သုဝဏ္ဏသာမဇာတ်တော်ကြီး
by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁၈။ သပရိဘိန္နဂတ္တာဒိ ဥဿဒရက် ငရဲခန်း
1952သုဝဏ္ဏသာမဇာတ်တော်ကြီး — ၁၈။ သပရိဘိန္နဂတ္တာဒိ ဥဿဒရက် ငရဲခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုငရဲကို ပြပြီးလျှင် မာတလိနတ်သားသည် သံလုံးကြိတ်ငရဲသို့ ရှေးရှုနှင်ပြန်သဖြင့် ထိုငရဲ၌ခံရကုန်သော ငရဲသူမိန်းမတို့ကို နေမိမင်းကြီးအား ပြလေ၏။ ထိုငရဲသူတို့ကိုမြင်လျှင် နေမိမင်းကြီးသည် ကိုယ်တိုင်ခံရဘိသကဲ့သို့ အလွန်ထိတ်လန့်ခြင်း ရှိသည်ဖြစ်၍ မာတလိနတ်သားအား “နာရိယော ဣမာသံ ပရိဘိန္နဂတ္တာ” အစရှိသောဂါထာဖြင့် မေးတော်မူ၏။

ထိုဂါထာ၏ အဓိပ္ပာယ်ကား-

“နတ်၏ရထားမှူးဖြစ်သော မာတလိနတ်သား။ ကြောက်မက်ဖွယ်ရှိသော ဤငရဲ၌လည်း တကွဲတခြားပင် ယောက်ျားတစ်ယောက်မျှ မခံရ။ ဤမိန်းမအများတို့သည် နွားသတ်ရာအရပ်တို့၌ ခေါင်းပြတ်၍ သွေးလိမ်းကျံသောနွားတို့ကဲ့သို့ အချို့သောကိုယ်လည်း အပြတ်ပြတ်အပိုင်းပိုင်း အချို့လည်း အထွင်းထွင်းအပေါက်ပေါက် ခါးအောက်ကိုယ်အနေလည်း သံမြေထဲသို့မြှုပ်သိပ်လျက် မြေထိပ်ခတ်သောအတူ ပူပြင်းကျင်နာ ဝေဒနာအဟုန်တို့ကြောင့် လက်စုံထိပ်ပြင်တင်ထား၍ ဟစ်အော်ကာ ကိုးကွယ်ရာမသိ ရှိစဉ်တုန်းတွင်ပင် တောင်လုံကမ်းလုံးလိမ့်သကဲ့သို့ သိမ့်သိမ့်သဲသဲ ရဲရဲတောက်သောသံလုံးကြီးများစွာ ၄-ဖြာသောအရပ်က အထပ်ထပ်အဖန်ဖန် အလှဲခံရ၍ သံမြေပြင်သို့လိမ့်လာလတ်သဖြင့် ခြောက်ထပ်သောမုန်ညင်းစေ့ကို မွှေနင်း၍ကြိတ်သကဲ့သို့ အစိတ်စိတ်အမှုန့်မှုန့် ကြေရှာကြပါပြီ။ မသေဘဲတစ်ဖန် ရှင်ပြန်တုံတလဲလဲ ခံမြဲကိုမစွန့်ရ။ ထိုမိန်းမငရဲသူအပေါင်းတို့၌ မကောင်းသောဒုက္ခဝေဒနာ ပြင်းစွာလှ၏တကား။ ငါ့အား သိမြင်တိုင်း သင်နတ်သား ကြားဦးလော့။ အဘယ်ကဲ့သို့သော မကောင်းမှုကို ထိုမိန်းမတို့ ပြုခဲ့ဖူးလေသနည်း”ဟု မေးတော်မူ၏။

ထိုအခါ နတ်၏ရထားမှူးဖြစ်သော မာတလိနတ်သားသည် မိမိသိမြင်သည့်အတိုင်း ထိုမိန်းမတို့၏ ရှေးကပြုခဲ့ဖူးသော မကောင်းမှုတို့ကို ပြန်ကြားလို၍ “ကောလိတ္ထိယော ဣဓ ဇီဝလောကေ” အစရှိသောဂါထာဖြင့် ဆို၏။

ထိုဂါထာ၏အဓိပ္ပာယ်ကား-

“အရပ် ၁၀-မျက်နှာတို့၏ အရှင်ဖြစ်တော်မူသော နေမိမင်းမြတ်။ ဤငရဲသူမိန်းမတို့ကား ရှေးလူဖြစ်သောအခါက ကာမဂုဏ်ကြူး တထူးယောက်ျားကို စောင်ထားသောမိန်းမချည်းတည်း။ ထိုသူတို့သည် မိမိတို့ မျိုးကောင်းဆွေကောင်းသမီး ဖြစ်လျက်လည်း လင်မသိစေရဘဲ မာယာဖြင့်ကွယ်ပုန်း၍ ကိုယ်,စိတ်နှလုံးကို မထိန်းကျောင်း၊ မကောင်းသောရမ္မက်အလျောက် ယောက်ျားတစ်ပါးနှင့် တိမ်းမှားယွင်းချွတ် အလွတ်ကျင့်မိသော မကောင်းမှုကံတို့ကြောင့် ကြံညှစ်ယန္တရားကဲ့သို့ ခါးတိုင်အောင်မြုပ်စေသော သံမြေတလင်းမှာ သံလုံးကြီးနှင့်ကြိတ်သဖြင့် အစိတ်စိတ်အဖွားဖွား ရိုးသားမွကြွေ သေတုံရှင်မြဲ ဤငရဲတွင် ပူပင်ပြင်းပြစွာ ခံရကုန်သည် မှတ်တော်မူလော့”ဟု လျှောက်ကြားပေ၏။

(ဤကိုထောက်၍ ငရဲဘေးကိုကြောက်ကုန်သော အမျိုးကောင်းသမီးတို့သည် ကွယ်ဝှက်၍ပြုသမျှ မကောင်းမှုဒုစရိုက်ကား အခိုက်တစ်ခဏသာ နှစ်လိုဖွယ်ရှိ၍၊ နောက်ပြီးမကြာခင် လျင်စွာပုပ်သိုးသဖြင့် အကျိုး၂-တန်လုံးပင် ရှုံးတတ်ချေသည်ဟု မှတ်ကုန်ရာ၏။)