နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/စေတသိက် (၅၂) လုံး
အပိုင်း (၂) - စေတသိက်ပိုင်းဆိုင်ရာ သိမှတ်စရာ
စိတ်သည် .. အာရုံကို သိတတ်သော, အာရုံကို ရယူတတ်သော သဘောလက္ခဏာအားဖြင့် တစ်မျိုးသာ ဖြစ်သော်လည်း ယင်းစိတ်နှင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲဖြစ်ကြသော စေတသိက်တို့၏ ထူးထွေ ကွဲပြားမှုကို အကြောင်းခံ၍ စိတ်လည်း အမျိုးမျိုးပြားရပေသည်။ စိတ်မည်သည် စေတသိက်တို့မပါဘဲ မိမိချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအားကား မရှိပေ။ စေတသိက်တို့သည်လည်း စိတ်မပါဘဲ မိမိတို့ချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအားကား မရှိကြပေ။ စိတ်နှင့် စေတသိက်တို့သည် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ အုပ်စုအလိုက် အတူ ယှဉ်တွဲ၍သာ အမြဲတမ်း ဖြစ်ကြရလေသည်။ ယင်းစိတ္တက္ခဏတစ်ခုတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကုန်သော စိတ် စေတသိက် နာမ်တရားစုတို့ကို ဝိသုဒ္ဓိမဂ္ဂမဟာဋီကာဆရာတော်က မိမိ၏ မဟာဋီကာ[မှတ်စု ၁]၌ အရူပကလာပ = နာမ်ကလာပ်ဟု ခေါ်ဝေါ်သုံးစွဲထားပေသည်။
စိတ်နှင့်ယှဉ်သော စေတသိက်တို့၏ လက္ခဏာ (၄) ပါး
၁။ ဧကုပ္ပါဒ= စိတ်နှင့်တူသော ဖြစ်ခြင်း = စိတ်နှင့် အတူဖြစ်ခြင်း၊
၂။ ဧကနိရောဓ= စိတ်နှင့်တူသော ချုပ်ခြင်း = စိတ်နှင့် အတူချုပ်ခြင်း၊
၃။ ဧကာလမ္ဗဏ = စိတ်နှင့်တူသော အာရုံရှိခြင်း = စိတ်နှင့် အာရုံတူခြင်း၊
၄။ ဧကဝတ္ထုက = စိတ်နှင့်တူသော မှီရာဝတ္ထုရှိခြင်း = စိတ်နှင့် မှီရာဝတ္ထုတူခြင်း၊
ဤသို့အားဖြင့် စေတသိက်တို့၌ စေတောယုတ္တလက္ခဏာ (၄)ပါး ရှိကြပေသည်။ မည်သည့်စေတသိက်မဆို စိတ်၌ယှဉ်သောအခါ ကာမဘုံ ရူပဘုံ၌ ဤအင်္ဂါ (၄)ပါးနှင့် ညီညွတ်ရမြဲ ဓမ္မတာဖြစ်သည်။ အရူပဘုံ၌ကား ဧကဝတ္ထုက အင်္ဂါတစ်ပါး ယုတ်လျော့ပေသည်၊ မှီရာဝတ္ထုရုပ် မရှိသောကြောင့် ဖြစ်သည်။ ယင်းစေတသိက်တို့ကား (၅၂)လုံး ရှိပေသည်။
စေတသိက် (၅၂) လုံး
၁။ သဗ္ဗစိတ္တသာဓာရဏစေတသိက်= စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် (၇)လုံး၊
၂။ ပကိဏ်းစေတသိက်= ပြိုးပြွမ်းယှဉ်သော စေတသိက် (၆)လုံး၊
၃။ အကုသိုလ်စေတသိက်= အကုသိုလ်စိတ်နှင့် ယှဉ်သော စေတသိက် (၁၄)လုံး၊
၄။ သောဘဏစေတသိက်= တင့်တယ်ကောင်းမြတ်သော သောဘဏစိတ်နှင့် ယှဉ်သော စေတသိက် (၂၅)လုံး၊
အားလုံးပေါင်းသော် စေတသိက် (၅၂)လုံး ဖြစ်သည်။
သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇) လုံး
= စိတ်အားလုံးနှင့် ဆက်ဆံသော = စိတ်တိုင်းစိတ်တိုင်း၌ ယှဉ်သော စေတသိက် (၇)လုံး[မှတ်စု ၂]၁။ ဖဿ = အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော (လက္ခဏ)၊
= အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘော (ရသ)၊
၂။ ဝေဒနာ = အာရုံ၏ အရသာကို ခံစားခြင်းသဘော၊
၃။ သညာ= အာရုံကို မှတ်သားခြင်းသဘော၊
၄။ စေတနာ= အာရုံပေါ်သို့ ယှဉ်ဖက် စိတ်စေတသိက် = သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော် ပေးခြင်း = နှိုးဆော်ပေးခြင်းသဘော၊
၅။ ဧကဂ္ဂတာ = အာရုံ တစ်ခုတည်းပေါ်သို့ စိတ် ကျရောက်နေခြင်းသဘော၊
= တည်ငြိမ်နေခြင်းသဘော၊
= သမ္ပယုတ်တရားတို့ကို ဖရိုဖရဲ မကြဲစေခြင်းသဘော၊
၆။ ဇီဝိတ= ယှဉ်ဖက် စိတ်စေတသိက် = သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ပေးခြင်းသဘော၊
= နာမ်သက်စောင့်ဓာတ်၊
၇။ မနသိကာရ = အာရုံဘက်သို့ စိတ်ကို = သမ္ပယုတ်တရားတို့ကို ဦးလှည့် တွန်းပို့ပေးခြင်းသဘော၊ = အာရုံကို နှလုံးသွင်းခြင်းသဘော၊
ပကိဏ်းစေတသိက် (၆) လုံး = ပြိုးပြွမ်းယှဉ်သော စေတသိက် (၆)လုံး
၁။ ဝိတက်= အာရုံပေါ်သို့ စိတ်ကို = သမ္ပယုတ်တရားတို့ကို ရှေးရှု တင်ပေးခြင်းသဘော၊ = ကြံစည်ခြင်းသဘော၊
၂။ ဝိစာရ= အာရုံကို ထပ်ကာထပ်ကာ သုံးသပ် ဆင်ခြင်ခြင်း = ဆုပ်နယ်ခြင်းသဘော၊
= အာရုံကို ထပ်၍ထပ်၍ ယူခြင်းသဘော၊
၃။ အဓိမောက္ခ= အာရုံကို ဆုံးဖြတ်ချက်ချခြင်းသဘော၊
၄။ ဝီရိယ= ကြိုးစားအားထုတ်ခြင်းသဘော၊[မှတ်စု ၃]= အားတက်သရော ရှိခြင်းသဘော၊
၅။ ပီတိ= အာရုံကို နှစ်သက်ခြင်းသဘော၊
၆။ ဆန္ဒ = အာရုံကို လိုလားတောင့်တခြင်းသဘော၊
= အာရုံကို ပြုလုပ်လိုခြင်းသဘော၊[မှတ်စု ၄]
ဤစေတသိက် (၆)လုံးတို့သည် စိတ်အားလုံး၌ မယှဉ်ဘဲ အချို့အချို့သော စိတ်၌သာ ယှဉ်သဖြင့် ဟိုတချို့ သည်တချို့ ရောရောပြွမ်းပြွမ်း ယှဉ်တတ်သော စေတသိက်များဖြစ်ခြင်းကြောင့် ပကိဏ်းစေတသိက်ဟူသော အမည်ကို ရရှိကြပေသည်။
သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇)လုံးနှင့် ပကိဏ်းစေတသိက် (၆)လုံး၊ ဤနှစ်ရပ်ပေါင်း စေတသိက် (၁၃)လုံးတို့ကို အညသမာန်းစေတသိက်ဟု ခေါ်ဆို၏၊ အသောဘဏ-အမည်ရသော အကုသိုလ်စိတ် အဟိတ်စိတ်တို့၌ လည်းကောင်း, သောဘဏ-အမည်ရသော အကျဉ်းအားဖြင့် စိတ် (၅၉) အကျယ်အားဖြင့် (၉၁)ပါးသော စိတ်တို့၌ လည်းကောင်း ထိုက်သလို ယှဉ်တွဲဖြစ်ကြသဖြင့် ယင်းစေတသိက်တို့သည် အကောင်း-အဆိုး နှစ်ဘက်ရ စေတသိက်တို့ ဖြစ်ကြသည်။
ဝိတက်-စေတနာ-မနသိကာရ
ဝိတက်သည် သမ္ပယုတ်တရားတို့ကို အာရုံပေါ်သို့ ရောက်အောင် ရှေးရှုတင်ပေးတတ်၏၊ စေတနာကား ဝိတက်သည် တင်ပေးအပ်သော သမ္ပယုတ်တရားတို့ကို အာရုံ၌ ယှဉ်စပ်ပေး၏၊ မနသိကာရသည်ကား သမ္ပယုတ် တရားတို့ကို အာရုံပေါ်သို့ ဖြောင့်ဖြောင့်မတ်မတ် ရောက်အောင် ပြုလုပ်ပေး၏၊ မောင်းနှင်ပေး၏၊
အကုသိုလ် စေတသိက် (၁၄) လုံး
အကုသလသာဓာရဏ စေတသိက် (၄) လုံး = အကုသိုလ်စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက်
၁။ မောဟ = အာရုံ၏ သဘောမှန်ကို မသိခြင်းသဘော၊ (သစ္စာလေးပါးကို မသိမှုသဘော)
