နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဥပက္ကိလေသပိုင်း

ဥပက္ကိလေသပိုင်း

တရုဏဝိပဿနာဉာဏ်ကို ရရှိသည်တိုင်အောင် ..
၁။ ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရားအားဖြင့် ဖြစ်-ပျက်ရှုနည်း၊
၂။ ခဏတော ဥဒယဗ္ဗယဒဿန = ခဏအားဖြင့် ဖြစ်-ပျက်ရှုနည်း –

ဤ နှစ်မျိုးသော ဝိပဿနာရှုနည်းတို့ဖြင့် တွင်တွင်ကြီး ဝိပဿနာရှုရာအခိုက်၌လည်းကောင်း, ထိုသို့ ရှုပြီးနောက် အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည် ပြားသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို တစ်ဖန်ပြန်၍ ဝိပဿနာ ရှုရာအခါ၌လည်းကောင်း ဝိပဿနာ၏ ညစ်ညူးကြောင်း = ဝိပဿနုပက္ကိလေသတရား (၁၀)မျိုးတို့သည် ဖြစ်ပေါ် လာကြရိုး ဓမ္မတာသာ ဖြစ်ပေသည်။

ဝိပဿနာကို ညစ်ညူးစေတတ်ကုန်သော ဤ ဥပက္ကိလေသတရား (၁၀)ပါးတို့သည် –
၁။ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်ပြီးသော အရိယသာဝက၏သန္တာန်၌လည်းကောင်း, နိဗ္ဗိဒါနုပဿနာစသော အားကောင်းမောင်းသန်သော ဗလဝဝိပဿနာသို့ ဆိုက်ရောက်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ လည်းကောင်း,[မှတ်စု ၁]၂။ သီလပျက်စီးခြင်း, သမာဓိပျက်စီးခြင်း, ပညာကျင့်စဉ် လွဲချော်ခြင်းစသော ကျင့်စဉ်ချွတ်ချော်မှုရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း,
၃။ ဝိပဿနာတရားကို ပွားများအားထုတ်ပါသော်လည်း အားထုတ်စဉ် အကြားကာလ၌ ဝိပဿနာလုပ်ငန်းရပ်၌ စိတ်ဓာတ်ကျဆင်း တွန့်ဆုတ်ကာ ဝိပဿနာဘာဝနာလုပ်ငန်းရပ်ကို စွန့်ပယ်ချထားသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း,
၄။ သီလစသည် ပြည့်စုံပါလျက် ပျင်းရိသဖြင့် ဝိပဿနာဘာဝနာကို အားမထုတ်သော ပုဂ္ဂိုလ်၏သန္တာန်၌ လည်းကောင်း –

ဤ လေးမျိုးကုန်သော ပုဂ္ဂိုလ်တို့၏ သန္တာန်၌ မဖြစ်ပေါ်လာကြကုန်ဟု မှတ်သားပါလေ။ တစ်ဖန် – သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဟူသော ကျင့်စဉ်လွဲချော်မှုမရှိသော ကျင့်စဉ်မှန် သမ္မာပဋိပန္နကပုဂ္ဂိုလ်ဖြစ်သော, ရှေးလုံ့လ နောက်လုံ့လ စပ်၍ ပညာဘာဝနာကို မပြတ်အားထုတ်သော အာရဒ္ဓဝိပဿက အမည်ရသော အမျိုးကောင်းသား အမျိုးကောင်းသမီး၏သန္တာန်၌ကား မချွတ်ဧကန် ဖြစ်ပေါ်လာကြကုန်သည်သာတည်းဟု မှတ်သားပါလေ။[မှတ်စု ၂]

၁။ ဩဘာသ = အရောင်အလင်း

အထက်တွင် တင်ပြခဲ့သည့်အတိုင်း .. ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို နည်းအမျိုးမျိုးဖြင့် လက္ခဏာယာဉ်တင်လျက် တွင်တွင်ကြီး ဝိပဿနာရှုသောအခါ ဝိပဿနာဉာဏ်သည် ထက်မြက်စူးရှလာခဲ့သော် ထိုဉာဏ်နှင့် ယှဉ်သော ဝိပဿနာစိတ်ကြောင့် သို့မဟုတ် ယင်းဝိပဿနာစိတ်+စေတသိက်တို့ကြောင့် စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်များ ဖြစ်ပေါ်လာရာ ယင်း ဩဇဋ္ဌမကရုပ်များတွင် ပါဝင်သော ဝဏ္ဏခေါ် ရူပါရုံသည် အလွန်တောက်ပနေ၏၊ တစ်ဖန် ယင်းစိတ္တဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် ပါဝင်သော တေဇောဓာတ်ခေါ် ဥတုကြောင့်လည်း ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်အသစ်အသစ်တို့သည် ဆင့်ကာဆင့်ကာ ထပ်မံ ဖြစ်ပေါ်လာကြပြန်ကုန်၏၊ ယင်းဥတုဇဩဇဋ္ဌမကရုပ်များ တွင် ပါဝင်သော ရူပါရုံ ဝဏ္ဏဓာတ် အသီးအသီးသည်လည်း အလွန်တောက်ပလျက်ပင် ရှိ၏၊ ယင်း စိတ္တဇဝဏ္ဏဓာတ် ဥတုဇဝဏ္ဏဓာတ်တို့မှာ ဉာဏ်အာနုဘော်က ကြီးလျှင်ကြီးသလို, ဉာဏ်အာနုဘော်က သေးလျှင်သေးသလို တောက်ပကြ၏၊ စိတ္တဇဝဏ္ဏဓာတ်၏ အရောင်အဆင်းကား အဇ္ဈတ္တ၌သာ ပျံ့နှံ့၍တည်၏၊ ဥတုဇဝဏ္ဏဓာတ်၏ အရောင်အဆင်းကား အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင် ဉာဏ်အာနုဘော်က ကြီးမားလျှင် ကြီးမားသလောက် ပျံ့နှံ့၍ တည်၏၊ လောကဓာတ် တိုက်တစ်သောင်းတိုင်အောင်သော်လည်း ပျံ့နှံ့တည်နိုင်၏၊

