နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဝိညာဏဉ္စာယတနဈာန်

ဝိညာဏဉ္စာယတနစျာန်

ဝိညာဏဉ္စာယတနစျာန်ဟူသည် .. အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံ ရှိသော စျာန်တည်း၊ အာကာသာနဉ္စာယတနဝိညာဏ်ကို အရှုခံအာရုံ ထား၍ ရှုပွားသုံးသပ်သဖြင့် ရရှိလာသော စျာန်တည်း။ ထို ဝိညာဏဉ္စာယတနစျာန်ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အာကာသာနဉ္စာယတန စျာန်သမာပတ်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်အပ်၏၊ အာကာသာနဉ္စာယတနစျာန်သမာပတ်၌ ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ..

၁။ ဤ ငါရရှိထားသော အာကာသာနဉ္စာယတန စျာန်သမာပတ်သည် ရူပါဝစရစျာန်ဟူသော နီးကပ်သော ရန်သူရှိ၏၊
၂။ ဝိညာဏဉ္စာယတနစျာန်သမာပတ်ကဲ့သို့ ငြိမ်သက်သည်လည်း မဟုတ်ခဲ့။ ဤသို့လျှင် အာကာသာနဉ္စာယတန စျာန်သမာပတ်၌ အပြစ်မြင်အောင် ရှု၍,
၃။ ထိုအာကာသနဉ္စာယတနစျာန်၌ ခုံမင်တပ်မက်ခြင်း တဏှာကို ကုန်စေ၍,
၄။ ဝိညာဏဉ္စာယတနစျာန်ကို ငြိမ်သက်၏ဟူ၍ နှလုံးသွင်းပြီးလျှင် –

ထိုပထဝီကသိုဏ်းကို ခွာ၍ ရအပ်သော အာကာသနိမိတ်ကို ပျံ့နှံ့၍ ဖြစ်ပေါ်လာသော ထိုအာကာသာနဉ္စာယတနဝိညာဏ်ကို ဝိညာဏံ - ဝိညာဏံဟူ၍ အဖန်ဖန် အထပ်ထပ် ဆင်ခြင်အပ်၏ နှလုံးသွင်းအပ်၏ ဉာဏ်ဖြင့် သက်ဝင်၍ ဆင်ခြင်အပ်၏၊ ဝိတက်ဖြင့် ဝိညာဏံ - ဝိညာဏံဟု ရှေးရှုခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည်၍ ခေါက်သည်ကို ပြုအပ်၏၊ အနန္တံ အနန္တံဟူ၍ သက်သက် နှလုံးမသွင်းကောင်း၊ ဝိညာဏံ - ဝိညာဏံဟုလည်းကောင်း, အနန္တံ ဝိညာဏံ - အနန္တံ ဝိညာဏံဟုလည်းကောင်း နှလုံးသွင်းကောင်း၏၊

ဤသို့သောနည်းအားဖြင့် ထိုအာကာသာနဉ္စာယတနဝိညာဏ်ဟူသော ဝိညာဏနိမိတ်၌ အဖန်တလဲလဲ ဘာဝနာ စိတ်ကို ဖြစ်စေသော ထိုယောဂါဝစရပုဂ္ဂိုလ်အား နီဝရဏကိလေသာအညစ်အကြေးတို့သည် ကွာကျသွားကြကုန်၏၊ အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိသော သတိသည် ကောင်းစွာ တည်လာ၏၊ ဥပစာရစျာန် သမာဓိဖြင့် ဘာဝနာစိတ်သည် ကောင်းစွာ တည်ကြည်လာ၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကာသာနဉ္စာယတန ဝိညာဏ်နိမိတ်ကို အဖန်ဖန် အထပ်ထပ် မှီဝဲ၏ ပွားများ၏ ကြိမ်ဖန်များစွာ အလေ့အလာပြု၏၊ ဤသို့သောနည်းဖြင့် အကြိမ်များစွာပြုသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ကသိုဏ်းကို ခွာ၍ ရရှိလာသော အာကာသနိမိတ်၌ အာကာသာနဉ္စာယတနစျာန်စိတ်သည် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်သကဲ့သို့ – ပထဝီကသိုဏ်းကို ခွာ၍ ရရှိလာသော အာကာသနိမိတ်ကို ပျံ့နှံ့၍ အာရုံပြု၍ ဖြစ်ပေါ်လာသော အာကာသာနဉ္စာယတနဝိညာဏ်အာရုံ၌ ဝိညာဏဉ္စာယတန စျာန်စိတ်သည် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏၊[မှတ်စု ၁]

