သူကရပေတဝတ္ထု
၆။ ဝက်ပြိတ္တာဝတ္ထု
ဝါစာနုရက္ခီအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဝက်ပြိတ္တာကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ခံတွင်း၌ အမြီးပေါက်သော ဝက်
တစ်နေ့သ၌ ရှင်မောဂ္ဂလာန်မထေရ်သည် ရှင်လက္ခဏမထေရ်နှင့် အတူတကွ ဂိဇ္ဈကုဋ်တောင်ထက်မှ သက်ဆင်းတော်မူလတ်သည်ရှိသော် တစ်ခုသောအရပ်၌ ပြုံးခြင်းကို ထင်ရှားစွာ ပြုတော်မူလေ၏။ “ငါ့ရှင်- ပြုံးခြင်းကို ထင်ရှားစွာ ပြုသဖြင့် အကြောင်းကား အဘယ်ပါနည်း”ဟု လက္ခဏမထေရ်က မေးအပ်သည်ရှိသော် “ငါ့ရှင်- ဤပြဿနာကား အခါမဟုတ်သေး၊ မြတ်စွာဘုရား၏ အထံတော်၌ ငါ့ကို မေးပါလော့”ဟု ဆို၍ လက္ခဏမထေရ်နှင့် အတူတကွသာလျှင် ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှာ သွားလာလှည့်လည်ပြီးလျှင် ဆွမ်းခံရွာမှ ဖဲလတ်သည်ရှိသော် ဝေဠုဝန်ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရားကို ရှိခိုးလျက်နေလေ၏။ ထိုအခါ ရှင်မောဂ္ဂလာန်ကို ရှင်လက္ခဏမထေရ်သည် ထိုအကြောင်းကို မေးမြန်းလေ၏။ ရှင်မောဂ္ဂလာန်မထေရ်သည် “ငါ့ရှင်- ငါသည် တစ်ခုသော ပြိတ္တာကို မြင်ရ၏။ ထိုပြိတ္တာ၏ကိုယ်သည် သုံးဂါဝုတ်မျှ အတိုင်းအရှည်ရှိ၏၊ ထိုကိုယ်သည် လူ၏ကိုယ်နှင့်တူ၏၊ ဦးခေါင်းသည်ကား ဝက်၏ဦးခေါင်းကဲ့သို့ ဖြစ်၏၊ ထိုပြိတ္တာ၏ခံတွင်း၌ အမြီးသည် ဖြစ်၏၊ (အမြီးပေါက်၏။) ခံတွင်းမှ ပိုးလောက်တို့သည် ယိုစီးထွက်ကျကုန်၏။ ငါသည် ဤသို့သဘောရှိသော သတ္တဝါကို မမြင်အပ်စဖူး၊ ထိုသတ္တဝါကို မြင်ရသောကြောင့် ထိုငါသည် ပြုံးခြင်းအမှုကို ထင်ရှားစွာပြု၏”ဟု ဆိုလေ၏။
မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ငါ့တပည့်သား သာဝကတို့သည် မျက်စိအမြင်ရှိသောသူတို့ ဖြစ်ကြီးဖြစ်၍ နေကြကုန်စွတကား”ဟု မိန့်တော်မူ၍ “ငါဘုရားသည်လည်း ထိုသတ္တဝါကို ဗောဓိမဏ္ဍိုင်၌ပင်လျှင် မြင်တော်မူလေ၏။ ထိုသို့ပင် မြင်တော်မူသော်လည်း အကြင်သူတို့သည် ငါဘုရား၏စကားကို မယုံကြည်ကြကုန်ရာ၊ ထိုသူတို့ကား အကျိုးစီးပွား မရှိခြင်းငှာ ဖြစ်ရာ၏”ဟု နှလုံးပြု၍ “သူတစ်ပါးတို့အား အစဉ်သနားသဖြင့် ဟောကြားတော်မမူ၊ ယခုအခါ၌ မောဂ္ဂလာန်ကို သက်သေရပြီဖြစ်၍ ဟောကြားတော်မူရပေတော့အံ့၊ ချစ်သားရဟန်းတို့- မောဂ္ဂလာန်သည် မှန်သောစကားကို ပြောဆိုဘိ၏”ဟု မိန့်တော်မူလေ၏။
