နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/အလွန် ခဲယဉ်းသော လုပ်ငန်းရပ်

အလွန် ခဲယဉ်းသော လုပ်ငန်းရပ်

စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြကုန်သော စိတ်+စေတသိက် = နာမ်တရားတို့ကို နာမ်ဃန ခေါ်သည့် နာမ်တုံးနာမ်ခဲကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းရှုပွားရေးမှာ လွယ်ကူသော လုပ်ငန်းကိစ္စရပ်ကား မဟုတ်ပါပေ။ သို့သော် သာဝကတို့သည် သိမ်းဆည်း ရှုပွား၍ကား ရရှိနိုင်ကြသည်သာ ဖြစ်ပေသည်။ မိလိန္ဒပဥှာပါဠိတော်၌ လာရှိသော စကားရပ်ကို အယူအဆ လွဲမှားတော် မူကြသဖြင့် ယင်းနာမ်တရားတို့ကို သာဝကတို့သည် ရှု၍ မရနိုင်ဟု ပြောဆိုကြခြင်း ဖြစ်ပေသည်။ သံသယ ကင်းရှင်း သွားစေရန်အတွက် သံယုတ်အဋ္ဌကထာ[မှတ်စု ၁], အဋ္ဌသာလိနီအဋ္ဌကထာ[မှတ်စု ၂]တို့၏ ဖွင့်ဆိုချက်နှင့် မိလိန္ဒပဥှာပါဠိတော်[မှတ်စု ၃]၏ အဆိုအမိန့်ကို တင်ပြအပ်ပါသည် ..။

ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူရာ သိမ်းဆည်းရာ၌လည်းကောင်း, ဝိပဿနာ ရှုပွားသုံးသပ်ရာ၌လည်းကောင်း ဝီထိမှ အလွတ်ဖြစ်သော ဝီထိမုတ်စိတ်အမည်ရသည့် ပဋိသန္ဓေ-ဘဝင်-စုတိ စိတ္တက္ခဏ တို့၌လည်းကောင်း, စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြကုန်သော ဝီထိစိတ်တို့၏ စိတ္တက္ခဏတိုင်း၌ လည်းကောင်း ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကို တစ်နည်းဆိုရသော် ဖဿပဉ္စမကတရား ငါးပါးတို့ ဦးဆောင်သည့် နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားရမည်ဖြစ်ကြောင်းကို အထက်တွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်၏၊

“စိတ္တက္ခဏတစ်ခုတစ်ခုအတွင်း၌ တည်ရှိကြကုန်သော ဤဖဿပဉ္စမကတရားစုတို့ကို အသီးအသီး တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာခြင်းကို ပြုတော်မူလျက် ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ်စသော အမည်နာမ ပညတ်များကို ထုတ်ဆောင်ပြတော်မူသော ပိုင်းခြားခြင်းကို ပြုတော်မူသော ဘုရားရှင်သည် ခဲယဉ်းစွာ ပြုလုပ်အပ်သော လုပ်ငန်းရပ်ကို ပြုလုပ်တော်မူအပ်ပါပေပြီ။ ဥပမာဆောင်၍ ထင်ရှားအောင် ပြဆိုပေဦးအံ့ ..။

တစ်ခုတည်းသော အိုးခွက်အတွင်း၌ အဆင်း အနံ့ အရသာ အမျိုးမျိုးရှိသော ရေအမျိုးမျိုးတို့ကို ထည့်၍ တစ်နေ့ပတ်လုံး မပျင်းမရိ လုံ့လဝီရိယရှိရှိဖြင့် မွှေနှောက်ထားသည် ဆိုကြပါစို့၊ နှမ်းဆီ မုန်ညင်းဆီ သစ်မည်ဆီ ကြက်ဆူဆီ ဝက်ဆီ ဟူသည့် အရသာအမျိုးမျိုးရှိကြသည့် ဆီငါးမျိုးတို့ကို အိုးစရည်းကြီးတစ်လုံးအတွင်း၌ ထည့်ကာ တစ်နေကုန် တစ်နေခန်း မပင်မပန်း မပျင်းမရိ ဇွဲလုံ့လဝီရိယရှိရှိဖြင့် မွှေနှောက်ထားသည် ဆိုကြပါစို့။ တစ်ခုတည်းသော အိုးခွက်အတွင်း၌ ထည့်ကာ တစ်နေ့တာပတ်လုံး မွှေနှောက်ထားအပ်ပြီးကုန်သော အထူးထူးသော ရေတို့၏သော် လည်းကောင်း, အထူးထူးသော ဆီတို့၏သော်လည်းကောင်း အဆင်း အနံ့ အရသာတို့၏ တစ်ခုနှင့်တစ်ခု မတူ ထူးထွေ ကွဲပြားမှု ရှိကြသည်၏အဖြစ်ကြောင့် မျက်စိဖြင့် ကြည့်၍သော်လည်းကောင်း, နှာခေါင်းဖြင့် နမ်း၍သော်လည်းကောင်း, လျှာဖြင့် လျက်၍သော်လည်းကောင်း တစ်ခုနှင့်တစ်ခု မတူကွဲပြားမှုကို ပြုလုပ်ကြောင်းဖြစ်သည့် ထူးခြားချက်ကို သိခြင်းငှာ တတ်ကောင်းသည် ဖြစ်တန်ရာသေး၏၊[မှတ်စု ၄]

ဤသို့ သိခြင်းငှာ တတ်ကောင်းပါသော်လည်း ထိုသိခြင်းကို ဒုက္ကရ = ခဲယဉ်းစွာ ပြုအပ်၏ဟူ၍ = ပြုနိုင်ခဲ၏ဟူ၍ မိလိန္ဒပဥှာ၌ အရှင်နာဂသေန မထေရ်မြတ်က မိန့်ဆိုတော်မူခဲ့လေသည်။ ဘုန်းတော်ခြောက်ပါးသခင် သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည်ကား သဗ္ဗညုတဉာဏ်တော်မြတ်ကို ထိုးထွင်း သိမြင်တော်မူပြီးသည်၏အဖြစ်ကြောင့် တရားတော်ကို အစိုးရတော်မူသည့် တရားမင်းကြီးစင်စစ် ဖြစ်တော်မူ၏၊ ထိုကြောင့် ဘုရားရှင်သည် တစ်ခုတည်းသော အာရုံ၌ အာရုံပြုလျက် ဖြစ်ပေါ်၍ နေကြကုန်သော ဤစိတ်စေတသိက် နာမ်တရားစုတို့၏ အသီးအသီး တစ်လုံးစီတစ်လုံးစီကို ဉာဏ်တော်မြတ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကို ပြု၍ –– “ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ်” .. ဤသို့ စသည်ဖြင့် အမည်နာမပညတ်ကို ထုတ်ဆောင်ပြတော်မူလျက် တရားတော်ကို ဟောကြားတော်မူ၏၊ ထိုသို့ အမည်နာမပညတ်ကို ထုတ်ဆောင်ပြတော်မူလျက် တရားတော်ကို ဟောကြားတော်မူသော ဘုရားရှင်သည် အလွန် ခဲယဉ်းစွာ ပြုအပ်သော အမှုကို ပြုတော်မူအပ်ပါပေပြီ။”[မှတ်စု ၅]

“ဒါယကာတော် မိလိန္ဒ မဟာရာဇာ ... မြတ်စွာဘုရားသည် အလွန်ခဲယဉ်းစွာ ပြုအပ်သော အမှုကို ပြုတော် မူအပ်ပါပေပြီ။

အရှင်ဘုရား နာဂသေန ... မြတ်စွာဘုရားသည် အဘယ်ကဲ့သို့သော အလွန်ခဲယဉ်းစွာ ပြုအပ်သော အမှုကို ပြုတော်မူအပ်ပါသနည်း?

