ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဘိက္ခုဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၁၂။ သုမနသာမဏေရဝတ္ထု
3949ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဘိက္ခုဝဂ် — ၁၂။ သုမနသာမဏေရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၁၂။ သုမနသာမဏေဝတ္ထု

ယော ဟဝေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ပုဗ္ဗာရုံကျောင်းတော်၌ နေတော်မူစဉ် သုမနသာမဏေကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရှင်အနုရုဒ္ဓါအလောင်း ဆုတောင်းကောင်းမှု

(ထိုဝတ္ထု၌ ဤဆိုလတ္တံ့သည်ကား အစဉ်အတိုင်းဖြစ်သော စကားတည်း။)

ပဒုမုတ္တရ မြတ်စွာဘုရား၏ လက်ထက်တော်အခါ၌ အမျိုးကောင်းသားတစ်ယောက်သည် မြတ်စွာဘုရားက ပရိသတ်လေးပါးအလယ်၌ တစ်ဦးသောရဟန်းကို ဒိဗ္ဗစက္ခုအဘိညာဉ်ရသော ရဟန်းတို့တွင် အမြတ်ဆုံးဟူသောအရာ၌ ထားတော်မူသည်ကို မြင်ရ၍ ထိုပြည့်စုံခြင်းကို တောင့်တလျက် မြတ်စွာဘုရားကို ပင့်ဖိတ်ပြီးလျှင် ခုနစ်ရက်ပတ်လုံး မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာတော်အပေါင်းအား ကြီးစွာသောအလှူကို ပေးလှူ၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်သည်လည်း နောင်သောကာလ တစ်ဆူသောဘုရားရှင်၏ သာသနာတော်မြတ်၌ ဒိဗ္ဗစက္ခုအဘိညာဉ်ကိုရသော ရဟန်းတို့တွင် အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်ရပါလို၏ဘုရား”ဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ဖြစ်စေလေ၏။ ပဒုမုတ္တရ မြတ်စွာဘုရားသည် ကမ္ဘာတစ်သိန်းကို ကြည့်ရှုတော်မူသဖြင့် အမျိုးကောင်းသားအား ပတ္ထနာအမှု ဆုတောင်းခြင်း၏ ပြည့်စုံလတ္တံ့သောအဖြစ်ကို သိတော်မူလျှင် “ဤဘဝမှ ကမ္ဘာတစ်သိန်း၏အထက်၌ ဂေါတမမြတ်စွာဘုရား၏ သာသနာတော်၌ ဒိဗ္ဗစက္ခုအဘိညာဉ်ကိုရသော ရဟန်းတို့တွင် အမြတ်ဆုံးဖြစ်သော အနုရုဒ္ဓါမည်သော မထေရ်ဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။ ထိုအမျိုးကောင်းသားသည် ထိုဗျာဒိတ်စကားကို ကြားသိရလျှင် နက်ဖြန်ပင် ရောက်အံ့သကဲ့သို့ ထိုပြည့်စုံခြင်းကို အောက်မေ့မှတ်ထင်လျက် ဘုရားမြတ်စွာသည် ပရိနိဗ္ဗာန် စံလွန်တော်မူသည်ရှိသော် ရဟန်းတို့အား ဒိဗ္ဗစက္ခုအဘိညာဉ်၏အကြောင်း ပရိကံကို မေးမြန်း၍ ခုနစ်ယူဇနာရှိသော ရွှေစေတီကိုဝန်းရံလျက် များစွာကုန်သော ဆီမီးတိုင် အထောင်တို့ကို ပြုစေပြီးလျှင် ဆီမီးပူဇော်ခြင်းကို ပြုလေ၏။

အန္နဘာရ သူဆင်းရဲ၏အလှူ

ဆီမီးပူဇော်ခြင်းကို ပြုသဖြင့် ထိုဘဝမှ စုတေသည်ရှိသော် နတ်ပြည်၌ဖြစ်၍ နတ်ပြည်လူ့ပြည်တို့၌ ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ကျင်လည်ပြီးလျှင် ဤဘဒ္ဒကပ်ကမ္ဘာ၌ ဗာရာဏသီပြည်ဝယ် သူဆင်းရဲအမျိုး၌ ဖြစ်သောကြောင့် သုမနသူဌေးကြီးကိုမှီလျက် မြက်ရိတ်သမားအဖြစ်ဖြင့် အသက်မွေးခြင်းကို ပြုရရှာလေ၏။ ထိုသူဆင်းရဲအား အန္နဘာရဟူသော အမည်သည် ဖြစ်၏။ သုမနသူဌေးကြီးသည်လည်း ထိုဗာရာဏသီပြည်၌ အခါခပ်သိမ်း အလှူကြီးကို ပေးလှူ၏။ တစ်နေ့သ၌ ဥပရိဋ္ဌအမည်ရှိသော ပစ္စေကဗုဒ္ဓါသည် ဂန္ဓမာဒနတောင်၌ နိရောဓသမာပတ်မှထ၍ “အဘယ်သူအား ယနေ့ ချီးမြှောက်ခြင်းကို ပြုရပါအံ့နည်း”ဟု ကြံစည်တော်မူလတ်သော် “ယနေ့ ငါသည် အန္နဘာရသူဆင်းရဲအား ချီးမြှောက်ခြင်းကို ပြုခြင်းငှာသင့်၏။ ယခုအခါ၌လည်း ထိုအန္နဘာရသူဆင်းရဲသည် တောအုပ်မှ မြက်ကိုယူဆောင်လျက် အိမ်သို့ လာလတ္တံ့”ဟု သိတော်မူရလျှင် သပိတ်သင်္ကန်းကိုယူ၍ တန်ခိုးတော်ဖြင့် ကြွသွားတော်မူလျက် အန္နဘာရ၏ မျက်မှောက်၌ ရှေးရှုရပ်တည်တော်မူလေ၏။ အန္နဘာရသည် ဆွမ်းမရှိ အချည်းနှီးသော သပိတ်ကို လက်စွဲလျက်ရပ်သော ပစ္စေကဗုဒ္ဓါကို မြင်ရလျှင် “အရှင်ဘုရား- ဆွမ်းရပါ၏လောဘုရား”ဟု မေးမြန်းတဲ့၍ “မြတ်သော ဘုန်းကံရှိသော ယောက်ျား- ငါတို့ ရကြပေလတ္တံ့”ဟု မိန့်ဆိုလတ်သည်ရှိသော် “အရှင်ဘုရား- ထိုသို့ဖြစ်မူ အတန်ငယ် ဆိုင်းငံ့တော်မူကြပါဦးဘုရား”ဟု လျှောက်ကြားသဖြင့် မြက်ထမ်းထမ်းပိုးကို စွန့်ပစ်ထားခဲ့၍ လျင်မြန်စွာ အိမ်သို့သွားပြီးလျှင် “ချစ်နှမ- ငါ့အလို့ငှာထားသောအဖို့ ထမင်းသည် ရှိသလော၊ မရှိသလော”ဟု မယားကို မေးမြန်း၍ “အရှင်- ရှိပါသည်”ဟု ဆိုလတ်သည်ရှိသော် လျင်စွာတစ်ဖန် ပြန်လာ၍ ရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်တော်ကို ယူပြီးလျှင် “ငါ့အား လှူခြင်းငှာ အလိုရှိသော်လည်း လှူဖွယ်ဝတ္ထုသည် မရှိခဲ့၊ လှူဖွယ်ဝတ္ထုရှိသော်လည်း အလှူခံပုဂ္ဂိုလ်ကို မရ၊ ယနေ့မူကား ငါ့အား အလှူခံပုဂ္ဂိုလ်ကို မြင်ရ၏။ လှူဖွယ်ဝတ္ထုသည်လည်းရှိ၏။ ငါ့အား အရတော်လေစွတကား”ဟု ကြံစည်မိလေ၏။

“မရှိစကား မကြားရလို”ဟု ဆုတောင်းခြင်း

ဤသို့ကြံစည်ကာ အိမ်သို့ သွားရောက်ပြီးလျှင် ဆွမ်းကို သပိတ်၌ ထည့်စေသဖြင့် တစ်ဖန် ပြန်ဆောင်၍ ပစ္စေကဗုဒ္ဓါ၏ လက်တော်၌ ဆက်ကပ်တည်စေလျက်-

ဣမိနာ ပန ဒါနေန၊ မာ မေ ဒါလိဒ္ဒိယံ အဟု။
နတ္တီတိ ဝစနံ နာမ၊ မာ အဟောသိ ဘဝါဘဝေ။

ဘန္တေ၊ အရှင်ဘုရား။ ဣမိနာ ပန ဒါနေန၊ ဤသို့ ဆက်ကပ်လှူဒါန်းရသော ဒါနကုသိုလ်စေတနာကြောင့်။ ဘဝါဘဝေ၊ ဘဝကြီး,ဘဝငယ်၌။ မေ- မမ၊ တပည့်တော်အား။ ဝါ၊ တပည့်တော်၏။ ဒါလိဒ္ဒိယံ၊ သူဆင်းရဲအမျိုး၌ ဖြစ်ရခြင်းသည်။ မာ အဟု၊ မဖြစ်ပါစေသတည်း။ နတ္တီတိ ဝစနံနာမ၊ မရှိဟူသော စကားမည်သည်။ မာ အဟောသိ၊ မဖြစ်ပါစေသတည်း။

“အရှင်ဘုရား- ဤသို့သဘောရှိသော ငြိုငြင်ဆင်းရဲစွာ အသက်မွေးရခြင်းမှ လွတ်ကင်းရပါလို၏ဘုရား၊ မရှိဟူသော စကားသာလျှင် မကြားရသည့်ကိုယ် ဖြစ်ရပါလို၏ဘုရား”ဟု ဆုတောင်းခြင်းကို ဖြစ်စေလေ၏။

ဆင်းရဲသားအလှူ နတ်သာဓုခေါ်ခြင်း

ပစ္စေကဗုဒ္ဓါသည် “မြတ်သောဘုန်းကံရှိသော ယောက်ျား- ဤသို့ သင်ဆုတောင်းသည့်အတိုင်း ဖြစ်စေသတည်း”ဟု မိန့်တော်မူ၍ ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြုပြီးလျှင် ဖဲကြွသွားတော်မူလေ၏။ သုမနသူဌေးကြီး၏လည်း ထီးချက်စောင့်နတ်သည်-

အဟောဒါနံ ပရမဒါနံ၊ ဥပရိဋ္ဌေသု ပတိဋ္ဌိတံ။

ဒါနံ၊ လှူဒါန်းရခြင်းသည်။ ပရမဒါနံ၊ မြတ်သော အလှူဒါန ဖြစ်လေစွတကား။ ဥပရိဋ္ဌေသု၊ ဥပရိဋ္ဌ အမည်ရှိသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီးတို့၌။ ပတိဋ္ဌိတံ၊ ကောင်းစွာ တည်လတ်ပြီးသည်ဖြစ်၍။ အဟော၊ ဪ-လက်ဖျစ်တီး၍ အံ့ချီးဖွယ်ကောင်းလှသော အလှူဒါန ဖြစ်ခဲ့လေစွတကား။

