ပေါဋ္ဌိလတ္ထေရဝတ္ထု
၇။ ပေါဋ္ဌိလမထေရ် ဝတ္ထု
ယောဂါ ဝေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပေါဋ္ဌိလ အမည်ရှိသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
စာတတ်လျက် တုစ္ဆဟု အခေါ်ခံရခြင်း
ထိုပေါဋ္ဌိလမထေရ်သည် ခုနစ်ဆူလည်းဖြစ်ကုန်သော (ဝိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမဟူသော) ဘုရားရှင်တို့၏ သာသနာတော်၌ ပိဋကတ်သုံးပုံကိုဆောင်သော ပုဂ္ဂိုလ်ဖြစ်၍ ငါးရာသောရဟန်းတို့အား စာပေပို့ချတော်မူသတတ်။ ငါတို့မြတ်စွာဘုရားသည် “ဤပေါဋ္ဌိလရဟန်း၏ (မိမိ၏) ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းကို ငါပြုဦးအံ့ဟူသော စိတ်မျှလည်း မရှိ။ ထိုပေါဋ္ဌိလရဟန်းကို ငါဘုရား ထိတ်လန့်စေဦးအံ့”ဟု ကြံတော်မူလေ၏။ ထိုသို့ ကြံတော်မူပြီးသည်မှစ၍ ပေါဋ္ဌိလမထေရ်ကို မိမိအား ဆည်းကပ်ခြင်းသို့ လာရောက်သောအခါ၌ “အချည်းနှီးသော (တုစ္ဆ) ပေါဋ္ဌိလ- လာလော့၊ အချည်းနှီးသော ပေါဋ္ဌိလ- ထိုင်လော့၊ အချည်းနှီးသော ပေါဋ္ဌိလ- သွားလော့၊” ဤသို့ စသည်ဖြင့် မိန့်ဆိုတော်မူ၏။ ထ၍သွားသောအခါ၌လည်း “အချည်းနှီးသော (တုစ္ဆ) ပေါဋ္ဌိလသည် ထသွားရှာပြီ”ဟု မိန့်ဆိုတော်မူ၏။ ထိုပေါဋ္ဌိလမထေရ်သည် “ငါကား အဋ္ဌကထာနှင့်တကွဖြစ်သော သုံးပုံသော ပိဋကတ်ကို ဆောင်နိုင်၏၊ ငါးရာသော ရဟန်းတို့၏ တစ်ဆယ့်ရှစ်ရပ်သော ဂိုဏ်းအပေါင်း၌ စာပေပို့ချနိုင်၏၊ ထိုသို့ဖြစ်ပါလျက် ငါ့ကို မြတ်စွာဘုရားသည် မပြတ်မလပ် အချည်းနှီးသော (တုစ္ဆ) ပေါဋ္ဌိလဟု ဆိုတော်မူဘိ၏၊ မချွတ်လျှင် ငါ့ကို မြတ်စွာဘုရားသည် ဈာန်အစရှိသည်တို့၏ မရှိခြင်းကြောင့် ဤသို့ ဆိုတော်မူဘိ၏”ဟု နှလုံးပြုလျက် ထိုပေါဋ္ဌိလ ရဟန်းသည် ဖြစ်သော ထိတ်လန့်ခြင်းရှိရကား “ယခုအခါ တောသို့ဝင်၍ ရဟန်းတရားကို အားထုတ်ပြုလုပ်ဦးအံ့”ဟု ကြံစည်လေ၏။ ဤသို့ ကြံစည်ပြီးလျှင် မိမိကိုယ်တိုင်သာလျှင် သပိတ်သင်္ကန်းကိုစီရင်၍ နံနက်စောစော မိုးသောက်အခါ အလုံးစုံသော ရဟန်းတို့၏နောက်မှ စာသင်ယူပြီး၍ ထွက်သောရဟန်းနှင့် အတူတကွ ထွက်သွားတော်မူလေ၏။ ပရိဝုဏ်ကျောင်းတွင်း၌နေလျက် ရွတ်အံသရဇ္ဈာယ်ကြကုန်သော ရဟန်းတို့သည် မိမိတို့၏ဆရာဟူ၍ မမှတ်သားမိကြလေကုန်။ ထိုပေါဋ္ဌိလမထေရ်သည် ယူဇနာ တစ်ရာ့နှစ်ဆယ်ရှိသော လမ်းခရီးသို့ ရောက်သွားလတ်သည်ရှိသော် တစ်ခုသော တောကျောင်း၌ သုံးကျိပ်သော ရဟန်းတို့သည် နေထိုင်ကြကုန်၏။ ထိုသုံးကျိပ်သော ရဟန်းတို့သို့ ချဉ်းကပ်ပြီးလျှင် သံဃမထေရ်ကြီးကို “အရှင်ဘုရား- တပည့်တော်၏ အားကိုးအားထား မှီခိုစရာ ဖြစ်တော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။ “ငါ့ရှင်- သင်ကား ဓမ္မကထိကဖြစ်၏။ ပိဋကတ်သုံးပုံကို နှုတ်ငုံဆောင်နိုင်၏။ ငါတို့သော်လည်း သင့်ကိုမှီ၍ စိုးစဉ်း သိသင့်သိထိုက်သည် ဖြစ်ရာ၏၊ အဘယ့်ကြောင့် ဤသို့ ပြောဆိုတော်မူဘိသနည်း”ဟု မေးလတ်သော် “အရှင်ဘုရားတို့- ဤသို့ ပြုတော်မမူကြပါကုန်လင့်၊ တပည့်တော်၏ မှီခိုအားထားစရာ ဖြစ်တော်မူကြပါဘုရား”ဟု လျှောက်ထားပြန်လေ၏။
စာတတ်ပုဂ္ဂိုလ်၏ မာနချိုးပုံ
ထိုသို့ လျှောက်ထားသောအခါ ပေါဋ္ဌိလမထေရ်ကို မထေရ်ကြီးသည် “ဤပေါဋ္ဌိလရဟန်းအား ပိဋကတ် သင်ကြားတတ်မြောက်ခြင်းကိုမှီ၍ မာနရှိတတ်သည်သာလျှင်တည်း”ဟု ဒုတိယမထေရ်၏အထံသို့ စေလွှတ်လိုက်လေ၏။ ထိုဒုတိယ မထေရ်သည်လည်း ပေါဋ္ဌိလရဟန်းကို မထေရ်ကြီးဆိုသော အတူသာလျှင် ဆိုပြန်လေ၏။ ဤသို့သောနည်းအားဖြင့် အလုံးစုံသော မထေရ်တို့သည်လည်း ထိုပေါဋ္ဌိလရဟန်းကို အဆင့်ဆင့် စေလွှတ်ကြကုန်လျက် နေ့သန့်ရာအရပ်၌ နေသဖြင့် အပ်ချုပ်ခြင်းအမှုကို ပြုနေသော ခုနစ်နှစ်သားအရွယ်သာရှိသော သာမဏေငယ်၏ အထံသို့ စေလွှတ်ကြလေကုန်၏။ ဤသို့ စေလွှတ်သဖြင့် ထိုပေါဋ္ဌိလရဟန်း၏ မာနကို ထုတ်ဆောင် ပယ်ဖျောက်ကြလေကုန်၏။ ထိုပေါဋ္ဌိလရဟန်းသည် ပယ်ချအပ်သော မာန်မာနရှိလတ်သဖြင့် သာမဏေငယ်၏အထံ၌ လက်အုပ်ကိုချီလျက် “သူတော်ကောင်း သာမဏေ- အကျွန်ုပ်၏ မှီခိုအားထားစရာ ဖြစ်တော်မူပါလော့”ဟု လျှောက်ဆိုလေ၏။ “ဆရာဘုရား- အံ့ဩဖွယ်ရှိလေစွ၊ အဘယ့်ကြောင့် ဤသို့သောစကားကို မိန့်တော်မူကြပါသနည်း၊ အရှင်ဘုရားတို့သည် အသက်သိက္ခာ ဝါအားဖြင့် ကြီးကြပါကုန်၏၊ များသော အကြားအမြင် ရှိကြပါကုန်၏၊ အရှင်ဘုရားတို့၏ အထံတော်၌ တပည့်တော်သည် စိုးစဉ်းသော အကြောင်းအရာကို သိသင့်သိထိုက်သည် ဖြစ်ရပါသည်ဘုရား”ဟု လျှောက်ဆိုလတ်သော် “သူတော်ကောင်းသာမဏေ- ဤသို့ ပြုတော်မမူပါလင့်၊ အကျွန်ုပ်၏ မှီခိုအားထားစရာ ဖြစ်သာဖြစ်တော်မူပါလော့”ဟု ဆိုလေ၏။ “အရှင်ဘုရား- ဆုံးမခြင်း၌ ခံ့ကြသည် အကယ်၍ ဖြစ်ကြပါကုန်ငြားအံ့၊ အရှင်ဘုရားတို့၏ မှီခိုစရာ ဖြစ်နိုင်ပါလိမ့်မည်ဘုရား”ဟု ဆိုလတ်သော် “သူတော်ကောင်းသာမဏေ- ဆုံးမခြင်း၌ ခံသောသူ ဖြစ်ပါမည်။ မီး၌ ဝင်ရမည်ဟု ဆိုသည်ရှိသော် အကျွန်ုပ်သည် မီး၌ ဝင်ပါမည်သာလျှင်တည်း”ဟု ဆိုတော်မူရှာလေ၏။ ထိုသို့ဆိုသောအခါ ပေါဋ္ဌိလရဟန်းကို မနီးမဝေးသောအရပ်၌ အိုင်တစ်ခုကို ပြပြီးလျှင် “အရှင်ဘုရား- ဝတ်မြဲတိုင်း ရုံမြဲတိုင်းသာလျှင် ဤအိုင်သို့ ဝင်ကြကုန်လော့၊ ဆင်းကြကုန်လော့”ဟု ဆိုလိုက်လေ၏။
ပေါဋ္ဌိလမထေရ်သည်လည်း တစ်ခွန်းတည်းသောစကားကို ဆိုကာမျှဖြင့်ပင် ရေသို့ သက်ဆင်းတော်မူလေ၏။ ထိုသို့ သက်ဆင်းလတ်သောအခါ ပေါဋ္ဌိလမထေရ်ကို သင်္ကန်းစွန်းတို့၏ ရေစွတ်သောကာလ၌ “အရှင်ဘုရား- ကြွလာတော်မူကြပါဘုရား”ဟု ဆိုလိုက်သဖြင့် တစ်ခွန်းတည်းသောစကားဖြင့်ပင်လျှင် လာ၍ ရပ်တည်နေသော ပေါဋ္ဌိလမထေရ်ကို ဤသို့ ဟောကြားလေ၏။
ခုနစ်နှစ်သား ကိုရင် ဟောပြသော တရားတော်
“အရှင်ဘုရား- တစ်ခုသော တောင်ပို့၌ ကယ်ပေါက်တို့သည် ခြောက်ခုရှိကုန်၏၊ ထိုခြောက်ခုသော ကယ်ပေါက်တို့တွင် တစ်ခုသော ကယ်ပေါက်ဖြင့် ဖွတ်တစ်ကောင်သည် အတွင်းသို့ ဝင်သွားလေ၏၊ ထိုဖွတ်ကို ဖမ်းယူလိုသောသူသည် ဤမှတစ်ပါးကုန်သော ငါးခုသော ကယ်ပေါက်တို့ကိုပိတ်၍ ခြောက်ခုမြောက်ဖြစ်သော ကယ်ပေါက်ကို ဖျက်ဆီးပြီးလျှင် ဝင်ပေါက်ဖြင့်သာလျှင် ဖမ်းယူနိုင်၏၊ ဤအတူ အရှင်ဘုရားတို့သည် ခြောက်ဒွါရ၌ ဖြစ်ကုန်သော အာရုံတို့တွင် မနောဒွါရမှ ကြွင်းကုန်သော စက္ခုစသော ငါးပါးသော ဒွါရ၊ ငါးပါးသောဒွါရ၌ဖြစ်သော အာရုံတို့ကို ပိတ်၍ မနောဒွါရ၌ ပြုအပ်သောအမှုကို ဖြစ်စေတော်မူကြပါကုန်လော့”ဟု ဟောကြားမိန့်ဆိုလေ၏။ များသော အကြားအမြင်ရှိပြီးသော ပေါဋ္ဌိလရဟန်းအား ဤမျှတည်းသော တရားဖြင့်သာလျှင် ဆီမီးလျှံ ထွန်းလင်းတောက်ပသကဲ့သို့ ဖြစ်လေ၏။ ထိုပေါဋ္ဌိလရဟန်းသည် “သူတော်ကောင်းသာမဏေ- ဤမျှသာလျှင် ဖြစ်ပါစေတော့”ဟု ပြောကြားပြီးလျှင် ကရဇကာယဟူသော ခန္ဓာကိုယ်၌ ဉာဏ်ကိုချသွင်း၍ ရဟန်းတရားကို အားထုတ်တော်မူလေ၏။ မြတ်စွာဘုရားသည် ယူဇနာ တစ်ရာ့နှစ်ဆယ်၏အထက်၌ နေတော်မူလျက်သာလျှင် ထိုပေါဋ္ဌိလ ရဟန်းကို ကြည့်ရှုတော်မူ၍ “အကြင်အခြင်းဖြင့်သာလျှင် ဤရဟန်းသည် မြေကြီးအထုနှင့်တူသော ပညာရှိ၏။ ဤအခြင်းဖြင့်သာလျှင် ဤရဟန်းသည် မိမိကိုယ်ကို တည်တံ့စေခြင်းငှာ သင့်လျော်၏”ဟု ကြံဆင်ခြင်တော်မူလျက် ထိုပေါဋ္ဌိလရဟန်းနှင့် အတူတကွ စကားပြောတော်မူဘိသကဲ့သို့ ကိုယ်တော်ရောင်ကို ပျံ့နှံ့စေပြီးလျှင် ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
ဧတံ ဒွေဓာပထံ ဉတွာ၊ ဘဝါယ ဝိဘဝါယ စ။
တထတ္တာနံ နိဝေသေယျ၊ ယထာ ဘူရိ ပဍ္ဎဝတိ။
ယောဂါ၊ သုံးဆယ့်ရှစ်ပါးသော အာရုံတို့၌ အသင့်အတင့် နှလုံးသွင်းခြင်းကြောင့်။ ဘူရိ၊ မြေကြီးနှင့်တူသော ပြန့်ပြောသော ပညာသည်။ ဝေ၊ စင်စစ်။ ဇာယတိ၊ ဖြစ်၏။ အယောဂါ၊ နှလုံးမသွင်းခြင်းကြောင့်။ ဘူရိသင်္ခယော၊ ပညာ၏ ပျက်စီးကုန်ခန်းခြင်းသည်။ ဇာယတိ၊ ဖြစ်၏။ ဘဝါယ စ၊ ပညာပွားခြင်း၏လည်းကောင်း။ ဝိဘဝါယ စ၊ ပညာမပွားခြင်း၏လည်းကောင်း။ ဧတံ ဒွေဓာပထံ၊ ထိုနှလုံးသွင်းခြင်း မသွင်းခြင်းဟူသော နှစ်ဖြာသော လမ်းခရီးကို။ ဉတွာ၊ သိပြီး၍။ ယထာ၊ အကြင်အခြင်းဖြင့်။ ဘူရိ၊ ပညာသည်။ ပဝဍ္ဎတိ၊ တိုးပွား၏။ တထာ၊ ထိုအခြင်းအရာဖြင့်။ အတ္တာနံ၊ မိမိကိုယ်ကို။ နိဝေသေယျ၊ ဘာဝနာ၌ သွင်းထားရာ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏အဆုံး၌ ပေါဋ္ဌိလမထေရ်သည် အရဟတ္တဖိုလ်၌ တည်လေ၏။