1944သုဝဏ္ဏသာမဇာတ်တော်ကြီး — ၁၀။ လောဟကုမ္ဘီ ဥဿဒရက် ငရဲခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုငရဲကိုပြပြီးလျှင် မာတလိနတ်သားသည် အင်္ဂါရကာသု ငရဲကို ကွယ်ခဲ့စေ၍ သံအိုးကင်းငရဲသို့ ရှေးရှုနှင်ပြန်သဖြင့် ဆင်းရဲဝေဒနာ ပြင်းစွာခံရကုန်သော ငရဲသူတို့ကို နေမိမင်းကြီးအား ပြလေ၏။ ထိုလောဟကုမ္ဘီငရဲ၌ကား တောင်ကြီးပမာဏရှိသော သံအိုးကင်း၌ အလျှံတပြောင်ပြောင်တောက်သော သံရည်တို့သည် အပြည့်အလျှံ ကမ္ဘာပတ်လုံး တည်ကုန်၏။ ထိုငရဲအိုးအနီး၌နေကုန်သော ငရဲထိန်းတို့သည် ငရဲသူတို့ကို ခြေကကိုင်၍ ဦးခေါင်းဇောက်ထိုး သံရည်အိုးသို့ချလိုက်သဖြင့် ငရဲသူတို့သည် မြည်တမ်းလျက် အခါလေးမြင့် ဆင်းရဲကြီးစွာ ပေါ်တုံမြုပ်တုံ ခံရကုန်၏။ ဤသို့သော ငရဲသူတို့၏ဆင်းရဲခြင်းကို နေမိမင်းကြီးမြင်လေသော် ကိုယ်တိုင်ခံရဘိသကဲ့သို့ အလွန်ထိတ်လန့်ခြင်း ရှိသည်ဖြစ်၍၊ မာတလိနတ်သားအား “သဇောတိဘူတာ ဇလိတာပဒိတ္တာ” အစရှိသောဂါထာဖြင့် မေးတော်မူ၏။

ထိုဂါထာ၏အဓိပ္ပာယ်ကား-

“နတ်၏ရထားမှူးဖြစ်သော မာတလိနတ်သား။ ဤကြီးစွာသော သံအိုးကင်းငရဲ သံရည်ထဲ၌ ဆင်းရဲပြင်းစွာခံရကုန်သော ငရဲသူတို့ကား အဘယ်မကောင်းမှုကို ပြုခဲ့ဖူးသောကြောင့် ဤသို့သော ဆင်းရဲကိုခံနေရသနည်း”ဟု မေးတော်မူ၏။

ထိုအခါ မာတလိနတ်သားသည် နတ်မျက်စိဖြင့် သိမြင်တိုင်း နေမိမင်းကြီးအား လျှောက်ကြားလို၍ “ယေ သီလဝန္တံ သမဏံ ဗြဟ္မဏံ ဝါ” အစရှိသော ဂါထာတို့ဖြင့် ဆို၏။

ထိုဂါထာ၏အဓိပ္ပာယ်ကား-

“ဝိဒေဟရာဇ်တိုင်းကြီးသခင် အရှင်မင်းမြတ်။ ဤငရဲသူတို့သည် ရှေးဘဝ လူဖြစ်သောအခါက လူဆိုးလူကြမ်းတစေတို့ချည်းတည်း။ အကျင့်သီလ အာစာရနှင့်ပြည့်စုံကုန်သော ရဟန်းပုဏ္ဏားတို့အား ဆဲရေးသတ်ပုတ် ချုပ်ချယ်စောင်းမြောင်း မကောင်းသောအမျက်ဖြင့် နှိပ်စက်ဖူးကုန်၏။ ထိုသို့ နှိပ်စက်ခဲ့ဖူးသော မကောင်းမှုကြောင့် ဤသို့ သံအိုးကင်းငရဲ၌ ထိုသို့သောဆင်းရဲကို ခံရလေသည် မှတ်တော်မူလော့”ဟု ပြန်ကြားလျှောက်တင်လေ၏။

(ဤကိုထောက်၍ ငရဲဘေးကိုကြောက်ကုန်သော သူတော်ကောင်းအပေါင်းတို့သည် ရဟန်းတော်အစရှိကုန်သော သီလဝန္တပုဂ္ဂိုလ်တို့၌ ချွတ်ယွင်းသောအမှု တစ်စွန်းတစ်စပင်ရှိသော်လည်း အမျက်မဝင်မူ၍ ပြည့်စုံသောသီလကိုသာလျှင် ဆင်ခြင်မြော်ချင့်လျက် ကြည်ညိုခွင့်လမ်းရှာ၍ သဒ္ဓါမေတ္တာ မပျက်အပ်ချေဟု မှတ်အပ်၏။)