ဟုဆို၍ သုံးကြိမ်တိုင်တိုင် ကောင်းချီးပေးလေ၏။ ထိုအခါ ထီးချက်စောင့်နတ်ကို သူဌေးကြီးသည် “အဘယ့်ကြောင့် ငါ့ကို ဤမျှလောက်သောကာလပတ်လုံး အလှူကို ပေးလှူလျက်နေသည်ကို မမြင်ဘိသလော”ဟု ဆိုလေ၏။ “အကျွန်ုပ်သည် သင်သူဌေးကြီး၏အလှူကို အာရုံပြု၍ ကောင်းချီးပေးသည် မဟုတ်ပါ။ အန္နဘာရ သူဆင်းရဲသည်ကား ဥပရိဋ္ဌအမည်ရှိသော ပစ္စေကဗုဒ္ဓါအား ပေးလှူအပ်သောဆွမ်း၌ ကြည်ညိုလှသောကြောင့် အကျွန်ုပ်သည် ဤသို့သော ကောင်းချီးပေးခြင်းကို ဖြစ်စေအပ်၏”ဟု ဆိုလတ်သော် ထိုသုမနသူဌေးကြီးသည် “အချင်းတို့- ဪ- အံ့ဖွယ်ရှိပေစွတကား။ ငါသည် ဤမျှလောက်သော ကာလပတ်လုံး အလှူပေးလှူပါလျက် နတ်တို့အား ကောင်းချီးပေးခြင်းငှာ မတတ်နိုင်၊ အန္နဘာရသူဆင်းရဲသည် ငါ့ကိုမှီ၍ အသက်မွေးရသည်ဖြစ်ပါလျက် တစ်ကြိမ်လှူသော ဆွမ်းဖြင့်ပင်လျှင် ကောင်းချီးကို ပေးစေနိုင်ဘိ၏။ ထိုအန္နဘာရ၏အလှူ၌ လျောက်ပတ်သည်ကိုပြု၍ လှူသောဆွမ်းကို ငါ့ဥစ္စာဖြစ်အောင် ပြုလုပ်ပေအံ့”ဟု ကြံတဲ့ပြီးလျှင် အန္နဘာရကို ခေါ်စေ၍ “ယနေ့ သင်သည် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်အား တစ်စုံတစ်ခုသော ဝတ္ထုပစ္စည်းကို ပေးလှူလေသလော”ဟု မေးမြန်းလေ၏။ “အရှင်သူဌေးကြီး- ပေးလှူသည် မှန်ပါ၏။ ဥပရိဋ္ဌအမည်ရှိသော ပစ္စေကဗုဒ္ဓါအား ကျွန်တော်သည် ယနေ့အဖို့ဖြစ်သောဆွမ်းကို ပေးလှူရပါသည်”ဟု ဆိုလတ်သော် “အချင်း အန္နဘာရ- ယခု အသပြာကိုယူ၍ ငါ့အား ဤဆွမ်းကို ပေးလော့”ဟု ဆိုလေ၏။ “အရှင်သူဌေးကြီး- မပေးနိုင်ပါ”ဟု ဆိုလတ်သော် သုမနသူဌေးကြီးသည် အသပြာတစ်ထောင်တိုင်အောင် တိုးတက်စေ၏။ အန္နဘာရသူဆင်းရဲသည် “အသပြာတစ်ထောင်ဖြင့်သော်လည်း မပေးနိုင်ပါ”ဟု ဆိုလတ်သော် ထိုအခါ ထိုအန္နဘာရကို “အချင်း- ထိုသို့မပေးနိုင်သည် ဖြစ်စေတော့၊ ဆွမ်းကို အကယ်၍ သင်မပေးနိုင်သည်ဖြစ်အံ့၊ အသပြာတစ်ထောင်ကိုယူ၍ အလှူ၏အဖို့ကို ငါ့အားပေးပါလော့”ဟု ဆိုပြန်လေ၏။ ထိုအန္နဘာရသည် “အရှင်ပစ္စေကဗုဒ္ဓါနှင့် အတူတကွတိုင်ပင်ပြီးမှ သိရပါအံ့”ဟုဆို၍ လျင်မြန်စွာ ပစ္စေကဗုဒ္ဓါသို့ အမီလိုက်သွားပြီးလျှင် “အရှင်ဘုရား- သုမနသူဌေးကြီးသည် အသပြာတစ်ထောင်ကိုပေး၍ အရှင်ဘုရားတို့အား လှူသောဆွမ်း၌ ကုသိုလ်အဖို့ကို တောင်းပါသည်။ အဘယ်သို့ ပြုရပါမည်နည်းဘုရား”ဟု မေးလျှောက်လေ၏။

သုမနသူဌေး တစ်ထောင်ပေး၍ သာဓုခေါ်ခြင်း

ထိုအခါ အန္နဘာရ သူဆင်းရဲအား ပစ္စေကဗုဒ္ဓါသည် ဥပမာ ဆောင်ပြတော်မူလေ၏။ “ပညာရှိသော ယောက်ျား- ဥပမာမည်သည်ကား အမျိုးသား အိမ်တစ်ရာရှိသော ရွာတွင် တစ်ခုသောအိမ်၌ ဆီမီးသည် ထွန်းလင်းတောက်ပငြားအံ့၊ ကြွင်းသောသူတို့သည် မိမိ၏ဆီဖြင့် ဆီမီးစာကိုဆွတ်၍ သွားပြီးလျှင် တောက်ပစေ၍(မီးညှိ၍) ယူကုန်ငြားအံ့။ ရှေးဖြစ်သော ဆီမီး၏အရောင်သည် ရှိသေး၏ဟု ဆိုအပ်သလော၊ မရှိပြီဟု ဆိုအပ်သလော”ဟု မေးတော်မူလျှင်၊ “အရှင်ဘုရား- အတိုင်းထက်အလွန် အရောင်တောက်ပပါသည်ဘုရား”ဟု လျှောက်လေ၏။ “ပညာရှိသော ယောက်ျား- ဤအတူသာလျှင် တစ်ယောက်မမျှသော ယာဂုသည်မူလည်း ဖြစ်စေ၊ တစ်ယောက်မမျှသော ဆွမ်းသည်လည်း ဖြစ်စေ၊ မိမိ၏ဆွမ်း၌ သူတစ်ပါးတို့အား အလှူအဖို့ကို ပေးရသောသူအား အကြင်မျှလောက်ကုန်သောသူတို့အား ပေးရ၏။ ထိုမျှလောက် ကောင်းမှုတိုးပွား၏။ သင်သည်လည်း တစ်ခုသော ဆွမ်းကိုသာ လှူဘိ၏။ သူဌေးကြီးအား အလှူအဖို့ကို ပေးအပ်သည်ရှိသော် နှစ်ခုသော ဆွမ်းတို့သည် ဖြစ်ကုန်၏။ တစ်ဖို့သည် သင့်အတွက်၊ တစ်ဖို့သည် သူဌေးကြီးအတွက် ဖြစ်စေသတည်း”ဟု မိန့်တော်မူလတ်သော်၊ အန္နဘာရသည် “အရှင်ဘုရား- ကောင်းပါပြီဘုရား”ဟု ဝန်ခံ၍ ပစ္စေကဗုဒ္ဓါကို ရှိခိုးပြီးလျှင် သူဌေးကြီး၏ အထံသို့သွား၍၊ “အရှင်သူဌေးကြီး- အလှူအဖို့ကို ယူတော်မူပါလော့”ဟု ဆိုလေ၏။ “ထိုသို့ဖြစ်မူ ဤအသပြာတို့ကို ယူလော့”ဟု ဆိုလတ်သည်ရှိသော် “ကျွန်တော်သည် ဆွမ်းကို မရောင်းပါ၊ သဒ္ဓါကြည်ညိုသဖြင့် ရှင်သူဌေးကြီးအား အလှူအဖို့ကို ပေးဝေပါ၏”ဟု ဆိုသဖြင့် “သင်သည် သဒ္ဓါကြည်ညို၍ ပေးပေ၏။ ငါသည်လည်း သင်၏ဂုဏ်ကျေးဇူးတို့ကို ပူဇော်ပေ၏။ အမောင် ယူလော့။ ဤနေ့မှစ၍လည်း မိမိ၏လက်ဖြင့် အမှုကို မပြုလေလင့်”ဟု ဆို၍ “လမ်းခရီး၌ အိမ်ကိုဆောက်လုပ်စေ၍ နေချေလော့၊ အကြင်ဝတ္ထုဖြင့် သင်အား အလိုရှိ၊ ထိုဝတ္ထုအလုံးစုံကို ငါ့အထံမှယူလော့”ဟု ဆိုလေ၏။ နိရောဓသမာပတ်မှထသော ပစ္စေကဗုဒ္ဓါအား လှူအပ်သော ဆွမ်းသည် ထိုနေ့၌သာလျှင် အကျိုးပေး၏။ ထို့ကြောင့် ပြည့်ရှင်မင်းသည်လည်း ထိုအကြောင်းကို ကြားလတ်သော် အန္နဘာရကို ခေါ်စေပြီးလျှင် အလှူအဖို့ကိုယူသဖြင့် များစွာ စည်းစိမ်ဥစ္စာ အသုံးအဆောင်ကိုပေး၍ အန္နဘာရအား သူဌေးကြီးအရာကို ပေးစေတော်မူလေ၏။

အနုရုဒ္ဓါမင်းသား ဖြစ်လာခြင်း

ထိုအန္နဘာရသူဌေးသည် သုမနသူဌေး၏ အဆွေခင်ပွန်းဖြစ်၍ အသက်ထက်ဆုံး ကောင်းမှုတို့ကိုပြုသဖြင့် ထိုကိုယ်အဖြစ်မှ စုတေသည်ရှိသော် နတ်ပြည်၌ဖြစ်၍ နတ်ပြည်,လူ့ပြည်တို့၌ ကျင်လည်လျက် ဤငါတို့ ဘုရားရှင် ပွင့်ထွန်းတော်မူသောအခါ ကပိလဝတ်ပြည်၌ အမိတောဒနသာကီဝင်မင်းကြီး၏ အိမ်တော်၌ ပဋိသန္ဓေယူလေ၏။ မယ်တော်သည် ဆယ်လလွန်သောအခါ သားကိုဖွားမြင်လေ၏။ ထိုသတို့သားအား အနုရုဒ္ဓါဟူသောအမည်ကို မှည့်ကြလေကုန်၏။ ထိုအနုရုဒ္ဓါ မင်းသားသည် မဟာနာမ်အမည်ရှိသော သာကီဝင်မင်းသား၏ ညီတော်၊ မြတ်စွာဘုရား၏ ဘထွေးတော်၏ သားတော်၊ အလွန် နူးညံ့သိမ်မွေ့သော ကြီးသော ဘုန်းကံရှိသော သတို့သား ဖြစ်လေ၏။ တစ်နေ့သ၌ ခြောက်ယောက်သော မင်းသားတို့သည် မုန့်တို့ဖြင့် လောင်းကြေးပြု၍ ရွဲလုံးတို့ဖြင့် ကစားကြကုန်သည်ရှိသော် အနုရုဒ္ဓါမင်းသားသည် ရှုံးသည်ဖြစ်၍ မုန့်တို့၏အလို့ငှာ မယ်တော်ထံသို့ လွှတ်လေသတတ်။ မယ်တော်သည် ရွှေခွက်ကြီးကို ပြည့်စေလျက် မုန့်တို့ကို ပို့စေလေ၏။ မုန့်တို့ကိုစား၍ တစ်ဖန် ကစားပြန်သည်ရှိသော် ရှုံးပြန်သောကြောင့် ထို့အတူပင် စေလွှတ်ပြန်လေ၏။ ဤသို့လျှင် သုံးကြိမ်တိုင်တိုင် မုန့်တို့ကို ဆောင်ယူအပ်ကုန်သည်ရှိသော် လေးခုမြောက်သောအကြိမ်၌ မယ်တော်က “ယခုအခါ မုန့်တို့သည် မရှိ၊ ကုန်ပြီ”ဟု စေလွှတ်လေ၏။

