နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/အာနာပါနကမ္မဋ္ဌာန်း

အခန်း (၂)

လုပ်ငန်းခွင်အပိုင်း

သမထကမ္မဋ္ဌာန်းပိုင်း

သမာဓိ စွမ်းအားတော်

သမာဓိံ ဘိက္ခဝေ ဘာဝေထ၊
သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။
ကိဉ္စ ယထာဘူတံ ပဇာနာတိ၊
“ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ ပဇာနာတိ။
“အယံ ဒုက္ခသမုဒယော”တိ ယထာဘူတံ ပဇာနာတိ။
“အယံ ဒုက္ခနိရောဓော”တိ ယထာဘူတံ ပဇာနာတိ။
“အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ”တိ ယထာဘူတံ ပဇာနာတိ။
သမာဓိံ ဘိက္ခဝေ ဘာဝေထ၊
သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။

ချစ်သား ရဟန်းတို့...စိတ်တည်ကြည်မှု ‘သမာဓိ’ကို ပွားများကြကုန်လော့၊

ချစ်သား ရဟန်းတို့...စိတ်တည်ကြည်မှု သမာဓိရှိသော ရဟန်းသည် ဟုတ်တိုင်းမှန်စွာ သိမြင်၏၊
အဘယ်သို့လျှင် ဟုတ်တိုင်းမှန်စွာ သိသနည်း?
“ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရား’တည်း”ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်၏၊
“ဤကား ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခသမုဒယအရိယသစ္စာတရား’တည်း”ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်၏၊
“ဤကား ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခနိရောဓအရိယသစ္စာတရား’တည်း”ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်၏၊
“ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား’တည်း”ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်၏၊
ချစ်သား ရဟန်းတို့ ...စိတ်တည်ကြည်မှု ‘သမာဓိ’ကို ပွားများကြကုန်လော့၊
ချစ်သား ရဟန်းတို့ ... စိတ်တည်ကြည်မှု သမာဓိရှိသော ရဟန်းသည် ဟုတ်တိုင်းမှန်စွာ သိမြင်၏၊
(သံ၊၃၊၃၆၃၊ စာပိုဒ်၊၁၀၇၁။ သမာဓိသုတ္တန်။)

အာနာပါနကမ္မဋ္ဌာန်း

အာနာပါန ချီးမွမ်းခန်း

“ရဟန်းတို့ ...ဤအာနာပါနဿတိသမာဓိသည်လည်း ပွားများအပ်သည်ရှိသော် ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်သည်ရှိသော် ငြိမ်လည်း ငြိမ်သက်၏၊ မွန်လည်း မွန်မြတ်၏၊ သွန်းလောင်းထည့်စွက်အပ်သော ပရိကမ္မစသော အကြောင်းတစ်ပါးလည်း မရှိ၊ ကာယိကသုခ စေတသိကသုခကို ဖြစ်စေတတ်သောကြောင့် ချမ်းသာစွာ နေထိုင်ရကြောင်း တရားလည်း ဖြစ်၏၊ ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်းကုန်သော, စျာန်ဖြင့် မပယ်ခွာအပ်သေးကုန်သော, ယုတ်မာ ကုန်သော အကုသိုလ်တရားတို့ကိုလည်း တစ်ခဏချင်းအားဖြင့် ကွယ်ပျောက်ရုပ်သိမ်း ချုပ်ငြိမ်းစေနိုင်၏၊”[မှတ်စု ၁]

အာနာပါန ပြည်တည်ခန်း

“ရဟန်းတို့ ...ဤသာသနာတော်၌ ယောဂါဝစရရဟန်းသည် တောသို့ သွားရောက်၍ ဖြစ်စေ, သစ်ပင်ရင်းသို့ သွားရောက်၍ဖြစ်စေ, ဆိတ်ငြိမ်ရာ အရပ်သို့ သွားရောက်၍ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် အထက်ပိုင်းကိုယ်ကို ဖြောင့်မတ်စွာ ထား၍ သတိကို ဝင်သက်လေ-ထွက်သက်လေတည်းဟူသော အာနာပါနကမ္မဋ္ဌာန်းသို့ ရှေးရှုဖြစ်စေလျက် ထိုင်၏၊ ထိုရဟန်းသည် သတိရှိလျက်သာလျှင် ဝင်သက်လေကို ဖြစ်စေ၏ = အသက်ရှူသွင်း၏၊ သတိရှိလျက်သာလျှင် ထွက်သက်လေကို ဖြစ်စေ၏ = အသက်ရှူထုတ်၏၊”[မှတ်စု ၂]

ဤအရာ၌ .. ဝင်သက်လေ-ထွက်သက်လေ၌ သတိမြဲအောင် ကျင့်ရန် ဘုရားရှင်သည် စတုက္ကလေးခုတို့ဖြင့် ခွဲခြားစိတ်ဖြာ၍ ဟောကြားတော်မူ၏၊[မှတ်စု ၃] ဝင်သက်လေ၌ စတုက္က လေးခု, ထွက်သက်လေ၌ စတုက္က လေးခု ဖြစ်သဖြင့် နှစ်ရပ်ပေါင်းသော် ဝင်သက်လေ၌ (၁၆)မျိုးသောအခြင်းအရာ, ထွက်သက်လေ၌ (၁၆)မျိုးသောအခြင်းအရာ, အားလုံး (၃၂)မျိုးသော အခြင်းအရာတို့၌ သတိမြဲအောင် ကျင့်ရမည် ဖြစ်သည်။ ဝိပဿနာပိုင်းသို့ ရောက်ရှိသွားသောအခါ အာနာပါနစျာန်တရားတို့နှင့် တကွ ပကိဏ္ဏကသင်္ခါရ အမည်ရသော (၃၁)ဘုံအတွင်း၌ တည်ရှိသော တေဘူမက သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနိုင်သောအခါ ယင်း (၃၂)မျိုးသော အခြင်းအရာတို့သည်လည်း တဖြည်းဖြည်း ပြီးစီးပြည့်စုံလာမည် ဖြစ်ပေသည်။ ဤအပိုင်းတွင်ကား ပထမစတုက္ကကိုသာ ဦးစားပေး၍ ရေးသားတင်ပြပေအံ့ ..။

သတိပြုရန်

ဝင်သက်လေ-ထွက်သက်လေ ထိထိသွားရာ (ထိမှုထင်ရှားရာ) အရပ်၌သာလျှင် သတိကို တည်စေ၍ (သတိကို ထား၍) အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် အာနာပါနဿတိ သမာဓိဘာဝနာသည် ပြီးစီးပြည့်စုံနိုင်၏၊[မှတ်စု ၄]

ရှောင်ရန်

အာနာပါနကမ္မဋ္ဌာန်း၌ ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်ဟု နိမိတ်သုံးမျိုး ရှိ၏၊[မှတ်စု ၅]

၁။ ပရိကမ္မနိမိတ်–– အားထုတ်စပုဂ္ဂိုလ်များအတွက် ပကတိသော ဝင်သက်လေ-ထွက်သက်လေ၏ တွေ့ထိမှု ထင်ရှားရာ အရပ်ဖြစ်သော နှာသီးဖျား (= နာသိကဂ္ဂ) သို့မဟုတ် အထက်နှုတ်ခမ်း (= မုခနိမိတ္တ = ဥတ္တရောဋ္ဌ) သည် နိမိတ် မည်၏၊ ပရိကမ္မနိမိတ်ဟု ဆိုလိုသည်။[မှတ်စု ၆] ပကတိသော ဝင်သက်လေ-ထွက်သက်လေသည်လည်း ပရိကမ္မနိမိတ်ပင် မည်၏၊ အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်စပုဂ္ဂိုလ်များအတွက် ရှေးဦးစွာ သမာဓိ စတင်ဖြစ်ပေါ်လာဖို့ရန် အာရုံအကြောင်းတရား ဖြစ်သောကြောင့် ပရိကမ္မနိမိတ်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။ တစ်ဖန် အာနာပါနကမ္မဋ္ဌာန်းကို ပထမစတုက္က၌ ဘုရားရှင် ညွှန်ကြားတော်မူသည့်အတိုင်း အစဉ်အတိုင်း ကျင့်သဖြင့် သမာဓိအားကောင်းလာသောအခါ ဘာဝနာ၏ စွမ်းဟုန်ကြောင့် ဖြစ်ပေါ်လာသော မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ်ရှိသော အာနာပါနနိမိတ်သည်လည်း ပရိကမ္မနိမိတ် မည်၏၊

၂။ ဥဂ္ဂဟနိမိတ် –– တိုးတက်မြင့်မားလာသော ဘာဝနာသမာဓိစွမ်းဟုန်ကြောင့်ပင် ဖြစ်ပေါ်လာသော ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူဖွေးနေသော အာနာပါနနိမိတ်သည် ဥဂ္ဂဟနိမိတ် မည်၏၊ (ယေဘုယျဟု မှတ်ပါ၊ အခြားအရောင်များလည်း ပေါ်နိုင်သောကြောင့် ဖြစ်သည်။)

၃။ ပဋိဘာဂနိမိတ် –– တစ်ဖန် .. ထိုထက်အလွန် ပို၍ ပို၍ တိုးတက်မြင့်မားလာသော ဘာဝနာသမာဓိ စွမ်းဟုန်ကြောင့်ပင် ဖြစ်ပေါ်လာသော သောက်ရှူးကြယ်ကဲ့သို့ အလွန်ကြည်လင် တောက်ပနေသော အာနာပါန နိမိတ်သည် ပဋိဘာဂနိမိတ် မည်၏၊ (ဤ၌လည်း ယေဘုယျဟု မှတ်ပါ။)

၁။ ယောဂါဝစရပုဂ္ဂိုလ်သည် အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ်ရှိသော ပရိကမ္မ နိမိတ်, ဖြူဆွတ်နေသော ဥဂ္ဂဟနိမိတ်, ကြည်လင်တောက်ပနေသော ပဋိဘာဂနိမိတ်တို့ ဖြစ်ပေါ်လာသောအခါ ယင်းနိမိတ်ကို အရောင်အားဖြင့် နှလုံးမသွင်းပါနှင့် = ယင်းနိမိတ်တို့၏ အရောင်ကို နှလုံးမသွင်းပါနှင့်။ နှလုံးသွင်းခဲ့သော် အရောင်ကသိုဏ်းဘက်သို့ ကူးသွားမည်။ သို့သော် တကယ့်အရောင်ကသိုဏ်းလည်း မဖြစ်နိုင်။ အရောင်ကသိုဏ်း ပြုလုပ်နိုင်သော အာရုံနိမိတ်တို့တွင် ယင်းအာနာပါနနိမိတ် မပါဝင်သောကြောင့် ဖြစ်၏၊

၂။ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့ဟူသော ပထဝီဓာတ်၏ သဘာဝလက္ခဏာ၊ ယိုစီး-ဖွဲ့စည်းဟူသော အာပေါ ဓာတ်၏ သဘာဝလက္ခဏာ၊ ပူ-အေးဟူသော တေဇောဓာတ်၏ သဘာဝလက္ခဏာ၊ ထောက်ကန်မှုဟူသော ဝါယောဓာတ်၏ သဘာဝလက္ခဏာဟု ဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာများ ရှိကြ၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ပကတိသော ဝင်သက်လေ-ထွက်သက်လေ အဝင်အပါဖြစ်သော ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော ယင်းနိမိတ်အားလုံးကို သဘာဝလက္ခဏာအားဖြင့်လည်း နှလုံးမသွင်းပါနှင့်၊ ယင်း အာနာပါနနိမိတ်အားလုံး၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။ နှလုံးသွင်းခဲ့သော် ဓာတ်ကမ္မဋ္ဌာန်း ဖြစ်သွားမည်၊ အာနာပါနကမ္မဋ္ဌာန်း မဖြစ်တော့ပေ။ သို့သော် ဓာတ်ကမ္မဋ္ဌာန်း မှာလည်း အာနာပါနတစ်ခုတည်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးမျှလောက်ကိုသာ ရှုရုံမျှဖြင့် မလုံလောက်သည်သာ ဖြစ်၏၊ ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း၌ကား တစ်ကိုယ်လုံးကို ခြုံငုံ၍ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို ရှုရ၏၊ ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်း၌ကား (၄၂)ကောဋ္ဌာသတို့တွင် ကောဋ္ဌာသ တစ်ခုစီ တစ်ခုစီ၌ ခြုံငုံ၍ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို ရှုရ၏၊

၃။ အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာဟူသော လက္ခဏာသုံးပါးတို့သည် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော သင်္ခါရတရားအားလုံးတို့နှင့် သက်ဆိုင်သောကြောင့် အများဆိုင် သာမညလက္ခဏာ မည်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ပကတိသော ဝင်သက်လေ-ထွက်သက်လေ အဝင်အပါဖြစ်သော ယင်းအာနာပါနနိမိတ် အားလုံးကို သာမညလက္ခဏာအားဖြင့်လည်း နှလုံးမသွင်းပါနှင့်။ အနိစ္စဟု ဒုက္ခဟု အနတ္တဟု လက္ခဏာရေး သုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာ မရှုပွား မသုံးသပ်ပါနှင့်။ အကြောင်းမူ ဝိပဿနာဟူသည် ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရသော ပရမတ်သင်္ခါရတရားတို့ကိုသာလျှင် လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ရှုပွားသုံးသပ်ရသော လုပ်ငန်းခွင် ဖြစ်၏၊ ပကတိသော ဝင်သက်လေ-ထွက်သက်လေ အဝင်အပါ ယင်း အာနာပါနနိမိတ်အားလုံးတို့သည်ကား သမူဟပညတ် သဏ္ဌာနပညတ်စသော ပညတ်မစင်သေးသည့် ပညတ် အတုံးအခဲတို့သာ ဖြစ်ကြသေး၏၊ ပညတ်တရားတို့မည်သည်မှာ ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ မဟုတ် ဖြစ်ကြ၏၊ ထို့ကြောင့် ယင်းနိမိတ်တို့၌ သာမညလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။[မှတ်စု ၇]

ထို့ကြောင့် ပကတိသော ဝင်သက်လေ-ထွက်သက်လေကို အာရုံပြု၍ “ဝင်လေ ဖြစ်-ပျက် အနိစ္စ, ထွက်လေ ဖြစ်-ပျက် အနိစ္စ” .. ဟု မရှုပါနှင့်။ ဃန ဟူသည့် ရုပ်အတုံးအခဲ မပြိုသေးသော ပကတိသော ဝင်သက်လေထွက်သက်လေကား ပညတ်သာတည်း။

ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းကို အောင်မြင်စွာ ရှုပွားနိုင်သောအခါ စိတ်ကြောင့် ဖြစ်သည့် ပကတိသော ဝင်သက်လေ-ထွက်သက်လေဟူသော အဿာသ-ပဿာသကောဋ္ဌာသ၌ ဓာတ်ကြီး (၄)ပါးကို ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုပါ။ သမာဓိစွမ်းအင် ပြည့်ဝလာသောအခါ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိမည် ဖြစ်သည်။ ယင်း ရုပ်ကလာပ်တို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုလိုက်ပါက ရုပ်ကလာပ် တစ်မှုန်တစ်မှုန်၌ ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ သဒ္ဒ (အသက်ရှူသံ)ဟု (၉)မျိုးသော ရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်မည် ဖြစ်သည်။[မှတ်စု ၈] ယင်း (၉)မျိုးသော ရုပ်တရားတို့ကား လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုကောင်းသော ရုပ်တရားတို့ ဖြစ်ကြ၏၊ ပရမတ္ထရုပ်တရားတို့ ဖြစ်ကြ၏၊ ယင်းပရမတ္ထ ရုပ်တရားတို့ကို မသိမ်းဆည်းနိုင်ဘဲ, ဉာဏ်ဖြင့် ပိုင်းခြား မယူနိုင်ဘဲ, မသိမမြင်ဘဲ ပကတိသော ဝင်သက်လေ-ထွက်သက်လေ အဝင်အပါ ယင်းအာနာပါနနိမိတ် အားလုံးကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုပါက တကယ့်ဝိပဿနာအစစ် မဟုတ်ဟု မှတ်သားပါလေ။

ရေတွက်ခြင်း = ဂဏနာနည်း

ပကတိသော ဝင်သက်လေ ထွက်သက်လေကို ထိမှုထင်ရှားရာ နှာသီးဖျား (တစ်ပေါက်ပေါက်)၊ သို့မဟုတ် အထက်နှုတ်ခမ်းဟူသော အရပ်က စောင့်၍ “ဝင်လေ-ထွက်လေ”ဟု ရှုကြည့်ပါ။ မမှတ်ဘဲနေနိုင်ပါက မမှတ်ပါနှင့်၊ ဝင်လေ-ထွက်လေအာရုံ၌ သတိမြဲအောင်သာ စိုက်ရှုနေပါ၊ စိုက်ကြည့်နေပါ။ အကယ်၍ မမှတ်ဘဲ မနေနိုင်ပါက “ဝင်လေ-ထွက်လေ”ဟုသာ မှတ်နေပါ။

ထိုသို့ရှုရာ၌ ထိမှုသက်သက်ကိုလည်း မရှုပါနှင့်၊ ထိမှု ထင်ရှားသည့်နေရာ၏ အတွင်းဘက်သို့ ဝင်သွားသောလေ အပြင်ဘက်သို့ ထွက်သွားသော လေတို့ကိုလည်း လိုက်မရှုပါနှင့်၊ ထိမှုထင်ရှားရာနေရာက စောင့်၍ “ဝင်လေထွက်လေ”ကိုသာ ရှုပါ။ ထိမှုသက်သက်ကို ရှုခြင်းမှာ ကမ္မဋ္ဌာန်းတစ်မျိုး ဖြစ်၏၊ ဓာတ်ကမ္မဋ္ဌာန်းနှင့် နွယ်၏၊ ထိသည့် လေကို ရှုခြင်းသည်သာလျှင် အာနာပါနကမ္မဋ္ဌာန်း ဖြစ်ပေသည်။ ထိနေသည့် ဝင်လေ-ထွက်လေကိုသာလျှင် ထိသည့် နေရာက စောင့်၍ သတိကြီးစွာဖြင့် ရှုနေပါ၊ သိမ်းဆည်းနေပါ။ ထိုသို့ ရှုရာ၌ ဝင်သက်လေ-ထွက်သက်လေအာရုံ၌ ဘာဝနာစိတ်သည် နာရီဝက် တစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေသော် ကောင်း၏၊ ထိုင်တိုင်း ထိုင်တိုင်း တစ်နာရီခန့် ဝင်သက်လေ-ထွက်သက်လေအာရုံ၌ ဘာဝနာစိတ်သည် အမြဲတမ်း ကပ်၍ တည်နေသော် ဒီဃ-ရသ (= အရှည်-အတို)သို့ ပြောင်းနိုင်ပြီ။

အကယ်၍ ဝင်သက်လေ-ထွက်သက်လေအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ မတည်ခဲ့သော်, စိတ်ပျံ့လွင့်မှု များခဲ့သော် အဋ္ဌကထာကြီး[မှတ်စု ၉]တို့၌ ညွှန်ကြားထားသည့်အတိုင်း ရေတွက်သည့်နည်းကို အသုံးပြုပါ။

၁။ “ဝင်လေ-ထွက်လေ” တစ် (၁)
၂။ “ဝင်လေ-ထွက်လေ” နှစ် (၂)
၃။ “ဝင်လေ-ထွက်လေ” သုံး (၃)
၄။ “ဝင်လေ-ထွက်လေ” လေး (၄)
၅။ “ဝင်လေ-ထွက်လေ” ငါး (၅)
၆။ “ဝင်လေ-ထွက်လေ” ခြောက် (၆)
၇။ “ဝင်လေ-ထွက်လေ” ခုနစ် (၇)
၈။ “ဝင်လေ-ထွက်လေ” ရှစ် (၈)

ဤသို့ ရေတွက်ပါ။ (၁)မှ (၈)အထိ စိတ်ကို အပြင်အာရုံအမျိုးမျိုးသို့ မထွက်စေဘဲ ဝင်လေ-ထွက်လေအာရုံ၌သာ ငြိမ်ဝပ်စွာ ကပ်တည်နေအောင် စိတ်ကို ခပ်တင်းတင်း ထား၍ ရှုပါ။ ထိုသို့ ရေတွက်ရာ၌ (၁)မှ (၅)အထိလည်း ရေတွက်နိုင်၏၊ (၁)မှ (၁၀)အထိလည်း ရေတွက်နိုင်၏၊ (၅)ထက် မလျော့ပါစေနှင့်၊ (၁၀)ထက်လည်း မပိုပါစေနှင့်၊ (၅)နှင့် (၁၀) အကြား မိမိနှစ်ခြိုက်သည့်နေရာတွင် ရပ်နိုင်သည်။

ထိုသို့ ရေတွက်ရာ၌ ရေတွက်ခြင်း ဂဏနာနည်း၏ အစွမ်းဖြင့် ဘာဝနာစိတ်သည် ဝင်သက်လေ-ထွက်သက်လေ အာရုံ၌ တစ်စတစ်စ တဖြည်းဖြည်း ငြိမ်ဝပ်စွာ ကပ်၍ တည်လာလိမ့်မည်။ နာရီဝက်ခန့် တစ်နာရီခန့် ထိုင်တိုင်း ထိုင်တိုင်း ငြိမ်ဝပ်စွာကပ်၍ တည်လာသော် ရေတွက်သည့် ဂဏနာနည်းကို လွှတ်လိုက်၍ “ဝင်လေ-ထွက်လေ”ဟုပင် ဆက်ရှုကြည့်ပါ။ ဘာဝနာစိတ်သည် ဝင်လေ-ထွက်လေအာရုံ၌ နာရီဝက် ငြိမ်ပါစေ၊ တစ်နာရီ ငြိမ်ပါစေ စသည်ဖြင့်လည်း အဓိဋ္ဌာန်ပြု၍ ထိုင်ကြည့်ပါ။ အောင်မြင်မှုရခဲ့သော် အရှည်-အတို ရှုကွက်ကို ပြောင်းရှုနိုင်ပြီ။ သို့သော် ဤအပိုင်းတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည့် ယောဂီများလည်း ရှိကြပေသည်။ ထိုယောဂီများမှာ အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်ရာ၌ နှစ်ပတ် သုံးပတ်အတွင်းတွင် ခိုင်မြဲသော သမာဓိကို မရရှိဘဲ အချိန်ကြာမြင့်စွာ အာနာပါနကမ္မဋ္ဌာန်းကို ဆက်လက်ကြိုးပမ်းနေကြရသူများ ဖြစ်ကြ၏၊

အခက်အခဲ (၄) ရပ်

၁။ နှာခေါင်းအတွင်း (= နှာတံအတွင်း) သို့ ဝင်လေ-ထွက်လေကို လိုက်ရှုမိခြင်း – ထိုယောဂီပုဂ္ဂိုလ်သည်ကား ဝင်သက်လေ-ထွက်သက်လေကို ရှုရာ၌ ဝင်သက်လေ-ထွက်သက်လေ၏ ထင်ရှားမှုကို အလိုရှိနေ၏၊ သို့အတွက် နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဝန်းကျင်တွင် ဝင်သက်လေ-ထွက်သက်လေက အလွန်ကြီး မထင်ရှားသဖြင့် သိမ်မွေ့နေသဖြင့် ဝင်သက်လေ-ထွက်သက်လေ ထင်ရှားမည်ဟု ယူဆရသော နှာခေါင်းအတွင်း (= နှာတံအတွင်း)သို့ လိုက်ကာ ယင်းဝင်သက်လေ-ထွက်သက်လေကို ရှုနေ၏၊ သို့သော် နှာခေါင်းအတွင်း (= နှာတံအတွင်း)၌ကား ဝင်သက်လေ-ထွက်သက်လေ၌ တည်ရှိသော ဝါယောဓာတ်၏ တွန်းကန်မှုသဘောက ပို၍ ထင်ရှားနေတတ်၏၊ ယင်းတွန်းကန်မှုသဘောကိုပင် အာရုံယူကာ ဝင်သက်လေ-ထွက်သက်လေဟု ရှုနေတတ်၏၊ တစ်နည်းဆိုရသော် ယင်းတွန်းကန်မှုသဘောကိုပင် ဝင်သက်လေ-ထွက်သက်လေ ပြုလုပ်ကာ ရှုနေတတ်၏၊ တွန်းကန်မှုသဘောကို ရှုဖန် များလာပါက ယင်းတွန်းကန်မှုသဘောနှင့် တွဲ၍ ပထဝီဓာတ်၏ မာမှုသဘောလည်း ထင်ရှားလာတတ်၏၊ ယင်း တွန်းကန်မှုသဘောနှင့် မာမှုသဘောကိုပင် ဝင်လေ-ထွက်လေ ပြုလုပ်ကာ ဆက်လက်၍ ရှုနေခဲ့သော် အာပေါဓာတ်၏ ဖွဲ့စည်းမှုသဘော၊ တေဇောဓာတ်၏ ပူမှု-အေးမှုသဘောတို့သည်လည်း ထင်ရှားလာတတ်ပြန်၏၊ ယင်းမာမှုသဘောကား ပထဝီဓာတ်တည်း၊ ဖွဲ့စည်းမှု သဘောကား အာပေါဓာတ်တည်း၊ ပူမှု-အေးမှု သဘောကား တေဇောဓာတ်တည်း၊ တွန်းကန်မှုသဘောကား ဝါယောဓာတ်တည်း၊ ဤသို့လျှင် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာများ ထင်ရှား ဖြစ်ပေါ်လာကြ၏၊