ဒါယကာတော် မိလိန္ဒ မဟာရာဇာ... မြတ်စွာဘုရားသည် တစ်ခုတည်းသော အာရုံ၌ အာရုံပြုလျက် ပြိုင်တူ ဖြစ်ပေါ်၍ နေကြသော နာမ်တရားဖြစ်ကုန်သော ဤစိတ်+စေတသိက်တရားတို့ကို –

၁။ ဤ အာရုံကို တွေ့ထိခြင်း သဘောတရားသည် ဖဿတည်း။
၂။ ဤ အာရုံ၏ အရသာကို ခံစားခြင်း သဘောတရားသည် ဝေဒနာတည်း။
၃။ ဤ အာရုံကို မှတ်သားခြင်း သဘောတရားသည် သညာတည်း။
၄။ ဤ အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ခြင်း သဘောတရားသည် စေတနာတည်း။
၅။ ဤ အာရုံကို ရယူတတ် = သိတတ်သော သဘောတရားသည် စိတ်တည်း။

ဤသို့ အမည်နာမပညတ်ကို ထုတ်ဆောင်လျက် အကြင်ပရမတ္ထဓာတ်သား နာမ်တရား တစ်လုံးစီတစ်လုံးစီကို အသီးအသီး ပိုင်းခြားခြင်းကို ပြုလျက် ဟောကြားထားတော်မူအပ်၏၊ ထိုသို့ ပိုင်းခြားလျက် ဟောကြားတော်မူခြင်း ဟူသော အလွန်ခဲယဉ်းစွာ ပြုအပ်သော အမှုကို ပြုတော်မူအပ်ပါပေပြီ။

အရှင်ဘုရား ... ဥပမာကို ပြုတော်မူပါဦးလော့။

ဒါယကာတော် မိလိန္ဒ မဟာရာဇာ ... တစ်စုံတစ်ယောက်သော ယောက်ျားသည် လှေသင်္ဘောဖြင့် သမုဒ္ဒရာတွင်းသို့ ချင်းနင်းသက်ဝင်၍ လက်ခုပ်ဖြင့် ရေကို ခပ်ယူ၍ လျှာဖြင့် လျက်ကြည့်ခဲ့သော် ..

၁။ ဤရေသည် ဂင်္ဂါမြစ်ရေတည်း။
၂။ ဤရေသည် ယမုနာမြစ်ရေတည်း။
၃။ ဤရေသည် အစိရဝတီမြစ်ရေတည်း။
၄။ ဤရေသည် သရဘူမြစ်ရေတည်း။
၅။ ဤရေသည် မဟီမြစ်ရေတည်း။

ဤသို့လျှင် ထိုယောက်ျားသည် သိနိုင်ရာပါသလော?

အရှင်ဘုရား နာဂသေန ... သိဖို့ရန် ခဲယဉ်းစွာ ပြုအပ်ပါပေ၏၊

ဒါယကာတော် မိလိန္ဒ မဟာရာဇာ ... တစ်ခုတည်းသော အာရုံ၌ ပြိုင်တူဖြစ်ပေါ်၍ နေကြကုန်သော နာမ်တရားဖြစ်ကြကုန်သော ဤစိတ်+စေတသိက်တို့ကို –

၁။ ဤ အာရုံကို တွေ့ထိခြင်း သဘောတရားသည် ဖဿတည်း။ ပ။
၅။ ဤ အာရုံကို ရယူတတ် = သိတတ်သော သဘောတရားသည် စိတ်တည်း။

ဤသို့လျှင် အမည်နာမပညတ်ကို ထုတ်ဆောင်လျက် အကြင်ပရမတ္ထဓာတ်သား နာမ်တရား တစ်လုံးစီတစ်လုံးစီကို အသီးအသီး ပိုင်းခြားခြင်းကို ပြုလျက် ဟောကြားတော်မူအပ်၏၊ ထိုသို့ ပိုင်းခြားလျက် ဟောကြားတော်မူခြင်းဟူသော အလွန်ခဲယဉ်းစွာ ပြုအပ်သော အမှုကို ဘုရားရှင်သည် ပြုတော်မူအပ်ပါပေပြီ။”

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့၏ အဆိုအမိန့်ကား –– တစ်ခုတည်းသော အာရုံကို အာရုံပြု၍ ပြိုင်တူ ဖြစ်ပေါ်သွားကြကုန်သော စိတ္တက္ခဏတစ်ခုတစ်ခု၏အတွင်း၌ တည်ရှိကြကုန်သော ပရမတ္ထဓာတ်သား စိတ်+စေတသိက် = နာမ်တရားစုတို့ကို –– “ဤကား ဖဿ, ဤကား ဝေဒနာ” .. စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် အမည် နာမပညတ်ကို ထုတ်ဆောင်လျက် ပညတ်တင်ကာ ဘုရားရှင်၏ ဟောကြားထားတော် မူချက်မှာ အလွန် ခဲယဉ်းသော လုပ်ငန်းရပ် ဖြစ်ကြောင်းကိုသာ မိန့်ဆိုခြင်း ဖွင့်ဆိုခြင်း ဖြစ်ပေသည်။ သာဝကတို့သည် စိတ္တက္ခဏ တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိကြကုန်သော နာမ်တရားတို့ကို ရှု၍ မရနိုင် - ဟု ဟောကြားထားတော် မူသည်ကား မဟုတ်ပေ။ ဤအချက်ကို အလေးအနက် သဘောပေါက်နိုင်ရမည် ဖြစ်သည်။ အယူအဆ လွဲမှားသွားပါက ကျင့်စဉ်လည်း လွဲမှားသွားနိုင်ပေသည်။ သို့အတွက် လုပ်ငန်းခွင်နှင့် ပတ်သက်လာလျှင် အယူအဆ မလွဲမှားမိရန် အထူးသတိပြုရမည် ဖြစ်ပေသည်။

အထက်တွင် တင်ပြထားသော အဋ္ဌသာလိနီအဋ္ဌကထာ[မှတ်စု ၆] စကားရပ်ကို ပြန်လည်ကာ သတိပြုကြည့်ပါ။

“သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် အာရုံတစ်ခုတည်း၌ အာရုံပြုလျက် ဖြစ်ပေါ်နေကြကုန်သော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ တည်ရှိနေကြကုန်သော စိတ်+စေတသိက် = နာမ်တရားစုတို့၏ အသီးအသီး တစ်လုံးစီ တစ်လုံးစီကို သဗ္ဗညုတဉာဏ်တော်မြတ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကို ပြု၍ –– “ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ်” .. ဤသို့ စသည်ဖြင့် ယင်းနာမ်တရားစုတို့၏ အမည်နာမ ပညတ်ကို ထုတ်ဆောင်လျက် ပညတ်တင်ကာ ဘုရားရှင်၏ ဟောကြားထားတော်မူချက်မှာ အလွန် ခဲယဉ်းသော လုပ်ငန်းရပ်ကို ပြုတော်မူအပ်သည်မည်ကြောင်း” ဖွင့်ဆိုချက်မှာ အထူး အလေးဂရုပြု၍ မှတ်သားထားရမည့် အချက်ပင် ဖြစ်ပေသည်။

ဝတ္ထုနှင့် အာရုံကို ပူးတွဲ သိမ်းဆည်းပါ

နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်လျက် လိုက်နာပြုကျင့်ရမည့် ရှေးထုံးဟောင်း ဥပဒေသတစ်ရပ်ကား – ဝတ္ထုနှင့် အာရုံကို ပူးတွဲသိမ်းဆည်းလျက် နာမ်တရားတို့ကို သိမ်းဆည်းခြင်းပင် ဖြစ်သည်။ ယင်းစည်းကမ်းဥပဒေသကား အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ရိုရိုသေသေ လိုက်နာပြုကျင့်သွားတော်မူသော ရှေးထုံးဟောင်း ဥပဒေသတစ်ရပ် ဖြစ်၏၊ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ဝိပဿနာ ရှုကွက်တို့တွင် တစ်ခုသော ပထမစျာန်နာမ်တရား ရှုကွက်ကို ပုံစံအဖြစ် ထုတ်ပြအပ်ပါသည်။ ဘုရားရှင်သည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ပထမစျာန်နာမ်တရား ရှုကွက်ကို ဤသို့ ဟောကြားထားတော်မူ၏၊

“ထိုသာရိပုတ္တရာသည် ထို ပထမစျာန်နာမ်တရားတို့ကို အစဉ်အတိုင်း တစ်လုံးစီ တစ်လုံးစီ ပိုင်းခြား၍ သိ၏၊ ထိုစျာန်နာမ်တရားတို့သည် ထိုသာရိပုတ္တရာ၏ အသိဉာဏ်၌ ထင်ထင်ရှားရှား သိအပ်သည် ဖြစ်၍ ဖြစ်နေကုန်၏၊ ထင်ထင်ရှားရှား သိအပ်သည်ဖြစ်၍ တည်နေကုန်၏၊ ထင်ထင်ရှားရှား သိအပ်သည်ဖြစ်၍ ချုပ်နေကုန်၏ = ထိုသာရိပုတ္တရာသည် ထိုစျာန်နာမ်တရားတို့၏ ဖြစ်မှု ဥပါဒ်ကို ထင်ထင်ရှားရှား သိ၏၊ တည်မှု ဌီကို ထင်ထင်ရှားရှား သိ၏၊ ပျက်မှု ဘင်ကို ထင်ထင်ရှားရှား သိ၏၊ “ဤစျာန်နာမ်တရားတို့သည် ရှေးက ထင်ရှားမရှိဘဲ ယခုမှ ရုတ်ခြည်း အသစ် ဖြစ်ပေါ်လာကုန်၏၊ ဖြစ်ပြီးလျှင် ခဏတိုင်း ရုတ်ခြည်း ချုပ်ပျက်ကုန်၏”ဟု ထိုသာရိပုတ္တရာသည် ဤသို့ သိ၏၊”[မှတ်စု ၇]

အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် ပထမစျာန်မှသည် အာကိဉ္စညာယတနစျာန်သို့တိုင်အောင် ယင်း စျာန်နာမ်တရား အသီးအသီးကို အနုပဒဓမ္မ ဝိပဿနာနည်းအားဖြင့် အစဉ်အတိုင်း တစ်လုံးစီ တစ်လုံးစီ ဝိပဿနာ ရှုပွားသုံးသပ်တော်မူ၏၊ နေဝသညာနာသညာယတနစျာန်အတွင်း၌ တည်ရှိကုန်သော စျာန်နာမ်တရားတို့ကိုကား ကလာပသမ္မသနနည်းအားဖြင့် ပေါင်းစုခြုံငုံ၍ ဝိပဿနာ ရှုပွားသုံးသပ်တော်မူ၏၊[မှတ်စု ၈] ထိုသို့ ရှုပွားသုံးသပ်တော်မူရာ၌ ထိုစျာန်နာမ်တရား တစ်လုံးစီ တစ်လုံးစီ၏ ဖြစ်မှု တည်မှု ပျက်မှုကို ထင်ထင်ရှားရှား သိတော်မူ၏၊ ထိုသို့ သိတော် မူနိုင်ခြင်း၏ အကြောင်းရင်းကို ဥပရိပဏ္ဏာသ အဋ္ဌကထာ ဋီကာတို့[မှတ်စု ၉]က အောက်ပါအတိုင်း ရှင်းလင်းတင်ပြထားတော် မူကြ၏ ..။

“အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ ထိုကဲ့သို့ ဝိပဿနာရှုပွားသုံးသပ်တော်မူနိုင်ခြင်း၏ အကြောင်းရင်းမှာ ဝတ္ထုနှင့် အာရုံကို ပူးတွဲ သိမ်းဆည်းထားနိုင်သောကြောင့် ဖြစ်၏၊[မှတ်စု ၁၀] မှန်ပေသည် – အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ် ကြီးသည် စျာန်စိတ္တုပ္ပါဒ်တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော စျာန်နာမ်တရား တစ်လုံးစီ တစ်လုံးစီကို မသိမ်းဆည်းမီ ရှေ့အဖို့က ကြိုတင်၍ ယင်းစျာန်နာမ်တရားတို့၏ မှီရာဝတ္ထုကိုလည်းကောင်း (= စွဲမှီ၍ ဖြစ်ရာ ဘဝင်မနောဒွါရကို လည်းကောင်း) ယင်းစျာန်နာမ်တရားတို့၏ အာနာပါနပဋိဘာဂနိမိတ် သို့မဟုတ် ကသိုဏ်းပဋိဘာဂနိမိတ် စသော ဆိုင်ရာ သမထနိမိတ်အာရုံကိုလည်းကောင်း ပူးတွဲ၍ သိမ်းဆည်းထားတော်မူ၏၊ ယင်းသို့ ပူးတွဲ သိမ်းဆည်းထားနိုင် သောကြောင့် ထိုစျာန်စိတ္တုပ္ပါဒ်၏ အတွင်း၌ တည်ရှိသော ထိုစျာန်နာမ်တရားတို့၏ ဖြစ်မှု ဥပါဒ်ကို ဆင်ခြင်လိုက်သော အခါ ယင်းဖြစ်မှု ဥပါဒ်သည် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ အသိဉာဏ်၌ ထင်ရှားနေ၏၊ တည်မှု ဌီကို ဆင်ခြင်လိုက်သောအခါ ယင်းတည်မှု ဌီသည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ အသိဉာဏ်၌ ထင်ရှားနေ၏၊ ပျက်ခြင်း ဘင်ကို ဆင်ခြင်လိုက်သောအခါ ယင်းပျက်ခြင်း ဘင်သည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ အသိဉာဏ်၌ ထင်ရှားနေ၏၊ ထိုကြောင့် “ထိုစျာန်နာမ်တရားတို့သည် ထိုသာရိပုတ္တရာ၏ အသိဉာဏ်၌ ထင်ထင်ရှားရှား သိအပ်သည်ဖြစ်၍ ဖြစ်နေကုန်၏၊ ထင်ထင်ရှားရှား သိအပ်သည်ဖြစ်၍ တည်နေကုန်၏၊ ထင်ထင်ရှားရှား သိအပ်သည် ဖြစ်၍ ချုပ်နေကုန်၏”ဟု ဘုရားရှင်က ဟောကြားထားတော်မူခြင်း ဖြစ်ပေသည်။”

