1951သုဝဏ္ဏသာမဇာတ်တော်ကြီး — ၁၇။ ဝိဒ္ဓံဝိဟတ ဥဿဒရက် ငရဲခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုငရဲကိုပြပြီးလျှင် မာတလိနတ်သားသည် အရေဆုတ်, အသားဖြတ်ငရဲသို့ ရှေးရှုနှင်ပြန်၍ ကြောက်လန့်ဖွယ်ခံရကုန်သော ငရဲသူတို့ကို နေမိမင်းကြီးအား ပြလေ၏။ နေမိမင်းကြီးသည် ထိုငရဲသူတို့ကိုမြင်လျှင် ကိုယ်တိုင်ခံရဘိသကဲ့သို့ အလွန်ထိတ်လန့်ခြင်း ရှိသည်ဖြစ်၍ မာတလိနတ်သားအား “ဇိဝှဉ္စ ပဿ ဗဠိသေန ဝိဒ္ဓံ” အစရှိသောဂါထာဖြင့် မေးတော်မူ၏။

ထိုဂါထာ၏အဓိပ္ပာယ်ကား-

“နတ်ရထားမှူးဖြစ်သော မာတလိနတ်သား။ ဤထန်းလုံးရှိမျှ ညိုညိုရဲရဲ တစ်ခဲနက်တောက်သော သံမြားကောက်ဖြင့် အာစောက်လျှာရင်းကို ဖောက်ထွင်းထိုးချိတ် နင်းနှိပ်ငင်ဆွဲ ဆဲရေးခြိမ်းခြောက်လျက် ငရဲထိန်းတို့အမူအရာ ကြောက်စရာများနှင့် ငရဲသားအပေါင်း ကပြောင်းကပြန် အော်သံဟစ်ကြွေးကာ လိုက်ရှာကြသည်ကို ငါမြင်ရပြန်ပြီ။ ဤသူများကို ရှုစမ်းပါဦး။ အမူးအမော် အော်ဟစ်လန့်ကြား၍ သံမြားချိတ်အန္တရာယ်ကြောင့် ကိုးကွယ်ရာမရ ရှိကြပါပြီကို ထိုငရဲထိန်း သူစိမ်းကားတစေတို့ သံမြေအပြင်သို့ ဆောင်တင်နင်းနှိပ်အပ်စေပြန်သဖြင့် သည်းမခံနိုင်အောင်ပူ၍ ငရဲသူတို့ မြည်တမ်းရသည်ကို အာဏာပေးလျက် တဖွားဖွားတံတွေးဖြင့် ထွေးပြန်တုံသည့်အမှုကိုလည်း သင် ရှုစမ်းပါဦး။ အလူးအလဲ ဆင်းရဲပူပြင်းစွာ သံမြေတွင် သေ,ရှင်မသိ ရှိပါပြီကိုလည်း ထိုငရဲထိန်းများသည် နွားလားဥသဘအရေကို မြေ၌ဖြန့်ခင်း၍ တံသင်းအရာဖြင့် နှက်သည့်အလား ငရဲသားတို့ခြေ,လက်ကို လှီးဖျက်ဖြန့်ခင်း၍ သံမီးတောက်တလင်းမှာ သွတ်သွင်းရိုက်နှက် စီရင်လျက်ရှိသည်ကို သင် ရှုစမ်းပါဦး။ အထူးထူးအပြားပြား များစွာသောဒုက္ခကို ခံကြရကုန်သော ထိုငရဲသူတို့သည် အဘယ်မည်သောမကောင်းမှုကို ပြုခဲ့ကြဖူးလေသနည်း။ သင် သိမြင်သည့်အတိုင်း ငါ့အား ကြားလျှောက်လော့”ဟု မေးတော်မူ၏။

ထိုအခါ မာတလိနတ်သားသည် ထိုငရဲသူတို့ ရှေးကပြုခဲ့ကြဖူးသော မကောင်းမှုကို ပြန်ကြားလျှောက်ထားလို၍ “ယေကေစိ သန္ဓာနဂတာ မနုဿာ” အစရှိသောဂါထာဖြင့် ဆို၏။