အာနာပါနကမ္မဋ္ဌာန်းကို ရှုနေရာမှ ဓာတ်ကမ္မဋ္ဌာန်းဘက်သို့ အာရုံပြောင်းသွား၏၊ သို့သော် ယောဂီပုဂ္ဂိုလ်က ဗဟုဿုတ နည်းပါးသဖြင့် အာနာပါနကမ္မဋ္ဌာန်းကို ရှုနေသည်ဟု ယူဆကာ ဆက်လက်၍ ဓာတ်ကြီးလေးပါးကိုပင် အာရုံယူကာ ရှုပွားနေခဲ့သော် တွန်းမှု မာမှု ဖွဲ့စည်းမှုတို့က တစ်စတစ်စ အားကောင်းလာသဖြင့် နှာခေါင်းပတ်ဝန်းကျင်၌ တင်းမာမှုသဘောတရားများကား တဖြည်းဖြည်း ပို၍ ပို၍ အားကောင်းလာတတ်ပေသည်။ ဆက်လက်ကာ ရှုဖန် များလာသောအခါ မျက်နှာတစ်ခုလုံး နှာခေါင်းတစ်ခုလုံး တင်းကျပ်ပြီး ခဲလာတတ်၏၊ တစ်ဖန် ဆက်လက်ကာ ရှုဖန်များလာသောအခါ အချို့ယောဂီများမှာ မျက်စိမှိတ်လိုက်ရုံဖြင့် ဦးခေါင်းကြီး တစ်ခုလုံး ခဲမာနေတတ်ပေသည်။ ထိုအခါ၌ တရားထိုင်ရမှာကိုပင် ကြောက်ရွံ့သလို ဖြစ်လာတတ်ပေသည်။

ဤအရာ၌ ဓာတ်ကမ္မဋ္ဌာန်းကို စနစ်တကျ မရှုတတ်ခြင်း၏ အပြစ်ကို သတိပြုသင့်ပေသည်။ ဓာတ်ကမ္မဋ္ဌာန်းကို ရှုရာ၌ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၁၀]က – သကလမ္ပိ အတ္တနော ရူပကာယံ အာဝဇ္ဇေတွာ .. မိမိ၏ ရူပကာယတစ်ခုလုံး၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအသီးအသီးကို ဉာဏ်ဖြင့် ဆင်ခြင်ကာ ရှုပွားသုံးသပ်ရမည်ဟု ညွှန်ပြထားတော်မူ၏၊ နှာခေါင်းအတွင်း (= နှာတံအတွင်း)၌သာ ဓာတ်ကြီးလေးပါးကို စိုက်ရှုနေရမည်ဟု မညွှန်ကြားပေ။ ထိုယောဂီကား ဤစည်းကမ်းသတ်မှတ်ချက်ကိုလည်း မလိုက်နာ ဖြစ်နေ၏၊

တစ်ဖန် ဓာတ်ကမ္မဋ္ဌာန်းကို ရှုရာ၌ ပထဝီဓာတ်ဝယ် မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့ဟု သဘောတရား (၆)ခု၊ အာပေါဓာတ်ဝယ် ယိုစီး-ဖွဲ့စည်းဟု သဘောတရား (၂)ခု၊ တေဇောဓာတ်ဝယ် ပူမှု-အေးမှုဟု သဘောတရား (၂)ခု၊ ဝါယောဓာတ်ဝယ် ထောက်ကန်မှု-တွန်းကန်မှုဟု သဘောတရား (၂)ခု၊ အားလုံးပေါင်းသော် သဘောတရား (၁၂)ခုရှိရာ ယင်းသဘောတရားတို့ကို ခြေဆုံး ခေါင်းဆုံး တစ်ခုပြီးတစ်ခု သိအောင် မြင်အောင် ရှုရမည်၊ ဓာတ်သဘောတရား များကိုလည်း ညီမျှသွားအောင် ရှုရမည်ဟူသော ဤစည်းကမ်းသတ်မှတ်ချက်ကိုလည်း ထိုယောဂီပုဂ္ဂိုလ်က မလိုက်နာ ဖြစ်ခဲ့ပြန်၏၊ ရှုကွက်အပြည့်အစုံကို ရုပ်ကမ္မဋ္ဌာန်းပိုင်း[မှတ်စု ၁၁]တွင် ကြည့်ပါ။

ဤကဲ့သို့သော စည်းကမ်းသတ်မှတ်ချက်များကို မလိုက်နာဘဲ ဓာတ်ကမ္မဋ္ဌာန်းကို အာနာပါနကမ္မဋ္ဌာန်း ပြုလုပ်ကာ ရှုပွားနေသည့်အတွက် ဤကဲ့သို့သော အခက်အခဲများနှင့် ကြုံတွေ့ရခြင်း ဖြစ်ပေသည်။ သို့အတွက် ဝင်သက်လေထွက်သက်လေ မထင်ရှားသောအခါ နှာခေါင်းအတွင်း (= နှာတံအတွင်း)သို့ လိုက်၍ မကြည့်ပါနှင့်။

၂။ ထိမှုထင်ရှားရာနေရာ၌ တည်ရှိသည့် အရေပြားအတွင်းသို့ စိုက်ရှုမိခြင်း – ဤယောဂီကား ဝင်သက်လေထွက်သက်လေ၏ ထိမှုသက်သက်ကိုသာ စိုက်ရှုနေသူမျိုး ဖြစ်တတ်၏၊ ဝင်သက်လေ-ထွက်သက်လေ၏ ထိမှု ထင်ရှားသည့်နေရာ၌ တည်ရှိသည့် ဝင်သက်လေ-ထွက်သက်လေကို မရှုဘဲ ထိမှုသက်သက်ကိုသာ ရှုဖန်များလာသော အခါ ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားသည့် အရေပြားအတွင်းသို့ တဖြည်းဖြည်း စိုက်ရှုမိနေတတ်၏၊ ထိုသို့ ရှုဖန်များလာသောအခါ အရေပြားအတွင်း၌ တည်ရှိသော ဝါယောဓာတ်၏ တွန်းကန် လှုပ်ရှားမှုသဘော ပထဝီဓာတ်၏ မာမှုသဘော၊ အာပေါဓာတ်၏ ဖွဲ့စည်းမှုသဘော၊ တေဇောဓာတ်၏ ပူမှု-အေးမှုသဘောတည်းဟူသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံပေါ်သို့ စိတ်ရောက်ရှိသွားတတ်၏၊ ထိုအခါ အထက်က တင်ပြခဲ့သည့် အတိုင်း အာနာပါနကို ရှုရာမှ ဓာတ်ကမ္မဋ္ဌာန်းကို ရှုမိလျက်သား ဖြစ်နေတတ်၏၊ ရှုဖန်များလာသောအခါ အထက်တွင် တင်ပြထားသကဲ့သို့ပင် မျက်နှာတစ်ခုလုံး ဦးခေါင်းတစ်ခုလုံး တဖြည်းဖြည်း တင်းမာလာကာ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရတတ်ပေသည်။ ထိုကြောင့် အာနာပါနကို ရှုရာ၌ ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားရာနေရာ၌ တည်ရှိသည့် အရေပြားအတွင်းသို့ စိုက်မရှုပါနှင့်။ ယင်းအရေပြား၏ အထက်ဝယ် နှမ်းစေ့တစ်ထောက်ခန့် သို့မဟုတ် စပါးလုံးတစ်ထောက်ခန့် အကွာတွင် တည်ရှိနေသည့် ဝင်သက်လေ-ထွက်သက်လေကိုသာ စိုက်ရှုနေပါ။

၃။ သွားနှစ်ခုကို ဖိမိခြင်း ––- အာနာပါနကို ရှုရာ၌ ဝင်သက်လေ-ထွက်သက်လေက အလွန့်အလွန် သိမ်မွေ့ လာသောအခါ ထိုသိမ်မွေ့သော ဝင်သက်လေ-ထွက်သက်လေကိုပင် အလွန့်အလွန် စူးစူးစိုက်စိုက် ရှုဖန်များလာသော အခါ အထက်သွား အောက်သွားဟူသည့် သွားနှစ်ခုကို မသိမသာ ဖိမိတတ်၏၊ ထိုအခါတွင်လည်း ဝါယောဓာတ်၏ တွန်းကန်မှုသဘောက စ၍ ထင်ရှားလာတတ်၏၊ ရှုဖန်များလာသောအခါ မာမှုသဘော ဖွဲ့စည်းမှုသဘော ပူမှုအေးမှုသဘော တွန်းကန်မှုသဘောတည်းဟူသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာများ တစ်စတစ်စ ထင်ရှားလာကာ အာနာပါနကို ရှုနေရာမှ ဓာတ်ကမ္မဋ္ဌာန်းဘက်သို့ အာရုံပြောင်းသွားတတ်၏၊ ထိုအခါတွင်လည်း အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း မျက်နှာတစ်ခုလုံး ဦးခေါင်းတစ်ခုလုံး တင်းမာခဲလာကာ အခက်အခဲ များစွာနှင့် ရင်ဆိုင်နေရတတ်ပေသည်။ ထိုကြောင့် အာနာပါနကို ရှုရာ၌ သွားနှစ်ခုကို ထိပြီးမထားဘဲ အနည်းငယ် ခွာထားပါ။

၄။ မျက်စိဖြင့် ဝင်သက်လေ-ထွက်သက်လေကို စိုက်ကြည့်နေမိခြင်း ––- အာနာပါနကို ရှုရာ၌ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းအရပ်တည်းဟူသော ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားရာ အရပ်၌ တည်ရှိသော ဝင်သက်လေ-ထွက်သက်လေကို စိုက်ရှုရာဝယ် စိတ်ဖြင့်သာ စိုက်ရှုပါ၊ မျက်စိကို အသုံးမပြုပါနှင့်။ အကယ်၍ မျက်စိကို အသုံးပြုခဲ့သော် မျက်စိဖြင့် ယင်းဝင်သက်လေ-ထွက်သက်လေကို စိုက်ကြည့်နေခဲ့သော် ကြည့်ဖန်များလာသောအခါ မျက်စိပတ်ဝန်းကျင်တွင် တင်းမာကာ ခဲလာတတ်၏၊ ရှုဖန်များလာသောအခါ မျက်စိပတ်ဝန်းကျင်တွင်သာမက ဦးခေါင်း တစ်ခုလုံး တင်းမာကာ ခဲလာတတ်၏၊ ဓာတ်ကြီးလေးပါးတို့တွင် ဝါယောဓာတ်၏ တွန်းကန်မှုသဘောလက္ခဏာ ပထဝီဓာတ်၏ မာမှုသဘောလက္ခဏာ အာပေါဓာတ်၏ ဖွဲ့စည်းမှုသဘောလက္ခဏာတို့ လွန်ကဲလာခြင်း ဖြစ်၏၊

အထူးသဖြင့် ပကတိသော ဝင်သက်လေ-ထွက်သက်လေကို စိုက်ရှုရာက သမာဓိအလွန်အားကောင်းလာသော အခါ နိမိတ်ပေါ်လာတတ်၏၊ ယင်းနိမိတ်ကို မျက်စိဖြင့် စိုက်ကြည့်ဖန်များလာသောအခါ၌လည်း နိမိတ်ကလည်း ကြည်လင်တောက်ပလာသောအခါ ယင်းကြည်လင်တောက်ပနေသော နိမိတ်၏ အရောင်အလင်းတို့က မျက်စိကို အဆက်မပြတ် ရိုက်ခတ်နေသဖြင့် မျက်ရည်များကျကာ သမာဓိမှာ တဖြည်းဖြည်း လျှောကျသွားတတ်၏၊ ထိုသို့ ရှုဖန်များလာသောအခါ မျက်လုံးအိမ်ပတ်ဝန်းကျင်တွင် မာမှု ဖွဲ့စည်းမှု တွန်းကန်မှု စသည့် ဓာတ်သဘာဝတို့ လွန်ကဲလာကာ တဖြည်းဖြည်း သမာဓိမှာ လျှောကျသွားတတ်ပေသည်။ တစ်ဖန် အချို့ယောဂီများ၌ မျက်မှောင် နှစ်ခုတို့၏ အကြားဝယ် စိုက်ရှုတတ်သည့် အလေ့အကျင့်ကြောင့် ယင်းမျက်မှောင်နှစ်ခုအကြားတွင် အလင်းရောင် အစိုင်အခဲ စတင်ပေါ်လာတတ်၏၊ အဆင့် ကြားဖူးထားသည့် စကားအရ ယင်းနေရာ၌ နိမိတ်ပေါ်မှုကိုလည်း ယောဂီပုဂ္ဂိုလ်က အလိုရှိနေ၏၊ ထိုအခါတွင် ထိုအလင်းရောင် အစိုင်အခဲကိုပင် အာနာပါနနိမိတ်ပြုလုပ်ကာ စိုက်ရှုဖန် များလာသောအခါ ယင်းအလင်းရောင် အစိုင်အခဲတို့က မျက်လုံးအိမ်နှစ်ခုအတွင်းသို့ ရိုက်ခတ်လာသောအခါ မျက်ရည်များ ကျကာ သမာဓိမှာ တဖြည်းဖြည်း လျှောကျသွားတတ်၏၊ စျာန်သို့ကား မည်သို့မျှ မကူးတက်နိုင်။ မျက်မှောင်နှစ်ခုအကြားတွင် ပေါ်လာသည့် အလင်းရောင် အစိုင်အခဲကို တတိယမျက်လုံးဟု အချို့အယူဝါဒများက သင်ပြလျက် ရှိကြ၏၊ ထိုသင်ကြားချက်ကို အဆင့်ကြားဖူး၍ဖြစ်စေ တိုက်ရိုက်ကြားဖူး၍ဖြစ်စေ ထိုတတိယမျက်လုံး ဟူသော အယူဝါဒကို နှစ်ခြိုက်သဘောကျသဖြင့် လိုက်နာပြုကျင့်ကြခြင်း ဖြစ်ပေသည်။

သို့သော် ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းအရပ်၌သာ ဝင်သက်လေ-ထွက်သက်လေကို သတိကပ်ကာ ရှုပွားသုံးသပ်နိုင်ပါမှ အာနာပါနဿတိသမာဓိဘာဝနာသည် စျာန်ရသည်အထိ ပြီးစီးပြည့်စုံနိုင်၏ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၁၂]၏ အဆိုအမိန့်ကိုကား စျာန်ကို အလိုရှိသူတိုင်း အထူး အလေးဂရုပြုကာ ရိုသေစွာ လိုက်နာပြုကျင့်သင့်လှပေသည်။

ဤအခက်အခဲ (၄)ရပ်ကို ကျော်လွှားလွန်မြောက်ပြီးနောက် ဝင်သက်လေ-ထွက်သက်လေအာရုံ၌ သတိ ခိုင်မြဲလာသောအခါ အရှည်-အတို ကျင့်စဉ်ကို ဆက်လက်ပြုကျင့်သင့်ပေသည်။

၁။ အရှည် - ၂။ အတို

အာနာပါန ပထမစတုက္က ကျင့်စဉ်၌ ဝင်သက်လေ-ထွက်သက်လေကို အာရုံယူ၍ သမာဓိကို ထူထောင်ရာဝယ် ပကတိသော ဝင်သက်လေ-ထွက်သက်လေ၏ ..

၁။ ဒီဃ= အရှည်ကို သိအောင် ကြိုးစားအားထုတ်ခြင်း၊
၂။ ရဿ = အတိုကို သိအောင် ကြိုးစားအားထုတ်ခြင်း၊
၃။ သဗ္ဗကာယ = ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကြိုးစားအားထုတ်ခြင်း၊
၄။ ပဿမ္ဘယ= ဝင်သက်လေ-ထွက်သက်လေကို ငြိမ်အောင် ငြိမ်းအောင် ကျင့်ခြင်း –
ဤသို့ အဆင့် (၄)ဆင့် ရှိပေသည်။ ထိုတွင် အရှည်-အတို ကျင့်စဉ်ကို ဘုရားရှင်သည် ဤသို့ ဟောကြားထားတော် မူခဲ့၏၊

၁။ ရှည်စွာမူလည်း ဝင်သက်လေကို ရှူသွင်းခဲ့သည်ရှိသော် “ရှည်စွာ ဝင်သက်လေကို ရှူသွင်း၏”ဟု ကွဲကွဲပြားပြား သိ၏၊ ရှည်စွာမူလည်း ထွက်သက်လေကို ရှူထုတ်ခဲ့သည်ရှိသော် “ရှည်စွာ ထွက်သက်လေကို ရှူထုတ်၏”ဟု ကွဲကွဲပြားပြား သိ၏၊

၂။ တိုစွာမူလည်း ဝင်သက်လေကို ရှူသွင်းခဲ့သည်ရှိသော် “တိုစွာ ဝင်သက်လေကို ရှူသွင်း၏”ဟု ကွဲကွဲပြားပြား သိ၏၊ တိုစွာမူလည်း ထွက်သက်လေကို ရှူထုတ်ခဲ့သည်ရှိသော် “တိုစွာ ထွက်သက်လေကို ရှူထုတ်၏”ဟု ကွဲကွဲပြားပြား သိ၏၊[မှတ်စု ၁၃]

ဤအရာတွင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၁၄]နှင့် မဟာဋီကာ[မှတ်စု ၁၅]တို့က –– “အချိန်ကာလ ခပ်ကြာကြာ ဖြစ်နေသော ဝင်သက်လေ-ထွက်သက်လေကို ‘အရှည်’ဟုလည်းကောင်း, အချိန်ကာလ ခပ်တိုတို ဖြစ်နေသော ဝင်သက်လေထွက်သက်လေကို ‘အတို’ဟုလည်းကောင်း သိရှိပါ”ဟု ညွှန်ကြားထား၏၊

ထို “အရှည်-အတို”ကို ရှုရာ၌ ဝင်လေ-ထွက်လေကို သက်သက်ရှည်အောင် သက်သက်တိုအောင် မကြိုးစားပါနှင့်၊ ပုံမှန် ရှူနေကျအတိုင်းသာ ရှူပါ၊ သဘာဝအတိုင်း ရှူမြဲတိုင်းသာ ရှူပါ၊ သက်သက် ပြုပြင်နေပါက ပြုပြင်နေရသည့် ဝီရိယ လွန်ကဲသွားသဖြင့် သမာဓိပျက်ပြယ်သွားတတ်သည်။

ရှေးဦးစွာ ဝင်သက်လေ-ထွက်သက်လေအာရုံ၌ ရေတွက်သည့်နည်းဖြင့်ဖြစ်စေ မရေတွက်ဘဲဖြစ်စေ သတိ မြဲအောင် စိတ်ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ။ ထိုသို့ ငြိမ်ဝပ်စွာ ကပ်၍ တည်လာသောအခါမှ ရှည်လျှင် ရှည်သည့်အတိုင်း သိအောင်ကြိုးစားပါ၊ တိုလျှင် တိုသည့်အတိုင်း သိအောင်ကြိုးစားပါ။ “အရှည် အတို”ဟုလည်း မမှတ်ပါနှင့်၊ မမှတ်ဘဲ မနေနိုင်ပါက “ဝင်လေ-ထွက်လေ”ဟုသာ မှတ်ပါ။ ရှည်မှု-တိုမှုကို ကွဲကွဲပြားပြား သိနေလျှင် လုံလောက်ပေပြီ၊ တစ်နည်းဆိုရသော် ဝင်သက်လေ-ထွက်သက်လေမှာ ရှည်သည်ဖြစ်စေ တိုသည်ဖြစ်စေ ယင်း ဝင်သက်လေ-ထွက်သက်လေကို မပြတ်တရစပ် တောက်လျှောက် သိနေလျှင် လုံလောက်ပေပြီ။ မည်၍မည်မျှ ရှည်သည် မည်၍မည်မျှ တိုသည်ဟုလည်း မဆန်းစစ်ပါနှင့်၊ ဝေဖန်ဆန်းစစ်မှု (= ဓမ္မဝိစယသမ္ဗောဇ္ဈင်) က လွန်ကဲသွားလျှင်လည်း သမာဓိမှာ ပျက်ပြယ်သွားတတ်ပြန်သည်။

ဝင်သက်လေ-ထွက်သက်လေ၏ “အရှည်-အတို” အာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ။ ထိုသို့ ရှုရာ၌ ဝင်လေ-ထွက်လေမှာ တစ်ထိုင်လုံး ရှည်နေလျှင် သို့မဟုတ် တစ်ထိုင်လုံး တိုနေလျှင်လည်း အပြစ်မဖြစ်ပါ။ သို့သော် တစ်ခါ အသက်ရှူမှုနှင့် တစ်ခါ အသက်ရှူမှုတို့မှာ များသောအားဖြင့် တူညီမှု အမြဲတမ်း မရှိနိုင်ပေ၊ နှေးချင်လည်း နှေးနေတတ်၏၊ မြန်ချင်လည်း မြန်နေတတ်၏၊ စိတ်ကို အေးအေးထား၍ ရှူမြဲတိုင်း သဘာဝအတိုင်းသာ ရှူနေပါ။

အထူးသတိပြုရန် အချက်တစ်ရပ်

ထိုသို့ရှုရာ၌ ဝင်လေမှာ ရှည်၍ ထွက်လေမှာ တိုခဲ့သော် ကြာလျှင် ခန္ဓာကိုယ်သည် နောက်သို့ လန်သွားတတ်၏၊ ထွက်လေမှာ ရှည်၍ ဝင်လေမှာ တိုခဲ့သော် ခန္ဓာကိုယ်မှာ ရှေ့သို့ ကိုင်းလာတတ်၏၊ ထိုကြောင့် ဝင်လေ-ထွက်လေကို ညီမျှအောင် ရှူခြင်းက သမာဓိကို များစွာ အထောက်အကူ ပြုပေသည်။ ရှည်လျှင်လည်း ညီမျှပါစေ၊ တိုလျှင်လည်း ညီမျှပါစေ။ ထိုအရှည်အတို အာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်သည် ထိုင်တိုင်း ထိုင်တိုင်း ကပ်၍ တည်နေခဲ့သော် ဤအပိုင်းတွင်လည်း ပရိကမ္မနိမိတ် သို့မဟုတ် ဥဂ္ဂဟနိမိတ်တို့ စတင်ကာ ဖြစ်ပေါ်လာတတ်ပါသည်။ သို့သော် လုပ်ငန်းခွင်မှာ ဆက်လက်ရှုပွားရန် ရှိနေသေးသဖြင့် နိမိတ်ပေါ်သည်ဖြစ်စေ မပေါ်သည်ဖြစ်စေ နိမိတ်ကို အာရုံမယူသေးဘဲ ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိအောင် ဆက်လက် ကြိုးစားအားထုတ်ပါ။

၃။ သဗ္ဗကာယပဋိသံဝေဒီ

၃။ “ဝင်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး) ကို ထင်ထင်ရှားရှား သိသည်ဖြစ်၍ ဝင်သက်လေကို ရှူသွင်းအံ့”ဟု ကျင့်၏၊ “ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး) ကို ထင်ထင်ရှားရှား သိသည် ဖြစ်၍ ထွက်သက်လေကို ရှူထုတ်အံ့”ဟု ကျင့်၏၊[မှတ်စု ၁၆]

ဝင်သက်လေ-ထွက်သက်လေ၏ အရှည်-အတိုအာရုံ၌ ထိုင်တိုင်းထိုင်တိုင်း ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်လာသော် ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိအောင် ကြိုးစားအားထုတ်ပါ။ ရှေးဦးစွာ ဝင်လေ-ထွက်လေအာရုံ၌ သတိမြဲအောင် ကြိုးစားပါ။ ထို့နောက် အရှည်-အတို အာရုံ၌ သတိမြဲအောင် ကြိုးစားပါ။ အရှည်-အတို အာရုံ၌ သတိမြဲ၍ စည်းစည်းပိုင်ပိုင် သတိကပ်နေသောအခါ ဤ “ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး) ကို ထင်ထင် ရှားရှား သိအောင်” ဆက်လက်ကြိုးစားပါ။

ထိုသို့ ကြိုးပမ်းရာ၌ “ဤကား အစ, ဤကား အလယ်, ဤကား အဆုံး”ဟု လိုက်မမှတ်ပါနှင့်၊ သမာဓိ ပျက်ပြယ်သွားတတ်သည်။ မမှတ်ဘဲ မနေနိုင်သော် “ဝင်လေ-ထွက်လေ”ဟုသာ မှတ်ပါ။ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင်သာ ကြိုးစားပါ။ သိနေပါက လုံလောက်ပေပြီ။

ယေဘုယျအကြံပေးချက်

ယခုတိုင်အောင် တင်ပြခဲ့သော ဤအာနာပါနကျင့်စဉ်တွင် ဝင်သက်လေ–ထွက်သက်လေ၏ (၁) ရှည်မှု, (၂) တိုမှု, (၃) အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိမှုဟု အဆင့်သုံးဆင့် ရှိသွားပြီ ဖြစ်၏၊ ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး) ကို ထင်ထင်ရှားရှား သိအောင် ရှုနိုင်သော ယောဂါဝစရပုဂ္ဂိုလ်သည် ..

