ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၁။ ပသာဒဗဟုလဗြာဟ္မဏဝတ္ထု
2101ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ် — ၁။ ပသာဒဗဟုလဗြာဟ္မဏဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၁။ ကြည်ညိုခြင်းများသော ပုဏ္ဏား ဝတ္ထု

ဆိန္ဒ သောတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကြည်ညိုခြင်းများသော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကြည်ညိုခံရလျှင် အထူးသတိပြုသင့်ကြောင်း

ထိုပုဏ္ဏားသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ကြားရ၍ ကြည်ညိုသောစိတ် ရှိသည်ဖြစ်ရကား မိမိ၏အိမ်၌ တစ်ကျိပ်ခြောက်ပါး အတိုင်းအရှည်ရှိလေကုန်သော ရဟန်းတို့အား အမြဲ ဆွမ်းလုပ်ကျွေးခြင်းကို ဖြစ်စေလေ၏။ ရဟန်းတော်တို့၏ ကြွလာတော်မူသောအခါ သပိတ်ကို လှမ်းယူပြီးလျှင် “အရှင်ကောင်းဖြစ်သော ရဟန္တာတို့သည် ကြွလာတော်မူကြပါဘုရား၊ အရှင်ကောင်းဖြစ်ကုန်သော ရဟန္တာတို့သည် ထိုင်တော်မူကြပါဘုရား”ဟု အမှတ်မရှိ တစ်စုံတစ်ခုကို ဆိုသည်ရှိသော် “ရဟန္တာ”ဟု ခေါ်ဝေါ်ခြင်းနှင့်စပ်သော စကားကိုသာလျှင် ပြောဆိုလေ့ရှိ၏။ ထိုရဟန်းတို့တွင် ပုထုဇဉ်ရဟန်းတို့သည် “ဤပုဏ္ဏားကား ငါတို့၌ ရဟန္တာဟူ၍ မှတ်ခဲ့ပြီ”ဟု ကြံကြလေကုန်၏။ ရဟန္တာတို့သည် “ဤပုဏ္ဏားကား ငါတို့၏ ရဟန္တာအဖြစ်ကို သိပေ၏”ဟု ကြံကြလေကုန်၏။ ဤသို့လျှင် အလုံးစုံသော ထိုရဟန်းတို့သည်လည်း အလို့လို့ရှိကြကုန်သည်ဖြစ်၍ ထိုပုဏ္ဏား၏အိမ်သို့ မကြွသွားဘဲ နေကြလေကုန်၏။ ပုဏ္ဏားသည် ကိုယ်၏ဆင်းရဲခြင်း၊ စိတ်နှလုံး၏ ဆင်းရဲခြင်းရှိသည်ဖြစ်၍ “အဘယ့်ကြောင့် အရှင်ကောင်းတို့သည် မကြွလာဘဲ နေကြကုန်ဘိသနည်း”ဟု ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ထိုအကြောင်းကို လျှောက်ကြားလေ၏။

မြတ်စွာဘုရားသည် ရဟန်းတို့ကို ခေါ်တော်မူ၍ “ချစ်သားရဟန်းတို့- ဤသို့ မသွားဘဲနေခြင်းအကြောင်းသည် အဘယ်နည်း”ဟု မေးတော်မူသောကြောင့် ရဟန်းတို့သည် ထိုအကြောင်းကို လျှောက်ကြားအပ်သည်ရှိသော် “ချစ်သားရဟန်းတို့- သင်တို့သည် ရဟန္တာဟူ၍ ခေါ်ဝေါ်ခြင်းကို သာယာကြကုန်သလော”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- တပည့်တော်တို့သည် မသာယာကြပါဘုရား”ဟု လျှောက်ကြကုန်၏။ “ဤသို့ဖြစ်သည်ရှိသော် လူတို့၏ ဤသို့ ခေါ်ဝေါ်ခြင်းသည် ကြည်ညို၍ ဆိုခြင်းဖြစ်၏၊ ချစ်သားရဟန်းတို့- ကြည်ညို၍ဆိုခြင်း၌ အာပတ်မသင့်၊ စင်စစ်အားဖြင့်ကား ရဟန္တာပုဂ္ဂိုလ်တို့၌ ပုဏ္ဏား၏ ချစ်ခင်ကြည်ညိုခြင်းသည် အတိုင်းအရှည်လွန်၏၊ ထို့ကြောင့် သင်ချစ်သားတို့သည်လည်း တဏှာဟူသော အလျဉ်ကိုဖြတ်၍ အရဟတ္တဖိုလ်သို့သာလျှင် ရောက်ခြင်းငှာ သင့်၏”ဟု မိန့်တော်မူ၍ တရားဟောကြားတော်မူလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၃၈၃] ဆိန္ဒ သောတံ ပရက္ကမ၊ ကာမေ ပနုဒ ဗြာဟ္မဏ။
သင်္ခါရာနံ ခယံ ဉတွာ၊ အကတညူသိ ဗြာဟ္မဏ။

ဗြာဟ္မဏ၊ အပပြုအပ်ပြီးသော မကောင်းမှုရှိသောသူ။ တွံ၊ သင်သည်။ ပရက္ကမ၊ ဉာဏ်နှင့်ယှဉ်သော ဝီရိယဖြင့် လုံ့လပြု၍။ သောတံ၊ တဏှာဟူသော အလျဉ်ကို။ ဆိန္ဒ၊ ဖြတ်လော့။

(တဏှာအလျဉ်ကို လုံ့လအနည်းငယ်ဖြင့် မဖြတ်နိုင်၊ ထို့ကြောင့် ဉာဏ်နှင့်ယှဉ်သော လုံ့လကြီးစွာဖြင့် လုံ့လပြု၍ ဖြတ်ရမည်ဟူလို။)

ကာမေ၊ ဝတ္ထုကိလေ နှစ်ထွေသောကာမတို့ကို။ ပနုဒ၊ ပယ်ဖျောက်လော့။ ဗြာဟ္မဏ၊ အပပြုအပ်ပြီးသော မကောင်းမှုရှိသောသူ။ တွံ၊ သင်သည်။ သင်္ခါရာနံ၊ သင်္ခါရတရား ခန္ဓာငါးပါးတို့၏။ ခယံ၊ ကုန်ရာကို။ ဉတွာ၊ သိ၍။ အကတညူ၊ နိဗ္ဗာန်ကို သိသောသူသည်။ အသိ၊ ဖြစ်ပြီ။

(ရွှေငွေစသော တစ်စုံတစ်ခုဖြင့် မပြုအပ်သောကြောင့် နိဗ္ဗာန်သည် “အကတ” မည်၏။ ထိုအကတမည်သောနိဗ္ဗာန်ကို သိသောသူဖြစ်၏ဟူလို။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ကြည်ညိုခြင်းများသောပုဏ္ဏား ဝတ္ထုပြီး၏။