ဤဥပဒေသကား နာမ်ကမ္မဋ္ဌာန်းကို အားသစ်လိုသော ယောဂါဝစရပုဂ္ဂိုလ်အတွက် “မဏိဇောတ ပြည်တန်မြ” ကဲ့သို့ တန်ဖိုးမဖြတ်နိုင်သော စည်းမျဉ်း ဥပဒေသတစ်ရပ်ပင် ဖြစ်သည်။ နာမ်ကမ္မဋ္ဌာန်းကိုကား အားထုတ်ပါ၏၊ သို့သော် ဝတ္ထုနှင့် အာရုံကိုကား ပူးတွဲသိမ်းဆည်းမှု မရှိ။ ထိုကဲ့သို့သော ယောဂါဝစရပုဂ္ဂိုလ်မျိုးသည်ကား ဘုရားဟော ဒေသနာတော်ကို ကျောခိုင်းလျက် ထိုင်နေသူသာ ဖြစ်ပေသည်။ ဘုရားရှင်၏ နာမ်ကမ္မဋ္ဌာန်းရှုကွက်ကို ကုဋေတစ်သိန်းနှင့် ကိုင်ပေါက်နေသူသာ များသောအားဖြင့် ဖြစ်တတ်ပေသည်။

ရုပ်တရားကို တစ်ဖန် ပြန်၍ သိမ်းဆည်းပါ

အထက်တွင် ရေးသား တင်ပြထားသည့်အတိုင်း ဖဿပဉ္စမကတရား ဦးဆောင်နေသည့် နာမ်တရားတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းထားပြီး ဖြစ်ရပေမည်။ အထူးသဖြင့် မှီရာ ဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကို သိမ်းဆည်းထားပြီး ဖြစ်ရပေမည်။ တစ်ဖန် ဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရား တို့ကို သိမ်းဆည်းပြီးသောအခါ၌လည်း ရုပ်တရားတို့ကို တစ်ဖန်ပြန်၍ ထပ်မံသိမ်းဆည်းရန် အဋ္ဌကထာများ[မှတ်စု ၁၁]က ဤသို့ ညွှန်ကြားထားကြပြန်၏၊

“ဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားတို့ကို သိမ်းဆည်းပြီးသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် .. “ဤဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားတို့သည် အဘယ်ကို မှီ၍ ဖြစ်ကုန်သနည်း”ဟု ဉာဏ်ဖြင့် စူးစမ်း ဆင်ခြင်လတ်သော် ဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကုန်၏ဟု ကွဲကွဲပြားပြား သိ၏၊ ဝတ္ထုမည်သည်ကား ကရဇကာယတည်း။ ယင်းကရဇကာယကိုပင် ရည်ရွယ်တော်မူ၍ .. ‘ငါ၏ ဤဝိညာဏ်သည် ဤကရဇကာယ၌ မှီဖြစ်၏၊ ဤကရဇကာယ၌ ဆက်စပ်ဖြစ်၏’[မှတ်စု ၁၂]ဟု ဘုရားရှင်သည် ဟောကြားထားတော်မူ၏၊ ထိုကရဇကာယဟူသည် တရားကိုယ်အားဖြင့် ဘူတရုပ် ဥပါဒါရုပ်ပင်တည်း။”

မူလဋီကာ[မှတ်စု ၁၃]ကလည်း ထပ်ဆင့်ကာ ဤသို့ ရှင်းလင်းတင်ပြထား၏ ..။

“ ‘ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ လူ နတ် ဗြဟ္မာ မရှိ၊ ရုပ်နာမ်မျှသာ ရှိ၏’ဟု – ဤသို့ ပိုင်းခြား မှတ်သားတတ်သော နာမရူပဝဝတ္ထာနဉာဏ်ကို အလိုရှိအပ်သော အရာဌာန ဖြစ်ခြင်းကြောင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ရုပ်တရားကို သိမ်းဆည်းခြင်းကို ညွှန်ပြတော်မူခြင်းငှာ – ‘ဝတ္ထုမည်သည် ကရဇကာယတည်း’ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆို သွားတော်မူခြင်း ဖြစ်၏၊ ယင်းစကားရပ်ဖြင့် – စက္ခုဝတ္ထု သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထု ဟဒယဝတ္ထု ဟူသော ဝတ္ထုရုပ်သက်သက်မျှကိုသာ ဤ၌ ဝတ္ထုအရ တရားကိုယ်ကောက်ယူရသည် မဟုတ်။ ယင်းဝတ္ထုရုပ်တို့နှင့် ဌာနတစ်ခုအတွင်း၌ = ဒွါရတစ်ခုအတွင်း၌ တည်ရှိကြသော (၆၃)မျိုး (၅၃)မျိုးသော ကရဇကာယ အမည်ရသည့် ဘူတရုပ် ဥပါဒါရုပ်အားလုံးတို့ကိုပင် ဝတ္ထုအရ တရားကိုယ် ကောက်ယူရမည်ဟု ဆိုလို၏၊ ကရဇကာယ အမည်ရသည့် ယင်းဘူတရုပ် ဥပါဒါရုပ်အားလုံးကိုပင် ဝတ္ထုအဖြစ် ပြီးစေခြင်းငှာ ‘ငါ၏ ဤဝိညာဏ်သည် ဤကရဇကာယ၌ မှီဖြစ်၏၊ ဤကရဇကာယ၌ ဆက်စပ်ဖြစ်၏’ - ဟု သာမညဖလသုတ္တန်နှင့် မဟာသကုလုဒါယီသုတ္တန်တို့၏ အဆိုအမိန့်ကို ထုတ်ဆောင်၍ ညွှန်ပြတော်မူသည်။”