၁။ အသက်ရှူမှုနှေးသဖြင့် ဝင်သက်လေ-ထွက်သက်လေမှာ ရှည်နေလျှင်လည်း ရှည်နေသည့်အတိုင်း ဝင်သက်လေထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး)ကိုသာ ထင်ထင်ရှားရှား သိအောင် ရှုနေပါ။

၂။ အသက်ရှူမှုက မြန်နေသဖြင့် ဝင်သက်လေ-ထွက်သက်လေမှာ တိုနေလျှင်လည်း တိုနေသည့်အတိုင်း ဝင်သက်လေထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး)ကိုသာ ထင်ထင်ရှားရှား သိအောင် ရှုနေပါ။

အဆင့်သုံးဆင့်စလုံးကို တစ်ပေါင်းတည်း ကျင့်နေခြင်းပင် ဖြစ်၏၊ ထိုသို့ ရှုရာ၌ ဤကား - အစ, ဤကား အလယ်, ဤကား - အဆုံးဟုလည်း မမှတ်ပါနှင့်။ ဤကား - အရှည်, ဤကား - အတိုဟုလည်း မမှတ်ပါနှင့်။ မှတ်လိုပါက အဆင့်သုံးဆင့်စလုံးမှာပင် ဝင်လေ-ထွက်လေဟုသာ မှတ်နေပါ။ ရှည်မှု-တိုမှုတို့ကိုလည်း “တကယ် ရှ ည်မှ ရှည်ပါ့မလား? တကယ် တိုမှ တိုပါ့မလား?” စသည်ဖြင့် ဝေဖန် ဆန်းစစ်မှု မပြုပါနှင့်။ ထိုသို့ ဝေဖန်ဆန်းစစ်နေသည့် ဓမ္မဝိစယသမ္ဗောဇ္ဈင်တရားက လွန်ကဲလာသောအခါ သမာဓိသမ္ဗောဇ္ဈင်တရားက လျော့နည်းသွားတတ်ပေသည်။ အသက်ရှူ မှုက နှေးနေသဖြင့် ရှည်ချင်လည်း ရှည်နေပါစေ၊ အသက်ရှူမှုက မြန်နေသဖြင့် တိုချင်လည်း တိုနေပါစေ၊ ရှည်လျှင်လည်း ရှည်သည့်အတိုင်း, တိုလျှင်လည်း တိုသည့်အတိုင်း အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင် ရှားရှား သိအောင်သာ ရှုနေပါ။ တစ်ထိုင်လုံး အသက်ရှူ မှုက နှေးနေသဖြင့် ရှည်နေလျှင်လည်း ရှည်နေသည့်အတိုင်း အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိနေအောင်သာ ဆက်လက် ကြိုးစားနေပါ။ အသက်ရှူ မှု မြန်လာအောင် တိုသွားအောင် မကြိုးစားပါနှင့်၊ သဘာဝအတိုင်းသာ ရှူနေပါ။ တစ်ထိုင်လုံး အသက်ရှူ မှုက မြန်နေ သဖြင့် တိုနေလျှင်လည်း တိုနေသည့်အတိုင်း အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိနေအောင်သာ ဆက်လက်ကြိုးစားပါ။ အသက်ရှူ မှု နှေးသွားအောင် ရှည်သွားအောင် မကြိုးစားပါနှင့်။ တစ်ထိုင်လုံး အသက်ရှူမှုက ပုံမှန် နှေးနေသဖြင့် ရှည်နေလျှင်လည်း အပြစ်မဖြစ်ပါ။ တစ်ထိုင်လုံး အသက်ရှူမှုက ပုံမှန် မြန်နေသဖြင့် တိုနေလျှင်လည်း အပြစ်မဖြစ်ပါ။ သက်သက်ရှည်အောင် သက်သက်တိုအောင် ကြိုးစားနေပါက ထိုသို့ ကြိုးပမ်းနေသည့် ဝီရိယသမ္ဗောဇ္ဈင် တရားက လွန်ကဲနေသဖြင့် သမာဓိသမ္ဗောဇ္ဈင်တရားက လျော့နည်းသွားတတ်ပေသည်။ သမာဓိနှင့် ဝီရိယတို့ ညီမျှမှု ရှိဖို့လည်း လိုအပ်ပေသည်။

သိက္ခတိ = ကျင့်၏ - ဟု ဟောကြားတော်မူခြင်း၏ ဦးတည်ချက်

ဤ တတိယအဆင့်မှစ၍ “ ပဇာနာတိ = ကွဲကွဲပြားပြားသိ၏”ဟု မဟောဘဲ၊ “သိက္ခတိ = ကျင့်၏”ဟု ဘုရားရှင်သည် ဟောကြားထားတော်မူ၏၊ ရည်ရွယ်တော်မူချက်မှာ ဤသို့ ဖြစ်၏၊ –– ထိုဝင်သက်လေ-ထွက်သက်လေအာရုံ၌ အစအလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကြိုးပမ်းလေရာ ကြိုးပမ်းသည့်အတိုင်း အကုန်လုံးကိုလည်း ထင်ထင်ရှားရှား တစ်နာရီ နှစ်နာရီ စသည်ဖြင့် အဆက်မပြတ် ဆက်တိုက် သိနေသောအခါ, ထိုဝင်သက်လေထွက်သက်လေအာရုံ၌ ဘာဝနာစိတ်သည်လည်း ငြိမ်ဝပ်စွာ ကပ်၍ တည်နေသောအခါ ..

၁။ နီဝရဏ ကိလေသာ အညစ်အကြေးတို့ စိတ်အစဉ်သို့ ဝင်ရောက်မလာအောင် စောင့်စည်းမှု သံဝရတရားကား အဓိသီလသိက္ခာ၊ (သတိသံဝရ-ဝီရိယသံဝရ ဟူ၏၊)
၂။ ထိုအကုန်လုံးသော ဝင်သက်လေ-ထွက်သက်လေအာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော သမာဓိကား အဓိစိတ္တသိက္ခာ၊
၃။ ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး) ကို ထင်ထင်ရှားရှား သိနေသော ပညာကား အဓိပညာသိက္ခာ

ဤ သိက္ခာ (၃)ရပ် အကျင့်မြတ်တို့နှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ပါဟု သိစေလို၍ သိက္ခတိ-သဒ္ဒါဖြင့် ဘုရားရှင်သည် ဟောကြားတော်မူခဲ့ပေသည်။[မှတ်စု ၁၇]

ထိမှုထင်ရှားသည့်နေရာကသာ စောင့်၍ အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိအောင် ကြိုးပမ်းပါ။ ထိမှုထင်ရှားရာနေရာမှ အတွင်းဘက်သို့လည်းကောင်း, အပြင်ဘက်သို့လည်းကောင်း ဝင်လေ-ထွက်လေကို လိုက်မကြည့် ပါနှင့်၊ ထိမှုထင်ရှားရာ တစ်နေရာမှသာ စောင့်ကြည့်ပါ။ ထိုသို့ အစ-အလယ်-အဆုံး (= အကုန်လုံး) ကို ထင်ထင်ရှားရှား သိအောင် ကြိုးပမ်းရာ၌ ဝင်သက်လေ-ထွက်သက်လေအာရုံ၌ တစ်နာရီ နှစ်နာရီခန့် ထိုင်တိုင်းထိုင်တိုင်း ငြိမ်ဝပ်စွာ ကပ်၍ တည်လာသော် ထိုဝင်သက်လေ-ထွက်သက်လေကို သိမ်မွေ့ နူးညံ့စေရမည်, ငြိမ်သက်စေရမည်ဟု နှလုံးပိုက်၍ (= နှလုံးသွင်း၍) ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး)ကိုပင် ထင်ထင်ရှားရှား သိအောင် ဆက်လက်၍ ကြိုးပမ်းပါ။ ဝင်သက်လေ-ထွက်သက်လေကို သက်သက်သိမ်မွေ့အောင် မပြုလုပ်ပါနှင့်၊ ထိုသို့ ပြုပြင်မှု ဝီရိယက လွန်ကဲသွားခဲ့သော် သမာဓိသည် ပျက်ပြယ်သွားတတ်သည်။

အနာဂတ်ဝိဘတ်ဖြင့် ဟောကြားတော်မူခြင်း၏ ဦးတည်ချက်

တစ်ဖန် –– ‘ ‘ အဿသိဿာမိ၊ ပဿသိဿာမိ = ဝင်သက်လေကို ရှူသွင်းအံ့၊ ထွက်သက်လေကို ရှူထုတ်အံ့”ဟု အနာဂတ်ဝိဘတ်ဖြင့်လည်း ဟောကြားထားတော်မူပြန်၏၊ အကြောင်းမှာ ဤသို့ဖြစ်၏၊ ဤ တတိယအဆင့်မှ စ၍..

၁။ ဝင်သက်လေ ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိတတ်သောဉာဏ်၊
၂။ ဝင်သက်လေ ထွက်သက်လေ၏ ချုပ်ငြိမ်းမှုကို ထင်ထင်ရှားရှား သိတတ်သောဉာဏ်၊
၃။ ပီတိနှင့်တကွသော စျာန်အင်္ဂါတို့ကို ထင်ထင်ရှားရှား သိတတ်သော ဉာဏ်၊ ပီတိနှင့်တကွသော စျာန်နာမ်တရား တို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ထင်ထင်ရှားရှား ထိုးထွင်းသိတတ်သောဉာဏ်။ ပ။ တေဘူမကသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ထင်ထင်ရှားရှား ထိုးထွင်း သိတတ်သောဉာဏ် –

ဤသို့သော တန်ဖိုးရှိသော ဉာဏ်တို့ကို ဖြစ်ပေါ်လာအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါဟု သိစေလို၍ ဤမှစ၍ အာနာပါနကျင့်စဉ်ကို အနာဂတ်ဝိဘတ်ဖြင့် ဘုရားရှင် ဟောကြားတော်မူသည်။[မှတ်စု ၁၈] အာနာပါနကျင့်စဉ် စတုက္ကလေးခု အပြည့်အစုံကို ဤကျမ်းစာ[မှတ်စု ၁၉]တွင် ကြည့်ပါ၊၊

၄။ ပဿမ္ဘယံ ကာယသင်္ခါရံ

၄။ “ရုန့်ရင်းသော အဿာသ-ပဿာသ ကာယသင်္ခါရတရားကို ငြိမ်းစေလျက် ဝင်သက်လေကို ရှူသွင်းအံ့”ဟု ကျင့်၏၊ “ရုန့်ရင်းသော အဿာသ-ပဿာသ ကာယသင်္ခါရတရားကို ငြိမ်းစေလျက် ထွက်သက်လေကို ရှူထုတ်အံ့”ဟု ကျင့်၏၊[မှတ်စု ၂၀]

ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် ထိုင်တိုင်းထိုင်တိုင်း ဝင်သက်လေ-ထွက်သက်လေအာရုံ၌ ရှေးဦးစွာ သတိမြဲအောင်သာ ကြိုးစားပါ။ သတိမြဲလာသောအခါ ထိုဝင်သက်လေ-ထွက်သက်လေ၏ အရှည်-အတို (အနှေး-အမြန်)ကို သိအောင် ဆက်လက်ကြိုးစားပါ။ ဘာဝနာစိတ်သည် ထိုဝင်သက်လေ-ထွက်သက်လေ၏ အရှည်-အတိုအာရုံ၌ စည်းစည်းပိုင်ပိုင်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်လာသောအခါ ထိုဝင်သက်လေ-ထွက်သက်လေအာရုံ၌ပင်လျှင် ရှည်လျှင်လည်း အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိအောင်, တိုလျှင်လည်း အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိအောင် ဆက်လက်ကြိုးပမ်းပါ။ ထိုသို့ ကြိုးပမ်းရာ၌ ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားသည့်နေရာကသာ စောင့်၍ အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိအောင် ကြိုးပမ်းပါ။ ထိမှုထင်ရှားရာနေရာမှ အတွင်းဘက်သို့လည်းကောင်း, အပြင်ဘက်သို့လည်းကောင်း ဝင်လေ-ထွက်လေကို လိုက်မကြည့် ပါနှင့်၊ ထိမှုထင်ရှားရာ တစ်နေရာမှသာ စောင့်ကြည့်ပါ။ ထိုသို့ အစ-အလယ်-အဆုံး (= အကုန်လုံး) ကို ထင်ထင်ရှားရှား သိအောင် ကြိုးပမ်းရာ၌ ဝင်သက်လေ-ထွက်သက်လေအာရုံ၌ တစ်နာရီ နှစ်နာရီခန့် ထိုင်တိုင်းထိုင်တိုင်း ငြိမ်ဝပ်စွာ ကပ်၍ တည်လာသော် ထိုဝင်သက်လေ-ထွက်သက်လေကို သိမ်မွေ့ နူးညံ့စေရမည်, ငြိမ်သက်စေရမည်ဟု နှလုံးပိုက်၍ (= နှလုံးသွင်း၍) ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး)ကိုပင် ထင်ထင်ရှားရှား သိအောင် ဆက်လက်၍ ကြိုးပမ်းပါ။ ဝင်သက်လေ-ထွက်သက်လေကို သက်သက်သိမ်မွေ့အောင် မပြုလုပ်ပါနှင့်၊ ထိုသို့ ပြုပြင်မှု ဝီရိယက လွန်ကဲသွားခဲ့သော် သမာဓိသည် ပျက်ပြယ်သွားတတ်သည်။

ဤအရာ၌ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၂၁]က ဤသို့ ဖွင့်ဆိုထား၏ ..။

“ရုန့်ရင်းရုန့်ရင်းကုန်သော ကာယသင်္ခါရ အမည်ရသော အဿာသ-ပဿာသ = ဝင်သက်လေ-ထွက်သက်လေ တို့ကို ငြိမ်းစေအံ့” –– ဟု ..

၁။ ရှေးဦးစွာ ဆင်ခြင်ခြင်း (= အာဘောဂ)၊
၂။ စိတ်ကို အဖန်တလဲလဲ ရှေးရှုဆောင်ခြင်း (= သမန္နာဟာရ)၊
၃။ နှလုံးသွင်းခြင်း (= မနသိကာရ)၊
၄။ စူးစမ်းခြင်း (= ပစ္စဝေက္ခဏာ = ဝီမံသာ) - ဟူသော –

ဤဦးတည်ချက်ရှိလျှင် လုံလောက်ပေပြီ၊ အာနာပါနကို သက်သက်သိမ်မွေ့အောင် တမင်ပြုပြင်ပေးနေရပါက ပြုပြင်ပေးနေရသည့် ဝီရိယက လွန်ကဲလာသဖြင့် သမာဓိမှာ ပျက်ပြားသွားတတ်ရုံသာမက စိတ်လည်းပင်ပန်း လူလည်း နွမ်းလာတတ်သည်။ ထို့ကြောင့် အာနာပါနကို သိမ်မွေ့စေရမည် ငြိမ်စေရမည် ငြိမ်းစေရမည်ဟူသော ဦးတည်ချက်ဖြင့်သာ သဘာဝအတိုင်း ရှူမြဲတိုင်းသာ ရှူနေပါ။ ထိုသို့ အားထုတ်ရာ၌ သမာဓိအားကောင်းလာသည်နှင့်အမျှ အာနာပါနလေသည် တဖြည်းဖြည်း သိမ်မွေ့လာတတ်၏၊ ထိုသိမ်မွေ့သောလေ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်သည်ထက် ငြိမ်ဝပ်အောင်, ကပ်သည်ထက်ကပ်နေအောင် စွမ်းအင်ကြီးမားသော သတိ, ဝင်သက်လေ-ထွက်သက်လေကို ထင်ထင် ရှားရှား သိသော သမ္ပဇဉ်ဉာဏ်ဖြင့် စူးစူးစိုက်စိုက် ရှုနေပါ။ ဤအပိုင်း၌ သိမ်မွေ့သောလေကို သိမ်းဆည်းတတ်သော အလွန်အားကောင်းသော သတိ, သိမ်မွေ့သောလေကို ထင်ထင်ရှားရှား သိတတ်သော အလွန်အားကောင်းသော သမ္ပဇဉ်ဉာဏ်တို့ကား အထူးလိုအပ်လှပေသည်။

ထိုသို့ကြိုးပမ်းရာ၌ ရံခါ ဝင်သက်လေ-ထွက်သက်လေမှာ မထင်မရှား ဖြစ်နေတတ်၏၊ လေကို ရှာမတွေ့ ဖြစ်နေတတ်၏၊ ထိုအခါ မူလရှုသည့်နေရာ၌သာ စိတ်စိုက်၍ အသက်ရှူနေပါသည်ဟု နှလုံးပိုက်၍ ကြည့်နေပါ။

၁။ အမိဝမ်းတွင်းဝယ် ပဋိသန္ဓေ တည်နေရဆဲပုဂ္ဂိုလ်၊
၂။ ရေထဲ၌ နစ်မြုပ်နေသောပုဂ္ဂိုလ်၊
၃။ သတိမေ့မျောနေသောပုဂ္ဂိုလ်၊
၄။ သေသောပုဂ္ဂိုလ်၊
၅။ စတုတ္ထစျာန် ဝင်စားနေသောပုဂ္ဂိုလ်၊
၆။ ရူပ-အရူပပုဂ္ဂိုလ် (ဗြဟ္မာ)၊
၇။ နိရောဓသမာပတ် ဝင်စားနေသောပုဂ္ဂိုလ် –

ဤသို့လျှင် အသက်မရှူသောပုဂ္ဂိုလ် (၇)မျိုးရှိရာ ထိုပုဂ္ဂိုလ် (၇)မျိုးတို့တွင် မိမိ မပါဝင်ဟု နှလုံးပိုက်၍, မိမိ၏ သတိ-ပညာ အားနည်းမှုကြောင့်သာ ဝင်သက်လေ-ထွက်သက်လေကို မသိခြင်းဖြစ်သည်ဟု နှလုံးပိုက်၍ မူလရှုမြဲ နေရာ၌သာ စိုက်ရှုနေပါ။ ဤကဲ့သို့သောပုဂ္ဂိုလ်, ဤကဲ့သို့သော အချိန်အခါမျိုးကိုပင် ရည်ရွယ်တော်မူ၍ ဘုရားရှင်ကလည်း အောက်ပါအတိုင်း ဟောကြားထားတော်မူ၏၊

“ရဟန်းတို့ ...ငါဘုရားသည် အာနာပါနကို သိမ်းဆည်းတတ်သော သတိ လွတ်ကင်းပျောက်ပျက်လျက်ရှိသော, အာနာပါနကို ထင်ထင်ရှားရှား သိတတ်သော ဆင်ခြင်တတ်သော သမ္ပဇဉ်ဉာဏ် ကင်းသသူအား အာနာပါနဿတိ သမာဓိဘာဝနာကို ဟောတော်မမူ”ဟု မိန့်ကြားထားတော်မူ၏၊[မှတ်စု ၂၂]

မည်သည့်ကမ္မဋ္ဌာန်းမဆို သတိနှင့် ပြည့်စုံသသူအားသာလျှင် သမ္ပဇဉ်ဉာဏ်ပညာနှင့် ပြည့်စုံသသူအားသာလျှင် ဘာဝနာကမ္မဋ္ဌာန်း အောင်မြင်မှုသည် ပြီးစီးပြည့်စုံနိုင်သည်မှန်သော်လည်း ဤအာနာပါနကမ္မဋ္ဌာန်းမှ တစ်ပါးသော အခြားကမ္မဋ္ဌာန်းတစ်ခုခုကို နှလုံးသွင်းရှုပွားသော ယောဂါဝစရပုဂ္ဂိုလ်အား မိမိရှုပွားနေသည့် ကမ္မဋ္ဌာန်းအာရုံသည် သမာဓိအားကောင်းလာလေ ထင်ရှားလာလေသည်သာ ဖြစ်၏၊ သို့သော် ဤအာနာပါနကမ္မဋ္ဌာန်းသည်ကား ခဲယဉ်းလှ၏၊ ခဲခဲယဉ်းယဉ်း ပွားများရသော ဘာဝနာလည်း ဖြစ်၏၊

၁။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်,
၂။ ပစ္စေကဗုဒ္ဓဘုရားရှင်,
၃။ ဗုဒ္ဓပုတ္တ အမည်ရကြသော သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ တပည့်သား သာဝက –

ဤသုံးမျိုးကုန်သော မဟာပုရိသ အမည်ရကြကုန်သော ယောက်ျားမြတ်တို့၏သာလျှင် နှလုံးသွင်းရာ ဘုံဌာန ဖြစ်၏၊ သိမ်သိမ်ငယ်ငယ် မဟုတ်သည်သာတည်း၊ သိမ်သိမ်ငယ်ငယ် ပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် မှီဝဲနိုင်သည့် ကမ္မဋ္ဌာန်းလည်း မဟုတ်ခဲ့ပေ။ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့် ယင်းအာနာပါနကို နှလုံးသွင်း၏၊ ထိုထိုနှလုံးသွင်းသော အခြင်းအရာအားဖြင့် ယင်းအာနာပါနအာရုံသည် ငြိမ်လည်းငြိမ်သက်၏၊ နူးညံ့သိမ်မွေ့လည်း နူးညံ့သိမ်မွေ့၏၊ ထို့ကြောင့် ဤအာနာပါနဿတိကမ္မဋ္ဌာန်း၌ အားကောင်းမောင်းသန်သော သတိကိုလည်းကောင်း, ပညာကိုလည်းကောင်း အလိုရှိအပ်ပေသည်။[မှတ်စု ၂၃]

အာနာပါနနိမိတ်ပေါ်စ အခြေအနေ

ဝင်လေ-ထွက်လေ၏ အလွန့်အလွန် သိမ်မွေ့နူးညံ့သောကြောင့် မထင်မရှား ဖြစ်လာသောအခါ မူလ ဝင်လေထွက်လေ၏ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော အရပ်၌သာလျှင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ ရှုဖန်များလာသောအခါ အလွန်သိမ်မွေ့သော လေကို တစ်ဖန်ပြန်၍ တွေ့လာတတ်၏၊ သတိ သမ္ပဇဉ်ဉာဏ်တို့၏ စွမ်းအင်ကြီးမားလာသောအခါ၌ တစ်ဖန်ပြန်၍ တွေ့ရှိ ခြင်းပင် ဖြစ်၏၊ ထိုသိမ်မွေ့သောလေ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားလိုက်ပါက သမာဓိအားကောင်းလာသောအခါ နိမိတ်များ ပေါ်လာတတ်ပေသည်။ ဤအဆိုမှာလည်း ယေဘုယျသတ်မှတ်ချက်သာ ဖြစ်၏၊

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်[မှတ်စု ၂၄]၌ အရှည်-အတိုကို ရှုသည့်အပိုင်း၌လည်း နိမိတ်ပေါ်နိုင်ကြောင်း လာရှိ၏၊ အတိတ်က ဆည်းပူးခဲ့သော ပါရမီအရှိန်အဝါ အားကောင်းသော ယောဂါဝစရပုဂ္ဂိုလ်တို့သည် ဤ အရှည်-အတိုကို ရှုသည့် အပိုင်း၌လည်းကောင်း, အာနာပါန၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ရှုသည့်အပိုင်း၌ လည်းကောင်း, အာနာပါန(လေ)ကို သိမ်မွေ့နူးညံ့အောင် ငြိမ်သက်အောင် ငြိမ်းအောင် ကျင့်သည့်အပိုင်း၌လည်းကောင်း ဤ (ဒီဃ-ရသ-သဗ္ဗကာယ-ပဿမ္ဘယ) အဆင့် (၄)ဆင့်လုံး၌ပင် နိမိတ်ပေါ်တတ်ပေသည်။

အချို့ယောဂီများ၌ အလင်းရောင် အလျင်စ၍ ပေါ်တတ်၏၊ အချို့ယောဂီများ၌ နိမိတ် အလျင်စ၍ ပေါ်တတ် ၏၊ အလင်းရောင်ပေါ်ခဲ့သော် ထိုအလင်းရောင်ကို နှလုံးမသွင်းပါလေနှင့်၊ ပကတိသော ဝင်လေ-ထွက်လေကိုပင် သတိမြဲစွာ ရှုနေပါ။ နိမိတ်ပေါ်ခဲ့လျှင်လည်း ပေါ်စနိမိတ်မှာ မခိုင်ခံ့တတ်သော သဘောရှိသဖြင့် နိမိတ်ကို နှလုံး မသွင်းသေးဘဲ ပကတိသော ဝင်လေ-ထွက်လေကိုပင် ရှုနေပါ။ သတိမြဲနေပါစေ၊ သမ္ပဇဉ်ဉာဏ် အားကောင်းနေပါစေ။

အကယ်၍ အရှည်-အတိုကို ရှုသည့်အပိုင်း၌ နိမိတ်ပေါ်ခဲ့လျှင်လည်း ထိုနိမိတ်ကို နှလုံးမသွင်းသေးဘဲ သဗ္ဗကာယ = ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင်၊ ပဿမ္ဘယ = ဝင်သက်လေ-ထွက်သက်လေကို သိမ်မွေ့နူးညံ့အောင် ငြိမ်သက်အောင် ငြိမ်းအောင် ဆက်ကျင့်ပါ။ ထိုအခါ နိမိတ်သည်လည်း တစ်စတစ်စ ခိုင်လာတတ်ပါသည်။

အကယ်၍ ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိအောင် ရှုသည့်အပိုင်းသို့ရောက်မှ နိမိတ်ပေါ်ခဲ့သော် ထိုနိမိတ်ကို မကြည့်သေးဘဲ ဝင်သက်လေ-ထွက်သက်လေကို သိမ်မွေ့ နူးညံ့အောင်သာ ဆက်ကျင့်ပါ။ သိမ်မွေ့နူးညံ့သော လေအပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားနိုင်သဖြင့် လေနှင့် နိမိတ် တစ်သားတည်း ဖြစ်လာသောအခါ ယင်း သမာဓိကိုပင် ခိုင်ခံ့သည်ထက် ခိုင်ခံ့အောင် ဆက်လက်၍ ထူထောင်ပါ။

အကယ်၍ အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း ––
၁။ ဒီဃ = ဝင်သက်လေ-ထွက်သက်လေ၏ အရှည်ကို သိအောင် အားထုတ်ခြင်း
၂။ ရဿ = ဝင်သက်လေ-ထွက်သက်လေ၏ အတိုကို သိအောင် အားထုတ်ခြင်း
၃။ သဗ္ဗကာယ = ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကျင့်ခြင်း
၄။ ပဿမ္ဘယ = ဝင်သက်လေ-ထွက်သက်လေကို သိမ်မွေ့နူးညံ့အောင် ငြိမ်အောင် ငြိမ်းအောင် ကျင့်ခြင်း –

