ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး နာဂဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၄။ ပသေနဒိကောသလဝတ္ထု
2104ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး နာဂဝဂ် — ၄။ ပသေနဒိကောသလဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၄။ ပသေနဒီကောသလမင်း ဝတ္ထု

မိဒ္ဓီ ယဒါ ဟောတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပသေနဒီ ကောသလမင်းကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အစားကြီးသူ၏ အပြစ်

အခါတစ်ပါး ပသေနဒီကောသလမင်းကြီးသည် ဆန်တစ်စရွတ်(တစ်စိတ်)ဖြင့် ချက်သော ထမင်းကို ထိုထမင်းအား လျော်သော လက်သုပ်ဟင်းလျာနှင့် စားလေ့ရှိ၏။ ထိုပသေနဒီ ကောသလမင်းကြီးသည် တစ်နေ့သ၌ နံနက်စာ စားပြီးလတ်သော် ထမင်းကြောင့်ဖြစ်သော ယစ်ခြင်းကို မဖျောက်မူ၍သာလျှင် မြတ်စွာဘုရား၏ အထံတော်သို့သွား၍ ပင်ပန်းလှသော သဘောရှိသဖြင့် ထိုမှဤမှ တပြောင်းပြန်ပြန် လူးလဲကာနေလေ၏။ ငိုက်မျဉ်းခြင်းဖြင့် အလွန်နှိပ်စက်အပ်သော်လည်း ဖြောင့်ဖြောင့်တန်းတန်း အိပ်စက်ခြင်းငှာ မတတ်နိုင်ရှာရကား တင့်အပ်လျောက်ပတ်သော အရပ်၌ ထိုင်နေလေ၏။ ထိုအခါ ပသေနဒီ ကောသလမင်းကြီးကို မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး- အသို့နည်း၊ ပင်ပန်းခြင်းကို မဖြေဖျောက်မူ၍သာလျှင် လာခဲ့လေသလော”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ဟုတ်မှန်လှပါသည်၊ ပွဲတော်ထမင်း သုံးဆောင်ပြီးသောအခါမှစ၍ တပည့်တော်အား ကြီးစွာသော ဆင်းရဲခြင်းသည် ဖြစ်ရပါသည်ဘုရား”ဟု လျှောက်လတ်သော် ထိုအခါ ပသေနဒီ ကောသလမင်းကြီးကို မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး- အလွန်အကျူးများစွာ စားသောက်သောသူအား ဤသို့သော ဆင်းရဲခြင်းသည် ဖြစ်တတ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၃၂၅] မိဒ္ဓီ ယဒါ ဟောတိ မဟဂ္ဃသော စ၊
နိဒ္ဒါယိတာ သံပရိဝတ္တသာယီ။
မဟာဝရာဟောဝ နိဝါပပုဋ္ဌော၊
ပုနပ္ပုနံ ဂဗ္ဘမုပေတိ မန္ဒော။

ယဒါ၊ အကြင်အခါ၌။ ပုရော၊ ယောက်ျားသည်။ မိဒ္ဓီစ၊ ထိနမိဒ္ဓ နှိပ်စက်အပ်သည်လည်း။ ဟောတိ၊ ဖြစ်ငြားအံ့။ မဟဂ္ဃသောစ၊ အစားကြီး ငါးယောက်တို့တွင် တစ်ယောက်ယောက်ကဲ့သို့ များစွာ စားသည်လည်း။ ဟောတိ၊ ဖြစ်ငြားအံ့။ နိဝါပပုဋ္ဌော၊ အစာကျွေး၍ မွေးထားအပ်သော။ မဟာဝရာဟောဝ၊ အိမ်ဝက်ကြီးကဲ့သို့။ နိဒ္ဒါယီ၊ အိပ်လေ့ရှိ၏။ သံပရိဝတ္တသာယီ၊ တပြောင်းပြန်ပြန် လူးလဲကာ အိပ်လေ့ရှိ၏။

(အစားကြီးသူငါးယောက်ဟူသည်ကား-
၁။ အာဟာရဟတ္ထက၊ မထနိုင်တော့သဖြင့် လက်ကို ဆွဲပါဦးဟု ပြောရလောက်အောင် စားသောသူ တစ်ယောက်။
၂။ အလံသာဋက၊ ပုဆိုးအဝတ်ကျွတ်သွားပြီးလျှင် ပြန်၍ပင် မဝတ်ချင်လောက်အောင် စားသောသူတစ်ယောက်။
၃။ တတ္ထပဋ္ဋက၊ ထိုနေရာ၌ပင် တပြောင်းပြန်ပြန် လူးလှိမ့်နေရလောက်အောင် စားသောသူ တစ်ယောက်။
၄။ ကာကမာသက၊ ခံတွင်း၌ ကျီးနှိုက်၍ စားရလောက်အောင် စားသောသူတစ်ယောက်။
၅။ ဘုတ္တဝမိတက၊ စားသမျှ အန်ထွက်လောက်အောင် စားသောသူတစ်ယောက်။ ဤကား အစားကြီး ငါးယောက် ဟူလို။)