အလွန်ညီညွတ်သော မထေရ်ကြီးနှစ်ပါး
ထိုစကားကိုကြားရလျှင် ရဟန်းတို့သည် မြတ်စွာဘုရားကို “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ထိုဝက်ပြိတ္တာ၏ ရှေးမကောင်းမှုကံကား အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်ကြလေ၏။ ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ထိုသို့ဖြစ်မူ နာကြကုန်လော့”ဟု မိန့်တော်မူ၍ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူသဖြင့် ထိုဝက်ပြိတ္တာ၏ ရှေးမကောင်းမှုကံကို ဟောကြားတော်မူလေ၏။
ကဿပမြတ်စွာဘုရား၏ လက်ထက်တော်အခါ၌ တစ်ခုသော ရွာငယ်တွင် နေကြကုန်သော နှစ်ဦးသော မထေရ်တို့သည် အညီအညွတ်နေကြကုန်သတတ်။ ထိုနှစ်ဦးသော မထေရ်တို့တွင် တစ်ဦးသောမထေရ်သည် ဝါခြောက်ဆယ်ရှိ၏။ တစ်ဦးသောမထေရ်သည် ငါးဆယ့်ကိုးဝါရှိ၏။ ထိုငါးဆယ့်ကိုးဝါရှိသော မထေရ်ငယ်သည် ဝါခြောက်ဆယ်ရှိသော မထေရ်ကြီး၏ သပိတ်သင်္ကန်းကိုယူ၍ သွားလာလှည့်လည်လေ၏။ သာမဏေကဲ့သို့ အလုံးစုံသော ဝတ်ကြီးဝတ်ငယ်ကို ပြုလုပ်ဘိ၏။ တစ်မိတည်း၏ ဝမ်းခေါင်း၌ အောင်းသောသူ ညီရင်းအစ်ကိုတို့ကဲ့သို့ အညီအညွတ်နေကြကုန်သော ထိုမထေရ်နှစ်ဦးတို့ နေရာအရပ်သို့ တစ်ဦးသော ဓမ္မကထိကသည် ရောက်လာလေ၏။
ထိုအခါ၌လည်း တရားနာအံ့သောနေ့သည် ဖြစ်လေ၏။ မထေရ်တို့သည် ထိုဓမ္မကထိကကို “အို..သူတော်ကောင်း- တပည့်တော်တို့အား ချီးမြှောက်သဖြင့် တရားစကား ဟောကြားတော်မူပါလော့”ဟု လျှောက်ကြားပြောဆိုကြလေကုန်၏။ ဓမ္မကထိကသည် တရားစကား ဟောကြားလေ၏။ မထေရ်တို့သည် “ငါတို့သည် ဓမ္မကထိကပုဂ္ဂိုလ် ရအပ်ပေပြီ”ဟု နှစ်သက်သောစိတ် ရှိကြကုန်သည်ဖြစ်၍ တစ်ဖန် မိုးသောက်သောနေ့၌ ဓမ္မကထိကကိုခေါ်၍ အနီးဖြစ်သော ဆွမ်းခံရွာသို့ ဆွမ်းအလို့ငှာ ဝင်ပြီးလျှင် ထိုရွာ၌ ဆွမ်းစားခြင်းကိစ္စကို ပြုကြကုန်ပြီးသည်ရှိသော် “ငါ့ရှင်- ယမန်နေ့က ဟောသောနေရာမှသာလျှင် အတန်ငယ်ဆက်၍ တရားကို ဟောကြားပါလော့”ဟု လူတို့အား တရားကို ဟောကြားစေလေကုန်၏။ လူတို့သည် တရားစကားကို နာကြားရလျှင် တစ်ဖန် နောက်တစ်နေ့အလို့ငှာလည်း ပင့်ဖိတ်ကြလေကုန်၏။ ဤသို့လျှင် ထက်ဝန်းကျင်မှ ဆွမ်းခံရွာတို့၌ နှစ်ရက်,နှစ်ရက်တို့ပတ်လုံး ဓမ္မကထိကကိုခေါ်၍ ဆွမ်းအလို့ငှာ လှည့်လည်သွားကြလေကုန်၏။
ဓမ္မကထိက ကုန်းချောပုံ
ဓမ္မကထိက ပုဂ္ဂိုလ်မူကား “ဤနှစ်ဦးသော မထေရ်ကြီးတို့သည်လည်း အလွန်သိမ်မွေ့နူးညံ့ကြလေကုန်၏၊ ငါသည် ထိုနှစ်ဦးသော မထေရ်ကြီးတို့ကို ထွက်ပြေးစေ၍ ထွက်ပြေးအောင်ပြုလုပ်၍ ဤကျောင်း၌နေခြင်းငှာ သင့်လျော်၏”ဟု ကြံစည်စိတ်ကူးလေ၏။ ထိုဓမ္မကထိကသည် ညချမ်းသောအခါ မထေရ်ကြီးအား ခစားခြင်းသို့သွားပြီးလျှင် ရဟန်းတို့သည် ထ၍သွားသောကာလ ပြန်နစ်လျက် မထေရ်ကြီးသို့ကပ်သဖြင့် “အရှင်ဘုရား- တစ်စုံတစ်ခုသော လျှောက်ထား ပြောကြားစရာ စကားသည် ရှိပါသည်ဘုရား”ဟု လျှောက်ကြားလေသောကြောင့် “ငါ့ရှင်- လျှောက်ကြားပါလော့”ဟု ခွင့်ပေးစကား ဆိုလတ်သည်ရှိသော် အတန်ငယ် ကြံစည်စဉ်းစား၍ (ကြံစည်စဉ်းစားဟန်ပြု၍) “အရှင်ဘုရား- ဤစကားမည်သည်ကား များသော အပြစ်ရှိပါသည်ဘုရား”ဟု ဆိုကာ မလျှောက်ကြားမူ၍သာလျှင် ဖဲသွားလေ၏။ ဒုတိယမထေရ်မြတ်၏ အထံသို့လည်း သွားတဲ့၍ ထို့အတူသာလျှင် ပြုလုပ်လေ၏။ ထိုဓမ္မကထိကပုဂ္ဂိုလ်သည် နှစ်ရက်မြောက်သောနေ့၌ ထို့အတူပင်ပြုလုပ်၍ သုံးရက်မြောက်သောနေ့၌ ထိုမထေရ်ကြီးနှစ်ဦးတို့အား အလွန်လျှင် စိတ်နှလုံး ကြိုးကြိုးကြွကြွ ဖြစ်လတ်သည်ရှိသော် မထေရ်ကြီးသို့ ချဉ်းကပ်ပြီးလျှင် “အရှင်ဘုရား- တစ်စုံတစ်ခုသော လျှောက်ထားစရာ စကားရှိပါသည်ဘုရား၊ ရှိပါသော်လည်း အရှင်ဘုရားတို့၏ အထံတော်၌ လျှောက်ကြားခြင်းငှာ မဝံ့လှပါဘုရား”ဟု လျှောက်ဆိုလေသောကြောင့် မထေရ်ကြီးသည် “ထိုသို့မဝံ့သည် ဖြစ်စေကာမူ ငါ့ရှင်- ဆိုသာဆိုလော့”ဟု