ဟူသော ဤအဆင့်လေးဆင့်ကို အစဉ်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ကျင့်လာရာ ပဿမ္ဘယ-သို့ ရောက်ရှိလာပါမှ နိမိတ်ပေါ်လာသည်ဖြစ်အံ့၊ ပေါ်စတွင် ယင်းနိမိတ်သည် မခိုင်ခံ့တတ်သော သဘောရှိသဖြင့် ယင်းနိမိတ်ကို နှလုံး မသွင်းသေးဘဲ ပကတိ ဝင်လေ-ထွက်လေကိုသာ နှလုံးသွင်းနေပါ။ လေနှင့် နိမိတ် တစ်သားတည်းဖြစ်နေသောအခါ, လေသည်ပင် နိမိတ် - နိမိတ်သည်ပင် လေဖြစ်လာသောအခါ ပုံစံမှန်အဆင့်သို့ ရောက်ရှိသွားပေပြီ။ ဝင်လေ-ထွက်လေကို အာရုံပြုလိုက်က နိမိတ်ကို အာရုံပြုလျက်သား ဖြစ်နေ၏၊၊ နိမိတ်ကို အာရုံပြုလိုက်ကလည်း လေကိုပါ အာရုံပြုလျက်သား ဖြစ်နေ၏၊ ယင်းသို့ဖြစ်က ပုံစံမှန်သွားပေပြီ။

အချို့ယောဂီများ၌ ဖြစ်ပေါ်တတ်သော အခြေအနေ

အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ လေနှင့်နိမိတ်မှာ တစ်သားတည်း မဖြစ်ဘဲ ဝင်လေ-ထွက်လေက တခြား, နိမိတ်က တခြား ဖြစ်နေတတ်၏၊ အကယ်၍ ဝင်လေ-ထွက်လေနှင့် နိမိတ်မှာ တခြားစီဖြစ်နေပါက ယင်းနိမိတ်မှာ အာနာပါနနိမိတ် အစစ် မဟုတ်ပေ၊ ဉာဏ်ရောင် ခေါ်သည့် အလင်းရောင် အစိုင်အခဲသာ ဖြစ်ပေသည်။ ယင်း အလင်းရောင် အစိုင်အခဲမှာ နှာသီးဖျားမှ တစ်ထွာခန့် တစ်ပေခန့်တွင်လည်း ပေါ်နေတတ်၏၊ လက်တစ်လုံးခန့် လက်နှစ်လုံးခန့်တွင်လည်း ပေါ်နေတတ်၏၊ နဖူးပေါ်တွင်လည်း ပေါ်နေတတ်၏၊ အကွာအဝေးအမျိုးမျိုး၌ ပုံသဏ္ဌာန် အမျိုးမျိုး, အရောင်အမျိုးမျိုးရှိသော အလင်းရောင် အစိုင်အခဲများ ပေါ်နေတတ်၏၊ ဤအရာတွင် အထက်တွင် ရှင်းပြခဲ့သည့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၂၅]၏ အဆိုကို မမေ့ပါနှင့်။

“ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားရာ ထိမှုထင်ရှားရာ နေရာ၌ (= နှာသီးဖျား သို့မဟုတ် အထက် နှုတ်ခမ်းတည်းဟူသော နှစ်နေရာတွင် ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားရာ ထိမှုထင်ရှားရာ နေရာ၌) အာနာပါနကို သိမ်းဆည်းတတ်သော သတိကို ထား၍ အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် အာနာပါနဿတိသမာဓိဘာဝနာသည် စျာန်ရသည်အထိ ပြီးစီးပြည့်စုံနိုင်၏၊”

ဤ အပိုင်းတွင်လည်း ဤ စည်းမျဉ်းဥပဒေသကို မမေ့ပါနှင့်။ အလွန် တိကျစွာ လိုက်နာရမည့် စည်းမျဉ်းဥပဒေသ ဖြစ်သည်။

တစ်ဖန် ယင်းနိမိတ်၏ အရောင်ကိုလည်း နှလုံးမသွင်းပါနှင့်။ ဤစည်းမျဉ်းဥပဒေသမှာလည်း အလွန်တိကျစွာ လိုက်နာရမည့် စည်းမျဉ်းဥပဒေသ တစ်ခုပင် ဖြစ်သည်။

ဤသို့ အလင်းရောင် အစိုင်အခဲ ဝေးကွာနေရာ၌ ယင်းအလင်းရောင် အစိုင်အခဲကို နှလုံးမသွင်းဘဲ ဝင်လေထွက်လေ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော နှစ်နေရာတို့တွင် တစ်နေရာမှ စောင့်၍ ပကတိ ဝင်လေ-ထွက်လေကိုသာ ရှုနေပါ။ တဖြည်းဖြည်း သမာဓိစွမ်းအင် ပြည့်ဝလာသောအခါ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတွင် မြစ်ဖျားခံ၍ အခြေစိုက်၍ နိမိတ်သည် ကပ်၍ တည်နေပေလိမ့်မည်။ နိမိတ်နှင့် ဝင်လေထွက်လေတို့သည် တစ်သားတည်း ဖြစ်သွားပါက ပုံစံမှန်သွားပြီ ဖြစ်သည်။

သို့သော် ဝင်သက်လေ-ထွက်သက်လေနှင့် တစ်သားတည်း မဖြစ်ဘဲ အကွာအဝေးအမျိုးမျိုး၌ တည်ရှိနေသော “အရောင်အလင်း အစိုင်အခဲ”ကိုကား နိမိတ်ဟု မခေါ်ဆိုပါ။ ယင်းကို ပညာရောင် ဉာဏ်ရောင်ဟုသာ ခေါ်ဆိုပါသည်။ ဝင်သက်လေ-ထွက်သက်လေနှင့် တစ်သားတည်းဖြစ်နေသည့် အလင်းရောင် အစိုင်အခဲကိုသာ နိမိတ်ဟု ခေါ်ဆိုပါသည်။ ဓမ္မတာအားဖြင့်သော်ကား ပညာရောင် ဉာဏ်ရောင်ခေါ်သည့် ဉာဏ်အရောင်အလင်းမှာ – သမန္တတော ပတ္ထရတိဟူသော ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ[မှတ်စု ၂၆]နှင့် အညီ ယောဂီပုဂ္ဂိုလ်၏ ခန္ဓာအိမ်ဝန်းကျင်ပတ်ခြာ အရပ် (၁၀)မျက်နှာ၌ ပျံ့နှံ့ တည်ရှိနေတတ်၏၊ သမာဓိအားကောင်းလျှင် အားကောင်းသလို သမာဓိနှင့် ယှဉ်တွဲနေသော ဉာဏ်၏ အာနုဘော် မှာလည်း ကြီးမားလာတတ်၏၊ ဉာဏ်၏ အာနုဘော်က ကြီးလျှင် ကြီးသလို ယင်းဉာဏ်ကြောင့် ဖြစ်ပေါ်လာသည့် ဉာဏ်အရောင်အလင်းမှာလည်း ပို၍ပို၍ တောက်ပလာတတ်၏၊ ပို၍ပို၍လည်း ကျယ်ပြန့်လာတတ်၏၊ သို့သော် ဤကဲ့သို့သော အာနာပါနနိမိတ်ပေါ်စအခြေအနေ၌ကား သမာဓိမှာလည်း အလွန်ကြီး မစူးရှလှသေး၊ ယင်းသမာဓိနှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်မှာလည်း မထက်မြက်လွန်းလှသေး။ သို့အတွက် ဉာဏ်အရောင်အလင်းမှာလည်း “ဟိုတစ်ကွက် ဒီတစ်ကွက် ဟိုနေရာပေါ်လိုက် ဒီနေရာပေါ်လိုက်” စသည်ဖြင့် နေရာအမျိုးမျိုးပြောင်းကာ ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ဖြစ်ပေါ်နေတတ်၏၊ ယင်းကဲ့သို့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းအရပ်တို့မှ ဝေးကွာနေသော နေရာဒေသအမျိုးမျိုး၌ ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ဖြစ်ပေါ်နေသော အရောင်အလင်းကိုပင် အာနာပါနနိမိတ်ဟု ယူဆကာ စူးစူးစိုက်စိုက် ရှုနေပါက သမာဓိမှာလည်း လျှောကျသွားတတ်၏၊ ယင်းအရောင်အလင်းမှာလည်း ပျောက်ကွယ်သွားတတ်၏၊ အာနာပါနသမာဓိ၏ အရှုခံအာရုံ မဟုတ်သောကြောင့် ဖြစ်၏၊ သို့အတွက် ဝင်သက်လေ-ထွက်သက်လေနှင့် တစ်သားတည်းဖြစ်နေသည့် နှာသီးဖျား သို့မဟုတ် အထက် နှုတ်ခမ်းအရပ်၌ တည်ရှိနေသည့် နိမိတ်ကိုသာ စူးစူးစိုက်စိုက် ရှုပါ။ အကယ်၍ နိမိတ်ပျောက်ပျက်သွားခဲ့လျှင်လည်း ထိုဝင်သက်လေ-ထွက်သက်လေကိုသာ တစ်ဖန်ပြန်၍ ရှုနေပါ။ တစ်ဖန် သမာဓိ အားကောင်းလာပြန်ပါက ဝင်သက်လေ-ထွက်သက်လေနှင့် တစ်သားတည်းဖြစ်နေသည့် နိမိတ်ကို ပြန်လည်တွေ့ရှိမည်သာ ဖြစ်ပေသည်။ ထိုအခါ နိမိတ်ကိုသာ စူးစူးစိုက်စိုက် ရှုလျက် သမာဓိကို ထူထောင်နေပါ။

နိမိတ်ကို မကစားပါနှင့်

ဤနေရာတွင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၂၇]က ဤသို့ ညွှန်ကြားထား၏ ..။

“ထိုကမ္မဋ္ဌာန်းတို့တွင် .. အာနာပါနနိမိတ်ကို တိုးပွားအောင် ပြုလုပ်ခဲ့သော် လေအစုအပုံသည်သာလျှင် တိုးပွားလာ၏၊ အာနာပါနကမ္မဋ္ဌာန်းကို ဝင်လေ-ထွက်လေ ထိမှုထင်ရှားရာ နေရာ၌ သတိကိုထား၍ ပွားများရမည်ဟု ယင်းအာနာပါနကမ္မဋ္ဌာန်းကို နေရာဖြင့်လည်း ပိုင်းခြားထား၏၊ ဤသို့လျှင် လေအစုအပုံ တိုးပွားခြင်းဟူသော အပြစ်ရှိသည့်အတွက်ကြောင့်လည်းကောင်း, ထိမှုထင်ရှားရာနေရာဖြင့် ပိုင်းခြားသတ်မှတ်ထားသည့်အတွက်ကြောင့် လည်းကောင်း အာနာပါနနိမိတ်ကို တိုးပွားအောင် မပြုလုပ်ပါနှင့်။”

ဤ စည်းမျဉ်းဥပဒေသမှာလည်း ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်၍ လိုက်နာရမည့် စည်းမျဉ်းဥပဒေသ တစ်ခုပင် ဖြစ်သည်။ ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းအာနာပါနနိမိတ်ကို ကြီးအောင် သေးအောင် ရှည်အောင် တိုအောင် ဝေးအောင် နီးအောင် ဖြူအောင် ဝါအောင် နီအောင် ပြာအောင် ဤသို့စသည်ဖြင့် မကြိုးစားပါနှင့်။ ယင်းသို့ ကြိုးစားနေခဲ့သော် မိမိ အလိုရှိနေသော အာနာပါနစျာန်သို့ကား မရောက်ရှိနိုင်တော့ပေ။ မယုံကြည်လျှင် လက်တွေ့ စမ်းသပ်ကြည့်ပါ၊ မိမိကိုယ်တိုင်ပင် သိရှိနိုင်ပေလိမ့်မည်။

နိမိတ်အမျိုးမျိုး

ဤအာနာပါနနိမိတ်သည်ကား ခပ်သိမ်းကုန်သောသူတို့အား တစ်ချက်တည်း ထပ်တူသည် မဖြစ်ပေ၊ အမျိုးမျိုး ပေါ်တတ်၏၊ အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ချမ်းသာသောအတွေ့ကို ဖြစ်စေလျက် ..

၁။ လဲဝါဂွမ်းကဲ့သို့ (ဥဂ္ဂဟနိမိတ်)
၂။ ဗိုင်းဝါဂွမ်းကဲ့သို့ (ဥဂ္ဂဟနိမိတ်)
၃။ လေအလျဉ်ကဲ့သို့ (ဥဂ္ဂဟနိမိတ်)
၄။ သောက်ရှူးကြယ်ရောင်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၅။ ပတ္တမြားလုံးကဲ့သို့ (ပဋိဘာဂနိမိတ်)
၆။ ပုလဲလုံးကဲ့သို့ (ပဋိဘာဂနိမိတ်) ထင်လာတတ်၏၊
အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ကျန်းသောအတွေ့ရှိသည်ဖြစ်၍ ..
၇။ ဝါရိုးကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၈။ သစ်သားနှစ်တံကျင်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်) ထင်လာတတ်၏၊

အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ..
၉။ ရှည်စွာသော ဆောက်လုံးကြိုးမျှင်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၁၀။ ပန်းဆိုင်းကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၁၁။ မီးခိုးညွန့်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၁၂။ ကျယ်ပြန့်သော ပင့်ကူချည်မျှင်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၁၃။ တိမ်တိုက်လွှာကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၁၄။ ပဒုမ္မာကြာပွင့်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၁၅။ ရထားဘီးစက်ဝန်းကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၁၆။ လဝန်းကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၁၇။ နေဝန်းကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်) ထင်လာတတ်၏၊[မှတ်စု ၂၈]

တစ်ခုတည်းသာလျှင် ဖြစ်သော တစ်မျိုးတည်းသာလျှင် ဖြစ်သော ဤအာနာပါနကမ္မဋ္ဌာန်းသည် နိမိတ်မထင်မီ နိမိတ်ထင်သည်မှ ရှေးမဆွက ဖြစ်ကုန်သော သညာတို့၏ အထူးထူးသော သဘောရှိသည်၏ အဖြစ်ကြောင့် (= တစ်ဦးနှင့် တစ်ဦး တစ်ချိန်နှင့်တစ်ချိန် မတူညီဘဲ သညာတို့၏ ထူးထွေကွဲပြားမှု ရှိသည်၏ အဖြစ်ကြောင့်) နိမိတ်အမျိုးမျိုး ထင်လာခြင်းဖြစ်၏၊ မှန်ပေသည် - ဤအာနာပါနနိမိတ်သည် အာနာပါနဿတိသမာဓိဘာဝနာသညာကြောင့် ဖြစ်ပေါ်လာရ၏ (ဘာဝနာသညာဖြင့် မှတ်အပ် ကြံဆအပ်ကာမျှ ဖြစ်၏)၊ ဘာဝနာသညာဟူသော အကြောင်းရင်း ရှိ၏၊ ဘာဝနာသညာဟူသော အမွန်အစ ရှိ၏၊ ထိုကြောင့် ဘာဝနာသညာ ထူးထွေ ကွဲပြားမှု ရှိသောကြောင့် နိမိတ်အမျိုးမျိုး ထင်လာရခြင်း ဖြစ်ပေသည်။[မှတ်စု ၂၉]

ကပ်၍ တည်နေအောင် ကြိုးစားပါ။ ရေပြည့်နေသော ဖန်ခွက်တစ်ခုအတွင်းသို့ ပတ္တမြားတစ်လုံးကို သို့မဟုတ် ပုလဲတစ်လုံးကို နှစ်ထားသကဲ့သို့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတွင် ကပ်၍ တည်နေသော နိမိတ် အတွင်း၌သာ ဘာဝနာစိတ်ကို နစ်မြုပ်သွားအောင် စိုက်ရှုနေပါ၊ ယင်းနိမိတ်ကိုသာ စူးစူးစိုက်စိုက် မြဲမြဲမြံမြံ ရှုနေပါ။ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်ပါ။

အာနာပါနဿတိသမာဓိဘာဝနာသည် ရင့်ကျက်လာသောအခါ နိမိတ်မပေါ်မီ ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် နိမိတ်နှင့် ပတ်သက်၍ တစ်ဆင့်ကြားဖူး၍ ဖြစ်စေ, စာပေကိုဖတ်ဖူး၍ ဖြစ်စေ “ဤသို့သော နိမိတ်ဤသို့သော နိမိတ်” စသည်ဖြင့် နိမိတ်နှင့်ပတ်သက်သော အယူအဆ အတွေးအခေါ်များ အမှတ်သညာများသည် ရံခါ ကြိုးကြားကြိုးကြား ဖြစ်ပေါ်တတ်၏၊ ယင်းအမှတ်သညာတို့၏ ထူးထွေကွဲပြားမှုကြောင့် နိမိတ်အမျိုးမျိုး ပုံသဏ္ဌာန် အမျိုးမျိုး အရောင်အမျိုးမျိုး ဖြစ်ပေါ်လာရခြင်း ဖြစ်၏၊ နိမိတ်ပေါ်လာပြီး နောက်ပိုင်း၌လည်း ဘာဝနာသညာက ထပ်မံ၍ ကွဲပြားနေပြန်လျှင်လည်း နိမိတ်မှာ ပုံသဏ္ဌာန်အမျိုးမျိုး အရောင်အမျိုးမျိုး ပြောင်းလဲနေတတ်ပေသည်။ ထိုကဲ့သို့ အပြောင်းအလဲများနေပါက စျာန်သမာဓိသို့ ရောက်ရှိဖို့ရန် များစွာ အခက်အခဲ ရှိနိုင်ပေသည်။

ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် နိမိတ်နှင့် ပတ်သက်သည့် သညာများကို နည်းနိုင်သမျှ နည်းအောင် ကြိုးစားပါ။ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတွင် ကပ်၍ပေါ်နေသော နိမိတ်၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ။ ရေပြည့်နေသော ဖန်ခွက်တစ်ခုအတွင်းသို့ ပတ္တမြားတစ်လုံးကို သို့မဟုတ် ပုလဲတစ်လုံးကို နှစ်ထားသကဲ့သို့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတွင် ကပ်၍ တည်နေသော နိမိတ် အတွင်း၌သာ ဘာဝနာစိတ်ကို နစ်မြုပ်သွားအောင် စိုက်ရှုနေပါ၊ ယင်းနိမိတ်ကိုသာ စူးစူးစိုက်စိုက် မြဲမြဲမြံမြံ ရှုနေပါ။ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်ပါ။

နိမိတ်ကို ကစားတတ်သော ဒါယကာကြီးတစ်ဦး

တစ်ချိန်က တောရစခန်းတစ်ခုတွင် ယောဂီဒါယကာကြီးတစ်ဦးနှင့် ဆုံခဲ့ဖူး၏၊ ထိုဒါယကာကြီးကား အာနာပါန ကမ္မဋ္ဌာန်းကို နှစ်ရှည်လများ အချိန်ကြာမြင့်စွာ အားထုတ်နေသူ တစ်ဦး ဖြစ်၏၊ သမာဓိမှာ အလွန်အားကောင်း၍ နိမိတ်ကိုလည်း လိုသလို ကစားနိုင်သူ တစ်ဦး ဖြစ်၏၊ အဝေးအနီး အလိုရှိရာအရပ်သို့ တိုင်အောင် ထိုနိမိတ်ကို စေလွှတ်နိုင်၏၊ အလွန်အားကောင်းသည့် သင်္ဘောဆလိုက်မီးကဲ့သို့ မိမိအလိုရှိရာအရပ်သို့တိုင်အောင် ထိုနိမိတ်ကို စေလွှတ်ကာ ကြည့်နိုင်၏၊ တစ်ဖန် ထိုနိမိတ်ကို တိုစေချင်က ထိုနိမိတ်မှာ ချက်ချင်း တိုသွား၏၊ ရှည်စေလိုလျှင်လည်း ချက်ချင်း ရှည်သွား၏၊ ပုလဲလုံးဖြစ်စေဟု အဓိဋ္ဌာန်လိုက်လျှင် ချက်ချင်း ပုလဲလုံး ဖြစ်သွား၏၊ ရွဲလုံးဖြစ်စေဟု အဓိဋ္ဌာန် လိုက်လျှင် ချက်ချင်း ရွဲလုံး ဖြစ်သွား၏၊ ဘာဝနာသညာ ကွဲပြားသွားခြင်းကြောင့် နိမိတ်အမျိုးမျိုး ကွဲပြားသွားသည့် ထုံးတစ်ရပ်ပင် ဖြစ်၏၊ သို့သော် ထိုဒါယကာကြီးကား စျာန်သို့ ဆိုက်သည့်တိုင်အောင်ကား မရှုပွားတတ် မရှုပွားနိုင် ဖြစ်နေ၏၊ အကြောင်းမှာ ဝင်သက်လေ-ထွက်သက်လေ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်း အရပ်တွင် တည်ရှိသော ဝင်သက်လေ-ထွက်သက်လေနှင့် တစ်သားတည်းဖြစ်နေသော အာနာပါနပဋိဘာဂနိမိတ် သက်သက်ကိုသာ စူးစူးစိုက်စိုက် မရှုသောကြောင့် ဖြစ်၏၊ ဤစည်းကမ်းသတ်မှတ်ချက်ကို မလိုက်နာနိုင်သောကြောင့် သာလျှင် စျာန်သို့ မကူးတက်နိုင်ခြင်း ဖြစ်၏၊

တစ်ဖန် အထူးသတိပြုရန် အချက်တစ်ရပ်မှာ ဤသို့ ဖြစ်၏၊ ယင်းကဲ့သို့ နိမိတ်ကို ရှည်စေ တိုစေ ပုလဲလုံးဖြစ်စေ ရွဲလုံးဖြစ်စေ ဝါစေ နီစေ ပြာစေ စသည်ဖြင့် နိမိတ်ကို ပုံသဏ္ဌာန်အမျိုးမျိုး အရောင်အမျိုးမျိုးဖြစ်အောင် ကြိုးပမ်းနေပါက ထိုသို့ကြိုးပမ်းနေသည့် ဝီရိယက လွန်ကဲလာပြန်သဖြင့် အာရုံအမျိုးမျိုးသို့ စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စတရားက ဝင်နှောင့် နေရကား သမာဓိမှာ လျှောကျသွားတတ်ပေသည်။ ထိုကြောင့် နိမိတ်၏ ပုံသဏ္ဌာန်အမျိုးမျိုး အရောင်အမျိုးမျိုးတို့ကို နှလုံးမသွင်းဘဲ နိမိတ်အနေဖြင့်သာ နှလုံးသွင်းကာ စူးစူးစိုက်စိုက် ရှုနေပါ။

တစ်ဖန် နောက်ထပ် အထူးသတိပြုရန် အချက်တစ်ရပ် ရှိနေပြန်သေး၏၊ နိမိတ်ကို ပုလဲလုံးဖြစ်စေ ရွဲလုံးဖြစ်စေ စသည်ဖြင့် ပြုပြင်နေရာ၌ ယင်းနိမိတ်မှာ တကယ့်ပုလဲလုံးအစစ် တကယ့်ရွဲလုံးအစစ် ဖြစ်သွားသည်ကား မဟုတ်၊ အထက်က အကြိမ်ကြိမ် ရှင်းပြခဲ့သည့်အတိုင်း ပုလဲလုံးဖြစ်စေလိုသည့် ရွဲလုံးဖြစ်စေလိုသည့် ဘာဝနာသညာနှင့် ယှဉ်တွဲနေသည့် ဘာဝနာသမာဓိနှင့်လည်း ယှဉ်တွဲနေသည့် ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော စိတ္တဇရုပ်ကလာပ်နှင့် ယင်းစိတ္တဇရုပ်ကလာပ်တို့တွင် တည်ရှိသော တေဇောဓာတ် ဥတုကြောင့် ထပ်ဆင့်ဖြစ်ပွားလာသော စိတ္တပစ္စယ-ဥတုဇ ရုပ်ကလာပ်တို့၏ အရောင်အလင်း အစိုင်အခဲသာ ဖြစ်ပေသည်။ အလားတူပင် ယင်းနိမိတ်၏ အရောင်အလင်းအောက်၌ တည်ရှိသော ယင်းနိမိတ်ဖြင့် ထိုးစိုက်ကြည့်၍ တွေ့မြင်နေရသော အရာဝတ္ထုတို့မှာလည်း တကယ့်အမှန် တရားဟုကား ယူဆလို့ မရနိုင်ပေ။ အကြောင်းမှာ ယင်းနိမိတ်မှာ ဘာဝနာသညာကွဲပြားလျှင် ကွဲပြားသွားတတ်သကဲ့သို့ အလားတူပင် ယင်းနိမိတ်အရောင်အလင်း၏ အကူအညီဖြင့် တွေ့မြင်နေရသော အရာဝတ္ထုတို့မှာလည်း ကွဲပြား သွားနိုင်ပေသည်။ ဥပမာ - စူဠာမဏိစေတီတော်ကဲ့သို့သော အရာဝတ္ထုတစ်ခုတည်းကိုပင် ယောဂီအများစုတို့က နိမိတ်၏အရောင်အလင်း အကူအညီဖြင့် စူးစိုက်ကြည့်ရှုလိုက်ကြသောအခါ ယောဂီတစ်ဦး၏ တွေ့မြင်ရပုံအခြင်းအရာနှင့် အခြားယောဂီတစ်ဦး၏ တွေ့မြင်ရပုံအခြင်းအရာတို့မှာ မတူကွဲပြားခြားနားသကဲ့သို့ မှတ်ပါ။