ဤတိုင်အောင် တင်ပြခဲ့သော စည်းမျဉ်း ဥပဒေသတို့ကား နာမ်တရားကို သိမ်းဆည်းလိုသော ယောဂါဝစရ ပုဂ္ဂိုလ်တို့ လိုက်နာသင့်သော စည်းကမ်း ဥပဒေသအချို့တို့ ဖြစ်ကြသည်။ ကြွင်းကျန်သော စည်းကမ်းဥပဒေသ အချို့ကိုလည်း အလျဉ်းသင့်ရာ၌ ထပ်မံ၍ ရေးသားတင်ပြပါဦးမည်။ တစ်ဖန် နာမ်တရားတို့ကို သိမ်းဆည်းရာ၌ စက္ခုဒွါရဝီထိ စသည်ဖြင့် ဝီထိ (၆)မျိုးရှိရာ မနောဒွါရဝီထိမှာ ဝီထိစိတ်အရေအတွက် ပို၍ နည်းပါးသဖြင့် ယင်းမနောဒွါရ ဝီထိကစ၍ နာမ်တရားတို့ကို သိမ်းဆည်းပုံကို ဆက်လက်တင်ပြအပ်ပါသည်။ ယင်းမနောဒွါရဝီထိတို့တွင်လည်း သမထယာနိကပုဂ္ဂိုလ်သည် အပ္ပနာဇော မနောဒွါရဝီထိက စ၍ သိမ်းဆည်းရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၁၄]တွင် ညွှန်ကြား ထားသဖြင့် စျာနသမာပတ္တိဝီထိများ၏ အတွင်း၌ တည်ရှိသော စျာနဓမ္မ အမည်ရသော စျာန်နာမ်တရားတို့က စ၍ သိမ်းဆည်းပုံကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။[မှတ်စု ၁၅]

(ဤနေရာတွင် အလျဉ်းသင့်သဖြင့် ပရမတ်တရား ဇယားများကိုလည်း ဖော်ပြထားပါသည်။ အလိုရှိသလို ကြည့်ရှု အသုံးပြုကြပါကုန် .....။)

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ကသိုဏ်း (၁၀)ပါး သမာပတ် (၈)ပါးတို့ကို ပွားများထားပြီးသူ ဖြစ်ပါက ယင်းနာမ်တရားတို့ကိုလည်း အောက်ပါဇယားအတိုင်း ဆက်လက်၍ သိမ်းဆည်းပါ။

ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ - ဓမ္မာရုံလိုင်း - မနောဒွါရ စျာနသမာပတ္တိဝီထိဇယား

ဝိတက် - ဝိစာရ - ပီတိ

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၁၆] သမ္မောဟဝိနောဒနီအဋ္ဌကထာ[မှတ်စု ၁၇] ကြီးတို့၏ ဖွင့်ဆိုထားတော်မူချက်များအရ ပရိကံ ဥပစာရ အနုလုံ ဂေါတြဘုဟူသော ကာမာဝစရ ဥပစာရသမာဓိဇောတို့၌ ဝိတက် ဝိစာရ ပီတိတို့ကား ယှဉ်လျက်ပင် ရှိပေသည်။ ဒုတိယစျာန် စသည့် အပ္ပနာစျာန်သမာဓိတို့၏ အခိုက်၌သာလျှင် ဝိတက် ဝိစာရတို့ မယှဉ်ကြခြင်း ဖြစ်သည်။ (စတုက္ကနည်းကို ရည်ညွှန်းထားပါသည်။) သို့သော် စတုတ္ထစျာန်၏ ကာမာဝစရ ဥပစာရသမာဓိဇောတို့၏ အခိုက်၌လည်း ပီတိ မယှဉ်နိုင်ကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၁၈]နှင့် မဟာဋီကာ[မှတ်စု ၁၉] တို့တွင် ဤသို့ ဖွင့်ဆိုထားကြ၏၊

“ဤဆိုလတ္တံ့သည်ကား ထူးခြားချက်တည်း။ သုခဝေဒနာသည် အဒုက္ခမသုခ အမည်ရသော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည့် အလယ်အလတ်ခံစားမှု ဥပေက္ခာဝေဒနာအား အာသေဝနပစ္စယသတ္တိဖြင့် ကျေးဇူးမပြုနိုင် ဖြစ်ခဲ့၏၊ စတုတ္ထစျာန်၌လည်း အဒုက္ခမသုခ အမည်ရသော ဥပေက္ခာဝေဒနာသာ ဖြစ်သင့်၏၊ ထိုကြောင့် စတုတ္ထစျာနဝီထိ၏ အတွင်း၌ တည်ရှိကြကုန်သော လေးကြိမ် သို့မဟုတ် ငါးကြိမ်ကုန်သော ကာမာဝစရ ဥပစာရသမာဓိဇော အပ္ပနာ စျာန်ဇောတို့သည်လည်း ဥပေက္ခာဝေဒနာနှင့်သာ ယှဉ်ကြရကုန်၏၊ ဤစတုတ္ထစျာနဝီထိ၌ ဇောစိတ်တို့သည် ဥပေက္ခာဝေဒနာနှင့် ယှဉ်နေသည့်အတွက်ကြောင့်ပင်လျှင် ပီတိသည်လည်း ယုတ်လျော့သွားရပေသည်။”

ဗြဟ္မစိုရ်တရား လေးပါး - စျာနသမာပတ္တိဝီထိ ဇယား

မေတ္တာ - ဗြဟ္မစိုရ်

မုဒိတာ - ဗြဟ္မစိုရ်

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် အရိုးစုကမ္မဋ္ဌာန်း အသုဘကမ္မဋ္ဌာန်းတို့ကိုလည်း အပ္ပနာစျာန်သမာဓိ ဆိုက်အောင် ရှုထားပြီးသူ ရှုထားနိုင်သူ ဖြစ်ပါက ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလအနေဖြင့် နှလုံးသွင်းအပ်သော အရိုးစုကမ္မဋ္ဌာန်း၌ ပထမစျာန်, အသုဘကမ္မဋ္ဌာန်း၌လည်း ပထမစျာန်နာမ်တရားတို့ကို အာနာပါနပဋိဘာဂနိမိတ် ကသိုဏ်းပဋိဘာဂနိမိတ်တို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော စျာနသမာပတ္တိဝီထိဇယားများတွင် ပါဝင်သည့် ပထမစျာန်ဇယားအတိုင်း သိမ်းဆည်းပါ။ သို့အတွက် စျာနဓမ္မ အမည်ရကြသည့် စျာန်နာမ်တရားတို့ကို သိမ်းဆည်းရာ၌ အထက်ပါဇယားများဖြင့်ပင် လုံလောက်နေပြီ ဖြစ်သည်။

စျာန်ရသူတို့ အတွက်သာ

စျာန်ရသူတို့၏ အသိဉာဏ်၌သာလျှင် မဟဂ္ဂုတ်စိတ်အမည်ရကုန်သော စျာန်နာမ်တရားတို့သည် ကောင်းစွာ ထင်ရှားကုန်၏[မှတ်စု ၂၀]ဟု ဖွင့်ဆိုထားသောကြောင့် စျာန်ရသော စျာနလာဘီပုဂ္ဂိုလ်တို့သည်သာလျှင် စျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရမည် ဖြစ်ပေသည်။ စျာန်မရသော သုက္ခဝိပဿက (= စျာန်စေးခန်းခြောက်သော ဝိပဿနာရှိသော) ပုဂ္ဂိုလ်တို့သည်ကား စျာန်နာမ်တရားတို့ကို သိမ်းဆည်းမှုကို ချန်လှပ်ထားရမည် ဖြစ်သည်။