= အာရုံကို အသိမှားခြင်းသဘော၊ (ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာစသည်ဖြင့် အသိမှားနေမှုသဘော)[မှတ်စု ၅]၂။ အဟိရိက= (က) ဒုစရိုက်တရား, (ခ) လောဘ ဒေါသ မောဟ စသည့် အကုသိုလ်တရားတို့မှ မရှက်ခြင်း သဘော၊
၃။ အနောတ္တပ္ပ= (က) ဒုစရိုက်တရား, (ခ) လောဘ ဒေါသ မောဟ စသည့် အကုသိုလ်တရားတို့မှ မကြောက်ခြင်း သဘော၊
၄။ ဥဒ္ဓစ္စ= အာရုံပေါ်၌ စိတ်မငြိမ်မသက် ပျံ့လွင့်နေခြင်းသဘော၊
ဤ စေတသိက် (၄)မျိုးတို့သည် အကုသိုလ်စိတ်တိုင်း စိတ်တိုင်း၌ အမြဲယှဉ်သောကြောင့် အကုသလသာဓာရဏ စေတသိက်ဟူသော အမည်ကို ရရှိကြသည်။
လောဘအုပ်စု စေတသိက် (၃) လုံး
၅။ လောဘ = အာရုံကို မြတ်မြတ်နိုးနိုး “ငါ့ဟာ”ဟု စွဲယူခြင်းသဘော၊
= အာရုံကို လိုလားတပ်မက်ခြင်းသဘော၊
= အာရုံ၌ ကပ်ငြိခြင်းသဘော၊
၆။ ဒိဋ္ဌိ= အာရုံကို နိစ္စ သုခ အတ္တ သုဘဟု စွဲလမ်းယုံကြည်ခြင်းသဘော၊
= အာရုံကို နိစ္စ သုခ အတ္တ သုဘဟု အယူမှားခြင်းသဘော = ခံယူချက်မှားခြင်းသဘော၊
၇။ မာန = “ငါ ငါ”ဟု စိတ်တက်ကြွ မြင့်မောက်ခြင်းသဘော၊
= ထောင်လွှားခြင်းသဘော၊
= အသာယူလိုခြင်းသဘော၊
ထပ်မံရှင်းလင်းချက်
မောဟကိုပင် အဝိဇ္ဇာဟုလည်း ခေါ်ဆို၏၊ (၃၁)ဘုံ အတွင်း၌ တည်ရှိသော သက်ရှိလောက သက်မဲ့လောက = သက်ရှိအရာဝတ္ထု သက်မဲ့အရာဝတ္ထုတို့ကို ပရမတ္ထသစ္စာသို့ ဆိုက်အောင် ဝိပဿနာသမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ခွဲခြားစိတ်ဖြာ၍ ဓာတ်ခွဲကြည့်နိုင်သဖြင့် –
၁။ ရုပ်တရား အစုအပုံမျှသာရှိသည်ဟု
၂။ နာမ်တရား အစုအပုံမျှသာ ရှိသည်ဟု
၃။ ရုပ်+နာမ် အစုအပုံမျှသာ ရှိသည်ဟု = ခန္ဓာငါးပါးအစုအပုံ, အာယတနတစ်ဆယ့်နှစ်ပါးအစုအပုံ, ဓာတ် တစ်ဆယ့်ရှစ်ပါးအစုအပုံမျှသာ ရှိသည်ဟု သိသည် ဖြစ်အံ့၊ ထိုအသိမှာ မှန်၏၊ နာမရူပပရိစ္ဆေဒဉာဏ်တည်း။
၄။ အကြောင်းတရားအစုအပုံ အကျိုးတရားအစုအပုံမျှသာ ရှိသည်ဟု သိအံ့၊ ထိုအသိမှာလည်း မှန်၏၊ ပစ္စယပရိဂ္ဂဟ ဉာဏ်တည်း။
ထို ရုပ်-နာမ်-ကြောင်း-ကျိုး တရားစုတို့ကို သင်္ခါရတရားစုတို့ဟူ၍ ခေါ်ဆို၏၊ ထိုသင်္ခါရတရားတို့ကား ဖြစ်ပြီးလျှင် ပျက်တတ်သည့် အနိစ္စတရားတို့သာ ဖြစ်ကြ၏၊ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက် ခံရသည့် ဒုက္ခတရားတို့သာ ဖြစ်ကြ၏၊ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တမဟုတ်သည့် အနတ္တတရားတို့သာ ဖြစ်ကြ၏၊ ရွံရှာစက်ဆုပ်ဖွယ် အသုဘတရားစုတို့သာ ဖြစ်ကြ၏၊ ထိုကြောင့် ယင်းသင်္ခါရတရားတို့ကို –
၁။ အနိစ္စတရားတို့သာ ဖြစ်ကြသည်ဟု
၂။ ဒုက္ခတရားတို့သာ ဖြစ်ကြသည်ဟု
၃။ အနတ္တတရားတို့သာ ဖြစ်ကြသည်ဟု
၄။ အသုဘတရားတို့သာ ဖြစ်ကြသည်ဟု သိအံ့၊ ထိုအသိမှာလည်း မှန်နေ၏၊ ဝိပဿနာဉာဏ်များပင်တည်း။
ထိုကြောင့် (၃၁)ဘုံ အတွင်း၌ တည်ရှိသော သက်ရှိသက်မဲ့ အရာဝတ္ထုတို့ကို ရုပ်တရားအစုအပုံ, နာမ်တရား အစုအပုံ, ရုပ်+နာမ်အစုအပုံ = ခန္ဓာငါးပါးအစုအပုံ = အာယတနတစ်ဆယ့်နှစ်ပါးအစုအပုံ = ဓာတ်တစ်ဆယ့်ရှစ်ပါး အစုအပုံတို့ဟုလည်းကောင်း, အကြောင်းတရားအစုအပုံ အကျိုးတရားအစုအပုံတို့ဟုလည်းကောင်း, အနိစ္စတရား အစုအပုံ, ဒုက္ခတရားအစုအပုံ, အနတ္တတရားအစုအပုံ, အသုဘတရားအစုအပုံတို့ဟုလည်းကောင်း သိရှိနေပါက ထိုအသိကို အသိမှန် = သမ္မာဒိဋ္ဌိ = ဝိဇ္ဇာဉာဏ်ဟု ဆိုရပေသည်။
ထိုသို့ အမှန်အတိုင်း မသိဘဲ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဟုလည်းကောင်း, အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်ဟုလည်းကောင်း, ရွှေ ငွေ သစ်ပင် ရေ မြေ တော တောင် စသည်ဟုလည်းကောင်း, နိစ္စတရားအစုအပုံ သုခတရားအစုအပုံ အတ္တတရားအစုအပုံ သုဘတရားအစုအပုံဟု လည်းကောင်း ယင်း သက်ရှိ သက်မဲ့ ဝတ္ထုတို့ကို ပြောင်းပြန် သိမြင်နေပါက ယင်းအသိကို အသိမှား = အဝိဇ္ဇာ = မောဟဟု ခေါ်ဆိုရပေသည်။ပရမတ္ထတော အဝိဇ္ဇမာနေသု ဣတ္ထိပုရိသာဒီသု ဇဝတိ၊ ဝိဇ္ဇမာနေသုပိ ခန္ဓာဒီသု န ဇဝတီတိ အဝိဇ္ဇာ။ (အဘိ၊ဋ္ဌ၊၂၊၁၂၇။ ဝိသုဒ္ဓိ၊၂၊၁၅၇။)၃၆ စာမျက်နှာ၊၂၈-တွင်လည်း ပြန်ကြည့်ပါ။
ဤတွင် အဝိဇ္ဇာ = မောဟနှင့် ဒိဋ္ဌိ = မိစ္ဆာဒိဋ္ဌိတို့၏ သဘောကို ပိုမို၍ သဘောပေါက်စေရန် ဝိပဿနာနယ်၌ အရေးတကြီး သိထားသင့်သော အတ္တစွဲနှစ်မျိုးကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။
အတ္တစွဲ (၂) မျိုး
လောကဝေါဟာရ အတ္တစွဲ = လောကသမညာ အတ္တစွဲနှင့် သာသနာပအယူအဆ ရှိကြသည့် မိစ္ဆာဒိဋ္ဌိ အယူဝါဒ ရှိသူတို့ ကြံဆထားအပ်သော အတ္တဒိဋ္ဌိစွဲဟု အကြမ်းစားအားဖြင့် အတ္တစွဲ နှစ်မျိုး ရှိပေသည်။[မှတ်စု ၆]
၁။ လောကဝေါဟာရ အတ္တစွဲ = လောကသမညာ အတ္တစွဲ– သက်ရှိ အရာဝတ္ထုတို့ကို ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ ကျွဲ နွား တိရ စ္ဆာန် စသည်ဖြင့် စွဲယူမှု, သက်မဲ့ အရာဝတ္ထုတို့ကိုလည်း ရွှေ ငွေ လယ် ယာ အိုးအိမ် သစ်ပင် ရေမြေ တောတောင် စသည်ဖြင့် စွဲယူမှုတည်း။
ယောဂါဝစရပုဂ္ဂိုလ်သည် ဗဟိဒ္ဓ ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်သောအခါ ဗဟိဒ္ဓ သက်ရှိလောကသို့ ဝိပဿနာ ဉာဏ်ကို စေလွှတ်ကြည့်ပါ။ ဗဟိဒ္ဓ သက်ရှိသတ္တဝါတို့ ဟူသည်မှာလည်း ရုပ်တရားအစုအပုံ နာမ်တရားအစုအပုံ ရုပ်နာမ်အစုအပုံ အကြောင်းတရားအစုအပုံ အကျိုးတရားအစုအပုံ အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံ အသုဘတရားအစုအပုံသာ ဖြစ်သည်ဟု သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်ကာ သိမြင်နိုင်ပေလိမ့်မည်။
တစ်ဖန် ဗဟိဒ္ဓ သက်မဲ့လောကသို့လည်း ဝိပဿနာဉာဏ်ကို စေလွှတ်ကြည့်ပါ။ ယင်းဗဟိဒ္ဓ သက်မဲ့အရာဝတ္ထုတို့၌ (ရွှေ၌ ငွေ၌ ...) တည်ရှိသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်သည်။ ယင်းရုပ်ကလာပ်တို့မှာ ရုပ်ကလာပ်တစ်ခု အတွင်း၌ တည်ရှိသော တေဇောဓာတ် = ဥတုကြောင့် ဆင့်ကဲ ဆင့်ကဲ ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေသော ဥတုဇဩဇဋ္ဌမကရုပ်တို့နှင့် ရံခါ အသံပါသော် ဥတုဇသဒ္ဒနဝကကလာပ်ရုပ်တို့သာတည်း။ ထိုကြောင့် သက်မဲ့အရာဝတ္ထုတို့ကို ဥတုဇဩဇဋ္ဌမကရုပ်တရားအစုအပုံဟု လည်းကောင်း, အသံပါခဲ့သော် ဥတုဇသဒ္ဒနဝကရုပ်တရားအစုအပုံဟုလည်းကောင်း သိမြင်ခဲ့သော် ထိုအသိသည် မှန်နေ၏၊ ရွှေ-ငွေ စသည်ဖြင့် သိခဲ့သော် ထိုအသိကား မှားနေ၏ = အဝိဇ္ဇာတည်း၊ မောဟတည်း။
