးသပ်ဘဲ စင်စစ်မှာမူ ထိုဩဒါတကသိုဏ်းရုပ်ဖြင့် တွေ့ထိရာ အရပ်ကိုပင် – အာကာသ - အာကာသဟူ၍ တစ်ဖက်သတ် နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်သည် ကသိုဏ်းကို ခွာသည်မည်၏၊ ယင်းသို့ ခွာအပ်သော ဩဒါတကသိုဏ်းသည်လည်း မထမကြွ မနစ်မဆုတ်။ ဤယောဂါဝစရပုဂ္ဂိုလ်၏ ဩဒါတကသိုဏ်းကို သက်သက် နှလုံးမသွင်းခြင်းကိုလည်းကောင်း, အာကာသ အာကာသဟု တစ်ဖက်သတ် နှလုံးသွင်းခြင်းကိုလည်းကောင်း အစွဲပြု၍ ဩဒါတကသိုဏ်းကို ခွာသည် မည်ပေ၏၊ ကသိုဏ်းကို ခွာရာခွာကြောင်း အာကာသ ကောင်းကင်ပညတ်မျှသည်သာလျှင် ထင်လာ၏၊
၁။ ကသိဏုဂ္ဃါဋိမာကာသ = ကသိုဏ်းကို ခွာ၍ ရရှိအပ်သော အာကာသ၊
၂။ ကသိဏဖုဋ္ဌောကာသ= ကသိုဏ်းဖြင့် တွေ့ထိမိရာ အာကာသ၊
၃။ ကသိဏဝိဝိတ္တာကာသ = ကသိုဏ်းမှ ကင်းဆိတ်သွားသော အာကာသ၊
ဤသုံးပုဒ်လုံးသည် ပရိယာယ်နှင်နှင် ဖြစ်သောကြောင့် အနက်အားဖြင့် တူသည်သာတည်း။[မှတ်စု ၄]
အကြံပေးချက်
ဤအထက်ပါ ညွှန်ကြားချက်အတိုင်း ယောဂါဝစရပုဂ္ဂိုလ်သည် နှလုံးသွင်းကြည့်ပါ။ အောင်မြင်မှုကို ရရှိနိုင်ပါသည်။ အကယ်၍ အောင်မြင်မှုကို မရရှိပါက ဤသို့လည်း နှလုံးသွင်းကြည့်ပါ – ဩဒါတကသိုဏ်းဝန်းကို စကြဝဠာ တစ်ခုလုံး ပြည့်အောင် ဖြန့်ကြက်ပါ။ အလိုရှိခဲ့လျှင် အနန္တစကြဝဠာသို့ တိုင်အောင်လည်း ဩဒါတ ကသိုဏ်းဝန်းကို ဖြန့်ကြက်ပါ။ ဖြန့်ကြက်ပြီးနောက် ထိုဩဒါတကသိုဏ်းလျှင် အာရုံရှိသော စျာန်များကို စတုတ္ထစျာန်သို့ တိုင်အောင် ဝင်စားပါ။ ထိုစတုတ္ထစျာန်မှ ထ၍ အထက်တွင် ရေးသားတင်ပြထားသည့်အတိုင်း (၁) မှ (၅)သို့ တိုင်အောင်သော ဆင်ခြင်ရမည့်အချက်များကို ဆင်ခြင်ပါ။ ထိုနောင် ဩဒါတကသိုဏ်းရုပ်ကို အဆုံးအစ မရှိအောင် ဖြန့်ကြက်ပါ။
ထိုနောင် ထိုဩဒါတကသိုဏ်း၏ တစ်နေရာတွင် စိတ်စိုက်ကာ ဩဒါတကို နှလုံးမသွင်းဘဲ အာကာသကို တစ်ဖက်သတ် နှလုံးသွင်းပါ။ မကြာမီအချိန်ကာလအတွင်းမှာပင် အာကာသအကြားအပေါက်ကို မြင်လာတတ်ပါသည်။ ထိုအခါတွင် အာကာသ မဖြစ်သေးသော ဩဒါတကသိုဏ်းကို လုံးဝ နှလုံးမသွင်းတော့ဘဲ ထင်လာသော အာကာသကို သာလျှင် တစ်ဖက်သတ် နှလုံးသွင်းလျက် အာကာသ အာကာသဟု ရှုနေပါ။ အာကာသသည် ထင်ရှားသထက် ထင်ရှားလာ၍ ငြိမ်သက်လာသောအခါ ယင်းအာကာသကိုပင် ဖြန့်ကြက်၍ အာကာသ အာကာသဟု ရှုပါ။ အာကာသ ကျယ်ပြန့်လာသည်နှင့်အမျှ ဩဒါတကသိုဏ်းဝန်းမှာ တဖြည်းဖြည်း နောက်သို့ ဆုတ်သွားကာ အာကာသက နေရာ ယူလာပေလိမ့်မည်။ အာကာသကို အရပ် (၁၀)မျက်နှာသို့ တဖြည်းဖြည်း ဖြန့်ပါ။ နောက်ဆုံးတွင် ဩဒါတကသိုဏ်း ပျောက်၍ အာကာသချည်းသက်သက် ကျန်ရှိပေလိမ့်မည်။ ယင်းသို့ ကျန်ရှိနေသော အာကာသကား ဩဒါတကသိုဏ်းကို ခွာ၍ ရရှိလာသော အာကာသနိမိတ်ပင်တည်း။ ထိုအခါတွင် အောက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ညွှန်ကြားချက်အတိုင်း ဆက်လက်လေ့ကျင့်ပါ။
အာကာသာနဉ္စာယတနစျာန်သို့
ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုဩဒါတကသိုဏ်းကို ခွာ၍ ရရှိလာသော အာကာသနိမိတ်ကို အာကာသ အာကာသဟူ၍ အဖန်ဖန် အထပ်ထပ် ဆင်ခြင်၏၊ ဝိတက်ဖြင့် အာကာသ - အာကာသဟု ရှေးရှုခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည်ခေါက်သည်ကို ပြု၏၊ ဤသို့ အဖန်ဖန် အထပ်ထပ် ဆင်ခြင်သော ဝိတက်ဖြင့် အာကာသ - အာကာသဟု ရှေးရှုခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည်ခေါက်သည်ကိုပြုသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ နီဝရဏ ကိလေသာ အညစ်အကြေးတို့သည် ကွာကျသွားကြကုန်၏၊ အာကာသနိမိတ်လျှင် တည်ရာအာရုံ ရှိသော သတိသည် အလွန်ထင်သည်ဖြစ်၍ ကောင်းစွာ တည်၏၊ ဥပစာရစျာန်သမာဓိဖြင့် ဘာဝနာစိတ်သည် အာကာသနိမိတ်၌ ကောင်းစွာ တည်ကြည်နေ၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကာသနိမိတ်ကို အဖန်ဖန် အထပ်ထပ် မှီဝဲ၏, ပွားများ၏, ကြိမ်ဖန်များစွာ အလေ့အလာပြု၏၊ ဤသို့ အဖန်ဖန် အထပ်ထပ် ဆင်ခြင်သော နှလုံးသွင်းသော ထိုယောဂါဝစရပုဂ္ဂိုလ်အား အာကာသနိမိတ်အာရုံ၌ အာကာသာနဉ္စာယတနစိတ်သည် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏၊ ဩဒါတကသိုဏ်းစသော ကသိုဏ်းပညတ်အာရုံတို့၌ ရူပါဝစရစျာန်စိတ်သည် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်သကဲ့သို့တည်း။ မှန်ပေသည် .. ဤအာကာသာနဉ္စာယတနစျာန်စိတ်၌လည်း စျာန်၏ ရှေးအဖို့၌ သုံးကြိမ်သော ဥပစာရဇော သို့မဟုတ် လေးကြိမ်သော ဥပစာရဇောတို့ကား ကာမာဝစရဇောတို့တည်း။ ယင်း ကာမာဝစရ ဥပစာရဇောတို့သည် ဥပေက္ခာဝေဒနာနှင့် ယှဉ်ကုန်သည်သာလျှင် ဖြစ်ကုန်၏၊ လေးကြိမ်မြောက်ဇော, သို့မဟုတ် ငါးကြိမ်မြောက်ဇောသည် အာကာသာနဉ္စာယတန အမည်ရသော အရူပါဝစရဇော ဖြစ်၏၊ အကြွင်းကား ဩဒါတကသိုဏ်း၌ ဖွင့်ဆိုခဲ့သည့်အတိုင်းသာတည်း။[မှတ်စု ၅]