ထိုအရောင်အလင်းကား ထိုယောဂါဝစရပုဂ္ဂိုလ်အားသာလျှင် ထင်ရှား၏၊ ထိုဉာဏ်အရောင်အလင်းသည် ဗဟိဒ္ဓသို့တိုင်အောင် ပျံ့နှံ့ထွက်သွားသောအခါ ထိုအရောင်လင်းနှင့် တွေ့ထိရာ တွေ့ဆုံရာအရပ်၌ တည်ရှိသော ရူပါရုံကိုလည်း = ရူပါရုံအပေါင်းကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် တွေ့မြင်နိုင်ပေသည်။ ထိုသို့ ဗဟိဒ္ဓလောက၌ တည်ရှိသော ရူပါရုံအမျိုးမျိုးကို တွေ့မြင်ခဲ့သော် – စက္ခုဝိညာဏ်ဖြင့် တွေ့မြင်လေသလော၊ သို့မဟုတ် မနောဝိညာဏ် ဖြင့်ပင် တွေ့မြင်လေသလော – ဟု စူးစမ်းဆင်ခြင်သင့်ကြောင်းကို ဆရာမြတ်တို့က မိန့်ဆိုတော်မူကြပေသည်။ မိမိ မဟာဋီကာဆရာတော်၏ အယူအဆမှာမူ ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိတော်မူကြကုန်သော သူတော်ကောင်းတို့သည် အနီးအဝေးရှိ ရူပါရုံအမျိုးမျိုးကို မြင်တွေ့ရာ၌ ဒိဗ္ဗစက္ခုအဘိညာဏ်စိတ်နှင့် ယင်းဒိဗ္ဗစက္ခုအဘိညာဏ်စိတ်နောင် ဆက်လက်ဖြစ်ပေါ်လာသော ပစ္စဝေက္ခဏာဇောဝီထိစိတ်အစဉ်ဟူသော မနောဝိညာဏ်စိတ်ဖြင့်သာလျှင် မြင်တွေ့ ကြကုန်သကဲ့သို့ အလားတူပင် ဤဝိပဿနာအရာ၌လည်း ဝိပဿနာစိတ်ဟူသော မနောဝိညာဏ်စိတ်ဖြင့်သာလျှင် မြင်တွေ့ခြင်းဖြစ်သည်ဟူသော အယူအဆသည်သာလျှင် အသင့်ယုတ္တိရှိသကဲ့သို့ ထင်မြင်မိပေသည်။[မှတ်စု ၃]

အထက်ပါ မဟာဋီကာဆရာတော်၏ ရှင်းလင်းချက် မှတ်ချက်များမှာ ဝိပဿနာရှုနေသူ ယောဂီပုဂ္ဂိုလ်တို့အတွက် အလွန်စိတ်ဝင်စားဖွယ်ရာ တင်ပြချက်များပင် ဖြစ်ကြပေသည်။

ဝိပဿနာစိတ်၌ အရောင်အလင်းရှိသည်ဟူသော ဤအဆိုအမိန့်ကို သို့မဟုတ် ဝိပဿနာဉာဏ်ကြောင့် အရောင်အလင်းများ ဖြစ်ပေါ်လာကြသည်ဟူသော ဤအဆိုအမိန့်ကို လက်ခံနိုင်ပါလျှင် အဓိစိတ္တ အမည်ရသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌လည်း ပဘဿရ = ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော အရောင်အလင်းရှိ၏ဟူသော အဓိစိတ္တသုတ္တန် အမည်ရှိသော နိမိတ္တသုတ္တန်[မှတ်စု ၄]၌ ဘုရားရှင်၏ ဟောကြားထားတော် မူသော မိန့်ဆိုချက်ကိုလည်း လက်ခံနိုင်ရမည်သာ ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအဓိစိတ္တ အမည်ရသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့သည်လည်း စိတ္တဇဩဇဋ္ဌမကရုပ်ကလာပ်များကို ဖြစ်စေနိုင်ကြသည် သာလျှင် ဖြစ်၏၊ တစ်ခုတစ်ခုသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်သော စွမ်းအားရှိသည်သာ ဖြစ်၏၊ ယင်းစိတ္တဇဩဇဋ္ဌမကရုပ်ကလာပ်များတွင် ပါဝင်သော တေဇောဓာတ် = ဥတု အသီးအသီးကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်များကို အဆင့်ဆင့် ဖြစ်စေနိုင်သည်သာ ဖြစ်၏၊ ယင်း စိတ္တဇဩဇဋ္ဌမကရုပ်ကလာပ် ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသီးအသီးတွင်ပါဝင်သော ဝဏ္ဏဓာတ် = ရူပါရုံကလည်း ဉာဏ်အာနုဘော် ကြီးလျှင်ကြီးသလို တောက်ပနိုင်သည်သာ ဖြစ်ပေသည်။ ယင်း အဓိစိတ္တ အမည်ရသော သမထ ဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်တွဲဖြစ်ကြသော သမ္ပယုတ်တရားစုတွင် ဉာဏ်လည်း ပါဝင်လျက် ရှိပေသည်။ သို့အတွက် အဓိစိတ္တ အမည်ရသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော အရောင်အလင်းရှိသည်ဟူသော ဘုရားဟောဒေသနာတော်ကို ယောဂီသူတော်ကောင်း သည် လက်ခံနိုင်ရမည်သာ ဖြစ်သည်။ အကျိုးဖြစ်သော စိတ္တဇရုပ် ဥတုဇရုပ်တို့၏ အရောင်အလင်းဟူသော အမည်ကို အကြောင်းဖြစ်သော ဉာဏ်အပေါ်၌ တင်စား၍ သမထဉာဏ်ရောင် ဝိပဿနာဉာဏ်ရောင်ဟု ခေါ်ဆိုထားသော ကာရဏူပစာရစကား (တစ်နည်း ဖလူပစာရစကား)ဟု မှတ်ပါ။

ထိုသို့ လက်ခံနိုင်ပါလျှင် ဤကျမ်းစာ ရှေ့ပိုင်း သမထကမ္မဋ္ဌာန်းပိုင်း[မှတ်စု ၅]တွင် တင်ပြခဲ့သည့်အတိုင်း သမာဓိ ထူထောင်စဉ် ဥပစာရသမာဓိ အပ္ပနာသမာဓိတို့နှင့် နီးကပ်နေသော ပရိကမ္မသမာဓိ အခိုက်အတန့်မှ စ၍ ယင်းသမထ ဘာဝနာစိတ်ကြောင့် အရောင်အလင်းများ စတင်ထွက်ပေါ်လာကြောင်းကို ဖွင့်ဆိုသော အင်္ဂုတ္တရဋီကာ ပစလာယမာန သုတ္တန်အဖွင့်[မှတ်စု ၆] စကားရပ်ကိုလည်း လက်ခံနိုင်ပြီ ဖြစ်ပေသည်။ (မဟာဋီကာနှင့် အင်္ဂုတ္တရဋီကာတို့မှာ အာစရိယဓမ္မပါလ အမည်ရတော်မူသော ဆရာတော် အရှင်ဓမ္မပါလ တစ်ဦးတည်း၏ လက်ရာများသာ ဖြစ်ကြသည်။)