ဤအရာတွင် .. အာနာပါနနိမိတ်၏ အရောင်အလင်း အကူအညီဖြင့် တွေ့မြင်ရသော အရာဝတ္ထုတို့မှာ ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်ကြောင့် ဖြစ်ပေါ်လာသည့် အလင်းရောင်အောက်တွင် တည်ရှိသော အရာဝတ္ထုတို့ကို ဒိဗ္ဗစက္ခုအဘိညာဏ်စိတ်ဖြင့် တွေ့မြင်ရသကဲ့သို့ တိကျမှုကား မရှိနိုင်။ ဒိဗ္ဗစက္ခုအဘိညာဏ်ကို အလိုရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ကသိုဏ်း (၁၀)ပါး သမာပတ် (၈)ပါးတို့ကို အဝါးဝစွာ လေ့လာထားပြီးသူ ဖြစ်ရ၏၊ ထိုနောင် ပထဝီကသိုဏ်းမှသည် ဩဒါတကသိုဏ်းသို့ တိုင်အောင်သော ကသိုဏ်း (၈)ပါး သမာပတ် (၈)ပါးတို့၌ (၁၄)မျိုးသော အခြင်းအရာတို့ဖြင့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ နိုင်နိုင်နင်းနင်း ထပ်မံလေ့ကျင့်ရပြန်၏၊[မှတ်စု ၃၀] ထိုသို့ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဒိဗ္ဗစက္ခုအဘိညာဏ်ကို အလိုရှိသောအခါ တေဇောကသိုဏ်း ဩဒါတကသိုဏ်း အာလောကကသိုဏ်းဟူသော (၃)မျိုးသော ကသိုဏ်းတို့တွင် နှစ်ခြိုက်ရာ ကသိုဏ်း တစ်မျိုးမျိုးကို ထပ်မံ၍ အလေးဂရုပြုကာ ပွားများရပြန်၏၊ ထိုကသိုဏ်း (၃)မျိုးတို့တွင် အာလောကကသိုဏ်းမှာ အကောင်းဆုံး ဖြစ်၏၊ အကယ်၍ အာလောကကသိုဏ်းကို ရွေးချယ်ခဲ့သည်ဖြစ်အံ့၊ ယင်းအာလောကကသိုဏ်းကိုပင် အာရုံယူကာ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ပွားများရ၏၊ သမာဓိကို ထူထောင်ရ၏၊ ထိုစျာန်သမာဓိများနှင့် ယှဉ်တွဲနေသည့် ဉာဏ်ကြောင့် ဖြစ်ပေါ်လာသည့် ဉာဏ်အရောင်အလင်းက အလွန့်အလွန် အားကောင်းလာသောအခါ ထိုစျာန်သမာဓိကြောင့် အာလောကကသိုဏ်း အရောင်အလင်းက ပို၍ပို၍ တောက်ပလာသောအခါ ထိုအာလောကကသိုဏ်းအရောင်အလင်းကို မိမိအလိုရှိရာအရပ်သို့ တိုင်အောင် ထပ်မံ ဖြန့်ကျက်ရပြန်၏၊ ထိုဖြန့်ကျက်ထားသော အာလောကကသိုဏ်းအရောင်အလင်းကို အာရုံယူကာ ပထမစျာန်သမာဓိ ဒုတိယစျာန်သမာဓိ တတိယစျာန်သမာဓိတို့ကို ထပ်မံ ထူထောင်ပြီးနောက် စတုတ္ထစျာန်သမာဓိ၏ ဥပစာရသမာဓိ နယ်မြေသို့ ဆိုက်အောင် သမာဓိကို ထပ်မံ ပွားများထားရ၏၊ (စတုတ္ထစျာန်စျာန်သမာဓိသို့ ဆိုက်ရောက်အောင်ကား မပွားထားရ၊ ယင်းစတုတ္ထစျာန်၏ ဥပစာရသမာဓိနယ်မြေ၌သာ သမာဓိကို ထူထောင်ထားရ၏၊) ထို့နောင် –“ဤမျှလောက်သော အရပ်သို့ တိုင်အောင် အလင်းရောင်သည် တည်စေသတည်း ..” ဟု အဓိဋ္ဌာန်ပြုကာ ထိုအလင်းရောင်အတွင်းတွင် တည်ရှိသော အရာဝတ္ထုတို့ကို ကြည့်ရှုရ၏၊ တွေ့မြင်သောအခါတွင်မှ စတုတ္ထစျာန်သမာဓိ ဟူသော အဘိညာဏ်ဇောသည် ဖြစ်ပေါ်လာပေလတ္တံ့။ ထိုအဘိညာဏ်ဇောကြောင့် ဖြစ်ပေါ်လာသည့် အလင်းရောင်အောက်တွင် တည်ရှိသော အာရုံအမျိုးမျိုး အရာဝတ္ထုအမျိုးမျိုးတို့ကို အဘိညာဏ်ဇောစိတ်ဖြင့်လည်းကောင်း, အဘိညာဏ်ဇော၏နောင်၌ အလင်းရောင် မပျောက်မချင်း ဆက်လက်ဖြစ်ပေါ်နေတတ်သည့် ပစ္စဝေက္ခဏာဇောစိတ် အသီးအသီးဖြင့်လည်းကောင်း တွေ့မြင်ရခြင်းသည်သာလျှင် မှန်ကန်တိကျသော အာရုံဖြစ်ပေသည်။[မှတ်စု ၃၁] စိတ်ကပ်ထားပါ။ ထိုနိမိတ်အားလုံးကို သိတန်သလောက် သိမှုကား ရှိကောင်းရှိနိုင်၏၊ သို့သော် နှာသီးဝတွင် ကပ်နေသော နိမိတ်အတွင်း၌သာ ဘာဝနာစိတ် နစ်မြုပ်နေဖို့သာ လိုရင်း ဖြစ်ပေသည်။ ထိုနိမိတ်၏ အတွင်း၌ ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ထိုင်တိုင်းလိုလို ငြိမ်ဝပ်စွာ ကပ်၍ တည်လာပါက ထိုနိမိတ်မှာလည်း တစ်စတစ်စ တဖြည်းဖြည်း ကြည်လင်သည်ထက်ကြည်လင် တောက်ပသည်ထက်တောက်ပလာပေလိမ့်မည်။ အထူး ကြည်လင် တောက်ပလာသော ထိုနိမိတ်ကား ပဋိဘာဂနိမိတ်တည်း။

သို့သော် ဤအပိုင်းကား အာနာပါနနိမိတ်အကြောင်းကိုသာ ဆွေးနွေးတင်ပြနေသည့် အပိုင်းဖြစ်သဖြင့် နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတည်းဟူသော ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားရာ အရပ်ဒေသကို မစွန့်လွှတ်ဘဲ ထိုအရပ်ဒေသ၌ တည်ရှိနေသည့် ဝင်သက်လေ-ထွက်သက်လေနှင့် တစ်သားတည်းဖြစ်နေသည့် အာနာပါနနိမိတ်ကိုသာ စူးစူးစိုက်စိုက် ဆက်လက်ရှုနေပါ။ ယင်းနိမိတ်အာရုံ၌သာ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင်သာ ဆက်လက်ကြိုးပမ်းပါ။

ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်

ယေဘုယျအားဖြင့် ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော နိမိတ်မှာ ဥဂ္ဂဟနိမိတ် ဖြစ်၏၊ ဥဂ္ဂဟနိမိတ်ကား မကြည်ပေ။ ဆွတ်ဆွတ်ဖြူရာမှ သောက်ရှူးကြယ်ကဲ့သို့ တောက်ပနေသော ဖန်တုံးမှန်တုံးကဲ့သို့ အလွန်ကြည်လင် တောက်ပနေသော နိမိတ်ကား ပဋိဘာဂနိမိတ်တည်း။ ပတ္တမြားလုံးကဲ့သို့ ထင်လာရာ၌ မကြည်သော ပတ္တမြားလုံး ကဲ့သို့သော နိမိတ်ကား ဥဂ္ဂဟနိမိတ်တည်း၊ ကြည်လင်တောက်ပနေသော ပတ္တမြားလုံးကဲ့သို့သော နိမိတ်ကား ပဋိဘာဂနိမိတ်တည်း။ ကြွင်းကျန်သော အရောင်တို့၌လည်း နည်းတူ သဘောပေါက်ပါ။

အထက်တွင် ဖော်ပြထားသော နိမိတ်အမျိုးမျိုးတို့တွင် အမှတ် (၁၁)အဖြစ် ဖော်ပြထားသော နိမိတ်မှာ မီးခိုးညွန့်ကဲ့သို့သော နိမိတ်ဖြစ်၏၊ ယင်းနိမိတ်၌ ညစ်ထပ်ထပ် မီးခိုးရောင်နိမိတ်ကား ပရိကမ္မနိမိတ်တည်း၊ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူသော မီးခိုးညွန့်ရောင်နိမိတ်ကား ဥဂ္ဂဟနိမိတ်တည်း၊ ကြည်လင်တောက်ပလာသော မီးခိုးညွန့်ရောင် နိမိတ်ကား ပဋိဘာဂနိမိတ်တည်း။

ထိုနိမိတ်တို့ ပေါ်လာရာ၌ ဆင်စွယ်ကဲ့သို့သော ပုံသဏ္ဌာန်ဖြင့် နှာသီးဝမှစ၍ အပြင်ဘက်သို့ အတန်းလိုက် ပေါ်လာရာ၌ကား ယင်းနိမိတ်နောက်သို့ စိတ်ကို မလိုက်ဘဲ နှာသီးဝနှင့် အနီးကပ်ဆုံးနေရာ၌ တည်ရှိနေသည့် နိမိတ်အတွင်း၌သာ ဘာဝနာစိတ်ကို သွတ်သွင်းထားပါ၊ စိုက်ကြည့်နေပါ။ အတွင်းဘက်သို့ အချောင်းလိုက် တည်ရှိရာ၌လည်း အတွင်းဘက်သို့ လိုက်မကြည့်ဘဲ နှာသီးဝနှင့် အနီးကပ်ဆုံးနေရာ၌ တည်ရှိသည့် နိမိတ်၌သာ စိတ်ကပ်ထားပါ။ ထိုနိမိတ်အားလုံးကို သိတန်သလောက် သိမှုကား ရှိကောင်းရှိနိုင်၏။ သို့သော် နှာသီးဝတွင် ကပ်နေသော နိမိတ်အတွင်း၌သာ ဘာဝနာစိတ် နစ်မြုပ်နေဖို့သာ လိုရင်း ဖြစ်ပေသည်။ ထိုနိမိတ်၏ အတွင်း၌ ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ထိုင်တိုင်းလိုလို ငြိမ်ဝပ်စွာ ကပ်၍ တည်လာပါက ထိုနိမိတ်မှာလည်း တစ်စတစ်စ တဖြည်းဖြည်း ကြည်လင်သည်ထက်ကြည်လင် တောက်ပသည်ထက်တောက်ပလာပေလိမ့်မည်။ အထူး ကြည်လင် တောက်ပလာသော ထိုနိမိတ်ကား ပဋိဘာဂနိမိတ်တည်း။

ဤသို့ ပဋိဘာဂနိမိတ် ထင်သည့်အခါမှ စ၍ .. ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ နီဝရဏ ကိလေသာ အညစ်အကြေးတို့သည် ခွာအပ်ပြီးသာလျှင် ဖြစ်ကုန်၏၊ နီဝရဏမှ ကြွင်းသော ကိလေသာတို့သည်လည်း အနည်ထိုင် သွားကြကုန်သည်သာ ဖြစ်ကုန်၏၊ အာနာပါနဿတိသည်လည်း ယင်းအာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ရှေးရှု တည်နေသည်သာလျှင် ကပ်၍ တည်နေသည်သာလျှင် ဖြစ်၏၊ ဘာဝနာစိတ်သည် ဥပစာရသမာဓိဖြင့် အာနာပါန ပဋိဘာဂနိမိတ်အာရုံ၌ ကောင်းစွာတည်နေသည်သာလျှင် ဖြစ်၏၊[မှတ်စု ၃၂]

ထိုအခါ၌ ဤယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာနာပါနနိမိတ်ကို ဝါဂွမ်းစိုင် သောက်ရှူးကြယ် စသည်တို့၌ကဲ့သို့ ထင်လာသော အဖြူရောင် စသော အရောင်အဆင်းအားဖြင့်လည်း နှလုံးမသွင်းပါနှင့်၊ သဘာဝလက္ခဏာ သာမညလက္ခဏာအားဖြင့်လည်း နှလုံးမသွင်းပါနှင့်။(ဝိသုဒ္ဓိ၊၁၊၂၇၈၊၊) သတိပြုရန်---- ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော နှစ်ဆင့်လုံး၌ နိမိတ်နှစ်မျိုးလုံးတို့သည် ခိုင်ခံ့လာသဖြင့် လေနှင့် နိမိတ်တို့သည် တစ်သားတည်း ဖြစ်လာ၍ ထိုနိမိတ်တို့၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်သည့် အပိုင်းဝယ် .. နိမိတ်ကို ကြည့်လိုက်၊ ဝင်သက်လေ-ထွက်သက်လေကို ကြည့်လိုက်---- ဤသို့ မပြုလုပ်ပါနှင့်။ ဝင်သက်လေထွက်သက်လေကို လုံးဝ မကြည့်တော့ဘဲ အာနာပါနနိမိတ်၌သာ ဘာဝနာစိတ်ကို တစ်ဖက်သတ် စိုက်ရှုနေပါ။ အကယ်၍ နိမိတ်က ပျောက်ပျက်သွားခဲ့သော် ထိုအခါတွင် ဝင်သက်လေ-ထွက်သက်လေကို တစ်ဖန် ပြန်ရှုပါ။ တစ်ဖန် နိမိတ်ပြန်ပေါ်လာ၍ နိမိတ်က ခိုင်ခံ့လာသောအခါ နိမိတ်ကိုသာ တစ်ဖန် ပြန်၍ ရှုနေပါ။ ဤနည်းအတိုင်း လေ့ကျင့်ခဲ့သော် နိမိတ်လည်း ခိုင်လာ၍ တဖြည်းဖြည်း ဥပစာရသမာဓိသို့လည်း ဆိုက်လာမည် ဖြစ်သည်။ လေနှင့် နိမိတ် နှစ်မျိုးလုံးကို ဂရုစိုက်နေပါက ကြည့်နေပါက သမာဓိမှာ မစူးရှဘဲသော်လည်း ရှိတတ်၏၊ လျှော၍သော်လည်း ကျသွားတတ်၏၊ သတိရှိပါစေ၊၊

စင်စစ်သော်ကား ခတ္တိယမဟေသီ မိဖုရားခေါင်ကြီးသည် စကြဝတေးမင်းလောင်းကိုယ်ဝန်ကို (ဖန်ပေါင်းချောင် အတွင်း၌ တည်နေသကဲ့သို့ မြင်တွေ့နေရသဖြင့် မပျက်စီးအောင်) စောင့်ရှောက်အပ်သကဲ့သို့လည်းကောင်း, လယ်သမားသည် သလေးမုယောစပါးဖုံးကို စောင့်ရှောက်အပ်သကဲ့သို့လည်းကောင်း ထိုအာနာပါနပဋိဘာဂနိမိတ်ကို စောင့်ရှောက်ပါ။ ယင်းပဋိဘာဂနိမိတ်ကိုပင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ နှလုံးသွင်းပါ။ ယင်းသို့ နှလုံးသွင်းခြင်းဖြင့် ယင်းဥပစာရသမာဓိကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ပါ။ ဝီရိယနှင့် သမာဓိ, သဒ္ဓါနှင့် ပညာတို့ကို ညီမျှအောင် သတိဖြင့် ထိန်းကွပ်လျက် ဣန္ဒြေ (၅)ပါး ညီမျှအောင် ကြိုးစားပါ။ ယင်းသို့ ကြိုးစားအားထုတ်ခဲ့သော် ထိုအာနာပါနပဋိဘာဂနိမိတ်အာရုံ၌ စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်လာကြကုန်၏၊[မှတ်စု ၃၃]

ဣန္ဒြေ (၅) ပါး ညီမျှအောင် ကျင့်ပုံ

သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဟု ဣန္ဒြေ (၅)ပါး ရှိ၏၊ ယောဂါဝစရပုဂ္ဂိုလ်၏ စိတ်အစဉ်ကို နိဗ္ဗာန်သို့သွားရာ သမထဘာဝနာလမ်းကြောင်း ဝိပဿနာဘာဝနာလမ်းကြောင်းမှ တိမ်းစောင်း၍ ဘေးသို့ ကျမသွားအောင် ထိန်းချုပ်ထားနိုင်သော စွမ်းအားကြီး ငါးရပ်ပင် ဖြစ်၏၊ ထိုတွင် သဒ္ဓါဟူသည်မှာ ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည့် ယုံကြည်သင့် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌ ယုံကြည်မှုတည်း။ ဘုရားရှင်၏ ဗောဓိဉာဏ်တော်မြတ် အပေါ်၌ ယုံကြည်ဖို့လည်း အထူးလိုအပ်၏၊ ဘုရားရှင်၏အပေါ်၌ ထိုထို ဤဤ ကြံစည်လျက် မယုံကြည်မှုတွေ များပြားနေပါက ယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာလုပ်ငန်းခွင်သည် နောက်သို့ ဆုတ်သွားမည် ဖြစ်၏၊ ဘုရားရှင်၏ မဂ် (၄)ပါး ဖိုလ် (၄)ပါး နိဗ္ဗာန် ပရိယတ်တည်းဟူသော (၁၀)တန်သော တရားတော်မြတ်အပေါ်၌လည်း ယုံကြည်မှု အပြည့်အဝရှိဖို့ကား အထူးလိုအပ်လျက် ရှိ၏၊ ဘုရားရှင် ဟောကြားထားတော်မူအပ်သော ပရိယတ်တရားတော် တို့ကား ဘာဝနာလုပ်ငန်းခွင်ကို လမ်းညွှန်ပေးနေသော တရားတော်တို့သာ ဖြစ်ကြ၏၊ ယင်းတရားတော်တို့အပေါ်၌ ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝရှိဖို့ကား ဤအပိုင်းတွင် အထူးလိုအပ်ပေသည်။

ဝင်လေ-ထွက်လေကို ရှုနေရုံမျှဖြင့် စျာန်ရသည်ဆိုသည်မှာ ဟုတ်မှဟုတ်ပါ့မလား၊ ဝါဂွမ်းစိုင်ကဲ့သို့ ဖြူဖွေးနေသော ဥဂ္ဂဟနိမိတ် ရေခဲတုံး ဖန်တုံး မှန်တုံးကဲ့သို့ အလွန် ကြည်လင်တောက်ပနေသော ပဋိဘာဂနိမိတ်တို့ ဖြစ်ပေါ်လာကြသည် ဆိုသည်မှာ ဟုတ်မှဟုတ်ပါ့မလား – ဤသို့ စသည်ဖြင့် ဘုရားရှင်၏ တရားတော်အပေါ်၌ မယုံကြည်မှု အဿဒ္ဓိယ တရားတွေ အားကောင်းနေလျှင်သော်လည်းကောင်း, ယခုခေတ်ကား စျာန်ရနိုင်သည့်ခေတ် မဟုတ်ဟု ခေတ်ကို လွှဲချနေလျှင်သော်လည်းကောင်း ယောဂါဝစရပုဂ္ဂိုလ်၏ သဒ္ဓါတရားမှာ ယုတ်လျော့နေသည် မည်၏၊ ယင်းသို့ အားပျော့နေသော သဒ္ဓါတရားက ယောဂါဝစရပုဂ္ဂိုလ်၏ သမထဘာဝနာစိတ်ကို သမထလမ်းကြောင်းပေါ်မှ တိမ်းစောင်း၍ ဘေးသို့ ကျမသွားအောင် ထိန်းချုပ်ထားနိုင်သည့် စွမ်းအား မရှိတော့ပေ။

အာနာပါနကမ္မဋ္ဌာန်းကဲ့သို့ သမထဘာဝနာတစ်ခုကို ပွားများနေသော သမာဓိကမ္မိက ယောဂါဝစရပုဂ္ဂိုလ်အဖို့ သဒ္ဓါတရား အားကောင်းလျှင်လည်း သင့်မြတ်သည်သာ ဖြစ်၏၊[မှတ်စု ၃၄] အာနာပါန သမထဘာဝနာလုပ်ငန်းခွင်၌ “ဝင်လေထွက်လေဟု နှလုံးသွင်းမှုကို ပြုနေရုံမျှဖြင့် အဘယ်မှာလျှင် စျာန်တရားသည် ဖြစ်ပေါ်လာနိုင်ပါအံ့နည်း” - ဟု မကြံစည်တော့ဘဲ “အဒ္ဓါ သမ္မာသမ္ဗုဒ္ဓေန ဝုတ္တဝိဓိ ဣဇ္စျိဿတိ= သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ဟောကြားထား တော်မူအပ်သော အစီအရင်သည် မချွတ်ဧကန် ပြီးစီးပြည့်စုံပေလတ္တံ့” - ဟု ယုံကြည်လျက် ယုံကြည်မှုသဒ္ဓါတရားကို ဖြစ်စေလျက် အာနာပါနဿတိ ဘာဝနာလုပ်ငန်းရပ်ကို ပြုလုပ်ပါ။

တစ်ဖန် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု၌ လွတ်လွတ်သက်ဝင်၍ ဆုံးဖြတ်ခြင်း သဒ္ဓါဓိမောက္ခကိစ္စက, အထူးသဖြင့် အာနာပါနဘာဝနာလုပ်ငန်းခွင်၌ လွတ်လွတ်သက်ဝင်၍ ဆုံးဖြတ်ခြင်း သဒ္ဓါဓိမောက္ခကိစ္စက အလွန် ထင်ရှားနေသောကြောင့်လည်းကောင်း, ပညိန္ဒြေက = အာနာပါနပဋိဘာဂနိမိတ်ကို ထိုးထွင်းသိနေသော အသိဉာဏ်က မသန့်ရှင်းသောကြောင့်လည်းကောင်း = ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မသိမမြင်သောကြောင့်လည်းကောင်း, ဝီရိယ သတိ သမာဓိ ဣန္ဒြေတို့က လျော့လျော့ရဲရဲ ရှိနေခြင်းစသော အကြောင်းတရားကြောင့်လည်းကောင်း သဒ္ဓိန္ဒြေသည် အလွန်အားကောင်းနေ၏၊ ထိုအခါ၌ ဝီရိယိန္ဒြေသည် မိမိနှင့်ယှဉ်ဖက် စိတ်စေတသိက်တည်းဟူသော သမ္ပယုတ်တရား တို့ကို အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံမှ လျှောကျမသွားအောင် ချီးမြှောက်ထားခြင်း ချီးပင့်ထားခြင်း ပဂ္ဂဟလုပ်ငန်းကိစ္စကို မရွက်ဆောင်နိုင်။

သတိန္ဒြေသည်လည်း အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံကို အသိဉာဏ်၌ ထင်ထင်ရှားရှား ဖြစ်ပေါ်လာစေခြင်း ဥပဋ္ဌာနကိစ္စကို မရွက်ဆောင်နိုင်။ သမာဓိန္ဒြေသည်လည်း အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်အာရုံမှ ပြင်ပအာရုံသို့ စိတ်ပျံ့လွင့်မသွားအောင် ရွက်ဆောင်ပေးခြင်း အဝိက္ခေပကိစ္စကို မရွက်ဆောင်နိုင်။ ပညိန္ဒြေသည်လည်း အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့ သမထအာရုံနိမိတ်ကို ထိုးထွင်းသိမြင်ခြင်း ဒဿနကိစ္စကို ပြုလုပ်အံ့သောငှာ မစွမ်းနိုင်။ ထို့ကြောင့် ပရမတ္ထဓမ္မသဘာဝကို ဆင်ခြင်ခြင်းဖြင့်လည်းကောင်း[မှတ်စု ၃၅], သဒ္ဓိန္ဒြေ အားကောင်း လောက်အောင် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံကို နှလုံးမသွင်းခြင်းဖြင့်လည်းကောင်း သဒ္ဓိန္ဒြေကို ယုတ်လျော့စေရ၏၊

အကယ်၍ ဝီရိယိန္ဒြေ = ကြိုးစားအားထုတ်မှု လုံ့လဝီရိယက အားကောင်းနေပြန်လျှင်လည်း သဒ္ဓါ သတိ သမာဓိ ပညာတို့သည်လည်း အဓိမောက္ခကိစ္စ ဥပဋ္ဌာနကိစ္စ အဝိက္ခေပကိစ္စ ဒဿနကိစ္စဟူသော မိမိ မိမိ၏ ဆိုင်ရာကိစ္စ အသီးအသီးကို မရွက်ဆောင်နိုင်တော့ပေ။ ထိုကြောင့် ပဿဒ္ဓိ သမာဓိ ဥပေက္ခာသမ္ဗောဇ္ဈင်များ ဖြစ်ပေါ်လာလောက် အောင် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးပမ်းခြင်းဖြင့် လွန်ကဲနေသော ဝီရိယိန္ဒြေကို ယုတ်လျော့စေရ၏၊ သမာဓိ ပညာတို့ လွန်ကဲရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။

ဤအရာ၌ သဒ္ဓါနှင့်ပညာ, သမာဓိနှင့်ဝီရိယတို့၏ ညီမျှမှုကို ပညာရှိ သူတော်ကောင်းတို့က ချီးမွမ်းတော်မူကြ၏၊ သဒ္ဓါက အားကောင်း၍ ပညာက နုံ့နေသော် မုဒ္ဓပ္ပသန္န= အနှစ်မမှီး အချည်းနှီးသော အရာဝတ္ထု၌ ကြည်ညိုနေတတ်၏၊ တိတ္ထိတို့၏ တပည့်သာဝကတို့ကဲ့သို့ မကြည်ညိုသင့် မကြည်ညိုထိုက်သော အရာဝတ္ထု၌ ကြည်ညိုနေတတ်၏၊ (မနှဲလေးမင်းကြီး-မင်းကလေး-မယ်တော်ကြီး စသည်တို့ကို ကြည်ညိုနေသကဲ့သို့ မှတ်ပါ။)

