နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဘုရားရှင်၏ မှာကြားချက်များ

1698နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်းမေ့ပျောက်လို့ မရနိုင်သည့် ဘုရားရှင်၏ မှာကြားချက်များဖားအောက်တောရဆရာတော်

မေ့ပျောက်လို့ မရနိုင်သည့် ဘုရားရှင်၏ မှာကြားချက်များ

“ဤကား သီလကျင့်စဉ်တည်း၊ ဤကား သမာဓိကျင့်စဉ်တည်း၊ ဤကား ပညာကျင့်စဉ်တည်း။ သီလဖြင့် ထုံမွမ်း ထားအပ်သော သမာဓိသည် ကြီးကျယ်ဖွံ့ဖြိုးများမြတ်သော အကျိုးရှိ၏၊ ကြီးကျယ်ဖွံ့ဖြိုးများမြတ်သော အာနိသင်ရှိ၏၊ သမာဓိဖြင့် ထုံမွမ်းထားအပ်သော ပညာသည် ကြီးကျယ်ဖွံ့ဖြိုးများမြတ်သော အကျိုးရှိ၏၊ ကြီးကျယ်ဖွံ့ဖြိုးများမြတ်သော အာနိသင်ရှိ၏၊ ပညာဖြင့် ထုံမွမ်းထားအပ်သော စိတ်သည် ကောင်းစွာသာလျှင် အာသဝေါတရားတို့မှ လွတ်မြောက်၏၊ အဘယ်အာသဝေါတရားတို့နည်းဟူမူ - ကာမာသဝ ဘဝါသဝ အဝိဇ္ဇာသဝတို့ပင်တည်း။”[မှတ်စု ၁]

အာသဝေါတရားတို့မှ လွတ်မြောက်လျှင် သံသရာဝဋ်ဆင်းရဲဒုက္ခမှလည်း လွတ်မြောက်တော့မည်သာ ဖြစ်သည်။ သို့အတွက် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခန်းရေးအတွက် –
၁။ သီလဖြင့် ထုံမွမ်းထားအပ်သော သမာဓိကို ရအောင် ထူထောင်ရမည်။
၂။ သမာဓိဖြင့် ထုံမွမ်းထားအပ်သော ပညာကို ရအောင် ပွားများရမည်။

သို့မှသာလျှင် ပညာဖြင့် ထုံမွမ်းထားအပ်သော စိတ်သည် အာသဝေါတရားတို့မှ ကောင်းစွာ လွတ်မြောက်မည် ဖြစ်သည်။ တန်ခိုးအာနိသင် ထက်မြက်သော စိတ်တစ်ခုကို ရရှိရေးအတွက် ထိုစိတ်ဓာတ်ကို သီလ သမာဓိ ပညာတို့ဖြင့် ထုံမွမ်းပေးရမည် ဖြစ်သည်။ စံချိန်မီ သီလ-သမာဓိ-ပညာ ဖြစ်မူ ထိုသီလ-သမာဓိ-ပညာတို့ဖြင့် ထုံမွမ်းထားသော စိတ်သည် သိကြားမင်း၏ ဝရဇိန်လက်နက် မိုးကြိုးစက်ထက် အဆပေါင်းများစွာ စွမ်းအင်များ ထက်မြက်လာ၏၊ ကိလေသာကို ကုန်ခန်းစေနိုင်သော စွမ်းအားများ ပေါ်လာတတ်၏၊ တန်ခိုး အကြီးမားဆုံး စွမ်းအင် အထက်မြက်ဆုံး ဖြစ်သော ထိုစိတ်ဓာတ်မျိုးကို အလိုရှိခဲ့ပါမူ သီလ-သမာဓိ-ပညာ သိက္ခာ သုံးရပ် အကျင့်မြတ်ကို ရိုသေစွာ ဖြည့်ကျင့် ရမည်သာ ဖြစ်ပေသည်။ ထိုကြောင့် –– ယောဂီသူတော်ကောင်းသည် ..