မရှိဟူသောစကား နားမလည်ခြင်း

ထိုမယ်တော်၏ စကားကို ကြားရလျှင် မရှိဟူသောစကားကို မကြားအပ်စဖူးသည် အဖြစ်ကြောင့် “မရှိမုန့်တို့မည်သည် ယခုအခါ၌ ဖြစ်ပေါ်လာကုန်လတ္တံ့”ဟူသော အမှတ်သညာကိုပြု၍၊ “သွားချေ- မရှိမုန့်တို့ကို ဆောင်ခဲ့ချေလော့”ဟု စေလွှတ်လိုက်လေ၏။ ထိုအခါ အနုရုဒ္ဓါမင်းသား၏ မယ်တော်သည်ကား “အရှင်မ- မရှိမုန့်တို့ကို ပေးလိုက်ကြပါကုန်တဲ့လော့”ဟု ဆိုအပ်သည်ရှိသော် “ငါ၏သားတော်သည် မရှိဟူသောစကားကို မကြားအပ်စဖူးခဲ့ပေ။ အဘယ်သို့လျှင် မရှိ၏အဖြစ်ကို သိစေရအံ့နည်း”ဟု နှလုံးပြုလျက် ရွှေခွက်ကိုဆေးပြီးလျှင် ရွှေခွက်တစ်ခုဖြင့်မှောက်၍၊ “အမောင်- ယခုအခါ၌ ဤရွှေခွက်ကို ငါ၏သားတော်အား ပေးချေလော့”ဟု စေလွှတ်လိုက်လေ၏။ ထိုခဏ၌ မြို့ကိုစောင့်ရှောက်ကုန်သော နတ်တို့သည် “ငါတို့အရှင်မင်းသားသည် အန္နဘာရ သူဆင်းရဲဖြစ်သောအခါ ဥပရိဋ္ဌအမည်ရှိသော ရှင်ပစ္စေကဗုဒ္ဓါအား မိမိအဖို့ဖြစ်သော ထမင်းကိုလှူ၍ မရှိဟူသော စကားကိုသာလျှင် မကြားရသည့်ကိုယ် ဖြစ်ရပါလို၏ဟု ဆုတောင်းခြင်းမည်သည်ကို ဖြစ်စေအပ်၏။ (ဆုတောင်းထားဖူး၏) ငါတို့သည် ထိုအကြောင်းကို သိကြကုန်လျက် အကယ်၍ လျစ်လျူရှုကုန်ငြားအံ့၊ ငါတို့ဦးခေါင်းသည်လည်း ခုနစ်စိတ်ကွဲရာ၏”ဟု ကြံစည်အောက်မေ့ပြီးလျှင် နတ်ပြည်၌ဖြစ်သော မုန့်တို့ဖြင့် ရွှေခွက်ကို ပြည့်စေကြရလေကုန်၏။ ထိုမင်းသား အခိုင်းအစေခံယောက်ျားသည် ရွှေခွက်ကို ဆောင်ယူသွားပြီးလျှင် မင်းသား၏အထံ၌ထား၍ ဖွင့်လေ၏။ ထိုမုန့်တို့၏အနံ့သည် မြို့အလုံးကို ပျံ့နှံ့လေ၏။ မုန့်ကိုကား ခံတွင်း၌ ထားအပ်ခါမျှပင် အရသာကိုဆောင်တတ်သော အကြောပေါင်း ခုနစ်ထောင်တို့ကို ပျံ့နှံ့၍ တည်လေသည်။

မရှိမုန့်တို့ကို အမြဲသုံးဆောင်ရခြင်း

အနုရုဒ္ဓါမင်းသားသည်လည်း “ငါ့ကို မယ်တော်သည် ဤနေ့မှရှေး၌ မချစ်ခင်ဟန် ရှိ၏။ တစ်ပါးသောအခါ၌ ငါ့အလို့ငှာ မယ်တော်သည် မရှိမုန့်မည်သည်ကို မကြော်မချက်အပ်စဖူး”ဟု ကြံပြီးလျှင် ထိုအနုရုဒ္ဓါမင်းသားသည် မယ်တော်၏အထံသို့ သွားတဲ့၍ မယ်တော်ကို “မယ်တော်- မယ်တော်သည် သားတော်ကို မချစ်ခင်အပ်လေသလော”ဟု ဆိုလေ၏။ “ချစ်သား- အသို့ဆိုဘိသနည်း၊ မယ်တော်၏ မျက်စိထက်လည်းကောင်း၊ နှလုံးသားထက်လည်းကောင်း သင်ချစ်သားကို လွန်စွာ ချစ်ခင်မြတ်နိုးလှပေ၏”ဟု ဆိုလတ်သော်၊ “မယ်တော်- မယ်တော်သည် သားတော်ကို အကယ်၍ ချစ်ခင်သည်ဖြစ်အံ့၊ အဘယ်ကြောင့် သားတော်အား ရှေးအခါ၌ ဤသို့သဘောရှိသော မရှိမုန့်မည်သည်တို့ကို မပေးပါဘိသနည်း”ဟု ဆိုလေ၏။ မယ်တော်သည် ထိုမင်းသား အခိုင်းအစေခံ ယောက်ျားကို၊ “အမောင်- ရွှေခွက်၌ တစ်စုံတစ်ခုသောဝတ္ထု ပါရှိလေသလော”ဟု မေးလေ၏။ “အရှင်မ- ပါရှိသည် မှန်ပါ၏။ ရွှေခွက်၌ မုန့်တို့ဖြင့် အပြည့်ဖြစ်ပါသည်။ ဤသို့သဘောရှိသော မုန့်တို့ကို အရှင့် ကျွန်တော်မျိုးသည် မမြင်အပ်စဖူးပါ”ဟု လျှောက်တင်လေ၏။ အနုရုဒ္ဓါမင်းသား၏ မယ်တော်သည် “ငါ၏သားတော်ကား ပြုအပ်သော ဆုတောင်းကောင်းမှုရှိသောသူဖြစ်၍ ငါ့သားတော် အနုရုဒ္ဓါအား နတ်တို့သည် နတ်၌ဖြစ်သော မုန့်တို့ကို ပို့သွင်းဆက်သကြရသည် ဖြစ်ကုန်လတ္တံ့”ဟု ကြံဆင်ခြင်မိလေ၏။ ထိုအနုရုဒ္ဓါမင်းသားသည်လည်း မယ်တော်ကို၊ “မယ်တော်- သားတော်သည် ဤသို့သဘောရှိသော မုန့်တို့ကို မစားရစဖူးပါ။ ဤနေ့မှစ၍ သားတော်အလို့ငှာ မရှိမုန့်ကိုသာလျှင် အပို့ခိုင်းပါမယ်တော်”ဟု ဆိုလေ၏။ မယ်တော်သည်လည်း ထိုနေ့မှစ၍ အနုရုဒ္ဓါမင်းသားက မုန့်စားလိုပါသည်ဟု ပြောဆိုသောကာလ၌ ရွှေခွက်တစ်ခုကို ဆေးကြောပြီးလျှင် တစ်ပါးသော ရွှေခွက်ဖြင့်မှောက်၍ ပို့လိုက်လေ၏။ နတ်တို့သည် ထိုရွှေခွက်ကို ပြည့်စေကြရလေကုန်၏။ ဤသို့လျှင် အနုရုဒ္ဓါမင်းသားသည် အိမ်ရာထူထောင် လူ့ဘောင်အလယ်၌နေလျက် မရှိဟူသော စကား၏အနက်ကို မသိ၍ နတ်၌ဖြစ်သော မုန့်တို့ကိုသာ သုံးဆောင်ရလေ၏။

မင်းသားသုံးယောက်၊ အမြင်သုံးမျိုး

မြတ်စွာဘုရား၏ အခြံအရံအလို့ငှာ ဆွေတော်မျိုးတော် အစဉ်အဆက်အားဖြင့် သာကီဝင်မင်းသားတို့ ရဟန်းပြုကြကုန်သည်ရှိသော် မဟာနာမ်အမည်ရှိသော သာကီဝင်မင်းသည်၊ “ညီငယ်- ငါတို့၏အမျိုး၌ တစ်စုံတစ်ယောက် ရဟန်းပြုသောသူမရှိ၊ သင်သည်မူလည်း ရဟန်းပြုအပ်၏။ ငါသည်မူလည်း ရဟန်းပြုအပ်၏”ဟု ဆိုလတ်သည်ရှိသော် အနုရုဒ္ဓါမင်းသားက “ကျွန်တော်သည် အလွန်နူးညံ့သိမ်မွေ့လှပါသည်၊ ရဟန်းပြုခြင်းငှာ မတတ်နိုင်ပါလတ္တံ့”ဟု ဆိုလေ၏။ “ထိုသို့ဖြစ်မူ အမှုကြီးငယ် လုပ်ငန်းကို သင်ယူလော့၊ ငါသည် ရဟန်းပြုအံ့”ဟု ဆိုလျှင် “ဤအမှုကြီးငယ် လုပ်ငန်းမည်သည် အဘယ်ပါနည်း”ဟု မြွက်ဆိုလေ၏။ ထိုအနုရုဒ္ဓါမင်းသားသည် ထမင်း၏ဖြစ်ရာ အရပ်ကိုသော်လည်းမသိ၊ အမှုကြီးငယ်လုပ်ငန်းကို အဘယ်မှာလျှင် သိနိုင်ရှာအံ့နည်း။ ထို့ကြောင့် ဤသို့ မြွက်ဆိုဘိ၏။ တစ်နေ့သ၌ အနုရုဒ္ဓါ, ဘဒ္ဒိယ, ကိမိလဟူသော သုံးယောက်သော မင်းသားတို့သည် “ထမင်းမည်သည် အဘယ်အရပ်၌ ဖြစ်ပေါ်လာသနည်း”ဟု တိုင်ပင်ဆွေးနွေးကြလေကုန်၏။ ထိုသုံးယောက်သော မင်းသားတို့တွင် ကိမိလမင်းသားသည် “ကျီတို့၌ ဖြစ်ပေါ်၏”ဟု ဆိုလေ၏။

(ထိုကိမိလမင်းသားသည် တစ်နေ့သောအခါ ကျီ၌ စပါးထည့်သွင်းကြသည်တို့ကို မြင်ဖူး၏။ ထို့ကြောင့် ကျီ၌ ထမင်းဖြစ်၏ဟူသော အမှတ်သညာဖြင့် ဤသို့ ပြောဆိုလေသတတ်။)

ထိုအခါ ကိမိလမင်းသားကို ဘဒ္ဒိယမင်းသားသည် “သင်-မသိ”ဟု ဆို၍ “ထမင်းမည်သည်ကား ထမင်းအိုး၌ ဖြစ်ပေါ်၏”ဟု ဆိုလေ၏။