ထိုသို့ လက်ခံနိုင်ပါလျှင် အရောင်အလင်းသည် ဥဒယဗ္ဗယဉာဏ် တရုဏဝိပဿနာပိုင်းသို့ ရောက်ရှိပါမှသာလျှင် စတင်ထွက်ပေါ်လာသည်ကား မဟုတ်၊ အဓိစိတ္တအမည်ရသော သမထဘာဝနာစိတ် ဝိပဿနာစိတ်တို့ကြောင့်လည်း အရောင်အလင်းများသည် ထွက်ပေါ်လာနိုင်ရကား သမာဓိကို ထူထောင်သည့်အပိုင်း ဥပစာရသမာဓိ အပ္ပနာသမာဓိ တို့နှင့် နီးကပ်နေသော ပရိကမ္မသမာဓိပိုင်းက စ၍ သမာဓိပိုင်း တစ်လျှောက်လုံး၌လည်းကောင်း, ရုပ်နာမ်ကို သိမ်းဆည်းသည်က စ၍ ဝိပဿနာပိုင်း တစ်လျှောက်လုံး၌လည်းကောင်း သမထဉာဏ်ရောင် ဝိပဿနာဉာဏ်ရောင် ဟူသော အရောင်အလင်းသည် ရှိနေသည်သာ ဖြစ်သည်ဟုလည်း လက်ခံနိုင်ပေပြီ။

အဘယ်ကြောင့် ထပ်မံဖွင့်ဆိုနေရပါသနည်း?

အဓိစိတ္တ အမည်ရသော သမထဘာဝနာတစ်လျှောက် ဝိပဿနာဘာဝနာတစ်လျှောက်လုံး၌ အရောင်အလင်းသည် ထင်ရှားရှိခဲ့ပါလျှင် အဘယ်အကြောင်းကြောင့် ဤဥဒယဗ္ဗယဉာဏ်-တရုဏဝိပဿနာပိုင်းသို့ ရောက်ရှိပါမှ ဩဘာသ = ဝိပဿနောဘာသ = ဝိပဿနာဉာဏ်အရောင်အလင်း ထွက်ပေါ်လာကြောင်းကို ထပ်မံဖွင့်ဆိုနေရသနည်း ဟု မေးမြန်းဖွယ် ရှိလာပြန်၏၊ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏၊ –

ထိုဥပက္ကိလေသတရား (၁၀)မျိုးတို့တွင် ဩဘာသ = အရောင်အလင်းဟူသည် .. ဝိပဿနောဘာသ = ဝိပဿနာအလင်းတည်း (= ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းတည်း။) ထိုဝိပဿနာဉာဏ် အရောင်အလင်းသည် ဖြစ်ပေါ်လာလတ်သော် ယောဂါဝစရပုဂ္ဂိုလ်သည်- “ငါ၏ သန္တာန်၌ ဤမှ ရှေး၌ ဤကဲ့သို့သော အရောင်အလင်းမျိုးသည် မဖြစ်ပေါ်ဖူးလေစွတကား၊ မချွတ်ဧကန် ငါသည် အရိယမဂ်သို့ ဆိုက်ပေပြီ, အရိယဖိုလ်သို့ ဆိုက်ပေပြီ” – ဟု အရိယမဂ်မဟုတ်သော ဩဘာသ = အရောင်အလင်းကိုပင် အရိယမဂ်ဟု, အရိယဖိုလ်မဟုတ်သော ဩဘာသ = အရောင်အလင်းကိုပင် အရိယဖိုလ်ဟု စွဲယူလိုက်၏၊ အရိယမဂ် မဟုတ်သည်ကို အရိယမဂ်ဟု, အရိယဖိုလ် မဟုတ်သည်ကို အရိယဖိုလ်ဟု စွဲယူသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာလမ်းကြောင်းသည် ဝိပဿနာခရီး လမ်းရိုးမှ လွဲချော်ကျသွားသည် မည်၏၊ အဘယ်ကြောင့်နည်းဟူမူ ထိုယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ မူလကမ္မဋ္ဌာန်း အမည်ရသော ဝိပဿနာဘာဝနာလုပ်ငန်းရပ်ကို စွန့်လွှတ်လိုက်၍ ဩဘာသ = အရောင်အလင်းကိုပင် သာယာလျက် ထိုင်နေသောကြောင့် ဖြစ်သည်။[မှတ်စု ၇]

ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ဖွင့်ဆိုရှင်းလင်းချက်နှင့် အညီ ဤဥဒယဗ္ဗယဉာဏ် အမည်ရသော တရုဏဝိပဿနာပိုင်း၌ ဖြစ်ပေါ်လာသော အရောင်အလင်းကား ရှေးရှေး သမထဘာဝနာစိတ် ဝိပဿနာဘာဝနာ စိတ်တို့ကြောင့် ဖြစ်ပေါ်ခဲ့သော အရောင်အလင်းများနှင့် မတူဘဲ တစ်မူထူးခြားလျက် မဖြစ်စဖူး အဦးအသစ် ဖြစ်ပေါ်လာသော အရောင်အလင်း တစ်မျိုးဖြစ်၏၊ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေနိုင်ရုံမျှသော အရပ်ဒေသ, တိုက်ခန်း တစ်နေရာစာလောက် အတိုင်းအတာ ပမာဏရှိသော အရပ်ဒေသမှ အစပြု၍ အကနိဋ္ဌဗြဟ္မာ့ပြည်သို့တိုင်အောင် အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ အရောင်အလင်းသည် ပျံ့နှံ့သွားနိုင်၏၊

ထိုအရောင်အလင်းကိုပင် မဂ်ဟု ဖိုလ်ဟု သို့မဟုတ် မဂ်ဉာဏ်ဖိုလ်ဉာဏ်မှ ထွက်ပေါ်လာသော အရောင်အလင်း ဟု ယူဆလျက် ဝိပဿနာ ရှုပွားမှုကို ရပ်ဆိုင်းပြီးလျှင် ထိုဩဘာသအရောင်အလင်းကို သာယာလျက် နေပါမှသာ ထိုသာယာမှုနိကန္တိသည် ဥပက္ကိလေသ ဖြစ်သည်။ ထိုဩဘာသကို အကြောင်းပြု၍ မာနဖြစ်ပါမှ ဒိဋ္ဌိဖြစ်ပါမှသာ ဥပက္ကိလေသ ဖြစ်သည်။ ထိုကြောင့် ဩဘာသကား ဥပက္ကိလေသ မဟုတ်၊ ဩဘာသကို အာရုံပြု ၍ ဖြစ်ပေါ် လာကြကုန်သော တဏှာ (= နိကန္တိ ) မာန ဒိဋ္ဌိတို့သည်သာလျှင် ဥပက္ကိလေသ ဖြစ်ကုန်သည်။ ဩဘာသကား ယင်းဥပက္ကိလေသတရားတို့၏ တည်ရာဝတ္ထုသာ ဖြစ်သည်။ ယင်းဩဘာသကို ..

“ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ = ဤဩဘာသသည် ငါ့ဟာတည်း၊ ဤဩဘာသသည် ငါတည်း၊ ဤဩဘာသသည် ငါ၏ အတ္တတည်း” –

ဤသို့ စွဲယူလျှင် တဏှာ မာန ဒိဋ္ဌိဖြစ်သည် မည်ပေသည်။

လမ်းမှန်ပေါ်သို့ ပြန်လျှောက်ပုံ

ဩဘာသ အရောင်အလင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စတင် သိမ်းဆည်းပါ။ ဓာတ်ကြီးလေးပါးတို့၏ အစုအပုံကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ အာကာသဓာတ်ကိုပါ မြင်အောင် ဆက်ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိရမည် ဖြစ်ပေသည်။ အလွန့်အလွန် သိမ်မွေ့နူးညံ့သော ရုပ်ကလာပ်အမှုန်များသာတည်း။ ယင်းရုပ်ကလာပ်များကို ဃနအသီးသီးပြိုအောင် ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ပရမတ်ရုပ်တရားတို့ကို သိမ်းဆည်းပါ။ အဇ္ဈတ္တ၌ ပျံ့နှံ့လျက်ရှိသော ဩဘာသ အမည်ရှိသည့် ရုပ်ကလာပ်အမှုန်တို့ကား – စိတ္တဇဩဇဋ္ဌမကရုပ် ဥတုဇ ဩဇဋ္ဌမကရုပ်တို့သာတည်း။ အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင် ပျံ့နှံ့ထွက်သွားသော ရုပ်ကလာပ်တို့ကား ဥတုဇဩဇဋ္ဌမကရုပ်တို့တည်း။ ယင်းစိတ္တဇနှင့် ဥတုဇဩဇဋ္ဌမကရုပ်ပရမတ်တရားတို့ကို သိမ်းဆည်း၍ ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ယင်းရုပ်ပရမတ်တရားတို့ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။ ဝိပဿနာ လမ်းကြောင်းပေါ်သို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သည်။ ထိုနောင် ရှေးယခင် ရှုလက်စဖြစ်သော ရုပ်နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကိုပင် တစ်ဖန် ဆက်လက် ဝိပဿနာရှုမြဲတိုင်း ရှုပါ။

၂။ ဉာဏံ = ဝိပဿနာဉာဏ်

ဥဒယဗ္ဗယဉာဏ်ကို အထွတ်အထိပ်သို့ရောက်အောင် ကြိုးစားအားထုတ်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သင်္ခါရတရားတို့ကို လက္ခဏာယာဉ်တင်ကာ နှိုင်းချိန်စူးစမ်းလျက်ရှိသော ဝိပဿနာဉာဏ်သည် ပစ်လွှတ်လိုက်သော သိကြားမင်း၏ ဝရဇိန်လက်နက်ကဲ့သို့ အဟုန်မပျက် ထက်မြက်စူးရှ သန့်ရှင်းစင်ကြယ်လျက် ဖြစ်ပေါ်လာ၏၊[မှတ်စု ၈]

၃။ ပီတိ = ဝိပဿနာပီတိ

ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲဖြစ်ပေါ်လာသော နှစ်သက်ဝမ်းမြောက်မှု ပီတိတည်း။ ထိုပီတိသည် အောက်ပါ အတိုင်း ငါးမျိုးရှိ၏ ..။

၁။ ခုဒ္ဒကာပီတိ = ကြက်သီးမွေးညင်းထစေ ရွှင်ပြစေတတ်သော သေးငယ်သော ပီတိ၊
၂။ ခဏိကာပီတိ = လျှပ်စစ်ပြက်သကဲ့သို့ ခဏခဏ ဖြစ်ပေါ်လာသော ပီတိ၊
၃။ ဩက္ကန္တိကာပီတိ = ဒီလှိုင်းကဲ့သို့ ရင်တွင်း၌ အလိပ်လိုက် အလိပ်လိုက် တက်လာသော ပီတိ၊
၄။ ဥဗ္ဗေဂါပီတိ = ကိုယ်ကို အထက်သို့ မြောက်ကြွစေ ပျံတက်စေသော ပီတိ၊
၅။ ဖရဏာပီတိ = မွန်မြတ်သော ပဏီတ စိတ္တဇရုပ်တို့ကို တစ်ကိုယ်လုံး အနှံ့အပြား ပျံ့နှံ့ပြည့်ဖြိုးစေ စိမ့်ဝင်စေသော ပီတိ။

ဤတရုဏဝိပဿနာပိုင်း၌ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဤ (၅)မျိုးသော ပီတိတရားတို့သည်လည်း ဖြစ်ပေါ်နေတတ်ကြကုန်၏၊ အထူးသဖြင့် ဖရဏာပီတိသည် လွန်လွန်ကဲကဲ ဖြစ်ပေါ်နေတတ်၏၊[မှတ်စု ၉]

၄။ ပဿဒ္ဓိ = ဝိပဿနာပဿဒ္ဓိ

ပဿဒ္ဓိဟူသည် ဝိပဿနာစိတ်နှင့် ယှဉ်တွဲဖြစ်ပေါ်နေသော စိတ်+စေတသိက်တို့၏ ငြိမ်းအေးမှု ပဿဒ္ဓိတည်း။ ညဉ့်သန့်ရာနေရာ၌ဖြစ်စေ နေ့သန့်ရာနေရာ၌ဖြစ်စေ ထိုင်၍ ဝိပဿနာတရားကို နှလုံးသွင်းနေသော ထို ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်ဝယ် ထိုအခါ၌ ကိုယ်စိတ်တို့၏ ပူပန်မှုလည်း မဖြစ်၊ လေးလံမှုလည်း မဖြစ်၊ ကြမ်းတမ်း ခက်မာမှုလည်း မဖြစ်၊ ဝိပဿနာဘာဝနာအမှု၌ မခံ့ညားမှုလည်း မဖြစ်၊ စိတ်+စေတသိက်တို့၏ နာကျင်မှုလည်း မဖြစ်၊ ကွေ့ကောက် မှုလည်း မဖြစ်ပေ။ အမှန်ဖြစ်နေသည်ကား – စိတ်+စေသိက်တို့၏ ငြိမ်းအေးမှု, ပေါ့ပါးမှု (= လျင်လျင်မြန်မြန် ပြောင်းရွှေ့ပြန်လှန်၍ ဝိပဿနာရှုနိုင်မှု = ရုပ်တစ်လှည့် နာမ်တစ်လှည့် အကြောင်းတစ်လှည့် အကျိုးတစ်လှည့် အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် အတိတ်တစ်လှည့် အနာဂတ်တစ်လှည့် ပစ္စုပ္ပန်တစ်လှည့် အနိစ္စတစ်လှည့် ဒုက္ခတစ်လှည့် အနတ္တတစ်လှည့် – ဤသို့ စသည်ဖြင့် လျင်လျင်မြန်မြန် ပြောင်းရွှေ့ပြန်လှန်၍ အပြန်ပြန် အလှန်လှန် ဝိပဿနာရှုနိုင်မှု), နူးညံ့မှု, ဘာဝနာမှုတို့၌ ခံ့ညားမှု, ကိလေသာအနာတို့မှ သန့်ရှင်းမှု (ဘာဝနာမှု၌ ကျွမ်းကျင်မှု), ဖြောင့်မတ်မှု သဘောတရားတို့သာ ဖြစ်ပေါ်နေကြပေသည်။ [ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိမှ စ၍ ကာယုဇုကတာ စိတ္တုဇုကတာသို့တိုင်အောင် အစုံအစုံသော ယုဂဠစေတသိက် (၁၂ )လုံးတို့သည် ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက် ထင်ထင်ရှားရှား ဖြစ်နေကြသည်ဟူလို။][မှတ်စု ၁၀]