၁။ ရှေးဦးစွာ သီလကို စင်ကြယ်အောင် သုတ်သင်ပါ၊ ဖြည့်ကျင့်ပါ။
၂။ သမာဓိကို ထူထောင်ပါ။
၃။ ထိုနောင် အရိယသစ္စာလေးပါးကို သိအောင် ကြိုးစားအားထုတ်ပါ။

တစ်ဖန် ပရိနိဗ္ဗာန်စံလွန်တော်မူမည့်နှစ် ပရိနိဗ္ဗာန်မစံမီ (၃)လမြောက် တပို့တွဲလပြည့်နေ့သို့ အရောက်တွင် ဝေသာလီပြည် စာပါလစေတီတွင် သတိသမ္ပဇဉ်ဉာဏ်ယှဉ်တော်မူကာ အာယုသင်္ခါရကို လွှတ်တော်မူ၏၊[မှတ်စု ၂] ထို့နောင် ဘုရားရှင်သည် ဝေသာလီပြည် မဟာဝုန်တောအတွင်းရှိ စုလစ်မွန်းချွန် အထွတ်တပ်သော ပြာသာဒ်ဆောင်ပေါက်သည့် ကူဋာဂါရသာလာရှိရာ ကျောင်းတိုက်အတွင်းသို့ ကြွရောက်တော်မူခဲ့၏၊ ဝေသာလီပြည်ပတ်ဝန်းကျင်တွင် တည်ရှိသော ရဟန်းသံဃာတော်တို့ကို စည်းဝေးညီမူရာ တန်ဆောင်းဝန်းအတွင်း၌ စည်းဝေးစေတော်မူပြီးလျှင် ထိုရဟန်းတော် တို့အား သာသနာတော် အရှည်ခိုင်ခံ့တည်တံ့ရေးအတွက် ဗောဓိပက္ခိယတရား (၃၇)ပါးတို့ကို ပွားများအားထုတ်ကြရန် တိုက်တွန်းတော်မူပြီးနောက် ဤသို့ ဆက်လက်ကာ မှာကြားတော်မူလေသည် ..။

“ရဟန်းတို့ ...သင်ချစ်သားတို့အား ယခုအခါ ငါဘုရားသည် မိန့်မှာတော်မူပေဦးအံ့..၊ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့က ပြုပြင်ပေးပါမှ ဖြစ်ပေါ်လာကြရသည့် ‘သင်္ခါရ’တရားတို့သည် ပျက်ခြင်းသဘော ရှိကြကုန်၏၊ မမေ့သော သတိတရားဖြင့် မိမိတို့၏ ရဟန်းကိစ္စပြီးစီးအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြကုန်လော့..၊

တထာဂတအမည်ရတော်မူသော သင်တို့ဆရာ ငါဘုရား၏ ပရိနိဗ္ဗာန်စံလွန်တော်မူခြင်းသည် မကြာမြင့်မီ အချိန်ကာလအတွင်း၌ပင် ဖြစ်တော်မူပေလိမ့်မည်၊ ဤနေ့မှ နောက် သုံးလလွန်မြောက်သည့် ကဆုန်လပြည့်နေ့ဝယ် တထာဂတအမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပေတော့အံ့ ...”ဟု –ဤစကားကို မြတ်စွာဘုရားသည် မိန့်ကြားတော်မူ၏၊

ဤစကားတော်ကို မိန့်ကြားတော်မူပြီးလျှင် ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဆက်လက်ကာ ဤမှာကြားချက်တို့ကိုလည်း မိန့်ကြားတော်မူပြန်၏ ..။

“ရဟန်းတော်များ အိုချစ်သားတို့ ... ငါဘုရားရှင်၏ အရွယ်တော်သည်ကား အိုမင်းရင့်ရော်တော်မူလှလေပြီ၊ ငါဘုရားရှင်၏ ကြွင်းကျန်နေသေးသည့် သက်တမ်းသည်ကား အလွန့်အလွန် နည်းပါးလှလေပြီ၊ သင်ချစ်သားတို့ တစ်တွေကို စွန့်လွှတ်ကာ ကြွသွားတော်မူရပေတော့အံ့၊ သို့သော် ငါဘုရားရှင်သည် မိမိ၏ ကိုးကွယ်အားထားရာကို ပြုလုပ်ပြီးခဲ့လေပြီ။