(ထိုဘဒ္ဒိယမင်းသားသည် တစ်နေ့သ၌ ထမင်းအိုးမှ ထမင်းခူးသည်တို့ကို မြင်ရဖူးသဖြင့် ဤထမင်းအိုး၌သာ ထမင်းဖြစ်ပေါ်၏ဟူ၍ အမှတ်သညာကို ပြုလေ၏။ ထို့ကြောင့် ဤသို့ ပြောလေသတတ်။)

အနုရုဒ္ဓါမင်းသားသည် “နှစ်ယောက်စလုံးလည်း ဖြစ်ကုန်သော ထိုသင်တို့သည် မသိကြကုန်”ဟု ဆို၍ “ထမင်းမည်သည်ကား တစ်တောင်ခန့်အမြင့်ရှိသော ပွဲတော်အုပ်၏ အတွင်း၌ရှိသော ရွှေခွက်ကြီး၌ ဖြစ်ပေါ်၏”ဟု ဆိုလေ၏။

(ထိုအနုရုဒ္ဓါမင်းသားသည် စပါးထောင်းသည်တို့ကိုလည်း မမြင်အပ်စဖူးကုန်၊ ထမင်းချက်သည်တို့ကိုလည်း မမြင်အပ်စဖူးကုန်၊ ရွှေခွက်၌ ခူးထည့်ပြီးလျှင် ရှေ့၌ထားသော ထမင်းကိုသာလျှင် မြင်ရ၏။ ထို့ကြောင့် ရွှေခွက်၌သာလျှင် ထမင်းဖြစ်ပေါ်၏ဟု အမှတ်သညာကို ပြုလေ၏။ ထို့ကြောင့် ဤသို့ ပြောဆိုလေသတတ်။)

အနုရုဒ္ဓါမင်းသား ရဟန်းပြုခြင်း

ဤသို့ ထမင်းဖြစ်ပေါ်ရာအရပ်ကို မသိရှာသော ကြီးသောဘုန်းကံရှိသော အမျိုးကောင်းသားသည် အမှုကြီးငယ်လုပ်ငန်းတို့ကို အဘယ်မှာ သိနိုင်ရှာအံ့နည်း။ ထို့ကြောင့် မဟာနာမ်မင်းသားသည်၊ “ညီတော် အနုရုဒ္ဓါမင်းသား- လာလော့၊ သင့်အား အိမ်ရာထူထောင် လူ့ဘောင်၌ နေဖို့အလို့ငှာ ဆုံးမပေအံ့။ ရှေးဦးစွာ လယ်ကို ထွန်စေအပ်၏။” ဤသို့အစရှိသောနည်းဖြင့် နောင်တော်သည် သွန်သင်ဆုံးမ ပြောပြအပ်သော အမှုကိစ္စလုပ်ငန်းတို့၏ အဆုံးမရှိသည့်အဖြစ်ကို ကြားရလျှင် “ငါ့အား အိမ်ရာထူထောင် လူ့ဘောင်၌နေခြင်းဖြင့် အလိုမရှိ”ဟု နှလုံးပြုလျက် မယ်တော်ကို ပန်ကြားပြီးလျှင် ဘဒ္ဒိယအမှူးရှိသော ငါးယောက်သော သာကီဝင်မင်းသားတို့နှင့် အတူတကွထွက်၍ အနုပိယအမည်ရှိသော သရက်ဥယျာဉ်၌ မြတ်စွာဘုရားသို့ ချဉ်းကပ်ကာ ရဟန်းပြုလေ၏။ ရဟန်းပြုပြီး၍ကား ကောင်းသောအကျင့်ကို ကျင့်သဖြင့် အစဉ်အတိုင်းအားဖြင့် သုံးပါးသော ဝိဇ္ဇာတို့ကို မျက်မှောက်ပြုပြီးလျှင် ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် တစ်ခုတည်းသောနေရာ၌ နေလျက်သာ လက်ဝါးပြင်၌ ထားအပ်သော သျှိသျှားသီးတို့ကိုကဲ့သို့ အထောင်သော လောကဓာတ်တို့ကို ကြည့်ရှုခြင်းငှာ စွမ်းနိုင်သည်ဖြစ်၍ ဤဂါထာကို ဆိုလေ၏။

ပုဗ္ဗေနိဝါသံ ဇာနာမိ၊ ဒိဗ္ဗစက္ခု ဝိသောဓိတံ။
တေဝိဇ္ဇော ဣဒ္ဓိပတ္တောမှိ၊ ကတံ ဗုဒ္ဓဿ သာသနံ။

အဟံ၊ ငါအနုရုဒ္ဓါသည်။ ပုဗ္ဗေနိဝါသံ၊ ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို။ ဇာနာမိ၊ သိနိုင်၏။ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို။ ဝိသောဓိတံ၊ သုတ်သင်အပ်ပြီ။ တေဝိဇ္ဇော၊ ဝိဇ္ဇာသုံးပါးနှင့်ပြည့်စုံသော။ ဣဒ္ဓိပတ္တော၊ တန်ခိုးအထူးသို့ ရောက်သောသူသည်။ အမှိ၊ ဖြစ်၏။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ အဆုံးအမကို။ ကတံ၊ လိုက်နာပြုကျင့်ရပေပြီ။

ဤသို့ ဥဒါန်းကို နှစ်သက်ဝမ်းမြောက်စွာ ကျူးရင့်တော်မူပြီးလျှင် “အဘယ်ကောင်းမှုကို ပြုဖူးသောကြောင့် ဤသို့သော ပြည့်စုံခြင်းကို ငါရဘိသနည်း”ဟု ကြည့်ရှုဆင်ခြင်တော်မူလတ်သည်ရှိသော် “ပဒုမုတ္တရမြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဆုတောင်းခြင်းကို ဖြစ်စေဖူးပြီ”ဟု သိတော်မူ၍ တစ်ဖန် သံသရာ၌ တပြောင်းပြန်ပြန်ကျင်လည်စဉ် ဤအမည်ရှိသောအခါ ဗာရာဏသီပြည်၌ သုမနသူဌေးကြီးကိုမှီလျက် အသက်မွေးရသော အန္နဘာရအမည်ရှိသော မြက်ရိတ်သမား ဖြစ်ရဖူးပြီဟူ၍လည်း သိတော်မူ၍ ဤဂါထာကို ရွတ်ဆိုလေ၏။

အန္နဘာရော ပုရေ အာသိံ၊ ဒလိဒ္ဒေါ တိဏဟာရကော။
ပိဏ္ဍပါတော မယာ ဒိန္နော၊ ဥပရိဋ္ဌဿ တာဒိနော။

အဟံ၊ ငါအနုရုဒ္ဓါသည်။ ပုရေ၊ ရှေးအခါ၌။ အန္နဘာရော၊ အန္နဘာရ အမည်ရှိသော။ ဒလိဒ္ဒေါ၊ ဆင်းရဲလှသော။ တိဏဟာရကော၊ မြက်ရိတ်သမားသည်။ အာသိံ၊ ဖြစ်ဖူးပြီ။ မယာ၊ ငါသည်။ တာဒိနော၊ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော။ ဥပရိဋ္ဌဿ၊ ဥပရိဋ္ဌအမည်ရှိသော အရှင်ပစ္စေကဗုဒ္ဓါအား။ ပိဏ္ဍပါတော၊ ဆွမ်းကို။ ဒိန္နော၊ ပေးလှူအပ်ဖူးပြီ။

သုမနအား ချီးမြှောက်ရန် ကြွသွားခြင်း

ထိုအခါ အနုရုဒ္ဓါမထေရ်မြတ်အား ဤသို့သော အကြံသည် ဖြစ်လေ၏။ “ထိုအခါ ငါသည် ဥပရိဋ္ဌအမည်ရှိသော ပစ္စေကဗုဒ္ဓါအား လှူဒါန်းအပ်သောဆွမ်းမှ အသပြာတို့ကိုပေး၍ အလှူအဖို့ကို ယူလေဖူးသော ငါ၏အဆွေခင်ပွန်း အကြင်သုမနသူဌေးကြီးသည်ရှိ၏။ ထိုသုမနသူဌေးကြီးသည် ယခုအခါ အဘယ်အရပ်၌ ဖြစ်လေဘိသနည်း”ဟု အကြံဖြစ်လေ၏။ ထိုအခါ သုမနသူဌေးကို ဝိဇ္ဈာဋဝီတောအုပ်တွင် တောင်ခြေရင်း၌ မုဏ္ဍအမည်ရှိသော နိဂုံးသည်ရှိ၏။ ထိုနိဂုံး၌ မဟာမုဏ္ဍအမည်ရှိသော ဒါယကာအား မဟာသုမန, စူဠသုမနဟူသော သားတော်နှစ်ယောက်တို့သည် ရှိကုန်၏။ ထိုနှစ်ယောက်တို့တွင် စူဠသုမနဖြစ်နေသည်ဟု မြင်တော်မူလေ၏။ မြင်တော်မူပြီးလတ်သော်ကား “ထိုအရပ်သို့ ငါသွားသည်ရှိသော် ကျေးဇူးရှိအံ့လော၊ မရှိအံ့လော”ဟု ကြံစည်မိလေ၏။ အနုရုဒ္ဓါမထေရ်သည် စူးစမ်းဆင်ခြင်လတ်သည်ရှိသော် “စူဠသုမနကား ထိုအရပ်သို့ ငါသွားသည်ရှိသော် ခုနစ်နှစ်အရွယ် ရှိသည်ဖြစ်လျက်သာလျှင် လူ့ဘောင်မှထွက်၍ ရှင်သာမဏေပြုပေလတ္တံ့၊ သင်တုန်းအဆုံး၌သာလျှင် အရဟတ္တဖိုလ်သို့ ရောက်လတ္တံ့”ဟု ဤသို့သောအကြောင်းကို မြင်တော်မူလေ၏။ မြင်တော်မူပြီး၍ကား ဝါတွင်းအခါ နီးလတ်သည်ရှိသော် ကောင်းကင်ခရီးဖြင့် ကြွသွား၍ ရွာတံခါး၌ သက်ဆင်းလေ၏။ မဟာမုဏ္ဍအမည်ရှိသော ဒါယကာသည်ကား မထေရ်မြတ်၏ ရှေးအခါကပင် အကျွမ်းဝင်ဖူးသော ဒါယကာဖြစ်သည်သာတည်း။ ထိုမဟာမုဏ္ဍဒါယကာသည် အနုရုဒ္ဓါမထေရ်ကို ဆွမ်းခံကြွချိန်အခါ သင်္ကန်းရုံနေသည်ကို မြင်ရသဖြင့် သားဖြစ်သော မဟာသုမနကို၊ “ချစ်သား- ငါ၏အရှင်ဖြစ်သော အနုရုဒ္ဓါမထေရ်သည် ကြွလာတော်မူ၏။ အကြင်ရွေ့လောက် ထိုအနုရုဒ္ဓါမထေရ်၏ သပိတ်တော်ကို တစ်စုံတစ်ယောက်သောသူသည် မယူသေး၊ ထိုရွေ့လောက်သွား၍ မထေရ်မြတ်၏ သပိတ်တော်ကို ယူချေလော့။ ငါသည် နေရာကို ခင်းနှင့်အံ့”ဟု ဆိုလေ၏။ ထိုမဟာသုမနသည် ဖခင်ဆိုတိုင်း ပြုလေ၏။