ထိုဂါထာ၏ အဓိပ္ပာယ်ကား-

“မြေကြီးသေဌ်နင်း ဖြစ်တော်မူသော အရှင်နေမိမင်းမြတ်။ ထိုသူတို့သည် ရှေးလူဖြစ်သောအခါက အစီရင်ခုံသမတ် ရာပြတ်ပွဲစား ၂-ပါးရှေ့နေ ခွဲဝေလိမ္မာ အရာတွင်သူနှင့် လူစဉ်းလဲကုန်သည်တစေတို့ချည်းတည်း။ ထိုသူတို့ကား ဆင်, မြင်း, နွား, ကျွဲ, ဝမ်းဘဲ, ဆိတ်, ဝက်, ခို, ကြက်, ဥဒေါင်း, ချိုးအစရှိသော သက်ရှိဥစ္စာ၊ ကိုင်း, ယာ, ဥယျာဉ်, လယ်မြေ, ရွှေ, ငွေ, ပတ္တမြား, စပါး, ဆန်ကုန်စည် အစရှိသော သက်မဲ့ဥစ္စာ၊ ထိုဥစ္စာရပ်တို့တွင် တစ်ခုခုသောဥစ္စာရပ်တို့ဖြင့် ဝယ်ခြင်း,ရောင်းခြင်းကို ပြုကြကုန်သော သူတို့သည် အချင်းချင်း အခွင့်မပြေမကုန်၍ ခုံသမတ်အစီရင်တို့ထံ, ရာပြတ်ပွဲစားတို့ထံ, ဤအမှု၌ လေ့ကျွမ်းသော ဤမည်သောသူတို့ထံ အဖြတ်အဆိုခံမည်ဟူ၍ မိမိတို့ထံ အမှုသည် ၂-ဦးရောက်လျှင် ပဏ္ဏာလက်ဆောင်ပင်းရာ မျက်နှာကိုငဲ့၍လည်းကောင်း၊ ချစ်ကျွမ်းဝင်သူ, လျစ်လျူဖြစ်သူ, ရန်သူ လူ၃-တည်တို့တွင် ချစ်ကြည်ရာဘက်က လျှို့ဝှက်သော ရှေ့နေပြု၍လည်းကောင်း၊ အမှုသည်တစ်ဦး ပူးမိသောသူနှင့်အတူ “စားတစ်ဝက်ဆိုင်က နိုင်စိမ့်မည်၊ မစိုးရိမ်လင့်”ဟု ခံဝန်၍လည်းကောင်း၊ ဘယာဂတိ, မောဟာဂတိသို့လိုက်၍ လမ်းကြောင်းမှန်ရာသို့မသွားဘဲ ၅၀-ထိုက်ကို တစ်ပိဿာ၊ တစ်ပိဿာတန်ကို ၅၀-ထိုက် နှစ်ခြိုက်ရာသူက ကူမ၍ ဖြတ်ဆိုဆုံးဖြတ် အမြတ်အတူစားလျက် အသက်မွေးလေ့ရှိကုန်သော အစီရင်ခုံသမတ်, ရာပြတ်ပွဲစား, ၂-ဦးသားရှေ့နေ ခွဲဝေစိတ်ဖြာသူ လူလိမ်လူကောက်တို့သည်လည်းကောင်၊

“ဆွဲ, ရာဇူ, အလေး, စဉ်းချိန်, ကပ္ပယ်ကြီးငယ်တိုရှည် စသည်ဖြင့်ပြားသော ချိန်စဉ်းလဲ။ ခဲ, ကြေး, သံမ, စသည်ကို ရွှေငွေအယောင်ဖန်ဆင်းခြင်း၊ မရှင်းမသန့်သောရွှေငွေကို ရွှေစင်ငွေစင်အသွင်နှင့် တူအောင်ပြုခြင်း အစရှိသောနည်းတို့ဖြင့်ပြားသော အသပြာစဉ်းလဲ။ ရောင်း တင်းအငယ်, ဝယ် တင်းအကြီး စသည်ထားခြင်းဖြင့်ပြားသော တောင်းစဉ်းလဲ။ ဤ ၃-ပါးသော စဉ်းလဲခြင်းတို့ဖြင့် ငါးမျှား၌ စားချင်ဖွယ်သော အစာကောင်းတို့ကို မွမ်းမံ၍ ငါးကိုမျှားသော တံငါတို့ကဲ့သို့ ပျားရည်အလား နှုတ်စကားချိုသာ နာချင်ဖွယ်အပေါ်မံ၍ စိတ်အကြံနှလုံးထား ငါးမျှားကောက်ပမာ မာယာသာဌေယျပြုသဖြင့် သူ့ကိုအကျိုးနည်းစေကြောင်း ရောင်းဝယ်ဖောက်ကားလျက် အသက်မွေးကုန်သော ကုန်သည်တို့သည်လည်းကောင်း၊ ထိုအလုံးစုံသော သဘောမဖြောင့်သူ လူကောက်တို့သည် ဤအသားပျက်အရေကျက်ငရဲ၌ လျှို့ဝှက်ခဲ့သမျှ အမှုကိုပြ၍ ခံကြရကုန်သည် မှတ်တော်မူပါလော့”ဟု နားတော်လျှောက်ကြားပေ၏။

(ဤကိုထောက်၍ ငရဲဘေးကိုကြောက်ကုန်သော သူအပေါင်းတို့သည် ဤဆိုအပ်ခဲ့ပြီးသော အကောက်ကြံမျိုးကား ပညာတန်ခိုးဖြိုးမောက်သော အလိမ္မာရှိသူနှင့်ကြိမ်လျှင် ပစ္စုပ္ပန်တွင်လည်း ဒဏ်နှင့်အလျောက် အကြောက်ကြီး အရှက်ကြီးရ၍၊ ဒုက္ခမလွတ် ဝဋ်တရားမှာလည်း ထိုငရဲသာလျှင် သက်သေဖြစ်ချေသည်ဟု နှလုံးစွဲမှတ်သဖြင့် ဖြောင့်မတ်မှန်ကန်စွာ ဖြတ်ဆိုဆုံးဖြတ်ခြင်းမှ ရောင်းဝယ်ဖောက်ကားခြင်းကိုပြု၍ အသက်မွေးရာသည်ဟု မှတ်အပ်၏။)