ရဟန်းတော်များ အိုချစ်သားတို့ ... သမထ ဝိပဿနာ ဘာဝနာကုသိုလ်တရားတို့၌ မမေ့ပျောက်ခြင်း အပ္ပမာဒ သတိတရား ထင်ရှားရှိလျက် နေထိုင်ကြကုန်လော့၊ ကောင်းမွန်စင်ကြယ်သော ကိုယ်ကျင့်သီလနှင့် ပြည့်စုံသူတို့ ဖြစ်အောင် ကြိုးစားကြကုန်လော့၊ ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိတို့ဖြင့် ကောင်းစွာ တည်ကြည်သော စိတ်ထားရှိသူတို့ ဖြစ်အောင် ကြိုးစားကြကုန်လော့။ သစ္စာလေးရပ် တရားမြတ်အာရုံပေါ်သို့ မိမိတို့၏ စိတ်ကို ကောင်းစွာ ပို့ဆောင်ပေးတတ်သည့် သမ္မာသင်္ကပ္ပမဂ္ဂင်, သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိမြင်တတ်သည့် သမ္မာဒိဋ္ဌိ မဂ္ဂင်တို့နှင့်လည်း ပြည့်စုံအောင် ကြိုးစားကြကုန်လော့။ မိမိတို့၏ စိတ်ကို ဤသီလ-သမာဓိ-ပညာ ကျင့်စဉ်တို့ကို ကျင့်လျက် ထိန်းသိမ်းစောင့်ရှောက်ကြပါကုန်လော့ ..။

ရဟန်းတော်များ အိုချစ်သားတို့ ... ဤ ဓမ္မ-ဝိနယ သာသနာတော်၌ ဤသို့လျှင် သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို မမေ့မလျော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေသည့် ရဟန်းတော်သည် အဖန်ဖန် အထပ်ထပ် ပြောင်းရွှေ့ကျင်လည်ရာ ‘ဤဘဝသံသရာ’ကို ပယ်စွန့်ကာ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို ပြုနိုင်ပေလတ္တံ့.....”ဟု မိန့်ကြားတော်မူလေ၏၊[မှတ်စု ၃]

