နေမိဇာတ်တော်ကြီး/အခန်း-၀၉
ထိုငရဲကိုပြပြီးလျှင် မာတလိနတ်သားသည် သဇောတိငရဲကိုကွယ်ခဲ့စေ၍ မီးကျီးတွင်းငရဲသို့ ရှေးရှုနှင်ပြန်သဖြင့် ဆင်းရဲကြီးစွာခံရကုန်သော ငရဲသူတို့ကို နေမိမင်းကြီးအား ပြလေ၏။ ထိုအင်္ဂါရကာသုငရဲ၌ကား နွားအပေါင်းကို ခြံသို့သွင်းသော နွားကျောင်းသားတို့ကဲ့သို့ ငရဲထိန်းတို့သည် အလျှံပြောင်ပြောင် တောက်လောင်သော သန်လျက်, လှံမ, ချွန်းတောင်း, လှံတံ, ဆောက်ပုတ် လက်နက်မျိုးတို့ကို အသီးသီးစွဲကိုင်လျက် ငရဲသူအပေါင်းတို့ကိုဝန်းရံ၍ ထိုးခုတ်ရိုက်နှက်ခြင်းဖြင့် အလျှံပြောင်ပြောင်တောက်သော မီးကျီးတွင်း၌ ဆင်းကြစေ၍၊ ထိုမီးကျီးတွင်းငရဲ၌ ခါးနစ်အောင်ခံရကုန်သော ငရဲသူတို့၏ဦးခေါင်းထက်သို့ ကြီးစွာသော သံခြင်းတောင်းဖြင့် မီးကျီးခဲကိုကျုံး၍ ငရဲထိန်းတို့သည် သွန်းလောင်းကုန်၏။ မိမိတို့ကြမ္မာကြောင့် အချို့သောငရဲသူတို့သည် အလိုအလျောက်ပင်လျှင် မိမိတို့ဦးခေါင်းကို မီးကျီးစုထဲသို့ ထိုးသွင်းပွတ်မွှေရကုန်၏။ ထိုသို့သော ဆင်းရဲခြင်းဖြင့် ပြင်းစွာမြည်တမ်းလျက်ခံရကုန်သော ငရဲသူတို့ကို နေမိမင်းကြီးမြင်လေသော် ကိုယ်တိုင်ခံရဘိသကဲ့သို့ အလွန်ထိတ်လန့်ခြင်းရှိသည်ဖြစ်၍ မာတလိနတ်သားအား “အင်္ဂါရကာသုံ အပရေ ဖုဏန္တိ” အစရှိသော ဂါထာဖြင့် မေးတော်မူ၏။
အဓိပ္ပာယ်ကား-
“နတ်၏ရထားမှူးဖြစ်သော မာတလိနတ်သား။ ဤငရဲသူတို့သည် အဘယ်မကောင်းမှုကံတို့ကြောင့် ဤသို့သောဆင်းရဲခြင်းကို ခံရကုန်ဘိသနည်း”ဟု မေးတော်မူ၏။
ထိုအခါ နတ်၏ရထားမှူးဖြစ်သော မာတလိနတ်သားသည် မိမိမြင်တိုင်း ကြားလို၍ “ယေကေစိ ပူဂါယ ဓနဿ ဟေတု” အစရှိသော ဂါထာဖြင့် ဆို၏။
ထိုဂါထာ၏အဓိပ္ပာယ်ကား-
“မိထိလာပြည်ကြီးသခင် ဖြစ်တော်မူသော နေမိမင်းမြတ်။ ဤငရဲသူတို့ကား လူ့ပြည်၌ လူဖြစ်သောအခါက စကားခေါ်အပေါ်လျှံနှင့် အကောက်ကြံတတ်သောသူနှင်နှင်တို့ချည်းတည်း။ ထိုသူတို့သည် မိမိတို့ အမျိုးအဆွေ မိတ်သဟာယ အပေါင်းတို့အား ညီညွတ်၍ “ဤမည်သောပုဂ္ဂိုလ်တို့အား ဤမည်သောအလှူကို လှူဒါန်းပူဇော်ရသော် ကောင်း၏။ ဤမျှလောက်သော ဥစ္စာကုန်အောင် ကျောင်းဆောက်၍ လှူရသော်ကောင်း၏။ ဆောက်လုပ်လှူဒါန်းပူဇော်ရန် အားနှင့်တန်သမျှ ပစ္စည်းဥစ္စာ ထုတ်ကြကုန်၏။ ငါ ကြပ်မတ်လုံ့လပြု၍ ဆောင်ရွက်အံ့”ဟု စုဆောင်းပေါင်းဆုံစေပြီးလျှင် ထိုဥစ္စာရပ်တို့ကို အလိုရှိတိုင်းသုံးစား၍ လျော့ပါးကုန်ပျောက်ပြီးမှ အလှူခံပုဂ္ဂိုလ် ဂိုဏ်းအကြီးတို့ထံ တံစိုးထိုးသဖြင့် “ထိုသို့ ဤအရပ်၌ ဤမျှလောက် လှူ၏ဟု ဆိုပါကုန်”ဟု နှုတ်သွင်းပြီးသော် အနည်းငယ်မျှသာလှူ၍၊ နောင် သူတစ်ပါးတို့ မေးသောအခါ ထိုစဉ်းလဲစဉ်းစားဖြစ်သောအလှူခံကို သက်သေတည်လျက် ထိုထိုသို့သော ဥစ္စာရပ်တို့ကို အကျိုးမဲ့ ဖျက်ဆီးသုံးဆောင်ခြင်းမကောင်းမှုဖြင့် လူ့လက်ထက်က အလိမ္မာလွန်သောကြောင့် ယခု ငရဲထိန်းကျွန် ဖြစ်ရချေသည်။ မှတ်တော်မူလော့”ဟု ပြန်ကြားပေ၏။
(ဤကိုထောက်၍ ငရဲဘေးကိုကြောက်ကုန်သော သူတော်ကောင်းအပေါင်းတို့သည် စကားနှင့်အမှုသွား၂-ပါးဖြောင့်မတ်ကြောင်း ကောင်းစွာလုံ့လပြုရာ၏။ စကားပင် ထောင်လွှားချွတ်ယွင်းသော်လည်း အမှုဖြောင့်စင်းလျှင် မထောင်းတာ။ မာယာအလိမ္မာကြောင့် သစ္စာမချွတ်အောင်စောင့်သော်လည်း အမှုမဖြောင့်လျှင် အပါယ်ရွာမှ လွတ်သာခဲချေ၏ဟု မှတ်အပ်၏။)