ပညာက အားကောင်း၍ သဒ္ဓါက နုံ့ပြန်လျှင်လည်း ကေရာဋိကပက္ခ = ကောက်ကျစ်စဉ်းလဲသည့်ဘက်သို့ ယိုင်လဲသွားတတ်၏၊ တကယ်လက်တွေ့ မကျင့်ဘဲ ဝေဖန်ရေးသမားသက်သက် လုပ်နေတတ်၏၊ ဆေးကြောင့်ဖြစ်သော ရောဂါသည် ကုစားရခက်ခဲသကဲ့သို့ ထိုပုဂ္ဂိုလ်မျိုးသည်လည်း ကုစားဖို့ရန် အလွန်ခက်ခဲတတ်၏၊ ဒါပေမဲ့ဟူသော စကားလုံးများကို ခပ်များများ သုံး၍ ဝေ့လည်ကြောင်ပတ် လုပ်နေတတ်၏၊ မလွှဲမရှောင်သာလျှင် “မြွေမသေ-တုတ်မကျိုး” မူဝါဒကို လက်ခံကျင့်သုံးတတ်၏၊ “ကောင်းတော့ကောင်းပါရဲ့ - ဒါပေမဲ့”ဟူသော စကားလုံးများဖြင့် နိဂုံးချုပ်တတ်၏၊ ဘုရားတရားတော်ကို ကျောခိုင်းနေသူများတည်း။

သဒ္ဓါနှင့်ပညာ တရားနှစ်ပါး ညီမျှခဲ့ပါမူကား ရတနာသုံးတန် ကံ-ကံ၏ အကျိုးတရားစသည့် ယုံကြည်သင့် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု၌သာလျှင် ယုံကြည်တတ်၏၊ အာနာပါနကျင့်စဉ်ကို ဘုရားဟောအတိုင်း တကယ် လက်တွေ့ကျင့်က (ပါရမီလည်း အထိုက်အလျောက် အားကောင်းခဲ့ပါမူ) အာနာပါနပဋိဘာဂနိမိတ်သို့ ဆိုက်နိုင်၏ဟု ယုံကြည်၏၊ စျာန်သို့ ဆိုက်နိုင်၏ဟု ယုံကြည်၏၊ ယုံကြည်သင့် ယုံကြည်ထိုက်သော အရာဝတ္ထု၌ ယုံကြည်ခြင်းပင်တည်း။ ယင်းယုံကြည်မှု သဒ္ဓါတရားလည်း ရှိ၍ တကယ်လက်တွေ့ အာနာပါနကျင့်စဉ်ကို ကျင့်သောအခါ ဉာဏ်ပညာဖြင့် အာနာပါနပဋိဘာဂနိမိတ်ကိုလည်း ထိုးထိုးထွင်းထွင်း သိပါမူ ထိုအခါ သဒ္ဓါနှင့် ပညာ နှစ်ပါးတို့ကား ညီမျှမှု ရှိသွားပြီ ဖြစ်၏၊

တစ်ဖန် သမာဓိက အားကောင်း၍ ဝီရိယက နုံ့နေပြန်လျှင်လည်း သမာဓိသည် ပျင်းရိခြင်း ကောသဇ္ဇတရား၏ ဘက်တော်သားဖြစ်ခြင်းကြောင့် ယောဂီသူတော်ကောင်း၏ စိတ်အစဉ်ကို ပျင်းရိခြင်း ကောသဇ္ဇတရားက လွှမ်းမိုး ဖိစီးသွားတတ်၏၊ ဝီရိယက အားကောင်း၍ သမာဓိက နုံ့နေပြန်လျှင်လည်း ဝီရိယသည် စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ၏ ဘက်တော်သားဖြစ်ခြင်းကြောင့် ယောဂီသူတော်ကောင်း၏ စိတ်အစဉ်ကို ဥဒ္ဓစ္စတရားက လွှမ်းမိုးဖိစီးတတ်ပြန်၏၊ “သမာဓိလွန်သော် ကောသဇ္ဇ၊ ဝီရိယလွန်သော် ဥဒ္ဓစ္စ” ဟူ၏၊ သမာဓိကို ဝီရိယနှင့် ယှဉ်တွဲပေးလိုက်သော် ယင်းသမာဓိသည် ပျင်းရိခြင်း = ကောသဇ္ဇ၌ ကျရောက်ဖို့ရန် အခွင့် မရနိုင်။ ဝီရိယကို သမာဓိနှင့် ယှဉ်စပ်ပေးလိုက်သော် ယင်း ဝီရိယသည် စိတ်ပျံ့လွင့်ခြင်း = ဥဒ္ဓစ္စ၌ ကျရောက်ဖို့ရန် အခွင့် မရနိုင်။ ထိုကြောင့် ထိုသမာဓိနှင့် ဝီရိယ နှစ်မျိုးကို ညီမျှအောင် ပြုကျင့်ပါ။ မှန်ပေသည် - သမာဓိနှင့် ဝီရိယ နှစ်ပါးစုံ ညီမျှခြင်းဖြင့် အပ္ပနာစျာန်သည် ဖြစ်ပေါ်လာ၏၊၊[မှတ်စု ၃၆] သင့်မြတ်၏၊ မှန်ပေသည် - သတိသည် ဥဒ္ဓစ္စ၏ ဘက်တော်သား ဖြစ်ကြကုန်သော စွမ်းအင်လွန်ကဲနေသော သဒ္ဓါ, စွမ်းအင်လွန်ကဲနေသော ဝီရိယ, စွမ်းအင်လွန်ကဲနေသော ပညာတို့၏ အားအစွမ်းကြောင့် ဘာဝနာစိတ်ကို ဥဒ္ဓစ္စဘက်သို့ ကျရောက်ခြင်းမှလည်း စောင့်ရှောက်ပေး၏ = မကျရောက်အောင် စောင့်ရှောက်ပေး၏၊ ပျင်းရိခြင်း ကောသဇ္ဇ၏ ဘက်တော်သားဖြစ်သော သမာဓိကြောင့် ကောသဇ္ဇဘက်သို့ ကျရောက်ခြင်းမှလည်း စိတ်ကို စောင့်ရှောက်ပေး၏ = မကျရောက်အောင် စောင့်ရှောက်ပေး၏၊ ထိုကြောင့် – အလုံးစုံသော ဟင်းလျာတို့၌ ဆားခတ်ခြင်းကို အလိုရှိအပ် သကဲ့သို့လည်းကောင်း, အလုံးစုံသော မင်းမှုကိစ္စတို့၌ လုပ်ငန်းကိစ္စအဝဝတို့၌ ကျွမ်းကျင်လိမ္မာသော အမတ်ကို အလိုရှိအပ်သကဲ့သို့လည်းကောင်း အလားတူပင် အလုံးစုံသောကမ္မဋ္ဌာန်းတို့၌ လီန = ဘာဝနာလုပ်ငန်းခွင်မှ စိတ်ဓာတ်ကျဆင်းရာအခါ, ဥဒ္ဓစ္စ = ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်ရာအခါဟူသော အလုံးစုံသော အချိန်အခါတို့၌ သတိကို အလိုရှိအပ်ပေသည်။ ထိုကြောင့် ရှေးရှေးအဋ္ဌကထာတို့၌ ဤသို့ ဖွင့်ဆိုထားတော်မူ၏ – “သတိကိုကား အခါခပ်သိမ်း ဘာဝနာလုပ်ငန်းခွင်တိုင်း၌ အလိုရှိအပ်၏” .. ဟု ဘုရားရှင်သည် ဟောကြားထားတော်မူ၏၊ အဘယ်ကြောင့်နည်း – ဘာဝနာကုသိုလ်စိတ်သည် သတိလျှင် ကိုးကွယ် လဲလျောင်း ပုန်းအောင်း မှီခိုရာ ရှိ၏၊ မရောက်သေးသော တရားထူး တရားမြတ်သို့ ရောက်ရှိခြင်းငှာ မရသေးသော တရားထူး တရားမြတ်ကို ရခြင်းငှာ မသိသေးသော တရားထူး တရားမြတ်ကို သိခြင်းငှာ ဘာဝနာကုသိုလ်စိတ်သည် သတိကို မှီခိုရ၏၊ သတိမပါဘဲ မိမိ ဘာဝနာကုသိုလ်စိတ်ချည်းသက်သက် တရားထူး တရားမြတ်ကို ရရှိဖို့ရန် သိရှိဖို့ရန် မစွမ်းနိုင်ပေ။ တစ်ဖန် – သတိသည် ဘာဝနာအာရုံကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးတတ်၏၊ ဘာဝနာစိတ်ကိုလည်း ဘာဝနာ အာရုံကို အမှတ်ရနေအောင် ဘာဝနာအာရုံမှ ပျောက်ပျက်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ပေးတတ်၏၊ ထိုကြောင့် ယင်းသတိကို ဝိပဿနာဉာဏ်ဖြင့် ရှုဆင်ခြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ဘာဝနာအာရုံနှင့် ဘာဝနာစိတ်ကို စောင့်ရှောက်ပေးတတ်သော သဘောတရားဟု ရှေးရှူထင်လာ၏၊ သတိနှင့်ကင်း၍ ဘာဝနာစိတ်ကို ချီးပင့်ခြင်း နှိပ်ကွပ်ခြင်း = စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်း စိတ်ဓာတ်ကို နှိပ်ကွပ်ပေးခြင်းသည် မဖြစ်နိုင်။ ထိုကြောင့် ဘုရားရှင်က သတိကို သဗ္ဗတ္ထိက = အခါခပ်သိမ်း အလိုရှိအပ်၏ဟု ဟောကြားတော်မူပေသည်။[မှတ်စု ၃၇]

ဓမ္မဝိစယသမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင် ပီတိသမ္ဗောဇ္ဈင်တည်းဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကို ပွားပေးပါ။ ဤသို့ ပွားသော် စိတ်ဓာတ်ကို ချီးမြှောက်ပေးသည် မည်၏၊ ကျဆင်းနေသော စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်းတည်း။ အပြင်းအထန် ကြိုးစားအားထုတ်ခြင်း = ဝီရိယလွန်ကဲခြင်း စသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် တက်ကြွတုန်လှုပ်လျက် ရှိ၏၊ ပျံ့လွင့်လျက် ရှိ၏၊ ထိုအခါမျိုး၌ ဓမ္မဝိစယ ဝီရိယ ပီတိဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကို မပွားပါနှင့်၊ ပဿဒ္ဓိ သမာဓိ ဥပေက္ခာဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကိုသာ ပွားပေးပါ။ တက်ကြွတုန်လှုပ်နေသောစိတ်ဓာတ် ပျံ့လွင့်နေသောစိတ်ဓာတ်ကို နှိပ်ကွပ်ပေးခြင်းတည်း။

တစ်နည်း – သမထကမ္မဋ္ဌာန်းကို ပွားများဆဲ သမာဓိကမ္မိကပုဂ္ဂိုလ်အား စွမ်းအားကြီးမားသော သဒ္ဓါတရားသည်လည်း သင့်သည်သာတည်း။ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ သမာဓိကို ထူထောင်နိုင်ခဲ့သော် အပ္ပနာစျာန်သို့ မုချရောက်ရှိနိုင်၏ဟု အာရုံသို့ အစဉ်တစိုက် ဝင်သွားသကဲ့သို့ လွတ်လွတ်သက်ဝင် ဆုံးဖြတ်သည်၏ အစွမ်းဖြင့် ယုံယုံကြည်ကြည်ဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံသို့ ပြေးဝင်သွားခဲ့သော် အပ္ပနာစျာန်သို့ ရောက်ရှိပေလတ္တံ့။ စျာန်ကား သမာဓိပြဓာန်းသောကြောင့် ဖြစ်၏၊ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ယောဂါဝစရပုဂ္ဂိုလ် အဖို့ ပညာသည် စွမ်းအင်ကြီးမားခဲ့ပါမူ သင့်သည်သာတည်း။ ဤသို့ စွမ်းအင်ကြီးမားခဲ့သော် ထိုယောဂါဝစရပုဂ္ဂိုလ်သည် လက္ခဏာရေးသုံးတန်ကို ထိုးထွင်းသိမြင်ခြင်း လက္ခဏပဋိဝေဓဉာဏ်သို့ ရောက်ရှိနိုင်၏၊

တစ်ဖန် – သမာဓိ ပညာ နှစ်ပါးတို့၏ ညီမျှခြင်းကြောင့်လည်း လောကီအပ္ပနာစျာန်သည် ဖြစ်ပေါ်လာနိုင်သည် သာလျှင်တည်း။ သို့သော် – “သမထဝိပဿနံ ယုဂနဒ္ဓံ ဘာဝေတိ= သမထနှင့် ဝိပဿနာကို ရှဉ်းစုံကလျက် ယုဂနဒ္ဓနည်းအားဖြင့် ပွားများ၏၊”[မှတ်စု ၃၈] ဤသို့ ဟောကြားထားတော်မူသောကြောင့် လောကုတ္တရာအပ္ပနာသည်ကား ထိုသမာဓိ ပညာ နှစ်မျိုးတို့၏ ညီမျှသည်၏ အဖြစ်ကြောင့်သာလျှင် ဖြစ်ပေါ်နိုင်၏ဟု အလိုရှိအပ်ပေသည်။

သတိ– သတိကား သဒ္ဓါနှင့်ပညာ ညီမျှရေး, သမာဓိနှင့်ဝီရိယ ညီမျှရေး, သမာဓိနှင့်ပညာ ညီမျှရေးတို့အတွက် အခါခပ်သိမ်း အမြဲတမ်း အလိုရှိအပ်သောတရား ဖြစ်၏၊ အခါခပ်သိမ်း နေရာတိုင်း၌ အားကောင်းမှသာလျှင် သင့်မြတ်၏။ မှန်ပေသည် - သတိသည် ဥဒ္ဓစ္စ၏ ဘက်တော်သား ဖြစ်ကြကုန်သော စွမ်းအင်လွန်ကဲနေသော သဒ္ဓါ, စွမ်းအင်လွန်ကဲနေသော ဝီရိယ, စွမ်းအင်လွန်ကဲနေသော ပညာတို့၏ အားအစွမ်းကြောင့် ဘာဝနာစိတ်ကို ဥဒ္ဓစ္စဘက်သို့ ကျရောက်ခြင်းမှလည်း စောင့်ရှောက်ပေး၏ = မကျရောက်အောင် စောင့်ရှောက်ပေး၏။ ပျင်းရိခြင်း ကောသဇ္ဇ၏ ဘက်တော်သားဖြစ်သော သမာဓိကြောင့် ကောသဇ္ဇဘက်သို့ ကျရောက်ခြင်းမှလည်း စိတ်ကို စောင့်ရှောက်ပေး၏ = မကျရောက်အောင် စောင့်ရှောက်ပေး၏။ ထိုကြောင့် – အလုံးစုံသော ဟင်းလျာတို့၌ ဆားခတ်ခြင်းကို အလိုရှိအပ် သကဲ့သို့လည်းကောင်း, အလုံးစုံသော မင်းမှုကိစ္စတို့၌ လုပ်ငန်းကိစ္စအဝဝတို့၌ ကျွမ်းကျင်လိမ္မာသော အမတ်ကို အလိုရှိအပ်သကဲ့သို့လည်းကောင်း အလားတူပင် အလုံးစုံသောကမ္မဋ္ဌာန်းတို့၌ လီန = ဘာဝနာလုပ်ငန်းခွင်မှ စိတ်ဓာတ်ကျဆင်းရာအခါ, ဥဒ္ဓစ္စ = ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်ရာအခါဟူသော အလုံးစုံသော အချိန်အခါတို့၌ သတိကို အလိုရှိအပ်ပေသည်။ ထိုကြောင့် ရှေးရှေးအဋ္ဌကထာတို့၌ ဤသို့ ဖွင့်ဆိုထားတော်မူ၏ – “သတိကိုကား အခါခပ်သိမ်း ဘာဝနာလုပ်ငန်းခွင်တိုင်း၌ အလိုရှိအပ်၏” .. ဟု ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ အဘယ်ကြောင့်နည်း – ဘာဝနာကုသိုလ်စိတ်သည် သတိလျှင် ကိုးကွယ် လဲလျောင်း ပုန်းအောင်း မှီခိုရာ ရှိ၏။ မရောက်သေးသော တရားထူး တရားမြတ်သို့ ရောက်ရှိခြင်းငှာ မရသေးသော တရားထူး တရားမြတ်ကို ရခြင်းငှာ မသိသေးသော တရားထူး တရားမြတ်ကို သိခြင်းငှာ ဘာဝနာကုသိုလ်စိတ်သည် သတိကို မှီခိုရ၏။ သတိမပါဘဲ မိမိ ဘာဝနာကုသိုလ်စိတ်ချည်းသက်သက် တရားထူး တရားမြတ်ကို ရရှိဖို့ရန် သိရှိဖို့ရန် မစွမ်းနိုင်ပေ။ တစ်ဖန် – သတိသည် ဘာဝနာအာရုံကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးတတ်၏။ ဘာဝနာစိတ်ကိုလည်း ဘာဝနာ အာရုံကို အမှတ်ရနေအောင် ဘာဝနာအာရုံမှ ပျောက်ပျက်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ပေးတတ်၏။ ထိုကြောင့် ယင်းသတိကို ဝိပဿနာဉာဏ်ဖြင့် ရှုဆင်ခြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ဘာဝနာအာရုံနှင့် ဘာဝနာစိတ်ကို စောင့်ရှောက်ပေးတတ်သော သဘောတရားဟု ရှေးရှူထင်လာ၏။ သတိနှင့်ကင်း၍ ဘာဝနာစိတ်ကို ချီးပင့်ခြင်း နှိပ်ကွပ်ခြင်း = စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်း စိတ်ဓာတ်ကို နှိပ်ကွပ်ပေးခြင်းသည် မဖြစ်နိုင်။ ထိုကြောင့် ဘုရားရှင်က သတိကို သဗ္ဗတ္ထိက= အခါခပ်သိမ်း အလိုရှိအပ်၏ဟု ဟောကြားတော်မူပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၂၅-၁၂၆။ မဟာဋီ၊၁၊၁၅၀-၁၅၄- ကြည့်ပါ။)

ဗောဇ္ဈင် (၇) ပါး ညီမျှအောင် ကျင့်ပုံ

၁။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို အောက်မေ့အမှတ်ရနေသော အဖန်ဖန် အထပ်ထပ် သိမ်းဆည်းနေသော သတိကား သတိသမ္ဗောဇ္ဈင်၊
၂။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထိုးထွင်းသိနေသော ပညာကား ဓမ္မဝိစယသမ္ဗောဇ္ဈင်၊
၃။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဗောဇ္ဈင်(၇)ပါးတို့ စုံစုံညီညီ ညီညီမျှမျှ ဖြစ်အောင် ကြိုးစားအားထုတ်ခြင်း အထူးသဖြင့် ဓမ္မဝိစယသမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင်တို့ဖြစ်အောင် ကြိုးစားအားထုတ်ခြင်း ဝီရိယကား ဝီရိယသမ္ဗောဇ္ဈင်၊
၄။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ကြည်ရွှင်ဝမ်းမြောက်ခြင်းပီတိကား ပီတိသမ္ဗောဇ္ဈင်၊
၅။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်စေတသိက်တို့၏ ငြိမ်းအေးနေခြင်း ပဿဒ္ဓိကား ပဿဒ္ဓိသမ္ဗောဇ္ဈင်၊
၆။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေခြင်း သမာဓိကား သမာဓိသမ္ဗောဇ္ဈင်၊
၇။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို – “တက်ကြွခြင်း တွန့်ဆုတ်ခြင်း” ဘက်သို့ မရောက်အောင် အညီအမျှထားခြင်း တတြမဇ္ဈတ္တတာကား ဥပေက္ခာသမ္ဗောဇ္ဈင်၊

ဤ ဗောဇ္ဈင်မြတ်တရား (၇)ပါးကိုလည်း ယောဂီသူတော်ကောင်းသည် ညီမျှအောင် ပွားရမည် ဖြစ်သည်။ အလွန့်အလွန် လုံ့လဝီရိယ လျော့နည်းနေခြင်း စသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် အာနာပါန ပဋိဘာဂနိမိတ်တည်းဟူသော ကမ္မဋ္ဌာန်းအာရုံမှ တွန့်ဆုတ်နေ၏၊ စိတ်ဓာတ် ကျဆင်းနေ၏၊ ထိုအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာသမ္ဗောဇ္ဈင်ဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကို မပွားများပါနှင့်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင် ပီတိသမ္ဗောဇ္ဈင်တည်းဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကို ပွားပေးပါ။ ဤသို့ ပွားသော် စိတ်ဓာတ်ကို ချီးမြှောက်ပေးသည် မည်၏။ ကျဆင်းနေသော စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်းတည်း။ အပြင်းအထန် ကြိုးစားအားထုတ်ခြင်း = ဝီရိယလွန်ကဲခြင်း စသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် တက်ကြွတုန်လှုပ်လျက် ရှိ၏၊ ပျံ့လွင့်လျက် ရှိ၏။ ထိုအခါမျိုး၌ ဓမ္မဝိစယ ဝီရိယ ပီတိဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကို မပွားပါနှင့်၊ ပဿဒ္ဓိ သမာဓိ ဥပေက္ခာဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကိုသာ ပွားပေးပါ။ တက်ကြွတုန်လှုပ်နေသောစိတ်ဓာတ် ပျံ့လွင့်နေသောစိတ်ဓာတ်ကို နှိပ်ကွပ်ပေးခြင်းတည်း။

ဗောဓိခေါ်သော အရိယမဂ်ဉာဏ်ကို ရရှိဖို့ရန် အကြောင်းအင်္ဂါရပ်များ ဖြစ်သောကြောင့် ဤတရား (၇)ပါးတို့ကို ဗောဇ္ဈင်ဟု ခေါ်ဆိုသည်။ ဤကား ဣန္ဒြေ (၅)ပါး ဗောဇ္ဈင် (၇)ပါးတို့ကို ညီမျှအောင်ကျင့်ပုံ အကျဉ်းတည်း။

တစ်ခုတည်းသော ဘာဝနာစိတ်၏ အာရုံ မဖြစ်နိုင်ပုံ

ဤနေရာတွင် .. အရှင်သာရိပုတြာကိုယ်တော်မြတ်ကြီးက မိမိ၏ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးတွင် ဤသို့ မိန့်ဆိုထားတော်မူ၏ ..။

နိမိတ္တံ အဿာသပဿာသာ၊ အနာရမ္မဏမေကစိတ္တဿ။
အဇာနတော တယော ဓမ္မေ၊ ဘာဝနာနုပလဗ္ဘတိ။
[မှတ်စု ၃၉]

အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်စ ယောဂီပုဂ္ဂိုလ်များအတွက် ..
၁။ နိမိတ်-ဟူသည် ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းကို ဆိုလိုသည်။
၂။ အဿာသ-ဟူသည် ဝင်သက်လေကို ဆိုလိုသည်။
၃။ ပဿာသ-ဟူသည် ထွက်သက်လေကို ဆိုလိုသည်။

ဤ အဿာသ, ပဿာသ, နိမိတ်ဟူသော သုံးပါးတို့တွင်လည်း –
၁။ အဿာသလျှင် အာရုံရှိသော ဘာဝနာစိတ်ကား တစ်မျိုးတခြား တစ်ပါးသာတည်း။
၂။ ပဿာသလျှင် အာရုံရှိသော ဘာဝနာစိတ်ကား တစ်မျိုးတခြား တစ်ပါးသာတည်း။
၃။ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော နိမိတ်လျှင် အာရုံရှိသော ဘာဝနာစိတ်ကား တစ်မျိုးတခြား တစ်ပါးသာတည်း။[မှတ်စု ၄၀]

ထို့ကြောင့် ဤ အဿာသ, ပဿာသ, နိမိတ်ဟူသော သုံးမျိုးကုန်သော တရားတို့သည် တစ်ခုတည်းသော ဘာဝနာစိတ်၏ အာရုံကား မဖြစ်နိုင်ကြပေ။

တစ်ခုတည်းသော ဘာဝနာစိတ်၏ အာရုံ ဖြစ်နိုင်ပုံ

သို့သော် အထက်က တင်ပြခဲ့သည့်အတိုင်း အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းလာရာ သမာဓိများ အဆင့်ဆင့် ရင့်ညောင်းလာကြသဖြင့် အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူကာ ဣန္ဒြေ (၅)ပါး ဗောဇ္ဈင် (၇)ပါးတို့ကို ညီမျှအောင် ကျင့်နိုင်သဖြင့် အာနာပါနပဋိဘာဂနိမိတ်ကို အဓွန့်ရှည်စွာ အာရုံပြုလျက် နေနိုင်၏၊ ဘာဝနာစိတ်သည်လည်း အာနာပါနပဋိဘာဂနိမိတ် အာရုံတစ်ခုတည်း၌ စူးစူးစိုက်စိုက် နစ်မြုပ်လျက် တည်တံ့နေ၏၊ ထိုအခါ၌ ...