နှိပ်အပ်သည်ဖြစ်ရကား “အရှင်ဘုရား- ဒုတိယမထေရ်သည် အရှင်ဘုရားတို့နှင့် အတူတကွ တူသော သုံးဆောင်ခြင်းရှိသောပုဂ္ဂိုလ် ဟုတ်ပါ၏လားဘုရား”ဟု လျှောက်ဆိုလေ၏။ “သူတော်ကောင်း- အဘယ့်ကြောင့် ဤမည်သောစကားကို ဆိုဘိသနည်း၊ ငါတို့သည် တစ်မိတည်း၏ ဝမ်းခေါင်းအောင်းကြသော သားတို့ကဲ့သို့ ဖြစ်ကြကုန်၏၊ ငါတို့တွင် တစ်ပါးသော ရဟန်းသည် အကြင်ပစ္စည်းကို ရအပ်၏၊ ထိုပစ္စည်းကို ဤမှတစ်ပါးသော ရဟန်းသည်လည်း ရအပ်သည်သာလျှင် ဖြစ်၏၊ ငါသည် ဤမထေရ်ငယ်၏ ကျေးဇူးမဲ့ကို ဤမျှလောက်သော ကာလပတ်လုံး မြင်ရဖူးသည်မရှိ”ဟု မိန့်ဆိုလတ်သော် “အရှင်ဘုရား- ဤအတိုင်း မှန်ပါသလောဘုရား”ဟု လျှောက်ပြန်လေ၏။ “ငါ့ရှင်- မှန်ပါသည်”ဟု ဆိုလတ်သော် “အရှင်ဘုရား တပည့်တော်ကို ဒုတိယမထေရ်သည် “သူတော်ကောင်း- သင်သည် အမျိုးကောင်းသားတစ်ယောက်ဖြစ်၏၊ ဤမထေရ်ကြီးသည် ရှက်တတ်သော လဇ္ဇီပုဂ္ဂိုလ်, သီလချစ်ခင်တတ်သော ပေသလပုဂ္ဂိုလ်ကြီးတစ်ပါးဟု အားထား၍ ဤမထေရ်ကြီးနှင့် အတူတကွ တူသော သုံးဆောင်ခြင်းအမှု ပြုသည်ရှိသော် စူးစမ်းဆင်ခြင်၍ ပြုပါလော့”ဟု ဤသို့သော စကားဆိုဖူးပါသည်၊ ဤသို့ ဤဒုတိယမထေရ်သည် တပည့်တော်ကို ရောက်လာသော နေ့မှစ၍ ပြောပြပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ မဟာထေရ်ကြီးသည် ထိုဓမ္မကထိကပုဂ္ဂိုလ်၏ စကားကို ကြားလျှင်ကြားချင်း အမျက်ဒေါသ ခြောင်းခြောင်းထသော စိတ်ရှိလတ်သည်ဖြစ်၍ လှံတံဖြင့် ခတ်မိသော အိုးထိန်းသည်တို့ ပြုအပ်သော မြေအိုးကဲ့သို့ကွဲရှာလေ၏။ ဓမ္မကထိကသည်လည်း ထ၍ ဒုတိယမထေရ်၏ အထံသို့သွားပြီးလျှင် ထို့အတူသာ ဆိုတဲ့ပြန်လေ၏။ ဒုတိယ မထေရ်သည်လည်း ထို့အတူပင် ကွဲရရှာလေ၏။
မထေရ်ကြီးနှစ်ပါး ကွဲပြားပုံ