သက်ရှိသတ္တဝါတို့ကို ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရား အစုအပုံဟု မသိဘဲ အနိစ္စ ဒုက္ခ အနတ္တ အသုဘတရား အစုအပုံဟု မသိဘဲ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဖြင့် သိခဲ့သော် ထိုအသိကား မှားနေ၏၊ အဝိဇ္ဇာ = မောဟတည်း။ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်သည် တကယ် ထင်ရှားရှိ၏ဟု စွဲလမ်းယုံကြည်ခဲ့သော် စွဲယူခဲ့သော် ခံယူချက်မှားခဲ့သော် ထို စွဲလမ်းယုံကြည်မှု စွဲယူမှု ခံယူချက် မှားမှုသည်ကား လောကဝေါဟာရ အတ္တစွဲ = လောကသမညာ အတ္တစွဲတည်း = လူတို့ ခေါ်ဝေါ်သုံးစွဲသည့်အတိုင်း တကယ် ထင်ရှားရှိ၏ဟု ခံယူချက်မှားမှုတည်း၊ မိစ္ဆာဒိဋ္ဌိတည်း။
သက်မဲ့အရာဝတ္ထုတို့ကိုလည်း ရုပ်တရားအစုအပုံဟု မသိဘဲ ရွှေ-ငွေ-စိန်-ကျောက် စသည်ဖြင့် သိခဲ့သော် ထိုအသိကား မှားနေ၏၊ အဝိဇ္ဇာပင်တည်း။ ရွှေ-ငွေ-စိန်-ကျောက် စသည်သည် ‘တကယ် ထင်ရှားရှိပါ၏၊ တကယ် ဟုတ်ပါ၏’ဟု စွဲလမ်းယုံကြည်ခဲ့သော် စွဲယူခဲ့သော် ခံယူချက် မှားခဲ့သော် ထိုစွဲလမ်းယုံကြည်မှု စွဲယူမှု ခံယူချက် မှားမှုသည်ကား လောကဝေါဟာရ = လောကသမညာ အတ္တစွဲတည်း။ လောကဝေါဟာရအတိုင်း စွဲလမ်းယုံကြည်မှု ခံယူချက်မှားမှုတည်း၊ မိစ္ဆာဒိဋ္ဌိတည်း။
၂။ အတ္တဒိဋ္ဌိစွဲ– ဤ အတ္တဒိဋ္ဌိစွဲ၌ ..
(က) ပရမတ္တ ဒိဋ္ဌိစွဲ = ပရမအတ္တ ဒိဋ္ဌိစွဲ
( ခ ) ဇီဝအတ္တ ဒိဋ္ဌိစွဲဟု အကြမ်းစားအားဖြင့် နှစ်မျိုး ခွဲနိုင်၏၊
(က) ပရမတ္တ = ပရမအတ္တဒိဋ္ဌိစွဲ– လောကကြီးနှင့် တကွ သတ္တဝါ အသီးအသီးကို ဖန်ဆင်းနေသော ဖန်ဆင်းရှင်အတ္တ = ပရမတ္တ = ပရမအတ္တရှိသည်ဟု စွဲယူမှု ခံယူချက်မှားမှုသည် ပရမတ္တဒိဋ္ဌိ = ပရမအတ္တ ဒိဋ္ဌိစွဲတည်း။
( ခ ) ဇီဝအတ္တဒိဋ္ဌိစွဲ––- သတ္တဝါ အသီးအသီး၏သန္တာန်၌ အဖန်ဆင်းခံရသော ဇီဝကောင် = အသက်ကောင် = လိပ်ပြာကောင် = ဝိညာဏ်ကောင် = အတ္တကောင် ရှိသည်ဟု စွဲယူမှု ယုံကြည်မှု ခံယူချက်မှားမှုသည် ဇီဝအတ္တဒိဋ္ဌိစွဲတည်း။
ပရမတ္တ, ဇီဝအတ္တဟု အသိမှားမှုကား အဝိဇ္ဇာတည်း = မောဟတည်း။ ပရမတ္တ, ဇီဝအတ္တ တကယ်ထင်ရှား ရှိသည်ဟု စွဲလမ်းယုံကြည်မှု စွဲယူမှု ခံယူချက်မှားမှုကား အတ္တဒိဋ္ဌိတည်း၊ မိစ္ဆာဒိဋ္ဌိတည်း။
မောဟနှင့် ဒိဋ္ဌိကို အတိုချုပ် ခွဲခြားမှတ်ရန်
မောဟသည် (၃၁)ဘုံအတွင်း၌ တည်ရှိသော သက်ရှိသက်မဲ့ အရာဝတ္ထုတို့ကို နိစ္စ သုခ အတ္တ သုဘဟု အသိမှား၏၊ ဒိဋ္ဌိသည် (၃၁)ဘုံ အတွင်း၌ တည်ရှိသော သက်ရှိ သက်မဲ့ အရာဝတ္ထုတို့ကို နိစ္စ သုခ အတ္တ သုဘဟု ယုံကြည်ချက် ခံယူချက်မှား၏၊ နိစ္စ သုခ အတ္တ သုဘဟု အသိမှားမှုကား မောဟ၊ နိစ္စ သုခ အတ္တ သုဘဟု အယူမှားမှုကား ဒိဋ္ဌိတည်း။
ဒေါသအုပ်စု စေတသိက် (၄) လုံး
၈။ ဒေါသ = စိတ်ခက်ထန် ကြမ်းတမ်းခြင်းသဘော၊
= ဖျက်ဆီးလိုခြင်းသဘော၊
၉။ ဣဿာ = သူတစ်ပါး၏ စည်းစိမ်ဂုဏ်သိရ် ချမ်းသာကို ငြူစူ စောင်းမြောင်းခြင်းသဘော၊
= ကိုယ့်ထက်သာ မနာလိုခြင်းသဘော၊
၁၀။ မစ္ဆရိယ= မိမိ စည်းစိမ်ကို လျှို့ဝှက်ခြင်းသဘော၊
= မိမိ စည်းစိမ်ကို အထိမခံနိုင်ခြင်းသဘော၊ ဝန်တိုခြင်းသဘော၊
၁၁။ ကုက္ကုစ္စ= (က) ပြုခဲ့ပြီး ကျင့်ခဲ့ပြီးသော မကောင်းမှုအကုသိုလ်နှင့် ဒုစရိုက်တရားတို့ကို ပြုခဲ့မိ ကျင့်ခဲ့မိ၍ နောင်တတစ်ဖန် ပူပန်ခြင်းသဘော၊
( ခ ) မပြုလိုက်မိ မကျင့်လိုက်မိသော ကောင်းမှုကုသိုလ်နှင့် သုစရိုက်တရားတို့ကို မပြုလိုက်ရ မကျင့်လိုက်ရ၍ နောင်တတစ်ဖန် ပူပန်ခြင်းသဘော၊
သသင်္ခါရိကအုပ်စုဝင် စေတသိက် (၂) လုံး
၁၂။ ထိန= စိတ်ထိုင်းမှိုင်းခြင်းသဘော၊
= စိတ်မရွှင်လန်း မထက်သန်ခြင်းသဘော၊
၁၃။ မိဒ္ဓ= ယှဉ်ဖက် စေတသိက်တို့ ထိုင်းမှိုင်းခြင်းသဘော၊
= ယှဉ်ဖက် စေတသိက်တို့ မရွှင်လန်း မထက်သန်ခြင်းသဘော၊
မောဟအုပ်စု စေတသိက် (၁) လုံး
၁၄။ ဝိစိကိစ္ဆာ =
(၁) သမ္မာသမ္ဗုဒ္ဓ ဘုရားစစ် ဘုရားမှန်,
(၂) သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ တရားစစ် တရားမှန်,
(၃) သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ အရိယသာဝက သံဃာစစ် သံဃာမှန်,
(၄) သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဟူသော သိက္ခာသုံးပါး,
(၅) သံသရာ၏ ရှေ့အစွန်းဟူသော အတိတ်ဘဝ = အတိတ်ခန္ဓာ,
(၆) သံသရာ၏ နောက်အစွန်းဟူသော အနာဂတ်ဘဝ = အနာဂတ်ခန္ဓာ,
(၇) သံသရာ၏ ရှေ့အစွန်း နောက်အစွန်းဟူသော အတိတ်+အနာဂတ်ဘဝ = အတိတ် အနာဂတ်ခန္ဓာ နှစ်မျိုးလုံး, (၈) ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရား,[မှတ်စု ၇]
ဤ (၈)ဌာနတို့၌ ယုံမှားသံသယရှိခြင်းသဘော။[မှတ်စု ၈]
သောဘဏစေတသိက် = အကောင်းစေတသိက် (၂၅)
သောဘဏ စေတသိက် (၂၅) လုံးမှာ –
(က) သောဘဏသာဓာရဏစေတသိက် = သောဘဏ အမည်ရသော အကောင်းစိတ်အားလုံးနှင့် ဆက်ဆံသော အမြဲယှဉ်တွဲ၍ဖြစ်သော စေတသိက် (၁၉)လုံး,
( ခ ) ဝိရတိ စေတသိက် (၃)လုံး,
( ဂ ) အပ္ပမညာ စေတသိက် ( ၂ )လုံး,
(ဃ) ပညိန္ဒြေ စေတသိက် (၁)လုံး,
အားလုံးပေါင်းသော် (၂၅)လုံး ဖြစ်သည်။
သောဘဏသာဓာရဏစေတသိက် (၁၉) လုံး
၁။ သဒ္ဓါ= (ဝိစိကိစ္ဆာ၌ ဖော်ပြထားသော ရှစ်ဌာနတို့၌) ယုံမှု + ကြည်မှုသဘော၊
= ယုံကြည်ခြင်းသဘော = သက်ဝင်တည်နေခြင်းသဘော၊[မှတ်စု ၉]၂။ သတိ= (သတိပဋ္ဌာန်လေးပါး စသော) သတိ၏တည်ရာ အာရုံ၌ သမ္ပယုတ်တရားတို့ကို ဗူးတောင်းကဲ့သို့ မပေါ်စေဘဲ ကျောက်ဖျာကဲ့သို့ နစ်မြုပ်စေခြင်းသဘော၊
= အာရုံ၌ စိတ်ခိုင်မြဲခြင်းသဘော၊
= အာရုံကို မမေ့ပျောက်ခြင်းသဘော၊
၃။ ဟိရိ= (က) မကောင်းမှု အကုသိုလ်တရား, (ခ) ဒုစရိုက်တရားမှ ရှက်ခြင်းသဘော၊