၅။ သုခ = ဝိပဿနာသုခ

ဝိပဿနာဉာဏ်နှင့် ယှဉ်၍ စိတ်ချမ်းသာမှု စေတသိကသုခသည်လည်း ဖြစ်ပေါ်လျက်ရှိ၏၊ ယင်းစေတသိက သုခနှင့် ယှဉ်သော ဝိပဿနာစိတ်ကြောင့် ဖြစ်ကုန်သော အလွန်မွန်မြတ်ကုန်သော စိတ္တဇရုပ်တို့ဖြင့် ယောဂါဝစရ ပုဂ္ဂိုလ်၏ အလုံးစုံသော ရူပကာယသည် တွေ့နှံ့အပ်သည်လည်း ဖြစ်၏၊ ထက်ဝန်းကျင်မှ ပွားစေအပ်သည်လည်း ဖြစ်၏၊ (အလွန် မွန်မြတ်ကုန်သော ပဏီတစိတ္တဇရုပ်တို့သည် တစ်ကိုယ်လုံးဝယ် ပျံ့နှံ့နေကြသည် ဟူလို။) [မှတ်စု ၁၁]

၆။ အဓိမောက္ခ = သဒ္ဓါ

ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ဝိပဿနာစိတ်+စေတသိက်တို့ကို လွန်လွန်ကဲကဲ ကြည်လင်စေတတ်သော အလွန်အားကောင်းသန်မာသော လွတ်လွတ်သက်ဝင် ဆုံးဖြတ်တတ်သော အဓိမောက္ခ အမည်ရသော ဝိပဿနာဘာဝနာလုပ်ငန်းခွင် အပေါ်၌ ယုံကြည်မှု သဒ္ဓါတရားသည်လည်း ဖြစ်ပေါ်နေ၏၊ (အထူးသဖြင့် သီလ သမာဓိ ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်၌ ယုံကြည်မှု သဒ္ဓါတရားတည်း။)

၇။ ပဂ္ဂဟ = ဝီရိယ

ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်သာရှိသော, လျော့ရဲမှု တွန့်ဆုတ်မှု မရှိသော, ရှေးရှေးဖြစ်ပေါ်ပြီးသော ဘာဝနာစွမ်းအားဖြင့်ပြီးသော, အတူယှဉ်ဖက် ဝိပဿနာဘာဝနာစိတ်+စေတသိက် သမ္ပယုတ်တရားတို့ကို ကောင်းစွာ အားပေးထောက်ပံ့တတ် ချီးပင့်တတ်သော, သမ္ပယုတ်တရားတို့ကို ဘာဝနာလုပ်ငန်း ရပ်၌ ပျင်းရိမှု ကောသဇ္ဇဘေးရန်မှ ကာကွယ်ပေးတတ် ချီးပင့်ထုတ်ဆောင်တတ်သော ပဂ္ဂဟ အမည်ရသော ဝီရိယသည်လည်း ဖြစ်ပေါ်နေ၏၊

၈။ ဥပဋ္ဌာန = သတိ

ထိုအချိန်အခါ၌ ထို ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ရှုပွားနေသော ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်သာလျှင် ဖြစ်သော, သင်္ခါရတရားတို့၏ အနိစ္စသဘောမှန် ဒုက္ခသဘောမှန် အနတ္တသဘောမှန် အသုဘသဘောမှန်ကို ကောင်းစွာ ပိုင်းခြားမှတ်သားခြင်းဖြင့် ဝိပဿနာဉာဏ်၏ အရှုခံ သင်္ခါရအာရုံ၌ စွဲမြဲစွာ ကပ်၍တည်သော, ဆန့်ကျင်ဘက် နီဝရဏအညစ်အကြေး ကင်းစင်နေသဖြင့် ဆန့်ကျင်ဘက် နီဝရဏတရားသည် မလှုပ်ရှားစေနိုင်ရကား သင်္ခါရအာရုံ၌ စွဲမြဲစွာတည်သော, မြဲမြံစွာ မြေ၌ စိုက်ထူထားအပ်သော မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ မတုန်မလှုပ်သော တောင်မင်းနှင့်တူသော သတိသည်လည်း ဖြစ်ပေါ်နေ၏၊

ထိုယောဂါဝစရပုဂ္ဂိုလ်သည် မည်သည့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရအာရုံကိုမဆို ဆင်ခြင်အံ့၊ နှလုံးသို့ ကောင်းစွာ ဆောင်အံ့၊ နှလုံးသွင်းအံ့၊ အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဝိပဿနာရှုပွားသုံးသပ်အံ့။ ထိုထို ရုပ်-နာမ်ကြောင်း-ကျိုး = သင်္ခါရအာရုံသည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ သတိအား သက်ဝင်၍ သက်ဝင်၍ ထင်လာသည်သာ ဖြစ်ပေသည်။ (ရှုချင်သည့် သင်္ခါရအာရုံကို ရှုချင်တိုင်း ရှု၍ ရနေသည် ဟူလို။ ဤအဆင့်၌ ယောဂါဝစရပုဂ္ဂိုလ်သည် အနုပဒဓမ္မဝိပဿနာနည်းဖြင့် သင်္ခါရတရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဝိပဿနာရှုလိုက ရှုနိုင်နေပေပြီ။) [မှတ်စု ၁၂]