ထိုနှစ်ဦးသော မထေရ်တို့တွင် ဤမျှလောက်သော ကာလပတ်လုံး တစ်ဦးသော မထေရ်မျှလည်း အသီးအခြား ဆွမ်းအလို့ငှာ ဝင်ဖူးသောမည်သည် အကယ်၍ကား မရှိ။ ထိုသို့ပင် မရှိဖူးသော်လည်း တစ်ဖန် မိုးသောက်သော နောက်နေ့၌ အသီးအခြား ဆွမ်းအလို့ငှာ ဝင်သဖြင့် ဒုတိယမထေရ်သည် ရှေးဦးစွာကြွလာ၍ ဆွမ်းစားဇရပ်၌ တည်လင့်၏။ မထေရ်ကြီးသည် နောက်မှကြွလာ၏။ မထေရ်ကြီးကိုမြင်လျှင် မထေရ်ငယ်သည် “အသို့နည်း၊ ဤမထေရ်ကြီး၏ သပိတ်သင်္ကန်းကို လှမ်းယူထိုက်သလော၊ ထိုသို့မဟုတ် မလှမ်းမယူထိုက်သလော”ဟု ကြံလေ၏။ မထေရ်ငယ်သည် “ယခုအခါ ငါမလှမ်းမယူတော့အံ့”ဟု ကြံပြီး၍သော်လည်း “ထိုသို့ပင် ဖြစ်စေကာမူ ငါသည် ဤသို့သဘောရှိသော အမှုကို ပြုအပ်ဖူးသည် မရှိသေး၊ ငါသည် မိမိ၏ ဝတ်ယုတ်စေခြင်းငှာ မသင့်ပါတကား”ဟု စိတ်ကို နူးညံ့အောင်ပြု၍ မထေရ်ကြီးသို့ ချဉ်းကပ်ပြီးလျှင် “အရှင်ဘုရား- သပိတ်သင်္ကန်းကို ပေးသနားတော်မူကြပါဘုရား”ဟု ဆိုလေ၏။ မထေရ်ကြီးသည် “ဆုံးမခက်သော ရဟန်း- သွားပါလေလော့၊ သင်သည် ငါ၏ သပိတ်သင်္ကန်းကို ယူခြင်းငှာ မလျောက်ပတ်သော သဘောရှိ၏”ဟု လက်ဖျစ်ကို တီးလိုက်သောကြောင့် မထေရ်ငယ်သည်လည်း “အရှင်ဘုရား- ဪ.. ကောင်းပါပြီ၊ တပည့်တော်သည်လည်း အရှင်ဘုရားတို့၏ သပိတ်သင်္ကန်းကို မယူတော့အံ့ဟု ကြံပြီးပါပြီဘုရား”ဟု ဆိုလျှင် “ငါ့ရှင် သီတင်းငယ်ရဟန်း- အသို့နည်း၊ ငါ့အား ဤကျောင်း၌ တစ်စုံတစ်ခုသော ကပ်ငြိခြင်းသည် ရှိသည်ဟူ၍ သင်-မှတ်ထင်အောက်မေ့သလော”ဟု ဆိုလေ၏။ မထေရ်ငယ်သည်လည်း “အရှင်ဘုရား- အသို့ပါနည်း၊ အရှင်ဘုရားတို့သည် တပည့်တော်အား ဤကျောင်း၌ တစ်စုံတစ်ခုသော ကပ်ငြိခြင်းရှိနေသည်ဟူ၍ မှတ်ထင် အောက်မေ့တော်မူကြပါသလော”ဟု ဆိုပြန်လတ်သော် “ဤကျောင်းသည် သင်၏ကျောင်းတည်း”ဟု ဆို၍ သပိတ်သင်္ကန်းကို ယူလျက် ထွက်သွားလေ၏။ မထေရ်ငယ်သည်လည်း ထွက်သွားလေ၏။ ထိုမထေရ်ကြီး, မထေရ်ငယ် နှစ်ဦးတို့သည် တစ်ခုတည်းသော လမ်းခရီးဖြင့်လည်း မသွားကြမူ၍ တစ်ဦးက အနောက်တံခါးဖြင့် လမ်းခရီးကို ယူလေ၏။ တစ်ဦးသည်ကား အရှေ့တံခါးဖြင့် လမ်းခရီးကို ယူလေ၏။ ဓမ္မကထိကပုဂ္ဂိုလ်သည် “အရှင်ဘုရားတို့- ဤသို့ပြုတော်မမူကြပါကုန်လင့်၊ ဤသို့ ပြုတော်မမူကြပါကုန်လင့်”ဟု လျှောက်ဆိုသဖြင့် “ငါ့ရှင်ဓမ္မကထိက- ရပ်ဦးလော့၊ အသာနေဦးလော့”ဟု ဆိုလတ်သော်လည်း မဆုတ်မနစ် တောင်းပန်လေ၏။