စူဠသုမန ရှင်ပြု၍ ရဟန္တာဖြစ်ခြင်း

မုဏ္ဍအမည်ရှိသော ဒါယကာသည် အနုရုဒ္ဓါမထေရ်ကို အိမ်တွင်း၌ ရိုသေစွာ ဆွမ်းလုပ်ကျွေးပြီးလျှင် ဝါတွင်းသုံးလပတ်လုံး ဝါဆို၍ နေစိမ့်သောငှာ ပဋိညာဉ်ဝန်ခံခြင်းကို ယူလေ၏။ အနုရုဒ္ဓါမထေရ်သည်လည်း သည်းခံတော်မူ၏။ ထိုအခါ အနုရုဒ္ဓါမထေရ်ကို တစ်နေ့တည်း၌ လုပ်ကျွေးစောင့်ရှောက်ဘိသကဲ့သို့ ဝါတွင်းသုံးလပတ်လုံး လုပ်ကျွေးစောင့်ရှောက်၌ သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ သင်္ကန်းသုံးထည်ကိုလည်းကောင်း, တင်လဲ, ဆီ, ဆန် စသည်တို့ကိုလည်းကောင်း၊ ယူဆောင်၍ မထေရ်မြတ်၏ ခြေတော်ရင်း၌ ထားပြီးလျှင် “အရှင်ဘုရား- အလှူခံယူတော်မူကြပါ”ဟု လျှောက်လေ၏။ “ဒါယကာ- မသင့်၊ ငါ့အား ဤဆန်စသည်ဖြင့် အလိုမရှိ”ဟု မိန့်တော်မူလျှင်၊ “အရှင်ဘုရား- ထိုသို့ဖြစ်မူ ဤပစ္စည်းသည် ဝါဆိုလာဘ်မည်ပါသည်။ ထိုဝါဆိုလာဘ်ကို အလှူခံယူတော်မူကြပါဘုရား”ဟု လျှောက်ပြန်လေ၏။ “ဒါယကာ- ငါအလှူမခံယူလို”ဟု မိန့်တော်မူပြီးလျှင်၊ “အရှင်ဘုရား- အဘယ့်ကြောင့် အလှူခံယူတော် မမူကြပါသနည်းဘုရား”ဟု လျှောက်ပြန်လေ၏။ “ငါ့အထံ၌ ကပ္ပိယကာရကသည်လည်းကောင်း၊ သာမဏေသည်လည်းကောင်း မရှိ”ဟု မိန့်တော်မူလျှင်၊ “အရှင်ဘုရား- ထိုသို့ဖြစ်မူ တပည့်တော်၏သားဖြစ်သော မဟာသုမနအမည်ရှိသောသူသည် သာမဏေဖြစ်ပါလိမ့်မည်ဘုရား”ဟု လျှောက်လေ၏။ “ဒါယကာ- ငါ့အား မဟာသုမနဖြင့် အလိုမရှိ”ဟု မိန့်တော်မူလျှင်၊ “အရှင်ဘုရား- ထိုသို့ဖြစ်မူ စူဠသုမနအမည်ရှိသော သူငယ်ကို သာမဏေပြုပေးတော်မူကြပါဘုရား”ဟု လျှောက်လေ၏။ အနုရုဒ္ဓါမထေရ်သည် “ကောင်းပြီ”ဟု ဝန်ခံ၍ စူဠသုမနကို ရှင်ပြုပေးလေ၏။ ထိုစူဠသုမနသည် သင်တုန်းတင်၍ ဆံရိတ်သည်အဆုံး၌သာလျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။

သုမနသာမဏေကို ဟိမဝန္တာသို့ ခေါ်သွားခြင်း

အနုရုဒ္ဓါမထေရ်သည် ထိုသုမနသာမဏေနှင့် အတူတကွ လခွဲမျှလောက် ထိုမုဏ္ဍအမည်ရှိသောနိဂုံး၌ နေပြီးလျှင် မြတ်စွာဘုရားကို ဖူးမြင်ဦးအံ့ဟု ထိုသုမနသာမဏေ၏ အဆွေအမျိုးတို့ကို ပန်ကြားသဖြင့် ကောင်းကင်ခရီးဖြင့်သာလျှင်သွား၍ ဟိမဝန္တာအရပ် တောကျောင်း၌ ဆင်းသက်လေ၏။ အနုရုဒ္ဓါမထေရ်သည်ကား ပင်ကိုသဘောအားဖြင့်လည်း အားထုတ်အပ်သော လုံ့လရှိ၏။ ထိုတောကျောင်း၌ ညဉ့်၏အရှေ့အဖို့ ပုရိမယံ၊ ညဉ့်၏နောက်အဖို့ ပစ္ဆိမယံပတ်လုံး စင်္ကြံသွားလေ့ရှိသော ထိုအနုရုဒ္ဓါမထေရ်မြတ်အား ဝမ်း၌တည်သောလေသည် ထကြွလေ၏။ ထိုအခါ ပင်ပန်းသောသဘောရှိသော ထိုအနုရုဒ္ဓါမထေရ်ကို မြင်ရလျှင် သုမနသာမဏေသည် “အရှင်ဘုရားအား အဘယ်သို့သော နာကျင်ခြင်းဖြစ်ပါသနည်းဘုရား”ဟု မေးလျှောက်လေ၏။ “ငါ့အား ဝမ်း၌တည်သောလေသည် ထကြွ၏”ဟု မိန့်တော်မူလျှင်၊ “အရှင်ဘုရား- တစ်ပါးသောအခါ၌လည်း ထကြွဖူးပါသလောဘုရား”ဟု မေးလျှောက်လေ၏။ “ငါ့ရှင်သာမဏေ- ထကြွဖူးသည်မှန်၏”ဟု မိန့်တော်မူလျှင်၊ “အရှင်ဘုရား- အဘယ်ဆေးဖြင့် ချမ်းသာခြင်းသည် ဖြစ်ပါသနည်း”ဟု လျှောက်လေ၏။ “ငါ့ရှင်သာမဏေ- အနောတတ္တအိုင်မှ သောက်ရေကို ရသည်ရှိသော် ချမ်းသာခြင်းသည်ဖြစ်၏”ဟု မိန့်ဆိုတော်မူလျှင်၊ “အရှင်ဘုရား- ထိုအနောတတ္တအိုင်ရေဖြင့် ချမ်းသာခြင်းသည် ဖြစ်ပါမူကား တပည့်တော် ဆောင်ယူပါအံ့ဘုရား”ဟု လျှောက်လေ၏။ “သာမဏေ- သင်ဆောင်ယူခြင်းငှာ တတ်နိုင်အံ့လော”ဟု မိန့်တော်မူလျှင်၊ “အရှင်ဘုရား- တတ်နိုင်ပါသည်ဘုရား”ဟု လျှောက်ဆိုလေ၏။

ရှင်အနုရုဒ္ဓါ လေနာ၍ အနောတတ္တအိုင်မှ ရေခပ်ခိုင်းခြင်း

“ထိုသို့ဖြစ်မူ အနောတတ္တအိုင်၌ ပန္နဂအမည်ရှိသော နဂါးမင်းကြီးသည် ငါ့ကိုသိ၏။ ထိုနဂါးမင်းကြီးအား အကြောင်းကြား၍ ဆေးအလို့ငှာ သောက်ရေတစ်အိုးကို ဆောင်ချေလော့”ဟု မိန့်တော်မူလျှင် သုမနသာမဏေသည် “ကောင်းပါပြီဘုရား”ဟု ဝန်ခံလျက် ဥပဇ္ဈာယ်ဆရာကို ရှိခိုးပြီးလျှင် ကောင်းကင်သို့ ပျံတက်၍ ယူဇနာငါးရာရှိသောအရပ်သို့ ကြွတော်မူလေ၏။ ထိုနေ့၌ကား နဂါးမင်းကြီးသည် နဂါးကချေသည်မအပေါင်း သောင်းသောင်းဖြဖြ ဝန်ရံခလျက် ရေကစားခြင်းကို ကစားခြင်းငှာ အလိုရှိလေ၏။ ထိုနဂါးမင်းကြီးသည် ကြွလာသော သာမဏေကို မြင်လျှင်မြင်ချင်း အမျက်ထွက်လေ၏။ “ဤဦးပြည်းဖြစ်သော သာမဏေသည် မိမိ၏ခြေတွင် ကပ်၍ပါသော မြေမှုန့်တို့ကို ငါ၏ဦးထိပ်ထက်၌ ကြဲချကာ လှည့်လည်ဘိ၏။ အနောတတ္တအိုင်၌ သောက်ရေအလို့ငှာ လာသည်ဖြစ်လတ္တံ့။ ယခုအခါ သာမဏေအား သောက်ရေကို မပေးအံ့”ဟု ယူဇနာငါးဆယ်ရှိသော အနောတတ္တအိုင်ကြီးကို ကြီးစွာသောခွက်ဖြင့် ထမင်းအိုးကို ဖုံးအုပ်ဘိသကဲ့သို့ ပါးပျဉ်းဖြင့် ဖုံးအုပ်လျက်အိပ်လေ၏။ သာမဏေသည် နဂါးမင်းကြီး၏အမူအရာကို ကြည့်ရှု၍သာလျှင် “ဤနဂါးမင်းကြီးသည် အမျက်ထွက်ဘိ၏”ဟု သိတော်မူသဖြင့် ဤဂါထာကို မိန့်ဆိုလေ၏။

သုဏောဟိ မေ နာဂရာဇ၊ ဥဂ္ဂတေဇ မဟဗ္ဗလ။
ဒေဟိ မေ ပါနီယဃဋံ၊ ဘေသဇ္ဇတ္ထမှိ အာဂတော။

ဥဂ္ဂတေဇ၊ ထင်ရှားထက်မြက် တန်ခိုးထွက်လှသော။ မဟဗ္ဗလ၊ ကြီးသောခွန်အားရှိထသော။ နာဂရာဇ၊ နဂါးမင်းကြီး။ မေ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏောဟိ၊ နာယူလေလော့။ ဘေသဇ္ဇတ္ထံ၊ ဆေးအလို့ငှာ။ အာဂတော၊ လာသည်။ အမှိ၊ ဖြစ်ချေ၏။ မေ၊ ငါ့အား။ ပါနီယဃဋံ၊ သောက်ရေတစ်အိုးကို။ ဒေဟိ၊ ပေးလှူပါလော့။

ရေမပေးလိုသူ နဂါးမင်း

ထိုစကားကို ကြားရ၍ နဂါးမင်းကြီးသည် ဤဂါထာကို ဆိုလေ၏။

ပုရတ္ထိမသ္မိံ ဒိသာဘာဂေ၊ ဂင်္ဂါနာမ မဟာနဒီ။
မဟာသမုဒ္ဒမပ္ပေတိ၊ တတော တွံ ပါနီယံ ဟရ။

ပုရတ္ထိမသ္မိံ ဒိသာဘာဂေ၊ အရှေ့မျက်နှာအရပ်အဖို့၌။ ဂင်္ဂါနာမ၊ ဂင်္ဂါမည်သော။ မဟာနဒီ၊ မြစ်ကြီးသည်။ မဟာသမုဒ္ဒံ၊ မဟာသမုဒ္ဒရာသို့။ အပ္ပေတိ၊ စီးဝင်၏။ တတော၊ ထိုဂင်္ဂါမြစ်မှ။ တွံ၊ သင်သည်။ ပါနီယံ၊ သောက်ရေကို။ ဟရ၊ ဆောင်ယူချေလော့။