စျာန်နာမ်တရားတို့ကို သိမ်းဆည်းပြီးသော စျာနလာဘီ ယောဂါဝစရပုဂ္ဂိုလ်သည်လည်းကောင်း, စျာန်မရသော သုက္ခဝိပဿကပုဂ္ဂိုလ်သည်လည်းကောင်း ကာမာဝစရနာမ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းရမည် ဖြစ်သည်။ ဧဝံ ဆသု ဒွါရေသု အရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ .. ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၂၁]၏ ညွှန်ကြားထားတော်မူချက် အတိုင်းပင် ဒွါရ (၆)ပါးတို့၌ နာမ်တရား၏ ဖြစ်မှုကို ဉာဏ်ဖြင့် မြင်အောင် သိမ်းဆည်းရှုပွားရမည်သာ ဖြစ်သည်။

ဝီထိစိတ်တို့၏ အမည်များ

အထက်ပါ ဇယားများတွင် ပါဝင်သော ဝီထိစိတ်တို့၏ အမည်များမှာ ဤသို့ ဖြစ်၏၊
= မနောဒွါရာဝဇ္ဇန်း = (အာနာပါနပဋိဘာဂနိမိတ် စသည့် စျာန်၏) အာရုံကို ဆင်ခြင် (ဆုံးဖြတ်သော) စိတ်။
= ပရိကံ = (ဝင်လေ-ထွက်လေ စသည်ဖြင့်) စျာန်ဇောများ ဖြစ်ပေါ်လာအောင် ပရိကံပြုနေသော ကာမာဝစရ မဟာကုသိုလ်ဇောစိတ်။
= ဥပစာ = စျာန်ဇော၏ ဥပစာရ (= အနီးအပါး) နယ်မြေ၌ ဖြစ်သော မဟာကုသိုလ်ဇောစိတ်။
နု = အနုလုံ = စျာန်ဇောများ ဖြစ်ပေါ်လာအောင် လျော်စွာပြုပြင်ပေးသော မဟာကုသိုလ်ဇောစိတ်။
ဂေါ = ဂေါတြဘု = ကာမအနွယ်ကို ဖြတ်တောက်လိုက်သော မဟာကုသိုလ်ဇောစိတ်။
= စျာန်ဇော = ရူပါဝစရ ကုသိုလ်ဇောစိတ်, သို့မဟုတ် အရူပါဝစရ ကုသိုလ်ဇောစိတ်များ။