၄။ ဩတ္တပ္ပ= (က) မကောင်းမှု အကုသိုလ်တရား, (ခ) ဒုစရိုက်တရားမှ ကြောက်ခြင်းသဘော၊
၅။ အလောဘ = လောကီအာရုံ၌ စိတ်မကပ်ငြိခြင်း မတပ်မက်ခြင်းသဘော၊
= “ငါ့ဟာ”ဟု မစွဲယူခြင်းသဘော၊
၆။ အဒေါသ = အာရုံပေါ်၌ စိတ်မခက်ထန် မကြမ်းတမ်းခြင်းသဘော၊
= မဖျက်ဆီးလိုခြင်းသဘော၊
၇။ တတြမဇ္ဈတ္တတာ= (စိတ်တက်ကြွ မြင့်မောက်မှု မာန, စိတ်တွန့်ဆုတ်မှု ထိန + မိဒ္ဓ ဤ တရားနှစ်မျိုးဘက်သို့ စိတ်ကို မရောက်စေဘဲ စိတ်+စေတသိက်တို့ကို မိမိတို့ ကိစ္စ၌ အပိုအလွန် မရှိစေရအောင်) အာရုံ၌ စိတ်ကို အလယ်အလတ်ထားခြင်းသဘော၊
= အာရုံကို အညီအမျှ လျစ်လျူရှုခြင်းသဘော၊
၈။ ကာယပဿဒ္ဓိ= စေတသိက်တို့ ငြိမ်းအေးခြင်းသဘော၊
၉။ စိတ္တပဿဒ္ဓိ= စိတ်ငြိမ်းအေးခြင်းသဘော၊
၁၀။ ကာယလဟုတာ = စေတသိက်တို့ လျင်မြန် ပေါ့ပါးခြင်းသဘော၊
၁၁။ စိတ္တလဟုတာ = စိတ်လျင်မြန် ပေါ့ပါးခြင်းသဘော၊
၁၂။ ကာယမုဒုတာ= စေတသိက်တို့ နူးညံ့ပျော့ပျောင်းခြင်းသဘော၊
၁၃။ စိတ္တမုဒုတာ= စိတ်နူးညံ့ပျော့ပျောင်းခြင်းသဘော၊
၁၄။ ကာယကမ္မညတာ= ဒါန သီလ ဘာဝနာ စသည့် ထိုထို ကောင်းမှု၌ စေတသိက်တို့ ခံ့ညားခြင်းသဘော၊
= အချိုးကျ အဆင်ပြေခြင်းသဘော၊
(ဘာဝနာမှုဖြစ်လျှင် ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော။)
၁၅။ စိတ္တကမ္မညတာ = ဒါန သီလ ဘာဝနာ စသည့် ထိုထို ကောင်းမှု၌ စိတ်ခံ့ညားခြင်းသဘော၊
= အချိုးကျ အဆင်ပြေခြင်းသဘော၊
(ဘာဝနာမှုဖြစ်လျှင် ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊)
၁၆။ ကာယပါဂုညတာ = ဒါန သီလ ဘာဝနာ စသည့် ထိုထိုကောင်းမှု၌ စေတသိက်တို့ ပြွမ်းတီး (= ပွန်းတီး) လေ့လာနိုင်နင်းခြင်းသဘော၊
= ကျွမ်းကျင်လိမ္မာခြင်းသဘော၊
= ကိလေသာ အနာကင်းခြင်းသဘော၊
၁၇။ စိတ္တပါဂုညတာ = ဒါန သီလ ဘာဝနာ စသည့် ထိုထိုကောင်းမှု၌ စိတ် ပြွမ်းတီး (= ပွန်းတီး) လေ့လာ နိုင်နင်းခြင်းသဘော၊
= ကျွမ်းကျင်လိမ္မာခြင်းသဘော၊
= ကိလေသာ အနာကင်းခြင်းသဘော၊
၁၈။ ကာယုဇုကတာ = စေတသိက်တို့ ဖြောင့်မတ်ခြင်းသဘော၊
= မာယာ သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော၊
၁၉။ စိတ္တုဇုကတာ= စိတ်ဖြောင့်မတ်ခြင်းသဘော၊
= မာယာ သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော။
မာယာနှင့် သာဌေယျ
ထင်ရှားရှိသော အပြစ်ကို ဖုံးကွယ်ထားခြင်းသဘောကား မာယာတည်း။
ထင်ရှားမရှိသော ဂုဏ်ကို ထုတ်ဖော် ချီးမွမ်းခြင်း = ထင်ရှားပြခြင်းသဘောကား သာဌေယျတည်း။[မှတ်စု ၁၀]
ဝိရတိ စေတသိက် (၃) လုံး
၁။ သမ္မာဝါစာ= အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် (၄)ပါးမှ ရှောင်ကြဉ်ခြင်းသဘော၊
= ဝစီဒုစရိုက်ကို မလွန်ကျူးခြင်းသဘော၊
၂။ သမ္မာကမ္မန္တ= အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ကာယဒုစရိုက် (၃)ပါးမှ ရှောင်ကြဉ်ခြင်းသဘော၊
= ကာယဒုစရိုက်ကို မလွန်ကျူးခြင်းသဘော၊
၃။ သမ္မာအာဇီဝ = အသက်မွေးဝမ်းကျောင်းနှင့် စပ်ဆိုင်သော ဝစီဒုစရိုက် (၄)ပါး, ကာယဒုစရိုက် (၃)ပါးမှ ရှောင်ကြဉ်ခြင်းသဘော၊
= အသက်မွေးဝမ်းကျောင်းနှင့် စပ်ဆိုင်သော ကာယဒုစရိုက် ဝစီဒုစရိုက်ကို မလွန်ကျူးခြင်း သဘော။
အပ္ပမညာ စေတသိက် (၂) လုံး
၁။ ကရုဏာ= ဒုက္ခိတ သတ္တဝါကို အာရုံပြု၍ သနား ကြင်နာခြင်းသဘော၊
= ဆင်းရဲဒုက္ခမှ ကယ်တင်လိုခြင်းသဘော၊
၂။ မုဒိတာ= သုခိတ သတ္တဝါကို အာရုံပြု၍ ကြည်သာ ဝမ်းမြောက်ခြင်းသဘော၊
= သူ့စည်းစိမ်ကို မငြူစူခြင်းသဘော၊
ပညိန္ဒြေ စေတသိက် (၁) လုံး
၁။ ပညိန္ဒြေ = ပညာ = ပရမတ္ထဓမ္မတို့၏ သဘောမှန်ကို ထွင်းဖောက် သိမြင်ခြင်းသဘော၊
= သစ္စာ (၄)ပါး အမှန်တရားကို ထွင်းဖောက် သိမြင်ခြင်းသဘော။
ဉာဏ်ဟုလည်းကောင်း, အမောဟဟုလည်းကောင်း, သမ္မာဒိဋ္ဌိဟုလည်းကောင်း, ဓမ္မဝိစယဟုလည်းကောင်း ခေါ်သော ပညာကိုပင် သစ္စာ (၄)ပါးကို သိမှုကိစ္စ၌ အစိုးတရဖြစ်သောကြောင့် ပညိန္ဒြေဟု ခေါ်ဆိုပေသည်။
ဤတွင် အကောင်း သောဘဏစေတသိက် (၂၅)လုံး ပြီး၏၊ ပရမတ္ထဓမ္မများကို ဉာဏ်ဖြင့် ပိုင်းခြားယူရာ သိမ်းဆည်းရာ၌ အားထုတ်စ အာဒိကမ္မိကပုဂ္ဂိုလ်သည် သဘာဝလက္ခဏာကသော်လည်းကောင်း, ရသ = လုပ်ငန်းကိစ္စက သော်လည်းကောင်း စတင်၍ နှလုံးသွင်းနိုင်သဖြင့် အချို့စေတသိက်များ၌ လက္ခဏနှင့် ရသ နှစ်မျိုးလုံးကိုပင် ရေးသား တင်ပြထားပါသည်။
အရေးကြီးလှသော စည်းကမ်းဥပဒေသ တစ်ရပ်
အဋ္ဌသာလိနီအဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့[မှတ်စု ၁၁]၌ ဝိပဿနာပိုင်းဆိုင်ရာ အရေးကြီးလှသော စည်းကမ်း ဥပဒေသ တစ်ရပ်ကို ရှင်းလင်းတင်ပြထားတော်မူကြ၏၊ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏၊ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိပြီးသောအခါ ဝိပဿနာသို့ ကူးတက်ရာ၌ အဇ္ဈတ္တခန္ဓာငါးပါးကို သော်လည်း စတင်၍ ဝိပဿနာရှုလိုက ဝိပဿနာ ရှုပွားသုံးသပ်နိုင်၏၊ သက်မဲ့ အနုပါဒိန္နသင်္ခါရတရားများ အဝင်အပါ ဗဟိဒ္ဓခန္ဓာငါးပါးကိုသော်လည်း စတင်၍ ဝိပဿနာ ရှုပွားသုံးသပ်လိုက ဝိပဿနာ ရှုပွားသုံးသပ်နိုင်၏၊ သို့သော် အဇ္ဈတ္တခန္ဓာငါးပါးသက်သက်ကို ဝိပဿနာ ရှုပွားသုံးသပ်ရုံမျှဖြင့်လည်း ဝုဋ္ဌာန အမည်ရသော အရိယမဂ်ဉာဏ်သည် = သင်္ခါရအာရုံမှ ထ၍ နိဗ္ဗာန်သို့ တစ်ဟုန်တည်း ပြေးသွားတတ်သော ဝုဋ္ဌာနဂါမိနိဝိပဿနာသည် မည်သည့်နည်းနှင့်မျှ ဖြစ်ပေါ်မလာနိုင်၊ ဗဟိဒ္ဓခန္ဓာငါးပါးသက်သက်ကို ဝိပဿနာ ရှုပွားသုံးသပ်ရုံမျှဖြင့်လည်း ဝုဋ္ဌာနဂါမိနိဝိပဿနာသည် မည်သည့်နည်းနှင့်မျှ ဖြစ်ပေါ်မလာနိုင်။ ထိုကြောင့် ရံခါ အဇ္ဈတ္တခန္ဓာငါးပါးကို, ရံခါ ဗဟိဒ္ဓခန္ဓာငါးပါးကို လက္ခဏာရေး သုံးတန်သို့ တစ်လှည့်စီ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပေးရ၏၊
အလားတူပင် ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း ဝုဋ္ဌာနဂါမိနိဝိပဿနာသည် မည်သည့်နည်းနှင့်မျှ ဖြစ်ပေါ်မလာနိုင်၊ နာမ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း ဝုဋ္ဌာနဂါမိနိဝိပဿနာသည် မည်သည့်နည်းနှင့်မျှ ဖြစ်ပေါ်မလာနိုင်။ ထိုကြောင့် ရံခါ ဘူတရုပ် ဥပါဒါရုပ်တို့ကို ပရမတ်သို့ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ယင်း ရုပ်တရားတို့ကို လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပေးရ၏၊ ရံခါ ယင်းရုပ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော နာမ်ခန္ဓာလေးပါးကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ယင်းနာမ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပေးရ၏၊ – ဤကား အထက်ပါ အဋ္ဌသာလိနီအဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့၏ ဆိုလိုရင်းတည်း။ သံယုတ်ပါဠိတော်[မှတ်စု ၁၂]၌ လာရှိသော အပရိဇာနနသုတ္တန် စသည်တို့နှင့် အညီပင်တည်း။
အနုပဿနာ (၄) ပါး
အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်, နာမ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်ရကား ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်တရား နာမ်တရား နှစ်မျိုးလုံးကိုကား ဝိပဿနာရှုပွားရတော့မည် ဖြစ်၏၊ ယင်းရုပ်တရား နာမ်တရားတို့၌ ရုပ်ကလာပ်ပေါင်း များစွာ နာမ်ကလာပ်ပေါင်းများစွာ ဘဝတစ်လျှောက်၌ ဖြစ်ပျက်နေကြသဖြင့် တစ်မျိုး တစ်မျိုး၌ တည်ရှိသော အရေအတွက်ကိုကား ကုန်စင်အောင် မရှုနိုင်၊ သို့သော် အမျိုးအစားကိုကား ကုန်စင်အောင် ရှုရမည် ဖြစ်သည်။
ဆိုလိုသည်မှာ ဤသို့ ဖြစ်၏၊ ခန္ဓာကိုယ်၌ အချိန်ကာလတစ်ခုအတွင်း၌ သို့မဟုတ် စိတ္တက္ခဏတစ်ခုအတွင်း၌ ပြိုင်တူဖြစ်နေသော ပြိုင်တူချုပ်နေသော သက်တမ်းမကုန်ဆုံးသေးသဖြင့် ပြိုင်တူတည်ရှိနေသော ရုပ်တရားတို့သည် = ရုပ်ကလာပ်တို့သည် အကယ်၍ ဉာဏ်ဖြင့် ခြင်တွယ်ကြည့်၍ ရစကောင်းသဖြင့် ခြင်တွယ်ကြည့်မည်ဆိုပါက[မှတ်စု ၁၃] တစ်စိတ်သားခန့် ရှိနေ၏၊ ပရမာဏုမြူထက် အဆပေါင်းများစွာ သေးငယ်နေသော ယင်းရုပ်ကလာပ်တို့၌ ဓာတ်ကြီးလေးပါးကား ပါဝင်လျက် ရှိ၏၊ ရုပ်ကလာပ်တိုင်း၌ တည်ရှိသော ယင်းဓာတ်ကြီးလေးပါးတိုင်းကိုကား သာဝကတို့သည် ကုန်စင်အောင် မရှုနိုင်။ ဧကဒေသ = အချို့အဝက် = တစ်စိတ်တစ်ဒေသမျှလောက်ကိုသာ ဝိပဿနာ ရှုနိုင်ကြ၏၊ ဥပါဒါရုပ်တို့၌လည်း နည်းတူပင် မှတ်ပါ။
မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟူသော အလွန် တိုတောင်းသော အချိန်ကာလအတွင်း၌ နာမ်တရားတို့သည် စိတ္တက္ခဏပေါင်း ကုဋေသိန်းနှင့်ချီ၍ ဖြစ်နိုင်ကြ၏၊ ဘဝတစ်လျှောက်၌ကား မရေမတွက်နိုင်အောင် များပြားလှသည်သာ ဖြစ်၏၊ ယင်းနာမ်တရားတို့ကိုကား သာဝကတို့သည် ကုန်စင်အောင် မရှုနိုင်၊ ဧကဒေသ = အချို့အဝက် = တစ်စိတ်တစ်ဒေသမျှကိုသာ ရှုနိုင်ကြ၏၊
သို့သော် အရေအတွက်ကို ကုန်စင်အောင် မရှုနိုင်သော်လည်း ရုပ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ရေးသား တင်ပြထားသည့်အတိုင်း ရုပ်ကလာပ်အမျိုးအစား = ရုပ်အမျိုးအစားကိုကား ကုန်စင်အောင် ရှုရမည်သာ ဖြစ်သည်။ တင်ပြထားသည့်အတိုင်း ရုပ်ကလာပ်အမျိုးအစား = ရုပ်အမျိုးအစားကိုကား ကုန်စင်အောင် ရှုရမည်သာ ဖြစ်သည်။ တစ်လျှောက်ဝယ် ရူပါရုံကို မြင်သိတတ်သော စက္ခုဒွါရဝီထိပေါင်းကား များစွာဖြစ်နိုင်၏၊ ကုန်စင်အောင်ကား မရှုနိုင်၊ အချို့အဝက်မျှကိုသာ ရှုနိုင်၏၊ သောတဒွါရဝီထိ စသည်တို့၌လည်း နည်းတူပင် မှတ်ပါ။ ထိုကြောင့် အဋ္ဌကထာကြီးများက
၁။ ကာယာနုပဿနာမုခေန = ကာယာနုပဿနာကို အဦးမူသဖြင့်,
၂။ ဝေဒနာနုပဿနာမုခေန = ဝေဒနာနုပဿနာကို အဦးမူသဖြင့်,
၃။ စိတ္တာနုပဿနာမုခေန = စိတ္တာနုပဿနာကို အဦးမူသဖြင့်,
၄။ ဓမ္မာနုပဿနာမုခေန = ဓမ္မာနုပဿနာကို အဦးမူသဖြင့် –ဤသို့ စသည်ဖြင့် ဖွင့်ဆိုထားတော်မူပေသည်။[မှတ်စု ၁၄] ထိုကြောင့် အောက်ပါအတိုင်း အနုပဿနာ (၄)ပါးကို မှတ်သားပါ။
၁။ ရုပ်တရားကို အဦးမူသဖြင့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ယင်းသင်္ခါရတရား တို့ကို ဝိပဿနာရှုခဲ့သော် ယင်းဝိပဿနာသည် ကာယာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏၊ အထူးသဖြင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်များသည် ဓာတ်ကြီးလေးပါးကို = ရုပ်တရားကို အဦးမူသဖြင့် သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာသို့ ကူးကြသဖြင့် ယေဘုယျအားဖြင့် ထိုပုဂ္ဂိုလ်တို့၏ အနုပဿနာသည် ကာယာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏၊
တစ်ဖန် နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း သုံးနည်းတို့တွင် –
၂။ ဝေဒနာကို အဦးမူသဖြင့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ယင်းသင်္ခါရတရားတို့ကို ဝိပဿနာရှုခဲ့သော် ယင်းဝိပဿနာသည် ဝေဒနာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏၊ ၃။ အသိစိတ် = ဝိညာဏ်ကို အဦးမူသဖြင့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ယင်းသင်္ခါရတရားတို့ကို ဝိပဿနာရှုခဲ့သော် ယင်းဝိပဿနာသည် စိတ္တာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏၊
၄။ ဖဿကို အဦးမူသဖြင့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ယင်းသင်္ခါရတရားတို့ကို ဝိပဿနာရှုခဲ့သော် ယင်းဝိပဿနာသည် ဓမ္မာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏၊ ခန္ဓာငါးပါး ရှုနည်း, အာယတန (၁၂)ပါး ရှုနည်း, ဓာတ် (၁၈)ပါး ရှုနည်း စသည်တို့သည်လည်း ဓမ္မာနုပဿနာသတိပဋ္ဌာန်တို့ပင် ဖြစ်ကြသည်။[မှတ်စု ၁၅]
နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း (၃)နည်းတို့တွင် ဝေဒနာကစ၍ သင်္ခါရတရားတို့ကို သိမ်းဆည်း ရှုပွားသော နည်းသည် ဝေဒနာနုပဿနာသတိပဋ္ဌာန် ဖြစ်သည်၊ အသိစိတ် = ဝိညာဏ်က စ၍ သင်္ခါရတရားတို့ကို သိမ်းဆည်း ရှုပွားသောနည်းသည် စိတ္တာနုပဿနာသတိပဋ္ဌာန် ဖြစ်သည်၊ ဖဿက စ၍ သင်္ခါရတရားတို့ကို သိမ်းဆည်းရှုပွားသော နည်းသည် ဓမ္မာနုပဿနာသတိပဋ္ဌာန် ဖြစ်သည်။
သမထယာနိကပုဂ္ဂိုလ်သည် ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးသောအခါ နာမ်ကမ္မဋ္ဌာန်းက စ၍လည်း အားသစ်လိုက အားသစ်နိုင်၏၊ ရုပ်ကမ္မဋ္ဌာန်းက စ၍လည်း အားသစ်လိုက အားသစ်နိုင်၏၊ အကယ်၍ နာမ်ကမ္မဋ္ဌာန်းက စ၍ အားသစ်ခဲ့သော် စျာန်အင်္ဂါတို့ကိုလည်းကောင်း, စျာနသမ္ပယုတ်တရားတို့ကိုလည်းကောင်း ရှေးဦးစွာ သိမ်းဆည်းရ၏၊ ထိုနောင် မှီရာ ဟဒယဝတ္ထုနှင့် တကွသော ဘူတရုပ် ဥပါဒါရုပ်တို့ကို သိမ်းဆည်းရ၏၊[မှတ်စု ၁၆]
ထို့နောင် ပြိုးပြွမ်းသော (= ပကိဏ္ဏက) သင်္ခါရအမည်ရသည့် သင်္ခါရတရားတို့တွင် အကျုံးဝင်သော ကာမာဝစရ နာမ်တရားတို့ကိုလည်းကောင်း ကြွင်းကျန်သော ရုပ်တရားတို့ကိုလည်းကောင်း ဆက်လက် သိမ်းဆည်းရ၏၊ တစ်ဖန် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည်လည်း ရုပ်ကမ္မဋ္ဌာန်းကို အားသစ်ပြီးသောအခါ ကာမာဝစရ နာမ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းရမည် ဖြစ်သည်။
သမထယာနိကပုဂ္ဂိုလ် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် နှစ်ဦးလုံးတို့သည်ပင် ကာမာဝစရ နာမ်တရားတို့ကို သိမ်းဆည်းလိုလတ်သော် ..
ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ - ဟူသော မူလပဏ္ဏာသအဋ္ဌကထာ[မှတ်စု ၁၇], ဤကျမ်း[မှတ်စု ၁၈]၌ တင်ပြခဲ့သော ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ[မှတ်စု ၁၉]တို့၏ သတ်မှတ်ချက်နှင့် အညီ ရုပ်ကမ္မဋ္ဌာန်းကို အားသစ်ပြီး သိမ်းဆည်းပြီး ဖြစ်ရပေမည်။ တစ်ဖန်..
မူလပဏ္ဏာသအဋ္ဌကထာ[မှတ်စု ၂၀]နှင့် အဋ္ဌသာလိနီအဋ္ဌကထာ[မှတ်စု ၂၁]တို့က သတ်မှတ်ပေးထားသော စည်းကမ်းဥပဒေသနှင့် အညီ ယင်းရုပ်တရားတို့ကိုပင် အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့က စတင်၍ သိမ်းဆည်းရမည် ဖြစ်ပေသည်။ ထိုသို့ သိမ်းဆည်းရာ၌ အောက်ပါ စည်းကမ်းသတ်မှတ်ချက်များကိုလည်း အထူးလိုက်နာဖို့ လိုအပ်ပေသည်။
ဝေဒနာက စ၍ သိမ်းဆည်းရာ၌ လိုက်နာရမည့် စည်းကမ်း
ဝေဒနာ ထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း – “ဝေဒနာတစ်ခုတည်းသာလျှင် ဖြစ်ပေါ်၍နေသည်ကား မဟုတ်၊ ထိုဝေဒနာနှင့် အတူတကွ ထိုအာရုံကိုပင်လျှင် တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်သော ဖဿသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကို မှတ်သားတတ်သော သညာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံပေါ်သို့ သမ္ပယုတ် တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ် လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကို ပိုင်းခြားယူတတ် = သိတတ်သော ဝိညာဏ်သည်လည်း ဖြစ်ပေါ်နေ၏”ဟု နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမက တရားတို့ကိုပင် သိမ်းဆည်း၏၊[မှတ်စု ၂၂]
ဝိညာဏ်က စ၍ သိမ်းဆည်းရာ၌ လိုက်နာရမည့် စည်းကမ်း
အသိစိတ် ဝိညာဏ် ထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း “ဝိညာဏ်တစ်ခုတည်းသာ ဖြစ်ပေါ်၍နေသည် ကား မဟုတ်၊ ထိုဝိညာဏ်နှင့် အတူ ထိုအာရုံကိုပင် တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်သော ဖဿသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံ၏ အရသာကို ခံစားတတ်သော ဝေဒနာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကို မှတ်သား တတ်သော သညာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ် လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း ဖြစ်ပေါ်နေ၏”ဟု နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင် သိမ်းဆည်း၏၊[မှတ်စု ၂၃]
ဖဿက စ၍ သိမ်းဆည်းရာ၌ လိုက်နာရမည့် စည်းကမ်း
ဖဿ ထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း “ဖဿတစ်ခုတည်းသာ ဖြစ်ပေါ်၍ နေသည်ကား မဟုတ်၊ ထိုဖဿနှင့်အတူ ထိုအာရုံကိုပင်လျှင် = ထိုအာရုံ၏ အရသာကိုပင်လျှင် ခံစားတတ်သော ဝေဒနာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကို မှတ်သားတတ်သော သညာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံပေါ်သို့ သမ္ပယုတ်တရား တို့ကို ရောက်အောင် စေ့ဆော်ပေးတတ် လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကို ပိုင်းခြားယူတတ် = သိတတ်သော ဝိညာဏ်သည်လည်း ဖြစ်ပေါ်နေ၏”ဟု နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင် သိမ်းဆည်း၏၊[မှတ်စု ၂၄]
နာမ်တရား အားလုံးကိုပင် သိမ်းဆည်းပါ
ဤသို့လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်ကမ္မဋ္ဌာန်းကို စတင်အားသစ်ရာ၌ ဖဿ ထင်ရှားသောပုဂ္ဂိုလ်, ဝေဒနာ ထင်ရှားသောပုဂ္ဂိုလ်, အသိစိတ် = ဝိညာဏ် ထင်ရှားသောပုဂ္ဂိုလ်ဟု ထိုထိုတရား၏ ထင်ရှားမှုရှိသည် မှန်သော်လည်း ဘုရားရှင်ကိုယ်တော်တိုင်က –
သဗ္ဗံ ဘိက္ခဝေ အဘိညေယျံ....[မှတ်စု ၂၅] သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ ....[မှတ်စု ၂၆] ဤသို့ စသည်ဖြင့် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော သင်္ခါရတရားအားလုံးကို ပရိညာပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြားသိအောင် ကြိုးပမ်းရမည်ဟု ဟောကြားထားတော်မူသောကြောင့် အလုံးစုံသော လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာရှုပွားသုံးသပ်ထိုက်သော တရားမှန်သမျှကို ယောဂါဝစရပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် ပိုင်းခြားယူရမည်သာ ဖြစ်ပေသည်ဟု ညွှန်ကြားပြသတော်မူလိုသည့်အတွက် အထက်ပါ နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပုံ နည်းစနစ်များကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်းပင်ဖြစ်၏၊