ထိုစကားကို ကြားရလျှင် သာမဏေသည် “ဤနဂါးမင်းကြီးကား မိမိ၏အလိုအားဖြင့် မပေးပေလတ္တံ့။ ငါသည် အနိုင်အထက်ပြုခြင်းကိုပြု၍ အာနုဘော်ကို သိစေပြီးမှ ဤနဂါးမင်းကို နှိပ်စက်၍သာလျှင် သောက်ရေကို ယူပေတော့အံ့”ဟု ကြံ၍၊ “မြတ်သောနဂါးမင်းကြီး- ဥပဇ္ဈာယ်ဆရာ အရှင်အနုရုဒ္ဓါသည် ငါ့ကို အနောတတ္တရေအိုင်မှသာ သောက်ရေကို ယူဆောင်စေ၏၊ ထို့ကြောင့် ငါသည် ဤအနောတတ္တရေအိုင်မှသာလျှင် ယူဆောင်ရပေအံ့၊ ဖဲလော့၊ ငါ့ကို မတားမြစ်လင့်”ဟု ဆို၍ သာမဏေသည် ဤဂါထာကို ဆိုလေ၏။

ဣတောဝ ပါနီယံ ဟာဿံ၊ ဣမိနာဝမှိ အတ္ထိကော။
ယဒိ တေ ထာမဗလံ အတ္ထိ၊ နာဂရာဇ နိဝါရယ။

ဣတောဝ၊ ဤအနောတတ္တအိုင်မှသာလျှင်။ ပါနီယံ၊ သောက်ရေကို။ ဟာဿံ-ဟရိဿံ၊ ဆောင်ယူပေအံ့။ ဣမိနာဝ၊ အနောတတ္တရေအိုင်ဖြင့်သာလျှင်။ အတ္ထိကော၊ အလိုရှိသည်။ အမှိ၊ ဖြစ်၏။ နာဂရာဇ၊ နဂါးမင်းကြီး။ တေ၊ သင့်အား။ ထာမဗလံ၊ အားအစွမ်းသည်။ ယဒိအတ္ထိ၊ အကယ်၍ ရှိသည်ဖြစ်အံ့။ တွံ၊ သင်နဂါးမင်းကြီးသည်။ နိဝါရယ၊ တားမြစ်လေလော့။

ထိုအခါ သုမနသာမဏေကို နဂါးမင်းသည် ဤသို့ ဆိုလေ၏။

သာမဏေရ သစေ အတ္ထိ၊ တဝ ဝိက္ကမပေါရိသံ။
အဘိနန္ဒာမိ တေ ဝါစံ၊ ဟရဿု ပါနီယံ မမ။

သာမဏေရ၊ မောင်ရှင်သာမဏေ။ တဝ၊ သင့်အား။ ဝိက္ကမပေါရိသံ၊ ယောက်ျားမြတ်တို့ ပြုအပ်သောလုံ့လသည်။ သစေ အတ္ထိ၊ အကယ်၍ ရှိသည်ဖြစ်အံ့။ တေ၊ သင် သာမဏေ၏။ ဝါစံ၊ စကားကို။ အဘိနန္ဒာမိ၊ အလွန်နှစ်သက်ပါ၏။ မမ၊ အကျွန်ုပ်၏။ ပါနီယံ၊ သောက်ရေကို။ ဟရဿု၊ ဆောင်ယူချေလော့။

စစ်ပွဲကြည့်ရန် နတ်ဗြဟ္မာတို့ စည်းဝေးကြခြင်း

ထိုအခါ နဂါးမင်းကြီးကို သာမဏေသည်၊ “မြတ်သောနဂါးမင်းကြီး- ကောင်းပြီ၊ ဆောင်ယူပေအံ့”ဟု မိန့်ဆိုသဖြင့် “အကယ်၍ တတ်စွမ်းနိုင်သည်ဖြစ်အံ့၊ ဆောင်စွမ်းတော့လော့”ဟု ဆိုလတ်သည်ရှိသော် “ထိုသို့ဖြစ်မူ ကောင်းစွာ သိဦးလော့”ဟု သုံးကြိမ်ဝန်ခံခြင်းကို ယူပြီးလျှင် “ဘုရားမြတ်စွာ သာသနာတော်၏ အစွမ်းအာနုဘော်ကိုပြလျက် ငါသည် သောက်ရေကို ဆောင်ယူခြင်းငှာ သင့်၏”ဟု ကြံ၍ ကောင်းကင်၌တည်ကုန်သော နတ်တို့၏အထံသို့ ကြွသွားတော်မူလေ၏။ ကောင်းကင်၌တည်ကုန်သော နတ်တို့သည် လာ၍ရှိခိုးလျက် “အရှင်ဘုရား- အကြောင်းအဘယ်သို့ ရှိပါသနည်းဘုရား”ဟု လျှောက်၍ ရပ်တည်ကြလေကုန်၏။ “ထိုအနောတတ္တအိုင် ရေအပြင်၌ ပန္နဂအမည်ရှိသော နဂါးမင်းကြီးနှင့်အတူတကွ ငါ၏စစ်ထိုးခြင်းပွဲသည် ဖြစ်လတ္တံ့၊ ထိုအနောတတ္တအိုင်သို့သွား၍ အနိုင်အရှုံးကို ကြည့်ရှုကြကုန်လော့”ဟု ဆိုလေ၏။ ထိုသုမနသာမဏေသည် ဤသို့သောနည်းဖြင့်သာလျှင် လေးယောက်သော လောကပါလ နတ်သားတို့သို့လည်းကောင်း၊ သိကြားမင်း၊ သုယာမနတ်၊ သန္တုဿိတနတ်၊ နိမ္မာနရတိနတ်၊ ပရနိမ္မိတဝသဝတ္တီနတ်တို့ကိုလည်းကောင်း ချဉ်းကပ်၍ ထိုအကြောင်းကို ပြောကြားလေ၏။ ထို့နောက်မှ အစဉ်အတိုင်း ဗြဟ္မာပြည်တိုင်အောင် သွားပြီးလျှင် ထိုထိုအရပ်၌ ဗြဟ္မာမင်းတို့သည်လာ၍ ရှိခိုးကာ တည်ကုန်လျက် “အရှင်ဘုရား- အကြောင်းအဘယ်သို့ ရှိပါသနည်းဘုရား”ဟု မေးအပ်သည်ဖြစ်၍ ထိုအကြောင်းကို ပြောကြားသိစေလေ၏။ ဤသို့လျှင် ထိုသုမနသာမဏေသည် အသညသတ်ဗြဟ္မာတို့ကိုလည်းကောင်း ချန်ထား၍ အလုံးစုံသော အရပ်တို့၌ တစ်ခဏချင်းဖြင့်သာလျှင် လှည့်လည်ကာ ပြောကြားလေ၏။ ထိုသုမနသာမဏေ၏ စကားကို ကြားရလျှင် အလုံးစုံသော နတ်တို့သည်လည်း အနောတတ္တအိုင်အပြင်၌ ကျည်တောက်၌ ထည့်သွင်းအပ်သော နှမ်းစေ့မှုန့်ညက်တို့ကဲ့သို့ ကောင်းကင်ကို အကြားကွက်လပ်မရှိ ပြည့်စေလျက် စည်းဝေးကြလေကုန်၏။

သာမဏေနှင့် နဂါးမင်း စစ်ထိုးခြင်း

နတ်ဗြဟ္မာအပေါင်းသည် စည်းဝေးပြီးသည်ရှိသော်သာမဏေသည် ကောင်းကင်၌ ရပ်တည်လျက် နဂါးမင်းကို ဤသို့ဆိုလေ၏။

သုဏောဟိ မေ နာဂရာဇ၊ ဥဂ္ဂတေဇ မဟဗ္ဗလ။
ဒေဟိ မေ ပါနီယဃဋံ၊ ဘေသဇ္ဇတ္ထမှိ အာဂတော။

ဥဂ္ဂတေဇ၊ ထင်ရှားထက်မြက် တန်ခိုးထွက်လှသော။ မဟဗ္ဗလ၊ ကြီးသောခွန်အားရှိထသော။ နာဂရာဇ၊ နဂါးမင်းကြီး။ မေ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏောဟိ၊ နာယူလေလော့။ ဘေသဇ္ဇတ္ထံ၊ ဆေးအလို့ငှာ။ အာဂတော၊ လာသည်။ အမှိ၊ ဖြစ်ချေ၏။ မေ၊ ငါ့အား။ ပါနီယဃဋံ၊ သောက်ရေတစ်အိုးကို။ ဒေဟိ၊ ပေးလှူပါလော့။

ထိုအခါ သုမနသာမဏေကို နဂါးမင်းကြီးသည် ဤသို့ ဆိုလေ၏။

သာမဏေရ သစေ အတ္ထိ၊ တဝ ဝိက္ကမပေါရိသံ။
အဘိနန္ဒာမိ တေ ဝါစံ၊ ဟရဿု ပါနီယံ မမ။

သာမဏေရ၊ မောင်ရှင်သာမဏေ။ တဝ၊ သင့်အား။ ဝိက္ကမပေါရိသံ၊ ယောက်ျားမြတ်တို့ ပြုအပ်သောလုံ့လသည်။ သစေ အတ္ထိ၊ အကယ်၍ ရှိသည်ဖြစ်အံ့။ တေ၊ သင် သာမဏေ၏။ ဝါစံ၊ စကားကို။ အဘိနန္ဒာမိ၊ အလွန်နှစ်သက်ပါ၏။ မမ၊ အကျွန်ုပ်၏။ ပါနီယံ၊ သောက်ရေကို။ ဟရဿု၊ ဆောင်ယူချေလော့။

ထိုသုမနသာမဏေသည် သုံးကြိမ်တိုင်တိုင် နဂါးမင်းကြီး၏ ဝန်ခံခြင်းပဋိညာဉ်ကို ယူပြီးလျှင် ကောင်းကင်၌ရပ်လျက်သာလျှင် တစ်ဆယ့်နှစ်ယူဇနာရှိသော ဗြဟ္မာမင်း၏ကိုယ်ကို ဖန်ဆင်းသဖြင့် ကောင်းကင်မှသက်ဆင်း၍ နဂါးမင်းကြီး ပါးပျဉ်းကိုနင်းချလျက် အောက်သို့မျက်နှာမူအောင် ငုံသွားအောင် နှိပ်ချလေ၏။ ထိုခဏ၌သာလျှင် အားကြီးလှစွာသော ယောက်ျားသည် နင်းအပ်သော စွတ်စိုသော သားရေကဲ့သို့ နဂါးမင်းကြီး၏ပါးပျဉ်း၌ နင်းချကာမျှဖြင့် လျှောသက်၍ ယောက်မမျှ အတိုင်းအရှည်ရှိကုန်သော ပါးပျဉ်းအဖုတို့သည် ဖြစ်လေကုန်၏။