  1. ယထာ ဟိ တိလတေလံ သာသပတေလံ မဓုကတေလံ ဧရဏ္ဍကတေလံ ဝသာတေလန္တိ ဣမာနိ ပဉ္စ တေလာနိ ဧကစာဋိယံ ပက္ခိပိတွာ ဒိဝသံ ယမကမန္ထေဟိ မန္ထေတွာ တတော “ဣဒံ တိလတေလံ၊ ဣဒံ သာသပတေလ”န္တိ ဧကေကဿ ပါဋိယေက္ကံ ဥဒ္ဓရဏံ နာမ ဒုက္ကရံ၊ ဣဒံ တတော ဒုက္ကရတရံ။ ဘဂဝါ ပန သဗ္ဗညုတဉာဏဿ သုပ္ပဋိဝိဒ္ဓတ္တာ ဓမ္မိဿရော ဓမ္မရာဇာ ဣမေသံ အရူပီနံ ဓမ္မာနံ ဧကာရမ္မဏေ ဝတ္တမာနာနံ ဝဝတ္ထာနံ အကာသိ။ ပဉ္စန္နံ မဟာနဒီနံ သမုဒ္ဒံ ပဝိဋ္ဌဋ္ဌာနေ “ဣဒံ ဂင်္ဂါယ ဥဒကံ၊ ဣဒံ ယမုနာယာ”တိ ဧဝံ ပါဋိယေက္ကံ ဥဒကုဒ္ဓရဏေနာပိ အယမတ္ထော ဝေဒိတဗ္ဗော။ (သံ၊ဋ္ဌ၊၂၊၂၇၁၊၊)
  2. ---
  3. ဣမေသဉ္စ ပန ဖဿပဉ္စမကာနံ ဓမ္မာနံ ပါဋိယေက္ကံ ပါဋိယေက္ကံ ဝိနိဗ္ဘောဂံ ကတွာ ပညတ္တိံ ဥဒ္ဓရမာနေန ဘဂဝတာ ဒုက္ကရံ ကတံ။ နာနာဥဒကာနဥှိ နာနာတေလာနံ ဝါ ဧကဘာဇနေ ပက္ခိပိတွာ ဒိဝသံ နိမ္မထိတာနံ ဝဏ္ဏ-ဂန္ဓ-ရသာနံ နာနတာယ ဒိသွာ ဝါ ဃာယိတွာ ဝါ သာယိတွာ ဝါ နာနာကရဏံ သက္ကာ ဘဝေယျ ဉာတုံ၊ ဧဝံ သန္တေပိ တံ ဒုက္ကရန္တိ ဝုတ္တံ။ သမ္မာသမ္ဗုဒ္ဓေန ပန ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဧကာရမ္မဏေ ပဝတ္တမာနာနံ ပါဋိယေက္ကံ ပါဋိယေက္ကံ ဝိနိဗ္ဘောဂံ ကတွာ ပညတ္တိံ ဥဒ္ဓရမာနေန အတိဒုက္ကရံ ကတံ။ တေနာဟ အာယသ္မာ နာဂသေနတ္ထေရော ..
    ဒုက္ကရံ မဟာရာဇ ဘဂဝတာ ကတန္တိ။ ကိံ ဘန္တေ နာဂသေန ဘဂဝတာ ဒုက္ကရံ ကတန္တိ?
    ဒုက္ကရံ မဟာရာဇ ဘဂဝတာ ကတံ၊ ယံ ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဧကာရမ္မဏေ ပဝတ္တမာနာနံ ဝဝတ္ထာနံ အက္ခာတံ “အယံ ဖေဿာ၊ အယံ ဝေဒနာ၊ အယံ သညာ၊ အယံ စေတနာ၊ ဣဒံ စိတ္တ”န္တိ။
    ဩပမ္မံ ဘန္တေ ကရောဟီတိ။
    ယထာ မဟာရာဇ ကောစိဒေဝ ပုရိသော နာဝါယ သမုဒ္ဒံ အဇ္ဈောဂါဟေတွာ ဟတ္ထပုဋေန ဥဒကံ ဂဟေတွာ ဇိဝှါယ သာယိတွာ ဇာနေယျ နု ခေါ မဟာရာဇ သော ပုရိသော “ဣဒံ ဂင်္ဂါယ ဥဒကံ၊ ဣဒံ ယမုနာယ ဥဒကံ၊ ဣဒံ အစိရဝတိယာ ဥဒကံ၊ ဣဒံ သရဘုယာ ဥဒကံ၊ ဣဒံ မဟိယာ ဥဒက”န္တိ။
    ဒုက္ကရံ ဘန္တေ ဇာနိတုန္တိ။
    တတော ဒုက္ကရတရံ ခေါ မဟာရာဇ ဘဂဝတာ ကတံ၊ ယံ ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ။ ပ။ ဣဒံ စိတ္တ”န္တိ။ (အဘိ၊ဋ္ဌ၊၁၊၁၈၆-၁၈၇။ မိလိန္ဒပဥှာ၊၉၄။)
  4. မှတ်ချက်---- ရုပ်တို့၏ဓမ္မတာသည် ရုပ်ကလာပ်ခေါ်သည့် အမှုန်များအနေဖြင့်သာ ဖြစ်ရိုးဓမ္မတာရှိသဖြင့် ရေဟူသည်မှာ, ဆီဟူသည်မှာ အာပေါဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်၏၊ ရုပ်ကလာပ် တစ်ခု၏အတွင်း၌ တည်ရှိကြသော ရုပ်တရားတို့နှင့် အခြားရုပ်ကလာပ်တစ်ခု၏အတွင်း၌ တည်ရှိကြကုန်သော ရုပ်တရားတို့သည် အာကာသဓာတ်က ခြားကွယ်ထားသောကြောင့် ပေါင်းစပ်မှု ယှဉ်တွဲမှု မရှိကြပေ။ သို့အတွက် ပရမတ္ထဉာဏ်ပညာမျက်စိ ရှိသူတို့ အဖို့မှာမူ ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိကြကုန်သော အဆင်း အနံ့ အရသာတို့ကို ခွဲခြားစိတ်ဖြာ၍ သိနိုင်ကြ၏၊ သိမ်းဆည်းနိုင်ကြ၏၊ ထိုသို့ ဉာဏ်ဖြင့် သိမ်းဆည်းနိုင်သောကြောင့် ပရမတ္ထဉာဏ်ပညာရှိသူတို့အဖို့မှာမူ---- တစ်ခုတည်းသော အိုးခွက်၌ ထည့်၍ တစ်နေ့တာကာလပတ်လုံး မွှေနှောက်ထားအပ်ပြီးကုန်သော အထူးထူးသော ရေတို့၏သော်လည်းကောင်း, အထူးထူးသော ဆီတို့၏သော်လည်းကောင်း အဆင်း-အနံ့-အရသာတို့၏ တစ်ခုနှင့်တစ်ခု မတူဘဲ ထူးထွေကွဲပြားမှု ရှိသည်၏ အဖြစ်ကို ပကတိသော ပသာဒမျက်စိဖြင့် ကြည့်၍, ပသာဒနှာခေါင်းဖြင့် နမ်း၍, ပသာဒလျှာဖြင့် လျက်၍ မသိနိုင်စေကာမူ ပညာမျက်စိ ပညာနှာခေါင်း ပညာလျှာဖြင့်ကား ယင်းရေ-ဆီတို့၌ တည်ရှိကြသော အဆင်း-အနံ့-အရသာတို့၏ တစ်ခုနှင့်တစ်ခု မတူ ကွဲပြားမှုကို ပြုလုပ်ကြောင်းဖြစ်သည့် ထူးခြားချက်ကို သိခြင်းငှာ တတ်ကောင်းသည် ဖြစ်တန်ရာသေး၏ဟု ဆိုလိုရင်း ဖြစ်ပေသည်။
  5. ဆိုလိုရင်းသဘော---- ပုံစံတစ်ခုကို ထုတ်၍ဆိုရသော် ယင်းရုပ်တရားတို့ကို သိမ်းဆည်းလျက် ဉာဏ်ဖြင့် ပိုင်းခြားယူလျက်ရှိသော နာမရူပပရိစ္ဆေဒဉာဏ် သို့မဟုတ် ဝိပဿနာဉာဏ်ကဲ့သို့သော မဟာကုသိုလ် မနောဒွါရိကဇောစိတ္တက္ခဏ တစ်ခုတစ်ခုအတွင်း၌ ဉာဏ်-ပီတိ နှစ်မျိုးလုံး ယှဉ်သဖြင့် စိတ်+စေတသိက်ဟူသော နာမ်တရား (၃၄)လုံး ရှိ၏၊ ထိုစိတ်စေတသိက်တို့သည် ဧကုပ္ပါဒ = အတူဖြစ်ခြင်း စသော စေတောယုတ္တလက္ခဏာ လေးပါးနှင့် ညီစွာ အတူဖြစ် အတူချုပ်၍ တူသော မှီရာဝတ္ထုရုပ်လည်း ရှိလျက် (= ဟဒယဝတ္ထုရုပ်တစ်ခုတည်းကိုသာ မှီကြလျက်) မိမိရှုနေသည့် ရုပ်တရားကဲ့သို့သော အာရုံတစ်ခုကိုသာ ဝိုင်းလျက် အာရုံ ပြုကြလေရာ သဗ္ဗညုတဉာဏ်တော်ရှင် သမ္မာသမ္ဗုဒ္ဓဘုရားရှင်သာ မဟုတ်ခဲ့ပါလျှင် “ဤသဘောကား ဖဿ, ဤသဘောကား ဝေဒနာ” .. စသည်ဖြင့် သာဝကတို့၏ ဉာဏ်ဝယ် ခွဲခြားစိတ်ဖြာ၍ သိရှိနိုင်ဖို့ရန် “ဖဿ, ဝေဒနာ”စသော အမည်နာမပညတ်ကို တင်လျက် ဟောကြားပြသတော်မူခြင်းငှာ မည်သည့် တစ်စုံတစ်ခုသော လောကဓာတ်နည်းနှင့်မျှ ရှေးကလည်း မဖြစ်ခဲ့၊ ယခုလည်း မဖြစ်နိုင်၊ နောက်နောင်အခါ ကမ္ဘာအဆက်ဆက်၌လည်း ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုကြောင့် နာမည်ကျော် အရှင်နာဂသေန မထေရ်မြတ်က ဒါယကာ မိလိန္ဒ မဟာရာဇာအား ဤကဲ့သို့သော သဘောအဓိပ္ပါယ်ကို ထင်ရှားလာအောင် သမုဒ္ဒရာအတွင်းဝယ် မြစ်ကြီးငါးသွယ်မှ စီးဝင်လာသော ရေကို ဥပမာပြလျက် အောက်ပါအတိုင်း မိန့်ကြားထားတော်မူပေသည်။