ဤအဋ္ဌကထာအဖွင့်၌ ဖဿပဉ္စမကတရားတို့ကို သိမ်းဆည်းရန် အဋ္ဌကထာက ဖွင့်ဆိုသွားခြင်းမှာ ပဓာန နည်းအားဖြင့် ဖွင့်ဆိုသွားတော်မူခြင်းပင် ဖြစ်၏၊ စိတ္တက္ခဏတစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော နာမ်တရားစုတို့တွင် ဖဿပဉ္စမကတရားတို့၌ ကြွင်းကျန်သော နာမ်တရားတို့သည် အကျုံးဝင်လျက် ရှိကြ၏၊ ယင်းသို့လျှင် နာမ်ခန္ဓာလေးပါး တို့၏ ဖဿပဉ္စမကတရားတို့၌ အကျုံးဝင်လျက် ရှိသောကြောင့် ဖဿပဉ္စမကတရားကို ယူခြင်းဖြင့်ပင် နာမ်ခန္ဓာ လေးပါးတို့ကိုလည်း သိမ်းကျုံးယူရသောကြောင့် ဖဿပဉ္စမကတရားတို့ကိုသာ သိမ်းဆည်းရန် အဋ္ဌကထာက ဖွင့်ဆို သွားတော်မူခြင်း ဖြစ်၏၊ အကြောင်းမှာ ဖဿပဉ္စမကတရားကို ယူ၍ ဖွင့်ဆိုခြင်းမှာ ထိုဖဿပဉ္စမက တရားစု၏ စိတ်အားလုံးနှင့် ဆက်ဆံသော သဗ္ဗစိတ္တုပ္ပါဒသာဓာရဏတရား ဖြစ်သောကြောင့် ဖွင့်ဆိုခြင်း ဖြစ်၏၊ ထိုဖဿပဉ္စမက တရားတို့တွင်လည်း ဖဿ-စေတနာတို့ကား သင်္ခါရက္ခန္ဓာစာရင်းဝင် တရားစုတို့ ဖြစ်ကြ၏၊ သင်္ခါရက္ခန္ဓာတရားစုတို့တွင် လည်း စေတနာကား ပြဓာန်းလျက် ရှိ၏၊ ဖဿ စေတနာတို့ကို သိမ်းဆည်းပါဟု ဆိုသဖြင့် ပဓာနဖြစ်သော ဖဿ စေတနာတို့ကို သိမ်းဆည်းရလျှင် အပ္ပဓာနဖြစ်သော သင်္ခါရက္ခန္ဓာစာရင်းဝင် ကြွင်းကျန်သော ယှဉ်ဖက်သမ္ပယုတ်တရား တို့ကိုလည်း သိမ်းဆည်းရမည်သာ ဖြစ်သည်။ ဖဿ စေတနာတို့ကို ယူသဖြင့် သင်္ခါရက္ခန္ဓာစာရင်းဝင် ပရမတ္ထဓာတ်သား အားလုံးကို သိမ်းကျုံးယူရ၏၊ အကြောင်းမူ ထိုသင်္ခါရက္ခန္ဓာတရားစုတို့တွင် စေတနာပြဓာန်းသောကြောင့် ဖြစ်၏၊ ဘုရားရှင်ကိုယ်တော်တိုင်ကလည်း ဝိဘင်းပါဠိတော်[မှတ်စု ၂၇]ဝယ် သုတ္တန္တဘာဇနီယနည်း၌ သင်္ခါရက္ခန္ဓာကို ဝေဖန် ဟောကြားတော်မူရာဝယ် စေတနာကိုသာ ပဓာနထား၍ ဝေဖန်ဟောကြားထားတော်မူသော ရှေးထုံးဟောင်း ဥပဒေသ တစ်ရပ်လည်း ထင်ရှား တည်ရှိနေပေသည်။ သင်္ခါရက္ခန္ဓာမှ ကြွင်းသော ခန္ဓာတို့၌ကား သရုပ်ထုတ်၍ တိုက်ရိုက် ဟောကြားထားတော်မူပေသည်။[မှတ်စု ၂၈]
ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ သတ်မှတ်ပေးထားသော စည်းကမ်းဥပဒေသအရ အထူးသဖြင့် ကာမာဝစရနာမ်တရားတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီးသောအခါ, ဖဿက စ၍ ဖြစ်စေ, ဝေဒနာက စ၍ ဖြစ်စေ, အသိစိတ် = ဝိညာဏ်က စ၍ ဖြစ်စေ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ စိတ္တက္ခဏတစ်ခုတစ်ခုအတွင်း၌ ဖဿ တစ်လုံးတည်း, ဝေဒနာ တစ်လုံးတည်း, အသိစိတ် = ဝိညာဏ် တစ်လုံးတည်းကိုသာ မိနစ်ပေါင်းများစွာ နာရီပေါင်းများစွာ ရက်ပေါင်းများစွာ လပေါင်းများစွာ နှစ်ပေါင်းများစွာ “ဖားကို မြွေက ခဲ၏သို့” သဲသဲမဲမဲ ဇွဲနပဲကြီးစွာဖြင့် ဇွတ်အတင်းခဲလျက် ရိုးမြေကျ သိမ်းဆည်းရှုပွားနေရသည်ကား မဟုတ်ပေ။ ယင်း ဖဿ ဝေဒနာ ဝိညာဏ်တို့နှင့် ယှဉ်ဖက်သမ္ပယုတ်တရားအားလုံးကိုလည်း သိမ်းဆည်းရှုပွားရသည်သာဟု ဖြူစင်ဖြောင့်စင်း သော ယောနိသောမနသိကာရတရားကို ရှေးသွားပြုကာ နာယူမှတ်သားလေရာသည် သူတော်ကောင်းအပေါင်းတို့...။
- ↑ (မဟာဋီ၊၂၊၂၃၅။)
- ↑ မှတ်ချက်---- စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသော စိတ်စေတသိက်တရားစုတို့ကို သမ္ပယုတ်တရားဟု ခေါ်ဆိုသည်။ အထက်ပါ စေတသိက်တို့တွင် ဧကဂ္ဂတာစေတသိက်ကို အချို့အရာ၌ စိတ်တည်ကြည်မှု စွမ်းအင်ကို အမှီပြု၍ သမာဓိန္ဒြေ သမာဓိဗိုလ် သမာဓိသမ္ဗောဇ္ဈင် သမ္မာသမာဓိမဂ္ဂင် ဥပစာရသမာဓိ အပ္ပနာသမာဓိ စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲထားပေသည်။ တစ်ဖန် ဝေဒနာစေတသိက်ကိုလည်း သတိပြုပါ။ ဝေဒနာစေတသိက်သည် စိတ်တိုင်းစိတ်တိုင်း၌ ယှဉ်သော သဗ္ဗစိတ္တသာဓာရဏ စေတသိက်တစ်မျိုး ဖြစ်၏၊ အသိစိတ်ရှိနေသမျှ ကာလပတ်လုံး ဝေဒနာကား အမြဲတမ်း ပါဝင်တည်ရှိနေမည်သာ ဖြစ်၏၊ ထိုဝေဒနာမှာ သုခ ဒုက္ခ သောမနဿ ဒေါမနဿ ဥပေက္ခာဟူသော ဝေဒနာ ငါးမျိုးတို့တွင် တစ်မျိုးမျိုး ဖြစ်နိုင်၏၊ ဝေဒနာမပါသော ဝေဒနာမယှဉ်သော စိတ်ဟူသည် ဗုဒ္ဓအဘိဓမ္မာ၌ မရှိစကောင်းပေ။ ဝေဒနာကား ချုပ်၏၊ အသိစိတ်ကား မချုပ်ဟူသော ဝါဒမှာ ဗုဒ္ဓအဘိဓမ္မာ၏ အယူအဆ မဟုတ်ပေ၊၊
- ↑ အာရုံတစ်ခုပေါ်၌ ယှဉ်ဖက်စိတ်စေတသိက် = သမ္ပယုတ်တရားတို့ ဖြစ်အောင် ကြိုးစားအားထုတ်ခြင်းသဘော ဖြစ်သည်။ မကောင်းဘက်၌လည်း လောဘဖြစ်အောင်, ဒေါသဖြစ်အောင်, မောဟဖြစ်အောင် စသည်ဖြင့် ကြိုးစားမှုမျိုး၊ အကောင်းဘက်၌လည်း အလောဘဖြစ်အောင်, အဒေါသဖြစ်အောင်, အမောဟဖြစ်အောင် စသည်ဖြင့် ကြိုးစားမှုမျိုးတည်း။ သမာဓိပိုင်း၌ သမာဓိဖြစ်အောင် ကြိုးစားမှု, ဝိပဿနာပိုင်း၌ ဓာတ်ကြီးလေးပါးကို သိအောင် ကြိုးစားမှု, ရုပ်တရားကို သိအောင် ကြိုးစားမှု, နာမ်တရားကို သိအောင် ကြိုးစားမှု, အကြောင်းတရားတို့ကို သိအောင် ကြိုးစားမှု, အကြောင်းတရားနှင့် တကွသော ယင်းရုပ်နာမ်တို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို သိအောင် ကြိုးစားမှုမျိုးတည်း။
- ↑ အာရုံတစ်ခုပေါ်၌ လောဘဖြစ်လိုသည့်သဘော, ဒေါသဖြစ်လိုသည့်သဘော, မောဟဖြစ်လိုသည့်သဘော, အလောဘ ဖြစ်လိုသည့်သဘော, အဒေါသဖြစ်လိုသည့်သဘော, အမောဟဖြစ်လိုသည့်သဘော, သမာဓိဖြစ်လိုသည့် သဘော, ပညာဖြစ်လိုသည့် သဘော ဤသို့စသည်ဖြင့် အရာဌာနအားလျော်စွာ သဘောပေါက်ပါလေ။ မြင်လိုမှု ကြားလိုမှု နံလိုမှု အရသာသိလိုမှု ထိလိုမှု သိလိုမှု သဘောများကို အာရုံကို ပြုလုပ်လိုသည့်သဘောဟု ဆိုလိုသည်။
- ↑ စာမျက်နှာ၊၂၇-၂၈ ပြန်ကြည့်ပါ။ မောဟကိုပင် အဝိဇ္ဇာဟုလည်း ခေါ်ဆို၏၊
- ↑ (မ၊ဋီ၊၁၊၃၆၅-၃၆၆။)
- ↑ မှတ်ချက်---- ကံ-ကံ၏အကျိုးတရားအပေါ်၌ သံသယရှိခြင်းများသည်လည်း ဤကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရား၌ သံသယရှိမှုတွင် အကျုံးဝင်လျက်ရှိပေသည်။