သဘောတရားရေးရာအပိုင်း ပြီး၏၊

  1. “ဣတိ သီလံ ဣတိ သမာဓိ ဣတိ ပညာ။ သီလပရိဘာဝိတော သမာဓိ မဟပ္ဖလော ဟောတိ မဟာနိသံသော။ သမာဓိပရိဘာဝိတာ ပညာ မဟပ္ဖလာ ဟောတိ မဟာနိသံသာ။ ပညာပရိဘာဝိတံ စိတ္တံ သမ္မဒေဝ အာသဝေဟိ ဝိမုစ္စတိ၊ သေယျထိဒံ
    - ကာမာသဝါ၊ ဘဝါသဝါ၊ အဝိဇ္ဇာသဝါ”တိ။ (ဒီ၊၂၊၆၈ ...၊ စာပိုဒ်၊၁၄၂...။ မဟာပရိနိဗ္ဗာနသုတ္တန်။)
  2. အာယုသင်္ခါရလွှတ်တော်မူခြင်း---- ဘုရားရှင်သည် နောက်ဆုံး ပစ္ဆိမဝါကို ဝေသာလီပြည်ဝန်းကျင်တွင် တည်ရှိသော ဝေဠုဝရွာငယ်၌ ဝါဆိုဝါကပ်တော်မူ၏၊ ထိုဝါသို့ မကပ်မီ ဝါဆိုလပြည့်နေ့တွင် အလွန်ပြင်းထန်သည့် သေခြင်းလျှင် အဆုံးအပိုင်း အခြား ရှိသည့် ခါးနာသည့် ရောဂါဝေဒနာသည် စွဲကပ်တော်မူလာ၏၊ အတိတ်ဘဝတစ်ခုဝယ် လက်ဝှေ့သမားဖြစ်စဉ် မိမိနှင့် ပြိုင်ဘက် လက်ဝှေ့သမားအား ခါးကို ကိုင်ကာ ရိုက်ချိုးခဲ့ဖူးသော အကုသိုလ်ကံက အကျိုးပေးလာခြင်း ဖြစ်၏၊ ထိုရောဂါဝေဒနာကို တစ်ခဏတာမျှသာ ဝင်စားသည့် ခဏိကအရဟတ္တဖိုလ်သမာပတ်ဖြင့်ကား မပယ်ခွာနိုင်။ ဘုရားရှင်သည် ဘုရားမဖြစ်မီ အလောင်းတော်ဘဝက ဗောဓိပင်ခြေ မြတ်သော ပလ္လင်ဗွေထက်ဝယ် ပုရိမယာမ်၌ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ် ဉာဏ်တော်မြတ် မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုအဘိညာဏ် ဉာဏ်တော်မြတ်တို့ကို ကြိုးပမ်းတော်မူပြီးနောက် မိုးသောက်ယာမ်၌ အာသဝက္ခယဉာဏ်တော်မြတ် ရရှိရန်အလို့ငှာ ရည်သန်တော်မူလျက် ဝိပဿနာဘာဝနာကို နည်းမျိုးစုံဖြင့် ပွားများအားထုတ်တော် မူခဲ့၏၊ ထိုတွင် ရူပသတ္တက ဝိပဿနာရှုနည်း အရူပသတ္တက ဝိပဿနာရှုနည်းတို့လည်း ပါဝင်ကြ၏၊ အလားတူပင် ထိုခါးနာသည့် ရောဂါဝေဒနာကို ပယ်ခွာတော်မူရန်အတွက် အလွန်အရှိန်အဝါအားကောင်းသည့် ဝိပဿနာဉာဏ်များ ရရှိတော်မူရေးအတွက် ရည်ရွယ်တော်မူကာ ရူပသတ္တကဝိပဿနာရှုနည်း အရူပသတ္တကဝိပဿနာရှုနည်းတို့ဖြင့် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အဝါးဝစွာ စီးဖြန်းတော်မူပြီးနောက် အချိန်ကြာမြင့်စွာ အရဟတ္တဖိုလ်ဖလသမာပတ်ကို ဝင်စားတော်မူကာ ယင်းအရဟတ္တဖိုလ်ဖလသမာပတ်မှ အထတွင် အဓိဋ္ဌာန်ပါရမီတော်မြတ်ဖြင့် ယင်းခါးနာသည့် ရောဂါဝေဒနာကို တွန်းလှန်ပယ်ခွာတော်မူလေသည်။ ထိုအရဟတ္တဖိုလ် ဖလသမာပတ်ကိုကား ဘုရားရှင်သည် နေ့စဉ်ပင် ဝင်စားတော်မူရပေသည်။ ယင်းအရဟတ္တဖိုလ်ဖလသမာပတ်ကို ကဆုန်လပြည့် နေ့သို့တိုင်အောင် သက်တော်ကို ထိန်းသိမ်းစောင့်ရှောက်ပြုပြင်ပေးနေသည့် သမာပတ်ဖြစ်ခြင်းကြောင့် အာယုသင်္ခါရဖလသမာပတ် ဟု ခေါ်ဆိုပေသည်၊ ဘုရားရှင်၏ ရုပ်ဇီဝိတ နာမ်ဇီဝိတ သက်တော်အစဉ်ကို အရှည်တည်အောင် ပြုပြင်ပေးနေသည့် သမာပတ် ဖြစ်ခြင်းကြောင့် ဇီဝိတသင်္ခါရဖလသမာပတ်ဟုလည်း ခေါ်ဆိုပေသည်၊ သက်တော်ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် သမာပတ် ဖြစ်ခြင်းကြောင့် အာယုပါလကဖလသမာပတ်ဟုလည်း ခေါ်ဆိုပေသည်။ သို့သော် တပို့တွဲလပြည့်နေ့သို့ ဆိုက်ရောက်တော် မူလာသောအခါ ဝေသာလီပြည် စာပါလစေတီတွင် သတိသမ္ပဇဉ်ဉာဏ်ယှဉ်တော်မူကာ ယင်းအရဟတ္တဖိုလ်ဖလသမာပတ်ကို လာမည့် ကဆုန်လပြည့်နေ့သို့တိုင်အောင်သာလျှင် ဝင်စားတော့မည်ဟု စိတ်တော်ဖြင့် ဆုံးဖြတ်ချက်ချတော်မူလေသည်။ ယင်းသို့ ဆုံးဖြတ်ချက်ချတော်မူခြင်းကိုပင် အာယုသင်္ခါရလွှတ်တော်မူသည်ဟု ခေါ်ဆိုခြင်း ဖြစ်ပေသည်။ (ဒီ၊၂၊၈၄၊၈၉၊ စာပိုဒ်၊၁၆၄၊၁၆၉။ ဒီ၊ဋ္ဌ၊၂၊၁၃၇၊၁၄၇။ ဒီ၊ဋီ၊၂၊၁၅၃။)
  3. (ဒီ၊၂၊၁၀၁၊ စာပိုဒ်၊၁၈၅။ မဟာပရိနိဗ္ဗာနသုတ္တန်)