နဂါးမင်းအရှက်ရ၍ သတ်မည်ဟုလိုက်ခြင်း

နဂါးမင်းကြီးတို့၏ ပါးပျဉ်းတို့မှ လွတ်လပ်သော နေရာအရပ်၌ ထန်းပင်လုံးအတိုင်းအရှည်ရှိကုန်သော ရေအလျဉ်အလုံးတို့သည် တက်လေကုန်၏။ သုမနသာမဏေသည် ကောင်းကင်၌သာလျှင် ရေအိုးကို ပြည့်စေတော်မူလေ၏။ နတ်ဗြဟ္မာအပေါင်းတို့သည် ကောင်းချီးပေးခြင်းကို ပြုလေ၏။ ထိုအခါ နဂါးမင်းကြီးသည် ရှက်နိုးလှသည်ဖြစ်၍ သာမဏေအား အမျက်ထွက်လေသောကြောင့် နဂါးမင်းကြီး၏ မျက်စိတို့သည် လယ်ခေါင်ရမ်းပန်းအဆင်းကဲ့သို့ နီမြန်းသောအဆင်း ရှိကြလေကုန်၏။ ထိုပန္နဂအမည်ရှိသော နဂါးမင်းကြီးသည် “ဤသာမဏေကား နတ်ဗြဟ္မာအပေါင်းကို စည်းဝေးစေပြီးလျှင် သောက်ရေကို ယူသဖြင့် ငါ့ကို ရှက်စနိုးဘိ၏၊ အရှက်ခွဲဘိ၏၊ ထိုသာမဏေကိုဖမ်း၍ ခံတွင်း၌ လက်ကို ထည့်သွင်းပြီးလျှင် ထိုသာမဏေ၏ နှလုံးသားကိုလည်း ဆုပ်နယ်ချေပစ်အံ့၊ ထိုသာမဏေကို ခြေ၌ဆွဲငင်၍ ဂင်္ဂါမြစ်တစ်ဖက်သို့လည်း လွှင့်ပစ်အံ့”ဟု လျင်မြန်စွာသောအဟုန်ဖြင့် အစဉ်လိုက်လေ၏။ အစဉ်အတိုင်း လိုက်သော်လည်း ထိုသာမဏေကို မီခြင်းငှာ မတတ်နိုင်သည်သာတည်း။ သာမဏေသည်သွား၍ ဆရာဥပဇ္ဈာယ်၏လက်တော်၌ သောက်ရေကို ထားပြီးလျှင် “အရှင်ဘုရား- သောက်တော်မူပါဘုရား”ဟု လျှောက်လေ၏။ နဂါးမင်းကြီးသည်လည်း နောက်မှ လိုက်လာပြီးလျှင် “အရှင်အနုရုဒ္ဓါဘုရား- သာမဏေသည် တပည့်တော် မပေးမလှူဘဲသာလျှင် သောက်ရေကိုယူ၍ လာပါသည်။ သောက်တော်မမူပါလင့်ဘုရား”ဟု လျှောက်လေ၏။ “သာမဏေ-ဤနဂါးလျှောက်ချက်အတိုင်း မှန်သလော”ဟု မိန့်တော်မူလျှင် “အရှင်ဘုရား- သောက်တော်မူပါ၊ ဤနဂါးမင်းကြီးသည် တပည့်တော်အား ပေးလှူအပ်သော သောက်ရေကို တပည့်တော် ဆောင်အပ်ပါသည်ဘုရား”ဟု လျှောက်လေ၏။

နဂါးနှင့် သာမဏေ ဆရာဒကာဖြစ်သွားခြင်း

အနုရုဒ္ဓါမထေရ်သည် ရဟန္တာဖြစ်သော သာမဏေအား မုသားဆိုခြင်းမည်သည် မရှိဟု သိတော်မူ၍ သောက်ရေကို သောက်တော်မူလေ၏။ ထိုသောက်သော ခဏချင်းသာလျှင် အရှင်အနုရုဒ္ဓါမထေရ်အား အနာရောဂါသည် ငြိမ်းပျောက်လေ၏။ တစ်ဖန် နဂါးမင်းကြီးသည် မထေရ်မြတ်ကို “အရှင်ဘုရား- သာမဏေသည် အလုံးစုံသော နတ်ဗြဟ္မာအပေါင်းကို စည်းဝေးစေပြီးလျှင် တပည့်တော်ကို ရှက်နိုးစေအပ်ပါသည်၊ တပည့်တော်သည် ထိုသာမဏေ၏ နှလုံးသားကိုမူလည်း ခွဲပစ်လိုပါသည်။ သာမဏေကို ခြေ၌ဆွဲငင်၍ ဂင်္ဂါမြစ်တစ်ဖက်သို့လည်း လွှင့်ပစ်လိုပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ “မြတ်သောနဂါးမင်းကြီး- သာမဏေသည် ကြီးမြတ်သော အာနုဘော်ရှိ၏။ သင်တို့သည် သာမဏေနှင့်အတူတကွ စစ်ထိုးခြင်းငှါ တတ်နိုင်လိမ့်မည် မဟုတ်ကုန်။ ထိုသာမဏေကို ကန်တော့တောင်းပန်၍ သွားကုန်လော့”ဟု မိန့်တော်မူလေ၏။

(နဂါးမင်းကြီးသည် ကိုယ်တိုင်ပင်လည်း သာမဏေ၏ တန်ခိုးအာနုဘော်ကို သိသည်သာလျှင်တည်း၊ ထိုသို့ သိလျက်သော်လည်း ရှက်နိုးလှ၍သာ အစဉ်လိုက်လာပေ၏။)

ထိုအခါ ရှင်အနုရုဒ္ဓါမထေရ်မြတ်၏ စကားတော်ဖြင့် သာမဏေကို ကန်တော့တောင်းပန်ပြီးလျှင် ထိုသာမဏေနှင့်အတူတကွ အဆွေခင်ပွန်းဖွဲ့ခြင်းကိုပြု၍ “ဤနေ့မှစ၍ အနောတတ္တအိုင်ရေဖြင့် အလိုရှိခဲ့သော် အရှင်ဘုရားတို့၏ ကိုယ်တော်တိုင် ကြွလာဖွယ်ကိစ္စမရှိပါ၊ တပည့်တော်အား စေခိုင်းတော်မူကြပါဘုရား၊ တပည့်တော်ကိုယ်တိုင်သာလျှင် ယူဆောင်ကာ လှူဒါန်းပါမည်ဘုရား”ဟု လျှောက်ဆို၍ ဖဲသွားလေ၏။

သုမနသာမဏေကို ကျီစယ်ကြခြင်း

ရှင်အနုရုဒ္ဓါမထေရ်သည်လည်း သာမဏေကို ခေါ်ဆောင်၍ ကြွသွားတော်မူလေ၏။ ဘုရားရှင်သည် အနုရုဒ္ဓါမထေရ်၏ လာလတ္တံ့သောအဖြစ်ကို သိတော်မူနှင့်၍ မိဂါရသူဌေး၏မိခင် ဝိသာခါ၏ပြာသာဒ်၌ အနုရုဒ္ဓါမထေရ်၏ လာခြင်းကို မျှော်စောင့်တော်မူလျက် နေတော်မူလေ၏။ ရဟန်းတို့သည်လည်း ကြွလာသော ရှင်အနုရုဒ္ဓါမထေရ်ကို မြင်ရလျှင် ခရီးဦးကြိုဆိုကြ၍ သပိတ်သင်္ကန်းကို လှမ်းယူကြလေ၏။ ထိုအခါ အချို့သော ရဟန်းငယ်တို့သည်လည်းကောင်း၊ သာမဏေတို့သည်လည်းကောင်း၊ သာမဏေကို ဦးခေါင်း၌လည်းကောင်း၊ နားရွက်တို့၌လည်းကောင်း၊ လက်မောင်း၌လည်းကောင်း ကိုင်ဆွဲကာ လှုပ်ကုန်လျက် “ငါတို့ညီထွေး သာမဏေကလေး- အသို့နည်း၊ ပျင်းရိငြီးငွေ့သလော”ဟု ပြက်ရယ်ကျီစယ်ကာ ပြောဆိုကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းငယ်နှင့် သာမဏေတို့အမူအရာကို မြင်တော်မူရလျှင် “ဤရဟန်းတို့၏အမှုသည် ဝန်လေးလေစွတကား၊ လျင်သော အဆိပ်ရှိသောမြွေကို လည်ပင်း၌ ကိုင်ဆွဲဘိသကဲ့သို့ သာမဏေကို ကိုင်ဆွဲကြကုန်၏။ ထိုသာမဏေ၏ အာနုဘော်ကို မသိရှာကြကုန်၊ ယနေ့ ငါဘုရားသည် သုမနသာမဏေ၏ ဂုဏ်ကျေးဇူးကို ထင်ရှားစွာပြုခြင်းငှာ သင့်၏”ဟု ကြံတော်မူလေ၏။ ရှင်အနုရုဒ္ဓါမထေရ်သည်လည်း လာ၍ မြတ်စွာဘုရားကို ရှိခိုးလျက် နေလေ၏။ မြတ်စွာဘုရားသည် ရှင်အနုရုဒ္ဓါနှင့် အတူတကွ အစေ့အစပ် ပြောဆိုခြင်းအမှုကို ပြုပြီးလျှင် ရှင်အာနန္ဒာမထေရ်ကို သိစေတော်မူလေ၏။ သိစေပုံကား “ချစ်သားအာနန္ဒာ- အနောတတ္တရေတို့ဖြင့် ခြေတို့ကိုဆေးခြင်းငှာ အလိုရှိ၏။ သာမဏေတို့အား အိုးကိုပေး၍ ရေကို ဆောင်ခိုင်းချေလော့”ဟု မိန့်ဆိုတော်မူလေ၏။

သာမဏေငါးရာ ရေခပ်ခြင်းငှာ မတတ်နိုင်ခြင်း

ရှင်အာနန္ဒာမထေရ်သည် ပုဗ္ဗာရုံကျောင်းတော်ကြီး၌ရှိသော ငါးရာမျှသော သာမဏေတို့ကို စည်းဝေးစေလေ၏။

(ထိုငါးရာသော သာမဏေတို့တွင် သုမနသာမဏေသည် အလုံးစုံသော သာမဏေတို့အောက် အငယ်ဆုံးဖြစ်လေ၏။)

ရှင်အာနန္ဒာမထေရ်သည် အလုံးစုံသော သာမဏေတို့ထက် အကြီးဆုံးဖြစ်သော သာမဏေကို “မောင်ရှင်သာမဏေ- မြတ်စွာဘုရားသည် အနောတတ္တအိုင်ရေဖြင့် ခြေတော်တို့ကို ဆေးခြင်းငှာ အလိုရှိတော်မူ၏။ အိုးကိုယူတဲ့၍ သွားပြီးလျှင် ရေကို ဆောင်ချေလော့”ဟု ခိုင်းစေတော်မူလေ၏။ အကြီးဆုံးသာမဏေသည် “အရှင်ဘုရား- တပည့်တော် မတတ်နိုင်ပါဘုရား”ဟု လျှောက်ဆို၍ အလိုမရှိ၊ ရှင်အာနန္ဒာမထေရ်သည် ကြွင်းသော သာမဏေတို့ကိုလည်း အစဉ်အတိုင်း မေးလေ၏။ ထိုသာမဏေတို့သည်လည်း ထို့အတူသာလျှင် ပယ်ကြလေကုန်၏။