၁။ နိမိတ်-ဟူသည်မှာ အာနာပါနပဋိဘာဂနိမိတ်တည်း။
၂။ အဿာသ-ဟူသည်မှာလည်း အာနာပါနပဋိဘာဂနိမိတ်တည်း။
၃။ ပဿာသ-ဟူသည်မှာလည်း အာနာပါနပဋိဘာဂနိမိတ်ပင်တည်း။

ပကတိသော ဝင်သက်လေ-ထွက်သက်လေဟူသည့် အဿာသ-ပဿာသကို အမှီပြု၍ ဖြစ်ပေါ်လာသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော အာနာပါနနိမိတ်ကိုလည်း အဿာသ-ပဿာသဟုပင် ခေါ်ဆိုနိုင်ပေသည်၊၊[မှတ်စု ၄၁]

ထို့ကြောင့် ပြည်ဆရာတော်ဘုရားကြီးက မိမိ၏ ဝိသုဒ္ဓိမဂ္ဂနိဿယ[မှတ်စု ၄၂]တွင် ဤသို့ မိန့်မှာသွားတော်မူခဲ့၏ ..။

“ယင်းသို့ ထင်လာတိုင်းသော အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ အပ္ပနာစျာန် ဆိုက်နိုင်လောက်သော အခြင်းအရာအားဖြင့် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်တံ့ ခိုင်ခံ့အောင် ကပ်ထားလျက် ဌပနာနည်း၏ အစွမ်းဖြင့် ပွားများနိုင်ခဲ့သော် ပကတိသော ဝင်သက်လေ-ထွက်သက်လေကို အာရုံမမူတော့ဘဲ မျက်နှာလွှဲထားသဖြင့် ပကတိသော အဿာသ-ပဿာသကို မှီ၍ ဖြစ်ပေါ်လာသော ပဋိဘာဂနိမိတ်ကိုသာ မျက်နှာမူထားသဖြင့် ..

၁။ အဿာသ,
၂။ ပဿာသ,
၃။ နိမိတ် –

ဤသုံးပါးတို့သည် တစ်ခုတည်းသော ဘာဝနာစိတ်၏ အာရုံဖြစ်သည် တမုံ့၊ တစ်ခုတည်းသော ဘာဝနာစိတ်၌ မထင်သည်ကား မဟုတ်၊ ထင်ပါ၏ ဩော် - ဟူလိုသည်။”[မှတ်စု ၄၃]

အရှင်သာရိပုတြာကိုယ်တော်မြတ်ကြီးကလည်း ဤသို့ မိန့်ဆိုသွားတော်မူ၏ ..။
နိမိတ္တံ အဿာသပဿာသာ၊ အနာရမ္မဏမေကစိတ္တဿ။
ဇာနတောဝ တယော ဓမ္မေ၊ ဘာဝနာ ဥပလဗ္ဘတိ။
[မှတ်စု ၄၄]

“နိမိတ်, အဿာသ, ပဿာသ –– ဤသုံးမျိုးသောတရားတို့သည် တစ်ခုတည်းသော ဘာဝနာစိတ်၏ အာရုံကား မဖြစ်ခဲ့။ (အားထုတ်စပုဂ္ဂိုလ်များကို ရည်ညွှန်းပြောဆိုသော စကား ဖြစ်သည်။) သို့သော် ယင်းသုံးမျိုးသော တရားတို့ကို တစ်ခုတည်းသော ဘာဝနာစိတ်က သိရှိပါမှသာလျှင် အာနာပါနဿတိသမာဓိဘာဝနာသည် အပ္ပနာစျာန်သို့ ဆိုက်သည့်တိုင်အောင် ပြီးစီးပြည့်စုံမှုကို ရရှိနိုင်၏” –– ဟု မိန့်ဆိုသွားတော်မူခဲ့ခြင်း ဖြစ်၏၊

ဆိုလိုသည်မှာ - အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူကာ အပ္ပနာစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် ပွားများနိုင်သောအခါ နိမိတ်, အဿာသ, ပဿာသ –– ဤ သုံးမျိုးသောတရားတို့သည် အာနာပါနပဋိဘာဂနိမိတ် တစ်ခုတည်းသာ ဖြစ်သွားကြသည့်အတွက် တစ်ခုတည်းသော အပ္ပနာစျာန်စိတ်၏ အာရုံ ဖြစ်နိုင်ကြသည် - ဟု ဆိုလိုပေသည်။

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၄၅]ကလည်း ဤသို့ ထပ်မံ ဖွင့်ဆိုထားတော်မူပြန်၏ ..။

“အကြင် ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အဿာသ, ပဿာသ, နိမိတ်ဟူကုန်သော ဤသုံးပါးကုန်သော တရားတို့သည် တစ်ခုတည်းသော ဘာဝနာစိတ်၏ အာရုံအဖြစ် ရပ်တည်မှု မရှိကုန်၊ ထိုပုဂ္ဂိုလ်၏ အာနာပါန ကမ္မဋ္ဌာန်းသည် အပ္ပနာစျာန်သို့လည်း မရောက်ရှိနိုင်၊ ဥပစာရစျာန် (= ဥပစာရသမာဓိ) သို့လည်း မရောက်ရှိနိုင်။ အလျော်အားဖြင့် ပြောဆိုရမူ – အကြင် ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဤသုံးပါးကုန်သော တရားတို့သည် တစ်ခုတည်းသော ဘာဝနာစိတ်၏ အာရုံအဖြစ် ရပ်တည်မှု ရှိကုန်၏၊ ထိုပုဂ္ဂိုလ်၏သာလျှင် အာနာပါနကမ္မဋ္ဌာန်းသည် အပ္ပနာစျာန် (= အပ္ပနာသမာဓိ) သို့လည်း ရောက်နိုင်၏၊ ဥပစာရစျာန် ဥပစာရသမာဓိသို့လည်း ရောက်ရှိနိုင်၏ဟု မှတ်သားပါလေ” –– ဟု ဖွင့်ဆိုထားတော်မူ၏၊

အထူးမှတ်သားသင့်သော အချက်တစ်ရပ်

အချို့သော ကမ္မဋ္ဌာန်းဆရာတို့ကား အာနာပါန အပ္ပနာစျာန် (= အပ္ပနာသမာဓိ) ၏ အာရုံမှာ “အသံ” ဖြစ်ကြောင်းကိုလည်းကောင်း၊ အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်ရာ၌ သမာဓိအားကောင်းလာသောအခါ “အသံ” တစ်ခုခုကို ဗြုန်းကနဲ ကြားလိုက်ပါက စျာန်သို့ ဆိုက်ရောက်ကြောင်းကိုလည်းကောင်း ဟောပြောနေကြပြန်၏၊ ယခု ရှင်းပြခဲ့သည့်အတိုင်း အာနာပါနစျာန်၏ အာရုံမှာ အာနာပါနပဋိဘာဂနိမိတ် အာရုံတစ်ခုတည်းသာ ဖြစ်၏၊ အဆင်း အသံ အနံ့ အရသာ အတွေ့အထိ အာရုံအမျိုးမျိုးတို့နှင့် စျာန်သမာဓိ၏အာရုံ နိဗ္ဗာန်အာရုံတို့မှ တစ်ပါးသော ဓမ္မသဘောတရားအာရုံတို့သည် ကာမာဝစရနာမ်တရားတို့၏ အာရုံသာ ဖြစ်ကြ၏၊ စျာန်နာမ်တရားတို့၏ အာရုံကား မဟုတ်ကြပေ။ ဤကဲ့သို့သော အဘိဓမ္မာစည်းမျဉ်း သတ်မှတ်ချက်ကိုကား ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်သင့်လှပေသည်။

ပထမစျာန်သို့

စျာန်သို့ ကူးလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရ[မှတ်စု ၄၆]ကို သိမ်းဆည်းတတ်ဖို့ သိမ်းဆည်းထားပြီးဖြစ်ဖို့ ဉာဏ်ဖြင့် ပိုင်းခြားယူပြီးဖြစ်ဖို့ လိုအပ်ပေသည်။ အနုပဒသုတ္တန်[မှတ်စု ၄၇]၌ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် စျာန်အင်္ဂါတို့နှင့်တကွသော စျာနဓမ္မ အမည်ရသော စျာန်နာမ်တရားစုတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ကြောင်းကိုလည်းကောင်း, ထင်ထင်ရှားရှား သိတော်မူကြောင်းကိုလည်းကောင်း, ယင်းတရားတို့၏ ဖြစ်မှု တည်မှု ပျက်မှုကို ထင်ထင်ရှားရှား သိလျက် ဝိပဿနာ ရှုပွားသုံးသပ်နိုင်ကြောင်းကို လည်းကောင်း ဘုရားရှင်ကိုယ်တော်တိုင်က ဝန်ခံလျက် ဟောကြားထားတော်မူ၏၊ ထိုကဲ့သို့ ရှုနိုင်ရခြင်း၏ အကြောင်း ကိုလည်း အဋ္ဌကထာဆရာတော်[မှတ်စု ၄၈]က ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ– ဝတ္ထု (= ဒွါရ ) နှင့် အာရုံကို ပူးတွဲ သိမ်းဆည်းလျက် ယင်းစျာန်နာမ်တရားတို့ကို ဝိပဿနာရှုပွားခြင်းကြောင့် ထိုကဲ့သို့ ရှုနိုင်ကြောင်းကို ရှင်းပြထား၏၊

ပညာအရာတွင် ထိပ်တန်းဧတဒဂ် ဘွဲ့ထူးကြီးကို ဆင်မြန်းသွားတော်မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ကိုယ်တိုင် ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်လျက် လိုက်နာပြုကျင့်သွားတော်မူသော ဤရှေးထုံးဟောင်း ဥပဒေသကြီးကား စျာန်အင်္ဂါတို့ကိုလည်းကောင်း, စျာန်အင်္ဂါနှင့်တကွသော စျာန်နာမ်တရားစုတို့ကိုလည်းကောင်း သိမ်းဆည်းလိုသော = ဉာဏ်ဖြင့် ပိုင်းခြားယူလိုသော ဝိပဿနာလည်း ရှုပွားသုံးသပ်လိုသော ယောဂီသူတော်ကောင်း အတွက် တန်ဖိုး မဖြတ်နိုင်သော ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်၍ လိုက်နာ ပြုကျင့်သင့် ပြုကျင့်ထိုက်သော ရှေးထုံးဟောင်းကြီး တစ်ခုပင် ဖြစ်ပေသည်။

ယောဂီသူတော်ကောင်းသည် အလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် သမာဓိကို ထူထောင်နိုင်သောအခါ ယင်းအာနာပါနပဋိဘာဂနိမိတ်သည်လည်း အထူးကြည်လင်တောက်ပလာသောအခါ ယင်းအာနာပါနပဋိဘာဂနိမိတ် အာရုံအတွင်းသို့ ဘာဝနာစိတ်သည် နစ်မြုပ်သွားကာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်ရှိနေလိမ့်မည်။ ယင်းကဲ့သို့ နစ်မြုပ်နေသော သမာဓိကို စျာန်သမာဓိဟု ခေါ်ဆို၏၊ ယင်းစျာန်သမာဓိကို ခိုင်ခံ့အောင် အချိန်ကြာမြင့်စွာ တည်တံ့အောင် ဆက်လက် ကြိုးပမ်းပါ။

ထိုင်တိုင်းထိုင်တိုင်း ထိုကဲ့သို့ နစ်မြုပ်နေသော သမာဓိကို (၂)နာရီ (၃)နာရီခန့် တည်တံ့အောင် ထူထောင်နိုင်ပါက သုံးလေးရက်ခန့် ကြာသောအခါ စျာန်အင်္ဂါတို့ကို သိမ်းဆည်းလိုက သိမ်းဆည်းနိုင်ပြီ ဖြစ်ပေသည်။ စျာန်အင်္ဂါတို့ကို သိမ်းဆည်းလိုသောအခါ ဘဝင်မနောအကြည်၏တည်ရာ နှလုံးအိမ်အတွင်း ဟဒယဝတ္ထုရှိရာဘက်သို့ လှမ်းအာရုံ ယူကြည့်ပါ။ ကြိမ်ဖန်များစွာ လေ့ကျင့်ပါက ဟဒယဝတ္ထုကို မှီဖြစ်နေသော ဘဝင်မနောအကြည် = မနောဒွါရကို လည်းကောင်း, ယင်းမနောဒွါရတွင် ထင်နေသော အာနာပါနပဋိဘာဂနိမိတ်ကိုလည်းကောင်း လွယ်ကူစွာ သိမ်းဆည်းနိုင် မည် ဖြစ်ပေသည်။ ထိုနောင် သမာဓိကို အရှိန်မြင့်မားသည်ထက် မြင့်မားအောင် ထူထောင်၍ ယင်းဘဝင်မနောဒွါရနှင့် ယင်းအာနာပါနပဋိဘာဂနိမိတ်ကို ပူးတွဲ သိမ်းဆည်းလျက် စျာန်အင်္ဂါတို့ကို ဆင်ခြင်ကြည့်ပါ။ ယင်းဘဝင်မနောဒွါရတွင် ယင်းအာနာပါနပဋိဘာဂနိမိတ်အာရုံက ရှေးရှုထင်ခြင်းသို့ ရောက်သောအခါ = ရှေးရှုကျရောက်လာသောအခါ ယင်းအာနာပါနပဋိဘာဂနိမိတ်အာရုံကို အာရုံပြုနေသော အာရုံမူနေသော စျာန်အင်္ဂါတို့ကို ကြိမ်ဖန်များစွာ ဆင်ခြင်လိုက်ပါက တဖြည်းဖြည်း လွယ်ကူစွာပင် သိမ်းဆည်းနိုင်ပေလိမ့်မည်။ ရှေးဦးစွာ စျာန်အင်္ဂါတို့ကို တစ်လုံးစီ ထင်ထင်ရှားရှား သိအောင် သိမ်းဆည်းပါ။ ထို့နောင် စျာန်အင်္ဂါ (၅)ပါးလုံးကို ပြိုင်တူလိုလို ဉာဏ်၌ ထင်လာအောင် သိမ်းဆည်းပါ။

ဝင်စားမှု များပါစေ - ဆင်ခြင်မှု နည်းပါစေ

ထိုအာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ရောက်အပ် ရအပ်သော ပထမစျာန်ရှိသော ပထမစျာန်ကို ရသစ်စဖြစ်သော အာဒိကမ္မိကပုဂ္ဂိုလ်သည် စျာန်ဝင်စားမှု များပါစေ၊ စျာန်အင်္ဂါကို ဆင်ခြင်မှု မများပါစေနှင့်။ အပြစ်ကား – စျာန်အင်္ဂါကို ဆင်ခြင်ခြင်းများသောသူအား စျာန်အင်္ဂါတို့သည် ရုန့်ရင်းကုန်သည်ဖြစ်၍ ထင်လာတတ်ကုန်၏၊ စျာန်အင်္ဂါကို ဆင်ခြင်ခြင်းများသဖြင့် စျာန်အင်္ဂါတို့၏ ထင်ထင်ရှားရှား ဖြစ်ပေါ်လာသောကြောင့် ဖြစ်၏၊ ပထမစျာန်ကို နိုင်နိုင်နင်းနင်း အဝါးဝစွာ ဝင်စားနိုင်မှု စွမ်းအားရှိသည်၏ အဖြစ်သို့ မရောက်စေအပ်သည်၏ အဖြစ်ကြောင့် စျာန်အင်္ဂါတို့သည် အားမရှိကုန်သည် ဖြစ်၍ ထင်လာကုန်၏၊ ထိုသို့ ထင်လာလတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား ထိုစျာန်အင်္ဂါတို့သည် ရုန့်ရင်းအားနည်းသောအားဖြင့် ထင်လာသည်၏ အဖြစ်ကြောင့် အာနာပါနဿတိသမာဓိဘာဝနာဖြင့် အထက် ဒုတိယစျာန်သို့ တက်ခြင်းငှာ အကြောင်းတရား၏အဖြစ်သို့ မရောက်နိုင်ကုန်။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ပထမစျာန်ကို ဝင်စားမှုများခြင်းဖြင့် နိုင်နိုင်နင်းနင်း အဝါးဝစွာ မပွားစေအပ် မလေ့လာအပ်သည်ရှိသော် အထက် ဒုတိယစျာန်ကို ရစိမ့်သောငှာ အားထုတ်ပါသော်လည်း ရောက်အပ် ရအပ်ပြီးသော ပထမစျာန်မှလည်း ဆုတ်ယုတ်တတ်၏ လျှောကျတတ်၏၊ ဒုတိယစျာန်သို့ ရောက်ရှိ ခြင်းငှာလည်း မစွမ်းနိုင် ရှိတတ်၏၊[မှတ်စု ၄၉]

စျာန်အင်္ဂါ (၅) ပါး

၁။ ဝိတက်= အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော။
၂။ ဝိစာရ= အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော။
၃။ ပီတိ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို နှစ်သက်ခြင်းသဘော။
၄။ သုခ = အာနာပါနပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော။
၅။ ဧကဂ္ဂတာ = အာနာပါနပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်းပေါ်သို့ စိတ် ကျရောက်တည်ငြိမ်နေခြင်းသဘော။

ဝသီဘော် (၅) တန်

၁။ အာဝဇ္ဇနဝသီ = စျာန်ဝင်စား၍ စျာန်အင်္ဂါများကို အလိုရှိတိုင်း ဆင်ခြင်နိုင်စွမ်းရှိခြင်း။
၂။ သမာပဇ္ဇနဝသီ= စျာန်ကို အလိုရှိသလို အလိုရှိတိုင်း ဝင်စားနိုင်စွမ်းရှိခြင်း။
၃။ အဓိဋ္ဌာနဝသီ= စျာန်ကို (၁-နာရီ ၂-နာရီ စသည်ဖြင့်) အလိုရှိသလောက် အချိန်ကာလကို ပိုင်းခြား၍ အဓိဋ္ဌာန်၍ ဝင်စားနိုင်စွမ်းရှိခြင်း။
၄။ ဝုဋ္ဌာနဝသီ= ပိုင်းခြားထားသော အချိန်ကာလ စေ့သော် စျာန်မှ ထနိုင်စွမ်းရှိခြင်း။
၅။ ပစ္စဝေက္ခဏာဝသီ= စျာန်အင်္ဂါတို့ကို အလိုရှိသလို ဆင်ခြင်နိုင်စွမ်း ရှိခြင်း။

စျာန်အင်္ဂါကို အမြန်ဆုံး ဆင်ခြင်နိုင်သော မနောဒွါရာဝဇ္ဇန်း၏ သတ္တိကို ‘အာဝဇ္ဇနဝသီ’ ဟု ခေါ်ဆို၍ စျာန်အင်္ဂါကိုပင် အမြန်ဆုံး ဆင်ခြင်နိုင်သော ပစ္စဝေက္ခဏာဇော၏ သတ္တိကို ‘ပစ္စဝေက္ခဏာဝသီ’ ဟု ခေါ်ဆိုသည်။ မနောဒွါရာဝဇ္ဇန်းနှင့် ပစ္စဝေက္ခဏာဇောတို့ကား မနောဒွါရဝီထိ တစ်ဝီထိ၏ အတွင်း၌ စိတ္တက္ခဏ တစ်ခုပြီးတစ်ခု ဖြစ်နိုင်သော တရားဓမ္မတို့သာ ဖြစ်ကြသည်။ ဆိုလိုသည်မှာ ဇောဝီထိစဉ် တစ်ခုအတွင်း၌ မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်၊ ပစ္စဝေက္ခဏာဇော ငါးကြိမ် သို့မဟုတ် ခုနစ်ကြိမ် စောတတ်၏၊[မှတ်စု ၅၀]

ယောဂီသူတော်ကောင်းသည် ယင်း စျာန်အင်္ဂါများကို ကျေပွန်စွာ နှုတ်တက်ရအောင် လေ့ကျင့်ပါ။ ထိုနောင် အထက်တွင် ရှင်းလင်းတင်ပြထားသည့်အတိုင်း စျာန်အင်္ဂါတို့ကို ဆင်ခြင်ကြည့်ပါ။ စျာန်ကို ဝင်စားလိုက်ပါ၊ ထိုနောင် စျာန်မှထကာ စျာန်အင်္ဂါ တစ်ခုကို သိမ်းဆည်းပါ။ တစ်ဖန် စျာန်ကို ပြန်ဝင်စားပါ။ အခြား စျာန်အင်္ဂါတစ်ခုကို ထပ်ပြီး သိမ်းဆည်းပါ။ ဤသို့လျှင် စျာန်အင်္ဂါ တစ်လုံးစီကို ပိုင်ပိုင်နိုင်နိုင် သိမ်းဆည်းနိုင်ပါက စျာန်အင်္ဂါငါးပါးလုံးကို စျာန်မှ ထတိုင်း သိမ်းဆည်းကြည့်ပါ၊ ပြိုင်တူမြင်အောင် လေ့ကျင့်ပါ။ ပထမစျာန်၏ စျာန်အင်္ဂါ (၅)ပါးတို့သည် အထက်တွင် ရှင်းပြထားသည့်အတိုင်း ထင်ရှားလာသောအခါ ယင်းပထမစျာန်ကို အထက်ပါအတိုင်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။

ဒုတိယစျာန်သို့

ဤဝသီဘော် (၅)တန်တို့၌ ဝသီမြောက်အောင် နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် အဝါးဝစွာ လေ့လာထားအပ်ပြီးသော ပထမစျာန်မှ ထ၍ –

၁။ ဤ ပထမစျာန်သမာပတ်သည် (နီဝရဏကို ပယ်ခွာရာဝယ် ပထမဦးဆုံး ဖြစ်ခြင်းကြောင့်) နီးကပ်သော နီဝရဏရန်သူ ရှိ၏၊
၂။ ဝိတက် ဝိစာရတို့၏ ရုန့်ရင်းသည်၏အဖြစ်ကြောင့် (ကျိုးပျက်လွယ်သော သဘောရှိရကား) အားနည်းသော စျာန်အင်္ဂါ ရှိ၏၊

ဤသို့လျှင် ပထမစျာန်၌ အပြစ်ကို မြင်အောင်ရှု၍ –
၃။ ဒုတိယစျာန်ကို ငြိမ်သက်သောတရားဟု နှလုံးသွင်း၍
၄။ ပထမစျာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိခြင်း နိကန္တိကို ကုန်စေ၍ ဒုတိယစျာန်ကို ရရှိခြင်းငှာ –အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏၊ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် [အထက်ပါ ဦးတည်ချက် (၄)မျိုးဖြင့်] စူးစူးစိုက်စိုက် ရှုအပ်၏၊

ဤအဆင့်၌ အာနာပါနပဋိဘာဂနိမိတ်အာရုံကို မမှတ်ပါနှင့်၊ စိုက်သာ ကြည့်နေပါ၊ ရှုနေပါ။ ဝင်လေ-ထွက်လေဟု မှတ်နေခဲ့သော် “ဝိတက္ကဝိစာရာ ဝစီသင်္ခါရော”[မှတ်စု ၅၁]ဟူသည်နှင့်အညီ ဝင်လေ-ထွက်လေဟူသော မှတ်နေမှု ရွတ်ဆိုနေမှု ဝစီသင်္ခါရကို ဝိတက် ဝိစာရတို့က ပြုပြင်ပေးနေသဖြင့် ဝိတက် ဝိစာရ မပြုတ်နိုင် ရှိတတ်၏၊ ပြုတ်သွားသော်လည်း ပြန်ပြန်ဝင်နေတတ်၏၊ ထိုကြောင့် ဤဒုတိယစျာန်သို့ ကူးသည့်အပိုင်းမှစ၍ အထက်ပိုင်း စျာန်တို့၌ မမှတ်ပါနှင့်။ အာနာပါနပဋိဘာဂနိမိတ်ကိုသာ စိုက်ကြည့်နေပါ၊ ရှုနေပါ။[မှတ်စု ၅၂]

ထိုသို့ ကြိုးစားအားထုတ်လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား အကြင်အခါ၌ ပထမစျာန်မှ ထ၍ အာနာပါန ပဋိဘာဂနိမိတ်ကိုပင် သိမ်းဆည်းတတ် အမှတ်ရတတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ရှေးရှု ဉာဏ်ဖြင့် သက်ဝင်၍ ဆင်ခြင်စဉ် ဝိတက် ဝိစာရတို့သည် ရုန့်ရင်းသောအားဖြင့် ထင်လာကုန်၏၊ ပီတိ သုခသည်လည်းကောင်း, စိတ္တေကဂ္ဂတာ (ဧကဂ္ဂတာ) သည်လည်းကောင်း ငြိမ်သက်သောအားဖြင့် ထင်လာ၏၊ ထိုအခါ၌ ရုန့်ရင်းသော စျာန်အင်္ဂါကို ပယ်ခြင်းငှာလည်းကောင်း, ငြိမ်သက်သော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း ထို အာနာပါနပဋိဘာဂနိမိတ်ကိုပင် အဖန်ဖန် အထပ်ထပ် နှလုံးသွင်းနေပါ၊ စူးစူးစိုက်စိုက် ရှုနေပါ။ ထိုသို့ နှလုံးသွင်း ရှုပွားလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ သုံးပါးရှိသော ဒုတိယစျာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။[မှတ်စု ၅၃]

တတိယစျာန်သို့

ယင်း ရရှိပြီးသော ဒုတိယစျာန်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဤသို့သော ဘာဝနာအစဉ်ဖြင့် ဒုတိယစျာန်ကိုလည်း ရအပ်ပြီးသည်ရှိသော် ယင်းဒုတိယစျာန်ကို ဝသီဘော် (၅)တန်တို့ဖြင့် နိုင်နိုင် နင်းနင်း လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝသီဘော် (၅)တန်တို့ဖြင့် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ ဒုတိယစျာန်မှ ထ၍ –