  6. သမ္မာသမ္ဗုဒ္ဓေန ပန ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဧကာရမ္မဏေ ပဝတ္တမာနာနံ ပါဋိယေက္ကံ ပါဋိယေက္ကံ ဝိနိဗ္ဘောဂံ ကတွာ ပညတ္တိံ ဥဒ္ဓရမာနေန အတိဒုက္ကရံ ကတံ။ (အဘိ၊ဋ္ဌ၊၁၊၁၈၆။)
  7. တျာဿ ဓမ္မာ အနုပဒဝဝတ္ထိတာ ဟောန္တိ၊ တျာဿ ဓမ္မာ ဝိဒိတာ ဥပ္ပဇ္ဇန္တိ၊ ဝိဒိတာ ဥပဋ္ဌဟန္တိ၊ ဝိဒိတာ အဗ္ဘတ္ထံ ဂစ္ဆန္တိ။ သော ဧဝံ ပဇာနာတိ “ဧဝံ ကိရမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီ”တိ။ (မ၊၃၊၇၅။)
  8. (မ၊ဋ္ဌ၊၄၊၆၁။)
  9. ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။ ထေရေန ဟိ ဝတ္ထု စေဝ အာရမ္မဏဉ္စ ပရိဂ္ဂဟိတံ၊ တေနဿ တေသံ ဓမ္မာနံ ဥပ္ပါဒံ အာဝဇ္ဇန္တဿ ဥပ္ပါဒေါ ပါကဋော ဟောတိ၊ ဌာနံ အာဝဇ္ဇန္တဿ ဌာနံ ပါကဋံ ဟောတိ၊ ဘေဒံ အာဝဇ္ဇန္တဿ ဘေဒေါ ပါကဋော ဟောတိ။ တေန ဝုတ္တံ “ဝိဒိတာ ဥပ္ပဇ္ဇန္တိ ဝိဒိတာ ဥပဋ္ဌဟန္တိ ဝိဒိတာ အဗ္ဘတ္ထံ ဂစ္ဆန္တီ”တိ။ (မ၊ဋ္ဌ၊၄၊၆၀။)
    ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယာတိ ယသ္မိံ စ အာရမ္မဏေ ယေ စျာနဓမ္မာ ပဝတ္တန္တိ၊ တေသံ ဝတ္ထာရမ္မဏာနံ ပဂေဝ ဉာဏေန ပရိ စ္ဆိဇ္ဇ ဂဟိတတ္တာ။ ပ။ တေသံ ဓမ္မာနန္တိ စျာနစိတ္တုပ္ပါဒပရိယာပန္နာနံ ဓမ္မာနံ။ (မ၊ဋီ၊၃၊၂၇၈။)
  10. ဤအရာ၌ ဝတ္ထုနှင့် အာရုံကို ပူးတွဲ သိမ်းဆည်းရမည်ဟူသော စကားရပ်ဝယ် ဝတ္ထုအရ စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရ ဟူသော ဒွါရ (၆)ပါးကို ဆိုလိုသည်ဟု မှတ်ပါ။
  11. သော “ဣမေ ဖဿပဉ္စမကာ ကိံ နိဿိတာ”တိ ဥပဓာရေန္တော “ဝတ္ထုံ နိဿိတာ”တိ ပဇာနာတိ။ ဝတ္ထု နာမ ကရဇကာယော၊ ယံ သန္ဓာယ ဝုတ္တံ “ဣဒဉ္စ မေ ဝိညာဏံ ဧတ္ထ သိတံ ဧတ္ထ ပဋိဗဒ္ဓ”န္တိ။ သော အတ္ထတော ဘူတာနိစေဝ ဥပါဒါရူပါနိ စ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄-၃၁၅။ မ၊ဋ္ဌ၊၁၊၂၈၁။ အဘိ၊ဋ္ဌ၊၂၊၂၅၂-၂၅၃။)
  12. (ဒီ၊၁၊၇၂၊ သာမညဖလသုတ္တန်။ မ၊၂၊၂၀၉၊ မဟာသကုလုဒါယီသုတ္တန်။)
  13. နာမရူပဝဝတ္ထာနဿ အဓိပ္ပေတတ္တာ နိရဝသေသရူပပရိဂ္ဂဟဿ ဒဿနတ္ထံ “ဝတ္ထု နာမ ကရဇကာယော”တိ အာဟ န စက္ခာဒီနိ ဆ ဝတ္ထူနီတိ။ ကရဇကာယဿ ပန ဝတ္ထုဘာဝသာဓနတ္ထံ “ဣဒဉ္စ ပန မေ ဝိညာဏံ ဧတ္ထ သိတံ၊ ဧတ္ထ ပဋိဗဒ္ဓ”န္တိ သုတ္တံ အာဘတံ။ (မူလဋီ၊၂၊၁၅၇။)
  14. (ဝိသုဒ္ဓိ၊၂၊၂၂၂။)
  15. မှတ်ချက်---- ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို ရူပါရုံလိုင်း နာမ်တရားဟု လည်းကောင်း, သဒ္ဒါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော သောတဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို သဒ္ဒါရုံလိုင်း နာမ်တရားဟုလည်းကောင်း, ဂန္ဓာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော ဃာနဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို ဂန္ဓာရုံလိုင်း နာမ်တရားဟုလည်းကောင်း, ရသာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော ဇိဝှါဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို ရသာရုံလိုင်း နာမ်တရားဟုလည်းကောင်း, ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော ကာယဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို ဖောဋ္ဌဗ္ဗာရုံလိုင်း နာမ်တရားဟုလည်းကောင်း, ဓမ္မာရုံ အမည်ရသော တရားစုကို သို့မဟုတ် တရားစုတွင် တစ်ခုခုကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော မနောဒွါရဝီထိ နာမ်တရားတို့ကို ဓမ္မာရုံလိုင်း နာမ်တရားဟုလည်းကောင်း, ဤသို့ အသီးအသီး ခေါ်ဝေါ် သုံးစွဲထားပါသည်။
  16. တတ္ထ ဝိတက္ကဝိစာရာနံ ဝူပသမာတိ ဝိတက္ကဿ စ ဝိစာရဿ စာတိ ဣမေသံ ဒွိန္နံ ဝူပသမာ သမတိက္ကမာ၊ ဒုတိယဇ္ဈာနက္ခဏေ အပါတုဘာဝါတိ ဝုတ္တံ ဟောတိ။ (ဝိသုဒ္ဓိ၊၁၊၁၅၁။)
  17. ပုဗ္ဗဘာဂေ ပရိကမ္မဥပစာရစိတ္တာနိ သဝိတက္ကသဝိစာရာနိ သပ္ပီတိကာနိ ... (အဘိ၊ဋ္ဌ၊၂၊၂၃၇။)
  18. အယံ ပန ဝိသေသော၊ ယသ္မာ သုခဝေဒနာ အဒုက္ခမသုခါယ ဝေဒနာယ အာသေဝနပစ္စယေန ပစ္စယော န ဟောတိ၊ စတုတ္ထဇ္ဈာနေ စ အဒုက္ခမသုခါယ ဝေဒနာယ ဥပ္ပဇ္ဇိတဗ္ဗံ၊ တသ္မာ တာနိ ဥပေက္ခာဝေဒနာသမ္ပယုတ္တာနိ ဟောန္တိ။ ဥပေက္ခာသမ္ပယုတ္တတ္တာယေဝ စေတ္ထ ပီတိပိ ပရိဟာယတီတိ။ (ဝိသုဒ္ဓိ၊၁၊၁၆၀။)
  19. တာနီတိ အပ္ပနာဝီထိယံ ဇဝနာနိ သန္ဓာယာဟ။ (မဟာဋီ၊၁၊၁၈၉။)
  20. လာဘိနော ဧဝ ပန မဟဂ္ဂတစိတ္တာနိ သုပါကဋာနိ ဟောန္တိ။ (မဟာဋီ၊၂၊၃၅၃။)
  21. (ဝိသုဒ္ဓိ၊၂၊၂၅၃၊၊)