ပရမတ်အာရုံဖြစ်သည်ကို သတိပြုပါ

ဤ၌ အရှုခံအာရုံမှာ အာကာသာနဉ္စာယတနစျာန်ဝိညာဏ်ဖြစ်၏၊ ပရမတ်အာရုံတည်း။ ထိုအာကာသာနဉ္စာယတနစျာန်ဝိညာဏ်ကို ဝိညာဏံ ဝိညာဏံဟု ရှုခဲ့သော် ထိုအာကာသာနဉ္စာယတနဝိညာဏ်အာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော ဘာဝနာစိတ်တို့တွင် ဥပစာရစျာန်ဇောတို့၏ နောက်၌ အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော စျာန်စိတ်သည် ဝိညာဏဉ္စာယတနစျာန်စိတ်တည်း။ အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံ ရှိသော စျာန်စိတ် ဟူလိုသည်။ အရှုခံအာရုံဖြစ်သော စျာန်စိတ်မှာ အာကာသာနဉ္စာယတနစျာန်စိတ်, ရှုတတ်သော စျာန်စိတ်မှာ ဝိညာဏဉ္စာယတနစျာန်စိတ်တည်း။ နှစ်မျိုးလုံးသည် စျာန်စိတ်ချည်းသာတည်း။ ပရမတ်တရားချည်းသာတည်း။

အခက်အခဲတစ်ရပ်

အရှုခံအာရုံမှာ ပရမတ်တရား ဖြစ်နေသဖြင့် နာမ်ကမ္မဋ္ဌာန်းကို မရှုဖူးသေးသော အချို့အချို့သော ယောဂါဝစရ ပုဂ္ဂိုလ်တို့အဖို့ ယင်းအာကာသာနဉ္စာယတနဝိညာဏ်ကို မသိမ်းဆည်းတတ် ဖြစ်နေကြ၏၊ ထိုအခါတွင် – ယင်း အာကာသာနဉ္စာယတနစျာန်၏ ဥပေက္ခာ+ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးကို သိမ်းဆည်းတတ်ပါသလားဟု ထိုပုဂ္ဂိုလ်တို့ကို မေးကြည့်လိုက်သောအခါ သိမ်းဆည်းတတ်ပါကြောင်းကို ဝန်ခံကြ၏၊ ထိုအခါတွင် ယင်းစျာန်အင်္ဂါ နှစ်ပါးတို့နှင့် စိတ္တက္ခဏ တစ်ခုတစ်ခုအတွင်းဝယ် အတူယှဉ်တွဲ ဖြစ်နေသော ယင်းစျာန်စိတ်ကို မြင်အောင်ရှုပါဟု အကြံပြုလိုက်သောအခါ ယင်းစျာန်စိတ်ကို ရှုတတ်သွားကြ၏၊ သို့သော် နောက်ထပ် ထပ်ဆင့် မေးခွန်း တစ်ခု မေးလာတတ်ကြပြန်၏၊ ယင်းအာကာသာနဉ္စာယတနစျာန်စိတ်မှာ ယောဂါဝစရပုဂ္ဂိုလ်၏ နှလုံးအိမ်အတွင်း၌ တည်ရှိသော ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ဖြစ်နေသော စိတ်တစ်မျိုးဖြစ်သဖြင့် ယင်းစျာန်စိတ်ကို ဝိညာဏံ - ဝိညာဏံ ဟု ရှုနေသောအခါ နှလုံးအိမ်အတွင်း ဟဒယဝတ္ထု ရှိသည့်နေရာကို စိုက်ရှုနေရမှာလားဟု မေးတတ်ကြပြန်၏၊ ဟုတ်ပါသည်ဟုပင် အဖြေပေးရ၏၊ သို့သော် ဦးခေါင်းကို ငုံ့ကာ နှလုံးအိမ်ဘက်သို့ စိုက်ကြည့်ရမည်ဟုကား မဆိုလိုကြောင်းကိုလည်းကောင်း, စိတ်ဖြင့်သာ စိုက်ရှုရန်ကိုလည်းကောင်း ထပ်မံ၍ အကြံပြုရပြန်သည်။

ဝိညာဏဉ္စာယတနစျာန်သို့ ဆိုက်ရောက်နေသူ

ဤမျှ အတိုင်းအရှည်ရှိသော ဘာဝနာအစဉ်ဖြင့် ဤပုဂ္ဂိုလ်ကို ဤသို့ ခေါ်ဆိုအပ်ပေ၏၊ “”အကြွင်းမရှိ အလုံးစုံသော အာကာသာနဉ္စာယတနစျာန်နှင့် အာကာသနိမိတ်အာရုံကို ကျော်လွှားလွန်မြောက်၍ ‘အနန္တံ ဝိညာဏံ - အနန္တံ ဝိညာဏံ”ဟု ဤသို့ နှလုံးသွင်းသည်ဖြစ်၍ ဝိညာဏဉ္စာယတနစျာန်ကို ပြည့်စုံစေ၍ နေသူ”[မှတ်စု ၂] ဟူ၍ ဆိုအပ်၏၊[မှတ်စု ၃]