၁။ ဤ ဒုတိယစျာန်သမာပတ်သည် နီးကပ်သော ဝိတက် ဝိစာရဟူသော ရန်သူရှိ၏၊
၂။ [ထိုဒုတိယစျာန်သမာပတ်၌ စိတ်၏ လောက်လက်ပေါ်သည်၏အဖြစ် ဟူသော ပေါ်လွင်သော အခြင်းအရာဖြင့် ဖြစ်သော အကြင် ပီတိသည် ရှိ၏၊ ယင်းပီတိကြောင့်ပင်လျှင် ဤဒုတိယစျာန်ကို ရုန့်ရင်းကြမ်းတမ်း၏ဟူ၍ ဆိုအပ်၏၊[မှတ်စု ၅၄] ဤသို့ ဟောတော်မူအပ်သော ပီတိ၏ ရုန့်ရင်းသည့်အတွက်ကြောင့် အားနည်းသော စျာန်အင်္ဂါ ရှိ၏၊

ဤသို့လျှင် ထို ဒုတိယစျာန်သမာပတ်၌ အပြစ်ဒေါသကို မြင်အောင် ရှု၍ –
၃။ တတိယစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍၊
၄။ ဒုတိယစျာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိခြင်း နိကန္တိကို ကုန်စေ၍ .. တတိယစျာန်ကို ရရှိခြင်းငှာ အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏၊ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် [အထက်ပါ ဦးတည်ချက် (၄)မျိုးဖြင့်] စူးစူးစိုက်စိုက် ရှုအပ်၏၊[မှတ်စု ၅၅]

ထိုသို့ ကြိုးစားအားထုတ်လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား အကြင်အခါ၌ ဒုတိယစျာန်မှ ထ၍ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် သိမ်းဆည်းတတ် အမှတ်ရတတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍ အာနာပါန ပဋိဘာဂနိမိတ်အာရုံကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ရှေးရှု ဉာဏ်သက်ဝင်၍ ဆင်ခြင်စဉ် ပီတိသည် ရုန့်ရင်းသောအားဖြင့် ထင်လာ၏၊ သုခသည် လည်းကောင်း, ဧကဂ္ဂတာသည်လည်းကောင်း ငြိမ်သက်သောအားဖြင့် ထင်လာ၏၊ ထိုအခါ၌ ရုန့်ရင်းသော စျာန်အင်္ဂါကို ပယ်ခြင်းငှာလည်းကောင်း, ငြိမ်သက်သော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင်လျှင် အဖန်ဖန်အထပ်ထပ် နှလုံးသွင်းနေပါ။ စူးစူးစိုက်စိုက် ရှုနေပါ။ ထိုသို့ နှလုံးသွင်းရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော တတိယစျာန်သည် ဖြစ်ပေါ် လာပေလတ္တံ့။[မှတ်စု ၅၆]

ဤတတိယစျာန်၌ တတြမဇ္ဈတ္တတာ စေတသိက်ဟူသော တတြမဇ္ဈတ္တုပေက္ခာသည် ဝိတက်-ဝိစာရ-ပီတိတို့ မရှိခြင်းကြောင့် အလွန်ပေါ်လွင်ထင်ရှားနေ၏၊ တတိယစျာန်ချမ်းသာကိုပင် အညီအမျှ လျစ်လျူ ရှုနိုင်သူ သတိရှိသူ ချမ်းသာစွာနေလေ့ရှိသူဟု ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့က ယင်းတတိယစျာန်နှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို ချီးမွမ်းမြှောက်စားတော်မူကြ၏၊ ဤစျာန်၌ တတြမဇ္ဈတ္တတာ၏စွမ်းအား သတိ၏စွမ်းအား သုခ၏ စွမ်းအားတို့ကား အလွန်ပေါ်လွင်ထင်ရှားလျက် အလွန်မြင့်မားလျက် ရှိကြ၏၊ လောကီသုခတို့တွင် ဤတတိယစျာန်သုခကား အမြင့်မားဆုံး ဖြစ်၏၊ အထက်အထက်စျာန်တို့၌ သုခဝေဒနာမယှဉ်ဘဲ ဥပေက္ခာဝေဒနာသာ ယှဉ်သောကြောင့် ဖြစ်၏၊ ယင်းတတိယစျာန်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။

စတုတ္ထစျာန်သို့

ဤသို့သော ဘာဝနာအစဉ်ဖြင့် ထိုတတိယစျာန်ကိုလည်း ရရှိအပ်ပြီးသည်ရှိသော် ဆိုအပ်ခဲ့ပြီးသည့်နည်းအတိုင်း ပင်လျှင် ယင်းတတိယစျာန်ကိုလည်း ဝသီဘော် (၅)တန်တို့ဖြင့် နိုင်နိုင်နင်းနင်း လေ့ကျင့်အပ်ပြီးသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ဝသီဘော် (၅)တန်တို့ဖြင့် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ တတိယစျာန်မှ ထ၍ –

၁။ ဤ တတိယစျာန်သမာပတ်သည် ပီတိဟူသော နီးကပ်သော ရန်သူ ရှိ၏၊
၂။ “အကြင် စျာန်အင်္ဂါကို သုခဟူ၍ စိတ်၏ နှလုံးသွင်းခြင်းသည် ရှိ၏၊ ဤသုခကြောင့်ပင်လျှင် ထိုတတိယစျာန်ကို ရုန့်ရင်း၏ဟူ၍ ဆိုအပ်၏၊”[မှတ်စု ၅၇] ဤသို့ ဟောတော်မူအပ်သော သုခ၏ ရုန့်ရင်းသည်၏ အဖြစ်ကြောင့် အားနည်းသော စျာန်အင်္ဂါ ရှိ၏၊

ဤသို့လျှင် ထို တတိယစျာန်သမာပတ်၌ အပြစ်ဒေါသကို မြင်အောင် ရှု၍ –
၃။ စတုတ္ထစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍၊
၄။ တတိယစျာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိ ခြင်း နိကန္တိကို ကုန်စေ၍ စတုတ္ထစျာန်ကို ရရှိခြင်းငှာ –

အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏၊ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင်လျှင် အထက်ပါ ဦးတည်ချက်တို့ဖြင့် စူးစူးစိုက်စိုက် ရှုအပ်၏၊[မှတ်စု ၅၈]

ထိုသို့ အပတ်တကုတ် ကြိုးစားအားထုတ်လတ်သော် အကြင်အခါ၌ တတိယစျာန်မှထ၍ အာနာပါနပဋိဘာဂ နိမိတ်အာရုံကိုပင် သိမ်းဆည်းတတ် အမှတ်ရတတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ရှေးရှု ဉာဏ်သက်ဝင်၍ ဆင်ခြင်စဉ် ဆင်ခြင်သော ထိုရဟန်း၏ ဉာဏ်၌ စေတသိက-သောမနဿဟု ခေါ်ဆိုအပ်သော သုခသည် ရုန့်ရင်းသောအားဖြင့် ထင်လာ၏၊ ဥပေက္ခာဝေဒနာသည်သာလျှင်လည်းကောင်း, စိတ္တေကဂ္ဂတာသည် လည်းကောင်း ငြိမ်သက်သောအားဖြင့် ထင်လာ၏၊ ထိုအခါ၌ ရုန့်ရင်းသော စျာန်အင်္ဂါကို ပယ်ခြင်းငှာလည်းကောင်း, ငြိမ်သက်သော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း ထိုအာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင်လျှင် အဖန်ဖန် အထပ်ထပ် နှလုံးသွင်းနေပါ၊ စူးစူးစိုက်စိုက် ရှုနေပါ။ ထိုသို့ နှလုံးသွင်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဥပေက္ခာ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော စတုတ္ထစျာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။[မှတ်စု ၅၉]

ယင်း စတုတ္ထစျာန်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။

၁။ ကာယိက-ဒုက္ခဝေဒနာကို ပထမစျာန်၏ ဥပစာရက္ခဏ၌ -
၂။ စေတသိက-ဒေါမနဿဝေဒနာကို ဒုတိယစျာန်၏ ဥပစာရက္ခဏ၌ -
၃။ ကာယိက-သုခဝေဒနာကို တတိယစျာန်၏ ဥပစာရက္ခဏ၌ -
၄။ စေတသိက-သောမနဿဝေဒနာကို စတုတ္ထစျာန်၏ ဥပစာရက္ခဏ၌ အသီးအသီး ပယ်အပ်၏၊[မှတ်စု ၆၀]

စတုတ္ထစျာန်၏ ထူးခြားသော မှတ်ကျောက်

စတုတ္ထစျာန်၌ ဝင်သက်လေ-ထွက်သက်လေသည် = အဿာသ-ပဿာသ ကာယသင်္ခါရသည် သိမ်မွေ့ နူးညံ့ခြင်းကို လွန်သွား၏၊ မဖြစ်ခြင်းသို့သာလျှင် ရောက်ရှိသွား၏ဟု မှတ်ပါ။[မှတ်စု ၆၁]

“အတိသုခုမ = အလွန် သိမ်မွေ့နူးညံ့၏၊ လွန်သော သိမ်မွေ့နူးညံ့ခြင်းရှိ၏”ဟူသည် ပထမစျာန် ဒုတိယစျာန် တတိယစျာန်ဟူသော အခြားအခြားသော စျာန်တို့၌ ရအပ်သော အဿာသ-ပဿာသ ကာယသင်္ခါရသည် စတုတ္ထစျာန်၌ သိမ်မွေ့နူးညံ့မှုကို ကျော်လွန်သွား၏၊ ထိုအဿာသ-ပဿာသ ကာယသင်္ခါရ၏ ထိုစတုတ္ထစျာန်၌ သိမ်မွေ့ နူးညံ့သည်၏ အဖြစ်သော်လည်း မရှိ ဖြစ်တုံသေး၏၊ ရုန့်ရင်းသည်၏ အဖြစ်ကား အဘယ်မှာလျှင် ဖြစ်နိုင်တော့အံ့နည်း။ ထိုကြောင့် “အပ္ပဝတ္တိမေဝ ပါပုဏာတိ = မဖြစ်ခြင်းသို့သာလျှင် ရောက်ရှိသွား၏”ဟု အဋ္ဌကထာဆရာတော်တို့က မိန့်ဆိုတော်မူခြင်း ဖြစ်၏၊[မှတ်စု ၆၂]

ဒီဃဘာဏက မဇ္ဈိမဘာဏက သံယုတ္တဘာဏကဟူသော ထိုဘာဏကမထေရ်မြတ်တို့၏ အလိုအတိုင်း အဋ္ဌကထာက ဖွင့်ဆိုတော်မူခြင်း ဖြစ်၏၊[မှတ်စု ၆၃]

စတုတ္ထစျာန်သမာပတ်ကို ဝင်စားနေသော ပုဂ္ဂိုလ်တို့၏ သန္တာန်၌ အဿာသ-ပဿာသတို့ မရှိကြောင်းကိုလည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၆၄]က ဖွင့်ဆိုထား၏၊

ရှေးသဘောတရားရေးရာအပိုင်း[မှတ်စု ၆၅]တွင် ရှင်းလင်းတင်ပြထားခဲ့သည့်အတိုင်း ဘုရားရှင်ကိုယ်တော်တိုင်ကလည်း အနုပုဗ္ဗနိရောဓသုတ္တန်[မှတ်စု ၆၆]စသည့် ထိုထိုသုတ္တန်တို့၌ စတုတ္ထစျာန်သို့ ဆိုက်ရောက်သောအခါ ဝင်သက်လေထွက်သက်လေတို့ ချုပ်ငြိမ်းကြောင်းကို ဟောကြားထားတော်မူပေသည်။

အထူး သတိပြုသင့်သော အချက်တစ်ရပ်

သို့သော် ဤအရာ၌ ယောဂီသူတော်ကောင်းအနေဖြင့် အထူး သတိပြုသင့်သော အချက်တစ်ရပ် ရှိနေပေ၏၊ ယောဂီသူတော်ကောင်းကိုယ်တိုင် စတုတ္ထစျာန်သို့ ငါဆိုက်ရောက်လေပြီဟု မိမိကိုယ်ကို မိမိ ယုံကြည်ယူဆသောအခါ ငါသည် အသက်ရှူလေသလော မရှူလေသလောဟု ခဏခဏ မဆန်းစစ်ပါနှင့်။ ထိုသို့ ဆန်းစစ်ခဲ့သော် သမာဓိလည်း ပျက်ပြားတတ်၍ ရရှိပြီးစျာန်မှလည်း လျှောကျတတ်သည်။ စတုတ္ထစျာန်သမာပတ်ကိုသာ (မှန်သည်ဟု ယူဆလျှင်) များများဝင်စားနေပါဦး။ စတုတ္ထစျာန်သမာပတ်အခိုက်၌ အသက်မရှူသော်လည်း တစ်နည်း စတုတ္ထစျာန်သမာပတ်သည် အဿာသ-ပဿာသကို မဖြစ်စေသော်လည်း စျာန်အင်္ဂါကို ပြန်လည်ဆင်ခြင်သော မနောဒွါရပစ္စဝေက္ခဏာဇောဝီထိ, အသက်ရှူ-မရှူကို ပြန်လည်ဆင်ခြင်နေသော ကာမဇောမနောဒွါရဝီထိတို့မှာ အဿာသ-ပဿာသကို ဖြစ်စေနိုင်သော ဇောဝီထိစိတ်အစဉ်တို့ ဖြစ်ကြ၏၊ ထိုကြောင့် အသက်ရှူ-မရှူကို ပြန်လည်ဆန်းစစ်နေသောအခါ ယင်းဆန်းစစ်နေသော ကာမဇောမနောဒွါရဝီထိတို့ကြောင့် ဖြစ်ပေါ်လာသော အလွန်သိမ်မွေ့နူးညံ့သော အဿာသ-ပဿာသကို = အသက်ငွေ့ငွေ့ကလေး ရှူနေသည်ကို အချို့ယောဂီများသည် သတိပြုမိနေတတ်၏၊ စတုတ္ထစျာန်သမာပတ်အခိုက်၌ အသက်မရှူသော်လည်း အသက်ရှူ-မရှူကို ပြန်လည် ဆန်းစစ်သောအခိုက်၌ ရှူနေခြင်းသာ ဖြစ်၏၊ ထို့ကြောင့် အစပိုင်းတွင် အသက်ရှူ-မရှူကို ဆန်းစစ်မှု မပြုသေးဘဲ စတုတ္ထစျာန်ကို ဝင်စားမှုကိုသာ များများပြုလုပ်ပါ။ ကျေနပ်မှု ရရှိသောအခါမှ အသက်ရှူ-မရှူကို ပြန်လည် ဆန်းစစ်ပါ။ ဥပေက္ခာ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးတို့မှာလည်း စတုတ္ထစျာန်၏ ဥပစာရသမာဓိအခိုက်၌လည်း ထင်ရှားနေတတ်ရကား စတုတ္ထစျာန်၏ ဥပစာရသမာဓိအခိုက်၌ ဖြစ်ပေါ်နေသော ဥပေက္ခာ-ဧကဂ္ဂတာနှင့် စတုတ္ထစျာန်အခိုက်၌ ဖြစ်ပေါ်နေသော ဥပေက္ခာ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါတို့သည် အနည်းငယ် ရောထွေးတတ်သည်။ ဥပစာရသမာဓိအခိုက်၌ အသက်ရှူမှု ရှိ၏၊ စတုတ္ထစျာန် သမာပတ်အခိုက်၌ အသက်မရှူပေ။ သတိ ရှိစေ။

ယောဂီသူတော်ကောင်းသည် ယင်း စတုတ္ထစျာန်သမာဓိကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။ လင်းရောင်ခြည်စွမ်းအင်များ ပရိယောဒါတ = ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသည့်တိုင်အောင် လေ့ကျင့်ပါ။ ထိုအခါဝယ် ဝိပဿနာသို့ ကူးလိုက ကူးနိုင်ပေပြီ။

  1. အယမ္ပိ ခေါ ဘိက္ခဝေ အာနာပါနဿတိသမာဓိ ဘာဝိတော ဗဟုလီကတော သန္တော စေဝ ပဏီတော စ အသေစနကော စ သုခေါ စ ဝိဟာရော၊ ဥပ္ပန္နုပ္ပန္နေ စ ပါပကေ အကုသလေ ဓမ္မေ ဌာနသော အန္တရဓာပေတိ ဝူပသမေတိ။ (သံ၊၃၊၂၇၉။
    ဝိ၊၁၊၈၈။)
  2. (မ၊၁၊၇၀ ..။)
  3. (သံ၊၃၊၂၈၀။ ဝိ၊၁၊၈၈။)
  4. ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)
  5. (ပဋိသံ၊ဋ္ဌ၊၂၊၇၂။)
  6. (ပဋိသံ၊ဋ္ဌ၊၂၊၇၂။)
  7. အထာနေန တံ နိမိတ္တံ နေဝ ဝဏ္ဏတော မနသိကာတဗ္ဗံ၊ န လက္ခဏတော ပစ္စဝေက္ခိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၂၇၈။)
  8. အဿာသပဿာသာ စိတ္တသမုဋ္ဌာနာဝ။ (ဝိသုဒ္ဓိ၊၁၊၃၄၆။)
    စိတ္တဇေ အဿာသပဿာသကောဋ္ဌာသေပိ ဩဇဋ္ဌမကဉ္စေဝ သဒ္ဒေါ စာတိ နဝ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)
  9. (ဝိသုဒ္ဓိ၊၁၊၂၇၀။ ..)
  10. (ဝိသုဒ္ဓိ၊၁၊၃၄၆၊စာပိုဒ်၊၃၀၈။)
  11. (စာမျက်နှာ၊၂၇၉-၃၀၆။)
  12. ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)
  13. (မ၊၁၊၇၀။)
  14. ယာ ပန တေသံ ဒီဃရဿတာ၊ သာ အဒ္ဓါနဝသေန ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၁၊၂၆၃။)
  15. အဒ္ဓါနဝသေနာတိ ဒီဃကာလဝသေန။ (မဟာဋီ၊၁၊၃၂၀။)
  16. (မ၊၁၊၇၀။)
  17. (ဝိသုဒ္ဓိ၊၁၊၂၆၆။)
  18. (ဝိသုဒ္ဓိ၊၁၊၂၆၆။ မဟာဋီ၊၁၊၃၂၂။)
  19. (စာမျက်နှာ၊၁၉၅ ..စသည်)
  20. (မ၊၁၊၇၀။)
  21. “ဩဠာရိကောဠာရိကေ ကာယသင်္ခါရေ ပဿမ္ဘေမီ”တိ အာဘောဂ-သမန္နာဟာရ-မနသိကာရ-ပစ္စဝေက္ခဏာ ... (ဝိသုဒ္ဓိ၊၁၊၂၆၇။)
  22. နာဟံ ဘိက္ခဝေ မုဋ္ဌဿတိဿ အသမ္ပဇာနဿ အာနာပါနဿတိသမာဓိဘာဝနံ ဝဒါမိ။ (သံ၊၃၊၂၉၄။)
  23. (ဝိသုဒ္ဓိ၊၁၊၂၇၆။)
  24. (ပဋိသံ၊၁၇၅။)
  25. ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)
  26. (မဟာဋီ၊၂၊၄၂၉၊ စာပိုဒ်၊၇၃၃။)
  27. တေသု ဟိ အာနာပါနနိမိတ္တံ တာဝ ဝဍ္ဎယတော ဝါတရာသိယေဝ ဝဍ္ဎတိ၊ ဩကာသေန စ ပရိစ္ဆိန္နံ၊ ဣတိ သာဒီနဝတ္တာ ဩကာသေန စ ပရိ စ္ဆိန္နတ္တာ န ဝဍ္ဎေတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၁၀၉။)
  28. (ဝိသုဒ္ဓိ၊၁၊၂၇၆-၂၇၇။ မဟာဋီ၊၁၊၃၃၅။ စာပိုဒ်၊၂၃၁။)
  29. ဧဝံ ဧကမေဝ ကမ္မဋ္ဌာနံ သညာနာနတာယ နာနတော ဥပဋ္ဌာတိ။ သညဇဥှိ ဧတံ သညာနိဒါနံ သညာပဘဝံ။ တသ္မာ သညာနာနတာယ နာနတော ဥပဋ္ဌာတီတိ ဝေဒိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၂၇၇။)
    သညာနာနတာယာတိ နိမိတ္တုပဋ္ဌာနတော ပုဗ္ဗေဝ ပဝတ္တသညာနံ နာနာဝိဓဘာဝတော။ (မဟာဋီ၊၁၊၃၃၅။)
  30. (ဝိသုဒ္ဓိ၊၂၊၁-၃၊ စာပိုဒ်၊၃၆၅-၃၆၆။)
  31. (ဝိသုဒ္ဓိ၊၂၊၅၈။ မဟာဋီ၊၂၊၆၂။)
  32. (ဝိသုဒ္ဓိ၊၁၊၂၇၈၊၊)
  33. (ဝိသုဒ္ဓိ၊၁၊၂၇၈၊၊)
  34. သမာဓိကမ္မိကဿ ဗလဝတီပိ သဒ္ဓါ ဝဋ္ဋတိ။ (ဝိသုဒ္ဓိ၊၁၊၁၂၆။)
  35. ပရမတ္ထဓမ္မသဘာဝတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ဆင်ခြင်ခြင်း၊ ယင်းတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို ဆင်ခြင်ခြင်းကို ဆိုလိုသည်။
  36. (ဝိသုဒ္ဓိ၊၁၊၁၂၆။)
  37. (ဝိသုဒ္ဓိ၊၁၊၁၂၅-၁၂၆။ မဟာဋီ၊၁၊၁၅၀-၁၅၄- ကြည့်ပါ။)
  38. (ပဋိသံ၊၂၈၃။)
  39. (ပဋိသံ၊၁၆၉။)
  40. နိမိတ္တန္တိ ဥပနိဗန္ဓနနိမိတ္တံ နာသိကဂ္ဂံ မုခနိမိတ္တံ ဝါ။ (ဝိမတိ၊၁၊၂၁၆-၂၁၇။)
    ဧတ္ထ စ အညမေဝ အဿာသာရမ္မဏံ စိတ္တံ၊ အညံ ပဿာသာရမ္မဏံ၊ အညံ နိမိတ္တာရမ္မဏံ။ (ဝိသုဒ္ဓိ၊၁၊၂၇၇။)
  41. အဿာသပဿာသေ နိဿာယ ဥပ္ပန္နနိမိတ္တမ္ပေတ္ထ အဿာသပဿာသသမညမေဝ ဝုတ္တံ။ (မဟာဋီ၊၁၊၃၁၉။)
  42. (ပြည်၊၂၊၂၄၈-၂၄၉- ကြည့်ပါ။)
  43. (ပြည်၊၂၊၂၄၈-၂၄၉- ကြည့်ပါ။)
  44. (ပဋိသံ၊၁၆၉။ ဝိသုဒ္ဓိ၊၁၊၂၇၇။)
  45. ယဿ ဟိ ဣမေ တယော ဓမ္မာ နတ္ထိ၊ တဿ ကမ္မဋ္ဌာနံ နေဝ အပ္ပနံ န ဥပစာရံ ပါပုဏာတိ။ ယဿ ပန ဣမေ တယော ဓမ္မာ အတ္ထိ၊ တေဿဝ ကမ္မဋ္ဌာနံ ဥပစာရဉ္စ အပ္ပနဉ္စ ပါပုဏာတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၇။)
  46. ဘဝင်မနောအကြည်ဓာတ် = မနောဒွါရ အကြောင်းကို စာမျက်နှာ (၁၉၃ ..စသည်) တွင် ကြည့်ပါ။
  47. (မ၊၃၊၇၅-၇၉၊၊)
  48. (မ၊ဋ္ဌ၊၄၊၆၀။)
  49. (ဝိသုဒ္ဓိ၊၁၊၁၄၈။ မဟာဋီ၊၁၊၁၇၈။)
  50. (အကျယ်ကို ဝိသုဒ္ဓိ၊၁၊၁၄၉-၁၅၀။ မဟာဋီ၊၁၊၁၇၈-၁၈၀- ကြည့်ပါ၊၊)
  51. (မ၊၁၊၃၇၅။)
  52. (ဝိသုဒ္ဓိ၊၁၊၁၅၀။)
  53. (ဝိသုဒ္ဓိ၊၁၊၁၅၀။)
  54. (ဒီ၊၁၊၃၄။)
  55. (ဝိသုဒ္ဓိ၊၁၊၁၅၃-၁၅၄။)
  56. (ဝိသုဒ္ဓိ၊၁၊၁၅၄။)
  57. (ဒီ၊၁၊၃၄။)
  58. (ဝိသုဒ္ဓိ၊၁၊၁၅၉။)
  59. (ဝိသုဒ္ဓိ၊၁၊၁၅၉။)
  60. (ဝိသုဒ္ဓိ၊၁၊၁၆၀။ သံ၊၃၊၁၈၈-၁၈၉။)
  61. စတုတ္ထဇ္ဈာနေ အတိသုခုမော အပ္ပဝတ္တိမေဝ ပါပုဏာတီတိ။ (ဝိသုဒ္ဓိ၊၁၊၂၆၇။)
  62. အတိသုခုမောတိ အညတ္ထ လဗ္ဘမာနော ကာယသင်္ခါရော စတုတ္ထဇ္ဈာနေ အတိက္ကန္တသုခုမော။ သုခုမဘာဝေါပိဿ တတ္ထ နတ္ထိ၊ ကုတော ဩဠာရိကတာ အပ္ပဝတ္တနတော။ တေနာဟ “အပ္ပဝတ္တိမေဝ ပါပုဏာတီ”တိ။ (မဟာဋီ၊၁၊၃၂၃။)
  63. (ဝိသုဒ္ဓိ၊၁၊၂၆၇- ကြည့်ပါ။)
  64. စတုတ္ထဇ္ဈာနသမာပန္နာနံ။ (ဝိသုဒ္ဓိ၊၁၊၂၇၅။)
  65. (စာမျက်နှာ၊၁၀၉။)၁၁၆
  66. (အံ၊၃၊၂၀၇။)