၉။ ဥပေက္ခာ = ဝိပဿနုပေက္ခာ + အာဝဇ္ဇနုပေက္ခာ

ထိုထို ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရအာရုံ၌ ဝိပဿနာဘာဝနာစိတ်ကို အလယ်အလတ် လျစ်လျူရှုမှုသဘော၌ တည်အောင်ထားတတ်သော, ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက် ရှိသော တတြမဇ္ဈတ္တတာ စေတသိက်သည် ဝိပဿနုပေက္ခာ မည်၏၊ ဝိပဿနာဇောစိတ္တုပ္ပါဒ်၏ ရှေးတွင် ကပ်လျက်တည်ရှိသော မနောဒွါရာဝဇ္ဇန်းစိတ် = ဆင်ခြင် ဆုံးဖြတ်စိတ်နှင့် ယှဉ်သော စေတနာ စေတသိက်သည် သင်္ခါရတရားတို့၏ အနိစ္စသဘောမှန် ဒုက္ခသဘောမှန် အနတ္တသဘောမှန် အသုဘသဘောမှန်ကို ဆင်ခြင်ရာ၌ သင်္ခါရအာရုံတို့အပေါ်ဝယ် အညီအမျှ လျစ်လျူရှုသည်၏ အစွမ်းဖြင့် ဖြစ်ခြင်းကြောင့် အာဝဇ္ဇနုပေက္ခာ မည်၏၊

ထိုအချိန်၌ ထိုယောဂါဝစရပုဂ္ဂိုလ်၏သန္တာန်ဝယ် သို့မဟုတ် ဝိပဿနာဉာဏ်ဝယ် သင်္ခါရတရားတို့၏ ဥဒယဗ္ဗယ သဘော = ဖြစ်မှု ပျက်မှုသဘောကား အလွန့်အလွန် ထင်ရှားနေ၏၊ ထိုသို့ ထင်ရှားနေခြင်းကြောင့် သင်္ခါရတရားတို့ကို ဝိပဿနာရှုခြင်း၌ ကြောင့်ကြစိုက်မှု အထူးမရှိတော့ဘဲ အလယ်အလတ်၌ တည်အောင်ထားနိုင်သော = ဥဒါသိန် မူနိုင်သော အဆင့်သို့ ရောက်ရှိနေ၏၊ အညီအမျှ လွယ်လွယ်ကူကူ ရှု၍ ရနေ၏၊ သင်္ခါရတို့၏ ဥဒယဗ္ဗယသဘာဝတို့၏ အလွန်ထင်နေသည်၏ အဖြစ်ကြောင့် ဥဒယဗ္ဗယသဘောကို ရှုခြင်း၌ အလယ်အလတ် လျစ်လျူသဘောဖြစ်သော တတြမဇ္ဈတ္တုပေက္ခာသည် ဤတရုဏဝိပဿနာပိုင်း၌ ဝိပဿနုပေက္ခာ မည်ပေသည်။ သို့သော် ထိုဥဒယဗ္ဗယသဘော တို့ကား သင်္ခါရတို့၏ ဥဒယဗ္ဗယသဘောသာ ဖြစ်ရကား ဥဒယဗ္ဗယသဘော၌ လျစ်လျူ ရှုမှုဟု မဆိုတော့ဘဲ သင်္ခါရတို့၌ လျစ်လျူ ရှုမှုဟု အဋ္ဌကထာများ၌ ခေါ်ဆိုသုံးနှုန်းထားပေသည်ဟု မှတ်ပါ။ ထိုအချိန်အခါဝယ် ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဝိပဿနုပေက္ခာသည်လည်း အားကောင်းလျက်ပင် ရှိ၏၊ အာဝဇ္ဇနုပေက္ခာသည်လည်း အားကောင်းလျက်ပင် ရှိ၏၊ ထိုအချိန်အခါ၌ ထိုယောဂါဝစရပုဂ္ဂိုလ်၏ အာဝဇ္ဇနုပေက္ခာသည်လည်း သိကြားမင်းသည် ပစ်လွှတ်အပ်သော ဝရဇိန်လက်နက်ကဲ့သို့ ရဲရဲရင့်ရင့် ထက်ထက်မြက်မြက်ပင် ဖြစ်ပေါ်နေပေသည်။[မှတ်စု ၁၃]

ဤဥပက္ကိလေသတို့တွင် အမှတ် (၂)ဖြစ်သည့် ဉာဏ်မှ စ၍ အမှတ် (၉)ဖြစ်သည့် ဥပေက္ခာသို့တိုင်အောင်သော တရားတို့သည်လည်း ဥပက္ကိလေသတရားများ မဟုတ်ကြပေ။ ဥပက္ကိလေသတရားများ၏ တည်ရာ ဝတ္ထုတို့သာ ဖြစ်ကြသည်။ ဤ – ဉာဏ၊ ပီတိ၊ ပဿဒ္ဓိ၊ သုခ၊ အဓိမောက္ခ၊ ပဂ္ဂဟ၊ ဥပဋ္ဌာန၊ ဥပေက္ခာ – ဟူသော (၈)မျိုးသော တရားတို့သည် ဝိပဿနာရှုနေသော ဝိပဿနာဉာဏ်နှင့် အတူယှဉ်လျက် ဖြစ်ပေါ်နေကြသော စေတသိက်သင်္ခါရတရား တို့သာ ဖြစ်ကြသည်။ ဝိပဿနာဉာဏ်နှင့် စိတ္တက္ခဏတစ်ခုအတွင်းဝယ် အတူယှဉ်လျက် ဖြစ်ကြသော စိတ်စေတသိက် နာမ်တရား (၃၄)လုံးတို့တွင် အားလုံးပါဝင်ကြ၏၊ ပုထုဇန်နှင့် သေက္ခပုဂ္ဂိုလ်များအတွက် ယင်းတရားတို့မှာ ဝိပဿနာကုသိုလ်ဇောစိတ္တုပ္ပါဒ်တို့သာ ဖြစ်ကြရကား ယင်းတို့သည် ဥပက္ကိလေသတရားများ မဟုတ်ကြပေ။ သို့သော် ယင်းတရားတို့ကို အာရုံပြု၍ –

“ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ = ဤတရားသည် ငါ့ဟာတည်း၊ ဤတရားသည် ငါတည်း၊ ဤတရားသည် ငါ၏ အတ္တတည်း”- (ငါ၏ ဉာဏ်တည်း၊ ငါ၏ ပီတိတည်း ...)