- ↑ (အဘိ၊၁၊၂၀၈။)
- ↑ မှတ်ချက်---- ဤကား ခြုံငုံ၍ ရေးသားထားခြင်း ဖြစ်သည်။ နေရာဌာနသို့ လိုက်၍ ခွဲခြားယူတတ်ဖို့ လိုပေသည်။ ၁။ ဘုရားဂုဏ်ကို အာရုံယူရာ၌ ဘုရားဂုဏ်၌ ယုံကြည်မှု,
၂။ တရားဂုဏ်ကို အာရုံယူရာ၌ တရားဂုဏ်ကို ယုံကြည်မှု,
၃။ သံဃာ့ဂုဏ်ကို အာရုံယူရာ၌ သံဃာ့ဂုဏ်ကို ယုံကြည်မှု,
၄။ သီလပိုင်း၌ သီလသိက္ခာ သီလကျင့်စဉ်ကို ယုံကြည်မှု, သမာဓိပိုင်း၌ စျာန်သမာဓိသိက္ခာ = သမာဓိကျင့်စဉ်ကို ယုံကြည်မှု,
ပညာပိုင်း၌ ရုပ်နာမ်ပရမတ်တို့၏ သဘာဝမှန်ကို ထွင်းဖောက်သိသည့် ပညာသိက္ခာ = ပညာကျင့်စဉ်၌ ယုံကြည်မှု, သစ္စာ လေးပါးကို ထိုးထွင်းသိအောင် ကျင့်ရသည့် ပညာသိက္ခာ = ပညာကျင့်စဉ်၌ ယုံကြည်မှု,
၅။ အတိတ်ကို ရှုရာ၌ အတိတ်ခန္ဓာတို့၌ တကယ်ထင်ရှားရှိသည်ဟု ယုံကြည်မှု,
၆။ အနာဂတ်ကို ရှုရာ၌ အနာဂတ်ခန္ဓာတို့၌ တကယ်ထင်ရှားရှိသည်ဟု ယုံကြည်မှု,
၇။ အတိတ်+အနာဂတ် နှစ်မျိုးလုံးကို ရှုရာ၌ အတိတ်+အနာဂတ် ခန္ဓာ နှစ်မျိုးလုံး၌ တကယ်ထင်ရှားရှိသည်ဟု ယုံကြည်မှု,
၈။ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်တို့ကို ရှုရာ၌ ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၌ ယုံကြည်မှု၊ ဤသို့ စသည်ဖြင့် အရှုခံအာရုံသို့ လိုက်၍ ယုံကြည်မှုများ ကွဲပြားပုံကို သဘောပေါက်ပါလေ။
- ↑ သန္တဒေါသပဋိစ္ဆာဒနလက္ခဏာ မာယာ။ အသန္တဂုဏသမ္ဘာဝနလက္ခဏံ သာဌေယျံ။ (မဟာဋီ၊၁၊၈၄။)
အသန္တဂုဏပကာသနလက္ခဏံ သာဌေယျံ။ (မဟာဋီ၊၁၊၁၂၈။) - ↑ ဣဓေကစ္စော အာဒိတောဝ အဇ္ဈတ္တံ ပဉ္စသု ခန္ဓေသု အဘိနိဝိသတိ၊ အဘိနိဝိသိတွာ တေ အနိစ္စာဒိတော ပဿတိ။ ယသ္မာ ပန န သုဒ္ဓအဇ္ဈတ္တဒဿနမတ္တေနေဝ မဂ္ဂဝုဋ္ဌာနံ ဟောတိ၊ ဗဟိဒ္ဓါပိ ဒဋ္ဌဗ္ဗမေဝ။ တသ္မာ ပရဿ ခန္ဓေပိ အနုပါဒိန္နသင်္ခါရေပိ “အနိစ္စံ ဒုက္ခမနတ္တာ”တိ ပဿတိ။ သော ကာလေန အဇ္ဈတ္တံ သမ္မသတိ၊ ကာလေန ဗဟိဒ္ဓါတိ။ (အဘိ၊ဋ္ဌ၊၁၊၂၇၀။ ဝိသုဒ္ဓိ၊၂၊၃၀၀၊၊)
အပရော အာဒိတောဝ ရူပေ အဘိနိဝိသတိ၊ အဘိနိဝိသိတွာ ဘူတရူပဉ္စ ဥပါဒါရူပဉ္စ ပရိ စ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။ ယသ္မာ ပန န သုဒ္ဓရူပဒဿနမတ္တေနေဝ ဝုဋ္ဌာနံ ဟောတိ၊ အရူပမ္ပိ ဒဋ္ဌဗ္ဗမေဝ။ တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ သင်္ခါရေ ဝိညာဏဉ္စ “ဣဒံ အရူပ”န္တိ ပရိ စ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ၊ သော ကာလေန ရူပံ သမ္မသတိ ကာလေန အရူပံ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။ ဝိသုဒ္ဓိ၊၂၊၃၀၀။) - ↑ (သံ၊၂၊၂၄၉-၂၅၀။)
- ↑ (တကယ်တော့ ခြင်တွယ်မရနိုင်ပါ၊ အကြောင်းမူ အလွန်လျင်လျင်မြန်မြန် ဖြစ်ပျက်နေသောကြောင့် ဖြစ်သည်။)
- ↑ (မ၊ဋ္ဌ၊၁၊၂၄၅-ကြည့်ပါ၊၊)
- ↑ (အဘိ၊ဋ္ဌ၊၂၊၂၇၃- ကြည့်။)
- ↑ (ဝိသုဒ္ဓိ၊၂၊၂၂၂- ကြည့်ပါ။)
- ↑ (မ၊ဋ္ဌ၊၁၊၂၈၀။)
- ↑ (စာမျက်နှာ၊၃၅၂။)
- ↑ ယသ္မာ စ ဧဝံ သုဝိသုဒ္ဓရူပပရိဂ္ဂဟေဿဝ တဿ အရူပဓမ္မာ တီဟာကာရေဟိ ပါကဋာ ဟောန္တိ။ တသ္မာ သုဝိသုဒ္ဓရူပပရိဂ္ဂဟေနေဝ အရူပပရိဂ္ဂဟာယ ယောဂေါ ကာတဗ္ဗော၊ န ဣတရေန။ သစေ ဟိ ဧကသ္မိံ ဝါ ရူပဓမ္မေ ဥပဋ္ဌိတေ ဒွီသု ဝါ ရူပံ ပဟာယ အရူပပရိဂ္ဂဟံ အာရဘတိ၊ ကမ္မဋ္ဌာနတော ပရိဟာယတိ၊ ပထဝီကသိဏဘာဝနာယ ဝုတ္တပ္ပကာရာ ပဗ္ဗတေယျာ ဂါဝီ ဝိယ။ သုဝိသုဒ္ဓရူပပရိဂ္ဂဟဿ ပန အရူပပရိဂ္ဂဟာယ ယောဂံ ကရောတော ကမ္မဋ္ဌာနံ ဝုဒ္ဓိံ ဝိရူဠှိံ ဝေပုလ္လံ ပါပုဏာတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၇၊ စာပိုဒ်၊၆၇၁၊၊)
- ↑ တသ္မိံ အာရမ္မဏေ။ (မ၊ဋ္ဌ၊၁၊၂၈၀။)
- ↑ တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ သင်္ခါရေ ဝိညာဏဉ္စ “ဣဒံ အရူပ”န္တိ ပရိ စ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။)
- ↑ ယဿ ဝေဒနာ ပါကဋာ ဟောတိ၊ သော “န ကေဝလံ ဝေဒနာဝ ဥပ္ပဇ္ဇတိ၊ တာယ သဒ္ဓိံ တဒေဝါရမ္မဏံ ဖုသမာနော ဖေဿာပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနမာနာ သညာပိ, စေတယမာနာ စေတနာပိ, ဝိဇာနနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီ”တိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)
- ↑ ယဿ ဝိညာဏံ ပါကဋံ ဟောတိ၊ သော “န ကေဝလံ ဝိညာဏမေဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံ တဒေဝါရမ္မဏံ ဖုသမာနော ဖေဿာပိ ဥပ္ပဇ္ဇတိ၊ အနုဘဝမာနာ ဝေဒနာပိ, သဉ္ဇာနနမာနာ သညာပိ, စေတယမာနာ စေတနာပိ ဥပ္ပဇ္ဇတီ”တိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀-၂၈၁။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)
- ↑ ယဿ ဖေဿာ ပါကဋော ဟောတိ၊ သော “န ကေဝလံ ဖေဿာဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံ တဒေဝါရမ္မဏံ အနုဘဝမာနာ ဝေဒနာပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနမာနာ သညာပိ, စေတယမာနာ စေတနာပိ, ဝိဇာနနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီ”တိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)
- ↑ (သံ၊၂၊၂၅၈။ ခု၊၉၊၆။)
- ↑ (သံ၊၂၊၂၅၀။)
- ↑ (အဘိ၊၂၊၈၊ စာပိုဒ်၊၂၁။)
- ↑ ဧဝံ တဿ တေဿဝ ပါကဋဘာဝေပိ “သဗ္ဗံ ဘိက္ခဝေ အဘိညေယျ”န္တိ, “သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာန”န္တိ စ ဧဝမာဒိဝစနတော သဗ္ဗေ သမ္မသနုပဂါ ဓမ္မာ ပရိဂ္ဂဟေတဗ္ဗာတိ ဒေဿန္တော “တတ္ထ ယဿာ”တိအာဒိမာဟ။ တတ္ထ ဖဿပဉ္စမကေယေဝါတိ အဝဓာရဏံ တဒန္တောဂဓတ္တာ တဂ္ဂဟဏေနေဝ ဂဟိတတ္တာ စတုန္နံ အရူပက္ခန္ဓာနံ။ ဖဿပဉ္စမကဂ္ဂဟဏံ ဟိ တဿ သဗ္ဗစိတ္တုပ္ပါဒ သာဓာရဏဘာဝတော၊ တတ္ထ စ ဖဿစေတနာဂ္ဂဟဏေန သဗ္ဗသင်္ခါရက္ခန္ဓဓမ္မသင်္ဂဟော စေတနာပဓာနတ္တာ တေသံ။ တထာ ဟိ သုတ္တန္တဘာဇနီယေ သင်္ခါရက္ခန္ဓဝိဘင်္ဂေ “စက္ခုသမ္ဖဿဇာ စေတနာ”တိအာဒိနာ စေတနာဝ ဝိဘတ္တာ၊ ဣတရေ ပန ခန္ဓာ သရူပေနေဝ ဂဟိတာ။ (မ၊ဋီ၊၁၊၃၇၀၊၊)