အထူးမှာထားချက်
ဤသို့လျှင် အရူပါဝစရစျာန်စိတ်သည် ဖြစ်ပေါ်လာလတ်သော် ထိုယောဂါဝစရရဟန်းသည် အိုးဝတွင် ဖုံးလွှမ်း ထားအပ်သော အဝတ်ကို ဖွင့်လှစ်လိုက်သည့်အခါ အဝတ်ကွယ်ပျောက်၍ မျက်နှာဝ ဟင်းလင်းပေါက် အာကာသသည် ပေါ်ပေါက်လာသကဲ့သို့ – ဤဥပမာအတူပင်လျှင် ရှေး၌ ကသိုဏ်းဝန်းကို ရူပါဝစရစျာန်စက္ခုဖြင့် ကြည့်ရှုလျက် နေပြီးနောက် ယင်း ဩဒါတကသိုဏ်းဝန်းကို နှလုံးမသွင်းတော့ဘဲ အာကာသ အာကာသဟူ၍ ဤ ပရိကမ်ဖြစ်သော ဥပစာရစျာန် မနသိကာရဖြင့် အဆောတလျင် ထိုပထဝီကသိုဏ်းနိမိတ်အာရုံကို ခွာအပ်ပြီးလတ်သော် ထင်လာသော အာကာသနိမိတ်အာရုံကိုသာလျှင် အရူပါဝစရစျာနစက္ခုဖြင့် ရှုလျက် နေ၏၊ ဤမျှ အတိုင်းအရှည်ရှိသော စကား အစဉ်ဖြင့် ဤယောဂါဝစရပုဂ္ဂိုလ်ကို ဤသို့ ဆိုအပ်ပေ၏၊
“၁။ ကုန်အောင်စုံသော ရူပသညာ အမည်ရသော ဩဒါတကသိုဏ်းရုပ် စသည်တို့ကို အာရုံပြုသော ရူပါဝစရ စျာန်တို့ကိုလည်းကောင်း, ထိုရူပါဝစရစျာန်တို့၏ အာရုံဖြစ်သော ဩဒါတကသိုဏ်းစသော အာရုံတို့ကို လည်းကောင်း ကျော်လွှားလွန်မြောက်၍ သွားခြင်းကြောင့်,
၂။ ရူပသညာ သဒ္ဒသညာ ဂန္ဓသညာ ရသသညာ ဖောဋ္ဌဗ္ဗသညာဟူသော ဝတ္ထု-အာရုံ ထိခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာကုန်သော ပဋိဃသညာတို့၏ ချုပ်ငြိမ်းသွားခြင်းကြောင့်, (ဒွေပဉ္စဝိညာဏ်နှင့် ယှဉ်သော သညာ များတည်း။)
၃။ ဒွေပဉ္စဝိညာဏ်နှင့် ယှဉ်သော သညာ (၁၀)မျိုးမှ တစ်ပါးသော ကာမာဝစရ ကုသိုလ် အကုသိုလ် ဝိပါက် ကြိယာဟူသော (၄၄)မျိုးသော စိတ်နှင့်ယှဉ်သော (၄၄)မျိုးသော သညာဟူသော အထူးထူးသော နာနတ္တသညာ တို့ကို နှလုံးမသွင်းခြင်းကြောင့် အနန္တအာကာသဟု နှလုံးသွင်းတတ်သော အာကာသာနဉ္စာယတနစျာန်ကို ပြည့်စုံစေ၍ နေထိုင်၏”[မှတ်စု ၆]ဟူ၍ ဆိုအပ်ပေ၏၊(ဝိသုဒ္ဓိ၊၁၊၃၂၂။) မှတ်ချက်---- ဤအထက်ပါ ပါဠိတော်ဖြင့် အာကာသာနဉ္စာယတနစျာန်၏ ခပ်သိမ်းကုန်သော (၅၄)မျိုးကုန်သော ကာမာဝစရ စိတ်-စေတသိက်တို့ကို ပယ်ခြင်းကိုလည်းကောင်း, နှလုံးမသွင်းခြင်းကိုလည်းကောင်း ဟောတော်မူအပ်၏ဟု သိရှိပါလေ။ ကသိုဏ်းကို ခွာ၍ ရရှိအပ်သော အာကာသသက်သက်ကိုသာ တစ်ဖက်သတ် နှလုံးသွင်းနေသောကြောင့် ဖြစ်သည်။