ဤသို့ စွဲယူခဲ့သော် တဏှာ မာန ဒိဋ္ဌိတို့သည် ဖြစ်ပေါ်လာ၏၊ ယင်း တဏှာ မာန ဒိဋ္ဌိတို့ကား ဥပက္ကိလေသ တရားတို့သာတည်း။

ယင်း ဉာဏ၊ ပီတိ။ ပ။ ဥပေက္ခာ - တရားအသီးအသီးကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟု စွဲယူမိပြန်သော် ဝိပဿနာ လမ်းကြောင်းသည် တိမ်းစောင်း လွဲချော်သွားပြန်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ ဝိပဿနာဘာဝနာလုပ်ငန်း ဟူသော မူလကမ္မဋ္ဌာန်းကို စွန့်လွှတ်လျက် မဂ်စစ် ဖိုလ်စစ် မဟုတ်သော ဉာဏ၊ ပီတိ။ ပ။ ဥပေက္ခာ - တို့တွင် တစ်ခုခုသော တရားကို မဂ်ဖိုလ်ဟု သာယာလျက် ထိုင်နေသောကြောင့် ဝိပဿနာလမ်းကြောင်းသည် တိမ်းစောင်း လွဲချော်သွားခြင်းဖြစ်၏၊

ကျော်လွန်အောင်ကျင့်နည်း

ယင်း ဉာဏ၊ ပီတိ။ ပ။ ဥပေက္ခာတရားတို့သည် သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကို အာရုံယူလျက်ရှိသော ဝိပဿနာဇောတို့နှင့်လည်းကောင်း, အာဝဇ္ဇနုပေက္ခာကဲ့သို့သော အချို့သော တရားတို့သည် ဝိပဿနာဇောစိတ်၏ ရှေးတွင် ကပ်လျက် တည်ရှိသော မနောဒွါရာဝဇ္ဇန်းစိတ်နှင့် လည်းကောင်း အတူယှဉ်တွဲလျက် အောက်ပါ မနောဒွါရိကဇောဝီထိစိတ်အစဉ်အတိုင်း ဖြစ်ပေါ်လျက် ရှိကြ၏၊

တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏၊ ယင်းဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဉ် များကို နာမ်ဃန အသီးအသီး ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲလျက် စိတ္တက္ခဏတိုင်း၏ ဖြစ်မှု ပျက်မှုသဘောကို ဝိပဿနာ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်ကာ ဝိပဿနာရှုပါ။

၁၀။ နိကန္တိ = ဝိပဿနာနိကန္တိ

နိကန္တိဟူသည် ဝိပဿနာနိကန္တိ = ဝိပဿနာ၌ အလိုရှိသော ငဲ့ကွက်တပ်မက်သော သိမ်မွေ့သော နိကန္တိတည်း။ မှန်ပေသည် – ဤသို့ ဩဘာသအစ ဥပေက္ခာအဆုံးရှိသော တရားတို့ဖြင့် တန်ဆာဆင်ထားအပ်သော, ဝိပဿနာ၌ ငဲ့ကွက်ခြင်းကိုပြုလျက် သိမ်မွေ့သည်လည်းဖြစ်သော, ငြိမ်သက်သော အခြင်းအရာရှိသည်လည်းဖြစ်သော ဝိပဿနာ၌ တပ်မက်မှု = နိကန္တိသည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဖြစ်ပေါ်လာ၏၊ ထိုနိကန္တိ၏ သိမ်မွေ့သည်၏အဖြစ်, ငြိမ်သက်သော အခြင်းအရာရှိသည်၏အဖြစ်သည် ဝိပဿနာဘာဝနာ၏ ထက်မြက်စူးရှလွန်ကဲမှုဖြင့် ဖြစ်ပေါ်လာရကား ထိုနိကန္တိ၏ ကိလေသာဖြစ်မှုကိုပင် သိနိုင်ခဲသောကြောင့် ထိုနိကန္တိကို ကိလေသာဟု ဉာဏ်ဖြင့် သိမ်းဆည်းခြင်းငှာပင် မတတ်ကောင်း ဖြစ်နေတတ်၏၊

ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဤသို့သဘောရှိသော ဝိပဿနာဘာဝနာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှုမျိုးသည် ငါ၏သန္တာန်ဝယ် ရှေးယခင်က မဖြစ်ခဲ့စဖူးပေ။ မချွတ်ဧကန်အားဖြင့် ငါသည် မဂ်သို့ ဆိုက်လေပြီ ဖိုလ်သို့ ဆိုက်လေပြီဟူသော စိတ်ဓာတ်မျိုးသည် ဖြစ်ပေါ်နေတတ်၏၊ ဝိပဿနာဘာဝနာ၌ နှစ်ခြိုက်မွေ့လျော် အပျော်ကြီးပျော်နေမှုဟု ယောဂါဝစရပုဂ္ဂိုလ်က သဘောပေါက်နေတတ်၏၊ နိကန္တိမှန်း မသိ ဖြစ်နေတတ်၏၊ သို့သော် ထက်မြက်စူးရှသော ဝိပဿနာဉာဏ်ဖြင့် ယင်းနိကန္တိကို သိမ်းဆည်းပါက ရရှိနိုင်သည်သာဖြစ်သည်။

ထိုနိကန္တိမှာ .. လောဘမူ သောမနဿဝေဒနာနှင့် ယှဉ်သော တရား ဖြစ်သဖြင့် .. လောဘ-ဒိဋ္ဌိအုပ်စု လောဘ-မာနအုပ်စု ထိုက်သလို ဖြစ်နိုင်၏၊ မာနသည် ကဒါစိ = ရံခါယှဉ်သည့် စေတသိက်ဖြစ်သဖြင့် မာနမပါဘဲ သော်လည်း ရှိတတ်၏၊ သောမနဿဝေဒနာနှင့် ယှဉ်နေသဖြင့် ပီတိကား ပါဝင်နေမည်သာ ဖြစ်သည်။

တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏၊ ကျခဲ့သော် မဟာဝိပါက် သောမနဿတဒါရုံနှင့် အဟိတ် သောမနဿသန္တီရဏတဒါရုံ ထိုက်သလို ဖြစ်နိုင်၏၊ ယင်းသိမ်မွေ့သော နိကန္တိပါဝင်သော မနောဒွါရိက ဇောဝီထိစိတ်အစဉ်ကို နာမ်ဃနအသီးအသီးပြိုအောင် ဉာဏ်ဖြင့် ဖြို ခွဲ ဖျက်ဆီးပြီးလျှင် နိကန္တိနှင့် တကွသော နာမ်တရားတို့ကို သိမ်းဆည်းလျက် လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပါ။

ဤနိကန္တိမှာ ဥပက္ကိလေသလည်း ဖြစ်၏၊ ဤနိကန္တိကိုပင် အာရုံပြု ၍ “ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ = ငါ့ဟာ, ငါ, ငါ၏ အတ္တ”-ဟု စွဲယူပြန်ပါက တဏှာ မာန ဒိဋ္ဌိတည်းဟူသော ဥပက္ကိလေသတရားများလည်း ထပ်ဖြစ်နိုင်သည့်အတွက် ဥပက္ကိလေသ၏တည်ရာ မှီ၍ဖြစ်ရာ ဥပက္ကိလေသဝတ္ထုလည်း ဖြစ်ပြန်၏၊ ထိုကြောင့် နိကန္တိသည် ဥပက္ကိလေသနှင့် ဥပက္ကိလေသဝတ္ထုဟူသော အမည်နှစ်မျိုးကို ရရှိပေသည်။[မှတ်စု ၁၄]