(ဤသာမဏေငါးရာမျှတို့တွင် ရဟန္တာဖြစ်သော သာမဏေတို့သည် မရှိလေကုန်သလော”ဟု ဆိုငြားအံ့၊ ရှိ၏။ ထိုသို့ပင်ရှိသော်လည်း ထိုရဟန္တာသာမဏေတို့သည် “ဤပန်းအစည်းကို ငါတို့၏အကျိုးငှာ ဖွဲ့တော်မူအပ်သည်မဟုတ်၊ သုမနသာမဏေ၏ အကျိုးငှာသာလျှင် ဖွဲ့တော်မူအပ်၏”ဟု သိသဖြင့် အလိုမရှိကြလေကုန်၊ ပုထုဇဉ်သာမဏေတို့ကား မိမိတို့၏ မစွမ်းနိုင်သည့်အဖြစ်ကြောင့်သာလျှင် အလိုမရှိကြလေကုန်။)

အဆုံး၌ သုမနသာမဏေ၏ အလှည့်သို့ ရောက်လတ်သည်ရှိသော် “သာမဏေ- မြတ်စွာဘုရားသည် အနောတတ္တအိုင်ရေဖြင့် ခြေတော်တို့ကိုဆေးခြင်းငှာ အလိုရှိတော်မူ၏။ အိုးကိုယူ၍ ရေကို ဆောင်ယူချေရမည်”ဟု မိန့်တော်မူလေ၏။

သုမနသာမဏေ ရေခပ်သွားခြင်း

ထိုသုမနသာမဏေသည် “မြတ်စွာဘုရားက ဆောင်ယူစေတော်မူသည်ရှိသော် ဆောင်ယူပါမည်ဘုရား”ဟု မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် “မြတ်စွာဘုရား- အနောတတ္တအိုင်၌ တပည့်တော်ကို ရေကို ဆောင်ယူခိုင်းကြပါသလောဘုရား”ဟု လျှောက်လေ၏။ “ချစ်သားသုမနသာမဏေ- ဆောင်ယူခိုင်းသည် မှန်ပေ၏”ဟု မိန့်တော်မူလတ်သော် ထိုသုမနသာမဏေသည် ဝိသာခါဒါယိကာမကြီးသည် ပြုလုပ်လှူဒါန်းအပ်ကုန်သော တစ်ခဲနက် ရွှေဖြင့်ခတ်လုပ်အပ်ကုန်သော ကျောင်းအသုံးအဆောင်ဖြစ်သော အိုးတို့တွင် ရေအိုးအလုံးခြောက်ဆယ်၏ ရေကိုယူနိုင်သော (ဝင်သော၊ ဆံ့သော) ရေအိုးကြီးကို လက်တစ်ဖက်ဖြင့်ယူပြီးလျက် “ဤအိုးကြီးကို မြှောက်ပင့်၍ ပခုံးစွန်း၌ ထားအပ်သဖြင့် ငါ့အား အလိုမရှိ”ဟု နှလုံးပြုလျက် တွဲလွဲဆွဲကိုင်ခြင်းကို ပြု၍သာလျှင် ကောင်းကင်သို့ပျံတက်၍ ဟိမဝန္တာသို့ရှေးရှု ကြွမြန်းပျံသန်းတော်မူလေ၏။ နဂါးမင်းကြီးသည် သုမနသာမဏေကို အဝေးမှသာလျှင် ကြွလာသည်ကို မြင်ရလျှင် ခရီးဦးကြိုဆို၍ အိုးကို ပခုံးစွန်းဖြင့် ထမ်းပြီးလျှင် “အရှင်ဘုရား- အရှင်ဘုရားတို့သည် တပည့်တော်ကဲ့သို့သော ကျေးကျွန်ရှိပါလျက် အဘယ့်ကြောင့် ကိုယ်တော်တိုင် ကြွလာတော်မူဘိသနည်း၊ ရေဖြင့် အလိုရှိလတ်သော် အဘယ့်ကြောင့် သတင်းစကားကိုမျှလည်း စေလွှတ်တော်မမူကြပါဘိသနည်းဘုရား”ဟု လျှောက်ဆိုလျက် အိုးဖြင့် ရေကိုဆောင်ယူ၍ နဂါးမင်းကြီးကိုယ်တိုင် ထမ်းပြီးလျှင် “အရှင်ဘုရား- ရှေ့မှကြွတော်မူကြပါ။ တပည့်တော်သည်သာလျှင် ဆောင်ပို့ပါမည်ဘုရား”ဟု လျှောက်လေ၏။ “မြတ်သောနဂါးမင်းကြီး- သင်-နဂါးမင်းကြီးတို့သည် သည်းခံကြကုန်ဦးလော့၊ ကိုရင့်ကိုသာလျှင် မြတ်စွာဘုရားသည် စေခိုင်းတော်မူအပ်၏”ဟု ဆို၍ နဂါးမင်းကြီးကို ပြန်လည်စေပြီးလျှင် အိုးကို အနားရေး၌ လက်ဖြင့်ဆွဲယူလျက် ကောင်းကင်ခရီးဖြင့် လာလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုသုမနသာမဏေ လာသည်ကို ကြည့်ရှုတော်မူလျက် ရဟန်းတို့ကို သိစေတော်မူလေ၏။ သိစေပုံကား- “ချစ်သားရဟန်းတို့- သာမဏေ၏ တင့်တယ် စံပယ်ခြင်းကို ကြည့်ရှုကြကုန်လော့၊ ကောင်းကင်၌ ဟင်္သာမင်းကဲ့သို့ တင့်တယ်လှပေ၏”ဟု မိန့်တော်မူလေ၏။

ခုနစ်သားအရွယ် ရဟန်းအဖြစ် အမွေရခြင်း

ထိုသုမနသာမဏေသည်လည်း ရေအိုးကို ချထားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် နေလေ၏။ ထိုအခါ သုမနသာမဏေကို မြတ်စွာဘုရားသည် “ချစ်သားသုမန- သင်သည် အသက် အဘယ်မျှရှိပြီနည်း”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ခုနစ်နှစ်ရှိပါပြီဘုရား”ဟု လျှောက်ကြားလတ်သော် “ချစ်သား သုမနသာမဏေ- ထိုသို့ဖြစ်မူ ယနေ့မှစ၍ ရဟန်းဖြစ်လေလော့”ဟု မိန့်တော်မူလျက် အမွေဖြစ်သော ပဉ္စင်းအဖြစ်ကို ပေးသနားတော်မူလေ၏။

(ဤသုမနသာမဏေလည်းကောင်း၊ သောပါက သာမဏေလည်းကောင်း နှစ်ပါးသော သာမဏေတို့သည်သာလျှင် ခုနစ်နှစ်အရွယ်ရှိကုန်လျက် ပဉ္စင်းအဖြစ်ကို ရကြလေကုန်သတတ်။
အမွေဖြစ်သော ပဉ္စင်းကား။
၁။ ဧဟိဘိက္ခုစသော မိန့်ခွန်းတော်ဖြင့် ရဟန်းဖြစ်ခြင်း။
၂။ သရဏဂုံဆိုသဖြင့် ရဟန်းဖြစ်ခြင်း။
၃။ ဆုံးမခြင်းကို ဝန်ခံသဖြင့် (ရှင်မဟာကဿပ၏) ရဟန်းဖြစ်ခြင်း။
၄။ ပြဿနာဖြေသဖြင့် (သောပါက သာမဏေ၏) ရဟန်းဖြစ်ခြင်း။
၅။ ဂရုဓမ်တရားကို ဝန်ခံသဖြင့် (မိထွေးတော်ဂေါတမီ၏) ရဟန်းဖြစ်ခြင်း။
၆။ တမန်စေလွှတ်ခွင့်ပြုသဖြင့် (အဍ္ဎကာသီ ဘိက္ခုနီမ၏) ရဟန်းဖြစ်ခြင်း။
၇။ ဘိက္ခုနီသံဃာ၌ ဉတ္တိစတုတ္ထကံဖြင့် တစ်ကြိမ်၊ ရဟန်းယောက်ျားသံဃာ၌ ဉတ္တိစတုတ္တကံဖြင့် တစ်ကြိမ်၊ ပေါင်း-နှစ်ကြိမ်အားဖြင့် (ရဟန်းမိန်းမတို့၏) ရဟန်းဖြစ်ခြင်း။
၈။ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် (ယခုရဟန်းတို့၏) ရဟန်းဖြစ်ခြင်း။
ဤသို့ ရဟန်းဖြစ်ခြင်း ရှစ်ပါးရှိသည်တို့တွင် သုမနသာမဏေ၏ ရဟန်းဖြစ်ခြင်းသည် လေးခုမြောက် ရဟန်းဖြစ်ခြင်းနှင့် အလားတူ၏။ ဝိနည်း၌ ပဉှာဗျာကရဏ ဥပသမ္ပဒါဟုလာ၏၊ ဤအဋ္ဌကထာ၌ ဒါယဇ္ဇဥပသမ္ပဒါဟု လာ၏။ အမွေပေးခြင်း အတူတူပင်တည်း။)

ဤသို့ ထိုသုမနသာမဏေ ပဉ္စင်းဖြစ်လတ်သည်ရှိသော် တရားသဘင်၌ “ငါ့ရှင်တို့- ငယ်ရွယ်လှသော သာမဏေအား ဤသို့ သဘောရှိသည်မည်သော တန်ခိုးအာနုဘော်သည် ဖြစ်ပေ၏၊ အံ့ဖွယ်ရှိပေစွတကား၊ ဤနေ့မှ ရှေးအခါ၌ ဤသို့သဘောရှိသော တန်ခိုးအာနုဘော်ကို ငါတို့သည် မမြင်ရစဖူးချေ”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါဘုရား ကြွလာဆဲဖြစ်သောအခါ၌ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ငါဘုရား၏ သာသနာတော်၌ ငယ်သောသူ ဖြစ်သော်လည်း ကောင်းစွာကျင့်သောပုဂ္ဂိုလ်သည် ဤသို့ သဘောရှိသော ပြည့်စုံခြင်းကို ရနိုင်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၃၈၂] ယော ဟဝေ ဒဟရော ဘိက္ခု၊ ယုဉ္ဇတိ ဗုဒ္ဓသာသနေ။
သောမံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။

ဒဟရောပိ၊ ငယ်ရွယ်နုပျိုသော်လည်း။ ယော ဘိက္ခု၊ အကြင်ရဟန်းသည်။ ဗုဒ္ဓသာသနေ၊ ငါဘုရား၏ သာသနာတော်၌။ ဟဝေ၊ စင်စစ်အားဖြင့်။ ယုဉ္ဇတိ၊ လုံ့လကြိုးကုတ် အားထုတ်ပါ၏။ သော ဘိက္ခု၊ ထိုရဟန်းသည်။ အဗ္ဘာ၊ တိမ်တိုက်မှ။ မုတ္တော၊ ကင်းလွတ်သော။ စန္ဒိမာဝ၊ လမင်းကဲ့သို့။ ဣမံလောကံ၊ ဤခန္ဓာစသော လောကကို။ ပဘာသေတိ၊ ထွန်းလင်းစေနိုင်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သုမနသာမဏေဝတ္ထု ပြီး၏။