ဆုံမိကြရာ၌ မျက်ရည်မဆည်နိုင်ကြခြင်း
ထိုဓမ္မကထိကပုဂ္ဂိုလ်သည် တစ်ဖန် မိုးသောက်သောနေ့၌ အနီးဖြစ်သော ဆွမ်းခံရွာသို့ ဝင်လတ်သည်ဖြစ်၍ လူတို့သည် “အရှင်ဘုရား- အရှင်ကောင်း နှစ်ပါးတို့သည် အဘယ်မှာနည်း”ဟု မေးမြန်းအပ်သည်ရှိသော် “ဒါယကာတို့- မမေးကြပါကုန်လင့်၊ သင်တို့၏ ဆရာနှစ်ပါးတို့သည် ယမန်နေ့က ခိုက်ရန်ပြု၍ ထွက်သွားကုန်ပြီ၊ ငါတောင်းပန်ပါသော်လည်း ပြန်နစ်စေခြင်းငှာမတတ်နိုင်”ဟု ဆိုလေ၏။ ထိုလူတို့တွင် ပညာမရှိသောသူတို့သည် ဆိတ်ဆိတ်နေကြကုန်၏။ ပညာအဆင်အခြင်နှင့် ပြည့်စုံသော သူတို့သည်ကား “ဤမျှလောက်သော ကာလပတ်လုံး အရှင်ကောင်းနှစ်ဦးတို့၏ တစ်စုံတစ်ခု ချွတ်ချော်သောမည်သည်ကို ငါတို့ မမြင်အပ်စဖူး၊ ထိုအရှင်ကောင်းနှစ်ဦးတို့အား ဘေးရန် ဖြစ်ပေါ်လတ်သည်ရှိသော် ဤဓမ္မကထိကပုဂ္ဂိုလ်ကို အမှီပြု၍ ဖြစ်ပေါ်ရသည် ဖြစ်ပေလတ္တံ့”ဟု နှလုံးပြု၍ စိတ်နှလုံး မချမ်းသာခြင်းသို့ ရောက်ကြလေကုန်၏။ ထိုမထေရ်ကြီး နှစ်ပါးတို့သည် ရောက်ရာအရပ်၌ စိတ်၏ချမ်းသာခြင်း မည်သည်ကို ရတော်မမူကြရှာလေကုန်။ မထေရ်ကြီးသည် “မထေရ်ငယ်ရဟန်း၏ ပြုအပ်သောအမှုသည် အလွန်တရာ ဝန်လေးလေစွတကား၊ တစ်ခဏမျှ မြင်ရသည်မည်သော အာဂန္တုကရဟန်းကို မထေရ်ကြီးနှင့် အတူတကွ သုံးဆောင်ခြင်းကို မပြုလင့်ဟူ၍ ဆိုဘိသည်တကား”ဟု ကြံလေ၏။
မထေရ်ငယ်သည်လည်း “မထေရ်ကြီး၏ ပြုအပ်သောအမှုသည် အလွန်တရာ ဝန်လေးစွတကား၊ တစ်ခဏမျှ မြင်ရသည်မည်သော အာဂန္တုကရဟန်းကို ဤမထေရ်ငယ်နှင့် အတူတကွ သုံးဆောင်ခြင်းကို မပြုလင့်ဟူ၍ ဆိုဘိသည်တကား”ဟု ကြံလေ၏။ ထိုမထေရ်ကြီးနှစ်ပါးတို့အား ရွတ်အံသရဇ္ဈာယ်ခြင်း အစရှိသည်တို့သည်လည်းကောင်း၊ ကမ္မဋ္ဌာန်းဘာဝနာ နှလုံးသွင်းခြင်းသည်လည်းကောင်း မဖြစ်နိုင်ရှာလေ။ ထိုမထေရ်ကြီးနှစ်ပါးတို့သည် အနှစ်တစ်ရာ လွန်လတ်သောအခါ အနောက်မျက်နှာအရပ်၌ တစ်ခုသော ကျောင်းတိုက်သို့ ရောက်သွားကြလေကုန်၏။ ထိုမထေရ်ကြီးနှစ်ဦးစလုံးတို့အလို့ငှာ တစ်ခုတည်းသာလျှင်ဖြစ်သော အိပ်ရာနေရာကျောင်းသည် ရောက်လေ၏။ မထေရ်ကြီးသည် ဝင်၍ ညောင်စောင်း၌ လျောင်းစက်လတ်သည်ရှိသော် မထေရ်ငယ်သည်လည်း ဝင်လေ၏။ မထေရ်ကြီးသည် ထိုမထေရ်ငယ်ကို မြင်လျှင်မြင်ချင်း ကောင်းစွာမှတ်မိ၍ မျက်ရည်တို့ကို တည်တံ့စိမ့်သောငှာ မတတ်နိုင်။ မထေရ်ငယ်သည်လည်း မထေရ်ကြီးကို ကောင်းစွာမှတ်မိ၍ မျက်ရည်ဖြင့်ပြည့်သော မျက်စိတို့ဖြင့် “စကားပြောဆိုရအံ့လော၊ မပြောဆိုဘဲ နေရအံ့လော”ဟူ၍ ကြံပြီးလျှင် “ထိုအရာသည် ယုံကြည်ခြင်းငှာ သင့်လျော်သော အရာမဟုတ်”ဟု အမှတ်ပြု၍ မထေရ်ကြီးကို ရှိခိုးလျက် “အရှင်ဘုရား- ဤမျှလောက်သော ကာလပတ်လုံး တပည့်တော်သည် အရှင်ဘုရားတို့၏ သပိတ်သင်္ကန်းကိုယူ၍ သွားလာလှည့်လည်ခဲ့ပါ၏၊ စင်စစ်လျှင် တပည့်တော်၏ ကာယဒွါရ အစရှိသည်တို့၌ အရှင်ဘုရားတို့သည် တစ်စုံတစ်ခု မလျောက်ပတ်သည်ကို မြင်ရဖူးပါသလားဘုရား”ဟု လျှောက်လတ်သည်ရှိသော် “ငါ့ရှင်- ငါမမြင်ရစဖူးပေ”ဟု မိန့်တော်မူလေ၏။
ဓမ္မကထိက ဝက်ပြိတ္တာ ဖြစ်ခြင်း
“ထိုသို့ မမြင်ဖူးသည်ဖြစ်ပါလျက် အဘယ့်ကြောင့် ဓမ္မကထိကပုဂ္ဂိုလ်ကို ထိုမထေရ်ငယ်နှင့် အတူတကွ သုံးဆောင်ခြင်းကို မပြုလင့်ဟု ဆိုတော်မူကြပါကုန်ဘိသနည်းဘုရား”ဟု မေးလျှောက်လတ်သော် “ငါ့ရှင်- ငါကား ဤသို့မဆို၊ သင်သည်သာလျှင် ငါ၏အကြား၌ ဤသို့ဆိုသတတ်”ဟု မိန့်ဆိုလေ၏။ “အရှင်ဘုရား- တပည့်တော်သည်လည်း မဆိုမိပါဘုရား”ဟု ဆိုလတ်သော် ထိုမထေရ်ကြီးနှစ်ပါးတို့သည် ထိုခဏ၌ “ထိုဓမ္မကထိကပုဂ္ဂိုလ်သည် ငါတို့ကို ခွဲခြင်းငှာ အလိုရှိသောကြောင့် ဤသို့ဆိုအပ်သည် ဖြစ်ပေလတ္တံ့”ဟု သိကြ၍ အချင်းချင်း အပြစ်ကို ပြောကြားကြလေကုန်၏။ အနှစ်တစ်ရာ ကာလပတ်လုံး စိတ်၏သက်သာစရာကို မရရှာကြကုန်သော ထိုမထေရ်ကြီးနှစ်ပါးတို့သည် ထိုနေ့၌ အညီအညွတ်ဖြစ်ကြကုန်သဖြင့် “လာ-သွားကြကုန်စို့၊ ထိုဓမ္မကထိကပုဂ္ဂိုလ်ကို ထိုကျောင်းမှ နှင်ထုတ်ကြကုန်စို့အံ့”ဟု တိုင်ပင်ပြီးလျှင် ဖဲသွားလတ်သဖြင့် အစဉ်အတိုင်းအားဖြင့် ထိုကျောင်းသို့ ရောက်သွားကြလေကုန်၏။ ဓမ္မကထိကပုဂ္ဂိုလ်သည်လည်း မထေရ်ကြီးနှစ်ပါးကို