  1. (မဟာဋီ၊၂၊၄၂၇။)
  2. ဝိပဿနုပက္ကိလေသာ ဟိ ပဋိဝေဓပ္ပတ္တဿ အရိယသာဝကဿ စေဝ ဝိပ္ပဋိပန္နကဿ စ နိက္ခိတ္တကမ္မဋ္ဌာနဿ ကုသီတပုဂ္ဂလဿ နုပ္ပဇ္ဇန္တိ။ သမ္မာပဋိပန္နကဿ ပန ယုတ္တပယုတ္တဿ အာရဒ္ဓဝိပဿကဿ ကုလပုတ္တဿ ဥပ္ပဇ္ဇန္တိယေဝ။ (ဝိသုဒ္ဓိ၊၂၊၂၆၉။)
    (မဟာဋီ၊၂၊၄၂၇-လည်းကြည့်။)
  3. ဝိပဿနောဘာသောတိ ဝိပဿနာစိတ္တသမုဋ္ဌိတံ သသန္တတိပတိတံ ဥတုသမုဋ္ဌာနဉ္စ ဘာသုရံ ရူပံ။ တတ္ထ ဝိပဿနာစိတ္တသမုဋ္ဌိတံ ယောဂိနော သရီရဋ္ဌမေဝ ပဘဿရံ ဟုတွာ တိဋ္ဌတိ၊ ဣတရံ သရီရံ မုဉ္စိတွာ ဉာဏာနုဘာဝါနုရူပံ သမန္တတော ပတ္ထရတိ၊ တံ တေဿဝ ပညာယတိ၊ တေန ဖုဋ္ဌောကာသေ ရူပဂတမ္ပိ ပဿတိ၊ ပဿန္တော စ စက္ခုဝိညာဏေန ပဿတိ၊ ဥဒါဟု မနောဝိညာဏေနာတိ ဝီမံသိတဗ္ဗန္တိ ဝဒန္တိ။ ဒိဗ္ဗစက္ခုလာဘိနော ဝိယ တံ မနောဝိညာဏဝိညေယျမေဝါတိ ဝုတ္တံ (ယုတ္တံ) ဝိယ ဒိဿတီတိ။ (မဟာဋီ၊၂၊၄၂၈-၄၂၉။)
  4. ယတော စ ခေါ ဘိက္ခဝေ အဓိစိတ္တမနုယုတ္တော ဘိက္ခု ကာလေန ကာလံ သမာဓိနိမိတ္တံ မနသိကရောတိ၊ ကာလေန ကာလံ ပဂ္ဂဟနိမိတ္တံ မနသိကရောတိ၊ ကာလေန ကာလံ ဥပေက္ခာနိမိတ္တံ မနသိကရောတိ။ တံ ဟောတိ စိတ္တံ မုဒဉ္စ ကမ္မနိယဉ္စပဘဿရဉ္စ၊ န စ ပဘင်္ဂု။ သမ္မာသမာဓိယတိ အာသဝါနံ ခယာယ။ (အံ၊၁၊၂၅၈။)
    အဓိစိတ္တန္တိ သမထဝိပဿနာစိတ္တံ။ (အံ၊ဋ္ဌ၊၂၊၂၂၇။)
    ဧကာဒသမေပိ အဓိစိတ္တံ သမထဝိပဿနာစိတ္တမေဝ။ (အံ၊ဋ္ဌ၊၂၊၂၂၈၊၊)
    ပဘဿရန္တိ ပဏ္ဍရံ ပရိသုဒ္ဓံ။ (အံ၊ဋ္ဌ၊၁၊၄၅။)
    ပရိသုဒ္ဓေတိအာဒီသု ပန ဥပေက္ခာသတိပါရိသုဒ္ဓိဘာဝေန ပရိသုဒ္ဓေ။ ပရိသုဒ္ဓတ္တာယေဝ ပရိယောဒါတေ၊ ပဘဿရေတိ ဝုတ္တံ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၅။)
    ပဘဿရန္တိ ပရိယောဒါတံ သဘာဝပရိသုဒ္ဓဋ္ဌေန။ (အံ၊ဋီ၊၁၊၉၉။)
  5. (စာမျက်နှာ၊၁၈၄-၁၈၅။)
  6. သဟောဘာသန္တိ သဉာဏောဘာသံ။ ထိနမိဒ္ဓဝိနောဒနအာလောကောပိ ဝါ ဟောတု ကသိဏာလောကောပိ ဝါ ပရိကမ္မာလောကောပိ ဝါ၊ ဥပက္ကိလေသာလောကော ဝိယ သဗ္ဗောယံ အာလောကော ဉာဏသမုဋ္ဌာနောဝါတိ။ (အံ၊ဋီ၊၃၊၁၇၇-၁၇၈။)
  7. တတ္ထ ဩဘာသောတိ ဝိပဿနောဘာသော။ တသ္မိံ ဥပ္ပန္နေ ယောဂါဝစရော- “န ဝတ မေ ဣတော ပုဗ္ဗေ ဧဝရူပေါ ဩဘာသော ဥပ္ပန္နပုဗ္ဗော၊ အဒ္ဓါ မဂ္ဂပတ္တောသ္မိ ဖလပတ္တောသ္မီ”တိ အမဂ္ဂမေဝ “မဂ္ဂေါ”တိ, အဖလမေဝ စ “ဖလ”န္တိ ဂဏှာတိ။ တဿ အမဂ္ဂံ “မဂ္ဂေါ”တိ အဖလံ “ဖလ”န္တိ ဂဏှတော ဝိပဿနာဝီထိ ဥက္ကန္တာ နာမ ဟောတိ။ သော အတ္တနော မူလကမ္မဋ္ဌာနံ ဝိဿဇ္ဇေတွာ ဩဘာသမေဝ အဿာဒေန္တော နိသီဒတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၀။)
  8. (ဝိသုဒ္ဓိ၊၂၊၂၇၁။)
  9. (ဝိသုဒ္ဓိ၊၂၊၂၇၂။)
  10. (ဝိသုဒ္ဓိ၊၂၊၂၇၂။)
  11. (ဝိသုဒ္ဓိ၊၂၊၂၇၂။)
  12. (ဝိသုဒ္ဓိ၊၂၊၂၇၂။)
  13. (ဝိသုဒ္ဓိ၊၂၊၂၇၃။)
  14. (ဝိသုဒ္ဓိ၊၂၊၂၆၉-၂၇၄။ မဟာဋီ၊၂၊၄၂၇-၄၃၄- တို့မှ ကောက်နုတ်ဖော်ပြအပ်ပါသည်။)