ဤ၌ အာကာသာနဉ္စာယတနစျာန်ကိုလည်းကောင်း, ယင်းအာကာသာ နဉ္စာယတနစျာန်၏ တည်ရာအာရုံ ဖြစ်သည့် အာကာသနိမိတ်ကိုလည်းကောင်း – ဤ နှစ်မျိုးလုံးကိုပင် အာကာသာနဉ္စာယတနဟု ဆိုလို၏၊ ထို နှစ်မျိုးလုံးကိုပင် မဖြစ်ခြင်းကို ပြုသဖြင့်လည်းကောင်း, နှလုံးမသွင်းသဖြင့်လည်းကောင်း – အချင်းခပ်သိမ်း ကျော်လွှား လွန်မြောက်သွားပါမှသာလျှင် ဤ ဝိညာဏဉ္စာယတနစျာန်ကို ပြည့်စုံစေ၍ နေနိုင်သောကြောင့် ဤစျာန်နှင့် အာရုံ နှစ်ပါးစုံကိုလည်း တစ်ပေါင်းတည်းပြု၍ အာကာသာနဉ္စာယတနံ သမတိက္ကမ္မ = အာကာသာနဉ္စာယတနစျာန်နှင့် အာကာသာနဉ္စာယတနစျာန်၏ အာရုံ (= အာကာသနိမိတ်)ကို ကျော်လွှားလွန်မြောက်၍ဟု ဘုရားရှင် ဟောကြားတော် မူပေသည်။[မှတ်စု ၄]

ဆိုလိုရင်းသဘော

စိတ်တို့မည်သည် တစ်ခုသော စိတ္တက္ခဏအတွင်း၌ နှစ်ခုပြိုင်တူ ဖြစ်ရိုးဓမ္မတာကား မရှိပေ။ စိတ္တက္ခဏတစ်ခုပြီးမှ နောက်စိတ္တက္ခဏတစ်ခု ဖြစ်နိုင်၏၊ ဤ၌ အရှုခံအာရုံဖြစ်သည့် အာကာသာနဉ္စာယတနစျာန်ဝိညာဏ်နှင့် ရှုတတ်သည့် ဝိညာဏဉ္စာယတနစျာန်ဝိညာဏ်တို့သည် တစ်ခုသော စိတ္တက္ခဏအတွင်း၌ နှစ်ခုပြိုင်တူကား မဖြစ်နိုင်ကြပေ။ အာကာသာနဉ္စာယတနစျာန်စိတ်က ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားဖြစ်နေချိန်ဝယ် ဝိညာဏဉ္စာယတနစျာန်စိတ်ကား ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားမဖြစ်နိုင်သေးပေ။ ဝိညာဏဉ္စာယတနစျာန်စိတ်က ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှား ဖြစ်နေချိန်ဝယ် အာကာသာနဉ္စာယတနစျာန်စိတ်သည် ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှား မဖြစ်နိုင်တော့ပြီ ဖြစ်၏၊ ယင်း အရှုခံအာရုံဖြစ်သည့် အာကာသာနဉ္စာယတနစျာန်စိတ်က ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားမဖြစ်သည့်အခါမှ = ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားဖြစ်မှုကို ကျော်လွှားသွားနိုင်ပါမှ ဝိညာဏဉ္စာယတနစျာန်စိတ်က ဥပါဒ်-ဌီ-ဘင်အားဖြင့် ပြည့်ပြည့်စုံစုံ ဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။ အာကာသာနဉ္စာယတနစျာန်ဝိညာဏ် (= စိတ်)ကို ယခုကဲ့သို့ ကျော်လွှား လွန်မြောက်သွားခဲ့လျှင် ယင်းစျာန်စိတ်ကလည်း ကသိုဏ်းကို ခွာ၍ ရရှိလာသည့် အာကာသနိမိတ်ကိုသာ သိနေသည် ဖြစ်ရကား ယင်းအာကာသကို သိနေသည့် စျာန်စိတ်ကို ကျော်လွှားလွန်မြောက်သွားပါက ယင်းအာကာသနိမိတ်ကို သိမှုသဘောလည်း မရှိတော့သဖြင့် တစ်ပါတည်း ယင်းအာကာသနိမိတ်အာရုံကိုပါ ကျော်လွှားလွန်မြောက်သွားသည်ဟု ဆိုရပေသည်။ ယင်းကဲ့သို့ စျာန်စိတ်နှင့် စျာန်၏အာရုံ နှစ်ပါးစုံကို ကျော်လွှားလွန်မြောက်သွားသော်လည်း ချုပ်ဆုံး လေပြီးသော အတိတ်ဖြစ်သော ထိုအာကာသာနဉ္စာယတနဝိညာဏ်ကို ဝိညာဏဉ္စာယတနစျာန်ဝိညာဏ်စိတ်က တစ်ဖန် ပြန်၍ အာရုံပြုနိုင်သည် သိနိုင်သည်ဟု မှတ်ပါလေ။[မှတ်စု ၅]