တဒါ၊ ထိုအခါ၌။ အမနသိကာရာ၊ နှလုံးသွင်းခြင်းမရှိသောကြောင့်။ မန္ဒော၊ ပညာနည်းသောသူသည်။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ ဂဗ္ဘံ၊ အမိဝမ်းတိုက်သို့။ ဥပေတိ၊ ကပ်ရ၏။

(ထိုအခါ ထိုယောက်ျားသည် အနိစ္စ, ဒုက္ခ, အနတ္တဟု နှလုံးသွင်းခြင်းငှာ မတတ်နိုင်ရှာလေ။ ထိုအနိစ္စ, ဒုက္ခ, အနတ္တတို့ကို နှလုံးမသွင်းရှာနိုင်လေသောကြောင့် အမိဝမ်းတိုက်၌ ကိန်းအောင်းရခြင်းမှ မလွတ်နိုင်သေးဟူလို။)

အစား ပမာဏသိသူ အကျိုး

ဒေသနာတော်၏အဆုံး၌ မြတ်စွာဘုရားသည် ပသေနဒီကောသလမင်းကြီးအား ကျေးဇူးများသည်၏ အစွမ်းအားဖြင့်-

မနုဇဿ သဒါ သတီမတော၊ မတ္တံ ဇာနတော လဒ္ဓဘောဇနေ။
တနုကဿ ဘဝန္တိ ဝေဒနာ၊ သဏိကံ ဇီရတိ အာယုပါလယံ။

သဒါ၊ အခါခပ်သိမ်း။ သတီမတော၊ သတိရှိသော။ လဒ္ဓဘောဇနေ၊ ရသောဘောဇဉ်၌။ မတ္တံ၊ အတိုင်းအရှည်ကို။ ဇာနတော၊ သိသော။ အဿ မနုဇဿ၊ ထိုပုဂ္ဂိုလ်အား။ ဝေဒနာ၊ ဝေဒနာတို့သည်။ တနုကာ၊ ပါးရှားကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ သဏိကံ၊ ဖြည်းဖြည်း။ ဇီရတိ၊ အို၏။ အာယုပါလယံ၊ အသက်ကို စောင့်ခြင်းသည်။ အတ္ထိ၊ ရှိ၏။

ဟူသော ဤဂါထာကို မိန့်တော်မူပြီးလျှင် ဥတ္တရလုလင်ကို သင်ယူစေ၍ “ဤဂါထာကို မင်းကြီး၏ ထမင်းပွဲတော်တည်သောအခါ၌ သိသာအောင် ရွတ်ဆိုလော့၊ ဤသို့သော အကြောင်းအားဖြင့် ဘောဇဉ်ကို ယုတ်လျော့စေရာ၏”ဟု အကြောင်းကို မိန့်ကြားတော်မူလေ၏။ ဥတ္တရလုလင်သည် မြတ်စွာဘုရား မိန့်တော်မူသောအတိုင်း ပြုလေ၏။ ပသေနဒီ ကောသလမင်းကြီးသည် တစ်ပါးသောအခါ တစ်ကွမ်းစား (တစ်စလယ်)ချက် ထမင်းအတိုင်းအရှည်ရှိသဖြင့် ကောင်းစွာ တည်တံ့နိုင်သည်ဖြစ်၍လည်းကောင်း၊ ပေါ့သောကိုယ်ရှိသဖြင့် ချမ်းသာခြင်းသို့ ရောက်သည်ဖြစ်၍လည်းကောင်း၊ မြတ်စွာဘုရား၌ဖြစ်သော အကျွမ်းဝင်ခြင်း ရှိသည်ဖြစ်၍ ခုနစ်ရက်ပတ်လုံး အသဒိသ အလှူကို ဖြစ်စေလေ၏။ အလှူဒါန အနုမောဒနာပြုရာ၌ များစွာသော လူအပေါင်းသည် ကြီးစွာသော ဈာန်မဂ်ဖိုလ်အထူးသို့ ရောက်လေ၏။

ပသေနဒီကောသလမင်း ဝတ္ထု ပြီး၏။