မြင်တဲ့လျှင် သပိတ်သင်္ကန်းကို လှမ်းယူခြင်းငှာ ချဉ်းကပ်လေ၏။ မထေရ်ကြီးနှစ်ပါးတို့သည် “သင်ကား ဤကျောင်း၌နေခြင်းငှာ လျောက်ပတ်သော သဘောရှိသောပုဂ္ဂိုလ် မဟုတ်”ဟု လက်ဖျစ်ကို ခတ်ကြလေကုန်၏။ ထိုဓမ္မကထိကပုဂ္ဂိုလ်သည် တည်တည်တံ့တံ့နေခြင်းငှာ မတတ်နိုင်ရကား ထိုခဏ၌ပင်လျှင် ထွက်ခွာ၍ ပြေးရှာလေ၏။ ထိုအခါ ထိုဓမ္မကထိကပုဂ္ဂိုလ်ကို အနှစ်နှစ်သောင်းတို့ ကာလပတ်လုံး အားထုတ်အပ်သော ရဟန်းတရားသည် ကောင်းစွာ ဆောင်ခြင်းငှာ, ကယ်ဆယ်ခြင်းငှာ မတတ်နိုင်။ ထိုဘဝမှ စုတေမနေ သေလွန်လေသည်ရှိသော် အဝီစိငရဲ၌ဖြစ်၍ နှစ်ဆူသော ဘုရားရှင်တို့၏ တစ်ခုသော အကြားကာလပတ်လုံး ကျက်ပြီးလျှင် ယခုအခါ ဂိဇ္ဈကုဋ်တောင်ထက်၌ ဆိုအပ်ပြီးသော အပြားရှိသော ကိုယ်၏အဖြစ်ဖြင့် ဆင်းရဲကို ခံစားရလေ၏ဟု ထိုဝက်ပြိတ္တာ၏ ရှေးမကောင်းမှုကံကို ဟောကြားတော်မူလေ၏။ မြတ်စွာဘုရားသည် ထိုဝက်ပြိတ္တာ၏ ရှေးမကောင်းမှုကံကို ဆောင်တော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ရဟန်းမည်သည်ကား ကိုယ်အစရှိသည်တို့ဖြင့် ငြိမ်သက်သော သဘောရှိသောသူ ဖြစ်သင့်ရာ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
ဧတေ တယော ကမ္မပထေ ဝိသောဓယေ၊ အာရာဓယေ မဂ္ဂမိသိပ္ပဝေဒိတံ။
ဝါစာနုရက္ခီ၊ ဝစီဒုစရိုက်လေးပါး ကြဉ်ရှောင်သဖြင့် နှုတ်ဖြင့် မပြတ် စောင့်စည်းသည်။ သိယာ၊ ဖြစ်ရာ၏။ မနသာ၊ အဘိဇ္ဈာ စသည်တို့ကို မဖြစ်စေမူ၍ စိတ်ဖြင့်။ သုသံဝုတော၊ ကောင်းစွာစောင့်ရှောက်သည်။ သိယာ၊ ဖြစ်ရာ၏။ ကာယေန စ၊ ကိုယ်ဖြင့်လည်း။ အကုသလံ၊ အကုသိုလ်ကို။ န ကယိရာ၊ မပြုရာ၏။ တယော၊ သုံးပါးကုန်သော။ ဧတေ ကမ္မပထေ၊ ဤအကုသလကမ္မပထတရားတို့ကို။ ဝိသောဓယေ၊ သုတ်သင်ရာ၏။ ဧဝံ၊ ဤသို့ သုတ်သင်သည်ရှိသော်။ ဣသိပ္ပဝေဒိတံ၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည် အပြားအားဖြင့် ဟောကြားအပ်သော။ မဂ္ဂံ၊ အဋ္ဌင်္ဂိကမဂ်ကို။ အာရာဓယေ၊ ပြီးစီးနိုင်, ရနိုင်ရာ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။