အနန္တံ ဝိညာဏံ

အာကာသာနဉ္စာယတနဝိညာဏ်သည် အဆုံးအပိုင်းအခြား မရှိသည့် အနန္တဖြစ်သော ကောင်းကင်ပညတ် = အာကာသနိမိတ်ကို အာရုံပြု၏၊ ထိုအကြောင်းအာရုံ၏ အနန္တဟူသောအမည်ကို အကျိုးဖြစ်သော အာရုံယူတတ်သည့် အာရမ္မဏိကဝိညာဏ်အပေါ်၌ တင်စား၍ ကာရဏူပစာရအားဖြင့် (တစ်နည်း ဖလူပစာရအားဖြင့်) အာကာသာနဉ္စာယတနဝိညာဏ်ကိုပင် အနန္တံ ဝိညာဏံဟု ဆိုသည်။ ဝိညာဏဉ္စာယတနစျာန်ကို အလိုရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကာသာနဉ္စာယတနဝိညာဏ်ကိုပင် “အနန္တံ ဝိညာဏံ”ဟု နှလုံးသွင်းရ၏ဟု ဆိုလိုသည်။ ဤနည်းအလို –အနန္တံ ဝိညာဏံ = အနန္တမည်သော ဥပါဒ်-ဘင်အားဖြင့် အပိုင်းအခြား မရှိသော ကောင်းကင်ပညတ်ကို (= အာကာသ နိမိတ်)ကို အာရုံပြုသော ဝိညာဏ် = အာကာသာနဉ္စာယတနဝိညာဏ်ဟု ဆိုလိုသည်။

တစ်နည်း – ဝိညာဏဉ္စာယတနစျာန်ကို ရရှိအောင် အားထုတ်သော ဘာဝနာစိတ်သည် အာကာသာနဉ္စာယတနဝိညာဏ်ကို အာရုံပြုသည့်အခါ ဥပါဒ်ကို ပိုင်းခြား၍ဖြစ်စေ, ဌီကို ပိုင်းခြား၍ဖြစ်စေ, ဘင်ကို ပိုင်းခြား၍ဖြစ်စေ အာရုံပြုသည်ကား မဟုတ်၊ အဟုတ်သော်ကား အပိုင်းအခြား မထားဘဲ အာကာသာနဉ္စာယတနဝိညာဏ်တစ်ခုလုံးကိုပင် အာရုံပြုသည်။ ဤသို့ အာရုံယူတတ်သော အာရမ္မဏိကဘာဝနာစိတ်က အထူးသဖြင့် ဝိညာဏဉ္စာယတန ဘာဝနာစိတ်က အနန္တဖြစ်အောင် = အပိုင်းအခြား မရှိအောင် အာရုံပြုအပ်သောကြောင့် အစွန်းအစ ဘင်မျှမကျန် အချင်းခပ်သိမ်း အလုံးစုံသော အာကာသာနဉ္စာယတနဝိညာဏ်ကို နှလုံးသွင်းရသည်၏ အစွမ်းဖြင့် ယင်းအာကာသာနဉ္စာယတနဝိညာဏ်ကို အနန္တံ ဝိညာဏံဟု ဆိုသည်။ ဤနည်းအလို – အနန္တံ ဝိညာဏံ = အပိုင်းအခြား မရှိဘဲ အာရုံပြုအပ်သော အာကာသာနဉ္စာယတနဝိညာဏ်ဟု ဆိုလိုသည်။[မှတ်စု ၆]

  1. (ဝိသုဒ္ဓိ၊၁၊၃၂၅။)
  2. သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မ “အနန္တံ ဝိညာဏ”န္တိ ဝိညာဏဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ (အဘိ၊၂၊၂၅၄။ ဒီ၊၂၊၆၀။)
  3. (အဘိ၊၂၊၂၅၄။ ဒီ၊၂၊၆၀။ ဝိသုဒ္ဓိ၊၁၊၃၂၅။)
  4. (ဝိသုဒ္ဓိ၊၁၊၃၂၅-၃၂၆။)
  5. (မ၊၃၊၇၈၊ စာပိုဒ်၊၉၅ အနုပဒသုတ္တန်-တွင် ကြည့်ပါ၊၊)
  6. (ဝိသုဒ္ဓိ၊၁၊၃၂၆-ကြည့်ပါ။)